အခန်း ၁၅၂
Vol. 14 Ch. 152
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၄)အပိုင်း ၁၅၂]
အတွင်းစည်းဂိုဏ်းဝင်ခွင့် ရွေးချယ်ပွဲ စတင်ရန် အချိန် ၂ ရက်သာ ကျန်ရှိတော့သည်။
လုံချန်၏ပုံမှန် အရှိန်ဖြင့်ဆိုပါက အချိန် နှစ်ရက်အတွင်း ဆန်းကြယ်အဆင့်မြင့် ကျင့်စဉ် တစ်ခုကို လုံးဝ သင်ယူနိုင်မှာ မဟုတ်ချေ။ သို့သော်လည်း လင်းရှီက ကျင့်စဉ်၏ပိုင်ရှင် ဖြစ်နေသည့်အတွက် သူမ၏လမ်းညွှန်ပေးမှုနှင့်အတူ သဘာဝအတိုင်း အဆင့်ငယ်တစ်ခုထိ အောင်မြင်စွာလေ့ကျင့်နိုင်ခဲ့သည်။
“ဆန်းကြယ်အဆင့်မြင့် ကျင့်စဉ် — နတ်ဆိုး ဓားချီကျင့်စဉ်...”
ဤကျင့်စဉ်၏စွမ်းအားက ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး ထက် သာလွန်သည်။ လက်ရှိမှာ ကနဦးအဆင့်သာ ကျွမ်းကျင်ထားသော်လည်း ၎င်းက လုံချန်၏ အစွမ်းထက်ဆုံးတိုက်ခိုက်ရေးကျင့်စဉ် ဖြစ်လာသည်။ ထို့အပြင် လက်ချောင်းသိုင်းကျင့်စဉ် ဖြစ်သလို ဓားချီကျင့်စဉ် တစ်ခုလည်း ဖြစ်နေ၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားချီကျင့်စဉ် နှင့် လက်ချောင်းကျင့်စဉ်ကို ပေါင်းစပ်ထားသည်ဟုပင် ဆိုနိုင်သည်။ လုံချန်က လက်ချောင်းကို ဓားသဖွယ်အသုံးပြု၍ လေ့ကျင့်ခဲ့သည်။ ၎င်းက စွမ်းအားကို အနည်းငယ်အားလျော့စေသော်လည်း သာမန် ဆန်းကြယ်အဆင့်မြင့် ကျင့်စဉ်များထက် သာလွန်နေပါသေးသည်။
နတ်ဆိုးဓားလက်ချောင်း ကို လုံချန် ကျွမ်းကျင်သွားသည့်အခါ လင်းရှီက နတ်ဓားထဲ ပြန်ဝင်သွားပြီး ဆက်၍ကျင့်ကြံနေခဲ့သည်။ လုံချန် ကတော့ အခန်းအပြင်ထွက်လာခဲ့ပြီး သူတစ်ကိုယ်တည်း ကောင်းကင်ထက်ရှိ တောက်ပနေသော ကြယ်ရောင်စုံအလင်းများကို ခံစားနေလေသည်။
“အခု ငါ ကောင်းကင်ယွမ်ကနဦးအဆင့် ရောက်နေပြီ။ နဂါးဝိညာဉ်အသွင်ပြောင်းကျင့်စဉ်ကို ထုတ်သုံးရင် ငါ့ ချီစွမ်းအင် က ကောင်းကင်ယွမ်အလယ်အလတ်အဆင့် နဲ့ ယှဉ်နိုင်တယ်။ အတွင်းစည်းရွေးဂိုဏ်းခွဲ ဝင်ခွင့်ရွေးချယ်ပွဲ မှာ အားအကောင်းဆုံး ဂျင်ရှန်းအန် က ကောင်းကင်ယွမ်အလယ်အလတ်အဆင့် ပဲ ရှိနေသေးတယ်။ ချီစွမ်းအင် မှာ သိပ်ပြီး ကြီးကြီးမားမား ကွာဟမနေတော့ဘူး”
ကြယ်ရောင်စုံ လင်းလက်နေသည့် ကောင်းကင်ယံကို ငေးမောကြည့်နေရင်း လုံချန်က တွေးနေရင်း ရုတ်တရက် ရယ်မောလိုက်သည်။
