← Chapters

အခန်း (၆၂၉-၆၃၀)

Vol. 53 Ch. 629-630

အခန်း (၆၂၉-၆၃၀)

Vol. 53 Ch. 629-630

အပိုင်း (၆၂၉)

ရင်းနှီးကျွမ်းဝင်သော မြေအောက် အကျဉ်းခန်း အတွင်း၌ တံခါး ပွင့်သွားပြီး ယန်ဖြန်ရှန် ဝင်ရောက်လာသည်။

ယွင်ကျုံးဟဲ့သည် ကျောက်စိမ်း ကုတင်ပေါ်တွင် တစ်ချက်လေးမှ မလှုပ်ရှားဘဲ လဲလျောင်းနေပြီး အသက်ရှူသံ ရှိသလို နှလုံးခုန်သံလည်း ရှိသော်လည်း သတိလစ် မေ့မြောနေ၏၊

ယန်ဖြန်ရှန်သည် ဆေးထိုးအပ် တစ်ချောင်းကို ထုတ်ယူကာ ယွင်ကျုံးဟဲ့၏ သွေးကြော အတွင်းသို့ ထိုးသွင်းပြီး သွေး တစ်ပုလင်း ဖောက်ယူလိုက်၏။ ထို့နောက် သူသည် ယွင်ကျုံးဟဲ့ကို တိတ်ဆိတ်စွာ ကြည့်နေမိ တော့သည်။

ဤသည်မှာ အလွန် ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယခင်က ပြိုင်ဘက် ကင်းသော အသိဉာဏ်ပညာဖြင့် ထက်မြက်သူတစ်ဦး၊ အစွမ်းထက်ဆုံး လျှို့ဝှက်သူလျှို တစ်ယောက်မှာ ယခုမူ လေးနှစ်ကျော်ကာလတိုင်အောင် သတိလစ်မေ့မြောလျက် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။

သူ့အနေဖြင့် အသက်ရှင်သန်နေနိုင်ခြင်းမှာ သူ၏သွေး၌ ထူးခြားဆန်းကြယ်သော အာနိသင်များ ကိန်းအောင်းနေခြင်းကြောင့်သာ ဖြစ်သည်။

ယခင်က မီတျဲချိုင့်ဝှမ်းအနေဖြင့် ယွင်ကျုံးဟဲ့၏ သွေးများကို ရရှိခဲ့ခြင်းကြောင့်သာ ၎င်းတို့၏ သုတေသန လုပ်ငန်းစဉ်များတွင် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ခြင်းဖြစ်၏။

တစ်ဖက်တွင်လည်း ယခင်က ဧကရာဇ်ဟောင်းဖြစ်ပြီး ယခု ထျန်းကျိုးဧကရာဇ် ဖြစ်လာသူသည်လည်း ယွင်ကျုံးဟဲ့၏ သွေးကို လိုအပ်နေသဖြင့် တစ်နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့် မှီဝဲသောက်သုံးနေရသည်။

နန်းတော် အတွင်း၌...

မီတျဲ ချိုင့်ဝှမ်းမှ သစ္စာဖောက်သည် ယွင်ကျုံးဟဲ့၏ သွေးများကို ရယူလာပြီး ကြွက်ငယ် တစ်ကောင်ကို အရင်ဆုံး တိုက်ကျွေးကာ စမ်းသပ်ကြည့်လိုက်သည်။ တစ်နာရီ တိတိ ကြာပြီးနောက် ကြွက်ငယ်သည် အကောင်းပကတိ ရှိနေဆဲ ဖြစ်၏။

ယခုအခါ ထျန်းကျိုး ဧကရာဇ်သည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ခြေထောက်များ ထုံကျင်နေသည့် လက္ခဏာများမှာ အလွန် သိသာထင်ရှားနေသည်။

ယခင်က သူသည် လည်ပင်းအောက်ပိုင်း တစ်ကိုယ်လုံး လေဖြတ်နေခဲ့သော်လည်း မီတျဲ ချိုင့်ဝှမ်း၏ နတ်ဆေးကို သောက်သုံးပြီးနောက် အံ့ဩဖွယ်ကောင်းသော အာနိသင်များ ပြသလာပြီး လေဖြတ်ခြင်းနှင့် ထုံကျင်ခြင်းများ ပျောက်ကွယ်သွားကာ တစ်ကိုယ်လုံး ပြန်လည် လှုပ်ရှားနိုင်လာရုံသာမက တကယ့်ကို အသက်ရှည် နုပျိုလာပြီး ကျန်းမာသန်စွမ်း လာခဲ့၏။

သို့ပေမည့် နတ်ဆေးသည် အချိန်အကန့်အသတ် ရှိပုံရပြီး ၁၃ လခန့် အကြာတွင် ထိုထုံကျင်သော ခံစားချက်များ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာတော့သည်။

သို့ပေမည့် ဖြေရှင်းရန်မှာလည်း အလွန် လွယ်ကူလှသည်။ ယွင်ကျုံးဟဲ့၏ သွေးကို သောက်သုံးလိုက်ရုံဖြင့် ရနိုင်ပြီး သူ၏ သွေးမှာ ဖြေဆေး တစ်မျိုး ကဲ့သို့ ပင် ဖြစ်နေ၏။

ထျန်းကျိုး ဧကရာဇ်သည် ယွင်ကျုံးဟဲ့၏ သွေးပန်းကန်လုံးကို ကိုင်မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။

ထင်ထားသည့်အတိုင်း အံ့ဩစရာ ကောင်းသော အာနိသင် ရှိပြီး မျက်စိတစ်မှိတ် အတွင်းမှာပဲ တစ်ကိုယ်လုံး နွေးထွေးလာကာ ခြေထောက်များ၏ အေးစက် ထုံကျင်နေသော ခံစားချက်များ လုံးဝ ပျောက်ကွယ် သွားတော့၏။

ဤသို့ဖြင့် ဧကရာဇ်မင်းမြတ်သည် အစွမ်းထက်သော သိုင်းပညာများကို နောက်တစ်ကြိမ် ပြန်လည် ရရှိသွားပြီး နောက်ထပ် ၁၃ လတိုင်တိုင် ဆက်လက် ထိန်းသိမ်းထားနိုင်တော့မှာဖြစ်သည်။

မြေအောက် အကျဉ်းခန်း၏ အောက်ခြေတွင် ရှိနေသော ယွင်ကျုံးဟဲ့သည် ဆက်လက်၍ သတိလစ် မေ့မြောနေပြီး တစ်ချက်လေးမှ မလှုပ်ရှားချေ။

လေးနှစ်ကျော်ကာလကို ရောက်ရှိခဲ့ပြီဖြစ်သည်။ သူသည် မည်သည့်အခါမှ အသက်ဝင်လှုပ်ရှားခြင်း မရှိဘဲ အသက်ရှူသံနှင့် နှလုံးခုန်သံမျှသာရှိသည့် အခြေအနေဖြင့် ဆက်လက်ရှင်သန်နေခဲ့သည်။

