အခန်း (၆၂၅-၆၂၆)
Vol. 53 Ch. 625-626
အပိုင်း (၆၂၅)
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “မိတ်ဆွေဟောင်းတွေ ပြန်တွေ့ရတာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်။ မင်းသား ယင်ချွီ...... ကျုပ်က ယန်ဖြန်ရှန် ပါ။ ခင်ဗျား ကျုပ်ကိုမှတ်မိသေးလား။”
မျက်စိရှေ့ရှိ ဤလူမှာ ယန်ဖြန်ရှန် ဖြစ်နေသည်လား။ စတုတ္ထ မင်းသား ယင်ချွီ သည် အလွန် အံ့ဩသွားပြီး သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ခေါင်းခါကာ ပြောလိုက်၏။ “လုံးဝ မမှတ်မိတော့ဘူး။”
ယန်ဖြန်ရှန်သည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ ပြောလိုက်သည်။ “ကြည့်ရတာ ကျုပ်ရဲ့ ရုပ်ဖျက် ပညာက အရမ်း ကောင်းလွန်းနေလို့ ဖြစ်မယ်။ ငယ်ငယ်တုန်းက တူပုန်းတမ်း ကစားသလိုမျိုးပေါ့။ ခင်ဗျားက အရမ်း ကောင်းကောင်း ပုန်းနေနိုင်လို့ တခြား ကလေးတွေက ခင်ဗျားကို လုံးဝ မေ့သွားပြီး အိမ်ပြန် ထမင်းစားတဲ့ အချိန်အထိ လာမရှာကြတော့တာမျိုးပေါ့။”
ထို့နောက် ယန်ဖြန်ရှန်သည် ချိန်ခွင် တစ်ခုကို ထုတ်ယူကာ ဘယ်ဘက် အခြမ်းတွင် အလေးတုံး တစ်ခုကို တင်လိုက်သည်။
“အမတ်မင်းယွင်ကျုံးဟဲ့... ဘယ်ဘက် အခြမ်းက အလေးတုံးက ယင်ချွီ ပါ။”
ယန်ဖြန်ရှန်သည် နောက်ထပ် အလေးတုံး တစ်ခုကို ထုတ်ယူကာ ညာဘက် အခြမ်းတွင် တင်လိုက်ပြီး ပြောလိုက်၏။ “ညာဘက် အခြမ်းက ပထမဆုံး အလေးတုံးက ခင်ဗျားရဲ့ မိဘတွေ၊ မိသားစုဝင်တွေပါ။ ဒုတိယမြောက် အလေးတုံးက မင်းသမီး ရှန်းရှန်းပါ။ တတိယမြောက် အလေးတုံးက ချင်ဝမ် ဆိုတဲ့ ဘွဲ့အမည်ပါ။ စတုတ္ထမြောက် အလေးတုံးက အမတ်မင်းယွင်ကျုံးဟဲ့ ခင်ဗျားရဲ့ ကိုယ်ပိုင် အသက်အန္တရာယ်ပါ။ ပဉ္စမမြောက် အလေးတုံးက ကျုပ်တို့ တာ့ကျိုးရဲ့ အနာဂတ်ပါ။”
ထို့နောက် ချိန်ခွင် တစ်ခုလုံးသည် လုံးဝ တိမ်းစောင်းသွားပြီး ညာဘက် အခြမ်းသို့ လုံးဝ စောင်းကျသွား တော့သည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “အမတ်မင်းယွင်ကျုံးဟဲ့... ဘယ်လို ရွေးချယ်မလဲ။ ခင်ဗျား ကိုယ်တိုင်ပဲ ရွေးချယ်ပါ။ ခင်ဗျားက လူတစ်ယောက်တည်း မဟုတ်တော့ဘူး။ ခင်ဗျားရဲ့ ဘေးနားမှာ လူအများကြီး ဝိုင်းရံနေပြီး ခင်ဗျားက အမာခံ တိုင်ကြီး တစ်တိုင် ဖြစ်နေပါပြီ။
ခင်ဗျားသာ ပြီးဆုံးသွားရင် မရေမတွက်နိုင်တဲ့ လူတွေက ခင်ဗျားနဲ့အတူ ပြီးဆုံးသွားကြမှာပါ။ ခင်ဗျားရဲ့ မိဘတွေ၊ မိသားစုဝင်တွေ၊ ခင်ဗျားရဲ့ ဆရာတွေ၊ ခင်ဗျားရဲ့ မိတ်ဆွေဟောင်းတွေ စသဖြင့်ပေါ့။ ဩဇာအာဏာတွေ၊ ချမ်းသာကြွယ်ဝမှုတွေနဲ့ ခင်ဗျားကို သစ္စာဖောက်အောင် လုပ်ဖို့ ခက်ခဲတယ် ဆိုတာကို ကျုပ်တို့ သိတယ်။ ဒါပေမဲ့ သံယောဇဉ်တွေနဲ့တော့ လုပ်လို့ ရတယ်။”
ယန်ဖြန်ရှန်သည် ဓားမြှောင် တစ်ချောင်းကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့၏ လက်ဖဝါး ထဲသို့ ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။ “အမတ်မင်းယွင်... သွားပြီး ယင်ချွီကို သတ်လိုက်ပါ။ တာယင်အင်ပါယာနဲ့ လုံးဝ ပြတ်စဲလိုက်ပါ။ ဒီနေ့ကစပြီး ကျုပ်တို့က ကိုယ့်လူတွေ ဖြစ်သွားပြီ။ ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ နံပါတ်တစ် လူယုံတော် အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ အောက်ချင်ဝမ်ပါပဲ။ လုပ်လိုက်ပါ။”
ယွင်ကျုံးဟဲ့သည် ဓားမြှောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ထက်မြက်သော ဓားသွားကို ကြည့်ကာ ငေးမောနေတော့၏။
“အမတ်မင်း ယန်ဖြန်ရှန်... မင်းသား ယင်ချွီက အရေးကြီးတဲ့ ဓားစာခံ တစ်ယောက်ပါ။ သူ့ကို သတ်လိုက်ရင် ပြဿနာ မရှိနိုင်ဘူးလား။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
ယန်ဖြန်ရှန်က ပြန်ဖြေလိုက်၏။ “ဘာပြဿနာမှ မရှိနိုင်တော့ဘူး။ ကျုပ်တို့ တာ့ကျိုးက နှစ်ထောင်ချီ အတွင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ အပြောင်းအလဲကြီးကို ရင်ဆိုင်ရတော့မှာပါ။ ယင်ချွီ တစ်ယောက် သေသွားတာက ဘာပြဿနာမှ မဟုတ်ဘူး။ လုပ်လိုက်ပါ... အမတ်မင်း ယွင်ကျုံးဟဲ့...”