“အဆင့် ၂ မိုးကြိုးမီးလျှံခန္ဓာကိုယ် က ဆန်းကြယ်အဆင့်မြင့် ခန္ဓာကိုယ်ကျင့်စဉ် နဲ့ နှိုင်းယှဉ်နိုင်တယ်။ ရွှေခန္ဓာကိုယ် နဲ့ ယှဉ်ရင် အားနည်းနေပါ့မလား။ ဒါ့အပြင် ငါ့မှာ ဆန်းကြယ်အဆင့်မြင့် ကျင့်စဉ် ဖြစ်တဲ့ နတ်ဆိုးဓားလက်ချောင်း ရှိတယ်။ ချူယွန်ရှီ၊ ဂျင်ရှန်းအန်၊ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲမှာ ငါ့ကို ဒူးထောက်ခိုင်းချင်ရင် ဒါမှမမဟုတ် သတ်ချင်ရင် မင်းတို့ စောင့်ကြည့်နေလိုက်စမ်း”
ည လေပြည်လေညှင်း တိုက်ခတ်လာသည်နှင့် လုံချန်က ခန္ဓာကိုယ်ကို ဆန့်ကာ အကြောအချင်များ ဖြေလျှော့လိုက်သည်။ ဒီအချိန်မှာ သူ့စိတ်အစဉ်က လွတ်လပ်ပေါ့ပါးနေခဲ့သည်။
“ငါ့ ခွန်အားက အဆမတန် မြင့်တက်လာတယ်။ ဒါက ငါ့ကို မထီမဲ့မြင် လုပ်တဲ့သူတွေကို အံ့အားသင့်စေမယ်။ ပြီးရင်...”
လဲ့လန်၏ အချိုးအစား တောင့်တင်းပြေပြစ်သော ခန္ဓာကိုယ်ကို ပြန်မြင်ယောင်ရင်း လုံချန်က ရယ်မောလိုက်ပြန်ပါသည်။
“သူမ ပြောခဲ့တဲ့ စကားတွေ မှတ်မိနေသေးလား မသိဘူး။ ငါ အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲကို အောင်မြင်ခဲ့ရင်...”
ဤအချိန်တွင် လုံချန်က စိတ်အားတက်ကြွနေလေသည်။…………
ပထမလ၏ ပထမဆုံးနေ့ ...။
အတွင်းစည်းဂိုဏ်းခွဲ (၉)ခုစလုံးတွင် ဆူညံသံများ ပြည့်နှက်နေသည့် နေ့တစ်နေ့ပင် ဖြစ်လေတော့သည်။
လင်းဝူမိသားစု က ၎င်း၏အင်အားကို အတွင်းစည်း နှင့် အပြင်စည်း ဟူ၍ အင်အားစု နှစ်စု ခွဲထားသည်။ အတွင်းစည်းက အပြင်စည်းအင်အားစုကို အုပ်ချုပ်သည်။ အပြင်စည်းအင်အားစုက အတွင်းစည်းအင်အားစုကြောင့်သာ ရပ်တည်နေနိုင်သည်ဟုဆိုနိုင်သည်။
ဤအရာက လူတိုင်း ကောင်းကောင်း သိထားကြသည့် အချက်ပင်။ လင်းဝူမိသားစု၏ ပင်မအင်အားက အတွင်းစည်းအင်အားစု သို့မဟုတ် အတွင်းစည်းဂိုဏ်းခွဲ (၄)ခု ပင်ဖြစ်၏။
ထို့ကြောင့်လည်း အပြင်စည်းဂိုဏ်းခွဲ (၉)ခု၏ ပါရမီရှင်များ က အတွင်းစည်းဂိုဏ်းခွဲသို့ ဝင်ရောက်နိုင်ရန် အစွမ်းကုန် ကြိုးစားကြသည်။ တစ်ခုတည်းသော နည်းလမ်းက အတွင်းစည်းဂိုဏ်း ဝင်ခွင့်ရွေးချယ်ပွဲ သာ ရှိ၏။ ဤနေ့၊ ပထမလ၏ ၁ ရက်နေ့က အပြင်စည်းဂိုဏ်းခွဲမှ ပါရမီရှင်များအားလုံး မျှော်လင့်တကြီး စောင့်နေကြသော အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲ ကျင်းပမည့်နေ့ ဖြစ်လေသည်။
