← Chapters

အခန်း (၆၂၁-၆၂၂)

Vol. 53 Ch. 621-622

အခန်း (၆၂၁-၆၂၂)

Vol. 53 Ch. 621-622

အပိုင်း (၆၂၁)

ထိုမြင်ကွင်းသည် ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် အခိုင်အမာမှတ်သားထားပြီး ဖြစ်သည်။

အမှတ်(၉) ကွမ်တန်သည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရှိတော့သော်လည်း တစ်နှစ်တိတိ အတူတကွ နေထိုင်ခဲ့ရသောကြောင့် ယွင်ကျုံးဟဲ့သည်လည်း အလွန် အစွမ်းထက်သော တွက်ချက်မှု စွမ်းရည် အနည်းငယ်ကို သင်ယူတတ်မြောက်ခဲ့ပြီ ဖြစ်၏။

ဦးနှောက်ထဲတွင် သူသည် ကျောက်တံတိုင်းပေါ်ရှိ ခြစ်ထုတ် ဖျက်ဆီးခံထားရသော မြင်ကွင်းကို နောက်တစ်ကြိမ် ပြန်လည် ဖော်ထုတ်နေတော့သည်။

ထို့နောက် ခြစ်ထုတ်ခံထားရသော အရာများကို ဖယ်ရှားပစ်ရန် ကြိုးစားပြီး ဤလူ ရေးသားခဲ့သော စာလုံးများကို ပြန်လည် ဖော်ထုတ်ရန် ကြိုးစားနေတော့၏။

ဤလုပ်ငန်းစဉ်မှာ အလွန် ခက်ခဲလှပြီး ယွင်ကျုံးဟဲ့သည် လအတော်ကြာ အချိန်ယူခဲ့ရကာ ပထမဆုံး စာလုံး တစ်လုံးကိုသာ ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည်။

ရှိသည် ဆိုသည့် စကားလုံးပင်။ သေချာပေါက် ဤသည်မှာ ဖြစ်နိုင်ခြေ သက်သက်သာ ဖြစ်ပြီး ရာခိုင်နှုန်း အပြည့်မှန်ကန်သည်ဟု အာမမခံရဲချေ။

ယွင်ကျုံးဟဲ့သည် လက်ရေးကို အတတ်နိုင်ဆုံး ပြန်လည် ဖော်ထုတ်ခဲ့ပြီး ဤကဲ့သို့သော လက်ရေးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ အနည်းဆုံးတော့ သူ သိရှိသော လူများထဲတွင် မရှိပေ။

ထိုသူ၏ စာသားများသည် အလွန်ပင် အထီးကျန်ဆန်ပြီး မျှော်လင့်ချက်ကင်းမဲ့နေသော်လည်း၊ အဆုံးအစ မရှိသော မုန်းတီးမှုများနှင့် ပြင်းပြသည့် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေသည်။

အနှစ်ချုပ်၍ဆိုရသော် သူ၏ စာသားများမှတစ်ဆင့် ပုဂ္ဂိုလ်ရေးသဘာဝကို ဆန်းစစ်ရလျှင် ထိုသူသည် အလွန် ရှုပ်ထွေးလှသော စိတ်နေစိတ်ထားပိုင်ရှင်တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားလှ၏။

ဆယ်ရက်ကျော် အကြာတွင်....

ယွင်ကျုံးဟဲ့သည် မီတျဲ ချိုင့်ဝှမ်း၏ တောင်ကြား အပြင်ဘက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြီး ဤနေရာသို့ တာ့ကျိုးအင်ပါယာ၏ စစ်သည်များ ဝင်ရောက်ခွင့် မရှိတော့ချေ။

ယွင်ကျုံးဟဲ့သည် အိမ်ရှေ့စံမင်းသား ကျိုးလီကို ကျောပိုးကာ ဂူအပြင်ဘက်သို့ သွားရောက်ပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “မီတျဲ ချိုင့်ဝှမ်းက ဆရာကြီးတို့... တာ့ကျိုးက အောက်ယွီ တွေ့ခွင့် တောင်းပါတယ်။”

ခဏအကြာတွင် ဂူအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာတော့သည်။ “သခင်လေး အောက်ယွီ... ဝင်လာခဲ့ပါ။”

ယွင်ကျုံးဟဲ့သည် ကျိုးလီကို ကျောပိုး၍ ဂူအတွင်းသို့ ဝင်ရောက်သွားရာ မကြာမီမှာပဲ လူတစ်ယောက် လာရောက် ကြိုဆိုပြီး ကျိုးလီနှင့် ယွင်ကျုံးဟဲ့ကို အတူတကွ သယ်ဆောင်သွားတော့၏။

ဤနေရာသည် အမှောင်ထုကြီး ဖုံးလွှမ်းနေဆဲ ဖြစ်ပြီး ဂူအတွင်း၌ ကွေ့ကောက်နေသော လမ်းများ အများအပြား ရှိနေသည်။

မကြာမီမှာပဲ ယွင်ကျုံးဟဲ့သည် ရင်းနှီးကျွမ်းဝင်သော လူနာခန်း အတွင်းသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်၏။

“ဆရာကြီး... ကျုပ်က တာ့ကျိုး အိမ်ရှေ့စံမင်းသား ကျိုးလီကို ကုသပေးဖို့ မီတျဲ ချိုင့်ဝှမ်းကို အကူအညီ တောင်းချင်ပါတယ်။ ကုသိုလ်ဒင်္ဂါး ဘယ်လောက် လိုအပ်မလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်၏။ “တစ်ခုမှ မလိုအပ်ပါဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ဘာစည်းကမ်းချက်တွေ လိုအပ်မလဲ။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်၏။ “ဘာစည်းကမ်းချက်မှလည်း မလိုအပ်ဘူး။ ကျုပ်တို့က ကျိုးလီကို ကုသပေးချင်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကုသလို့ ရနိုင်ပါ့မလား။”

“အရင်ဆုံး စစ်ဆေးကြည့်ရအုံးမယ်။”

နှစ်ရက် အကြာတွင်...

