အခန်း (၆၂၃-၆၂၄)
Vol. 53 Ch. 623-624
အပိုင်း (၆၂၃)
“ခုနက လာမေးသွားတဲ့ သူက ယန်ဖြန်ရှန် ပါပဲ။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “သခင်... ကျုပ်က အသက်ကြီးပြီ ဖြစ်သလို ခင်ဗျားလောက်လည်း ဉာဏ်မကောင်းပေမယ့် လူတွေကို အကဲခတ်တဲ့ နေရာမှာတော့ ခင်ဗျားထက် သာလွန်တယ်။ ကျုပ် ခင်ဗျားကို မှတ်မိနိုင်သလို ယန်ဖြန်ရှန် ကိုလည်း မှတ်မိနိုင်တယ်။
ပဉ္စမ စကားကတော့... ကျုပ်က လူတွေကို အကဲခတ်နိုင်ပေမယ့် ဒီကမ္ဘာလောကကြီးကိုတော့ သေချာ မမြင်ရတော့ဘူး။ ပတ်ဝန်းကျင် တစ်ခုလုံး မြူခိုးတွေ ဖုံးလွှမ်းနေပြီး အမှောင်ထုကြီး ဖြစ်နေကာ ဘယ်လမ်းကြောင်းကိုပဲ ခြေလှမ်း တစ်လှမ်း လှမ်းလိုက် လှမ်းလိုက် အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်မယ့် အတိုင်းပဲ ခံစားနေရတယ်။
ဒါကြောင့် ကျုပ်နဲ့ ထန်ထိုင်ကျင့်တို့ဟာ အနာဂတ် လမ်းကြောင်းကို သေချာ မမြင်ရတဲ့အတွက် လမ်းကြောင်းကို သေချာ မြင်ရတဲ့ သူတစ်ယောက်ရဲ့ နောက်ကိုပဲ လိုက်သွားပါတော့မယ်။ အဲဒီလူ ကတော့ သခင် ပါပဲ။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “ဒါကြောင့် အခုကစပြီး အနာဂတ်အထိ ကျုပ်တို့ ထန်ထိုင်မိသားစုဟာ သခင့်ကိုပဲ အမြဲတမ်း သစ္စာခံသွားမှာပါ။ ဒါပေမဲ့... ကျုပ်ကတော့ အရမ်းကို အဆိုးမြင်လွန်းနေပါပြီ။ ဒီကမ္ဘာလောကကြီးက အရမ်းကို မှုန်ဝါးပြီး အမှောင်ကျလွန်း နေလို့ လုံးဝ ဘာမှ မမြင်ရတော့ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “နှစ်ထောင်ချီ အတွင်း တစ်ခါမှ မကြုံဖူးတဲ့ အပြောင်းအလဲကြီးပါ။”
“ဆဋ္ဌမ စကားကတော့... သခင်ဟာ အသက်အန္တရာယ် ရှိနေပါပြီ။ ရှင်သန်နိုင်မယ့် အခွင့်အရေး တစ်ခုတည်းသာ ရှိတယ်။ သခင်က ဉာဏ်ပညာ ပြိုင်ဘက်ကင်းတဲ့ သူတစ်ယောက် ဖြစ်လို့ ကျုပ် ပြောပြနေဖို့ မလိုဘူး။”
“သတ္တမ စကားကတော့... ယန်ဖြန်ရှန်က...”
ထန်ထိုင်မြဲ့မင် စကားမဆုံးမီမှာပင် ယွင်ကျုံးဟဲ့သည် သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
“ဆက်မပြောပါနဲ့တော့။ ကျုပ် သိပါပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “နောက်ကျမှ သိခဲ့ရပေမယ့် အခုတော့ သိသွားပါပြီ။”
ထန်ထိုင်မြဲ့မင်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “သခင်... ကျုပ်ဟာ အရင်က တာယင်နဲ့ တာ့ကျိုး ကြားမှာ ယိမ်းယိုင်နေခဲ့ပြီး အင်ပါယာကြီး နှစ်ခုကို ကစားဖို့ ကြိုးစားခဲ့လို့ ဒီလောက်တောင် သနားဖွယ် ကောင်းတဲ့ အဆုံးသတ်မျိုး ရောက်ခဲ့ရတာပါ။
ဒါပေမဲ့ အခုချိန်မှာ လောကရဲ့ အခြေအနေတွေက ပိုပြီးတော့တောင် ထူးဆန်းပြီး ခန့်မှန်းရ ခက်ခဲနေပါပြီ။ ကျုပ်တို့လို လူမျိုးတွေ နားလည်နိုင်မယ့် အရာတွေ မဟုတ်တော့ဘူး။ ကျုပ်တို့ ထန်ထိုင်မိသားစုဟာ စစ်တုရင် နယ်ရုပ်လေး တစ်ရုပ် အဖြစ်တောင် သတ်မှတ်ခံရဖို့ မထိုက်တန်တော့ဘူး။
အကယ်၍ ကျုပ်က သင်ခန်းစာ တစ်ခု ရခဲ့တယ် ဆိုရင် အဲဒါကတော့ ဒီလမ်းကို ရွေးချယ်ပြီးပြီ ဆိုမှတော့ အဆုံးထိ လျှောက်သွားရမယ် ဆိုတာပါပဲ။
သခင်... ရှေ့ဆက်မယ့် လမ်းမှာ သတိထားပါနော်။ အန္တရာယ်တွေ ပြည့်နှက်နေတယ်။ သခင့်မှာ ရှင်သန် နိုင်မယ့် အခွင့်အရေး တစ်ခုတည်းသာ ရှိတယ်။ ရှင်သန်နိုင်မယ့် အခွင့်အရေး တစ်ခုတည်းပါ။ ကျုပ် သွားပါတော့မယ်။”
ပြောဆိုပြီးနောက် ထန်ထိုင်မြဲ့မင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး လုံးဝ အသက်ထွက် သွားတော့၏။
သူ၏ လက်ဖဝါးထဲတွင် စာရွက် တစ်ရွက် ရှိနေပြီး ယွင်ကျုံးဟဲ့၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။
ပိုင်ရှင်မဲ့နယ်မြေ၏ နံပါတ်တစ် နယ်စား၊ တစ်ချိန်က လောကကို ချုပ်ကိုင်ရန် ကြိုးစားခဲ့သော ဩဇာတိက္ကမ ကြီးမားလှသည့် အရှင်သခင်ကြီးသည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။