စတုတ္ထ မင်းသား ယင်ချွီ မှာမူ အစမှ အဆုံးတိုင် မျက်လုံးများကို ဖွင့်ထားပြီး ယွင်ကျုံးဟဲ့ကို အပြုံးများဖြင့် ကြည့်ရှုနေသည်။
“လုပ်လိုက်ပါ အမတ်မင်း ယွင်ကျုံးဟဲ့... ခင်ဗျား ယင်ချွီကို သတ်လိုက်တာနဲ့ ခင်ဗျားဟာ ဧကရာဇ်ဟောင်းရဲ့ နံပါတ်တစ် လူယုံတော် ဖြစ်သွားမှာ ဖြစ်ပြီး ခင်ဗျားတို့က အဘိုးနဲ့ မြေးလို ဆက်ပြီး ရင်းနှီးနေမှာပါ။”
ယွင်ကျုံးဟဲ့သည် တစ်ချက်လေးမှ မလှုပ်ရှားချေ။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “အမတ်မင်းယွင်ကျုံးဟဲ့... အကယ်၍ ခင်ဗျား ယင်ချွီကို မသတ်ဘူး ဆိုရင် ခင်ဗျား ကိုယ်တိုင်လည်း အသက်ရှင်ခွင့်ရမှာ မဟုတ်တော့ဘူး။ ခင်ဗျားရဲ့ မိဘတွေနဲ့ ညီမလေးလည်း အသက်ရှင်ခွင့် ရမှာ မဟုတ်တော့ဘူး။ ခင်ဗျားရဲ့ ဆရာတွေလည်း အသက်ရှင်ခွင့် ရမှာ မဟုတ်တော့ဘူး။ ခင်ဗျားတို့ အားလုံး သေရမှာပါ။ ဒီစီးပွားရေးက တွက်ခြေကိုက်ရဲ့လား။
သွားပါ... သွားပါ။ ယင်ချွီကို သတ်လိုက်တာနဲ့ အရာအားလုံး ပြီးဆုံးသွားမှာပါ။ အကယ်၍ မရက်စက်နိုင်ဘူး ဆိုရင် မျက်လုံးမှိတ်ပြီး သတ်လို့ ရတယ်။ ကျုပ်တို့ ကျောခိုင်းပေးထားပါ့မယ်။”
ပြောဆိုပြီးနောက် ယန်ဖြန်ရှန် နှင့် နန်ကုန်းချော့ တို့သည် ကျောခိုင်းလိုက်ကြတော့သည်။
ယွင်ကျုံးဟဲ့သည် လှောင်ပြောင်သကဲ့သို့ ပြုံးလိုက်ပြီးနောက် ထိုင်ချကာ ဓားမြှောင်ဖြင့် စားပွဲပေါ်တွင် ရမ်းသမ်း ထွင်းထုနေတော့၏။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ယန်ဖြန်ရှန်သည် ပြန်လှည့်လာတော့သည်။
“မသတ်ဘူးလား။” ယန်ဖြန်ရှန်က မေးလိုက်၏။
ယွင်ကျုံးဟဲ့ အပြုံးလေးဖြင့် စားပွဲပေါ်တွင် ထျန်းယန် ဟူသော စာလုံး နှစ်လုံးကို ထွင်းထုနေသည်။
ယန်ဖြန်ရှန် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ “အမတ်မင်း ယွင်ကျုံးဟဲ့... ကျုပ်တို့က ခင်ဗျားကို အခွင့်အရေးတွေ ပေးခဲ့ဖူးတယ်။ ခင်ဗျား ကိုယ်တိုင်က တန်ဖိုးမထားခဲ့တာပါ။”
ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ ယင်ချွီ၏ အကျဉ်းခန်းတံခါးသည် ဖြည်းညင်းစွာ ပြန်လည် ပိတ်သွားတော့သည်။
“မသတ်ချင်ဘူး ဆိုရင်လည်း ကျုပ်နောက်ကနေ လိုက်ခဲ့တော့။” ယန်ဖြန်ရှန်က ပြောလိုက်၏။
ယွင်ကျုံးဟဲ့သည် ယန်ဖြန်ရှန်၏ နောက်မှ လိုက်ပါသွားပြီး အပြင်သို့ ထွက်လာကာ မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
လူနှစ်ဦးသည် လမ်းမပေါ်တွင် ဆက်လက် လမ်းလျှောက်နေကြပြီး ယခုအခါ မနက် သုံးနာရီကျော်ခန့် ရှိနေပြီဖြစ်ရာ တစ်နေ့တာ၏ အမှောင်မိုက်ဆုံး အချိန်အခါပင် ဖြစ်၏။
လူနှစ်ဦးသည် မရပ်မနား လမ်းလျှောက်လာခဲ့ကြပြီးနောက် ခြံဝင်းတစ်ခုသို့ နောက်တစ်ကြိမ် ရောက်ရှိ လာခဲ့ပြန်သည်။
“ဝင်ခဲ့ပါ။” ယန်ဖြန်ရှန်က ပြောလိုက်၏။
ယွင်ကျုံးဟဲ့ ဝင်ရောက်သွားရာ အရှေ့မှ ယန်ဖြန်ရှန်သည် လျှို့ဝှက်တံခါး တစ်ခုကို နောက်တစ်ကြိမ် ဖွင့်လိုက်ပြန်၏။ ဤသို့ဖြင့် အဆင့်ဆင့် ဖြတ်သန်းသွားကာ နောက်ဆုံးတွင် မြေအောက် လျှို့ဝှက်ခန်း တစ်ခုသို့ ရောက်ရှိသွားတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ထူထဲသော ကျောက်တံခါးကြီး ပွင့်သွားချိန်မှာတော့ အတွင်း၌ အကျဉ်းခန်း တစ်ခု ရှိနေပြီး စတုရန်းမီတာ တစ်ဆဠ်ကျော်ခန့် ကျယ်ဝန်းကာ အပေါ်အောက်၊ ဘယ်ညာ အားလုံး ထူထဲသော ကျောက်တုံးများဖြင့် ပြုလုပ်ထား၏။
“ဒီအကျဉ်းခန်းမှာတော့ ဘာမြေအောက် လျှို့ဝှက်လမ်းကြောင်းမှ မရှိဘူး။”
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ခင်ဗျားကို ထောင်ဖောက်ပြေးဖို့ ကူညီပေးမယ့် နန်ကုန်းစန်းလည်း မရှိဘူး။ အမတ်မင်း ယွင်ကျုံးဟဲ့က ဒီမှာပဲ ခဏလောက် နေနေလိုက်ပါအုံး။ ကျုပ် ဧကရာဇ်ဟောင်းကို သွားပြီး အစီရင်ခံလိုက်ပါ့မယ်။”
ယွင်ကျုံးဟဲ့သည် အကျဉ်းခန်း အတွင်းသို့ ဝင်ရောက်သွားပြီး ဖျာတစ်ချပ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။
ယန်ဖြန်ရှန်က ဆက်ပြောလိုက်သည်။ “အမတ်မင်းယွင်ကျုံးဟဲ့... ဧကရာဇ်ဟောင်းက ခင်ဗျားကို နောက်ဆုံး အခွင့်အရေး ပေးခဲ့ပေမယ့် ခင်ဗျားက တန်ဖိုးမထားခဲ့ဘူး။ ခင်ဗျားက ယင်ချွီကို မသတ်ခဲ့သလို တာယင်အင်ပါယာ နဲ့လည်း မပြတ်စဲခဲ့ဘူး။ ဒါကြောင့် ဒီတစ်ကြိမ် အစီရင်ခံ ပြီးရင် ခင်ဗျား သေရတော့မှာပါ။
ဒါပေမဲ့ စိတ်ချပါ။ ခင်ဗျားကို သတ်ရမယ် ဆိုရင်တောင် ကျုပ်ကိုယ်တိုင် လာပြီး သတ်ပေးမှာပါ။ ဒါကြောင့် ခဏလောက် စောင့်နေပေးပါ။ နာရီအနည်းငယ် အတွင်းမှာ ကျုပ် ပြန်လာပြီး ခင်ဗျားရဲ့ ကံကြမ္မာ အဆုံးအဖြတ်ကို ပြောပြပါ့မယ်။”
ထို့နောက် ယန်ဖြန်ရှန် ထွက်သွားတော့၏။
အကျဉ်းခန်း၏ ကျောက်တံခါးကြီးသည် နောက်တစ်ကြိမ် ဖြည်းညင်းစွာ ပိတ်သွားတော့သည်။
.................