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “စစ်ဆေးလို့ ပြီးပြီလား။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။ “စစ်ဆေးပြီးပါပြီ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကုသပေးလို့ ရမလား။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။ “စမ်းကြည့်လို့ ရတယ်။ အာမတော့ မခံရဲဘူး။ ၅၀ ရာခိုင်နှုန်းစီပဲ။ တစ်လလောက် နေမှပဲ ပြန်ကြည့်ကြတာပေါ့။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် တစ်လပေါ့။”

နောက်ပိုင်း အချိန်များတွင် ယွင်ကျုံးဟဲ့သည် အလင်းရောင် လုံးဝ မရှိသော လူနာခန်း အတွင်း၌သာ နေထိုင်ရတော့သည်။

နေ့တိုင်း ထမင်း လာပို့ပေးသူ ရှိသော်လည်း အမြဲတမ်း လက်တစ်ကမ်း အကွာအဝေးကိုပင် မမြင်ရ လောက်အောင် မှောင်မည်းနေပြီး ဤအခန်း အတွင်းမှလည်း ထွက်ခွာ၍ မရနိုင်ချေ။

ဘေးနား မလှမ်းမကမ်းတွင် အိမ်သာရှိပြီး မမြင်ရသော်လည်း အလွန် ခေတ်မီပြီး သန့်ရှင်းသပ်ရပ်ကြောင်း ခံစားမိနိုင်သည်။ ထို့အပြင် နေ့တိုင်း ရေချိုးရန် ရေနွေးများလည်း ရှိ၏။

ဤနေရာသည် အလွန် အေးစက်သော်လည်း နွေဦးရာသီကဲ့သို့ နွေးထွေးနေပြီး အပူချိန်ကို အမြဲတမ်း ထိန်းသိမ်းထားနိုင်သည်။

ဤအောက်တွင် ချော်ရည်ပူများ စီးဆင်းနေပြီး မီတျဲ ချိုင့်ဝှမ်းသည် ချော်ရည်ပူများကို အသုံးပြုကာ အနွေးဓာတ် ရယူထားခြင်း ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိရှိထား၏။

ဤနေရာသည် တကယ့် မီတျဲ ချိုင့်ဝှမ်း အစစ် မဟုတ်ဘဲ ဤဂူ၏ အဆုံးတွင်သာ တကယ့် မီတျဲ ချိုင့်ဝှမ်း ရှိနေခြင်း ဖြစ်သော်လည်း ယွင်ကျုံးဟဲ့ အနေဖြင့် သွားရောက်ခွင့် မရှိချေ။

ဤတစ်လတာ ကာလအတွင်း ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် ထိုလိုဏ်ဂူ အတွင်းရှိ စာလုံးများကို အချိန်တိုင်းနီးပါး ပြန်လည် ဖော်ထုတ်ရန် ကြိုးစားနေခဲ့သည်။

‘ဒီစာလုံးတွေကို ပြန်လည် ဖော်ထုတ်ပြီးရင် ဘာအသုံးဝင်မှာလဲ။’

ယခုအခါ ယွင်ကျုံးဟဲ့သည် မြူခိုးများကြားတွင် ရောက်ရှိနေသကဲ့သို့ ခံစားနေရပြီး နှစ်ထောင်ချီအတွင်း တစ်ခါမှ မကြုံဖူးသော အပြောင်းအလဲကြီးကို ရင်ဆိုင်ရတော့မည်ကို သိရှိထားသော်လည်း ထွက်ပေါက် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရှိသလို၊ အချို့သူများ လူလား၊ သရဲလား ဆိုသည်ကိုလည်း မသိရှိနိုင်ချေ။

ဤစာလုံးများသည် အရေးကြီးသော အချက်အလက်များ ကဲ့သို့ ဖြစ်နေပြီး ၎င်းတို့၏ အလင်းရောင်သည် ပိုးစုန်းကြူး တစ်ကောင်ကဲ့သို့ အလွန် အားနည်းသော်လည်း လက်တစ်ကမ်း အကွာအဝေးကိုပင် မမြင်ရလောက်အောင် မှောင်မည်းနေသော နေရာတွင် ဤအလင်းရောင် အနည်းငယ်သည်ပင် ယွင်ကျုံးဟဲ့ အတွက် လမ်းပြပေးနိုင်မှာဖြစ်သည်။

အကြောင်းရင်းကို မသိရသော်လည်း ဤလုံးဝ မှောင်မည်းနေသော ပတ်ဝန်းကျင် အတွင်း၌ ယွင်ကျုံးဟဲ့၏ ဦးနှောက်သည် အထူးသဖြင့် တက်ကြွနေပြီး အလုပ် လုပ်ဆောင်မှုလည်း မြန်ဆန်လာခဲ့၏။

အရင်က လအတော်ကြာ အချိန်ယူပြီးမှ ပထမဆုံး စာလုံးကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့သော်လည်း ဤ တစ်လတာ ကာလအတွင်း သူသည် စာလုံး ရှစ်လုံးကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည်။

ဤသည်မှာ ပထမဆုံး စာလုံးကို ပြန်လည် ဖော်ထုတ်ပြီးနောက်ပိုင်း နောက်ထပ် စာလုံးများအတွက် လမ်းမှား များစွာကို ရှောင်ရှားနိုင်ခဲ့သောကြောင့်ပင်။

ဤစာလုံး ကိုးလုံးမှာ ဘယ်သူက သိမှာလဲ၊ ဆံပင်တွေ မဖြူသေးဘူး၊ စိတ်နှလုံးက သေဆုံးနေပြီ။ ဟူ၍ ဖြစ်သည်။