ထန်ထိုင်မိသားစုကို နှုတ်ဆက်ပြီးနောက် လူရာချီ၏ ဝမ်းနည်းပူဆွေးသော ငိုကြွေးသံများကို နားထောင်ရင်း ယွင်ကျုံးဟဲ့သည် အိမ်သို့ လမ်းလျှောက်၍ ပြန်လာခဲ့သည်။
အိမ်သို့ မရောက်မီ မီတာရာချီ အကွာတွင် ပိန်လှီသော လူရိပ်တစ်ခု မတ်မတ်ရပ်နေပြီး ရင်းနှီးသလိုလို စိမ်းသက်သလိုလို ဖြစ်နေ၏။
“အောက်ကော်ကုန်း...” ထိုလူက အေးစက်စက်ဖြင့် ခေါ်လိုက်သည်။
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ချုံထျန်း ဘုန်းကြီးလား။”
ထိုလူက ထပ်ပြောလိုက်သည်။ “အမတ်မင်းယွင်... နေကောင်းလား။”
ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားပြီး စိတ်ထဲတွင် ပြောလိုက်၏။ ‘အမတ်မင်းယန်... နေကောင်းရဲ့လား။’
ယွင်ကျုံးဟဲ့၏ မျက်နှာ အမူအရာမှာ အလွန် ရှုပ်ထွေးနေ၏။ အံ့ဩတုန်လှုပ်မှုမှတစ်ဆင့် အံ့ဩမှု၊ ထိုမှတစ်ဆင့် စိုးရိမ်ပူပန်မှု၊ နောက်ဆုံးတွင် တည်ငြိမ်မှုသို့ ပြောင်းလဲသွားတော့၏။ ဤကဲ့သို့သော ခံစားချက်မှာ သူသည် ယခုမှသာ ယန်ဖြန်ရှန် ကို မှတ်မိသွားသကဲ့သို့ ဖြစ်နေသည်။
ယန်ဖြန်ရှန်သည်လည်း သူ့ကို မည်သည့်အရာမှ ဖော်ထုတ်လိုခြင်း မရှိသကဲ့သို့ သက်ပြင်းတစ်ချက် ချကာ ပြောလိုက်၏။ “အမတ်မင်းယွင်ကျုံးဟဲ့... ကျုပ် ခင်ဗျားကို ပထမဆုံးအကြိမ် တွေ့တည်းက မှတ်မိ နေခဲ့တာပါ။ အဲဒီတုန်းက ကျုပ် အရမ်းကို စိုးရိမ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားလည်း ကျုပ်ကို မှတ်မိသွားမှာ စိုးရိမ်လို့ပါ။
ဒါပေမဲ့ ဒုတိယ အကြိမ်၊ တတိယ အကြိမ်၊ စတုတ္ထ အကြိမ်၊ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ပေမယ့် ခင်ဗျား ကျုပ်ကို လုံးဝ မမှတ်မိခဲ့ဘူး။ ကျုပ် သက်ပြင်းချနိုင်ခဲ့ပေမယ့် စိတ်ပျက်အားငယ်မှုကိုတော့ မတားဆီးနိုင်ခဲ့ဘူး။”
ယွင်ကျုံးဟဲ့သည် အမှန်တကယ် မမှတ်မိခဲ့ခြင်း ဖြစ်သည်။ ယခင်တစ်ကြိမ် မီတျဲချိုင့်ဝှမ်းသို့ သွားမည့် လမ်းတွင် ချုံထျန်း ဘုန်းကြီးက လာရောက် နှုတ်ဆက်စဉ်ကပင် သူ လုံးဝ မမှတ်မိခဲ့ချေ။
“ကျုပ်ရဲ့ သရုပ်ဆောင်မှု စွမ်းရည်က အရမ်းကောင်းတယ်လို့ ဂုဏ်ယူရမလား၊ ဒါမှမဟုတ် ခင်ဗျား ကျုပ်ကို မေ့သွားလို့ စိတ်ပျက်ရမလား ဆိုတာကိုတောင် မသိတော့ဘူး။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ကျုပ်က အချိန်တိုင်း ခင်ဗျားကို မှတ်မိနေခဲ့ပြီး ခင်ဗျားကို အကြီးမားဆုံး ရန်သူလို သတ်မှတ်ထားခဲ့ပေမယ့် ခင်ဗျားကတော့ ကျုပ်ကို မေ့သွားခဲ့တယ်။ မျက်စိရှေ့မှာ ရပ်နေတာတောင် မမှတ်မိဘူး ဆိုတော့ ဒီလောကကြီးက တကယ်ကို မတရားတာပဲ။
ဒါပေမဲ့ ယန်ဖြန်ရှန်ဟာ ခါးဖြတ် သတ်ဖြတ်ခံရတော့မယ့် အချိန်မှာ ကျိုးလီက ယန်ဖြန်ရှန်ကို မကယ်တင်နိုင် ခဲ့ဘူးဆိုတော့ သူ့ကို ကယ်တင်နိုင်မယ့် သူက တစ်ယောက်တည်းပဲ ရှိတာပေါ့။ အဲဒါကတော့ ဧကရာဇ်ဟောင်း ပါပဲ။”
ယွင်ကျုံးဟဲ့သည် ချုံထျန်း ဘုန်းကြီးကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသော်လည်း ယန်ဖြန်ရှန်မှန်း လုံးဝ မသိနိုင်ခဲ့ချေ။ ယခုအချိန်အထိပင် သေချာ မသိနိုင်သေးသလို၊ မျက်လုံးကို ကြည့်လျှင်ပင် မသိနိုင်ချေ။
“ကျုပ်ရဲ့ မျက်လုံးကို ကြည့်ပြီး ယန်ဖြန်ရှန် ဆိုတာကို သိချင်နေတာလား။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “အခုချိန်ထိ မမှတ်မိသေးဘူး မဟုတ်လား။ ဒါက ကျုပ် အရမ်း အစွမ်းထက်ပြီး မျက်လုံးကိုပါ ပြောင်းလဲပစ်လိုက်နိုင်လို့ မဟုတ်ဘူး။ ခင်ဗျားက အရင်တုန်းက ကျုပ်ရဲ့ မျက်လုံးကို သေချာ မကြည့်ခဲ့ဖူးလို့ပါ။
ခင်ဗျားရဲ့ ကမ္ဘာကြီးထဲမှာ ကျုပ် ဆိုတဲ့ လူ မရှိခဲ့ဘူး ဆိုတော့ သေချာပေါက် မမှတ်မိနိုင်တော့ဘူးပေါ့။ ဥပမာ - ကျင်းကျုံးယွဲ့ ဆိုရင် ခင်ဗျားကို တစ်ချက် ကြည့်လိုက်တာနဲ့တင် ချက်ချင်းမှတ်မိသွားနိုင်ပေမယ့် လန်ပိ ကျတော့ မမှတ်မိနိုင်ဘူးလေ။ ထားလိုက်ပါတော့... ကိုယ့်ကိုယ်ကိုယ် သနားမနေတော့ဘူး။”
