အခန်း (၆၁၉-၆၂၀)
Vol. 53 Ch. 619-620
အပိုင်း (၆၁၉)
တစ်နာရီ အကြာတွင်...
ယွင်ကျုံးဟဲ့နှင့် အသက်ကြီးနေပြီဖြစ်သော မိန်းမစိုး ဟောက်ချန်တို့ နှစ်ဦးသည် လူသူကင်းမဲ့သော အေးစက်သည့် နန်းဆောင်တစ်ခု အတွင်းသို့ ရောက်ရှိလာကြသည်။
“ဟား... ဟား... ဟား......”
“ဟီး... ဟီး.... ဟီး...”
အတွင်းမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး အရူး တစ်ယောက်ကဲ့သို့၊ သားရဲ တစ်ကောင်ကဲ့သို့၊ ထူးဆန်းသော ငှက် တစ်ကောင်ကဲ့သို့ အသံများ ဖြစ်၏။
ဤသည်မှာ တစ်ချိန်က ဧကရာဇ် ဝမ်ယွင် ပင်ဖြစ်သည်။ အမှန်တကယ်ပင် အရူး တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ငိုလိုက်၊ ရယ်လိုက်၊ ကဗျာ ရွတ်လိုက်၊ သီချင်း ဆိုလိုက် လုပ်နေသည်။
မိန်းမစိုး ဟောက်ချန်က ပြောလိုက်၏။ “အောက်ကော်ကုန်း... ဒီ အဘိုးကြီး အပြင်ဘက်မှာ စောင့်နေပါ့မယ်။”
ထို့နောက် အသက်ကြီးနေပြီဖြစ်သော မိန်းမစိုး ဟောက်ချန်သည် ထွက်သွားတော့၏။ အေးစက်သည့် နန်းဆောင်၏ ပတ်ဝန်းကျင် မီတာတစ်ရာ အတွင်း၌ မည်သူမှ မရှိတော့ချေ။
ယွင်ကျုံးဟဲ့သည် အေးစက်သည့် နန်းဆောင် အတွင်းသို့ ဝင်ရောက်သွားရာ ဧကရာဇ် ဝမ်ယွင် သည် သံကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ သားရဲ တစ်ကောင်ကဲ့သို့၊ သရဲ တစ်ကောင်ကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
တစ်လပင် မပြည့်သေးမီ ကာလအတွင်း တစ်ချိန်က အမြင့်ဆုံး ဩဇာအာဏာ ရှိခဲ့သော ဧကရာဇ်သည် ဤကဲ့သို့ ဖြစ်သွားခဲ့သည်လား။
သူ၏ ပုံစံမှာ အကျဉ်းသား တစ်ယောက်တင် မကပေ။ သူတောင်းစား ထက်တောင် ပိုဆိုးနေပြီး အရမ်းကို သနားဖွယ်ကောင်းလှသည်။
“ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်... လျှောက်တင်စရာ ရှိရင် လျှောက်တင်ပါ။ မရှိရင် ညီလာခံ သိမ်းပြီ။”
“အမတ်မင်းတို့ မတ်တတ်ရပ်ပါ။”
ရူးသွပ်နေသော ဧကရာဇ် ဝမ်ယွင်သည် မိမိကိုယ်ကို အခန်းကဏ္ဍပေါင်းစုံ၌ တစ်ဦးတည်း သရုပ်ဆောင်လျက် ရှိနေ၏။
အချိန်ခဏတာအတွင်း၌ပင် အမတ်တစ်ဦးအဖြစ်လည်းကောင်း၊ ဧကရာဇ်တစ်ပါးအဖြစ်လည်းကောင်း ပုံစံ အမျိုးမျိုးဖြင့် ပြောင်းလဲ၍ သရုပ်ဖော်နေခြင်းမှာ သူ၏ စိတ်ကစဉ့်ကလျား ဖြစ်နေမှုကို ထင်ဟပ် ဖော်ပြနေသည့် ပုံစံမျိုးပင်။
ယွင်ကျုံးဟဲ့ ရှေ့သို့ လျှောက်သွားပြီး ရာထူးကျ ဧကရာဇ်၏ အရှေ့သို့ ရောက်ရှိလာကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ဧကရာဇ်... ခင်ဗျားမှာလည်း ဒီလိုနေ့မျိုး ရောက်လာတာပဲ။”
ဧကရာဇ် ဝမ်ယွင် အနည်းငယ် အံ့ဩသွားပြီးနောက် စူးရှစွာ ရယ်မော၍ ပြောလိုက်သည်။ “အောက်ယွီ... မင်း လာပြီလား။ မင်း နောက်ဆုံးတော့ လာပြီပဲ။ မင်း ကျုပ်ကို သတ်ဖို့ လာတာ မဟုတ်လား။ မင်း ကျုပ်ကို သတ်ဖို့ လာတာ မဟုတ်လား။ ဟား... ဟား... ဟား...ဟား... ဒီနေ့ နောက်ဆုံးတော့ ရောက်လာပြီပဲ။ မင်းတို့ နောက်ဆုံးတော့ ကျုပ်ကို လာသတ်ပြီပဲ။”
ထို့နောက် ဧကရာဇ် ဝမ်ယွင် ၏ ရူးသွပ်နေသော ပုံစံများ မျက်စိတစ်မှိတ်အတွင်း လုံးဝ ပျောက်ကွယ်သွားပြီး မျက်နှာမှာ အေးစက်ကာ တည်ကြည်သွားပြီးနောက် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “အောက်ယွီ... မင်းက ဧကရာဇ်ဟောင်းကို လူကောင်းလို့ ထင်နေတာလား။ ကျုပ်က သူ့ရဲ့ ကစားတာကို ခံလိုက်ရတာ။ မင်းနဲ့ ကျိုးလီလည်း သူ့ရဲ့ အသုံးချတာကို ခံလိုက်ရတာပဲ။
ပေါက်ကွဲမှုဖြစ်တုန်းက ဧကရာဇ်ဟောင်းက အပေါ်ယံမှာတော့ ကိုယ်လုံးနဲ့ ကျိုးလီကို ကာကွယ်ပေးထား သလို လုပ်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူက လက်ဝါး တစ်ချက်တည်းနဲ့ ကျိုးလီရဲ့ ဦးနှောက်ကို ရိုက်ခွဲပစ်လိုက်တာ။ ဒီနေ့ကစပြီး ကျိုးလီက ဘယ်တော့မှ ပြန်နိုးလာတော့မှာ မဟုတ်ဘူး။
