← Chapters

အခန်း ၁၅၄

Vol. 14 Ch. 154

အခန်း ၁၅၄

Vol. 14 Ch. 154

(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

[(စာစဉ် - ၁၄)အပိုင်း ၁၅၄]

လုံချန် ကိုယ်တိုင်လည်း သူ့အား ယခုလိုမျိုး ဆက်ဆံခံရလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပါ။

ထို့အပြင် ပြိုင်ပွဲက နေ့လည်ပိုင်းအချိန်မှသာ စတင်ကျင်းပမည်ဖြစ်ကြောင်း ကြိုတင် သိရှိထားခဲ့၏။ သို့ဖြစ်ရာ လုံချန်က နံနက်ပိုင်းကတည်းကပင် ကြိုရောက်နေခဲ့သည်။ တစ်နည်းအားဖြင့် ပြိုင်ပွဲမစခင် နေ့လည်ခင်းအထိဆိုပါက ပြင်ဆင်ရန် အချိန် အများကြီး ကျန်ရှိနေပါသေးသည်။ သို့သော်လည်း အစိမ်းရောင်ဧကရာဇ်ခန်းမ၏ မဟာအကြီးအကဲ၊ ချူယွန်ရှီ နှင့် အခြားအဖွဲ့ဝင်အားလုံးက ထွက်သွားကြပြီဖြစ်သည်။ ဤအချက်ကိုကြည့်လျှင် သူတို့က လုံချန်ကို မျက်နှာသာမပေးလိုကြောင်း သိသာနေသည်။ လုံချန် တင်မကဘဲ ခန်းမအရှင်လဲ့ယွမ် ကိုပါ ပေါ်တင်စော်ကားလိုက်သည်နှင့်အတူတူပင်ဖြစ်သည်။ ဤလုပ်ရပ်ကား အစိမ်းရောင်နေမင်းဌာနခွဲတစ်ခုလုံးကို ပြောင်ပြောင်တင်းတင်း အရှက်ခွဲလိုက်ခြင်း မည်ပေသည်။ အခြေအနေကို ကောင်းကောင်းတွက်ဆမိလိုက်သည့်အခါ လုံချန်သည် ဒေါသထွက်လာကာ ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။

ခန်းမအရှင်လဲ့ယွမ် လည်း မျက်နှာ မသာမယာဖြစ်နေခဲ့သည်။ တဖက်က အစိမ်းရောင်ဧကရာဇ်ခန်းမ၏ မဟာအကြီးအကဲ ဖြစ်နေသည့်တိုင် သူသည်လည်း အစိမ်းရောင်နေမင်းဌာနခွဲ မဟာအကြီးအကဲ ပင် ဖြစ်သည်။ ဤသတင်း ပြန့်နှံ့သွားပါက လဲ့ယွမ် သာမကဘဲ အစိမ်းရောင်နေမင်းဌာနခွဲတစ်ခုလုံး သေချာပေါက် လှောင်ပြောင်ခံရပေမည်။

ခန်းမအရှင်ဖြစ်နေသည့်တိုင်အောင် လဲ့ယွမ်၏မျက်နှာက ယခုအချိန်မှာ ဖြူဖျော့နေခဲ့သည်။ လုံချန်က ပေါ်တင် ကျိန်ဆဲနေသည်ကိုပင် မတားခဲ့ပေ။ အဓိကကတော့ သူ့ရင်ထဲက ဒေါသများ လုံချန်၏ ကျိန်ဆဲသံကြောင့် အနည်းငယ်လျော့ပါးသွားသလိုခံစားလိုက်ရလို့ပင်။ လဲ့ယွမ်၏အိုမင်းနေသောမျက်နှာထက်မှာ အားရကျေနပ်သည့်အမူအရာတချို့ ပေါ်လာလေသည်။ နောက်ဆုံးတွင် လုံချန်က အစိမ်းရောင်ဧကရာဇ်ခန်းမ၏ မဟာအကြီးအကဲ ချူထျန်းရှုံးကို ကျိန်ဆဲဝံ့သည့် ပထမဆုံး လူ ဖြစ်လာလို့ပင်။