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “အမတ်မင်းယွင်ကျုံးဟဲ့... လွန်ခဲ့တဲ့ သုံးလတုန်းက ခင်ဗျား အိမ်ရှေ့စံမင်းသား ကျိုးလီကို မီတျဲ ချိုင့်ဝှမ်းကို ပို့ပေးခဲ့တုန်းက ကျုပ် ခင်ဗျားကို နှုတ်ဆက်ခဲ့တယ်။ အဲဒီတုန်းက နှုတ်ဆက်စကား အနေနဲ့ ကျုပ် ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးလား။
ယွင်ကျုံးဟဲ့ သေချာပေါက်မှတ်မိသည်။ ယန်ဖြန်ရှန်က သူ့ကို အချိန်မီ နောက်ဆုတ်ရန် ပြောခဲ့ခြင်း ဖြစ်သည်။ ရှင်းရှင်းလင်းလင်း မပြောခဲ့သော်လည်း ယွင်ကျုံးဟဲ့ ရှင်းရှင်းလင်းလင်း နားလည်ခဲ့၏။
ယန်ဖြန်ရှန်က သူ့ကို ပြန်မလာရန်နှင့် အိမ်ရှေ့စံမင်းသား ကျိုးလီနှင့်အတူ မီတျဲချိုင့်ဝှမ်း အတွင်း၌သာ အမြဲတမ်း နေထိုင်ရန် ပြောခဲ့ခြင်း ဖြစ်သည်။
ယန်ဖြန်ရှန်က မေးလိုက်၏။ “ကျုပ် ခင်ဗျားကို ဘာလို့ အဲဒီစကားတွေ ပြောခဲ့လဲ ဆိုတာကို သိလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ်ကို ကာကွယ်ပေးချင်လို့တော့ မဟုတ်လောက်ဘူးနော်။”
ယန်ဖြန်ရှန်က ပြန်ပြောလိုက်၏။ “သေချာပေါက် မဟုတ်ဘူးပေါ့။ ဒါက ခင်ဗျားကို နောက်ဆုံး အကြိမ် စမ်းသပ်လိုက်တာ သက်သက်ပါပဲ။ ခင်ဗျား တာ့ကျိုးကို ရောက်လာတာ သုံးနှစ်ခွဲ ရှိပြီ မဟုတ်လား။”
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ခင်ဗျားက တာယင်အင်ပါယာမှာ နေခဲ့တဲ့ အချိန်က ခြောက်လတောင် မပြည့်ဘူး။ ဖုန်းရှင်းမြဲ့၊ တာယင် ဧကရာဇ်တို့နဲ့ တွေ့ဆုံခဲ့ရတဲ့ အချိန်ကလည်း အရမ်းကို တိုတောင်းလွန်းတော့ သံယောဇဉ် အများကြီး မရှိလောက်ဘူးလို့ ကျုပ်တို့ ထင်ခဲ့တယ်။ ခင်ဗျား အချစ်ခင်ဆုံး တာယင်အင်ပါယာက လူကတော့ စတုတ္ထ မင်းသား ယင်ချွီ ပဲ ဖြစ်လောက်တယ်။
ဒါပေမဲ့ ခင်ဗျားက တာ့ကျိုးအင်ပါယာမှာ သုံးနှစ်ခွဲတောင် နေခဲ့ပြီးပြီ။ တာ့ကျိုးရဲ့ ထမင်းကို စားပြီး၊ တာ့ကျိုးရဲ့ ရေကို သောက်ကာ တာ့ကျိုးအင်ပါယာနဲ့ ဒီလောက် အများကြီး ထိတွေ့ဆက်ဆံခဲ့ရတာလေ။ ဒါကြောင့် ကျုပ်တို့က ဖြစ်နိုင်ရင်၊ တစ်ခါတလေကျရင် ခင်ဗျားရဲ့ စိတ်နှလုံးတွေ ပြောင်းလဲသွားပြီလား၊ ခင်ဗျား သစ္စာခံတာ တာယင်အင်ပါယာ မဟုတ်တော့ဘဲ တာ့ကျိုးမှာ ရောက်နေပြီလားလို့ ထင်ခဲ့တာပါ။”
ယွင်ကျုံးဟဲ့ တိတ်ဆိတ်နေ၏။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ဒီတစ်ကြိမ် အိမ်ရှေ့စံမင်းသား ကျိုးလီကို မီတျဲ ချိုင့်ဝှမ်းကို ပို့ပေးခဲ့တဲ့ အချိန်မှာ အကယ်၍ ခင်ဗျားက မင်းသား ကျိုးလီနဲ့ အတူတူ တာ့ကျိုးအင်ပါယာမှာပဲ ဆက်နေခဲ့မယ်ဆိုရင် ဒါက ခင်ဗျားရဲ့ စိတ်နှလုံးတွေက အရမ်းကို ရှုပ်ထွေးနေတယ် ဆိုတာကို သက်သေပြနေတာပဲ။
ခင်ဗျားက ဘယ်လို ရွေးချယ်ရမလဲ ဆိုတာကို မသိတော့ဘူး။ ခင်ဗျားက တာ့ကျိုးအင်ပါယာကို မထိခိုက်ချင်သလို၊ တာယင်အင်ပါယာကိုလည်း မထိခိုက်ချင်ဘူး။ ဒါက ခင်ဗျား ကျုပ်တို့ တာ့ကျိုး အပေါ်မှာ သံယောဇဉ် ရှိနေပြီ ဆိုတာကို သက်သေပြနေတာပဲ။
ဒါပေမဲ့ တစ်လ ကြာပြီးနောက်မှာ ခင်ဗျားက လုံးဝ မတွေဝေဘဲ တာ့ကျိုးကို ပြန်လာခဲ့တယ်။ ဒါက ခင်ဗျားရဲ့ စိတ်ဓာတ်က အရမ်းကို ခိုင်မာနေပြီး ခင်ဗျားက တာယင်အင်ပါယာ အပေါ်ကိုပဲ အမြဲတမ်း သစ္စာခံနေတယ် ဆိုတာကို သက်သေပြနေတာပဲ။ ခင်ဗျားက တာ့ကျိုးကို အမြန်ဆုံး ပြန်လာချင်တာဟာ သင် မပြီးဆုံးသေးတဲ့ တာဝန်တွေကို အကောင်အထည် ဖော်ဖို့ အတွက်ပဲလေ။ ဒီရလဒ်က ကျုပ်တို့ကို အရမ်း ဝမ်းနည်းစေတယ်။”
‘သောက်ကျိုးနည်း... ဒီလို စမ်းသပ်မှုမျိုးက တကယ်ကို ဘာအရိပ်အယောင်မှ မပြသဘဲ သပ်သပ်ရပ်ရပ် လုပ်ဆောင်သွားတာပဲ။’
“သွားကြစို့ အမတ်မင်းယွင်..”
