အခန်း ၁၅၁
Vol. 14 Ch. 151
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၄)အပိုင်း ၁၅၁]
မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်း အဆင့်ကနေ ကောင်းကင်ယွမ်ကနဦးအဆင့် ကို တက်လှမ်းသွားပြီးနောက်တွင် လုံချန်၏ သွေးနဂါးချီစွမ်းအင် သည် မူလတုန်းကထက် ဆယ်ဆလောက် ပိုပြီးသိပ်သည်းလာသည်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် မှာ ရှိခဲ့စဉ်ကတော့ သူသည် နဂါးဝိညာဉ်ချီစွမ်းအင်ကို အသုံးပြုကာ မိုးကြိုးမီးလျှံကျောက်တုံး အလုံး ၃၀ အထိ ပေါင်းစပ်နိုင်ခဲ့သည်။ ယခုလက်ရှိ ကောင်းကင်ယွမ်ကနဦးအဆင့် ကို တက်လှမ်းခဲ့ပြီးနောက်တွင် လုံချန်၏ အစစ်အမှန်ချီစွမ်းအင်သည် အတိတ်ကထက် ၁၀ ဆ ခန့် မြင့်တက်လာသောကြောင့် ကျန် မိုးကြိုးမီးလျှံကျောက်တုံးများနှင့် ပေါင်းစပ်နိုင်သင့်သည်။ အကယ်၍ မိုးကြိုးမီးလျှံကျောက်တုံးအားလုံးကို ပေါင်းစပ်နိုင်ခဲ့လျှင် လုံချန်အနေဖြင့် မိုးကြိုးမီးလျှံခန္ဓာကိုယ် အဆင့် ၂ သို့ ရောက်ရှိလိမ့်မည်ဟု ယုံကြည်နေသည်။
“မိုးကြိုးမီးလျှံကျောက်တုံး နဲ့ ပေါင်းစပ်ရင် နာကျင်မှုက အရမ်းကြောက်စရာကောင်းတယ်။ ငါ့ သွေးနဂါးခန္ဓာကိုယ် နဲ့ မူလအစပြန်သွားခြင်းကျင့်စဉ် မရှိရင် ကန့်သတ်ချက်ကို ရောက်တဲ့အခါတိုင်း ဒီ အတိုင်းအဆမရှိတဲ့ နာကျင်မှု ကို ခံနိုင်မှာ မဟုတ်လောက်ဘူး”
လုံချန် က သူ့ကိုယ်သူ အလွန်ပင် ကံကောင်းသလို ခံစားရသည်။ မွေးရာပါစွမ်းအား ဖြစ်သည့် သွေးချီပြောင်းလဲခြင်းကျင့်စဉ် နှင့် အခြား အဆင့်မြင့်ကျင့်စဉ်များ ရှိနေသော်လည်း ကျင့်ကြံရေးလမ်းစဉ်သည် လွယ်ကူမနေခဲ့မှန်း သိသာလှသည်။
“ဘာမှ မမှားရင် ဒီ မိုးကြိုးမီးလျှံကျောက်တုံးတွေ က နင့်ကို မိုးကြိုးမီးလျှံခန္ဓာကိုယ် အဆင့် ၂ ရောက်အောင် ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ... လုံချန် ! နင်က ကိုယ့်ကိုယ်ကို အရမ်းကြီး ဖိအားမပေးပါနဲ့။ အဲ့ဒါ အန္တရာယ်များတယ်” လင်းရှီ က စိုးရိမ်နေသည့်အသံဖြင့် ပြောသည်။ ဤအတောအတွင်း သူမလေးက ကလေးဆန်သောစိတ်များ ပျောက်ကာ ရင့်ကျက်လာခဲ့သည်။
“သုံးဆယ့်တစ်လုံး...”