သေချာပေါက် ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများတော့ မပါဝင်ပေ။ ထိုအရာများကို ယွင်ကျုံးဟဲ့ ကိုယ်တိုင် ထည့်သွင်းထားခြင်း ဖြစ်၏။

စာလုံး ကိုးလုံးကို ပြန်လည် ဖော်ထုတ်ပြီးနောက် ယွင်ကျုံးဟဲ့သည် မြူခိုးများ ကြားတွင် ဆက်လက် ရှိနေဆဲ ဖြစ်ပြီး မိမိ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မမြင်တွေ့ရသေးသလို၊ ထွက်ပေါက်ကိုလည်း ရှာမတွေ့သေးချေ။

ယွင်ကျုံးဟဲ့သည် စာလုံး ကိုးလုံးကို ဦးနှောက်ထဲတွင် အဆက်မပြတ် ပုံတူကူး ရေးဆွဲနေသောကြောင့် လက်ရေးများသည် ပို၍ပို၍ ရှင်းလင်းလာပြီး သူ၏မှတ်ဉာဏ်ထဲတွင်လည်း ဤလက်ရေးမျိုးကို ဘယ်သူ ရေးသားခဲ့သနည်းဟု လိုက်လံ ရှာဖွေနေတော့၏။

သို့ပေမည့် ကိုက်ညီသူ တစ်ယောက်မှ မရှိပေ။ ထို့အပြင် ဤစာလုံးကိုးလုံးမှနေ၍ ရရှိနိုင်သော အချက်အလက်များမှာ အလွန် နည်းပါးလှသည်။

ပထမဆုံးအနေဖြင့် ဤ လျှို့ဝှက်ဆန်းကြယ်သူသည် အသက်အရွယ် သိပ်မကြီးသေးကြောင်း သိရှိနိုင်သည်။ ထို့ကြောင့် ဆံပင်တွေ မဖြူသေးဘူးဟု ဆိုထားခြင်း ဖြစ်သည်။ သို့ပေမည့် စိတ်နှလုံးက သေဆုံးနေပြီ ဆိုသည်မှာ သူ၏ အတွင်းစိတ်ထဲတွင် မျှော်လင့်ချက် မဲ့နေကြောင်း ပြသနေ၏။

ဤကဲ့သို့သော မျှော်လင့်ချက်မဲ့မှုသည် ကျောက်ဆောင်ကျွန်းပေါ်တွင် ပိတ်မိနေပြီး ထွက်ခွာ၍ မရနိုင်ခြင်းကြောင့် မဟုတ်ဘဲ အခြား အကြောင်းရင်းများကြောင့် ဖြစ်မည်မှာ သေချာလှသည်။

ကြီးမားသော ရည်မှန်းချက်များ ရှိသော်လည်း အကောင်အထည် ဖော်နိုင်စွမ်း မရှိခြင်း၊ အသက်အန္တရာယ် ရှိသော အခြေအနေမျိုးတွင် ရောက်ရှိနေပြီး လုံးဝ မျှော်လင့်ချက် မရှိတော့ခြင်း တို့ကြောင့်သာ စိတ်နှလုံးက သေဆုံးနေပြီဟု ရေးသားခဲ့ခြင်း ဖြစ်၏။

‘ဒီ လျှို့ဝှက်ဆန်းကြယ်သူက တကယ်တော့ ဘယ်သူလဲ။’

တစ်လ ကြာသွားခဲ့၏။ မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးသည် နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။

“ရလဒ် ဘယ်လိုလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။ “တောင်းပန်ပါတယ်။ ကျုပ်တို့ ကျရှုံးသွားပါပြီ။ အိမ်ရှေ့စံမင်းသား ကျိုးလီကို သတိရလာအောင် မလုပ်နိုင်ခဲ့ဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို သူ အသက်ရှင်နေသေးလား။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။ “အသက်ရှင်နေပါသေးတယ်။ ဒါပေမဲ့ နိုးမလာနိုင်တော့ဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို နောက်ဆက်တွဲ သူ သတိရလာနိုင်မယ့် မျှော်လင့်ချက် ဘယ်လောက် ရှိလဲ။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။ “မသိဘူး။ အဆုံးအစ မရှိတဲ့ မတော်တဆ ဖြစ်နိုင်ခြေတွေနဲ့ ပြည့်နှက်နေတယ်။”

ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် လူတစ်ယောက်ကို အလိုအလျောက် သတိရသွားမိသည်။ မြို့စားဟောင်း ကျင်းအဲ့လည်း ဤကဲ့သို့ပင် ရုတ်တရက် ကိုမာဝင်နေသည့် ဘဝသို့ ရောက်ရှိသွားခဲ့ပြီး သေဆုံးခါနီး အချိန်ကျမှသာ ရုတ်တရက် သတိရလာကာ နောက်ဆုံး အချိန်လေး အသက်ဆက် နေခဲ့ရခြင်း ဖြစ်၏။

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြောလိုက်သည်။ “အကယ်၍ ရနိုင်မယ်ဆိုရင် အိမ်ရှေ့စံမင်းသား ကျိုးလီကို ကျုပ်တို့ဆီမှာ ထားခဲ့လို့ ရတယ်။ ကျုပ်တို့ ဆက်လက်ပြီး ကုသမှု ပေးသွားပါ့မယ်။”

ယွင်ကျုံးဟဲ့ တိတ်ဆိတ်သွားတော့၏။

အချိန်အတော်ကြာပြီးမှသာ မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြောလိုက်သည်။ “သခင်လေး အောက်ယွီ... ကျုပ်က မီတျဲချိုင့်ဝှမ်းကိုယ်စား ခင်ဗျားကို ကျုပ်တို့ အဖွဲ့အစည်းထဲ ဝင်ရောက်ဖို့ တရားဝင် ဖိတ်ခေါ်ချင် ပါတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားတို့ အဖွဲ့အစည်းထဲ ဝင်ရောက်ပြီးရင် တစ်သက်လုံး ထွက်ခွာလို့ မရတော့ဘူး မဟုတ်လား။”