ဤလက္ခဏာမှာ ကျိုးလီ၏ အခြေအနေနှင့် ထပ်တူနီးပါး တူညီနေ၏။ ဘယ်အချိန် နိုးလာမည်နည်း ဆိုသည်ကို မည်သူမှ မသိချေ။

သူ နိုးလာနိုင်မည့် အခြေအနေ တစ်ခုတည်းသာ ရှိ၏။ ထိုအရာမှာ ထျန်းကျိုး ဧကရာဇ်က သူ့ကို လာနှိုးမှသာ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သူသည်လည်း ကျိုးလီလိုပဲ တစ်သက်လုံး နိုးမလာနိုင်တော့တာမျိုးလည်း ဖြစ်သွားနိုင်၏။

ထိုသို့ဆိုလျှင် သူ သတိလစ် မေ့မြောနေသည့် အချိန်တွင် လူသတ်နိုင်မည်လား။ ဤကမ္ဘာလောက၌ အကြောက်ရဆုံး လက်နက်မှာ မည်သည့်အရာနည်း။

မိမိ၏ ခန္ဓာကိုယ်နှင့် အသက်ကိုပင် လက်နက်အဖြစ် အသုံးချခြင်းမျိုးမှာ အသက်အန္တရာယ် ပြုနိုင်လောက်သည့် အင်အားကြီးမားသော လက်နက်မျိုး ဖြစ်သည်။

ထျန်းကျိုး ဧကရာဇ်သည်မှန်ရှေ့တွင် ရပ်လျက် မိမိ၏ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ကြည့်ရှုရင်း အလွန် ကျေနပ် အားရနေတော့၏။

သူ၏ မျက်နှာသွင်ပြင်သည် အသက် ငါးဆယ် အရွယ် ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်သည် အသက် သုံးဆယ်၊ လေးဆယ် အရွယ် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေသကဲ့သို့ပင် ဖြစ်နေသည်။

ဤအရာမှာ အသက်ရှည်နုပျိုစေသည့် ဆေးဝါး၏ စွမ်းအင်များသာမက ယွင်ကျုံးဟဲ့၏ သွေးများက ပေးအပ်သည့် အကျိုးကျေးဇူးများလည်း ဖြစ်၏။

ဤကဲ့သို့ ကျန်းမာသန်စွမ်းပြီး နုပျိုလန်းဆန်းနေသော ခန္ဓာကိုယ်ကို မိဖုရားကြီး ပိုင်ရွှယ်မှာ အလွန်အမင်း စွဲလမ်းနှစ်သက်နေသည်။

သို့သော်လည်း မည်သူမှ မမြင်နိုင်သည့် အမှန်တရားမှာ ထျန်းကျိုးဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း၊ သွေးကြောများနှင့် နှလုံးသားတို့တွင် ကပ်ပါးကောင်များ အပြည့်အနှက် ရှိနေခြင်းပင်ဖြစ်၏။

ကြောက်မက်ဖွယ်ကောင်းလှသော ထိုကပ်ပါးကောင်တို့မှာ သွေးကြောများမှတစ်ဆင့် ဦးနှောက်ဆီသို့ တဖြည်းဖြည်း တွားသွား၍ ရောက်ရှိနေကြပြီဖြစ်သည်။

ဤသည်မှာ ယွင်ကျုံးဟဲ့၏ လက်ချက်ပင်ဖြစ်သည်။ သူသည် လူသတ်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရန် ဝန်မလေးသည့်အပြင် မိမိ၏ သွေးထဲ၌ပင် ကပ်ပါးကောင်ဥများကို ထည့်သွင်းထားရဲသည့်အထိ ရက်စက်ပြတ်သားသူ ဖြစ်၏။

လေးနှစ်ကျော် အချိန် ရှိသွားပြီ ဖြစ်၏။ ထျန်းကျိုး ဧကရာဇ်၏ ခန္ဓာကိုယ်ထဲရှိ ကပ်ပါးကောင်ဥများ အားလုံး ပေါက်ဖွားလာကြပြီ ဖြစ်ပြီး အားလုံးလည်း ကြီးထွားလာကြပြီ ဖြစ်သည်။

‘ဒါဆိုရင် ဒီ မကောင်းဆိုးဝါးကြီးကို သတ်ဖို့အတွက် နောက်ဆုံး ခြေလှမ်း တစ်လှမ်းပဲ လိုတော့မှာလား။’

..................

တာ့ကျိုးနှင့် တာယင် အင်ပါယာနှစ်ခုကြားမှ ကြီးမားသော စစ်ပွဲကြီးမှာ လပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။

ထိုသုံးလတာ ကာလအတွင်း နှစ်ဖက်စစ်တပ်များမှ ကျဆုံးသူ အရေအတွက်မှာ သုံးသိန်းကျော်အထိ ရှိနေခဲ့ပြီး တိုက်ပွဲအခြေအနေမှာ ယခင်က မကြုံဖူးလောက်အောင် ပြင်းထန်လွန်းနေသည်။

အစပိုင်းတွင် ရုပ်အလောင်းထည့်သည့် အိတ်များ လုံလောက်စွာ ရှိနေသေးသော်လည်း နောက်ပိုင်းတွင် အိတ်များ လုံးဝပြတ်လပ်သွားခဲ့ရာ ရုပ်အလောင်းများကို လှည်းများဖြင့်သာ အသုတ်လိုက် ပြန်လည် သယ်ဆောင်လာရ၏။

ထျန်းကျိုး ဧကရာဇ်သည် အိမ်ရှေ့စံမင်းသား၊ မှူးမတ်များနှင့်အတူ ဧကရာဇ်သင်္ချိုင်းတော်အနီးတွင် ဧရာမ မြေကွက်လပ်ကြီးတစ်ခုကို ကိုယ်တိုင် ဖော်ထုတ်ခဲ့ပြီး ထိုနေရာတွင် တာ့ကျိုးအင်ပါယာအတွက် အသက်ပေး သွားကြသော စစ်သည်များ၏ ရုပ်အလောင်းများကို မြှုပ်နှံပေးခဲ့သည်။

သူနှင့် မိဖုရားကြီး၊ အိမ်ရှေ့စံမင်းသားတို့ သုံးဦး ကိုယ်တိုင် ပထမဆုံးသော စစ်သည်၏ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့၏။

ထိုမြင်ကွင်းကြောင့် တာ့ကျိုးပြည်သူများ တစ်ခဏချင်းမှာပဲ လွန်စွာ စိတ်လှုပ်ရှားသွားကြ၏။ တာ့ကျိုး တပ်တော်၏ စိတ်ဓာတ်ခွန်အားများ ပိုမိုမြင့်တက်လာကာ အဆုံးစွန်ထိ ရဲရင့်လာကြသည်။

သေဆုံးသွားလျှင်ပင် ဧကရာဇ် သင်္ချိုင်းတော်အနီးတွင် မြှုပ်နှံခံရမည်ဆိုသော အချက်မှာ ကြီးမားလှသော ဂုဏ်ကျက်သရေတစ်ရပ် ဖြစ်နေ၏။