လုံချန်လည်း ကိုယ်ပိုင်ခြံဝင်း ကနေ စောစောစီးစီး ကြိုထွက်လာလိုက်သည်။
ခြံဝင်းအပြင်ဖက်ကို လျှောက်လာချိန်တွင် လူ အများကြီး စောင့်နေကြကြောင်း မြင်တွေ့လိုက်ရသည်။ သူတို့အားလုံးက အစိမ်းရောင်နေမင်းဌာနခွဲ၏ အာဏာပိုင်များ၊ ထိပ်တန်းအဖွဲ့ဝင်များပင် ဖြစ်သည်။ ရှေ့ဆုံးမှာ ရပ်နေသည့် လူ က ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သော ခန်းမအရှင်လဲ့ယွမ် ပင်။ သူ့ ဘေးတွင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် အကြီးအကဲများနှင့် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ အကြီးအကဲများ၊ အခြား မြေကမ္ဘာယွမ်အဆင့် တပည့်များ ရှိနေကြသည်။ ဤလူစုကား အစိမ်းရောင်နေမင်းဌာနခွဲ၏ အထွတ်အထိပ် အင်အားပင်။
လင်းဝူမိသားစု ထဲကို စဝင်လာသည့်အချိန်က လုံချန် သည် ဤအခြေအနေကို ကြောက်ရွံ့ခဲ့သည်။ သို့ရာတွင် လက်ရှိ လူအုပ်ကြီးမှ ကြိုဆိုနေသည်ကို မြင်ရသောအခါ ဖိအားမခံစားရတော့ပေ။ သူ၏တိုးတက်မှုအရှိန်က မည်မျှ မြန်ဆန်ကြောင်း သိသာပါသည်။
လုံချန်က အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်ရွေးချယ်ပွဲကို ပါဝင်ခွင့် ရရှိခဲ့သောကြောင့် အစိမ်းရောင်နေမင်းဌာနခွဲ၏ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်ခဲ့သည်။
လုံချန်အနေဖြင့် အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်ကို အောင်မြင်ရန် မျှော်လင့်ချက် မရှိသော်လည်း ခန်းမအရှင် လဲ့ယွမ်၏စိတ်ထဲမှာ အလွန်ကျေနပ်နေသည်။ အားအင်ပြည့်ဝနေသည့် သူ့ရှေ့မှ လုံချန်ကို ကြည့်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။
“လုံချန် ! ဒီနေ့ မင်းအတွက် အကြီးကျယ်ခမ်းနားဆုံး နေ့တစ်နေ့ ဖြစ်တယ်။ အပြင်စည်းဂိုဏ်းခွဲ (၉)ခု ရဲ့ လူငယ်ပါရမီရှင် ထောင်ချီ ထဲက အယောက် နှစ်ဆယ်လောက်ပဲ အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်ရွေးချယ်ပွဲမှာ ပါဝင်ခွင့် ရခဲ့တယ်”
လုံချန် လည်း ဤ လူအိုကြီး သူ့ အပေါ် ဒေါသထွက်မနေကြောင်း မြင်လိုက်ရာ လဲ့လန်က လေလံပွဲမှ အဖြစ်အပျက်များကို သတင်းပြန်မပိုခဲ့မှန်း သိလိုက်သည်။ လုံချန်က လဲ့လန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ လက်ရှိတွင် သူမက လဲ့ယွမ် နံဘေး၌တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ မျက်နှာက ဆွဲဆောင်မှုရှိလှသည်၊ မြင်ရသူတိုင်းကို မခွဲနိုင်မခွာရက်နိုင်ဖြစ်စေသည်။