ကောင်းကင်ယွမ်ချီစွမ်းအင်က မိုးကြိုးမီးလျှံကျောက်တုံး၏ စွမ်းအားကို ဖိနှိပ်ကာတွေ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။ အပြာရောင် မီးလျှံစွမ်းအင်နှင့် လျှပ်စီးစွမ်းအင်နှစ်မျိုးက လုံချန်၏ခန္ဓာကိုယ်ထဲမှာ ဝင်လာပြီး ယခင် ပေါင်းစပ်ထားသည့် မိုးကြိုးမီးလျှံစွမ်းအင်များကို ချက်ချင်း နှိုးဆွလိုက်သည်။ ခန္ဓာကိုယ်အတွင်းပိုင်းမှာ အလွန်ပြင်းထန်လှသော ချီစွမ်းအင်များ ရိုက်ခတ်နေသည်။ အရိုး၊အကြော၊ အသားနှင့် ခန္ဓာကိုယ်တစ်ခုလုံး ဖျက်ဆီးခံရပြီးနောက်မှာ ခန္ဓာကိုယ် က “အသစ်တစ်ဖန် ပြန်မွေးဖွား”လာသည်။ မူလအစပြန်သွားခြင်းကျင့်စဉ်၏ အကူအညီဖြင့် လုံချန်၏ “ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်”က တခြားကျင့်ကြံသူများထက် အဆမတန် မြန်ဆန်ခဲ့ပါသည်။
ဤအတောအတွင်း ကောင်းကင်ယွမ်အဆင့် ချီစွမ်းအင်က မိုးကြိုးမီးလျှံကျောက်တုံးကို ဖိနှိပ်ရ ပိုလွယ်ကူကြောင်းလည်း တွေ့လိုက်ရသည်။ ပထမဆုံး သိပ်ပြီးအားထုတ်စရာပင် မလိုက်လိုက်ပါ၊ လွယ်ကူစွာပင် ပေါင်းစပ်နိုင်ခဲ့၏။
သိသာထင်ရှားသည့် တိုးတက်မှု ခံစားရသည်နှင့် လုံချန်လည်း သက်ပြင်းချလိုက်ပါသည်။
“နောက်တစ်လုံး ထပ်ပြီး ပေါင်းစပ်မယ်.... ”
..
တစ်ဆယ့်သုံးလုံး အထိ ပေါင်းစပ်ပြီးနောက်တွင် လုံချန်၏ခန္ဓာကိုယ်က မိုးကြိုးမီးလျှံကျောက်တုံးများ၏ ဖိအားကို အနည်းငယ် ခံနိုင်ရည် ရှိလာသည်။ဆိုလိုသည်မှာ သူ့ကို အရင်တုန်းကလိုမျိုး အန္တရာယ် ဖြစ်စေမည်မဟုတ်တော့ပါ။ သို့သော်လည်း ခန္ဓာကိုယ်ခုခံနိုင်စွမ်းက အကန့်အသတ်တော့ ရှိနေသေး၏။
“မိုးကြိုးမီးလျှံကျောက်တုံး နဲ့ ပေါင်းစပ်ရတာ အရင်တုန်းကထက် အရမ်း လွယ်ကူလာတယ်...”