ဤစစ်ပွဲ၏ ပြင်းထန်ရက်စက်မှုကို မည်သည့်စကားလုံးနှင့်မှ ဖော်ပြ၍ မရနိုင်ပေ။ လအနည်းငယ်အတွင်း ဧကရာဇ်သင်္ချိုင်းတော်အနီးရှိ မြေကွက်လပ်ကြီးမှာ အလောင်းများဖြင့် ပြည့်နှက်သွားခဲ့ပြီ ဖြစ်၏။ အဆုံးအစ မရှိများပြားလှသောမှတ်တိုင်များက ကြည့်ရှုသူတိုင်းကို ကြက်သီးထစေသည်။

သို့ပေမည့် စစ်သည်အသစ်များက စစ်မြေပြင်သို့ အဆက်မပြတ် ချီတက်နေကြဆဲ ဖြစ်သည်။ အထူးသဖြင့် တောင်ပိုင်းနယ်စပ်မှ စစ်သည်တစ်သိန်းခွဲမှာ ပထမဆုံးအကြိမ်အဖြစ် တောင်ပိုင်းမှ ထွက်ခွာလာပြီး တာ့ကျိုးအင်ပါယာ၏ တပ်တော်အဖြစ် မြောက်ပိုင်းစစ်မြေပြင်သို့ ဝင်ရောက်လာကြ၏။

သုံးလကြာ ပြင်းထန်သော တိုက်ပွဲများအတွင်း နှစ်ဖက် အသေအပျောက်မှာ မတိမ်းမယိမ်း ရှိနေခဲ့ပြီး တာ့ကျိုးအင်ပါယာဘက်မှ အနည်းငယ် ပိုများနေခဲ့သည်။

တာ့ကျိုးအင်ပါယာတွင် ပိုင်ယင်မြို့မှ လက်နက်ကိရိယာများနှင့် သံချပ်ကာများ ရှိနေသော်လည်း တာယင် အင်ပါယာသည်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က ယွင်ကျုံးဟဲ့ထံမှ သံရည်ကျိုနည်းပညာကို ရရှိထားခဲ့၏။

သူတို့၏ သံချပ်ကာများနှင့် ဓားလက်နက် အများစုမှာ အဆင့်မြှင့်တင်ထားပြီးဖြစ်ကာ အရည်အသွေးမြင့် သံမဏိများကို တပ်တော်အတွင်း၌ အကြီးအကျယ် တပ်ဆင်ထားပြီး ဖြစ်သည်။

ဤအတိုင်း ဆက်သွားမည်ဆိုလျှင် တာယင်အင်ပါယာဘက်မှ အနိုင်ရရန် အခွင့်အရေးများစွာ ရှိနေဆဲ ဖြစ်သည်။ သို့ပေမည့် တာ့ကျိုးအင်ပါယာ၏ စစ်သည်သစ်များ စစ်မြေပြင်သို့ ရောက်ရှိလာချိန်မှာတော့ အခြေအနေအားလုံး ပြောင်းပြန်လှန်သွားခဲ့၏။

ထိုစစ်သည်သစ်များထဲတွင် ပိုင်ယင်မြို့မှ စစ်သည်များစွာ ပါဝင်နေပြီး နုဧကရာဇ်၏ မျိုးဆက်များက အဓိက ခေါင်းဆောင်များအဖြစ် ဦးဆောင်ထားကြသည်။

ဤတပ်တော်သည် တာယင်အင်ပါယာ၏ မည်သည့် ထိပ်တန်းတပ်ဖွဲ့ထက်မဆို သာလွန်သော စွမ်းအားများ ပိုင်ဆိုင်ထားသည်။ တစ်ယောက်လျှင် နှစ်ယောက်၊ သုံးယောက်ခန့်ကို အနိုင်ယူနိုင်စွမ်း ရှိကြ၏။

ထိုပိုင်ယင်မြို့မှ စစ်သည်များ၏ ခွန်အားနှင့် အလျင်မှာ သာမန်တပ်ဖွဲ့များထက် များစွာ သာလွန်နေပြီး အကောင်းဆုံး လက်နက်များနှင့် သံချပ်ကာများကိုလည်း တပ်ဆင်ထားကြသည်။ စတင်တိုက်ခိုက်သည်နှင့် တပြိုင်နက် မည်သူမှ တားဆီး၍မရနိုင်ပေ။

ထို့အပြင် သူတို့တစ်ဦးချင်းစီ၏ အရပ်အမောင်းမှာ တစ်ဒသမကိုးမီတာကျော် ရှိနေကာ သာမန်လူများနှင့် လုံးဝ မတူညီကြပေ။ နုဧကရာဇ်၏ မြေအောက်သင်္ချိုင်းထဲမှ စစ်သည်ရွှံ့ရုပ်များနှင့် တစ်ပုံစံတည်း ဖြစ်နေ၏။

နောက်ဆုံးတွင် ထိုအထူးတပ်ဖွဲ့ကို သွေးစွန်းတပ်တော်ဟု အမည်ပေးလိုက်ကြသည်။ အကြောင်းမူ စစ်မြေပြင်သို့ ရောက်တိုင်း တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေပြီး မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်လေ့ရှိသောကြောင့် ဖြစ်သည်။

သုံးလတိုင်တိုင် တင်းမာနေခဲ့သော စစ်ရေးအခြေအနေမှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ တာယင် အင်ပါယာသည် ပထမဆုံးအကြိမ် စစ်ရှုံးခြင်းကို ကြုံတွေ့လိုက်ရပြီးနောက် ဒုတိယအကြိမ်၊ တတိယအကြိမ် ဆက်တိုက် ရှုံးနိမ့်လာခဲ့၏။

မိုင်ထောင်ချီ ရှည်လျားသော နယ်စပ်မျဉ်းကြီးတစ်ခုလုံး ပြိုကျသွားကာ စစ်သည် သိန်းပေါင်းများစွာသည် ထန်ထိုင်မြို့ အပါအဝင် ဒုတိယ ခံစစ်မျဉ်းဆီသို့ ဆုတ်ခွာသွားရသည်။

ထိုနေရာတွင် တာယင်အင်ပါယာသည် အခြေအနေကို ခက်ခဲစွာ ထိန်းထားနိုင်ခဲ့သည်။ အကြောင်းမှာ ထိုနေရာ အနှံ့အပြားတွင် ခံတပ်များ၊ မြင့်မားသော တံတိုင်းများနှင့် ရဲတိုက်များစွာ ရှိနေသောကြောင့်ပင်။

တာ့ကျိုးအင်ပါယာ၏ စစ်သည် သိန်းပေါင်းများစွာသည် မြောက်ဘက်သို့ ဆက်လက်ချီတက်ကာ တာယင်အင်ပါယာ၏ ထန်ထိုင်မြို့ ခံစစ်မျဉ်းကို စတင်တိုက်ခိုက်ကြပြန်သည်။

ပြင်းထန်လှသော တိုက်ပွဲများ ထပ်မံဖြစ်ပွားလာပြန်သည်။ နေ့စဉ်နှင့်အမျှ ကျဆုံးသူအရေအတွက်မှာ မယုံနိုင်လောက်အောင် များပြားနေပြီး အလောင်းများကို လှည်းများဖြင့် ဆက်တိုက် သယ်ထုတ်နေရဆဲ ဖြစ်၏။