ဧကရာဇ်ဟောင်းက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကြီး ဖြစ်လာမယ် ဆိုတာကို အစောကြီးတည်းက သိနေခဲ့တယ်။ သူ တမင်တကာ လုပ်ခဲ့တာ။ သူက ကျုပ်ကို ဧကရာဇ်ကို လုပ်ကြံပြီး အဖေကို သတ်တဲ့ ပြစ်မှုတွေ ကျူးလွန်အောင် လုပ်ခဲ့တာ။
အဲဒီလိုမှသာ သူက ကျုပ်ကို လူသိရှင်ကြား ရာထူးကနေ ဖယ်ရှားပစ်လို့ ရမှာ ဖြစ်ပြီး ကျုပ်ကို သစ္စာခံခဲ့တဲ့ အမတ်တွေကိုလည်း လုံးဝ ရပ်တည်ချက် ပြောင်းသွားအောင် လုပ်နိုင်မှာပါ။ ပြီးတော့ ကျုပ်လက်ကို ငှားပြီး ကျိုးလီ ကိုပါ ဖယ်ရှားပစ်ချင်နေတာ။ အဲဒီလိုမှသာ သူက တကယ်ကို ဧကရာဇ် နေရာ ပြန်လည် ရယူနိုင်မှာ ဖြစ်ပြီး ဘယ်သူကမှ သူ့ရဲ့ အာဏာကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး။
အောက်ယွီ... ကျုပ်ရဲ့ ခမည်းတော်ဟာ လောကရဲ့ နံပါတ်တစ် လူဆိုးကြီးပါ။ တကယ့်ကို လောကရဲ့ နံပါတ်တစ် အဆိပ်ပြင်းတဲ့ အရှင်သခင်ပါပဲ။ ပြီးတော့ ကျုပ် သေချာပေါက် ပြောရဲတယ်။ အောက်မင်ဟာ အစောကြီးတည်းက ဧကရာဇ်ဟောင်း ဘက်ကို လျှို့ဝှက်စွာ ဝင်ရောက်သွားခဲ့ပြီးပြီ။
အရင်တုန်းက ကျုပ်နဲ့ စီးပြန်းတို့ လက်မှတ်ထိုးခဲ့တဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ လျှို့ဝှက် စာချုပ်ကို အောက်မင်က ခိုးယူပြီး ဧကရာဇ်ဟောင်းဆီ ပေးခဲ့တာပါ။ ဒီတစ်ကြိမ် အောက်မင်က အဆိပ်ပြင်းတဲ့ အကြံအစည်ကို ပေးပြီး ကျုပ်ကို ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို အသုံးပြုကာ ဧကရာဇ်ဟောင်းကို ဗုံးခွဲသတ်ခိုင်းတာလည်း ဧကရာဇ်ဟောင်းအတွက် အလုပ်လုပ်ပေးနေတာပါပဲ။
အရင်တစ်ခေါက် အောက်မင်က အကြံပေးပြီး ကျုပ်ကို ပိုင်ယွင်မြို့က ထိပ်တန်း သိုင်းပညာရှင်တွေကို လွှတ်ပြီး ဧကရာဇ်ဟောင်းကို လုပ်ကြံခိုင်းတုန်းကလည်း တိုက်ဆိုင်စွာပဲ အဲဒီအချိန်မှာ ဧကရာဇ်ဟောင်းရဲ့ ကိုယ်ပွားက အိပ်နေခဲ့လို့ အသတ်ခံလိုက်ရတာလေ။”
ဧကရာဇ်၏ မျက်နှာမှာ အေးစက်ပြီး ရူးသွပ်နေကာ တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “အောက်ယွီ... ကျုပ် သေချာပေါက် သေရတော့မယ် ဆိုတာကို သိတယ်။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို ပြောချင်တာက ကျုပ်ရဲ့ ဒီ ခမည်းတော်ကမှ လောကမှာ အကောက်ကျစ်ဆုံးလူပါပဲ။ ကျုပ်စကားကို ယုံပါ။ မကြာခင်မှာပဲ သူက ခင်ဗျားကို အရေးယူတော့မှာပါ။
အောက်ယွီ... ခင်ဗျား သိတာတွေ အရမ်းများလွန်းနေပြီ။ ပြီးတော့ ဧကရာဇ်ဟောင်းမှာ နောက်ဆက်တွဲ ကြီးမားတဲ့ အစီအစဉ်ကြီး ရှိနေသေးတယ်။ ခင်ဗျား စောင့်ကြည့်နေလိုက်ပါ။ စောင့်ကြည့်နေလိုက်။ သူက သေချာပေါက် ကောင်းကင်နဲ့ မြေကြီး တုန်လှုပ်လောက်တဲ့ ကိစ္စကြီးတွေကို လုပ်ပြမှာပါ။ ကျုပ်တို့ တာ့ကျိုးကို လုံးဝ ဖျက်ဆီးပစ်ရုံသာမက လောက တစ်ခုလုံးကိုပါ ဖျက်ဆီးပစ်တော့မှာပါ။”
ရာထူးကျ ဧကရာဇ်သည် မျက်လုံးကြီးများ ပြူးကာ ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ရင်း အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “အောက်ယွီ... အကယ်၍ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် အခုချက်ချင်း ထွက်ပြေးမှာပဲ။ မြန်မြန် ထွက်ပြေးပြီး ဧကရာဇ်ဟောင်းနဲ့ ဝေးဝေးနေ၊ ဒီ မကောင်းဆိုးဝါးကြီးနဲ့ ဝေးဝေးနေ။”
“ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ ကျုပ်နဲ့ ဒီလောက် အများကြီး ပြောပြပေးလို့။” ယွင်ကျုံးဟဲ့ သည် ဆေးပုလင်းကို ထုတ်ယူကာ ဧကရာဇ်၏ ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်တော့သည်။