လုံချန် လည်း အံ့အားသင့်မိသည်။
အချိန်က တဖြည်းဖြည်းနှင့် ကုန်သွား၏။ လုံချန်က ရပ်နားနေခြင်းမရှိဘဲ မိုးကြိုးမီးလျှံကျောက်တုံး တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ပေါင်းစပ်ခဲ့သည်။ သူ့ ရှေ့မှာ ပုံထားသည့် မိုးကြိုးမီးလျှံကျောက်တုံး အရေအတွက်ကလည်း တဖြည်းဖြည်း လျော့နည်းလာသည်။ ကုန်ခါနီး ရောက်လာသည့်အချိန်မှာတော့ ပေါင်းစပ်ချိန်က အလွန်ကြာလာပေသည်။ သို့ရာတွင် ယခင်ကဲ့သို့ အန္တာရယ်တော့မရှိခဲ့ပါ။
“မိုးကြိုးမီးလျှံကျောက်တုံး လေးဆယ့်ကိုးလုံး က တစ်ရက်လုံးလုံး ကုန်သွားတာပဲ။ တစ်ရက် က အချိန် သိပ်မကြာပေမဲ့ အခု နောက်ဆုံးပိတ်လုပ်ငန်းစဉ်က တကယ် ကြောက်စရာ ကောင်းတယ်”
လေးဆယ့်ကိုးလုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးများနှင့် ပေါင်းစပ်သည့်အချိန်ကို ပြန်တွေးမိရင်း လုံချန် က ကြောက်လန့်သွားမိသည်။ သူ့ရှေ့တွင် ၉ လုံး ကျန်နေသေး၏။
“ကံကောင်းတာ က လဲ့လန်ရဲ့ ကျေးဇူးကြောင့် ဆယ်လုံး ထပ်ရခဲ့တာ။ မဟုတ်ရင် မိုးကြိုးမီးလျှံခန္ဓာကိုယ်က နောက်တစ်ဆင့် မရောက်နိုင်သေးဘူး။ ဒါပေမဲ့ အခု...”
လုံချန် ခံစားမိသည်က အဆင့် ၂ ရောက်ရန် ခြေလှမ်းတစ်ဝက်စာလောက်ကွာဟနေသေးကြောင်းပင်။
“အလုံး ငါးဆယ်မြောက် မိုးကြိုးမီးလျှံကျောက်တုံး က အဆင့်တက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ”
လက်ရှိတွင် လုံချန်က အလွန် အေးဆေး တည်ငြိမ်နေသည်။ အရေးကြီးသည့်အချိန် ရောက်လေလေ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တည်ငြိမ်ရန် လိုအပ်လေလေပင်ဖြစ်သည်။
“အဲ့ဒီ အလုံး ၅၀ မြောက် မိုးကြိုးမီးလျှံကျောက်တုံး က နင့်အတွက် နည်းနည်း အန္တရာယ်များတယ်။ လုံချန် ! နင် နောက်တစ်လုံး ထပ်ပြီးပေါင်းစပ်ချင်တာ သေချာလား”
လင်းရှီ က လုံချန်ရှေ့ရှိ ကျောက်တုံးအပုံကို စိုက်ကြည့်ရင်း စိုးရိမ်စွာ မေးလိုက်သည်။
လုံချန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခေါင်းညိတ်လိုက်၏။
“အောင်မြင်မှု နဲ့ ပျက်စီးမှု က အလုံး ငါးဆယ်မြောက် မိုးကြိုးမီးလျှံကျောက်တုံး ပေါ်မှာ မူတည်နေတယ်။ ဒီအချိန်ရောက်နေမှတော့ ဘယ်လို လက်လျှော့နိုင်မှာလဲ”
အေးဆေးတည်ငြိမ်သော လုံချန်၏ပြောသံကို ကြားလိုက်သည့်အခါ လင်းရှီ၏မျက်နှာလေးက နာကျင်မှုများပေါ်လာသည်။ ထိုလူငယ်၏ ပခုံးပေါ် မှာ ကြီးမားလေးလံသော တာဝန်များ ထမ်းပိုးထားရကြောင်း သိနေလို့ပင်ဖြစ်သည်။