တာယင်အင်ပါယာတပ်များသည် ရဲတိုက်များကို အခိုင်အမာ ကာကွယ်ထားနိုင်သောကြောင့် တိုက်ပွဲမှာ နောက်တစ်ကြိမ် တင်းမာသည့် အခြေအနေသို့ ရောက်ရှိသွားပြန်သည်။

ထိုအချိန်တွင် တာ့ကျိုးအင်ပါယာ၏ ထျန်းကျိုး ဧကရာဇ် ကိုယ်တိုင် စစ်မြေပြင်သို့ ချီတက်လာခဲ့သည်။ တာ့ကျိုးအင်ပါယာ၏ စစ်သည်သိန်းပေါင်းများစွာမှာ စိတ်ဓာတ်ခွန်အားများ ထပ်မံ မြင့်တက်လာကြပြန်၏။

အသက်ရှစ်ဆယ်ကျော်အရွယ် ရှိနေပြီဖြစ်သော်လည်း တစ်နေ့တခြား ပိုမိုနုပျိုလာနေပုံရသော ဧကရာဇ်သည် အထူးတပ်ဖွဲ့ဝင် နှစ်သောင်းကို ဦးဆောင်ကာ မြို့တော်မှ ထွက်ခွာလာခဲ့သည်။

လူအများ၏ အားပေးထောက်ခံသံများက မိုးတိမ်များကိုပင် ထိုးဖောက်သွားလုမတတ် ဆူညံနေ၏။

"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။"

"တာ့ကျိုးအင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။"

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တာ့ကျိုးပြည်သူ သန်းပေါင်းများစွာ၏ ဂုဏ်ယူဝင့်ကြွားမှုများမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ယခင်က တာ့ယန် ဧကရာဇ်၊ ဧကရာဇ်ဟောင်း ဖြစ်ခဲ့ပြီး ယခု ထျန်းကျိုး ဧကရာဇ် ဖြစ်လာသူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့၏။ မဟုတ်ပေ၊ သူသည် နတ်ဘုရားအစစ် ဖြစ်နေပြီ ဖြစ်၏။

တာ့ကျိုးအင်ပါယာ အနှံ့အပြားတွင် ဝူဝေ့ ဧကရာဇ်ဟောင်း၏ ကျောင်းတော်များကို တည်ဆောက်ထားကြပြီး ထိုကျောင်းတော်များအတွင်း၌ ထျန်းကျိုး ဧကရာဇ်ကို နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်နေကြသည်။

ဧကရာဇ်မင်းမြတ်သည် လူငယ်တစ်ယောက်လို ပြန်လည်နုပျိုလာကာ ဧကရာဇ်အဖြစ် ဆက်လက် အုပ်ချုပ်နေခြင်းမှာ သူ၏ တာအိုကျင့်စဉ်ကို ထိခိုက်စေသော်လည်း တာ့ကျိုးပြည်သူ သန်းပေါင်းများစွာ အတွက် မိမိကိုယ်ကို စွန့်လွှတ်ကာ လူ့လောကသို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ကောလာဟလများ ပျံ့နှံ့နေခဲ့၏။

တာ့ကျိုးအင်ပါယာက လောကကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီးသည့်အခါ ဝူဝေ့ ဧကရာဇ်ဟောင်းသည် နတ်ပြည်သို့ ပြန်လည်တက်လှမ်းသွားမည်ဟု အားလုံးက ယုံကြည်နေကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် ယခုလက်ရှိ ထျန်းကျိုး ဧကရာဇ်သည် အမြင့်မြတ်ဆုံးသော နတ်ဘုရား၊ အမြင့်မြတ်ဆုံးသော စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်နှင့် အမြင့်မြတ်ဆုံးသော အာဏာရှင် ဖြစ်နေ၏။

မင်းမျိုးမင်းနွယ်၊ ပညာတတ် သို့မဟုတ် သာမန်ပြည်သူ မည်သူမှ သူ့အကြောင်းကို မကောင်းစကား တစ်ခွန်းမှ မဟဝံ့ကြပေ။

အကယ်၍ ပြောဆိုမိပါက ကောင်းကင်ဘုံ၏ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကာ အစိုးရက အပြစ်မပေးလျှင် တောင်မှ တရားမျှတမှုကို လိုလားသော ပြည်သူများက အရှင်လတ်လတ် ဆွဲဖြဲပစ်ကြပေလိမ့်မည်။

တာ့ကျိုးအင်ပါယာ၏ တောင်မှမြောက်အထိ၊ သင်္ဘောတိုင်းပေါ်တွင်ပင် ဝူဝေ့ ဧကရာဇ်ဟောင်း၏ ရုပ်တုများကို ကိုးကွယ်ထားကြ၏။

ဧကရာဇ် ဝမ်ယွင်နှင့် အိမ်ရှေ့စံ ကျိုးလီတို့ကိုမူ လူအများက လုံးဝ မေ့ပျောက်သွားခဲ့ကြပြီ ဖြစ်သည်။ တစ်ချိန်က အံ့ဖွယ်ကိစ္စများကို ဖန်တီးခဲ့သော အောက်ကော်ကုန်း သည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ လွန်ခဲ့သော လေးငါးနှစ်အတွင်း ထျန်းကျိုး ဧကရာဇ်ဆိုသော ဒဏ္ဍာရီတစ်ခုတည်းသာ ရှိနေခဲ့သည်။

တိုင်းပြည်တစ်ခုလုံး စစ်ပွဲအတွက်သာ အသက်ရှင်နေကြပြီး ဧကရာဇ်သည် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ စစ်သည်များနှင့် ပြည်သူအားလုံးမှာ အသိဉာဏ်များ ဖုံးလွှမ်းခံထားရသကဲ့သို့ ဖြစ်နေကြ၏။

ထိုသို့သော အခြေအနေအောက်တွင် တာ့ကျိုးအင်ပါယာ၏ စစ်သည်သစ်များမှာ အဆက်မပြတ် ထွက်ပေါ် နေခဲ့၏။ ရှေ့တန်းတွင် မည်မျှပင် ကျဆုံးသွားပါစေ၊ နောက်တန်းမှ နှစ်ဆ၊ သုံးဆပိုများသော စစ်သည်သစ်များကို ချက်ချင်း စုဆောင်းနိုင်ခဲ့သည်။

ပြည်သူများစွာက အစားအသောက်များကို ချွေတာကာ ရှေ့တန်းသို့ ပို့ဆောင်ပေးကြသည်။ အချို့ဆိုလျှင် စစ်ပွဲအတွက် မိမိတို့အိမ်ရှိ သံဒယ်အိုးများကိုပင် လှူဒါန်းခဲ့ကြ၏။

ဒယ်အိုးတစ်လုံး လှူဒါန်းခြင်းသည် စစ်မြေပြင်အတွက် ဓားသုံးလက်ကို ဖန်တီးပေးနိုင်သည်ဟု သူတို့ ယုံကြည်ထားကြသည်။

...................