ချန်အန်း နန်းဆောင် အတွင်း၌...
“အရှင်မင်းမြတ်... ယွင်ကျုံးဟဲ့က စတုတ္ထ မင်းသား ယင်ချွီကို မသတ်ချင်ဘူး။” ယန်ဖြန်ရှန်က ပြောလိုက်၏။
ဧကရာဇ်ဟောင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ် ခန့်မှန်းတာ မမှားခဲ့ဘူး။ သူက အရမ်းကို ကိုယ့်သဘောနဲ့ကိုယ် နေတတ်ပြီး သံယောဇဉ်ကြီးတဲ့ ကလေးတစ်ယောက်ပါ။ တာယင်အင်ပါယာကို သစ္စာဖောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။”
ဤအခြေအနေအထိ ရောက်နေသည်တောင်မှ ဧကရာဇ်ဟောင်း၏ စကားများတွင် မျက်နှာပျက်မည့် အရိပ်အယောင် လုံးဝ မပါဝင်ဘဲ ကလေးကောင်းလေး ဟုသာ အဆက်မပြတ် ခေါ်ဆိုနေသည်။ ဟန်ဆောင်သည့် နေရာ၌ ဤလူက အမြင့်ဆုံး အဆင့်ကို ရောက်နေပြီ ဖြစ်၏။
ယန်ဖြန်ရှန်က မေးလိုက်သည်။ “အကယ်၍ ယွင်ကျုံးဟဲ့က ယင်ချွီကို တကယ် သတ်လိုက်မယ်ဆိုရင် အရှင်က သူ့ကို ချင်ဝမ်အဖြစ် တကယ် ခန့်အပ်မှာလား။”
“သူက သတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ချင်ဝမ် ခန့်အပ်ဖို့ ဆိုတာလည်း အရေးမကြီးတော့ဘူး။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒါပေမဲ့ သူက တကယ်ပဲ ယင်ချွီကို သတ်လိုက်မယ် ဆိုရင်တော့ ဒါဟာ ကိစ္စတစ်ခုကို အဓိပ္ပာယ် သက်ရောက်သွားပြီ။ သူက ဆက်ပြီး လျှို့ဝှက် နေချင်နေသေးတယ်။ သူ့မှာ ပိုပြီး ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိနေသေးတယ်။ ဒီကြီးမားတဲ့ လျှို့ဝှက် အကြံအစည်ကြီးအတွက် ယင်ချွီ ကိုတောင် စတေးဖို့ ဝန်မလေးဘူး။ အကယ်၍ အဲဒီလိုသာဆိုရင် သူက တကယ့်ကို ကြောက်စရာကောင်းတဲ့ သူတစ်ယောက် ဖြစ်သွားပြီ။”
ယခုအချိန်တွင် ယန်ဖြန်ရှန်ပင်လျှင် ကြက်သီးမွေးညင်း ထသွားသကဲ့သို့ ခံစားလိုက်ရသည်။ ‘ဒါ... ဒါကတောင် စမ်းသပ်မှု တစ်ခုလား။။ အကယ်၍ ယွင်ကျုံးဟဲ့က ယင်ချွီကို တကယ် သတ်လိုက်မယ်ဆိုရင် သူ့ရဲ့ အဆုံးသတ်က ပိုပြီးတော့တောင် ဆိုးရွားသွားနိုင်တယ်ပေါ့။ ဒီလောကမှာ ဧကရာဇ်ဟောင်းထက် ပိုပြီး ကောက်ကျစ်စဉ်းလဲတဲ့သူ ဘယ်သူ ရှိသေးလို့လဲ။’
ဧကရာဇ်ဟောင်းက သက်ပြင်းချကာ ပြောလိုက်၏။ “ခင်ဗျား သွားပြီး ယွင်ကျုံးဟဲ့ကို လျှို့ဝှက်စွာ ရှင်းလင်းလိုက်တော့။ ဒီကိစ္စကို လုံးဝ ပေါက်ကြားခွင့် မပြုဘူး။ ယွင်ကျုံးဟဲ့ဟာ အောက်ယွီ ဆိုတာကို ဘယ်သူမှ သိခွင့် မပြုဘူး။ မဟုတ်ရင် ဒါက တကယ့်ကို ရယ်စရာ ကောင်းတဲ့ ကိစ္စကြီး ဖြစ်သွားလိမ့်မယ်။ ကိုယ်တော့်ရဲ့ နံပါတ်တစ် လူယုံတော်ကြီးက တာယင်အင်ပါယာရဲ့ သူလျှို ဖြစ်နေတယ်တဲ့လား။”
ယန်ဖြန်ရှန်က မေးလိုက်သည်။ “ဒါဆို အပြင်ကို ဘယ်လို သတင်း ထုတ်ပြန်မလဲ။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်၏။ “ယွင်ကျုံးဟဲ့ဟာ လျှို့ဝှက်စွာနဲ့ မြို့တော်ကို ပြန်လာတာပါ။ အမြဲတမ်း မြင်းလှည်းထဲမှာပဲ နေခဲ့တာဆိုတော့ ထန်ထိုင်မိသားစု ကလွဲပြီး ဘယ်သူမှ မသိဘူး။
ဒါကြောင့် အောက်ကော်ကုန်းဟာ သံယောဇဉ် ကြီးမားတဲ့ သူတစ်ယောက် ဖြစ်လို့ အိမ်ရှေ့စံမင်းသားကို အဖော်ပြုပေးဖို့ မီတျဲ ချိုင့်ဝှမ်းမှာပဲ ကျန်ရစ်ခဲ့တယ်။ အိမ်ရှေ့စံမင်းသား ကျန်းမာရေး ပြန်ကောင်းလာတဲ့ အချိန်အထိ စောင့်ပြီးမှ အတူတူ ပြန်လာလိမ့်မယ်လို့ အပြင်ကို ကြေညာလိုက်ပါ။”
ယန်ဖြန်ရှန်က မေးလိုက်သည်။ “ဒါဆို ထန်ထိုင်မိသားစု ဘက်ကိုကော အကုန်အစင် သတ်ပစ်လိုက်ရမလား။”