“ဟုတ်တယ်။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။ “ကျုပ်တို့ရဲ့ အဓိက အဖွဲ့ဝင်တွေဟာ တစ်သက်လုံး ထွက်ခွာလို့ မရဘူး။ ဘာလို့လဲဆိုတော့ လျှို့ဝှက်ချက်တွေ အများကြီး သိသွားလို့ပါပဲ။ ကျုပ်တို့ မီတျဲ ချိုင့်ဝှမ်းရဲ့ အဓိက အဖွဲ့ဝင်တွေဟာ အခြေခံအားဖြင့် မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် အမွေဆက်ခံ လာကြတာပါ။ ပြင်ပက လူတွေကို ကျုပ်တို့ အဖွဲ့အစည်းထဲ ဝင်ရောက်ဖို့ ကျုပ်တို့ ဘယ်တော့မှ အလိုအလျောက် မဖိတ်ခေါ်ဘူး။ ခင်ဗျားကတော့ ခြွင်းချက် ပါပဲ။”

ယွင်ကျုံးဟဲ့ တိတ်ဆိတ်နေဆဲ ဖြစ်၏။

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြောလိုက်သည်။ “လူတစ်ယောက်ရဲ့ ဘဝမှာ ကမ္ဘာကြီး ဘယ်လောက် ကျယ်ဝန်းသလဲ ဆိုတာက သူ့ရဲ့ ခြေလှမ်းတွေအပေါ် မူမတည်ဘဲ သူ့ရဲ့ တွေးခေါ်မှုတွေ အပေါ်မှာပဲ မူတည်တယ်။

ကျုပ်တို့ မီတျဲ ချိုင့်ဝှမ်းထဲမှာ နေရာ မကျယ်ဝန်းပေမယ့် တွေးခေါ်မှု အပိုင်းမှာတော့ အများကြီး ခရီးရောက်နိုင်တယ်။ ဒီနေရာမှာ ခင်ဗျား ဖန်တီးနိုင်တဲ့ အောင်မြင်မှုတွေဟာ အပြင်လောကမှာ ခင်ဗျား ဖန်တီးနိုင်တဲ့ အောင်မြင်မှုတွေထက် အများကြီး ပိုများနိုင်တယ်။”

ယွင်ကျုံးဟဲ့ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်၏။

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြောလိုက်သည်။ “ခင်ဗျားက အန္တရာယ်များတဲ့ နေရာကို ရောက်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိ ကျနေကာ ဘာမှ မမြင်ရဘူး။ ဘေးနှစ်ဖက်စလုံး မှာလည်း နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးတွေ ရှိနေပြီး ခြေတစ်လှမ်း မှားသွားတာနဲ့ လုံးဝ ပျက်စီးသွားနိုင်တယ်။ မီတျဲ ချိုင့်ဝှမ်း ထဲမှာတော့ အနည်းဆုံး ခင်ဗျားရဲ့ လုံခြုံရေးကို အာမခံချက် ပေးနိုင်တယ်။”

ယွင်ကျုံးဟဲ့သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဦးညွတ် အရိုအသေပေးလျက် ပြောလိုက်၏။ “ဆရာကြီးရဲ့ ကျေးဇူးတွေအတွက် ကျေးဇူးတင်ပါတယ်။ ပြန်ဆပ်ဖို့တောင် မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျုပ် ကတော့ ပြန်သွားရပါမယ်။ အိမ်ရှေ့စံမင်းသား ကျိုးလီ ကိုတော့ မီတျဲ ချိုင့်ဝှမ်းမှာ ထားခဲ့ပြီး ဆရာကြီးကို စောင့်ရှောက်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးသည် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “သခင်လေး အောက်ယွီ... မီတျဲ ချိုင့်ဝှမ်း ကနေ ထွက်ခွာသွားရင် ခင်ဗျားက အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်ပြီး လုံးဝ ပျက်စီးသွားနိုင်တယ် ဆိုတာကို သိရဲ့လား။

တချို့အချိန်တွေမှာ ရုတ်တရက် ရပ်တန့်လိုက်တာက အကောင်းဆုံး အဆုံးသတ် တစ်ခု ဖြစ်နိုင်တယ်။ ဥပမာ - ဧကရာဇ် ဝမ်ယွင်သာ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သေဆုံးသွားခဲ့မယ်ဆိုရင် အနည်းဆုံးတော့ နာမည်ကောင်းလေး တစ်ခု ကျန်ခဲ့နိုင်ပါသေးတယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကျုပ် ဆုံးဖြတ်ပြီးပါပြီ။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြောလိုက်သည်။ “ဒါဆိုလည်း ကောင်းပါပြီ။ သခင်လေး အောက်ယွီ ဘေးကင်းလုံခြုံပါစေလို့ ကြိုတင် ဆုတောင်းပေးလိုက်ပါတယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဒါဆို ကျုပ်ကို ပြန်ခွင့်ပြုပါအုံး။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြောလိုက်သည်။ “ကျုပ် သခင်လေးအောက်ကို လိုက်ပို့ပေးပါ့မယ်။”

အပိုင်း (၆၂၂)

နာရီဝက်ခန့် အကြာတွင် ယွင်ကျုံးဟဲ့သည် မီတျဲချိုင့်ဝှမ်း၏ ဂူအတွင်းမှ ထွက်ခွာလာပြီး တောင်ကြားမှလည်း ထွက်ခွာလာခဲ့၏။

အပြင်ဘက်ရှိ စစ်သည် ငါးထောင်အနက် ငါးရာသာ ကျန်ရှိတော့ပြီး ကျန်ရှိသူ အများစုမှာ ထွက်ခွာသွားကြပြီ ဖြစ်သည်။