တစ်ဖက်တွင် အစောင့်နှစ်ယောက်ကတော့ လုံချန်၏ ကျိန်ဆဲသံကို ကြားလိုက်သည့်အခါ သူတို့မျက်နှာက ဒေါသကြောင့် မည်းမှောင်သွားပြီး လူသတ်ချင်စိတ်များ ပြည့်နှက်လာသည်။

“မဟာအကြီးအကဲ ကို မထီမဲ့မြင် လုပ်ရဲတယ်။ ဒီလို ရိုင်းစိုင်းလွန်းတဲ့ အပြုအမူက သေဒဏ်ပေးခံရသင့်တယ်။ ငါတို့ မင်းကို ဖမ်းပြီး မဟာအကြီးအကဲ ပြန်ရောက်လာရင် ကိုယ်တိုင် အပြစ်ပေးခံလိုက်စမ်း”

ပြောပြီးသည် နှင့်တပြိုင်နက် အစောင့်နှစ်ယောက်က ချက်ချင်း လှုပ်ရှားလိုက်ကြပြီး လုံချန် ဆီ ပြေးဝင်လာကြသည်။

“တံခါး စောင့်နေတဲ့ ခွေး နှစ်ကောင်သာသာပဲ။ သာမန် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လေးတွေက ငါ့ကို တိုက်ခိုက်ရဲတယ်လား” လုံချန်က အေးစက်စက်ပြုံးလိုက်ပြီး ရှေ့ ပြေးတက်လိုက်ပါသည်။

အစောင့်နှစ်ယောက်က ရုတ်တရက် တက်ခိုက်လာသည့်အတွက် လဲ့ယွမ် နှင့် လဲ့လန် တို့လည်း ဒေါသသွားကြ၏။ လုံချန်က အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲကို ပါဝင်တော့မည်ဖြစ်ရာ အစောင့်နှစ်ယောက်၏ လက်ချက်ဖြင့် ဒဏ်ရာရမည်ကို မလိုလားကြပေ။ သူတို့ တားရန် ပြင်နေစဉ်မှာပဲ လုံချန်က တဟုန်ထိုးပြေးထွက်သွားခဲ့သည်။

“သေချင်နေတာပဲ”

လုံချန်က အကြောက်အလန့်မရှိဘဲ သူတို့ထံ ပြေးဝင်လာသည်ကို မြင်သောအခါ အစောင့်နှစ်ယောက်လည်း ဒေါသထွက်သွားပြီး လက်သီး နှစ်ချက် ပြိုင်တူထိုးချလိုက်ကြသည်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ဆိုသော်ငြားလည်း နှစ်ယောက်ပေါင်းထားသည့် အင်အားက အတော်လေးပြင်းထန်ခဲ့၏။ ထိမှန်ခဲ့ပါက လုံချန်အနေဖြင့် သေချာပေါက် ဒဏ်ရာရသွားနိုင်သည်။

“ဒီ ကောင်လေး က ကောင်းကင်ယွမ်တစ်ပိုင်းအဆင့် တောင် မရောက်သေးဘူး။ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲမှာ ပါဝင်ချင်တယ် တဲ့လား။ ရယ်စရာ ကောင်းလိုက်တာ။ ဒီနေ့ ငါတို့ညီအစ်ကို နှစ်ယောက် သူ့ကို အနိုင်ရရင် အပြင်စည်းဂိုဏ်းတစ်လျှောက်မှာ ငါတို့ နာမည်တွေ ပြန့်သွားမှာ သေချာတယ်” ဤအချက်ကို တွေးပြီး အစောင့်ရှောက် နှစ်ယောက်က အားအကုန်ထုတ်ပြီး တိုက်ခိုက်လိုက်ကြသည်။

“ငါ့ကို သတ်ချင်နေတာလား”