ယန်ဖြန်ရှန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “ကျုပ်တို့နဲ့ အတူတူ နေရာ တစ်ခုကို သွားကြရအောင်။”
ယွင်ကျုံးဟဲ့သည် ယန်ဖြန်ရှန်၏ နောက်မှ လိုက်ပါသွားပြီး လူနှစ်ဦးသည် လမ်းမပေါ်တွင် လမ်းလျှောက် နေကြသည်။
ယွင်ကျုံးဟဲ့သည် ယန်ဖြန်ရှန်ကို အဆက်မပြတ် ကြည့်ရှုနေပြီး သူ၏ ဦးနှောက်ထဲရှိ ယန်ဖြန်ရှန် နှင့် ဆက်စပ်ကြည့်ရန် ကြိုးစားနေသည်။ သို့ပေမည့် လူနှစ်ဦးသည် နောက်ထပ် စကားတစ်ခွန်းမှ မပြောဆို ကြတော့ချေ။
အချိန်အတော်ကြာပြီးမှသာ ယန်ဖြန်ရှန်က ရုတ်တရက် စကားပြောလာတော့၏။ “လွန်ခဲ့တဲ့ လေးနှစ်တုန်းက အချိန်ကို ကျုပ် ပြန်တွေးမိတယ်။ အဲဒီတုန်းက ကျုပ်က ခင်ဗျားနဲ့ ယင်ချွီကို လှည့်စားပြီး ကျုပ်တို့ ကြီးမားတဲ့ အောင်ပွဲကို ရတော့မယ်လို့ ထင်ပြီး အရမ်းကို ဂုဏ်ယူနေခဲ့တာ။
အဲဒီတုန်းက ကျုပ်တို့ တာ့ကျိုးအင်ပါယာဟာ ကြီးမားတဲ့ အောင်ပွဲကို ရရှိဖို့ အရမ်း နီးစပ်နေခဲ့တာပါ။ ရလဒ် ကတော့ အားလုံး အလဟဿ ဖြစ်သွားရလို့ တကယ်ကို ရင်နာစရာ ကောင်းတယ်။ နည်းနည်းလေးပဲ လိုတော့တာ၊ နည်းနည်းလေးပဲ လိုတော့တာပါ။ ဒါကြောင့်...”
ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “ဒီအချိန်မှာတောင် ကျုပ်ရဲ့ စိတ်ထဲမှာ ဘာဂုဏ်ယူမှုမှ မရှိသလို ခင်ဗျားကို အနိုင်ရသွားပြီလို့လည်း မထင်မိဘူး။”
ယွင်ကျုံးဟဲ့သည် ဘာမှ ပြန်မပြောဘဲ လူနှစ်ဦးသည် အဆက်မပြတ် လမ်းလျှောက်နေကြတော့သည်။ ထို့နောက် လျှို့ဝှက် ခြံဝင်း တစ်ခု အတွင်းသို့ ရောက်ရှိသွားတော့၏။
ဤနေရာသည် တာ့ကျိုးအင်ပါယာ ဟေးပင်းထိုင်၏ ဘေးကင်းလုံခြုံသော အိမ်တစ်လုံး ဖြစ်၏ လျှို့ဝှက် တံခါး တစ်ခုကို ဖွင့်လိုက်ချိန်မှာတော့ မြေအောက် လျှို့ဝှက်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး အလွန် နက်ရှိုင်းစွာ ဆင်းသက်သွား၏။ မြေအောက် လျှို့ဝှက် လမ်းကြောင်း၏ အဆုံးတွင် တံခါး တစ်ချပ် ရှိနေသည်။
“အကြီးအကဲ...” ယန်ဖြန်ရှန်က ဦးညွတ် အရိုအသေပေးလိုက်၏။
နန်ကုန်းချော့က ဦးညွတ်လျက် ပြန်ပြောလိုက်သည်။ “အမတ်မင်းယန်...”
ယွင်ကျုံးဟဲ့သည် နန်ကုန်းချော့ကို အလိုအလျောက် ကြည့်ရှုလိုက်မိသည်။ ဤလူသည် အမြဲတမ်း မည်ကဲ့သို့သော ဇာတ်ကောင်မျိုးအဖြစ် သရုပ်ဆောင်နေခဲ့သနည်း။ သူသည် အစတည်းက ဧကရာဇ်ဟောင်းကို သစ္စာခံခဲ့သူ ဖြစ်သည်လား။ ကြည့်ရသည်မှာ ထိုသို့ မဟုတ်နိုင်ပေ။
နန်ကုန်းချော့က ပြောလိုက်၏။ “အမတ်မင်းယွင်... ကျုပ်ကို ဒီလိုမျိုး ကြည့်နေဖို့ မလိုဘူး။ ကျုပ်လည်း မျက်စိကန်းနေတဲ့ သူတစ်ယောက်ပါပဲ။”
ယွင်ကျုံးဟဲ့ နားလည်သွားတော့၏။ နန်ကုန်းချော့၏ စကားမှာ အဓိပ္ပာယ် နှစ်ခွ ရှိနေသည်။
ပထမ အချက်မှာ နန်ကုန်းချော့သည် အစတည်းက ဧကရာဇ်ဟောင်းကို သစ္စာခံခဲ့သူ မဟုတ်ဘဲ အမြဲတမ်း နှစ်ဖက်စလုံးကို လောင်းကြေးထပ်နေခဲ့ပြီး နှစ်ဖက်စလုံးကို ပြင်းပြင်းထန်ထန် မစော်ကားခဲ့ခြင်းပင်။
ဒုတိယ အချက်မှာ သူသည် ယွင်ကျုံးဟဲ့ကို မမှတ်မိခဲ့ဘဲ ယန်ဖြန်ရှန်က သူ့ကို ပြောပြခဲ့ခြင်းသာ ဖြစ်သည်။
အပိုင်း (၆၂၄)
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မကြာခင်မှာပဲ ဟေးပင်းထိုင် အကြီးအကဲ နေရာကို ဆက်ခံရတော့မယ့် အတွက် ဂုဏ်ပြုပါတယ် အမတ်မင်းယန်...”