ဧကရာဇ်လည်း မခုခံတော့ဘဲ ယွင်ကျုံးဟဲ့ကို အဆိပ်တိုက်ခွင့် ပြုထားလိုက်ပြီး မကြာမီမှာပဲ သူ၏ တစ်ကိုယ်လုံး တုန်ခါလာတော့၏။
အဆိပ်သည် အလွန် မြန်ဆန်စွာ အာနိသင်ပြပြီး မကြာမီမှာပဲ ရာထူးကျ ဧကရာဇ်၏ သူငယ်အိမ်များ စတင် ကျယ်လာတော့၏။
“အောက်ယွီ... ကျုပ်စကားကိုမှတ်ထား။ ဧကရာဇ်ဟောင်းဟာ လောကမှာ အကောက်ကျစ်ဆုံး လူပဲ။ တာ့ကျိုးဟာ တကယ်တော့ အစောကြီးတည်းက ပျက်စီးသွားခဲ့ပြီ။ ခင်ဗျား အသက်ရှင်ချင်တယ်ဆိုရင် အခုချက်ချင်း ထွက်ပြေးတော့။ ဝေးနိုင်သမျှ ဝေးဝေး ထွက်ပြေးတော့။” ဧကရာဇ်သည် ပြောဆိုပြီးနောက် အသက်ထွက်သွားပြီး လုံးဝ သေဆုံးသွားတော့သည်။
တစ်ချိန်က ဩဇာအာဏာ ကြီးမားခဲ့ပြီး ရက်စက်ကြမ်းကြုတ်ခဲ့သော ဧကရာဇ် ဝမ်ယွင်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သနားဖွယ်ကောင်းအောင် သေဆုံးသွားခဲ့ပြီး သေသည့်တိုင်အောင် မျက်လုံးမမှိတ်နိုင်ခဲ့ချေ။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ခန်း တစ်ခု အတွင်း၌ လူနှစ်ဦး ရှိနေသည်။
အောက်မင်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ် တာဝန် မပျက်ကွက်စေရဘူး။ စစ်သည် တစ်ယောက်မှ မဆုံးရှုံးစေဘဲ တောင်ပိုင်းကို ငြိမ်းချမ်းအောင် လုပ်ပြပါ့မယ်။”
ဧကရာဇ်ဟောင်းသည် မျက်လုံးများကို မှေးကာ အဆိပ်ပြင်း ဉာဏ်ကြီးရှင်ဟု နာမည်ကြီးသော ကျွမ့်ယွမ် အမတ်ကြီးကို ကြည့်နေတော့၏။ ဤလအနည်းငယ်အတွင်း သူလုပ်ဆောင်ခဲ့သော ကိစ္စများကို ကြည့်ခြင်းအားဖြင့် ဤဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။
“စစ်သည် တစ်ယောက်မှ မဆုံးရှုံးစေဘဲ လုပ်နိုင်မယ် ဆိုရင် အဲဒါကလည်း ကိုယ်တော်တို့ တာ့ကျိုးရဲ့ ကံကောင်းမှုပါပဲ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒါဆို ခင်ဗျား သွားတော့။”
“ကျုပ် ဧကရာဇ်ဟောင်းရဲ့ မျှော်လင့်ချက်တွေကို လုံးဝ မစွန့်လွှတ်ပါဘူး။”
အောက်မင်သည် တစ်ခုခု ပြောချင်သော်လည်းတွေဝေနေပြီး ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းကို လျှောက်တင်ပါတယ်။ ကျုပ် စကားတစ်ခွန်း ပြောချင်တယ်။ ပြောသင့်၊ မပြောသင့်တော့ မသိဘူး။ ပြောလိုက်ရင်လည်း သွေးခွဲသလို ဖြစ်သွားနိုင်တယ်။”
ဧကရာဇ်ဟောင်း မျက်လုံးများကို မှေးကာ ပြောလိုက်၏။ “ပြော။”
အောက်မင်က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... ကျုပ် သံသယ ရှိတာက အောက်ယွီဟာ အစားထိုး ခံလိုက်ရပြီလို့ပါ။ သူက တကယ့် အောက်ယွီ အစစ် မဟုတ်တော့ဘူး။ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ သူလျှို ဖြစ်နိုင်တယ်...”
“ပါးစပ်ပိတ်ထား။” ဧကရာဇ်ဟောင်း ရုတ်တရက် မတ်တတ်ရပ်လိုက်တော့၏။
ထို့နောက် သူသည် အောက်မင်၏ အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားကာ သူ၏ မျက်လုံးများကို ကြည့်ရင်း စကားလုံး တစ်လုံးချင်းစီ အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဒီကိစ္စကို နောက်နောင် ခင်ဗျား စကားတစ်ခွန်းတောင် ထပ်ဟရဲရင် ခင်ဗျားရဲ့ တစ်မိသားစုလုံးကို သတ်ပစ်မယ်။ ဘယ်သူ့ကိုမှလည်း မပြောပြနဲ့။ အိပ်မက် မက်ရင်တောင် စကားတစ်ခွန်းမှ မထွက်စေနဲ့။ ခင်ဗျား ဘာမှ မသိဘူးလို့ပဲ သတ်မှတ်ထားလိုက်... ကြားလား။”
နောက်ရက်အနည်းငယ် အတွင်းတွင် ယွင်ကျုံးဟဲ့နှင့် ဧကရာဇ်ဟောင်း တို့သည် အလှည့်ကျဖြင့် အိမ်ရှေ့စံမင်းသား ကျိုးလီကို စောင့်ရှောက်ပေးနေကြသည်။ သို့ပေမည့် ကျိုးလီသည် လုံးဝ သတိရလာခြင်း မရှိဘဲ သတိရလာမည့် အရိပ်အယောင် မရှိချေ။