လုံချန် ပြုံးလိုက်ပြီး လက်တစ်ချက်ဝှေ့ယမ်းရင်း ရှေ့ကို ပြေးတက်သွား၏။ ချက်ချင်းဆိုသလိုပင် သူ့ပုံရိပ်က ပုံရိပ်ယောင်များအဖြစ် ကွဲထွက်သွားသည်။

“ဟမ် ...။ ဒီလောက် မြန်တယ်လား ”

အစောင့်နှစ်ယောက်စလုံး ခဏကြာ အံ့အားသင့်သွားကြ၏။ အကြောင်းအရင်းက သူတို့နှစ်ယောက်စလုံး လုံချန်၏အရှိန် ကို လိုက်မှီနိုင်ခြင်းမရှိကြလို့ပင်။

အစောင့်နှစ်ယောက် တွေဝေနေသည့်အခိုက်အတန့်မှာပဲ သူတို့မျက်နှာပေါ်သို့ ပြင်းထန်အားပါသော လက်ဝါး နှစ်ချက် ကျရောက်လာ၏။ ချက်ချင်း မချိမဆန့်အော်ဟစ်သံများ ထွက်လာပြီး နှစ်ယောက်စလုံး ပါးစပ်ကနေသွေးအန်ထွက်ကာ လွင့်ထွက်သွားကြသည်။ ထို့နောက် မြေပြင် ပေါ် တဘုန်းဘုန်း ပြုတ်ကျပြီး နာကျင်စွာ အော်ဟစ်နေကြသည်။

လုံချန်က ရပ်တန့်ခြင်းမရှိပေ။ ရှေ့ ကို ပြေးတက်လာပြီး တစ်ယောက်ချင်းစီ၏ မျက်နှာကို စောင့်နင်းချလိုက်သည်။ လုံချန်၏ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုကြောင့် အစောင့်နှစ်ယောက်စလုံး မျက်နှာများ ရွဲ့စောင်းသွားပါတော့သည်။ သူတို့၏မျက်နှာတွေဟာ သွေးများ စိုရွှဲနေပြီး နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်မှာ လူးလှိမ့်နေကြသည်။ တစ်ချိန်တည်းမှာပင် နှစ်ယောက်သား ရင်ထဲမှာ အကြီးအကျယ်နောင်တရနေကြ၏။

“လုံချန် က လွယ်လွယ်ကူကူ နှိပ်စက်နိုင်တဲ့ လူ မဟုတ်ဘူး တဲ့လား။ သူ့ နည်းလမ်းတွေက ရက်စက်လွန်းတယ်။ ငါတို့ညီအစ်ကို နှစ်ယောက် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီ...” နာကျင်စွာ ညည်းငြူနေရင်း သူတို့၏ စိတ်ထဲမှာ မဟုတ်မမှန်သတင်းပေးခဲ့သည့်လူတချို့ကို ကျိန်ဆဲနေကြသည်။

“လုံချန်၊ မင်း...”

လုံချန် က အစောင့်နှစ်ယောက်ကို အသာအယာအနိုင်ယူလိုက်ကြောင်း မြင်သောအခါ လဲ့ယွမ်လည်း အံ့အားသင့်သွားခဲ့၏။ အကြောင်းမှာ ထိုနှစ်ယောက်စလုံးက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်များ ဖြစ်နေလို့ပင်။ သူတို့၏ အလားအလာ နိမ့်ကျသောကြောင့် အစောင့်များဖြစ်နေသော်လည်း တစ်ယောက်ချင်းစီ၏ အင်အားက လုံချန် ထက် သာလွန်နေခဲ့သည်။

လုံချန်က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် နှစ်ယောက်ကို ဤမျှလွယ်လွယ်ကူကူ အနိုင်ရသွားသည့်အတွက် လဲ့ယွမ် က အတော်လေး အံ့အားသင့်နေခဲ့သည်။ သူ့ဘေးမှ လဲ့လန် လည်း အတူတူပင်။ လုံချန်က သိပ်ပြီးအားစိုက်စရာမလိုဘဲ အနိုင်ယူခဲ့သောကြောင့် အံ့အားသင့်နေ၏။

“ဒီ ရက်ပိုင်းမှာ သူ ကျင့်ကြံတာ အခြေအနေတိုးတက်လာတယ် ထင်တယ်...”