အပိုင်း (၆၃၀)

ဤသို့သော ရူးသွပ်မှုများကြားတွင် ထျန်းကျိုး ဧကရာဇ်သည် စစ်မြေပြင်သို့ ကိုယ်တိုင် ချီတက်သွားခဲ့ခြင်း ဖြစ်သည်။ ထွက်ခွာခြင်း မပြုမီ ဧကရာဇ်သည် မင်းသား ကျိုးလင်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ကာ မြို့တော်ကို စောင့်ကြပ်စေခဲ့၏။

ကျိုးလီသည် အသက်သုံးဆယ်ကျော်သည်အထိ အိမ်ရှေ့စံအဖြစ် ခန့်အပ်မခံခဲ့ရသော်လည်း ယခု မင်းသား ကျိုးလင်မှာ အသက်လေးနှစ်ပင် မပြည့်သေးဘဲ အိမ်ရှေ့စံ ဖြစ်လာခဲ့သည်။

ယခင်ကဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးမှာ မည်မျှပင် ထူးချွန်သော မင်းသားဖြစ်ပါစေ အသက်ငယ်လွန်း သောကြောင့် လက်ခံနိုင်ဖွယ် ရှိမည်မဟုတ်ပေ။ သို့ပေမည့် ယခုအချိန်တွင် ထျန်းကျိုး ဧကရာဇ်၏ အလိုဆန္ဒကို မည်သူမှ မဆန့်ကျင်ရဲကြပေ။

သူ၏ စကားတစ်ခွန်းသည် ပကတိအမှန်တရား ဖြစ်နေခဲ့၏။ ယခုအခါ ဧကရာဇ်၏ အမိန့်တော်များကို ဧကရာဇ်အမိန့်ဟု မခေါ်ဆိုကြတော့ဘဲ နတ်ဘုရား၏ အမိန့်တော်ဟုပင် တင်စားခေါ်ဝေါ်နေကြသည်။

မိုင်သုံးထောင်ဝေးကွာသော ခရီးကို ထျန်းကျိုး ဧကရာဇ်သည် ကိုးရက်တည်းဖြင့် ရောက်ရှိအောင် သွားနိုင်ခဲ့ရာ ဧကရာဇ်တစ်ပါး ကိုယ်တိုင်ချီတက်ခြင်းအတွက် အလွန်မြန်ဆန်လွန်းနေ၏။

စစ်မြေပြင်သို့ ဧကရာဇ် ရောက်ရှိလာချိန်မှာတော့ တာ့ကျိုးအင်ပါယာ၏ စစ်သည်သိန်းပေါင်းများစွာမှာ ရူးသွပ်လုမတတ် ဖြစ်သွားကြသည်။

"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။"

မိုးလင်းမှ မိုးချုပ်အထိ ထိုအော်ဟစ်သံများက ရပ်တန့်မသွားခဲ့ပေ။ စစ်သည်သိန်းပေါင်းများစွာသည် သေဆုံး ရမည်ကို မကြောက်မရွံ့ဘဲ တာယင်အင်ပါယာ၏ ထန်ထိုင်မြို့ ခံစစ်မျဉ်းကို အရူးအမူး ဝင်ရောက်တိုက်ခိုက် ကြတော့၏။

ထိုသို့သော ဦးနှောက်ဆေးခံထားရသည့် စိတ်ဓာတ်များအောက်တွင် ဧကရာဇ်မင်းမြတ်သည် နတ်ဘုရား တစ်ပါးဖြစ်ကြောင်း အားလုံးက အခိုင်အမာ ယုံကြည်နေကြသည်။

သူသည် ဧကရာဇ်ဟောင်းဘဝတည်းက နတ်ဘုရားလောင်း ဖြစ်နေခဲ့ပြီး ယခုအခါ အပြည့်အဝ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီဟု ဆိုကြ၏။

နတ်ဘုရားတစ်ပါးသာလျှင် ပြန်လည်နုပျိုလာနိုင်စွမ်းရှိပြီး အံ့ဖွယ်ကိစ္စများကို ဆက်တိုက် ဖန်တီးနိုင်မည်ဟု အားလုံးက မှတ်ယူထားကြသည်။

ထို့ကြောင့် တာ့ကျိုးအင်ပါယာသည် လောကကြီးတစ်ခုလုံးကို အမှန်တကယ် သိမ်းပိုက်နိုင်မှာဖြစ်ပြီး တာ့ကျိုးတပ်တော်၏ စစ်ပွဲမှာလည်း မြင့်မြတ်သော စစ်ပွဲတစ်ရပ်ဖြစ်သည်ဟု သူတို့ ယုံကြည်နေကြ၏။

ထျန်းကျိုး ဧကရာဇ် စစ်မြေပြင်သို့ ရောက်ရှိပြီး ငါးရက်အကြာတွင် တာယင်အင်ပါယာ၏ ဒုတိယ ခံစစ်မျဉ်းမှာ စတင်ပြိုကျလာခဲ့သည်။

တစ်ကြိမ် ပြိုကျသွားသည်နှင့် အခြေအနေမှာ အလျင်အမြန် ဆိုးရွားသွားသည်။ မိုင်ရာချီ ရှည်လျားသော ခံစစ်မျဉ်းနှင့် မရေမတွက်နိုင်သော ရဲတိုက်ကြီးများမှာ တစ်ခုပြီးတစ်ခု ကျဆုံးသွားခဲ့၏။

ဆယ့်ခုနစ်ရက်မြောက်နေ့တွင် ထန်ထိုင်မြို့ အလုံးစုံ ကျဆုံးသွားခဲ့၏။ တာ့ကျိုးအင်ပါယာအတွက် ပိုင်ရှင်မဲ့ နယ်မြေ၏ တောင်ဘက်ရှိ အရေးအပါဆုံးသော စစ်ရေးအခြေစိုက်စခန်းကြီး ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယခင်က ထန်ထိုင် မိသားစုပိုင်ဆိုင်ခဲ့သော ထိုမြို့တွင် လူဦးရေ တစ်သိန်းကျော် နေထိုင်ခဲ့ပြီး တာယင် အင်ပါယာ သိမ်းပိုက်ပြီးနောက် ကြီးမားသော စစ်ရေးခံတပ်ကြီးအဖြစ် တိုးချဲ့တည်ဆောက်ခဲ့ရာ လူဦးရေ သုံးသိန်းကျော် နေထိုင်သည့် မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့၏။

ယခု ထန်ထိုင်မြို့ ကျဆုံးသွားခြင်းက တာယင်အင်ပါယာအတွက် ပိုင်ရှင်မဲ့နယ်မြေအတွင်း မဟာဗျူဟာမြောက် ပြိုကျမှု စတင်နေပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။

သတင်းက တာ့ကျိုးအင်ပါယာအတွင်းသို့ ရောက်ရှိသွားချိန်မှာတော့ ပြည်သူများ ထပ်မံ၍ ရူးသွပ်သွားကြပြန်သည်။ နေ့ရက်ပေါင်းများစွာ ဆက်တိုက် အောင်ပွဲခံခဲ့ကြ၏။