တစ်ချိန်တည်းမှာပဲ ညီလာခံတွင် ဧကရာဇ်ဟောင်းကို ဧကရာဇ် နေရာ ပြန်လည် ရယူရန် တောင်းဆိုသူများ ပို၍ပို၍ များပြားလာတော့၏။
တိတိကျကျ ပြောရလျှင် ဤသည်မှာ တောင်းဆိုခြင်းဟု မခေါ်နိုင်ဘဲ ဧကရာဇ်ဟောင်းကို ဧကရာဇ် နေရာ ပြန်လည် ရယူရန် အသေအလဲ ဖိအားပေးနေခြင်း ဖြစ်သည်။
အကြောင်းမူ ယခုအခါ ဧကရာဇ်ဟောင်းသည် ယခင် ဧကရာဇ် ဝမ်ယွင်လို နုပျိုနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
အထူးသဖြင့် ယခင်က ဧကရာဇ်၏ အဖွဲ့အစည်းမှ အမတ်များသည် ပို၍ပင် အသေအလဲ ဖိအားပေးနေ ကြသည်။ ယခင်က ရပ်တည်ချက် မှားယွင်းခဲ့သောကြောင့် ယခုအခါတွင် ဧကရာဇ်ဟောင်း၏ စိတ်နှလုံးကို ပြန်လည် ရယူနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားနေကြခြင်း ဖြစ်၏။
နေ့စဉ်နေ့တိုင်း ဧကရာဇ်ဟောင်းကို ဧကရာဇ် နေရာ ပြန်လည် ရယူရန် တောင်းဆိုသည့် စာချွန်လွှာများ တင်သွင်းနေကြပြီး အစပိုင်းတွင် ယွင်ကျုံးဟဲ့က ဦးဆောင်ပေးမည့် အချိန်ကို စောင့်မျှော်နေခဲ့ကြသော်လည်း သူက လုံးဝ ဦးမဆောင်သောကြောင့် သူတို့ဘာသာသူတို့ စာချွန်လွှာ တင်သွင်းလာကြတော့သည်။
ညီလာခံ ရှိ အမတ်များ သာမက ဒေသခံ အရာရှိများ၊ ကျူရန် (ဒုတိယအဆင့် စာမေးပွဲ အောင်သူ)များပင်လျှင် ဧကရာဇ်ဟောင်းကို ဧကရာဇ် နေရာ ပြန်လည် ရယူရန် စာချွန်လွှာများ တင်သွင်းလာကြတော့၏။
ထိုအချိန်တွင် မီတျဲ ချိုင့်ဝှမ်းသို့ စေလွှတ်လိုက်သော လူများ ပြန်လည် ရောက်ရှိလာကြသည်။
“ဧကရာဇ်ဟောင်းကို လျှောက်တင်ပါတယ်။ မီတျဲ ချိုင့်ဝှမ်းက ကုသပေးဖို့ သဘောတူပေမယ့် လူနာကို အဲဒီကို ပို့ဆောင်ပေးရမယ်လို့ ပြောတယ်။ ပြီးတော့ ကုသိုလ်ဒင်္ဂါးကိုလည်း မူလ ပိုင်ရှင် ကိုယ်တိုင် အသုံးပြုရမယ်လို့ ပြောပါတယ်။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ ချက်ချင်း ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ် ကိုယ်တိုင် အိမ်ရှေ့စံမင်းသား ကျိုးလီကို မီတျဲ ချိုင့်ဝှမ်းအထိ ပို့ဆောင်ပေးပါ့မယ်။”
ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ ကိုယ်တော့်ဘေးနားမှာ ခင်ဗျား တစ်ခဏလေးတောင် မရှိလို့မဖြစ်ဘူးလေ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အခုချိန်မှာ ဧကရာဇ် ဝမ်ယွင် လည်း အပြစ်ကို ကြောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီဆိုတော့ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ အားလုံးက ညီညွတ်နေကြပါပြီ။ ဧကရာဇ်ဟောင်း စိုးရိမ်စရာ မလိုတော့ပါဘူး။”
ဧကရာဇ်ဟောင်းသည် ကျိုးလီ၏ လက်ကို ကိုင်ကာ ပြောလိုက်သည်။ “ရာခိုင်နှုန်း တစ်ရာမှာ တစ်ရာခိုင်နှုန်း လောက်ပဲ မျှော်လင့်ချက် ရှိတယ် ဆိုရင်တောင် ကိုယ်တော်တို့က ရာခိုင်နှုန်း တစ်ရာ အပြည့် ကြိုးစားရမှာပဲ။ အခု တာ့ကျိုးအင်ပါယာ တစ်ခုလုံးမှာ ခင်ဗျား တစ်ယောက်တည်းကသာ မီတျဲ ချိုင့်ဝှမ်းနဲ့ အရင်းနှီးဆုံး ဆိုတော့ ခင်ဗျားပဲ ပင်ပန်းခံပြီး သွားပေးပါတော့။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဒါတွေ အားလုံးက ကျုပ် လုပ်သင့်တဲ့ အရာတွေပါ။ ကျုပ်နဲ့ အိမ်ရှေ့စံ မင်းသားက ညီအစ်ကိုတွေ လို ရင်းနှီးကြတာဆိုတော့ သူ့ကို ကယ်တင်ဖို့ အတွက်ဆိုရင် အစွမ်းကုန် ကြိုးစားရမှာပေါ့။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် ကိုယ်တော်က ဟေးပင်းထိုင်ရဲ့ အတော်ဆုံး ထိပ်တန်း သိုင်းပညာရှင်တွေကို ခင်ဗျားကို လိုက်ပို့ပေးဖို့ စေလွှတ်လိုက်မယ်။”
………………….