“တစ်ဖက်မှာ သူမ အတွက်၊ အခြားတစ်ဖက်တွင် ယန်လင်းချင်၊ နောက်ဆုံးမှာ မိုရှောင်းလန် “ လူအများကြီး ရှိနေလေရာ သူ့ကို အေးအေးဆေးဆေး နေခွင့် မပေးခဲ့ပေ။ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲ မအောင်မြင်ပါက လုံချန်ဟာ ကျရှုံးသွားနိုင်ချေများ၏။ အင်အား မရှိပါက ချူယွန်ရှီ သို့မဟုတ် ဂျင်ရှင်းအန် က သူ့ကို အသာလေး နင်းချေသွားနိုင်သည်။
“ရှီအာလေး၊ နောက်ဆုတ်လိုက်ပါ ”
လုံချန် က အလုံး ငါးဆယ်မြောက် မိုးကြိုးမီးလျှံကျောက်တုံးကို ကောက်ယူလိုက်ပြီး ကျန်ရှိနေသော ရှစ်လုံး ကို သိမ်းထားလိုက်သည်။ ဤ သုံးရက်အတွင်း စုစုပေါင်း ဆယ့်ကိုးလုံး ပေါင်းစပ်နိုင်ခဲ့သည်။ အကျိုးသက်ရောက်မှုက အရင်က ထက် အများကြီး ပိုမြင့်တက်လာသည်။
“ရွေးချယ်ပွဲ မစခင် ဒီ ကျောက်တုံး တစ်လုံးကို ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်တယ်။ ဒါတောင် နောက်တစ်ဆင့် မရောက်ရင် ကျန်တဲ့ဟာတွေ အခု မလိုအပ်သေးဘူး”
လုံချန်က တွေးရင်း စိတ်မသက်မသာဖြစ်နေသည်။
လင်းရှီ က နားလည်သည့်ပုံစံဖြင့် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွား၏။ သူမ၏မျက်နှာက ရုတ်တရက် တောက်ပလာပြီး ပျော်ရွှင်စွာ အော်လိုက်သည်။
“ဟုတ်တယ်၊ ငါ ဘယ်လို မေ့နေတာလဲ။ ဒါက ဆန်းကြယ်အဆင့်မြင့် ခန္ဓာကိုယ်ကျင့်စဉ်လေ။ လုံချန်က သေချာပေါက် ကျင့်ကြံနိုင်တယ်”
လုံချန်ကတော့ မသိခဲ့ပေ။ သူက အလုံး ငါးဆယ်မြောက် မိုးကြိုးမီးလျှံကျောက်တုံးကို စမ်းသပ်ရန်ပြင်ဆင်နေသည်။ မိုးကြိုးမီးလျှံကျောက်တုံး ကို ကောက်ယူလိုက်ပြီး ချီစွမ်းအင်ဖြင့် ဖိနှိပ်ကာ ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်၏။
လျှပ်စီးစွမ်းအင်နှင့် မီးလျှံစွမ်းအင်များ အထပ်ထပ်ရစ်ပတ်ထားသည့် မိုးကြိုးမီးလျှံကျောက်တုံးက ကောင်းကင်ယွမ်အဆင့် ချီစွမ်းအင်ဖြင့် ဖိနှိပ်ခံရပြီး မီးလျှံချော်ရည်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လုံချန်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ လုံချန်က ရုတ်တရက် မျက်ခုံးကြောများ တွန့်ကွေးသွားသည်။
“သေချာတယ်။ အရင်အကြိမ်တွေတုန်းကထက် ဆယ်ဆလောက် ပြင်းထန်တယ်။ တောင့်ခံနိုင်ရင် အမြန်ဆုံး ပေါင်းစပ်နိုင်မှာပဲ”
အလုံးငါးဆယ်မြောက်မိုးကြိုးမီးလျှံကျောက်တုံးကခန္ဓာကိုယ်ထဲကို ဝင်လာသည့်အချိန်မှာ ခန္ဓာကိုယ်အတွင်းမှာ မိုးကြိုးလေပြင်းများ အဆက်မပြတ် တိုက်ခတ်နေသလို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးလည်း ပြင်းထန်စွာတုန်ခါနေ၏။ ကိုယ်တွင်းအင်္ဂါများလည်း ဆက်တိုက် လောင်ကျွမ်းခံနေရသည်။ ဤအရာသည် အစသာ ရှိနေသေး၏။ လုံချန်၏မျက်နှာပေါ်မှာ မချိမဆန့်နာကျင်မှုများ ပေါ်လာခဲ့သည်။ သူ၏မျက်နှာက ချက်ချင်း ပုံပျက်ပန်းပျက်ဖြစ်သွားသည်။ ဘယ်လောက် နာကျင်နေမှန်း သိသာလေသည်။
“လုံချန် ...”