ထျန်းကျိုး ဧကရာဇ်မှာ အမှန်တကယ်ပင် နတ်ဘုရားဖြစ်ကာ သူရောက်သွားသည့် နေရာတိုင်းတွင် အံ့ဖွယ်အောင်ပွဲများ ရရှိလိမ့်မည်ဟု အားလုံးက ယုံကြည်နေကြသည်။

စစ်ပွဲစတင်ပြီး ခြောက်လအတွင်း တာ့ကျိုးအင်ပါယာသည် ကြီးမားသော အောင်ပွဲနှစ်ခုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထန်ထိုင်မြို့ ခံစစ်မျဉ်းကို သိမ်းပိုက်နိုင်ခြင်းက တာ့ကျိုးအင်ပါယာ အနေဖြင့် စစ်ရေးအသာစီးကို အပြည့်အဝ ရရှိသွားပြီဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်၏။

ထိုအချိန်အတွင်း တာ့ကျိုးအင်ပါယာရှိ ဝူဝေ့ ဧကရာဇ်ဟောင်း၏ ကျောင်းတော်ပေါင်း ထောင်နှင့်ချီ၍ ထပ်မံ တိုးပွားလာကာ အမွှေးတိုင်အနံ့များဖြင့် ပြည့်နှက်နေခဲ့၏။ လူငယ်လူရွယ်များစွာမှာ ထျန်းကျိုး ဧကရာဇ်အတွက် အသက်ပေးရန် စစ်သည်များအဖြစ် ထပ်မံ ဝင်ရောက်လာကြပြန်သည်။

စစ်သည်တစ်သိန်းခန့် ကျဆုံးသွားပြီးနောက် တာယင်အင်ပါယာသည် တတိယ ခံစစ်မျဉ်းဖြစ်သော လေခွင်းမြို့ ခံစစ်မျဉ်းသို့ ဆုတ်ခွာသွားရ၏။

ထိုနေရာမှာ ယခင်က ကျင်းကျုံးယွဲ့ ပိုင်ဆိုင်ခဲ့သော မြို့ဖြစ်ပြီး ဤစစ်ပွဲကြီးတစ်ခုလုံးအတွက် အရေး အပါဆုံးသော ခံစစ်မျဉ်းလည်း ဖြစ်နေသည်။

လေခွင်းမြို့ ခံစစ်မျဉ်းမှာ ထန်ထိုင်မြို့ ခံစစ်မျဉ်းလောက် မကြီးမားသကဲ့သို့ ရဲတိုက်များစွာလည်း မရှိသော်လည်း ပိုမို ကြမ်းတမ်းခက်ခဲသော နေရာဖြစ်၏။

ရဲတိုက်နှင့် တံတိုင်းများစွာကို တောင်ကုန်းများပေါ်တွင် တည်ဆောက်ထားသောကြောင့် တိုက်ခိုက်ရန် လွန်စွာ ခက်ခဲလှသည်။

ယခင်က ကျင်းမိသားစု ပိုင်ဆိုင်ခဲ့သော လေခွင်းမြို့ကို သုံးဆခန့် တိုးချဲ့တည်ဆောက်ထားပြီး မြောက်မှ တောင်သို့ တံတိုင်းသုံးခု ရှိကာ အမြင့် မီတာနှစ်ဆယ်ကျော် ရှိနေသောကြောင့် တောင်ကြားအတွင်းရှိ ဧရာမ သတ္တဝါကြီးတစ်ကောင်နှင့် တူနေ၏။

လေခွင်းမြို့အတွင်းတွင် သာမန်ပြည်သူ တစ်ဦးမှမရှိဘဲ စစ်လက်နက်ပစ္စည်းများ အမြောက်အမြား သိုလှောင် ထားကာ စစ်သည် နှစ်သိန်းကျော်က ဤကြီးမားလှသော စစ်ရေးခံတပ်ကြီးကို အခိုင်အမာ ကာကွယ် ထားကြသည်။

မရေမတွက်နိုင်သော စစ်သုံးဒူးလေးများနှင့် ကျောက်ခဲပစ်စက်များဖြင့် မြို့တစ်ခုလုံးကို အပြည့်အဝ တပ်ဆင်ထား၏။ လွန်ခဲ့သော ရှစ်နှစ်က လေခွင်းမြို့နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

သာမန်အခြေအနေတွင်ဆိုလျှင် ဤမျှ ခိုင်ခံ့သော မြို့ကြီးကို စစ်သည်နှစ်သိန်းဖြင့် ကာကွယ်ထားပါက ရန်သူဘက်မှ စစ်သည်သန်းချီ ရှိနေလျှင်တောင် သိမ်းပိုက်နိုင်မည် မဟုတ်ပေ။ တာယင်အင်ပါယာသည် သူတို့၏ အကောင်းဆုံး လက်နက်များနှင့် အတော်ဆုံး တပ်ဖွဲ့များကို လေခွင်းမြို့သို့ ပို့ဆောင်ထားပြီး တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ်မှတ်ယူထားကြ၏။

လေခွင်းမြို့ကိုသာ ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် တာယင်အင်ပါယာအတွက် မျှော်လင့်ချက် ရှိနေသေး၏။ သို့ပေမည့် လေခွင်းမြို့သာ ကျဆုံးသွားခဲ့လျှင် ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံးကို ဆုံးရှုံးသွားရုံသာမက လွန်ခဲ့သော ရှစ်နှစ်က ရရှိခဲ့သော အောင်ပွဲများအားလုံး သဲထဲရေသွန် ဖြစ်သွားမှာဖြစ်သည်။

ထို့အပြင် ပိုင်ရှင်မဲ့နယ်မြေကို ကျော်ဖြတ်ပြီးသည်နှင့် မြေပြန့်လွင်ပြင် ဖြစ်သွားသောကြောင့် တာ့ကျိုး အင်ပါယာ၏ စစ်သည် သန်းပေါင်းများစွာသည် တာယင်အင်ပါယာအတွင်းသို့ ဒီရေအလား ဝင်ရောက် လာကြမှာဖြစ်၏။

ထိုအချိန်ရောက်လျှင် တာယင်အင်ပါယာဘက်မှ ခုခံရန် တပ်ဖွဲ့ မည်မျှ ကျန်ရှိနေဦးမည်နည်း။ အင်ပါယာ၏ ထက်ဝက်ခန့် ကျဆုံးသွားမှသာ ရပ်တန့်နိုင်မည် ဖြစ်ကြောင်း အားလုံးက တွက်ဆထားကြသည်။

ထိုအချိန်တွင် ပညာရှိပြီး ရဲရင့်သော တာယင် ဧကရာဇ်မှာ ယခင်က မကြုံဖူးလောက်အောင် မေးခွန်းထုတ်ခံ လာရသည်။ အစပိုင်းတွင် အခြားနိုင်ငံများက မေးခွန်းထုတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် တာယင်အင်ပါယာအတွင်းရှိ မှူးမတ်များနှင့် ပြည်သူများကပါ ဧကရာဇ်ကို မေးခွန်းထုတ်လာကြ၏။