လုံချန်က အစောင့်နှစ်ယောက်ကို ရက်စက်စွာ ရိုက်နှက်ပြီး မြေကြီးပေါ်ကနေ ပြန်မထနိုင်အောင် လုပ်ထားခဲ့သည်။ သူတို့ရှေ့က မြင်ကွင်းကြောင့် လဲ့ယွမ် နှင့် လဲ့လန် တို့နှစ်ယောက်လည်း အနည်းငယ် တွန့်ဆုတ်နေကြသည်။ အကြောင်းအရင်းမှာ အစောင့်နှစ်ယောက် က အစိမ်းရောင်ဧကရာဇ်ခန်းမ မဟာအကြီးအကဲ၏ လက်အောက်ငယ်သားများ ဖြစ်နေလို့ပင်။ လုံချန်အနေဖြင့် သိပ်ပြီး လွန်လွန်ကျူးကျူး လုပ်ဆောင်၍မရပေ။

“လုံချန်၊ ရပ်လိုက်ပါ”

လဲ့လန်က စိတ်မပါသည့် အသံနဲ့ သတိပေးလိုက်သည်။

လုံချန်က အစောင့်နှစ်ယောက် ကို ဖြတ်ကန်ချလိုက်ပြီး အေးစက်စက် ပြောလိုက်၏။

“တံခါး စောင့် ခွေးတွေ၊ မင်းတို့ အဆင့်အတန်း ကို မမေ့နဲ့။ ဘယ်ကိုသွားသွား တံခါးစောင့်ခွေးပဲ ဖြစ်မယ်။ မင်းတို့ ရှေ့မှာ ရပ်နေတာက အစိမ်းရောင်နေမင်းဌာနခွဲရဲ့ မဟာအကြီးအကဲ ဖြစ်တယ်။ ဘယ်လိုတောင် ရဲတင်းပြီး မထီမဲ့မြင် လုပ်ရဲတာလဲ။ ဒီနေ့ ငါလုံချန်က မဟာအကြီးအကဲ ကိုယ်စား မင်းတို့ကို သင်ခန်းစာ ပေးလိုက်တာပဲ။ ဒီ သင်ခန်းစာ ကို မှတ်ထားပြီး ဘာဆက်လုပ်ရမလဲ နားလည်ပါစေ”

ခန်းမအရှင်လဲ့ယွမ်၏ဂုဏ်သိက္ခာကို ကာကွယ်ရင်း လုံချန်က လူအိုကြီးကို ပြဿနာထဲ တစ်ဖက်လှည့် ဆွဲထည့်လိုက်သည်။

အစောင့်နှစ်ယောက် ကို ရိုက်နှက်ပြီးနောက် လုံချန်က စိတ်ထဲမှာ နေရထိုင်ရ ပိုကောင်းလာသည်။

လဲ့ယွမ် နှင့် လဲ့လန် တို့ဆီ ပြန်လှည့်ကြည့်လိုက်သည့်အခါ သူတို့ မျက်နှာပေါ်မှာ စိတ်ပျက်မှုများ အထင်းသား မြင်နေရသည်။

“လုံချန်၊ ဒီတစ်ခါ မင်း တကယ် အရမ်းလွန်သွားတယ်...” ခန်းမအရှင်လဲ့ယွမ် က လုံချန် ကို မာန်မဲပြီး အစောင့်နှစ်ယောက်ကို တောင်းပန်ရန် ပြင်နေစဉ် လုံချန်က ဖြတ်ပြောလိုက်သည်။