ဤအခြေအနေ မြင်လိုက်သည့်အခါ လင်းရှီ ကရုတ်တရက် စိုးရိမ်သွားခဲ့သည်။ ရှေ့ ပျံသန်းလာစဉ် ကြောက်မက်ဖွယ် မိုးကြိုးမီးလျှံစွမ်းအင်စက်ကွင်းက လင်းရှီ ထံ ပျံ့လွင့်လာသည်။ ပတ်ပတ်လည် လေထုက ချက်ချင်း ပြာကျသွား၏။
လင်းရှီက ထိတ်လန့်သွားပြီး အလျင်စလို ရှောင်လိုက်ရသည်။
ဤ မီးလျှံစွမ်းအင်စက်ကွင်းက လုံချန်၏ ခန္ဓာကိုယ် ကနေ ပေါက်ကွဲထွက်လာသည့် စွမ်းအင်လှိုင်းတစ်ခုသာဖြစ်လေသည်။ ဤအချိန်တွင် လုံချန်က အားယူကာ အော်ပြောလိုက်သည်။
“အနားကပ်မလာနဲ့ ...”
လုံချန်၏အသံက ဝါးတားတားဖြစ်နေပြီး မချိမဆန့်နာကျင်နေသည်မှာ သိသာလှသည်။ သို့ရာတွင် နာကျင်မှုကို အံကြိတ်ပြီးတောင့်ခံရင်း သူမအတွက်ပင် လှမ်းအော်လိုက်ပါသေးသည်။ လင်းရှီ က ငိုကြွေးလုနီးပါးပင်ဖြစ်လာသည်။
တစ်ဖက်မှာ လုံချန် ကို စိုးရိမ်နေသော်လည်းပဲ အခြားတစ်ဖက်မှာတော့ သူမ၏လုပ်ရပ်က လုံချန် ပေါင်းစပ်နေသည့် လုပ်ငန်းစဉ်ကို အနှောင့်အယှက် ပေးမိသလို ဖြစ်မည်ကို စိုးရိမ်နေသည်။
“လုံချန်၊ နင် အဆင်ပြေရဲ့လား...”
လင်းရှီ၏မျက်နှာသေးသေးလေးက ဖြူဖျော့နေပါသည်။ လုံချန်၏ပုံစံက အခြေအနေ သိပ်မကောင်းမှန်း သိသာနေလို့ပင်။
ဤအချိန်မှာပဲ မိုးကြိုးလျှပ်စီးစွမ်းအင်နှင့် မီးလျှံစွမ်းအင်သည် လုံချန်၏ခန္ဓာကိုယ်ကနေ ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
ဝုန်း....ဝုန်း...ရှဲ....ရှဲ...