ယန်ဖြန်ရှန်သည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ ပြုံးလိုက်သည်။
“ထိုင်ပါ။” ယန်ဖြန်ရှန်က ပြောလိုက်၏။
ထို့နောက် လူနှစ်ဦးသည် စားပွဲတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “အမတ်မင်းယွင်... တကယ်တော့ ကျုပ်နဲ့ ဧကရာဇ်ဟောင်းတို့ဟာ ခင်ဗျားရဲ့ သစ္စာရှိမှု အကြောင်းကို ဆွေးနွေးခဲ့ကြတယ်။ ကျုပ် ပြောခဲ့တယ်။ ခင်ဗျားဟာ အရမ်းကို ကိုယ့်သဘောနဲ့ကိုယ် နေတတ်တဲ့ သူတစ်ယောက် ဖြစ်ပြီး ကိုယ့်ရဲ့ စိတ်ခံစားချက်တွေရဲ့ လွှမ်းမိုးမှုကို အပြည့်အဝ ခံနေရတဲ့ သူတစ်ယောက်ပါ။
ဩဇာအာဏာတွေကြောင့် လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါကြောင့် တစ်ခါ သစ္စာခံဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင် လုံးဝ သစ္စာဖောက်မှာ မဟုတ်ဘူး။ ခင်ဗျား သစ္စာခံတဲ့ သူက ခင်ဗျားရဲ့ သစ္စာခံမှုကို မခံယူထိုက်တော့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။”
ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။
“ဧကရာဇ်ဟောင်းက အရမ်း သနားကြင်နာတတ်တယ်။ သူနဲ့ ခင်ဗျားကြားမှာ အမြဲတမ်း နွေဦးရာသီ လေပြေလေးလို နွေးထွေးခဲ့ပြီး အဘိုးနဲ့ မြေးလို ရင်းနှီးခဲ့ကြတာပါ။ ဒါကြောင့် မျက်နှာပျက်ရတဲ့ အခြေအနေမျိုး မဖြစ်ချင်ဘူး၊ အဲဒီလိုဆိုရင် ဂုဏ်သိက္ခာ မရှိဘူးလေ။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ဒါကြောင့် ခင်ဗျားနဲ့ မတွေ့ဆုံခင်မှာ အရင်ဆုံး လုပ်ထုံးလုပ်နည်း တစ်ခုကို ဖြတ်သန်းရပါမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အမတ်မင်း ယန်ဖြန်ရှန်... ခင်ဗျားတို့က ကျုပ်ရဲ့ အဆင့်အတန်းကို အစောကြီးတည်းက သိနေခဲ့ပေမယ့် အမြဲတမ်း ဖုံးကွယ်ထားခဲ့တယ်။ ဘာလို့ အမြဲတမ်း ဟန်ဆောင် မနေခဲ့တာလဲ။ အခုမှ ဘာလို့ ဖော်ထုတ်ဖို့ လုပ်နေတာလဲ။”
ယန်ဖြန်ရှန်က ပြန်ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ခင်ဗျားလည်း သိနေပြီလေ။ အဲဒီလိုဆိုရင် ဟန်ဆောင်ပြီး ရင်းနှီးပြနေတာက အဓိပ္ပာယ် မရှိတော့ဘူးပေါ့။”
ဟုတ်ပေသည်။ အိမ်ရှေ့စံမင်းသား ကျိုးလီရုတ်တရက် သတိလစ် မေ့မြောသွားပြီး ကိုမာ (အသီးအရွက် လူသား) ဘဝသို့ ရောက်ရှိသွားခြင်း၊ ဧကရာဇ်ဟောင်းကလည်း အသက်ငယ်သွားသလို ပြန်လည် နုပျိုလာပြီး ကျန်းမာသန်စွမ်းလာခြင်း ဤအရာများသည် အကဲခတ်တတ်သူများ၏ မျက်လုံးများကို လုံးဝ ဖုံးကွယ်၍ မရနိုင်ချေ။
အမတ်ကြီး ယွီကျန်း ပင်လျှင် ရိပ်မိသွားပြီး စိတ်ပျက်အားငယ်ကာ ရာထူးမှ နုတ်ထွက်ရန် ပြင်ဆင်နေပြီ မဟုတ်ပါလား။ နေ့ရောညပါ အတူတကွ နေထိုင်ခဲ့ရသော ယွင်ကျုံးဟဲ့ အနေဖြင့် ပို၍ပင် မသိဘဲ နေမည်လား။
ဧကရာဇ်ဟောင်း သည်လည်း ယွင်ကျုံးဟဲ့၏ သဘောထား အပြောင်းအလဲကို သေချာပေါက် ရိပ်မိသွားလောက်ပြီဖြစ်ရာ လူနှစ်ဦး၏ ဆက်ဆံရေးမှာ အလွန် အနေရခက်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပြီး နှစ်ဦးစလုံးက သိရှိထားကြသောကြောင့် ဆက်လက် ဟန်ဆောင်နေရန် အဓိပ္ပာယ် မရှိတော့ချေ။
ထို့ကြောင့် ဤလောကတွင် သင်သည် အယောင်ဆောင်၍လည်းကောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ဟန် ဆောင်၍လည်းကောင်း အသက်မွေးနိုင်ပါက၊ ထိုဟန်ဆောင်မှုအား ခေါင်းတလားထဲသို့ ရောက်သည်အထိ တစ်သက်လုံး စွဲမြဲစွာ လုပ်ဆောင်နိုင်မည်ဆိုလျှင် သင့်၏ ထိုကိုယ်ကျင့်တရားမှာ အစစ်အမှန်ဖြစ်သွားမှာ ဖြစ်သည်။
ထိုအရာသည် အစပထမ၌ ဟန်ဆောင်ခြင်းသာ ဖြစ်ခဲ့လျှင်တောင်မှာ ကြာရှည့်လာချိန်တွင် အမှန်တရားအဖြစ် ပြောင်းလဲသွားနိုင်သောကြောင့်ဖြစ်၏။
သို့သော်လည်း အရေးအကြီးဆုံးသော အချိန်တွင် ဧကရာဇ်ဟောင်းသည် ဆက်လက်၍ ဟန်ဆောင်နေရန် မလိုအပ်တော့ဟု ဆုံးဖြတ်လိုက်သည်။ အကြောင်းမူကား သူ၏ ရည်မှန်းချက် ပန်းတိုင်အားလုံး ပြည့်ဝအောင်မြင်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