“မဟာအကြီးအကဲ၊ သူတို့လုပ်တာနဲ့ ငါတို့ နောက်ကျနေပြီ။ ဘယ်လို လုပ်မလဲ။ ငါတို့ မသွားလို့လည်း မဖြစ်ဘူး မဟုတ်လား” လုံချန်က လူအိုကြီးကို အာရုံ ပြောင်းလိုက်ပြီး မျက်နှာထား ခပ်တင်းတင်းနေလိုက်သည်။

“မဟာအကြီးအကဲ က တကယ် လွန်လွန်းတယ်။ ဒါပေမဲ့ လုံချန် ! မင်း က ငါတို့ အစိမ်းရောင်နေမင်းဌာနခွဲရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်တယ်။ ဒါ့ကြောင့် အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲမှာ ပါဝင်ခွင့် ရခဲ့တာ။ မသွားဘဲ မဖြစ်ဘူး။ နတ်ဆိုးဘုရင်ကိုးပါးတောင်တန်း ဘယ်မှာရှိလဲ ငါ သိတယ်။ ငါတို့ အစိမ်းရောင်နေမင်းဌာနခွဲကို အရင်ပြန်ကြရအောင်။ ပြီးတတာ့ လေပြင်းသိမ်းငှက်ကို စီးနင်းပြီး အမြန်လိုက်သွားကြတာပေါ့”

“ဒါဆို အချိန် မဆွဲဘဲ သွားကြရအောင် ”အမှန်တိုင်းပြောရလျှင် အစိမ်းရောင်ဧကရာဇ်ခန်းမ၏ ရည်ရွယ်ချက်ရှိရှိ လှည့်စားမှုကြောင့် လုံချန်က စိတ်ပျက်မိသည်။ သူ့စိတ်ထဲမှာ အေးစက်စွာ ရယ်မောလိုက်သည်။

“ဘယ်သူ ပဲ ဖြစ်ဖြစ်၊ ငါ့ကို ဒီလို လုပ်ခဲ့တာ အတွက် မင်းတို့ ပြန်ပေးဆပ်ရမယ်”

“လုံချန်၊ ဒါကို သိပ်မပြောချင်ပေမဲ့ ဒီလို လွန်လွန်းတဲ့ လုပ်ရပ်က နောက်ပိုင်းမှာ မင်းအတွက် မကောင်းဘူး...”

“နားလည်ပါတယ်၊ မဟာအကြီးအကဲ။ နောက်တစ်ခါ မလုပ်တော့ပါဘူး” လုံချန်က နာခံတတ်သည့် လူငယ်လေးတစ်ယောက်လို ဟန်ဆောင်လိုက်သည်။

တကယ်တမ်းတော့ သူ့လုပ်ရပ်က လွန်လွန်းသွားခြင်းမဟုတ်ပေ။ ပြိုင်ပွဲမစခင် အံ့သြဖွယ်လုပ်ရပ်တစ်ခုလောက် ဖန်တီးရန်ရည်ရွယ်နေလို့ပင်။

“မဟာအကြီးအကဲ လို့ ခေါ်တာ နည်းနည်း ထူးဆန်းတယ်။ မင်း စိတ်မရှိရင် ဦးလေး လဲ့ လို့ ပဲ ခေါ်ပါ”

လဲ့ယွမ်က မုတ်ဆိတ်ရှည်များကို ပွတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်ပါသည်။

“ဘာကြောင့် ဆန္ဒ မရှိရမှာလဲ။ ဦးလေး လဲ့ က ငါ့ကို ဘယ်လောက် ကောင်းကောင်း ဆက်ဆံလဲ ဆိုတာ ငါလုံချန် မသိဘူး ထင်လို့လား” ဤ လူအိုကြီးက အာဏာပိုင်တစ်ယောက် ဖြစ်နေသော်လည်း ဖိနှိပ်တတ်သူမဟုတ်ဘဲ စိတ်သဘောထား ကောင်းသူတစ်ယောက် ဖြစ်ခဲ့သည်။ ယခုလည်း သူ၏အဆင့်အတန်း ကိုပင် ဂရုမစိုက်ဘဲ လုံချန် အား “ဦးလေး လဲ့” ဟု ခေါ်ခွင့် ပေးနေ၏။ လုံချန်က သေချာပေါက် မျက်နှာသာပေးရပေမည်။