ဧကရာဇ်ဟောင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “တစ်မိသားစုလုံးကို အကုန်အစင် သတ်ဖြတ်ဖို့ အမြဲတမ်း မလုပ်ပါနဲ့။ လူသတ်တာက အစွမ်းအစ မရှိဆုံး လုပ်ရပ်ပါပဲ။ ဧကရာဇ် ဝမ်ယွင်ရဲ့ သင်ခန်းစာက မလုံလောက်သေးဘူးလား။ ဧကရာဇ် တစ်ပါးဟာ အမတ်တွေကို ခြိမ်းခြောက်ဖို့ လူသတ်တာကိုပဲ အားကိုးနေရတယ် ဆိုရင် အထင်သေးခံရလိမ့်မယ်။”
ယန်ဖြန်ရှန် ဒူးထောက်ကာ ပြောလိုက်သည်။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။ ဧကရာဇ်ဟောင်းက သနားကြင်နာတတ်မှုမှာ ပြိုင်ဘက်ကင်းပါတယ်။”
ဧကရာဇ်ဟောင်းသည် ချည်သားဝတ်ရုံကို ဝတ်ဆင်ထားပြီး ပြတင်းပေါက်အနားသို့ လျှောက်သွားပြီး ကြည့်လိုက်ရာ အပြင်ဘက်တွင် အမှောင်ထုကြီး ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရ၏။
သူသည် ကောင်းကင်ယံသို့ အရင်ဆုံး မော့ကြည့်လိုက်ပြီးနောက် မြေပြင်ကို ကြည့်ကာ နောက်ဆုံးတွင် မိုးကုတ်စက်ဝိုင်း ဆီသို့ ကြည့်ရှုလိုက်သည်။
“ဟိုးက အဲဒီကြယ်လေးက ဇီဝေကြယ် (ဧကရာဇ် ကြယ်)ပဲ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ခုနှစ်စင်ကြယ်က သူ့ကို ရာသီဥတု လေးခုလုံးမှာ လှည့်ပတ်နေကြတာပါ။ နှစ်ထောင်ချီ အတွင်းမှာ လောက က ပြည်သူတွေက တာ့ယန် တော်ဝင်မိသားစုဟာ အဲဒီ ဇီဝေကြယ်လို့ပဲ ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒီနှစ်ထောင်ချီ အတွင်းမှာ အဲဒီကြယ်လေးဟာ အလင်းရောင် မှေးမှိန်နေခဲ့ပြီ။”
ယန်ဖြန်ရှန်သည် အပေါ်သို့ တစ်ချက် မော့ကြည့်လိုက်ပြီးနောက် ဆက်လက်၍ နှိမ့်ချစွာဖြင့် ခါးကို ကိုင်းထားလိုက်သည်။
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “ခင်ဗျား အဲဒီ ကြယ်လေးကို ထပ်ကြည့်လိုက်အုံး။ လောကက ပြည်သူတွေက ထျန်းလန်ကြယ်လို့ ခေါ်ကြတယ်။ ပိုပိုပြီး လင်းလက်လာတယ် မဟုတ်လား။ ဇီဝေကြယ် ကိုတောင် ကျော်လွန်သွားပြီ မဟုတ်လား။”
ယန်ဖြန်ရှန်က ပြန်ပြောလိုက်သည်။ “ကျုပ် နက္ခတ်ဗေဒင် အကြောင်း နားမလည်ပါဘူး။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ခင်ဗျားကို နားလည်ဖို့ မလိုဘူး။ လင်းသလား၊ မလင်းဘူးလား ဆိုတာကိုပဲ မေးနေတာပါ။”
ယန်ဖြန်ရှန်က ပြန်ပြောလိုက်သည်။ “ဟုတ်တယ်။ ထျန်းလန်ကြယ်က ဇီဝေကြယ်ထက် ပိုလင်းတယ်။”
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “ယွမ်ထျန်းရှဲ့ ကော။”
ယန်ဖြန်ရှန်က ပြန်ဖြေလိုက်သည်။ “ထွက်ပြေးသွားပါပြီ။”
ဧကရာဇ်ဟောင်းက ရယ်မောကာ ပြောလိုက်၏။ “အင်း... ခင်ဗျားတို့ ဟေးပင်းထိုင်က သူ့ကို စောင့်ကြည့်ဖို့ တကယ် ခက်ခဲတာပဲ။”
ယွမ်ထျန်းရှဲ့ ထွက်ပြေးသွားသည့် သတင်းကို ကြားရသော်လည်း ဧကရာဇ်ဟောင်းသည် အလွန် တည်ငြိမ်နေဆဲဖြစ်ပြီး လုံးဝ ဂရုမစိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။
“နက္ခတ်ဗေဒင်လား။”
ဧကရာဇ်ဟောင်းက အထင်သေးစွာဖြင့် ပြောလိုက်၏။ “ဒီကမ္ဘာလောကမှာ ဘာနက္ခတ်ဗေဒင်မှ မရှိဘူး။ အရမ်းကို ဝေးကွာလွန်းတဲ့ ဂြိုဟ်တွေ သက်သက်ပါပဲ။”
ထို့နောက် ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်သည်။ “ခင်ဗျား သွားပြီး အလုပ် လုပ်လိုက်တော့။”
ယန်ဖြန်ရှန်က ပြန်ပြောလိုက်၏။ “အမိန့်တော်အတိုင်းပါ။”
.....................
အပိုင်း (၆၂၆)
အလင်းရောင် လုံးဝ မရှိသော မြေအောက် အကျဉ်းခန်း အတွင်း၌...
“ဝုန်း... ဝုန်း... ဝုန်း...”