လဲ့လန်က လုံချန်၏အကြည့် ကို ခံစားမိလိုက်ပုံရပြီး လှည့်ကြည့်လိုက်သည်။ သူမ၏အကြည့်ထဲမှာ လုံချန်အား ပြင်းထန်သည့် မကျေနပ်မှု နှင့် စိတ်ပျက်နေသော အမူအရာများ ရှိနေသည်။ ဆန်းကြယ်အဆင့် ၆ သားရဲဝိညာဉ်ပုလဲကို နတ်ဝိညာဉ်ကျောက်တုံးဖြင့် လဲလှယ်ခဲ့သည့်အပေါ် မကျေမနပ်ဖြစ်နေသေးပုံပါ။
“သွားကြရအောင်။ နောက်ကျနေလို့ သိပ်အဆင်မပြေဘူး။ ငါ မင်းကို အစိမ်းရောင်ဧကရာဇ်ခန်းမရဲ့ မဟာအကြီးအကဲ ဆီ ခေါ်သွားပေးမယ်”
ဤနေ့ က အစိမ်းရောင်နေမင်းဌာနခွဲ၏ ဂုဏ်ယူစရာနေ့တစ်နေ့ ဖြစ်ခဲ့သည်။ ခန်းမအရှင် လဲ့ယွမ် က ဌာနခွဲ၏ အခြား အာဏာပိုင်များရှေ့မှာ မျက်နှာပြရဲလာသည်။ သူ့မျက်နှာ တစ်ခုလုံးက အားရကျေနပ်မှုအပြည့်ပါ။
“လုံချန် ! ကံကောင်းပါစေ။ ငါတို့ အစိမ်းရောင်နေမင်းဌာနခွဲရဲ့ ဂုဏ်ကျက်သရေကို ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အတွင်းစည်းဂိုဏ်းထဲ မဝင်နိုင်ခဲ့ရင်တောင် ပထမ အဆင့် ကို ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ”
“ဟုတ်တယ်။ တကယ်လို့ မင်းသာ ဉာဏ်ကောင်းပြီး ရန်သူ ကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ရင် ပထမအဆင့်ကို အောင်မြင်ဖို့ အခွင့်အရေး ရှိသေးတယ်”
ဤအချိန်တွင် လုံချန်နှင့်အတူ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲ ဆီ လိုက်ပါလာသူများကား ခန်းမအရှင်လဲ့ယွမ် နှင့် လဲ့လန် တို့နှစ်ယောက်သာ။
လုံချန် တို့ ထွက်သွားကြပြီးနောက် အခြားသော အာဏာပိုင်များက လက်ချင်းယှက်နှုတ်ဆက်ရင်းး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“လူတိုင်း၊ လုံချန်က အံ့အားသင့်ဖွယ် အရာတစ်ခုခု လုပ်ပြနိုင်မယ်လို့ ထင်လား”
အခြား ပြိုင်ပွဲဝင်များ၏ အင်အား ကို တွေးမိကြရင်း လူတိုင်း ခေါင်းခါကြသည်။
“ပါဝင်ခွင့် ရခဲ့တာ တစ်ခုတည်းနဲ့တင် သူ့အတွက် အမြဲတမ်းဂုဏ်ယူနေဖို့ လုံလောက်တယ်။ ဒီ ဂုဏ်သတင်းကို ထိန်းသိမ်းထားပြီးတော့ လုံးဝ ကျရှုံးမသွားအောင် မျှော်လင့်တယ်။ အဲ့ဒါဆို ခန်းမအရှင် ရဲ့ ပြုစုပျိုးထောင်မှုက အလကား မဖြစ်တော့ဘူး”…………