“ဦးလေး လဲ့ “ ဟု ခေါ်ရုံဖြင့် ဆန်းကြယ်အဆင့် ၆ နတ်ဆိုးစိတ်ဝိညာဉ်ပုလဲကို ရရှိခဲ့သည်။ ပြောရလျှင် ဤလဲလှယ်မှုက လုံချန်အတွက် အတော်လေးအမြတ်အစွန်းများခဲ့သည်။ လုံချန်က စိတ်ထဲမှာ ကျေနပ်မှုအပြည့်ဖြစ်သည်။

လဲ့ယွမ် နှင့် လုံချန် တို့နှစ်ယောက် ရှေ့ကနေ အလျင်အမြန် လျှောက်လာကြသည်။ လဲ့လန် က နောက်မှာ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။ ဤအချိန်တွင် သူမက တစ်ခါတစ်ရံ လုံချန်၏ ပုံရိပ် ကို မော့ကြည့်နေသည်။ မျက်လုံး ထဲမှာတော့ သံသယများ ပြည့်နှက်နေသည်။

“အဲ့ဒီ သားရဲဝိညာဉ်ပုလဲကို ရောင်းချလိုက်ပေမဲ့ အခု ဖြစ်ပျက်နေတာကိုကြည့်ရင် သူက ဒီရက်ပိုင်းမှာ အဆမတန် အားကောင်းလာတယ် ထင်တယ်”

ထိုလုံချန် က အံ့ဖွယ်အရာများ ပြည့်နှက်နေသော လူ တစ်ယောက်ပင်။ သို့သော် လက်ရှိအခြေအနေ ကတော့ လုံချန် တစ်ခါမှ ရင်ဆိုင်မတွေ့ဖူးသည့် ဖိအားအပြင်းထန်ဆုံး အခြေအနေ ဖြစ်နေသည်။ လဲ့လန်တစ်ယောက် လုံချန်ကို စိုက်ကြည့်ရင်း အံ့အားသင့်စရာတစ်ခုခု ထပ်ပြီးလုပ်ဆောင်နိုင်ရန် တွေးနေမိသည်။ သူမ၏အမြင်မှာ လုံချန်က အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲအတွက် မျှော်လင့်ချက်အနည်းငယ် ရှိနေသေးကြောင်း ခံစားမိခဲ့သည်။

မကြာခင်မှာ သုံးယောက်သား အစိမ်းရောင်နေမင်းခန်းမသို့ ပြန်ရောက်လာခဲ့ကြသည်။ လူအိုကြီးလဲ့ယွမ်ကတော့ အခြားလူများ၏ အံ့အားသင့်စူးစမ်းချင်နေသော အကြည့်များကို ဂရုမစိုက်ဘဲ အကြီးဆုံး လေပြင်းသိမ်းငှက်ကို ဆင့်ခေါ်လိုက်၏။ ထို့နောက် သုံးယောက်သား တက်စီးလိုက်ကြသည်။ လေပြင်းသိမ်းငှက်က ဧရာမအတောင်ပံကြီးနှစ်ဖက်ကို တဖျန်းဖျန်းရိုက်ခတ်ကာ အနောက်ဖက်တောင်တန်းများ ဆီသို့ ဦးတည်၍ ပျံသန်းသွားလေတော့သည်။

လေပြင်းသိမ်းငှက် နှင့် လူသုံး​ယောက် ပျောက်ကွယ်သွားသည်နှင့် အစိမ်းရောင်နေမင်းဌာနခွဲ၏ အာဏာပိုင်များလည်း တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

“လေပြင်းသိမ်းငှက်နဲ့ဆိုရင် ယွမ်လင်းမြို့တော် ကနေ နတ်ဆိုးဘုရင်ကိုးပါး တောင်တန်းအထိ တစ်ရက်ကျော်လောက် ကြာလိမ့်မယ်။ အခုက နေတောင် တော်တော်မြင့်နေပြီ။ သူတို့တွေ ည မမှောင်ခင် ရောက်နိုင်မယ်လို့ ဆုတောင်းရတော့မှာပဲ ”

.....