အလင်းရောင် လုံးဝ မရှိသော ဂူအတွင်း၌ တစ်လတိတိ နေထိုင်ခဲ့ရပြီးနောက် အပြင်သို့ ထွက်လာချိန်တွင် မျက်စိများပင် ကန်းလုမတတ် ဖြစ်သွားရ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား ကျိုးလီ သတိမရလာသေးဘူး။ ဒါပေမဲ့ ကျုပ်က သူ့ကို မီတျဲ ချိုင့်ဝှမ်း အတွင်းမှာ ဆက်လက် ကုသဖို့ ထားခဲ့တယ်။ ကျုပ်တို့ အရင် ပြန်ကြမယ်။”

အမည်မသိ စစ်သူကြီးက မေးလိုက်၏။ “အောက်ကော်ကုန်း... ခင်ဗျား တစ်ယောက်တည်း ပြန်မယ် ဆိုတာ သေချာရဲ့လား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ မရဘူးလား။”

ထိုစစ်သူကြီးက ပြန်ပြောလိုက်၏။ “သေချာပေါက် ရပါတယ်။ တာ့ကျိုးကို ပြန်မယ်။”

ထို့နောက် လူအင်အား ငါးရာ၏ အစောင့်အရှောက်ဖြင့် ယွင်ကျုံးဟဲ့သည် မီတျဲ ချိုင့်ဝှမ်းမှ ထွက်ခွာကာ တာ့ကျိုးအင်ပါယာသို့ ပြန်လည် ထွက်ခွာလာတော့သည်။

လမ်းခရီး တစ်လျှောက်လုံးတွင် ယွင်ကျုံးဟဲ့သည် ရိုလန်မြို့ကို ရှောင်ကွင်း သွားခဲ့ပြီး ရက်နှစ်ဆယ်ကျော် ကြာပြီးနောက်မှ တာ့ကျိုး မြို့တော်သို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့၏။

ဤတစ်ကြိမ် ထွက်ခွာသွားသည်မှာ သုံးလ တိတိ ရှိပြီ ဖြစ်ပြီး ယခုအခါ ပူပြင်းသော နွေရာသီ၊ ခြောက်လပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သုံးလ ကုန်ဆုံးသွားပြီ ဖြစ်သည်။ တာ့ကျိုးအင်ပါယာတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သနည်း။ တောင်ပိုင်းတွင် မည်သည့် အခြေအနေမျိုး ရှိနေသနည်း၊ အနောက်ဘက်တွင်ကော ဘယ်လို အခြေအနေမျိုး ရှိနေသနည်း။

ဖူယန်ထူ မည်ကဲ့သို့ ဖြစ်သွားပြီနည်း။ အောက်တုန်းနှင့် ဒုတိယမင်းသား ကျိုးကျီ ဘယ်လို ဖြစ်သွားပြီနည်း။ လုံးဝ မသိရှိရသေးချေ။

အကြောင်းမူ ဤကာလအတွင်း ယွင်ကျုံးဟဲ့သည် အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက် နေခဲ့ပြီး လမ်းခရီး နှင်နေချိန်တွင်ပင် သူတစ်ယောက်တည်း မြင်းလှည်း အတွင်း၌သာ နေထိုင်ရသောကြောင့် မည်သူနှင့်မှ စကားပြောဆိုခွင့် မရရှိခဲ့ပေ။

မြို့တော်သို့ ပြန်ရောက်ချိန်မှာတော့ ညသန်းခေါင်ယံ အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဧကရာဇ်ဟောင်းက အခုချိန်ဆို အိပ်ပျော်နေလောက်ပြီ။ နန်းတော် တံခါးတွေလည်း ပိတ်ထားလောက်ပြီ ဆိုတော့ ကျုပ် အရင်ဆုံး အိမ်ပြန်မယ်။ မနက်ဖြန် မနက်စောစောမှ ဧကရာဇ်ဟောင်းကို သွားတွေ့မယ်... ဘယ်လိုလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

စစ်သူကြီးက ပြန်ဖြေလိုက်သည်။ “အမိန့်တော်အတိုင်းပါ။ ကျုပ် အောက်ကော်ကုန်းကို အိမ်ပြန်ပို့ပေးပါ့မယ်။”

ယွင်ကျုံးဟဲ့ အိမ်သို့ ပြန်ရောက်ချိန်မှာတော့ မိဘများနှင့် ညီမလေး တို့က လာရောက် ကြိုဆိုကြရာ သူသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်နိုင်တော့၏။ ‘မိသားစုဝင်တွေ ဘာမှ မဖြစ်ကြဘူးပဲ။’

သို့သော်လည်း မင်းသမီး ရှန်းရှန်းမှာ ထိုနေရာ၌ ရှိမနေခဲ့ပေ။ သူမသည် လွန်ခဲ့သော သုံးရက်ခန့်ကပင် နန်းတော်အတွင်းသို့ ခေါ်ဆောင်ခြင်းခံလိုက်ရပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

အဖေ အောက်ရှင်း၏ မျက်နှာပေါ်တွင် တစ်ခုခု ပြောချင်သော်လည်း တွေဝေနေသည့် ပုံစံမျိုး ရှိနေသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ဘဲ တစ်မိသားစုလုံး တိတ်ဆိတ်စွာ ထမင်းစားနေကြတော့၏။

“ကောင်းကောင်း အနားယူလိုက်ပါ။ မင်း အရမ်း ပင်ပန်းနေလောက်ပြီ။” အောက်ရှင်းက ပြောလိုက်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်နှင့် တပြိုင်နက် အပြင်ဘက်မှ အသံများ ထွက်ပေါ်လာသောကြောင့် သူ အလျင်အမြန် အဝတ်အစား ဝတ်ပြီး ထလာခဲ့သည်။ ထိုသူများမှာ သူ၏အဖေ အောက်ရှင်း နှင့် ထန်ထိုင်ကျင့် တို့ ဖြစ်၏။