ဧရာမ ကျောက်တံခါးကြီးသည် နောက်တစ်ကြိမ် ဖြည်းညင်းစွာ ပွင့်လာတော့သည်။
ယွင်ကျုံးဟဲ့သည် မျက်လုံးများကို ဖွင့်လိုက်ရာ ယန်ဖြန်ရှန် ဖြည်းညင်းစွာ ဝင်ရောက်လာသည်ကို တွေ့ရှိလိုက်ရပြီး သူ၏ လက်ထဲတွင် အရက်အိုး တစ်အိုး ကိုင်ဆောင်ထားကာ ယွင်ကျုံးဟဲ့၏ အရှေ့တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။
“အမတ်မင်းယွင်ကျုံးဟဲ့... ခင်ဗျား နက္ခတ်ဗေဒင်ကို ယုံကြည်လား။” ယန်ဖြန်ရှန်က ရုတ်တရက် မေးလိုက်သည်။
ယွင်ကျုံးဟဲ့ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်၏။ “ကျုပ်က ကံကြမ္မာကို အရမ်း လေးစားတယ်။ နက္ခတ်ဗေဒင်နဲ့ ပတ်သက်ပြီးတော့ ပြောရခက်တယ်။”
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “နက္ခတ်ဗေဒင် ဆိုတာ ကောင်းကင်ယံက ကြယ်တွေ၊ တစ်နည်းအားဖြင့် အရမ်းကို ဝေးကွာတဲ့ ဂြိုဟ်တွေပါ။ သူတို့ရဲ့ လည်ပတ်မှုက သဘာဝတရားရဲ့ နိယာမတွေပဲ ဖြစ်ပြီး ကျုပ်တို့ လူတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။
နက္ခတ်ဗေဒင်ကို ယုံကြည်တဲ့ သူတွေဟာ ရေတွင်းထဲက ဖားသူငယ်လို မာနကြီးပြီး မျက်စိကန်းနေတဲ့ သူတွေပဲ ဖြစ်လိမ့်မယ်။ နက္ခတ်ဗေဒင်က လူတွေရဲ့ ကိစ္စတွေနဲ့ သက်ဆိုင်နေတယ်လို့ ဘယ်အရာက သက်သေပြနေလို့လဲ။”
“ပြောတာ ယုတ္တိရှိတယ်။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဒါပေမဲ့ ဒီစကြာဝဠာကြီးက အမြဲတမ်း ပြောင်းလဲနေပြီး အကြောင်းအကျိုး ဆက်စပ်မှုတွေကလည်း အရမ်းကို နက်နဲဆန်းကြယ်လွန်းတယ်။ ဘယ်သူက မသက်ဆိုင်ဘူးလို့ သေချာ ပြောရဲမှာလဲ။ မသိရသေးတဲ့ ကိစ္စတွေနဲ့ပတ်သက်ရင် ကျုပ်ကတော့ အရမ်းကြီး မပြောရဲဘူး။”
“ရယ်စရာ ဖြစ်သွားပြီ။” ယန်ဖြန်ရှန်က ပြောလိုက်သည်။
ထို့နောက် ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို အရက် တစ်ခွက် ငှဲ့ပေးကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်းက အမြဲတမ်း ဂုဏ်သိက္ခာရှိဖို့ ပြောလေ့ရှိတယ်။ ဒါကြောင့် ကျုပ်က ခင်ဗျားကို လမ်းခရီး ပို့ပေးဖို့ လာခဲ့တာပါ။ ဂုဏ်သိက္ခာ ရှိရှိနဲ့ပေါ့။”
သူသည် အရက်ခွက်ကို ယွင်ကျုံးဟဲ့၏ အရှေ့တွင် ချထားပေးပြီး ရုတ်တရက် မေးလိုက်သည်။ “ဧကရာဇ် ဝမ်ယွင်က ဂုဏ်သိက္ခာရှိရှိနဲ့ သေဆုံးသွားခဲ့တာလား။”
“မဆိုးဘူး။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သူ သေတဲ့တိုင်အောင် မျက်လုံးမမှိတ်နိုင်ခဲ့ပေမယ့် သေခါနီး အချိန်မှာတော့ အသံကျယ်ကျယ်နဲ့ မငိုကြွေးခဲ့သလို၊ အသေအလဲ တောင်းပန်တာမျိုးလည်း မလုပ်ခဲ့ဘူး။ ဧကရာဇ် တစ်ပါးရဲ့ မာနကိုတော့ မစွန့်လွှတ်ခဲ့ဘူး။”
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “သူက အရမ်းကို နှိပ်စက်ခံခဲ့ရတာပါ။ စိတ်ရောကိုယ်ပါ ပင်ပန်း နွမ်းနယ်နေပြီး သေချင်စိတ် ပေါက်နေတာပါ။”
မှန်ပေသည်။ ဧကရာဇ် ဝမ်ယွင် သည် ဧကရာဇ်ဟောင်း၏ နှိပ်စက်မှုကို ခံခဲ့ရသောကြောင့် သေမရ ရှင်မရ ဖြစ်နေပြီး စိတ်ဓာတ်နှင့် ခွန်အားများ အားလုံး လုံးဝ ပြိုလဲသွားခဲ့ခြင်း ဖြစ်၏။
“အမတ်မင်းယွင်ကျုံးဟဲ့... နောက်ဆုံး အနေနဲ့ ဘာပြောစရာ ရှိသေးလဲ။” ယန်ဖြန်ရှန်က မေးလိုက်သည်။
ယွင်ကျုံးဟဲ့ ခဏလောက် စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်၏။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ဒီလောက်တောင် တည်ငြိမ်နေတာလား။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “တည်ငြိမ်နေတာ မဟုတ်ဘူး။ ပြောလည်း အသုံးမဝင်လို့ပါ။”
“အဲဒါလည်း ဟုတ်တာပါပဲ။”
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ဒါဆိုရင် အမတ်မင်းယွင်... သွားပါတော့။ ဘာနာကျင်မှုမှ မရှိစေရပါဘူး။”
ယွင်ကျုံးဟဲ့သည် မျက်စိရှေ့ရှိ အရက်ခွက်ကို ကြည့်လိုက်ရာ မည်သည့် အနံ့ဆိုးမှ မရှိဘဲ အရက်နံ့သာ ရှိသည်။ အရောင်အဆင်း မရှိ၊ အနံ့မရှိသော အဆိပ်ပြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် အရက်ခွက်ကို ကိုင်မြှောက်ကာ အရက်များကို နည်းနည်းချင်းစီ သောက်လိုက်တော့သည်။
ခဏအကြာတွင် ယွင်ကျုံးဟဲ့၏ မျက်နှာ ပြင်းထန်စွာ တုန်ယင်သွားတော့သည်။ အမှောင်ထုကြီး ဝင်ရောက်လာကာ သူ၏ ဦးနှောက်ကို ဖုံးလွှမ်းသွားပြီး၊ သူ၏ စိတ်ဝိညာဉ်များကိုပါ ဖုံးလွှမ်းသွားတော့၏။