အပိုင်း (၆၂၀)
ဧကရာဇ် ဝမ်ယွင် သေဆုံးသွားသည့် သတင်းကို လူအများအပြား သိရှိသွားကြသည်။ သို့ပေမည့် မည်သည့် လှိုင်းဂယက်မှ မဖြစ်ပေါ်ခဲ့ဘဲ တောခွေး တစ်ကောင် သေသွားသကဲ့သို့ မည်သူကမှ ထုတ်မပြောကြချေ။
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည်ဟုပင် မပြောရဲကြချေ။ တစ်ယောက်ယောက်က နှုတ်ပိတ် အမိန့် ထုတ်ပြန်ထား၍ မဟုတ်ဘဲ လုံးဝကို ထုတ်မပြောရဲကြခြင်း ဖြစ်သည်။
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၊ မှူးမတ်များ အားလုံးသည် အလွန်အမင်း ကြောက်လန့်သွားကြပြီး ညဘက် အိပ်မက်ဆိုးများ မက်ကာ လန့်နိုးလာတတ်သည့်အထိ ကြောက်လန့်နေကြ၏။
ညဘက် အိပ်မက်ယောင်ပြီး မပြောသင့်သော စကားများ ပြောမိမည်ကို စိုးရိမ်သောကြောင့် အမတ် အများအပြားသည် တစ်ယောက်တည်း အိပ်စက်ကြပြီး ပါးစပ်ကို အဝတ်စဖြင့် ပိတ်ထားကြသည်။
ဧကရာဇ် တစ်ပါး သေဆုံးသွားသည်ကိုပင် မည်သူကမှ လူသိရှင်ကြား မဆွေးနွေးရဲကြဘဲ သူတောင်းစား တစ်ယောက် သေဆုံးသွားသည်ထက်ပင် ပိုမို သနားဖွယ်ကောင်းနေ၏။
သို့ပေမည့် လူနှစ်ဦးတော့ မသေဆုံးခဲ့ချေ။ တစ်ဦးမှာ မိန်းမစိုးကြီး ဟောက်ချင့် ဖြစ်ပြီး အခြားတစ်ဦးမှာ ဟောက်ကျိ ဖြစ်သည်။
ဤမိန်းမစိုး နှစ်ဦးစလုံးသည် ယခင်က ဧကရာဇ် ဝမ်ယွင်၏ ခွေးများ ဖြစ်ခဲ့ကြပြီး ဟောက်ကျိ ဆိုလျှင် ဧကရာဇ်ဟောင်းကိုပင် နှိပ်စက်ခဲ့ဖူးသောကြောင့် လူတိုင်းက ဤလူနှစ်ဦး သေချာပေါက် သေရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့ပေမည့် ဤလူနှစ်ဦးသည် ပန်းပင် စိုက်ရန်သာ စေလွှတ်ခံလိုက်ရပြီး သတ်ဖြတ်ခြင်း မခံခဲ့ရချေ။
ထို့ကြောင့် လူတိုင်းက ဧကရာဇ်ဟောင်း၏ သနားကြင်နာတတ်မှုကို အံ့ဩ ချီးကျူးနေကြပြီး ဤကဲ့သို့သော ရန်သူများကိုပင် ခွင့်လွှတ်ပေးနိုင်ခဲ့သည်ဟု ထင်မှတ်နေကြသည်။
ဤသို့ဖြင့် ယခင်က ဧကရာဇ်၏ ဘက်တွင် ရပ်တည်ခဲ့ကြသော အမတ် အများအပြားသည် အနည်းငယ် စိတ်အေးသွားကြပြီး ဧကရာဇ်ဟောင်းသည် လောက၏ နံပါတ်တစ် သနားကြင်နာတတ်သော ဧကရာဇ် ဖြစ်ကြောင်း ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြတော့၏။
ဧကရာဇ်ဟောင်းသည် ဤကဲ့သို့သော ရန်သူများကိုပင် မသတ်ဖြတ်ဘူးဆိုလျှင် ညီလာခံမှ အမတ်များကို ပို၍ပင် သတ်ဖြတ်မည် မဟုတ်တော့ချေ။
……..
အောက်ကော်ကုန်း အိမ်တော်၏ လျှို့ဝှက် စာကြည့်ဆောင် အတွင်း၌...
“ရှောင်ယွီ... ဆရာ ရာထူးကနေ နုတ်ထွက်ပြီး အိမ်ပြန်ချင်နေပြီ။” စုံစမ်းစစ်ဆေးရေးရုံး အကြီးအကဲ ယွီကျန်းက ပြောလိုက်၏။
ဤအမတ်ကြီးသည် အလွန် ဖြောင့်မတ်တည်ကြည်သူ တစ်ဦးဖြစ်ပြီး မည်သည့်အချိန်တွင်မဆို ပြောင်းလဲခြင်း မရှိခဲ့ချေ။
“နောက်ပိုင်း တာ့ကျိုးအင်ပါယာကြီး ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို ဆရာ မသိတော့ဘူး။ ရှေ့မှာ လုံးဝ မှုန်ဝါးနေပြီး ခြေတစ်လှမ်း မှားသွားတာနဲ့ ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားမယ့် အတိုင်းပဲ ခံစားနေရတယ်။”
ယွီကျန်းက ပြောလိုက်သည်။ “ဆရာ တစ်ယောက်တည်း ချောက်ကမ်းပါး ထဲ ပြုတ်ကျသွားမှာ မဟုတ်ဘဲ အင်ပါယာ တစ်ခုလုံး ပြုတ်ကျသွားမှာပါ။ ဆရာက အမြဲတမ်း ပြောခဲ့တယ်။ အလုပ်လုပ်တဲ့ နေရာမှာ ကိုယ်ကျင့်တရားကိုပဲ အခြေခံမယ်၊ အင်ပါယာရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ အကြောင်း မပြောဘူး၊ ကြွေးကြော်သံတွေ မအော်ဘူးလို့လေ။
ဒါပေမဲ့ အခု ဆရာ တကယ်ပဲ လေထဲမှာ လွင့်မျောနေသလို ခံစားနေရပြီး အပေါ်လည်း မရောက်၊ အောက်လည်း မရောက်နဲ့ ပတ်ဝန်းကျင် တစ်ခုလုံး မှုန်ဝါးနေကာ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဆရာ... ဧကရာဇ် ဝမ်ယွင်ကို ကျုပ် ကိုယ်တိုင် သတ်ပစ်ခဲ့တာပါ။”