“သခင်... ကျုပ်ရဲ့ အဖေက သင့်ကို နောက်ဆုံး အနေနဲ့ တွေ့ချင်လို့တဲ့။ အရေးကြီးတဲ့ ကိစ္စ တစ်ခု ပြောပြစရာ ရှိတယ်လို့ ပြောတယ်။” ထန်ထိုင်ကျင့်က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့၏ မျက်နှာ အနည်းငယ် တုန်ယင်သွားတော့၏။ ‘ထန်ထိုင်မြဲ့မင်... နောက်ဆုံးတော့ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူးလား။ သေဆုံးတော့မှာလား။’

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် အခုချက်ချင်း သွားမယ်။”

အောက်ရှင်းသည် စကားနှစ်ခွန်း မပြောဘဲ သားဖြစ်သူနှင့်အတူ လိုက်ပါသွားရန် ပြင်လိုက်တော့သည်။

“အဖေ... ကျုပ် တစ်ယောက်တည်း သွားလိုက်ပါ့မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

အောက်ရှင်းက မေးလိုက်သည်။ “မင်း သေချာရဲ့လား။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သေချာပါတယ်။”

စစ်သေနာပတိချုပ် အောက်ရှင်းက ပြောလိုက်သည်။ “ကောင်းပြီ။”

ယွင်ကျုံးဟဲ့သည် အောက်ကော်ကုန်း အိမ်တော်မှ ထွက်ခွာလာပြီး ထန်ထိုင်ကျင့်၏ နောက်မှ လိုက်ပါကာ နန်ဖိန်ဟောက် အိမ်တော်သို့ ဦးတည်သွားတော့၏။

“အောက်ကော်ကုန်း... ကျုပ် ရာထူးတိုးသွားပြီ။ အခု မြို့တော် စစ်သေနာပတိ ဖြစ်နေပါပြီ။” ထန်ထိုင်ကျင့်က ပြောလိုက်သည်။

‘ဒီအချိန်ကြီးမှာ ထန်ထိုင်ကျင့်က ရာထူးတိုးသွားတယ် ဟုတ်လား။ ကျုပ် မရှိတဲ့ အချိန်မှာ ရာထူးတိုးသွားတာလား။’

ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားပြီး ပြောလိုက်၏။ “ဒါဆို ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်။”

ထန်ထိုင်ကျင့်က ဘာမှ ပြန်မပြောတော့ချေ။

ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်၏။ “ခင်ဗျားအဖေက ဘာလို့ ဒီလောက် ရုတ်တရက်ကြီး ဖြစ်သွားရတာလဲ။”

ထန်ထိုင်ကျင့်က ပြန်ဖြေလိုက်သည်။ “ဒီကာလအတွင်း သူက အခြေအနေ မတည်မငြိမ် ဖြစ်နေတာပါ။ မကြာခဏ သတိလစ် မေ့မြောနေပြီး သေလုနီးပါး အခြေအနေကို ရောက်နေတာပါ။ ဒီနေ့ သခင် ပြန်ရောက်လာပြီ ဆိုတဲ့ သတင်း ကြားတော့ ရုတ်တရက်ကြီး မတ်တတ် ထထိုင်လာတာပါ။ သေခါနီး နောက်ဆုံး အားယူတာ ဖြစ်လောက်တယ်။”

ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် သက်ပြင်းချလိုက်မိတော့၏။

နာရီဝက် အကြာတွင် ယွင်ကျုံးဟဲ့သည် ထန်ထိုင်မိသားစု၏ နန်ဖိန်ဟောက် အိမ်တော် အတွင်းသို့ ဝင်ရောက် လာတော့သည်။

လူတိုင်း ခြံဝင်း အပြင်ဘက်တွင် ရပ်နေကြပြီး ဝမ်းနည်းနေသော မျက်နှာထားများ ရှိနေကြရာ ထန်ထိုင်မြဲ့မင် အသက်ထွက်မည့် အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့သည် ထန်ထိုင်ဖူဖင်းကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရပြန်၏။ သူမသည် အိမ်ထောင် မပြုရသေးသော်လည်း တစ်ကိုယ်လုံးရှိ အငွေ့အသက်များသည် အများကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူမကို မြင်တွေ့ရချိန်မှာတော့ ယွင်ကျုံးဟဲ့သည် မုဆိုးမနင်နှင့် ရှုအန်းထင် တို့ကို အလိုအလျောက် သတိရသွားမိ၏။

သူတို့သည် တာယင်အင်ပါယာ၏ နယ်နိမိတ် အတွင်းတွင် ရှိနေကြပြီး ရှုအန်းထင် ဆိုလျှင် ကလေး တစ်ယောက်ကိုပင် မွေးမြူထားကာ ယခုအခါ အသက် ငါးနှစ်ခန့် ရှိနေပြီ ဖြစ်၏။ ဤသည်ကို တွေးမိချိန်မှာတော့ ယွင်ကျုံးဟဲ့၏ စိတ်နှလုံးများ အနည်းငယ် တုန်ယင်သွားတော့၏။

“အောက်ကော်ကုန်း... ကျုပ် အဖေက သခင့်ကို စောင့်နေပါတယ်။” ထန်ထိုင်ကျင့် ဦးညွတ် အရိုအသေပေးကာ ပြောလိုက်ပြီး ယွင်ကျုံးဟဲ့အတွက် တံခါး ဖွင့်ပေးလိုက်သည်။

ယွင်ကျုံးဟဲ့ ဝင်ရောက်သွားချိန်မှာတော့ ပြင်းထန်သော ဆေးနံ့များကို ချက်ချင်း ရလိုက်သည်။

ထန်ထိုင်ကျင့်က ပြောလိုက်၏။ “ကျုပ်တို့ အားလုံး အပြင်ထွက်ကြမယ်။”