လူနှစ်ဦး နောက်တစ်ကြိမ် တိတ်ဆိတ်သွားကြပြန်၏။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ခင်ဗျားလည်း ဧကရာဇ်ဟောင်းက အသက်ရှည် နုပျိုသွားပြီ ဆိုတာကို တွေ့ခဲ့ပြီးပြီလေ။ ဒီအတိုင်း ဆက်သွားနေရင် နောက်ထပ် အနှစ် လေးဆယ်လောက် အသက်ရှင် နိုင်ပါသေးတယ်။ ဒီအထဲမှာ ခင်ဗျားရဲ့ အကျိုးဆောင်မှုက တစ်ဝက်ကျော်လောက် ပါဝင်တယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ နတ်ဆေးကို ခင်ဗျားက မီတျဲ ချိုင့်ဝှမ်းကနေ ရယူပေးခဲ့တာလို့ပါ။”
ယွင်ကျုံးဟဲ့သည် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “တကယ်တော့ ကျုပ်က ဒီနတ်ဆေးကို မရယူပေးခဲ့ရင်တောင် ဧကရာဇ်ဟောင်းက ရအောင် ယူနိုင်မှာပါ။ ဒါပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးကတော့ အများကြီး ပိုကြီးမားသွားမှာပေါ့။”
ရုတ်တရက် ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မနှစ်က ဧကရာဇ်ဟောင်းက ၄၉ ရက်တိတိ တရားထိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ သတိမရလာတော့ဘဲ သေလုနီးပါး ဖြစ်သွားခဲ့တာလည်း ဟန်ဆောင်ခဲ့တာလား။”
ယန်ဖြန်ရှန်က ပြန်ပြောလိုက်၏။ “ဧကရာဇ်ဟောင်းနဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို ကျုပ် လျှောက်ပြီး မခန့်မှန်းရဲဘူး။”
ယွင်ကျုံးဟဲ့ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ သူ ဟန်ဆောင်ခဲ့တာပါ။ သူက မီတျဲ ချိုင့်ဝှမ်းကို ခြိမ်းခြောက်နေခဲ့တာပဲ။ မြန်မြန် လုပ်ဖို့လိုတယ်။ မဟုတ်ရင် သူ တကယ် သေသွားတဲ့အခါ မီတျဲ ချိုင့်ဝှမ်းမှာ ဘယ်လို နတ်ဆေးတွေပဲ ရှိနေပါစေ အချိန်မမီတော့ဘူးလို့လေ ပြောချင်နေတာပဲ။”
ယန်ဖြန်ရှန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးလေး တစ်ခု ထွက်ပေါ်လာတော့၏။
ယွင်ကျုံးဟဲ့ ပြင်းထန်စွာ တုန်ယင်သွားတော့သည်။ ‘အမှန်တရားက ကျုပ် မျှော်လင့်ထားတာထက်တောင် ပိုပြီး နက်ရှိုင်းနေတာလား။ ပိုပြီး အံ့ဩစရာ ကောင်းနေတာလား။ ဒီဧကရာဇ်ဟောင်းက သူ ထင်ထားတာ ထက်တောင် ပိုပြီး နက်နဲတဲ့သူ တစ်ယောက်လား။’
“ကောင်းပါပြီ... ဒါတွေ မပြောတော့ဘူး။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ကျုပ်တို့ အဓိက အကြောင်းအရာကိုပဲ ပြန်သွားကြတာပေါ့။ ဧကရာဇ်ဟောင်းက အသက် ၁၂၀ အထိ နေနိုင်မယ်လို့ မှတ်ယူလိုက်ကြစို့။ အခု အိမ်ရှေ့စံမင်းသား ကျိုးလီ ကလည်း သတိလစ် မေ့မြောနေတော့ ကျုပ်တို့က သူ့ကို ရေခဲရိုက်ထားဖို့ နည်းလမ်း ရှာရမယ်။ နှစ်လေးဆယ် ကြာပြီးမှ ပြန်လည် နိုးထလာအောင် လုပ်ရမယ်။ အဲဒီအချိန်ကျရင် သူ ဆက်ပြီး နန်းတက်လို့ ရသေးတယ် မဟုတ်လား။”
“ဟား... ဟား... ဟား......”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား တကယ်ပဲ ဒီလို တွေးနေတာလား။ အမတ်မင်း ယန်ဖြန်ရှန်... ခင်ဗျားက ဒီလို စကားမျိုး ပြောတာ ကျုပ်ကို အရမ်း အထင်သေးလွန်းရာ ကျတယ်။ ကျုပ်ကို လုံးဝ အရူး တစ်ယောက်လို သတ်မှတ်ထားတာပဲ။”
နှစ်လေးဆယ်တိတိ ရေခဲရိုက်ထားနိုင်မည်ဆိုသည့် အချက်မှာ ကြားလိုက်ရုံနှင့်ပင် မည်သို့မှ ယုတ္တိ မရှိမှန်း ထင်ရှားလှသည်။ သို့သော်လည်း ပို၍အရေးကြီးသည်မှာ ဧကရာဇ်ဟောင်းအနေဖြင့် ကျိုးလီအား နန်းတက်ခွင့် ပေးအပ်ရန် လုံးဝဖြစ်နိုင်ခြေ မရှိခြင်းပင်။
ဧကရာဇ်ဟောင်း၏ စရိုက်သဘာဝအရ အသက်တစ်ရာ့နှစ်ဆယ်အထိ အသက်ရှည်ခဲ့မည် ဆိုလျှင်ပင် သူသည် ထာဝရအသက်ရှင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေဦးမှာသာ ဖြစ်သည်။
ဤလောကတွင် ထာဝရအသက်ရှင်နိုင်မည့် နည်းလမ်းဟူ၍ မရှိသော်လည်း၊ လက်ရှိတွင် သူသည် ကျန်းမာသန်စွမ်းနေပြီ ဖြစ်သည့်အတွက် ထီးနန်းဆက်ခံမည့်သူအတွက် နောက်ထပ် သားတစ်ဦးကို ထပ်မံမွေးဖွားရန်ပင် ဖြစ်နိုင်ချေ ရှိနေသည်။