ယွီကျန်း၏ မျက်နှာ အနည်းငယ် တုန်ယင်သွားတော့၏။ သူသည် ရိုးရာ အစဉ်အလာကို လိုက်နာသော ပညာတတ် တစ်ဦးဖြစ်ပြီး ဧကရာဇ် ဝမ်ယွင်ကို ဉာဏ်ပညာ နည်းပါးပြီး ရက်စက်သော ဧကရာဇ်ဟု ထင်မြင်ခဲ့သည်။
မည်သို့ပင်ဆိုစေ သူသည် ဧကရာဇ် တစ်ပါးပင် ဖြစ်ရာ အမတ် တစ်ဦး အနေဖြင့် ဧကရာဇ်ကို လုပ်ကြံ သတ်ဖြတ်ခြင်းသည် အမှန်တကယ်ပင် ကိုယ်ကျင့်တရား ကင်းမဲ့လွန်းလှသည်။ သို့ပေမည့် အောက်ယွီကို ဆဲဆိုရန် ပါးစပ် မဟနိုင်ခဲ့ချေ။
ထိုသူသည် စုမန်၏ အသက်ကို ကယ်တင်ရန်အတွက် ကြီးမားလှသော အန္တရာယ်တို့ကို ရဲရင့်စွာ ရင်ဆိုင်ခဲ့သည်။ ထိုနည်းတူစွာ မိဘနှစ်ပါး၏ အသက်ကို ကယ်တင်နိုင်ရေးအတွက်လည်း အသက်အန္တရာယ်ကို ပဓာနမထားဘဲ ဓားသွားများကြားနှင့် မီးတောက်များထဲသို့ ကိုယ်တိုင်ကိုယ်ကျ စွန့်စားဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
သူ ယွီကျန်း၏ မျက်လုံးများ မကန်းသေးချေ။ မျက်စိရှေ့ရှိ ဤလူသည် ကလေးကောင်း တစ်ယောက် ဖြစ်ပြီး ဩဇာအာဏာ၏ သွေးဆောင်မှုတွင်လည်း လမ်းလွဲမသွားခဲ့ကြောင်း သူ သိရှိထား၏။
“ဆရာ... ကျုပ်တို့က နှစ်ထောင်ချီ အတွင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ အပြောင်းအလဲကြီးကို ရင်ဆိုင်နေရတာပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကိစ္စတော်တော်များများကို ကျုပ်လည်း မကြာသေးခင်ကမှ ရှင်းရှင်းလင်းလင်း စဉ်းစားမိသွားတာပါ။ အရင်တုန်းက ကိုယ့်နေရာမှာပဲ ပိတ်မိနေခဲ့လို့ သေချာ မမြင်ခဲ့ရဘူး။ ဒီတစ်ကြိမ် အဝေးကို သွားပြီးတဲ့နောက်မှ နည်းနည်း ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာရတာပါ။ ကျုပ်တို့က နှစ်ထောင်ချီ အတွင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ အပြောင်းအလဲကြီးကို ရင်ဆိုင်နေရပါပြီ။”
ယွင်ကျုံးဟဲ့သည် ဤစကားကို နောက်တစ်ကြိမ် ထပ်မံ ပြောဆိုလိုက်၏။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဆရာ... ကျုပ် စကားကို နားထောင်ပါ။ အခုချိန်မှာ ရာထူးကနေ မနုတ်ထွက်ပါနဲ့အုံး။ ဒီလို ကြီးမားတဲ့ အပြောင်းအလဲကြီးထဲမှာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အင်အားဟာ အရမ်းကို သေးငယ်လွန်းတယ်။”
ယွီကျန်းသည် ယွင်ကျုံးဟဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် မေးလိုက်၏။ “ရှောင်ယွီ... ဆရာ မင်းကို ယုံကြည်တယ်။ ဆရာက သေချာ မမြင်ရပေမယ့် မင်းကော သေချာ မြင်ရရဲ့လား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “တစ်ဝက်လောက်ပဲ မြင်ရသေးတယ်။ ကျန်တဲ့ တစ်ဝက်ကတော့ မှုန်ဝါးဝါး ဖြစ်နေတုန်းပါပဲ။”
ထို့နောက် သူသည် စီးပြန်း၏ ရေတပ်ကြီးကို ဖျက်ဆီးပစ်ခဲ့သော ပင်လယ်ပြင်ရှိ အခြေအနေကို အလိုအလျောက် သတိရသွားမိ၏။
ထိုအချိန်က လေပြင်း မုန်တိုင်းများ တိုက်ခတ်နေပြီး လျှပ်စီးလက်ကာ မိုးချုန်းနေသောကြောင့် ကောင်းကင်ယံမှာလည်း မှောင်မည်းနေကာ ရေထုထည် တန်ချိန် သုံးထောင်ခန့် ရှိသော စစ်သင်္ဘောကြီး ပင်လျှင် သစ်ရွက်လေး တစ်ရွက်ကဲ့သို့ လှုပ်ခါနေခဲ့သည်။
ကောင်းကင်နှင့် မြေကြီး ကြားမှာ မည်းမှောင်နေပြီး ဘာမှ မမြင်ရ၊ ဘာမှ မစမ်းသပ်နိုင်၊ အပေါ်လည်း မရောက်၊ အောက်လည်း မရောက်သည့် ခံစားချက်မျိုးက အရမ်းကို ထင်ရှားလွန်း၏။
သင်္ဘောကြီး မည်သည့်နေရာကို ဦးတည်သွားနေသနည်း ဆိုခြင်းကို မသိရသလို၊ အမှောင်ထု၏ အနောက်ဘက်မှာ ဘာရှိနေသနည်း ဆိုသည်ကိုလည်း မသိရပေ။။ ငရဲပြည်လား။ မကောင်းဆိုးဝါးလား ဘာကိုမှ မသိရခြင်းပင်။
ယွီကျန်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ “ဒါဆိုရင် ဆရာ နားလည်ပါပြီ။ မင်းက မနုတ်ထွက်နဲ့လို့ ပြောရင် ဆရာ မနုတ်ထွက်တော့ပါဘူး။”
နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့သည် နောက်တစ်ကြိမ် ထွက်ခွာသွားပြီး အိမ်ရှေ့စံမင်းသား ကျိုးလီကို ခေါ်ဆောင်ကာ မီတျဲ ချိုင့်ဝှမ်းသို့ ကုသမှု ခံယူရန် သွားရောက်ခဲ့သည်။ ဟေးပင်းထိုင်၏ ထိပ်တန်း သိုင်းပညာရှင် ငါးထောင် ကျော်ခန့်က ကာကွယ် စောင့်ရှောက်ပေးခဲ့သည်။
ဧကရာဇ်ဟောင်း ကိုယ်တိုင် လမ်းလျှောက်၍ ယွင်ကျုံးဟဲ့၏ လက်ကို ကိုင်ကာ နန်းတော် အပြင်ဘက်အထိ၊ မြို့တော် အပြင်ဘက်အထိ လိုက်ပို့ပေးခဲ့၏။
“ကလေး... မင်းရဲ့ အိမ်ရှေ့စံမင်းသား အစ်ကိုတော်ကို အဘိုးက မင်းဆီ အပ်လိုက်ပြီနော်။” ဧကရာဇ်ဟောင်းက ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ ဦးညွတ်လျက် ပြန်ပြောလိုက်၏။ “ကောင်းပါပြီ... ဧကရာဇ်ဟောင်း။”
ထို့နောက် ယွင်ကျုံးဟဲ့သည် အိမ်ရှေ့စံမင်းသား ကျိုးလီကို ခေါ်ဆောင်ကာ မြို့တော်မှ ထွက်ခွာသွားတော့၏။
ဧရာမ မြင်းလှည်းကြီး အတွင်း၌ အိမ်ရှေ့စံမင်းသား ကျိုးလီသည် တစ်ချက်လေးမှ မလှုပ်ရှားဘဲ လဲလျောင်းနေပြီး ယွင်ကျုံးဟဲ့သည် မြင်းလှည်း၏ ဘယ်ဘက်တွင် ထိုင်နေကာ မျက်နှာချင်းဆိုင်တွင်တော့ အိုမင်းရင့်ရော်နေသော ချုံထျန်း ဘုန်းကြီး ရှိနေသည်။
မြို့တော်မှ မိုင်သုံးဆယ် အကွာသို့ ရောက်ရှိသွားချိန်မှာတော့ ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ချုံထျန်း ဘုန်းကြီး... ခင်ဗျား ပြန်သွားလို့ ရပါပြီ။ ဧကရာဇ်ဟောင်းရဲ့ ဘေးနားမှာ ခင်ဗျား မရှိလို့ မဖြစ်ဘူး။”
ချုံထျန်း ဘုန်းကြီးက ပြန်ပြောလိုက်သည်။ “လူတစ်ယောက်ကို မိုင်ထောင်ချီ လိုက်ပို့ရင်တောင်မှ နောက်ဆုံးတော့ လမ်းခွဲရမှာပါပဲ။”
ထို့နောက် သူ၏ အကြည့်များမှာ အိမ်ရှေ့စံမင်းသား ကျိုးလီ ထံသို့ ရောက်ရှိသွားပြီး ပြောလိုက်၏။ “ကျုပ်တို့ရဲ့ အိမ်ရှေ့စံမင်းသားဟာ တကယ်ကို ကံမကောင်းရှာဘူး။ မီတျဲ ချိုင့်ဝှမ်းမှာ သူ့ကို ကုသပေးနိုင်ဖို့ မျှော်လင့်တယ်။ အောက်ကော်ကုန်း... လမ်းခရီး ချောမွေ့ပါစေ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်...”
ချုံထျန်း ဘုန်းကြီးက ပြောလိုက်၏။ “အောက်ကော်ကုန်း... ကျုပ် စကားတစ်ခွန်း ပြောချင်တယ်။ ပြောသင့် မပြောသင့်တော့ မသိဘူး။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဘုန်းကြီး... လွတ်လွတ်လပ်လပ်သာ ပြောပါ။”
ချုံထျန်း ဘုန်းကြီးက ပြောလိုက်၏။ “ရေစီးသန်တဲ့ နေရာကနေ အချိန်မီ နောက်ဆုတ်ပါ။”
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားတော့သည်။
ချုံထျန်း ဘုန်းကြီးက ပြောလိုက်၏။ “ကျုပ် ဆိုလိုတာက အောက်ကော်ကုန်းကို အခုချက်ချင်း အနားယူဖို့ ပြောတာ မဟုတ်ဘူး။ အရင်က ခင်ဗျားဟာ အရမ်းကို ထင်ပေါ်ကျော်ကြားခဲ့ပြီး အစွမ်းအစတွေကို အများကြီး ပြသခဲ့လို့ တခြားလူတွေရဲ့ ချောက်ချတာကို ခံရလွယ်တယ်။ အခုချိန်မှာ နန်းတွင်း နိုင်ငံရေး အခြေအနေတွေက ရှုပ်ထွေးနေတော့ ယာယီ နောက်ဆုတ်နေတာကလည်း မကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့ ဦးညွတ်လျက် ပြန်ပြောလိုက်သည်။ “ဘုန်းကြီးရဲ့ အကြံပေးမှုကို ကျေးဇူးတင်ပါတယ်။”
ချုံထျန်း ဘုန်းကြီးသည် မြင်းလှည်းပေါ်မှ ဆင်းကာ ဦးညွတ်လျက် ပြောလိုက်၏။ “ဒါဆို ကျုပ်ကို ပြန်ခွင့်ပြုပါအုံး။”
ထို့နောက် ယွင်ကျုံးဟဲ့၏ တပ်ဖွဲ့သည် အရှိန်တင်ကာ မီတျဲ ချိုင့်ဝှမ်း ရှိရာ အရပ်သို့ ဦးတည်သွားကြတော့၏။
ရက်အနည်းငယ် အကြာတွင် ယွင်ကျုံးဟဲ့၏ တပ်ဖွဲ့သည် တာ့ကျိုးအင်ပါယာ၏ နယ်နိမိတ်မှ ထွက်ခွာသွားတော့သည်။
နောက်ဆက်တွဲ အနေဖြင့် ရိုလန် နိုင်ငံ အတွင်းသို့ ဝင်ရောက်ရတော့မည် ဖြစ်ရာ ယွင်ကျုံးဟဲ့သည် မင်းသမီး ဝူရွှမ်းကို အလိုအလျောက် သတိရသွားမိသည်။ ထိုလိုဏ်ဂူ အတွင်းရှိ မကောင်းဆိုးဝါး လျှပ်စစ်ငါးရှဉ့်များ ရှိသော ရေကန် အတွင်းသို့ သူမက ခြေထောက်ဖြင့် ကန်ချခဲ့ခြင်း ဖြစ်၏။