“ဟုတ်တယ်၊ လုံချန် ! မင်း သားရဲဝိညာဉ်ပုလဲ ကို သန့်စင်ပြီးပြီလား” အစိမ်းရောင်နေမင်းခန်းမ ကနေ ထွက်လာပြီး မကြာခင် ခန်းမအရှင်လဲ့ယွမ် က မုတ်ဆိတ်ရှည်များကို ပွတ်သပ်ကိုင်တွယ်ရင်း ရုတ်တရက် မေးလိုက်သည်။
လုံချန်လည်း အံ့အားသင့်သွားပြီး တစ်ချိန်လုံး အေးစက်ခက်ထန်နေသော လဲ့လန်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်၏။
“စိုးရိမ်မနေပါနဲ့၊ ခန်းမအရှင် ပေးတဲ့ လက်ဆောင်ကို အလဟာသဖြုန်းတီးပစ်လို့မရဘူး မဟုတ်လား”
လုံချန်၏ စကားအသွားအလာက သားရဲဝိညာဉ်ပုလဲကို သန့်စင်ပြီး ဖြစ်ကြောင်း ဆိုလိုပါသည်။ ထို့ကြောင့် ပြိုင်ပွဲတွင် လုံချန်၏အခွင့်အရေးက မရှိသလောက်နည်းပါးသော်လည်း စွမ်းဆောင်ရည်ကောင်းကောင်း ပြနိုင်ပါက ခန်းမအရှင်လဲ့ယွမ် ကို စိတ်ကျေနပ်စေပါလိမ့်မည်။
သို့သော် မမျှော်လင့်ဘဲ လုံချန်က ခန်းမအရှင်လဲ့ယွမ် ကို ပေါ်တင်လိမ်ညာနေခဲ့၏။ ဤသည်မှာမျက်နှာပြောင်တိုက်သော လုပ်ရပ်ပင်။ ဘေးနားရှိ လဲ့လန်က လုံချန်ကို စိုက်ကြည့်နေပြီး မျက်နှာတစ်ခုလုံး အေးစက်ခက်ထန်နေခဲ့သည်။
“အခု အဖေ့ကို လိမ်နေတာ ဘာအဓိပ္ပာယ်လဲ။ နင် ပြိုင်ပွဲမှာ တိုက်ခိုက်တဲ့အခါကျ သားရဲအသွင်ပြောင်းလဲခြင်းစွမ်းအားကို ထုတ်မသုံးနိုင်ရင် ဘယ်လောက် ရှက်စရာ ကောင်းလိုက်မလဲ ... လုံချန် !”
လဲ့လန်၏စိတ်ထဲမှာ တစ်ချိန်တုန်းက သူမကို အံ့အားသင့်စေခဲ့သော လုံချန် က မည်သည့်အကြောင်းကြောင့် ကိုယ့်ကိုယ်ကို ဖျက်ဆီးနေမှန်း နားမလည်နိုင်တော့ပေ။ သူမက လုံချန် ရှေ့ကို လျှောက်သွားရင်း နှုတ်ခမ်းထောင့်မှာ အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။
ဤအချိန်တွင် ခန်းမအရှင်လဲ့ယွမ် က ကျေနပ်အားရမှုအပြည့်ဖြင့် ပြောခဲ့သည်။
“ဟုတ်လား။ ဆိုလိုတာက မင်း ဒီအရာကို ပြီးပြည့်စုံတဲ့အဆင့်ထိ ပေါင်းစပ်ပြီးပြီလား။ လုံချန် ! အခု နဂါးဝိညာဉ်အသွင်ပြောင်းစွမ်းအားကို စမ်းသုံးကြည့်ပါလား။ ဆန်းကြယ်အဆင့် ၆ မိုးပြာနဂါးဝိညာဉ်ပုလဲက ဘယ်လောက် ထူးခြားသလဲဆိုတာ ငါ ကြည့်ချင်တယ်”
လုံချန်က ခပ်ရှက်ရှက်ဖြင့် ရယ်လိုက်သည်။
“မဟာအကြီးအကဲ ! အဲ့ဒါ မလိုအပ်ပါဘူး။ အကြီးအကဲက သားရဲဝိညာဉ်ပုလဲကို ငါ့အတွက် ပေးခဲ့တာလေ။ အတွင်းစည်းရွေးချယ်ပွဲကျမှ ထုတ်သုံးပြီး ရန်သူ ကို အနိုင်ရရင် အကြီးအကဲ အနေနဲ့ ပိုပြီး ဂုဏ်ယူစရာ ဖြစ်မှာပါ”