မင်းသားကျိုးလီနှင့် ဧကရာဇ်ဟောင်းတို့ကြားတွင် ပြေလည်နိုင်ဖွယ် မရှိသော ကြီးမားသည့် အဖုအထစ်များ ဖြစ်ပေါ်နေပြီဖြစ်ရာ၊ မည်သည့်နည်းလမ်းဖြင့် နန်းတက်ခွင ့်ပေးအပ်ရန် အကြောင်းရှိတော့မည်နည်း။
“ကောင်းပါပြီ... ဒါတွေ မပြောတော့ဘူး။ လိုရင်းကိုပဲ ပြောကြတာပေါ့။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ဧကရာဇ်ဟောင်းနဲ့ ခင်ဗျားဟာ အဘိုးနဲ့ မြေးလို ရင်းနှီးခဲ့ကြတော့ ခင်ဗျားကို ရန်သူလို မသတ်မှတ်ချင်ဘူး။ ခင်ဗျားက အရည်အချင်း ပြိုင်ဘက်ကင်းတဲ့ သူတစ်ယောက် ဖြစ်ပြီး သူ့အတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတွေ ပြုလုပ်ပေးခဲ့သူ ဖြစ်လို့ ခင်ဗျားက တာ့ကျိုးအင်ပါယာကို တကယ် သစ္စာခံဖို့၊ ဧကရာဇ်ဟောင်းရဲ့ ဘယ်ညာလက်ရုံး အစစ်အမှန် တစ်ယောက် ဖြစ်လာဖို့ သူက လိုလားနေတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အမတ်မင်း ယန်ဖြန်ရှန်... ဧကရာဇ်ဟောင်းရဲ့ ဘယ်ညာလက်ရုံးက ခင်ဗျား မဟုတ်ဘူးလား။”
ယန်ဖြန်ရှန်က ပြန်ဖြေလိုက်၏။ “ကျုပ်က အရည်အချင်း မရှိတဲ့သူတစ်ယောက် သက်သက်ပါပဲ။”
“ဟား... ဟား... ဟား...ဟား...”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါက ကျုပ် ကြားဖူးသမျှထဲမှာ အလိမ်ညာဆုံး စကားပါပဲ။ အကယ်၍ ခင်ဗျားက အရည်အချင်း မရှိတဲ့ သူတစ်ယောက် ဆိုရင် ဒီကမ္ဘာလောကမှာ အရည်အချင်း ရှိတဲ့ သူဆိုတာ ရှိမှာတောင် မဟုတ်တော့ဘူး။ ခင်ဗျား... ယန်ဖြန်ရှန်က ကျုပ် မြင်ဖူးသမျှ ဉာဏ်အကောင်းဆုံး လူတစ်ယောက်ပါ။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “အမတ်မင်းယွင်... ကျုပ်တို့ တကယ်ပဲ ဒီလိုမျိုး အပြန်အလှန် မြှောက်ပင့် ပြောဆိုနေရမှာလား။”
ထို့နောက် ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း၏ အမိန့်တော်... အောက်ကော်ကုန်း အမိန့်တော်ကို ခံယူပါ။ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ဧကရာဇ်မင်းမြတ်မှ အမိန့်တော် ထုတ်ပြန်လိုက်တယ်။ အောက်ကော်ကုန်းဟာ ကြီးမားတဲ့ အကျိုးဆောင်မု ကြီးကို ရရှိခဲ့တဲ့အတွက် အောက်ချင်ဝမ် (ပထမမင်းသား) အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ပြီး မျိုးရိုးစဉ်ဆက် ဆက်ခံခွင့် ပေးလိုက်တယ်။”
ဤအမိန့်တော် ထွက်ပေါ်လာချိန်မှာတော့ ယွင်ကျုံးဟဲ့ အနည်းငယ် လန့်ဖြန့်သွားသလို ဘေးနားရှိ နန်ကုန်းချော့လည်း လန့်ဖြန့်သွားတော့၏။
‘ဝမ်(မင်းသား) နေရာ ပေးတာ ဟုတ်လား။’
ယခုအခါ တာ့ကျိုးတွင် တော်ဝင်မိသားစုဝင် မဟုတ်သော ဝမ်များ မရှိတော့ချေ။ စီးမိသားစုလည်း ရာထူး လျှော့ချခံလိုက်ရပြီ ဖြစ်ပြီး ယခုအခါ ကျိန့်ဟိုင်ကွန်း ဖြစ်သွားခဲ့၏။ ကွန်း ဆိုသည့် ရာထူးသည် ယွင်ကျုံးဟဲ့၏ အောက်ကော်ကုန်း ရာထူးထက်ပင် တစ်ဆင့် နိမ့်ကျနေသေးသည်။
အောက်ချင်ဝမ် အဖြစ် ခန့်အပ်လိုက်ခြင်းသည် တော်ဝင်မိသားစုဝင် အဆင့်အတန်းနှင့် တန်းတူဖြစ်သွားခြင်း ဖြစ်သည်။ အကြောင်းမူ ကျိုးလီသည် အိမ်ရှေ့စံမင်းသား အဖြစ် မခန့်အပ်ခံရမီက ယင်းချင်ဝမ် ဖြစ်ခဲ့သောကြောင့်ပင်။
စာလုံးတစ်လုံးတည်း ပါဝင်သော ဝမ် မှသာ တကယ့် ဝမ် အစစ် ဖြစ်ပြီး စာလုံးနှစ်လုံး ပါဝင်သော ဝမ်များမှာ ရောနှောနေသော ဝမ်များသာ ဖြစ်သည်ဟု အမြဲတမ်း ပြောဆိုလေ့ ရှိသည်။
ထို့ကြောင့် လျန်ချင်ဝမ် ၊ စုချင်ဝမ်၊ လီချင်ဝမ်တို့သည် စာလုံးတစ်လုံးတည်း ပါဝင်သော ဝမ် အစစ်အမှန်များ ဖြစ်ကြပြီး ကျိန့်ဟိုင်မြို့စားမှာမူ ရောနှောနေသော ဝမ်သာ ဖြစ်၏။
ထိုစဉ်က တာ့ယန် အင်ပါယာ ထွန်းကားစဉ်အချိန်တုန်းက ယင်းချင်ဝမ် မိသားစုသည် ယခုအခါ တာယင်အင်ပါယာ ဖြစ်လာခဲ့ပြီး၊ ကျိုးချင်ဝမ် မိသားစုသည် ယခုအခါ တာ့ကျိုးအင်ပါယာ ဖြစ်လာခဲ့သည်။