တာ့ကျိုးအင်ပါယာ ပြည်တွင်းစစ် ဖြစ်နေချိန်က မည်သည့်အတွက်ကြောင့် ဝင်ရောက်မတိုက်ခိုက်ခဲ့သနည်းဟု သူတို့ သိချင်နေကြသည်။

ပထမဆုံးအကြိမ် တောင်ပိုင်း ပုန်ကန်မှု ဖြစ်ပွားချိန်က တာယင်အင်ပါယာ တောင်ဘက်သို့ မဆင်းခဲ့ခြင်းကို နားလည်ပေး၍ ရနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲအပြီး နှစ်နှစ်ပင် မပြည့်သေးသောကြောင့် တာယင်အင်ပါယာမှာလည်း အင်အားပြန်လည် မပြည့်ဝသေး၍ ဖြစ်၏။

ထို့နောက် လန်ကျိုး ငလျင်နှင့် ဆူနာမီ ဖြစ်ပွားချိန်တွင်လည်း ဝင်ရောက်မတိုက်ခိုက်ခဲ့ဘဲ တာ့ကျိုး အင်ပါယာသို့ စားနပ်ရိက္ခာနှင့် ငွေကြေးများပင် ကူညီထောက်ပံ့ပေးခဲ့သေးသည်။

ထိုလုပ်ရပ်က မှန်ကန်ပြီး လူအများ၏ ချီးကျူးမှုကို ရရှိခဲ့သည်။ တာ့ကျိုးနှင့် တာယင်အင်ပါယာ နှစ်ခုမှာ လွှမ်းမိုးနိုင်စွမ်းအတွက် ယှဉ်ပြိုင်နေကြသော်လည်း လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ညီအစ်ကိုများ ဖြစ်ခဲ့ကြသည်။ တစ်ဖက်က ဒုက္ခရောက်နေချိန်တွင် အခွင့်ကောင်းယူ တိုက်ခိုက်ခြင်းမှာ အရှက်ရဖွယ် လုပ်ရပ် ဖြစ်၏။

သို့ပေမည့် ကျိန့်ဟိုင်မြို့စား စီးပြန်း ပုန်ကန်ပြီး တာ့ယန် ဧကရာဇ်နှင့် ဧကရာဇ် ဝမ်ယွင် တို့၏ အတွင်းရေး ပဋိပက္ခများ အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် မည်သည့်အတွက်ကြောင့် စစ်သည် မစေလွှတ်ခဲ့သနည်း။

ထိုအချိန်က ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲအပြီး သုံးနှစ်ခွဲ ကြာမြင့်နေပြီဖြစ်ရာ တာယင်အင်ပါယာသည် အပြည့်အဝ အသင့်မဖြစ်သေးလျှင်တောင် တာ့ကျိုးအင်ပါယာထက်များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်က စစ်မတိုက်ခြင်းကိုလည်း အကြောင်းပြချက် ပေး၍ ရနိုင်သေးသည်။ တာ့ကျိုး ဧကရာဇ်နှစ်ပါး၏ ပဋိပက္ခ ပြင်းထန်နေချိန်တွင် တာယင်အင်ပါယာက ဝင်တိုက်လိုက်ပါက ဧကရာဇ်နှစ်ပါး ပေါင်းစည်းသွားရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားနိုင်၏။

တာ့ကျိုးအင်ပါယာ နှစ်ခြမ်းကွဲသွားခြင်းကသာ တာယင်အင်ပါယာအတွက် အကျိုးအမြတ် အများဆုံး ဖြစ်ပြီး အကောင်းဆုံး ရလဒ်လည်း ဖြစ်၏။ ဧကရာဇ် ဝမ်ယွင် မြို့တော်မှ ထွက်ခွာပြီး တောင်ဘက်သို့ ဆင်းသွားမည် ဆိုပါက တာ့ကျိုးအင်ပါယာ ကွဲထွက်သွားမည်သာ ဖြစ်သည်။သို့ပေမည့် ထိုရလဒ် ပေါ်ထွက်မလာခဲ့ပေ။

ဧကရာဇ် ဝမ်ယွင် မှာ ရူးသွပ်သွားပြီး သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရသည်။ တာ့ယန် ဧကရာဇ်က တာ့ကျိုးအင်ပါယာကို ပြန်လည် ပေါင်းစည်းနိုင်ခဲ့သောကြောင့် တာယင်အင်ပါယာအတွက် အကောင်းဆုံး အခွင့်အရေး ဆုံးရှုံးသွားခဲ့ရ၏။

ထို့နောက် ဖူယန်ထူနှင့် အခြားသူများ တောင်ပိုင်းတွင် ပုန်ကန်ချိန်၊ ထျန်းကျိုး ဧကရာဇ် ကိုယ်တိုင် တောင်ဘက်သို့ ချီတက်သွားချိန်မှာ အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်နေခဲ့သည်။ မည်သည့်အတွက်ကြောင့် တာယင်အင်ပါယာ စစ်မတိုက်ခဲ့သနည်း။

မှန်ပေသည်။ ထိုအချိန်က တာ့ရှီအင်ပါယာနှင့် တာရှအင်ပါယာတို့၏ စစ်သည်သိန်းပေါင်းများစွာက တာယင် အင်ပါယာ၏ အနောက်ဘက်နှင့် မြောက်ဘက်နယ်စပ်များတွင် စောင့်ကြည့်နေခဲ့ကြ၏။ သူတို့ အမှန်တကယ် စစ်တိုက်ရဲမည်ဟု မပြောနိုင်ပေ။

အချိန်ဆွဲရင်းနှင့်သာ အခွင့်အရေးကောင်းများကို တစ်ကြိမ်ပြီး တစ်ကြိမ် လက်လွတ်ခံခဲ့ရ၏။ ယခုအခါ တာ့ကျိုးအင်ပါယာမှာ လွန်စွာ အင်အားကြီးမားလာပြီး သူတို့၏ တပ်တော်မှာလည်း အသွင်ပြောင်းသွား သကဲ့သို့ ဖြစ်နေခဲ့၏။

ထျန်းကျိုး ဧကရာဇ်၏ ဒဏ္ဍာရီနှင့် နတ်ဘုရားဆန်ဆန် စိတ်ဓာတ်ရေးရာ လွှမ်းမိုးမှုများကြောင့် တာ့ကျိုး တပ်တော်မှာ ယခင်က မကြုံဖူးလောက်အောင် ရူးသွပ်နေကြပြီ ဖြစ်သည်။

ဤအခြေအနေအောက်တွင် တာယင်အင်ပါယာ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ပြီး စစ်သည်သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရရာ အင်ပါယာတစ်ခုလုံး၏ စိတ်ဓာတ်ခွန်အားများ ကြီးမားစွာ ထိခိုက်သွားခဲ့ရသည်။ ဧကရာဇ်၏ ဩဇာအာဏာမှာလည်း ကြီးမားစွာ ကျဆင်းသွားခဲ့ရ၏။