ထိုအချိန်က သူမသည် ယွင်ကျုံးဟဲ့ အသက်ရှင် လွတ်မြောက်လာနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်လား။ လုံးဝ မထင်မှတ်ခဲ့ပေ။
အကြောင်းမူ လူတိုင်း၏ အမြင်တွင် ထိုရေကန်အတွင်း၌ မကောင်းဆိုးဝါးများ ရှိနေပြီး မည်သူမဆို ဆင်းသွားသည်နှင့် တပြိုင်နက် ချက်ချင်း လျှပ်စစ် အလိုက်ခံရပြီး အရှင်လတ်လတ် စားသောက်ခံရမည် ဖြစ်သောကြောင့်ပင်။
ဆိုလိုသည်မှာ မင်းသမီး ဝူရွှမ်း၏ စိတ်နှလုံးထဲတွင် အောက်ယွီ၏ အရေးပါမှုသည် သိပ်မကြီးမားလှဘဲ စတေးလိုက်၍ ရနိုင်သော သူတစ်ယောက် အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ယခုအခါ မင်းသမီး ဝူရွှမ်းသည် ရိုလန် နိုင်ငံ၏ ဒုတိယ ဘုရင်မအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်၏။
ကျင်းကျုံးယွဲ့၏ အကျင့်စရိုက်အရ သူမသည် တိုက်ခိုက် သတ်ဖြတ်ခြင်းကိုသာ နှစ်သက်သောကြောင့် ဤ ရိုလန် နိုင်ငံ၏ အာဏာ အားလုံးကို မင်းသမီး ဝူရွှမ်းက တစ်ဦးတည်း ချုပ်ကိုင်ထားမည်မှာ သေချာလှသည်။
ယွင်ကျုံးဟဲ့ ရိုလန်နိုင်ငံမှ ထွက်ခွာလာခဲ့သည်မှာ လွန်ခဲ့သော ဆယ်လခန့်က ဖြစ်သည်။ ရိုလန်နိုင်ငံ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ယွင်ကျုံးဟဲ့သည် အလုပ်များနေမှုများကို ခံစားလိုက်ရ၏။
လမ်းပေါ်တွင် ကုန်သည် အဖွဲ့များ နေရာအနှံ့ ရှိနေပြီး ရဲတိုက်များ၊ စစ်ဆေးရေး ဂိတ်များ အများအပြားလည်း ထွက်ပေါ်လာခဲ့သည်။
တစ်နှစ်ပင် မပြည့်သေးသော အချိန်ကာလ အတွင်း ရိုလန် နိုင်ငံသည် စနစ်တကျ ရှိလာခဲ့ပြီ ဖြစ်၏
ယွင်ကျုံးဟဲ့သည် ရိုလန်မြို့သို့ ဝင်ရောက်ရန် မရည်ရွယ်ထားသောကြောင့် လမ်းလွှဲ၍ သွားရန် ရွေးချယ် ခဲ့သည်။
ကျယ်ပြောလှသော သဲကန္တာရကြီးပေါ်တွင် ယွင်ကျုံးဟဲ့သည် ကြယ်ရောင်စုံသော ကောင်းကင်ယံကို မော့ကြည့်ကာ အဆက်မပြတ် စဉ်းစားနေတော့၏။
နှစ်ထောင်ချီ အတွင်း တစ်ခါမှ မကြုံဖူးသော အပြောင်းအလဲကြီး မကြာမီ ရောက်ရှိလာတော့မှာ ဖြစ်သည်။ ပတ်ဝန်းကျင်တွင် မြူခိုးများ ဖုံးလွှမ်းနေပြီး အချို့သူများက ရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း အချို့သူများကမူ လုံးဝ မမြင်တွေ့နိုင်ကြပေ။
လူရိပ်များ ရှုပ်ထွေးနေပြီး ကျောပြင် တစ်ခုတည်း ချန်ထားခဲ့သူ ရှိသလို၊ အပြုံး တစ်ခုတည်း ချန်ထားခဲ့သူလည်း ရှိကာ လူလား သရဲလားပင် မသိနိုင်တော့ချေ။
ယွင်ကျုံးဟဲ့ မျက်လုံးများကို မှိတ်ကာ ဆက်လက် စဉ်းစားနေတော့၏။ သူ၏ ဦးနှောက်ထဲတွင် မြင်ကွင်း တစ်ခု အဆက်မပြတ် ပေါ်လာနေသည်။ ထိုအရာမှာ ကျောက်ဆောင်ကျွန်း၏ ကျောက်တံတိုင်းပေါ်တွင် ခြစ်ထုတ် ဖျက်ဆီးခံထားရသော စာသားများရှိနေသည့် မြင်ကွင်းပင် ဖြစ်၏။
နုဧကရာဇ်၏ နစ်မြုပ်နေသော သင်္ဘောကို ရှာဖွေတွေ့ရှိပြီး လိုဏ်ဂူ အတွင်းသို့ ဝင်ရောက်သွားခဲ့သော ဤ လျှို့ဝှက်ဆန်းကြယ်သူသည် မည်သူနည်း။
ဤလူသည် ရတနာများ အားလုံးနီးပါးကို ယူဆောင်သွားခဲ့ပြီး တစ်ချိန်က သူသည်လည်း မျှော်လင့်ချက် မဲ့သွားခဲ့ဖူးသောကြောင့် လိုဏ်ဂူ နံရံပေါ်တွင် တစ်ခုခု ရေးသားခဲ့ခြင်း ဖြစ်သည်။
အကြောင်းမူ ထိုနေရာသည် လူသူကင်းမဲ့သော ကျွန်း တစ်ကျွန်း ဖြစ်ပြီး မည်သည့် သင်္ဘောမှ ဖြတ်သန်းသွားလာခြင်း မရှိသောကြောင့် ဤလူသည် တစ်သက်လုံး ထွက်ခွာနိုင်မည် မဟုတ်တော့ဟု ထင်မှတ်သွားခဲ့သောကြောင့်ပင်။
သို့ပေမည့် နောက်ပိုင်းတွင် သင်္ဘော တစ်စင်း ရောက်ရှိလာခဲ့သည်မှာ ထင်ရှားလှပြီး သို့မဟုတ် ထွက်ခွာနိုင်မည့် နည်းလမ်းကို ရှာတွေ့သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤလူသည် သူရေးသားခဲ့သော စာလုံးများကို ခြစ်ထုတ် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်၏။