သူသည် မျက်လုံးများကို ဖွင့်ထားနိုင်ရန် အစွမ်းကုန် ကြိုးစားနေသော်လည်း ပို၍ပို၍ မှောင်မိုက လာတော့သည်။ ‘ကျုပ် မျက်လုံး မမှိတ်ဘူး... ကျုပ် မျက်လုံး မမှိတ်ဘူး။’
သို့ပေမည့် ဤအမှောင်ထုကြီးကို လုံးဝ မခုခံနိုင်တော့ဘဲ ယွင်ကျုံးဟဲ့၏ မျက်လုံးများ ဖြည်းညင်းစွာ ပိတ်သွားကာ တစ်ကိုယ်လုံး ဘေးသို့ ယိမ်းယိုင်ကာ ပြုတ်ကျသွားတော့သည်။ အသက်ရှူ ရပ်တန့်သွားပြီး၊ နှလုံးခုန် ရပ်တန့်သွားတော့၏။
ယန်ဖြန်ရှန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက် တစ်ချက်လေးမှ မလှုပ်ရှားဘဲ ယွင်ကျုံးဟဲ့ လဲကျသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေတော့သည်။
ခဏအကြာတွင် ရုတ်တရက် အမှောင်ထု အတွင်းမှ လူရိပ်တစ်ခု ထွက်လာတော့၏။
ဤမြင်ကွင်းကိုသာ တစ်ယောက်ယောက် မြင်တွေ့လိုက်ရပါက အမှန်တကယ်ပင် ဝိညာဉ် လွင့်စဉ်သွား လုမတတ် ကြောက်လန့်သွားမှာ ဖြစ်သည်။
‘တကယ်ပဲ လူတစ်ယောက်က သူ့ကိုယ်သူ အမှောင်ထုထဲမှာ လုံးဝ ဖုံးကွယ်ထားနိုင်ပြီး နည်းနည်းလေးမှ မသိအောင် လုပ်နိုင်တယ် ဟုတ်လား။’
ယွင်ကျုံးဟဲ့ မသိရှိခဲ့ရုံသာမက ယန်ဖြန်ရှန် ပင်လျှင် မသိရှိခဲ့ချေ။ ထို့ကြောင့် ဤလူရိပ် ထွက်ပေါ် လာချိန်မှာတော့ ယန်ဖြန်ရှန် ပင်လျှင် လန့်ဖြန့်သွားရ၏။
သူသည် အခန်းအတွင်း၌ ရှိနေပြီး အမှောင်ထုထဲတွင် ပုန်းကွယ်နေသော်လည်း လုံးဝ ကိုယ်ပျောက်နေသကဲ့သို့ ဖြစ်နေသည်။
ဤသူမှာ ဧကရာဇ်ဟောင်း ဖြစ်သည်။ သူသည် ခြုံထည်ကို ဖယ်ရှားလိုက်ပြီး ယွင်ကျုံးဟဲ့၏ ဘေးသို့ လျှောက်သွားကာ သူ၏ မျက်ခွံများကို ဖွင့်၍ သေချာစွာ ကြည့်ရှုလိုက်သည်။ မျက်လုံး နှစ်လုံးစလုံးကို လုံးဝ မလွတ်တမ်း ကြည့်ရှုလိုက်ခြင်း ဖြစ်၏။
“အလင်းရောင်...” ဧကရာဇ်ဟောင်းက ပြောလိုက်သည်။
ထို့နောက် အလင်းရောင် တစ်ခု ရုတ်တရက် လင်းလာသည်။ ဤသည်မှာ ယွင်ကျုံးဟဲ့ ယခင်က ဖန်တီးခဲ့သော ပုံရိပ်ပြစက်ဖြစ်ပြီး ဖော့စဖရပ်ဖြူ လောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော အလင်းရောင်ကို ခွက်ခုံးမှန်ဖြင့် စုစည်းလိုက်ချိန်မှာတော့ မှောင်မည်းနေသော အကျဉ်းခန်းသည် ချက်ချင်းပဲ အလွန် လင်းလက်သွားပြီး မျက်စိကျိန်းလုမတတ် ဖြစ်သွားတော့၏။
ဧကရာဇ်ဟောင်းသည် အလင်းရောင်ပြင်းပြင်းကို အသုံးပြု၍ ယွင်ကျုံးဟဲ့၏ သူငယ်အိမ်များကို ထိုးကြည့်လိုက်ပြီးနောက် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။
ယွင်ကျုံးဟဲ့၏ အသက်ရှူသံကို စမ်းသပ်ကြည့်လိုက်ရာ မရှိတော့ချေ။ သူ၏ လည်ပင်းမှ သွေးကြောခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာတွင်လည်း မရှိတော့ချေ။
“ထားလိုက်ပါတော့... ထားလိုက်ပါတော့...”
ဧကရာဇ်ဟောင်းက ဖြည်းညင်းစွာ ပြောလိုက်၏။ “မီးငြိမ်းလိုက်တော့။”
ဖော့စဖရပ်ဖြူမီးကို ငြိမ်းသတ်လိုက်ပြီးနောက် အကျဉ်းခန်း တစ်ခုလုံး နောက်တစ်ကြိမ် မှောင်မိုက် သွားပြန်သည်။
“သွားမယ်။” ဧကရာဇ်ဟောင်းက ပြောလိုက်၏။
ယန်ဖြန်ရှန်သည် မြေပြင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့် တစ်ချက်လေးမှ မလှုပ်ရှားရဲချေ။
ဧကရာဇ်ဟောင်းသည် ခြေလှမ်းများကို လှမ်းကာ ဖြည်းညင်းစွာ ထွက်ခွာသွားတော့၏။
အချိန်များသည် ရေကဲ့သို့ စီးဆင်းသွားပြီး သုံးနှစ် ကြာသွားခဲ့ပြီ ဖြစ်သည်။
ဤသုံးနှစ်တာ ကာလအတွင်း ဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့၏။
အစပိုင်းတွင် ဧကရာဇ်ဟောင်းက အိမ်ရှေ့စံမင်းသား ကျိုးလီမှာ မီတျဲချိုင့်ဝှမ်း၌ ရေရှည်ကုသမှု ခံယူရန် လိုအပ်နေကြောင်း၊ အောက်ကော်ကုန်းမှာလည်း အိမ်ရှေ့စံနှင့် အလွန်ရင်းနှီးသူဖြစ်သည့်အတွက် အဖော်ပြု ပေးရန် ထိုနေရာ၌ပင် ကျန်ရစ်နေခဲ့ကြောင်း ကြေညာခဲ့သည်။
ထိုသတင်း ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကျိုးနန်းတွင်း၌ ဧကရာဇ်ဟောင်းကို ထီးနန်းပြန်လည်ရယူရန် တောင်းဆိုသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့၏။