တာ့ကျိုးအင်ပါယာ အင်အားနည်းနေချိန်က စစ်မတိုက်ဘဲ အင်အားကြီးလာချိန်အထိ အဘယ်ကြောင့် စောင့်နေခဲ့သနည်းဟု လူတိုင်းက တာယင် ဧကရာဇ်ကို မေးခွန်းထုတ်လာကြသည်။

တာယင် ဧကရာဇ်မင်းမြတ်သည် ထိုမျှလောက် မိုက်မဲသူ မဟုတ်ပေ။ တာယင်အင်ပါယာ နန်းတွင်းတွင် အရည်အချင်းရှိသူ များစွာရှိပြီး စစ်သူကြီးများနှင့် ဝန်ကြီးများစွာက တာ့ကျိုးအင်ပါယာကို ဝင်ရောက် တိုက်ခိုက်ရန် အကြံပြုခဲ့ကြသော်လည်း ဧကရာဇ်က ပယ်ချခဲ့ခြင်း ဖြစ်၏။

ဧကရာဇ်မင်းမြတ်သည် မည်သည့်အရာကို တွေးတောနေပြီး မည်သည့်အရာကို လုပ်ဆောင်လိုနေကြောင်း အားလုံးက နားမလည်နိုင်အောင် ဖြစ်နေကြသည်။

တာယင် ဧကရာဇ်သည် မျှော်လင့်ချက် အားလုံးကို ယွင်ကျုံးဟဲ့အပေါ် ပုံအပ်ထားခြင်းလား။ မဖြစ်နိုင်ပေ။ ထိုကိစ္စ၏ နောက်ကွယ်တွင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်များနှင့် အမှန်တရားများ ရှိနေနိုင်၏။

စစ်ပွဲနှစ်ကြိမ် ရှုံးနိမ့်ပြီးနောက် တာယင်အင်ပါယာအတွင်း ဝမ်းနည်းကြေကွဲမှုများ ဖုံးလွှမ်းနေသော်လည်း စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ နာကြည်းချက်များဖြင့်သာ ပြည့်နှက်နေခဲ့၏။ လူတိုင်းက လေခွင်းမြို့ စစ်ပွဲတွင် အခြေအနေကို ပြန်လည်ထိန်းသိမ်းကာ အရှက်ရမှုကို ဆေးကြောရန်သာ တွေးတောနေကြသည်။

တာယင်အင်ပါယာ တပ်ဖွဲ့များ ဆုတ်ခွာပြီး တတိယ ခံစစ်မျဉ်းကို တည်ဆောက်နေချိန်တွင် တာ့ကျိုး အင်ပါယာသည်လည်း အနားယူနေခဲ့သည်။ တစ်လအကြာတွင် ထျန်းကျိုး ဧကရာဇ်သည် စစ်သည် ခြောက်သိန်းကို ဦးဆောင်ကာ မြောက်ဘက်သို့ ချီတက်လာခဲ့ပြန်၏။

တာ့ကျိုးအင်ပါယာအတွင်း ထပ်မံ ရူးသွပ်သွားကြပြန်ပြီး ထျန်းကျိုး ဧကရာဇ်သည် တာ့ကျိုးအင်ပါယာကို အောင်ပွဲများဆီသို့ ခေါ်ဆောင်သွားမည်ဟု အားလုံးက ယုံကြည်နေကြသည်။

တာရှအင်ပါယာနှင့် တာရှီအင်ပါယာတို့သည်လည်း အံ့အားသင့်သွားကြသည်။ စစ်ပွဲစတင်ချိန်က ထိုအင်ပါယာနှစ်ခုသည် တာယင်အင်ပါယာ၏ နယ်စပ်ကို ခြိမ်းခြောက်ရန် တပ်ဖွဲ့များ စေလွှတ်ခဲ့ကြ၏။

တာယင်အင်ပါယာ အနိုင်ရမည်ဟု သူတို့ ယုံကြည်ထားသောကြောင့် တာ့ကျိုးအင်ပါယာ ကျဆုံးမည့် အန္တရာယ်နှင့် ကြုံတွေ့လာပါက ဝင်ရောက်ကူညီရန် ဆုံးဖြတ်ထားခဲ့ကြခြင်း ဖြစ်သည်။

အင်ပါယာလေးခုသည် အင်အားမျှတမှုကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး တစ်ခုတည်း အင်အားကြီး လာခြင်းမျိုးကို ခွင့်မပြုနိုင်ပေ။

သို့ပေမည့် ယခုအခါ တာ့ကျိုးအင်ပါယာက အဆက်မပြတ် အောင်ပွဲခံကာ အင်အားကြီးမားလှသော တာယင်အင်ပါယာ ဆုတ်ခွာနေရမည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြချေ။

ထို့ကြောင့် တာရှီအင်ပါယာနှင့် တာရှအင်ပါယာတို့သည် နယ်စပ်မှ တပ်ဖွဲ့များကို ရုပ်သိမ်းကာ တာယင် အင်ပါယာ မြို့တော်သို့ သံတမန်များ စေလွှတ်ခဲ့ကြ၏။

အဓိက အကြောင်းအရာမှာ တာယင်အင်ပါယာ အနေဖြင့် မည်သို့ပင်ဖြစ်စေ ဆက်လက်တောင့်ခံထားရန်နှင့် လေခွင်းမြို့ စစ်ပွဲတွင် လုံးဝ မရှုံးနိမ့်ရန် ဖြစ်သည်။ အကယ်၍ ရှုံးနိမ့်သွားပါက နောက်ဆက်တွဲ အခြေအနေမှာ တွေးကြည့်၍ပင် မရနိုင်တော့ပေ။

တာ့ကျိုးအင်ပါယာ၏ တပ်တော်က တာရှီနှင့် တာရှ အင်ပါယာတို့ကိုပါ ထိတ်လန့်သွားစေခဲ့သည်။ တာယင် အင်ပါယာ ဆက်လက်တောင့်ခံနိုင်ရန်အတွက် အင်ပါယာနှစ်ခုက အချက်ပေါင်းများစွာကို သဘောတူခဲ့ပြီး အဆုံးတိုင် ကူညီထောက်ပံ့ရန် ပြင်ဆင်ထားကြ၏။

တာယင်နှင့် တာ့ကျိုး အင်ပါယာနှစ်ခုလုံး အင်အားကုန်ခမ်းကာ အတူတကွ ပျက်စီးသွားခြင်းက အကောင်းဆုံး ဖြစ်သည်ဟု သူတို့ တွေးတောထားကြသည်။

ထျန်းကျိုး ဧကရာဇ်၏ စစ်သည် ခြောက်သိန်းသည် ဧရာမ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ လေခွင်းမြို့ ခံစစ်မျဉ်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ ဖြစ်၏။

အင်ပါယာနှစ်ခု၏ ကံကြမ္မာကို ဆုံးဖြတ်မည့် တတိယအကြိမ်မြောက် အဆုံးအဖြတ် စစ်ပွဲကြီး မကြာမီ စတင်တော့မှာဖြစ်သည်။ ဤအချိန်အထိ ထျန်းကျိုး ဧကရာဇ်သည် သူ၏ လျှို့ဝှက်လက်နက် နှစ်ခုကို အသုံးမပြုရသေးပေ။

All Chapters