ထို့နောက် သူသည် ထန်ထိုင်မိသားစုဝင် အားလုံးကို ခေါ်ဆောင်ကာ ခြံဝင်း အပြင်ဘက်သို့ ထွက်သွားပြီး ယွင်ကျုံးဟဲ့ အတွက် အချိန်နှင့် နေရာ လွတ်လပ်ခွင့် ပေးထားလိုက်သည်။

အခန်း အတွင်း၌ ယွင်ကျုံးဟဲ့သည် ရင်းနှီးကျွမ်းဝင်သော မြင်ကွင်း တစ်ခုကို တွေ့ရှိလိုက်ရ၏။

အခန်းအတွင်း၌ ရေစက်ဝိုင်း တစ်ခု ရှိနေသေးသလို၊ ရေကန် တစ်ခုလည်း ရှိနေသေးပြီး ထိုစဉ်က ထန်ထိုင်မြို့တွင် ရှိနေသော ပုံစံနှင့် တစ်ပုံစံတည်း ဖြစ်သည်။

သို့ပေမည့် ရေစက်ဝိုင်းက မလည်ပတ်တော့သလို၊ ရေကန်အတွင်းရှိ ရေများကလည်း ရေရှင် မဟုတ်တော့ချေ။ အကြောင်းမူ တာ့ကျိုးအင်ပါယာတွင် သူသည် လက်နက်ချလာသူ တစ်ဦးသာ ဖြစ်သောကြောင့် ဤမျှလောက် ဇိမ်ကျကျ နေထိုင်ရန် မထိုက်တန်သောကြောင့်ပင်။

“အရမ်း ရင်းနှီးနေတယ် မဟုတ်လား အမတ်မင်း...” ထန်ထိုင်မြဲ့မင်က အက်ကွဲနေသည့် အသံဖြင့် မေးလိုက်၏။

ယွင်ကျုံးဟဲ့ အနည်းငယ် တုန်လှုပ်သွားပြီးနောက် ကုတင်ပေါ်ရှိ ထန်ထိုင်မြဲ့မင်ကို ကြည့်လိုက်သည်။

သူသည် အမှန်တကယ်ပင် ရောဂါကျွမ်းနေပြီဖြစ်ပြီး သေလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကာ မျက်လုံးများသာ နီရဲနေ၏။

ထို့အပြင် ဤနှစ်များ အတွင်း သူသည် ရောဂါ၏ နှိပ်စက်မှုကို အလွန်အမင်း ခံစားခဲ့ရသောကြောင့် ယခုအခါ လုံးဝ အရိုးပေါ် အရေတင် ဖြစ်နေပြီး မျက်နှာများလည်း ပြာနှမ်းနေသည်။

“အမတ်မင်း ယွင်ကျုံးဟဲ့... နေကောင်းလား။” ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။

ယွင်ကျုံးဟဲ့ မျက်လုံးများကို မှေးထားလိုက်ပြီး ဘာမှ ပြန်မပြောတော့ချေ။

ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “အဲဒီတုန်းက ခင်ဗျား ကျုပ်ကို ဆေးကုပေးခဲ့တုန်းက ကျုပ် ခင်ဗျားကို မှတ်မိနေခဲ့တာပါ။ ခင်ဗျားဟာ လုံးဝ အပြစ်အနာအဆာ မရှိဘဲ လှုပ်ရှားမှုတိုင်း၊ အမူအရာတိုင်း၊ မျက်နှာနဲ့ ခန္ဓာကိုယ်တွေ အားလုံးက အောက်ယွီနဲ့ တစ်ပုံစံတည်း တူနေလို့ လုံးဝ ခွဲခြားလို့ မရနိုင်ခဲ့ဘူး။

ဒါပေမဲ့ အဲဒီတုန်းက ခင်ဗျားက ကျုပ်ကို သေမင်း လက်ကနေ ကယ်တင်ပေးခဲ့တာလေ။ အဲဒီ သေခါနီး အချိန်မှာ ခံစားရတဲ့ အသိအာရုံက အရမ်းကို ထူးခြားတယ်။ ခင်ဗျားကိုယ်ပေါ်က အငွေ့အသက်တွေ၊ တစ်ခါတစ်ရံ ပေါ်လာတတ်တဲ့ အကြည့်တွေ၊ အရေးအကြီးဆုံးက ခင်ဗျားရဲ့ သူငယ်အိမ်က အရမ်းကို ထူးခြားလို့ ကျုပ် တစ်ချက်တည်းနဲ့တင် မှတ်မိသွားတာပါ။”

ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်သည်။ “ကျုပ်ရဲ့ သူငယ်အိမ်က အရမ်း ထူးခြားလို့လား။”

ထန်ထိုင်မြဲ့မင်က ပြန်ဖြေလိုက်၏။ “အရမ်းကို ထူးခြားတယ်။ ကျုပ် ထူးဆန်းတဲ့ စာအုပ် တချို့ ဖတ်ဖူးတယ်။ အဲဒီအပေါ်မှာ ခင်ဗျားရဲ့ ဒီလို မျက်လုံးမျိုးအကြောင်း ဖော်ပြထားတယ်။”

ယွင်ကျုံးဟဲ့ ကိုယ်တိုင်ကမူ မိမိ၏သူငယ်အိမ်တွင် ထူးခြားသည့် အချက်ဟူ၍ မရှိဟု ယူဆထား၏။ မင်းသမီး ဝူရွှမ်း၏ မျက်လုံးများမှာမူ နုဧကရာဇ်တို့၏ မျိုးရိုးဖြစ်သည့်အတွက် ကြောင်မျက်လုံးများနှင့် ဆင်တူနေခြင်းသာ ဖြစ်သည်။

ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “အမတ်မင်း ယွင်ကျုံးဟဲ့... ကျုပ်ရဲ့ အချိန်တွေ သိပ်မများတော့ဘူး။ ခင်ဗျားကို စကား နည်းနည်းလောက်ပဲ ပြောပြနိုင်တော့မယ်။ ပထမ စကားကတော့... ကျုပ် ထန်ထိုင်မြဲ့မင်ဟာ ရောဂါကျွမ်းနေပြီ ဖြစ်ပေမယ့် အချိန်တစ်ခု အထိတော့ ဆက်တောင့်ခံထားနိုင် ပါသေးတယ်။ ကျုပ် အခုလို ဖြစ်သွားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာပါ။”

ဤပထမစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ အနည်းငယ် တုန်လှုပ်သွားတော့၏။ ‘ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ဟုတ်လား။’

“ဒုတိယ စကားကတော့... လွန်ခဲ့တဲ့ နာရီအနည်းငယ်တုန်းက လူတစ်ယောက်လာပြီး ကျုပ်ကို မေးတယ်။ ခင်ဗျားက တကယ့် အောက်ယွီ အစစ် ဟုတ်၊ မဟုတ် ဆိုတာနဲ့ ခင်ဗျားက ဘယ်သူလဲ ဆိုတာကိုပါ။ ကျုပ် ခင်ဗျားကို သစ္စာဖောက်လိုက်တယ်။ သူတို့ကို ခင်ဗျားက ယွင်ကျုံးဟဲ့ ပါလို့ ပြောလိုက်တယ်။ အဲဒီနောက်မှာ ထန်ထိုင်ကျင့်ဟာ မြို့တော် စစ်သေနာပတိအဖြစ် ရာထူးတိုးသွားခဲ့တယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ အလွန် တည်ငြိမ်နေသည်။

ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “အမတ်မင်း ယွင်ကျုံးဟဲ့... ခင်ဗျား ဒေါသမထွက်ဘူးလား။ ခင်ဗျားက ထန်ထိုင်ကျင့် အပေါ်မှာ ကျေးဇူး ကြီးမားခဲ့ပေမယ့် ကျုပ်က ခင်ဗျားကို သစ္စာဖောက်ရက်ခဲ့တယ်လေ။”

ယွင်ကျုံးဟဲ့ ခါးသက်စွာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။

ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “တတိယစကား အနေနဲ့ ကျုပ် အရင်က ပြောခဲ့ဖူးတယ်။ ဒီလျှို့ဝှက်ချက်ကို ခေါင်းတလားထဲအထိ သယ်သွားမယ်လို့လေ။ ထန်ထိုင်ကျင့်ကိုတောင် မပြောပြခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ် ဆိုရင်တောင် ဒီလျှို့ဝှက်ချက်ကို ထုတ်ပြောမှာ မဟုတ်သလို ခင်ဗျားကိုလည်း သစ္စာဖောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအချိန်က အခြေအနေတွေက အရမ်းကို ထူးခြားနေတယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်လူက အစောကြီးတည်းက သိနေခဲ့ပြီ ဖြစ်လို့ပါ။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်ပြီး လက်ဆန့်ထုတ်ကာ ထန်ထိုင်မြဲ့မင်၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

“စတုတ္ထ စကားကတော့... ကျုပ် ခင်ဗျားကို မှတ်မိနိုင်ရင် တခြားလူတွေလည်း ခင်ဗျားကို မှတ်မိနိုင်တယ်။ ကျုပ်နဲ့ ခင်ဗျားက ရင်းနှီးပေမယ့် ခင်ဗျားနဲ့ ပိုပြီး ရင်းနှီးတဲ့ လူတစ်ယောက် ရှိပါသေးတယ်။”

ထန်ထိုင်မြဲ့မင်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာပြီး ပြောလိုက်၏။ “သခင်... ယန်ဖြန်ရှန် မသေသေးဘူး။ အဲဒီနေ့က ခါးဖြတ် သတ်ဖြတ်ခံလိုက်ရတာက ယန်ဖြန်ရှန် အတုပါ။ ကိုယ်ပွား တစ်ယောက် သက်သက်ပါပဲ။”

ယွင်ကျုံးဟဲ့၏ မျက်နှာ နောက်တစ်ကြိမ် တုန်ယင်သွားတော့သည်။

ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ ရှေ့မှောက်တွင် မိမိ၏ မူလမျက်နှာအစစ်အမှန်ကို တစ်ကြိမ်တစ်ခါမှ ထုတ်ဖော် ပြသခဲ့ဟန် မတူပေ။ ဟွာမန်လောက်၏ သူတောင်းစားပုံစံမှသည် သူနှင့် ယွင်ကျုံးဟဲ့တို့၏ အဆင့်အတန်း ကွာခြားမှုကို ဖော်ထုတ်ခဲ့သည့် အချိန်ထိ သူ၏ အသွင်အပြင်တို့မှာ အကြိမ်ကြိမ် ပြောင်းလဲနေခဲ့ရာ၊ သူသည် မျက်နှာပေါင်းတစ်ထောင်ပိုင်ရှင်ဟုပင် ဆိုရပေမည်။

ထိုမျှမက ဟွာမန်လောက်ဆိုသူသည် ဤလောကတွင် အမှန်တကယ် ရှိနေသူ ဟုတ်၊ မဟုတ်ကို မည်သူကများ ရဲရဲဝံ့ဝံ့ အာမခံနိုင်ပါမည်နည်း။

သူသည် ရုပ်ဖျက်ပညာရပ်တွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရုံသာမက ကျင်းကျုံးယွဲ့၏ ပိုင်ယွင်မြို့နှင့် မီတျဲချိုင့်ဝှမ်းတို့တွင်လည်း အဆင့်မြင့် ခွဲစိတ်ကုသမှုဆိုင်ရာ လျှို့ဝှက်ချက်များ ရှိနေသေးသည်မှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလွန်းလှသည်။

All Chapters