ခရမ်းရောင်မီးတောက်များက လုံချန်၏ခန္ဓာကိုယ်ကို လွှမ်းခြုံလာသည်။ မီးတောက်များကြားတွင်လည်း သွေးနီရောင်လျှပ်စီးကြောင်းများ တဖျပ်ဖျပ်လက်နေသည်။ ချက်ချင်းဆိုသလိုပဲ မတူညီသောစွမ်းအင်နှစ်မျိုးပေါင်းစပ်သွားပုံရ၏။ ဒီအချိန်မှာ လင်းရှီနှင့် လုံချန် တို့ကြားမှ ဆက်နွယ်မှုသည် ရုတ်တချည်း ပြတ်တောက်သွားသည်။
လင်းရှီ က စိုးရိမ်တကြီးဖြစ်နေခဲ့သည်။ အခန်းပတ်ပတ်လည်ကို အဆက်မပြတ် ပျံသန်းနေရင်း ဘာလုပ်ရမှန်းလည်းမသိခဲ့ပေ။ သူမ ဝင်လှုပ်ရှားလိုက်လျှင်လည်း လုံချန်အား တန်ပြန်ရိုက်ခတ်သွားနိုင်၏။
“ငါ့ကို ယုံပါ။ ငါ အဆင်ပြေပါတယ်”
ဤအချိန်တွင် လုံချန်၏အသံက ပီပီသသ ထွက်လာခဲ့သည်။ လင်းရှီမှာတော့ မျက်နှာသေးသေးလေးက ငိုမဲ့မဲ့ဖြစ်နေ၏။
“နင် လူဆိုးကောင်၊ ငါ့ကို အရမ်းစိုးရိမ်ရအောင် လုပ်ဖို့ပဲ သိတယ်။ နောက်တစ်ခါ ဒီလိုလုပ်ရင် ငါ နင့် အသက်ကို ဂရုစိုက်တော့မှာ မဟုတ်ဘူး”
လင်းရှီ၏ အချိန်တော်တော်ကြာ ပျောက်ဆုံးနေခဲ့သော ပျော်ရွှင်မှုက ထိုလူငယ်နှင့်တွေ့ဆုံပြီးနောက် ပြန်ရလာခြင်းဖြစ်သည်။ လုံချန်သာ မရှိခဲ့လျှင် သူမ၏ ဘဝက ဤလောကကနေ အပြီးတိုင် ပျောက်ကွယ်သွားပြီဖြစ်သည်။ အမှန်တိုင်းဆိုရလျှင် လုံချန်က သူမကို ကယ်တင်ခဲ့သူ ဖြစ်လေသည်။ ထို့အပြင် နှစ်ယောက် အတူရှိနေသည်မှာ အချိန်ကြာပြီဖြစ်ရာ ယောက်ျား နှင့် မိန်းမ ကြားက ထူးဆန်းသောခံစားချက်မျိုး ရှိလာသည်မှာ
“ငါ ဘယ်လို လုပ်ရမလဲ။ အမေ... ငါ့ အနာဂတ် ဘယ်လိုနည်းနဲ့မှ ကျရှုံးလို့မရဘူး...”
ဤအချိန်တွင် လုံချန်ကို ကြည့်ရင်း လင်းရှီ၏နှလုံးသားမှာ ရုတ်တရက် ဗလာကျင်းသွားသည်။ လက်ရှိမြင်ကွင်းက သူမကို အလွန် ကြောက်လန့်စေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် အဆုံးမဲ့မိုးကြိုးလျှပ်စီးကြောင်းများနှင့် မီးတောက်များ ပေါက်ကွဲထွက်လာလေသည်။ ပြင်းထန်လွန်းလှသော အပူရှိန်ကြောင့်အခန်း တစ်ခုလုံး အရည်ပျော်ကျလုမတတ်ပင်။
“လုံချန် ...”