လုံချန်၏ လက်ရှိအနေအထားက ခန်းမအရှင်လဲ့ယွမ်၏ နှလုံးသားထဲမှ အဖိုးမဖြတ်နိုင်သောရတနာတစ်ပါး ဖြစ်သည်။ လုံချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောနေသောကြောင့် ခန်းမအရှင်လဲ့ယွမ် လည်း အပိုထပ်ပြောမနေတော့ပေ။ သူ့လက်ကို အသာ ဝှေ့ယမ်းလိုက်သည်။
“မင်း လုပ်ချင်တာ လုပ်ပါ”
“ကျေးဇူးတင်ပါတယ်၊ မဟာအကြီးအကဲ ...” ခန်းမအရှင်လဲ့ယွမ်၏ စကားကို ကြားလိုက်သည့်အခါ နံဘေးရှိ လဲ့လန်က တိတ်ဆိတ်နေခဲ့သည်။
လုံချန်ကို ပြန်လှည့်ကြည့်ပြီး အော်ဟစ်ကြိမ်းမောင်းချင်သော်လည်း တွေးကြည့်မိသည့်အခါ မလိုအပ်ကြောင်း သိလိုက်သည်။
“ဒီ လူယုတ်မာကောင်၊ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ။ သေသွားလဲ အေးတာပဲ၊ ဘာကိစ္စ သူ့ကို ဂရုစိုက်နေရမှာလဲ” လဲ့လန်က ခေါင်းခါလိုက်ပြီး မျက်နှာပေါ်မှ အေးစက်စက်အမူအရာကို ဆက်ထိန်းထားခဲ့သည်။
လုံချန်ကတော့ ရှေ့ကနေ တင်ပါးဘယ်ညာယမ်းနေသော လဲ့လန်ကို စိုက်ကြည့်နေသည်။ သူ့အနေဖြင့် ဤအမျိုးသမီး တွေးနေသည့်အရာကို မသိဘဲနေမည်လား။
“အဲ့ဒီအချိန်ရောက်ရင် ဒီအရူးမ ကို အံ့အားသင့်စရာ တစ်ခု ပေးလိုက်မယ်။ ငါ့ကို အကာအကွယ်အနေနဲ့ အသုံးချရဲတယ်လား။ မင်းကို သင်ခန်းစာ မပေးနိုင်ရင် ငါ့ ပုံစံ မဟုတ်ဘူး” ရှေ့ဆက်ဖြစ်လာမည့် အရာများကို တွေးရင်း လုံချန် က စိတ်ထဲမှာ ရယ်မောလိုက်သည်။ ထို့နောက် ဘေးနားက လူအိုကြီးလဲ့ယွမ်ကို မေးလိုက်၏။
“မဟာအကြီးအကဲ ! အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲအကြောင်း သေချာလေး ရှင်းပြလို့ရမလား”
“အိုး .... ဟုတ်ပါရဲ့ ။ ငါ မင်းကို အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲ အကြောင်း ပြောပြဖို့ လုပ်နေတာ။ မင်းက အရင်ဆုံးမေးလာတာပဲ။ အရမ်းကြီးစိုးရိမ်မနေပါနဲ့၊ ငါ မင်းကို ဖြည်းဖြည်းချင်း ရှင်းပြမယ်”
ခန်းမအရှင်လဲ့ယွမ် က လည်ချောင်း ရှင်းလိုက်ပြီး ဆက်ပြောပါသည်။
“အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲ က အရင်တုန်းက နဲ့ မတူဘူး။ ပြိုင်ပွဲမှာ စုစုပေါင်း အဆင့် နှစ်ဆင့် ရှိတယ်။ ငရဲလမ်းကြောင်း နဲ့ မရဏနတ်ဆိုးလှိုဏ်ဂူ ပဲ”
“ငရဲလမ်းကြောင်း နဲ့ မရဏနတ်ဆိုးလှိုဏ်ဂူ လား”