ဧကရာဇ် ဝမ်ယွင် တွင် စာလုံးနှစ်လုံး ပါဝင်သော ဝမ်ဘွဲ့ ရရှိထားသူ ရှစ်ဦးရှိပြီး ဝမ် အဖြစ် ခန့်အပ်ခံရသူ နှစ်ဦးသာ ရှိသည်။ ထိုသူတို့မှာ ကျိုးလီ နှင့် ကျိုးကျီ တို့ပင် ဖြစ်၏။
ကျန်ရှိနေသော သားတော် အချို့မှာမူ ကွန်းဘွဲ့များသာ ရရှိထားကြ၏။ ထို့ကြောင့် ဤ အောက်ချင်ဝမ် ဘွဲ့သည် လုံးဝကို တော်ဝင်မိသားစုဝင် အဆင့်အတန်းပင် ဖြစ်သည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားက ဧကရာဇ်ဟောင်းကို ခင်ဗျားရဲ့ သစ္စာရှိမှုကို သက်သေပြ ရမယ်။ ခင်ဗျား တာယင်အင်ပါယာနဲ့ လုံးဝ ပြတ်စဲကြောင်း ပြသရမယ်။”
ထို့နောက် ယန်ဖြန်ရှန်က လက်ဝှေ့ယမ်းလိုက်သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
အရှေ့ရှိ ကျောက်တံခါးကြီး ပွင့်သွားပြီး အတွင်း၌ လူတစ်ယောက်ကို ဖမ်းဆီးထားသည်ကို မြင်ရလိုက်၏။ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး မုတ်ဆိတ်မွေးများလည်း လက်မအနည်းငယ်ခန့် ရှည်နေကာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသောကြောင့် မျက်နှာကိုပင် လုံးဝ မမြင်ရတော့ချေ။
‘ဒီလူက ဘယ်သူလဲ။’
မကြာမီမှာပဲ ယွင်ကျုံးဟဲ့ သတိရသွားတော့၏။ သူသည် တာယင်အင်ပါယာ၏ စတုတ္ထ မင်းသား ယင်ချွီ ဖြစ်သည်။
‘လေးနှစ် တိတိ မတွေ့ခဲ့ရဘူး။ အကျဉ်းချခံထားရတာ ကြာလှပြီနော် မင်းသား ယင်ချွီ... ရင်ဘတ်ချင်း နီးစပ်တဲ့ ညီအစ်ကို၊ တော်ဝင်မိသားစုနဲ့ မသင့်တော်ဆုံး မင်းသားလေး။ အဆင်ပြေရဲ့လား။’
ကျောက်တံခါး ပွင့်သွားခြင်းက ယင်ချွီကို လန့်နိုးသွားစေပုံ ရပြီး အနည်းငယ် တုန်ယင်သွားကာ မျက်လုံးများကို ဖွင့်လိုက်တော့၏။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “မင်းသား ယင်ချွီ...... မိတ်ဆက်ပေးပါရစေ။ ခင်ဗျားရှေ့က ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ် လူကတော့ အောက်ရှင်းရဲ့သား အောက်ယွီ ပါ။ သေချာပေါက် သူ့မှာ နောက်ထပ် အဆင့်အတန်း တစ်ခုလည်း ရှိပါသေးတယ်။ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ လျှို့ဝှက်တမန် ယွင်ကျုံးဟဲ့ ပါ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ယင်ချွီသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ယွင်ကျုံးဟဲ့ကို လုံးဝ မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေတော့၏။
အချိန်အတော်ကြာပြီးမှသာ သူ၏ မျက်လုံးများ နီရဲလာတော့၏။ အကြောင်းမူ ဤအချိန်မျိုးတွင် တွေ့ဆုံရခြင်းသည် ယွင်ကျုံးဟဲ့၏ အဆင့်အတန်း လုံးဝပေါ်ပေါက်သွားပြီ ဆိုသည်ကို အဓိပ္ပာယ် သက်ရောက်နေသောကြောင့်ပင်။
သို့ပေမည့် ယွင်ကျုံးဟဲ့ မသေသေးခြင်းသည် အလွန် ကြီးမားသော သတင်းကောင်းကြီး တစ်ခု ဖြစ်သည်။ ယင်ချွီသည် ယွင်ကျုံးဟဲ့ သေဆုံးသွားပြီဟု အမြဲတမ်း ထင်မှတ်ထားခဲ့သောကြောင့် စစ်ရပ်စဲပြီးနောက်တွင်ပင် တာ့ကျိုးအင်ပါယာကို ဆက်လက် တိုက်ခိုက်ပြီး ယွင်ကျုံးဟဲ့ အတွက် လက်စားချေပေးရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် နှစ်အတော်ကြာ အကျဉ်းချခံထားရပြီးနောက် သူ၏ အာရုံကြောများမှာ ထုံကျင်နေပြီ ဖြစ်ပုံရကာ အတွင်းစိတ်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း ဖော်ပြ၍ မရနိုင်သကဲ့သို့ပင် ဖြစ်နေသည်။
“ညီလေးယွင်... မသေသေးတာ နောက်ဆုံးတော့လည်း ကောင်းတဲ့ ကိစ္စပါပဲ။” ယင်ချွီက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။
စကားမပြောရသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် မည်သို့ စကားပြောရမည်ကိုပင် မေ့လျော့နေပြီ ဖြစ်ကာ စကားပြောရာတွင်လည်း အနည်းငယ် ထစ်အနေသည်။
ယွင်ကျုံးဟဲ့က ငိုသံပါကြီးဖြင့် ပြန်ပြောလိုက်၏။ “စတုတ္ထ မင်းသား... မတွေ့ရတာ ကြာပြီနော်။”
ထို့နောက် လူနှစ်ဦးသည် စကားတစ်ခွန်းမှ ဆက်မပြောနိုင်ကြတော့ချေ။