နောက်ဆုံး၌ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များအားလုံးသည် ဒူးထောက်၍ တောင်းပန်ကြသည့်အပြင်၊ ဒုတိယအဆင့် စာမေးပွဲအောင်မြင်သူ ကျူရန် ထောင်ပေါင်းများစွာသည်လည်း မြို့တော်သို့ ရောက်ရှိလာကာ နန်းတော်အပြင်ဘက်၌ ဒူးထောက်၍ အသနားခံကြသည်။
သူတို့က ကောင်းကင်ဘုံ၌ နေမင်းကြီး မရှိဘဲ တစ်ရက်မျှပင် မတည်မြဲနိုင်သကဲ့သို့၊ ပြည်သူတို့သည်လည်း အရှင်သခင်မရှိဘဲ တစ်ရက်မျှပင် မရပ်တည်နိုင်ပါ လျှောက်တင်ကြ၏။
ဧကရာဇ်ဟောင်းကမူ ကျိုးလီသတိရလာမည့်အချိန်အထိ စောင့်ဆိုင်းပြီး သူ့ကိုသာ ထီးနန်းဆက်ခံစေမည်ဟု အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်။
အခြေအနေများ ပိုမိုတင်းမာလာသည့်အခါ ကျူရန်များနှင့် အမတ်ဟောင်း ရာချီတို့က နန်းတော်အပြင်ဘက်၌ အစာငတ်ခံ ဆန္ဒပြကာ ဖိအားပေးခဲ့ကြသော်လည်း ဧကရာဇ်ဟောင်းကမူ သဘောမတူခဲ့ပေ။
ဆန္ဒပြသူများနှင့်အတူ ဧကရာဇ်ဟောင်းကိုယ်တိုင်ကလည်း အစာငတ်ခံကာ ထီးနန်းပြန်လည်ရယူရန် ငြင်းဆိုခဲ့သည်။
ဤဆန္ဒပြမှုမှာ ကိုးရက်တိုင်တိုင် ကြာမြင့်ခဲ့ရာ လူဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ဧကရာဇ်ဟောင်း ကိုယ်တိုင်လည်း သေလုနီးပါး ဖြစ်ခဲ့ရသော်လည်း သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲခြင်း မရှိခဲ့ပေ။
သို့သော်လည်း အရေးကြီးသော သတင်းစကားတစ်ခု ရောက်ရှိလာချိန်တွင် အခြေအနေများ ပြောင်းလဲ သွားခဲ့သည်။
တောင်ပိုင်းရှိ ဖူယန်ထူ၊ တောင်ပိုင်းလူရိုင်းများနှင့် စီးမိသားစုတို့ ပူးပေါင်းကာ ပုန်ကန်ထကြွပြီး တာ့နန် အင်ပါယာသစ်ကို တည်ထောင်လိုက်ပြီဟူသော သတင်းပင် ဖြစ်၏။
ထိုသတင်းကို ကြားချိန်မှာတော့ တာ့ကျိုးအင်ပါယာတစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့ရသည်။
တောင်ပိုင်းပြည်နယ်ငါးခုနှင့် စီးမိသားစုပိုင်နယ်မြေများ စုပေါင်းလိုက်ပါက ပြည်နယ်ခြောက်ခုခန့်ရှိပြီး၊ စတုရန်းကီလိုမီတာ ၁.၆ သန်း (စတုရန်းမိုင် ခြောက်သိန်းကျော်) ကျယ်ဝန်းသည့် နယ်မြေကြီးမှာ တာ့ကျိုးအင်ပါယာမှ ခွဲထွက်သွားခြင်းဖြစ်၏။
ပုန်ကန်သူတို့၏ စုပေါင်းစစ်အင်အားမှာ ငါးသိန်းကျော်ရှိပြီး၊ တစ်သန်းဟု လူသိရှင်ကြား ကြေညာထား၏။ ပုန်ကန်သူ တစ်သန်းကျော်တို့သည် တောင်ဘက်မှသည် မြောက်ဘက်သို့ ချီတက်လျက် မြို့ရွာနယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နေသောကြောင့် တာ့ကျိုးအင်ပါယာသည် အန္တရာယ်အများဆုံး အချိန်အခါသို့ ရောက်ရှိသွားခဲ့သည်။
တာ့ကျိုးအင်ပါယာကြီးမှာ မကြာမီ ပြိုကွဲပျက်စီးတော့မည်ဟု လူတိုင်းက ထင်မှတ်နေကြသည်။ မြောက်ဘက်ရှိ တာယင်အင်ပါယာကလည်း တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အရိပ်အယောင်များ ပြသလာ သောကြောင့် တာ့ကျိုးအင်ပါယာတစ်ခုလုံးမှာ နိုင်ငံပျက်သုဉ်းတော့မည့် အန္တရာယ်ဆိုးနှင့် ရင်ဆိုင်နေရ၏။
တစ်လကျော်ကာလအတွင်းမှာပဲ တောင်ပိုင်းသူပုန်တို့သည် မြောက်ဘက်သို့ လှိုင်းလုံးကြီးများပမာ အရှိန်အဟုန်ဖြင့် တိုက်ခိုက်လာရာ တာ့ကျိုး၏ ခရိုင်ဆယ်ခုကျော်မှာ အောင်မြင်စွာ သိမ်းပိုက်ခြင်း ခံလိုက်ရသည်။
ထိုသို့သော အရေးပေါ်အခြေအနေမျိုးတွင်မှ ဧကရာဇ်ဟောင်းသည် ရွေးချယ်စရာလမ်းစ မရှိတော့သည့် အတွက် ထီးနန်းကို ပြန်လည်ရယူကာ နန်းတက်ရန် ဆုံးဖြတ်ခဲ့ပြီး၊ နန်းသက်အမည်ကိုလည်း ထျန်းကျိုး ဟု ပြောင်းလဲသတ်မှတ်လိုက်၏။
ထိုအချိန်တွင် ဧကရာဇ်ဝမ်ယွင် နတ်ရွာစံခဲ့သည်မှာ ကိုးလတိတိ ရှိပြီဖြစ်ပြီး တာ့ကျိုးအင်ပါယာတွင် ဧကရာဇ် မရှိသည်မှာလည်း ကိုးလပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
နန်းသက်အမည်ကို ထျန်းကျိုးဟု ပြောင်းလဲသော်လည်း ပြည်သူတို့သည် အရင်က ဧကရာဇ်အဖြစ် အနှစ်ငါးဆယ်တိုင်တိုင် စိုးစံခဲ့ဖူးသည့်အတွက် ထျန်းယန် ဟူသောအမည်ဖြင့်သာ ဆက်လက် ခေါ်ဆိုခဲ့ကြ၏။
ထျန်းယန်ဧကရာဇ် နန်းပြန်တက်သည့်နေ့တွင် တာ့ကျိုးပြည်သူ သန်းပေါင်းများစွာတို့မှာ ဝမ်းသာ မျက်ရည်များဖြင့် စိတ်လှုပ်ရှားခဲ့ကြသည်။
တစ်နှစ်နီးပါး ဧကရာဇ်မဲ့နေခဲ့သော တာ့ကျိုးအတွက် အားထားစရာ ခေါင်းဆောင်တစ်ဦး ပြန်လည် ရရှိသွားသည့်အပြင်၊ ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ အားထားရာကိုလည်း ပြန်လည်ရရှိသွားသည့်အတွက် လူအများမှာ မျှော်လင့်ချက် အများအပြား ထားခဲ့ကြ၏။