“ဟုတ်တယ်။ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲ က လင်းဝူမြို့တော် မှာ မဟုတ်ဘူး။ ကောင်းကင်စစ်သည်နယ်မြေ မှာ လည်း မဟုတ်ဘူး။ ယွမ်လင်း မြို့တော် အနောက်ဖက်ခြမ်းက ယွမ်လင်းဒေသရဲ့ နယ်နိမိတ်အစွန် မှာ ရှိတဲ့ နတ်ဆိုးဘုရင်ကိုးပါး တောင်တန်း မှာ ကျင်းပမယ်။ ပိုပြီးတိတိကျကျ ပြောရရင် နတ်ဆိုး ဘုရင်ကိုးပါး တောင်တန်းထဲက မရဏနတ်ဆိုးလှိုဏ်ဂူ မှာ ဖြစ်တယ်”
“ပြိုင်ပွဲကျင်းပတဲ့နေရာက ယွမ်လင်းမြို့တော် မှာ မဟုတ်ဘူးလို့ ဆိုလိုတာလား ” လုံချန်လည်း အံ့အားသင့်သွား၏။ ကြီးကျယ်ခမ်းနားသော အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲကို အနောက်ယွမ်လင်းဒေသမှ နတ်ဆိုးဘုရင်ကိုးပါးတောင်တန်းမှာ ကျင်းပရန် စီစဉ်နေသည်လား။
“မရဏနတ်ဆိုးတောင်တန်းက အမြင့် ပေ ၁၀,၀၀၀ ကျော် ရှိတယ်။ အရမ်း မြင့်မားပြီးတော့ ကောင်းကင်ဘုံကို ထိလုမတတ်ပဲ။ တောင်ထိပ်မှာ အတိုင်းအဆမရှိ ကြီးမားတဲ့ ကျောက်လှိုဏ်ဂူကြီး ရှိတယ်။ မရဏနတ်ဆိုးလှိုဏ်ဂူ လို့ ခေါ်တယ်။ ဒါက သေခြင်း၊ရှင်ခြင်း အတွေ့အကြုံ အတွက် ရက်စက်ကြမ်းတမ်းတဲ့ လေ့ကျင့်တဲ့ နေရာတစ်ခုပဲ။ အရမ်း ကြောက်စရာကောင်းတဲ့ နတ်ဆိုးသားရဲတွေ ရှိသလို မြေမျက်နှာသွင်ပြင်က လည်း အရမ်း အန္တရာယ်များတယ်။ ဒါကြောင့် အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲ ကို အဲ့ဒီနေရာမှာ ကျင်းပဖို့ ရွေးချယ်လိုက်တာ”
“အမြင့် ပေ ၁၀,၀၀၀ ကျော်တောင် ရှိတာလား” လုံချန် အနေဖြင့် တစ်ခါမှ မကြားဖူးပေ။ ဤသည်မှာ လင်းဝူမိသားစု၏ အင်အား မည်မျှကြီးမားကြောင်း ပြသနေပေသည်။
အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲ တစ်ခုတည်းနှင့် အလွန် ကြောက်စရာကောင်းသော နေရာကို သွားရောက်ကြရသည်။
“အခု အဆင့် နှစ်ဆင့် အကြောင်းကို သေချာရှင်းပြမယ်။ ပထမအဆင့် ငရဲလမ်းကြောင်း နဲ့ မရဏ နတ်ဆိုးလှိုဏ်ဂူ။ ပထမအဆင့် ငရဲလမ်းကြောင်း က.... ”
စကားပြောနေရင်း ခန်းမအရှင်လဲ့ယွမ်၏မျက်နှာက တင်းမာလာသည်။ ရုတ်တရက် လေးနက်တည်ကြည်လာသည့် သူ့ပုံစံက လုံချန်အား အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲ ကို အလေးအနက်ထားလာစေရန် ရည်ရွယ်ထား၏။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