လေပြင်းသိမ်းငှက်၏ကျောပေါ်တွင် ....

ရှေ့ဆုံးကနေ စီးနင်းလိုက်ပါလာသည့် လဲ့ယွမ် က ရုတ်တရက် မတ်တပ်ထလိုက်ပြီး ချီစွမ်းအင်ကို ထုတ်ဖော်၍ လေထုကို ခွဲထုတ်ပစ်လိုက်သည်။ တစ်ချိန်တည်း သူ့ခန္ဓာကိုယ်ပေါ်မှာ ချီစွမ်းအင်အလွှာပါးလေးပေါ်လာပြီး ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။ ထို့နောက် အေးဆေးတည်ငြိမ်စွာ ပြန်ထိုင်ချလိုက်၏။

“တကယ်တော့ အစိမ်းရောင်ဧကရာဇ်ခန်းမကနေ ဆန်းကြယ်အဆင့်မြင့် နတ်ဆိုးသားရဲ ကို စီးနင်းပြီး သွားမယ်ဆိုရင် အချိန် တစ်ရက်လောက်ပဲ ကြာမယ်။ ဒါပေမဲ့... “ လူအိုကြီးလဲ့ယွမ် က သက်ပြင်းချလိုက်သည် “ ဒီတစ်ခါ မဟာအကြီးအကဲ က ဘက်လိုက်လွန်းတယ်။ သူ့ ဂုဏ်သိက္ခာကိုတောင် ထည့်မတွက်တော့ဘူး။ ငါတို့ တမင် နောက်ကျအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေရင်တောင် ငါတို့ ဘာမှ မလုပ်နိုင်ဘူး...” အခြေအနေအရပ်ရပ်ကို တွေးတောရင်း လူအိုကြီးလဲ့ယွမ်၏မျက်နှာက မည်းမှောင်သွားသည်။

အဖေဖြစ်သူ မျက်နှာပျက်နေသည်ကို မြင်လိုက်သောအခါ ဘေးနားရှိ လဲ့လန် လည်း စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ လဲ့ယွမ် က အပြင်စည်းဂိုဏ်းခွဲ၏ မဟာအကြီးအကဲ (၈) ရှစ်ယောက် ထဲမှာ အားအနည်းဆုံး ဖြစ်နေလို့ပင်။ အမှန်စင်စစ် လဲ့ယွမ်ကိုယ်တိုင်ကလည်း အာဏာမလိုချင်သောကြောင့်သာ အပြင်စည်းဂိုဏ်းခွဲ၌ တိတ်တဆိတ်နေထိုင်ရန် ဆုံးဖြတ်ထားခဲ့ပုံရသည်။ သို့ရာတွင် နှိမ့်ချနေထိုင်ခြင်းက လူအိုကြီးကို တခြားလူများ၏ အထင်သေးဖိနှိပ်ခြင်းခံရစေသည်။ လဲ့လန် မှတ်မိသလောက် သူမ၏အဖေဖြစ်သူ က ယနေ့အထိ လူတိုင်း၏ အထင်အမြင်သေးဖိနှိပ်ခြင်းကိုခံနေရလေသည်။

“ဦးလေး လဲ့...” လုံချန် ရုတ်တရက် ခေါ်လိုက်၏။

“ဘာလဲ ...”