လင်းရှီက စိုးရိမ်ကြီးစွာ အော်ဟစ်လိုက်သည်။ ဤအချိန်မှာပဲ မီးတောက်များနှင့် လျှပ်စီးကြောင်းများ ရုတ်တရက် ကျုံ့ဝင်သွားကာ မှုန်ဝါးဝါးပုံရိပ် တစ်ခု က ပါးစပ်ဟ၍ ဝါးမျိုပစ်လိုက်သည်။ ခဏအကြာတွင်တော့ လုံချန်၏ ပုံရိပ်က လင်းရှီ ရှေ့မှာ တဖြည်းဖြည်း ပေါ်လာခဲ့သည်။
ယခုလက်ရှိ လုံချန် က ကောင်းကင်ယွမ်ကနဦးအဆင့်သို့ တက်လှမ်းစဉ်အချိန်ကနှင့် ယှဉ်လျှင် သိသိသာသာပြောင်းလဲသွား၏။ သူ့ မျက်လုံးထဲမှာ ရွေ့လျားနေသည့် မီးတောက်များ နှင့် ခန္ဓာကိုယ်ကနေ လျှပ်စီးကြောင်းများ တဖျပ်ဖျပ်လက်နေသည်။
လုံချန်က အချိန်ခဏလေးအတွင်း မိုးကြိုးမီးလျှံကျောက်တုံး အလုံး ၅၀ ထိ ပေါင်းစပ်နိုင်ခဲ့သော်လည်း အသက်သေဆုံးလုနီးပါးအခြေအနေကို ရောက်သွားခဲ့ရသည်။ ဤတစ်ကြိမ် လေ့ကျင့်မှုက တော်တော်လေး အန္တရာယ်များခဲ့၏။ အဆုံးသတ်၌ လုံချန်က ကျော်လွှားနိုင်ခဲ့သည်။ အဓိကက သူ့ နှလုံးသားထဲမှ ယုံကြည်မှုကြောင့်ပင်ဖြစ်သည်။
လင်းရှီက လုံချန် ရှေ့မှာ ရပ်နေရင်း ငိုမဲ့မဲ့မျက်နှာလေးဖြင့် အပေါ်အောက် စုံဆန်ကြည့်နေသည်။
“မိန်းမငယ်လေး၊ ငါ့ အဆင့် ၂ မိုးကြိုးမီးလျှံခန္ဓာကိုယ်ကို မြင်ပြီးတော့ မင်းရဲ့ နှလုံးသားက တော်တော်လေး လှုပ်ခတ်သွားတာများလား” လုံချန်က တဟားဟား ရယ်မောလိုက်၏။
“နင် လူဆိုးကောင် ...”
လင်းရှီက ဒေါသတကြီး စိုက်ကြည့်နေသည်။ ထို့နောက် အနည်းငယ် ညည်းတွားလိုက်ပြီး လုံချန်အား လှည့်ပတ်ကြည့်ရင်း ပျော်ရွှင်စွာ မေးလိုက်ပါသည်
“ဟေ့၊ ငါ့မှာ ဆန်းကြယ်အဆင့်မြင့် ကျင့်စဉ် တစ်ခု ရှိတယ်။ သင်ယူချင်လား ”
“ဟမ် ...။ မင်းမှာ ဘယ်တုန်းက ဆန်းကြယ်အဆင့်မြင့် ကျင့်စဉ် ရှိသွားတာလဲ”
လင်းရှီ၏မျက်နှာသေးသေးလေးက ရှက်ရွံ့မှုကြောင့် နီရဲလာသည်။
“ငါ ငယ်ငယ်တုန်းက ကစားလို့ရအောင် အဖေက သင်ပေးခဲ့တာ။ အစပိုင်းမှာ မေ့သွားတယ်။ အခုမှ ရုတ်တရက်ကြီး ပြန်မှတ်မိလာတာ...”
“ရုတ်တရက်ကြီး ပြန်မှတ်မိလာတာလား ...”လုံချန်က မျက်လုံး လှန်ကြည့်လိုက်သည်။
“လိမ်နေတာ ရပ်လိုက်ပါ။ မင်းရဲ့ အစ်ကြီး ကို အခု သင်ပေးတော့ ...”
“ဘယ်က အစ်ကိုကြီး လဲ” လင်းရှီက သူ့ကို မျက်လုံး လှန်ကြည့်လိုက်ပြီး မကျေမနပ်လေသံဖြင့် ပြန်ပြောသည် “ငါ့ကို မမလေး လို့ ခေါ်မှ သင်ပေးမယ်။ ဟမ့် ....”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