ထီးနန်းကို ပြန်လည်ရယူပြီးနောက် ထျန်းယန်ဧကရာဇ်သည် တပ်တော်တစ်သိန်းကို ကိုယ်တိုင် ဦးဆောင်လျက် တောင်ပိုင်းပုန်ကန်မှုကို နှိမ်နင်းရန် စစ်ချီထွက်ခွာသွားသည်။
ထိုနေ့က မြို့တော်နေ ပြည်သူတစ်သန်းကျော်တို့သည် မျက်ရည်စက်လက်ဖြင့် နှုတ်ဆက်ခဲ့ကြသည်။ အသက်ရှစ်ဆယ်အရွယ် ဧကရာဇ်တစ်ပါးအနေဖြင့် တိုင်းပြည်အတွက် စစ်မြေပြင်သို့ ကိုယ်တိုင် ထွက်ခွာရသည်မှာ များစွာ ရင်နာစရာကောင်းလို့နေ၏။
သို့သော်လည်း ဤစစ်ပွဲမှာ အရင်က မရှိခဲ့ဖူးသည့် အံ့ဖွယ်များကို ဖန်တီးနိုင်ခဲ့၏။ အသက်ရှစ်ဆယ်အရွယ် ထျန်းယန်ဧကရာဇ်သည် စစ်မြေပြင်ရှေ့တန်းမှနေ၍ ကိုယ်တိုင်ကွပ်ကဲတိုက်ခိုက်ခဲ့ရာ လအနည်းငယ် အတွင်းမှာပင် တောင်ပိုင်းပုန်ကန်မှုအားလုံးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။
ဖူယန်ထူ၊ တောင်ပိုင်းသူပုန်များနှင့် စီးမိသားစုတို့အားလုံး ဒူးထောက် လက်နက်ချခဲ့ကြသည်။ ထို့အပြင် စီးမိသားစု၏ နယ်မြေကိုလည်း နယ်စားပိုင်နယ်မြေအဖြစ်မှ နန်းတွင်း၏ ပြည်နယ်တစ်ခုအဖြစ် ထာဝရ သတ်မှတ်လိုက်သည့်အတွက် တောင်ပိုင်းဒေသမှာ ရေရှည်ငြိမ်းချမ်းသွားခဲ့၏။
ဤအောင်ပွဲသတင်း လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားသောအခါ ပြည်သူတို့မှာ အံ့ဩဝမ်းသာ ဖြစ်ခဲ့ကြရ၏။ တပ်တော်တစ်သိန်းနှင့် မိုင်ထောင်ချီ ခရီးနှင်ကာ ကြီးမားသည့် အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့သော ထျန်းယန် ဧကရာဇ်၏ ဉာဏ်ပညာနှင့် စွမ်းပကားမှာ အမှန်ပင် လေးစားချီးကျူးဖွယ် ကောင်းလှသည်။
အောင်ပွဲခံလျက် မြို့တော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် နိုင်ငံတစ်ဝန်းလုံး ဝမ်းမြောက်ဝမ်းသာဖြင့် အောင်ပွဲခံခဲ့ကြ၏။
ထိုအချိန်၌ ထျန်းယန်ဧကရာဇ်၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။ ထိုအောင်ပွဲ၏ အရှိန်အဟုန်ကို အခွင့်ကောင်းယူလျက် ဧကရာဇ်သည် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ပြုပြင် ပြောင်းလဲမှုကြီးများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့သည်။
လန်ကျိုးမြို့ကြီးကို ခမ်းနားစွာ ပြန်လည်တည်ဆောက်ခြင်း၊ ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ကြီးကျယ်စွာ အသက်သွင်းခြင်းနှင့် တာ့ကျိုးရေတပ်တော်ကို အင်အားဖြည့်တင်းခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့၏။
သို့သော်လည်း ထိုထက်ပိုမို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်မှာ ထျန်းကျိုးခေတ်သစ်၏ မူဝါဒများပင် ဖြစ်သည်။
ထျန်းယန်ဧကရာဇ်သည် မိုးကြိုးပမာ လျင်မြန်သော အရှိန်အဟုန်ဖြင့် တပ်တော်အတွင်း ကြီးမားသည့် အပြောင်းအလဲများကို လုပ်ဆောင်ခဲ့၏။
အလုပ်တာဝန် မရှိဘဲ နေရာယူထားကြသော မှူးမတ်များနှင့် အဆင့်မြင့် စစ်သူကြီးအများအပြားကို ရာထူးမှ ဖယ်ရှားခဲ့ပြီး သိုင်းပညာထက်မြက်ကာ စစ်ရေးဗျူဟာ ကျွမ်းကျင်သည့် သာမန်အရပ်သားမျိုးရိုးမှ ဆင်းသက် လာသော စစ်ဖက်ဆိုင်ရာ ကျင်ရှီများနှင့် ကျူရန်များကို တပ်တော်အတွင်းသို့ အင်တိုက်အားတိုက် ခေါ်သွင်းခဲ့သည်။
ထို့အပြင် စစ်မြေပြင်တွင် အမှန်တကယ် စွမ်းဆောင်ပြနိုင်ခဲ့ကြသည့် စစ်သူကြီးများကိုလည်း အဆင့်မြင့် ရာထူးများသို့ တိုးမြှင့်ခန့်အပ်ခဲ့၏။
တစ်ဆက်တည်းမှာပဲ နန်းတွင်းမှသည် ဒေသန္တရအထိ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးများကို အင်တိုက် အားတိုက် စတင်ဆောင်ရွက်ခဲ့သည်။
တောင်ပိုင်း၌ ပုန်ကန်မှု နှိမ်နင်းနေစဉ်အတွင်း အရင်က မှူးမတ်အများအပြား သိမ်းပိုက်ထားခဲ့သည့် လယ်ယာမြေများကို ပုန်ကန်မှုနှိမ်နင်းရေး အကြောင်းပြချက်ဖြင့် ပြန်လည်သိမ်းယူကာ စစ်တပ်ပိုင်မြေများ အဖြစ် သတ်မှတ်လိုက်၏။
စီးမိသားစု လက်နက်ချသွားပြီးနောက် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများ အားလုံးမှာလည်း နန်းတွင်း၏ လက်ဝယ်သို့ ရောက်ရှိသွားခဲ့ပြီး တောင်ပိုင်းဒေသ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများမှာလည်း အောင်မြင်စွာ တိုးတက်လာခဲ့သည်။