လုံချန်က အနည်းငယ် ရယ်မောလိုက်သည်။

“ဒီ ကိစ္စ ကို အရမ်းကြီး တွေးမနေပါနဲ့။ နတ်ဆိုးဘုရင်ကိုးပါး တောင်တန်းကိုရောက်ရင် ငါ မင်းကို သိက္ခါမကျစေရဘူး။ ဂုဏ်သတင်းနဲ့ လေးစားမှု ဆိုတာက ကိုယ့်လုပ်ရပ် နဲ့ ရနိုင်တဲ့အရာပါ။ မဟာအကြီးအကဲ ဆိုတာ ငါ့ အတွက် ဘာမို့်လို့တုန်း။ နောက်ပိုင်းမှာ သူက ငါ့ရှေ့မှာ ဒူးထောက်နေရင်လည်း နေရမယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ”

“လုံချန်၊ မင်းရဲ့စကားတွေကို ဒီနေရာမှာတင် ရပ်လိုက်တော့” ခန်းမအရှင်လဲ့ယွမ် က အနည်းငယ် ဒေါသထွက်သွားခဲ့သည် “မှတ်ထားပါ။ နတ်ဆိုးဘုရင်ကိုးပါးတောင်တန်းကို ရောက်ရင် ဒီလို စကား မျိုး ထပ်မပြောမိစေနဲ့။ မဟုတ်ရင် ငါ မင်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး”

လုံချန်က “ဟက်ခနဲ”​ တစ်ချက် ရယ်လိုက်ပြီး ဘာမှ ပြန်မပြောတော့ဘဲ မျက်လုံး မှိတ်ထားလိုက်ပြီး အနားယူနေလိုက်သည်။

ခန်းမအရှင်လဲ့ယွမ်က လုံချန်၏ မောက်​မာထောင်လွှားမှုကြောင့် ခေါင်းခါလိုက်သည်။ ဤလူငယ်လေးကို အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲမှာ ပါဝင်စေခြင်းက မှန်သလားမှားသလားပင်မသိတော့ပေ။

လဲ့လန် ကလည်း သူတို့နှစ်ယောက် စကားပြောဆိုနေသည်ကို တိတ်တဆိတ် ကြည့်နေ၏။ လုံချန်၏ မာနထောင်လွှားသော စကားလုံးများကို ကြားလိုက်သည့်အခါ စိတ်ထဲမှာသာ ရယ်မောလိုက်တော့သည်။ သူမ၏စိတ်ထဲ၌ လုံချန်ကို တော်တော်လေး အထင်အမြင်သေးမိသွားသည်။ သို့ရာတွင် လုံချန်၏ အေးဆေးတည်ငြိမ်နေသည့်ပုံစံကို သတိထားမိလိုက်ရာ မသိစိတ်ကနေ အနည်းငယ် တုန်လှုပ်သွား၏။

“ယုံကြည်မှု အပြည့်ရှိနေတဲ့ သူ့ပုံစံကို ကြည့်ရင် သူ့မှာ ငါတို့မသိနိုင်တဲ့ တစ်ခုခုများ ရှိနေသလား”

လဲ့လန်၏စိတ်ထဲမှာ သံသယများ ပေါက်ဖွားလာရင်း နေအလင်းရောင်ဟာ အရှေ့အရပ်ကနေ အနောက်အရပ်ဆီသို့ တဖြည်းဖြည်း ငုပ်လျှိုးသွားပါတော့သည်။ မကြာလိုက်ပါ၊ အနောက်ဖက် ယွမ်လင်းဒေသ တစ်ခုလုံးကား တိမ်ညိုတိမ်မည်းများ ဖုံးအုပ်သွား၏။ ထို့အတူပင် နတ်ဆိုးဘုရင်ကိုးပါးတောင်တန်းကလည်း အနောက်ရောင်မြူခိုးထုများ ဖုံးလွှမ်းထားလျှက် ၎င်း၏နာမည်နှင့် လိုက်ဖက်စွာပင် ကြောက်စရာအတိဖြစ်နေခဲ့လေသည်။

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters