အခန်း ၁၅၅
Vol. 14 Ch. 155
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၄)အပိုင်း ၁၅၅]
“လုံချန်၊ မင်း ဝင်ပြိုင်တဲ့ ဒီနှစ်ကျမှ အတွင်းစည်းတပည့်ရွေးချယ်ပွဲက တော်တော်လေးကံဆိုးနေတာပဲ။ ပြိုင်ပွဲကျင်းပမယ့် နတ်ဆိုးဘုရင်ကိုးပါးတောင်တန်းမှာ ရာသီဥတု အရမ်းဆိုးဝါးနေတာ မြင်နေရတယ်”
ကောင်းကင်ယံ၌ တိမ်ညိုတိမ်မည်းများဖုံးလွှမ်းနေသည့်အပြင် အနက်ရောင်မြူခိုးထုကြီး ပိန်းပိတ်နေအောင် လွှမ်းခြုံထားသည့် တောင်တန်းကြီးကို ငေးမောကာ မျှော်ကြည့်လိုက်ရင်း လူအိုကြီးလဲ့ယွမ်၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသားပေါ်လွင်နေခဲ့သည်။
လုံချန် သည် လဲ့ယွမ်၏စကားကို ကြားပြီးနောက် နတ်ဆိုးဘုရင်ကိုးပါးတောင်တန်း ဖက်ကို လှည့်ကြည့်လိုက်သည်။ တောင်တန်းပတ်ဝန်းကျင်သည် အနက်ရောင်တိမ်တိုက်များဖုံးလွှမ်းထား၏၊ အထက် ကောင်းကင်ယံတွင်လည်း မိုးကြိုးလျှပ်စီးကြောင်းများ တဖျပ်ဖျပ်လက်နေခဲ့သည်။ ကြောက်စရာအကောင်းဆုံးမြင်ကွင်းမှာ ဧရာမနဂါးလက်သည်းကြီးနှစ်ဖက်က ကောင်းကင်ယံရှိ တိမ်တိုက်များကို ထိုးခွဲနေသည့်အလား မြင့်မားစွာထိုးထွက်နေသည့် တောင်ထိပ်ကြီးကိုးလုံး ပင်ဖြစ်လေသည်။ တောင်ထိပ် ကိုးခု ပတ်ပတ်လည်၌ အလွန်တရာအေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော လေပြင်းများ အဆက်မပြတ် တိုက်ခတ်နေ၏။
“နတ်ဆိုးဘုရင်ကိုးပါးတောင်တန်း ဆိုတာ ဒီ တောင် ကိုးလုံးကို ဆိုလိုတာလား” လုံချန်က စကားမပြောသော်လည်း စိတ်ထဲတွင် အလိုလိုရယ်ချင်သွားမိသည်။
“ကြည့်ရတာ မိုးရွာတော့မှာ ထင်တယ်။ နတ်ဆိုးဘုရင်ကိုးပါးတောင်တန်းရဲ့ မိုးရာသီက အဆုံးမရှိဘူး၊ ဒါ့အပြင် အမြဲတမ်း မိုးကြိုးလျှပ်စီးကြောင်းတွေပါ ကပ်ပါလာတတ်တယ်။ လုံချန်! မင်းအတွက် ဒီပြိုင်ပွဲက ခက်ခဲမှု ပိုပြီး များလာမှာ သေချာတယ်…”
လဲ့ယွမ်၏အမြင်အရ လုံချန်၏ လက်ရှိခွန်အားဖြင့် အခြားပြိုင်ပွဲဝင်များအား ယှဉ်နိုင်ရန် မလွယ်ကူသေးပါ။ ထို့အပြင် ဤမျှဆိုးရွားလှသော ရာသီဥတုကြောင့် အတွေ့အကြုံမရှိသေးသော လုံချန်အတွက် အခြေအနေကောင်းမည်ဟု လုံးဝမမျှော်လင့်ထားတော့ပေ။
“စိတ်ပူမနေပါနဲ့ ဦးလေး လဲ့။ ရာသီဥတု အရမ်းဆိုးနေရင်လည်း ဘာဖြစ်လဲ။ ငါတစ်ယောက်တည်း မဟုတ်ဘူးလေ။ ဒီလို ပတ်ဝန်းကျင်မျိုးက ငါ့အတွက် အသင့်တော်ဆုံး ဖြစ်နိုင်တယ်” လုံချန်က ပြိုင်ပွဲအတွင်း ရင်ဆိုင်ရမည့်အခြေအနေ နှင့်ပတ်သက်၍ လုံးဝ ဂရုမစိုက်သလိုပင်၊ သူက အနည်းငယ်ရယ်မောလျှက် ပြန်ပြောလိုက်သည်။
လုံချန်က ဤမျှ ယုံကြည်မှုအပြည့်ရှိနေသောကြောင့် လဲ့ယွမ် လည်း စကားမပြောနိုင်တော့ပေ၊ ခေါင်းခါလိုက်ရုံသာ တတ်နိုင်၏။
မကြာခင်မှာ သူတို့အဖွဲ့လည်း နတ်ဆိုးဘုရင်ကိုးပါးတောင်တန်း၏ တောင်ခြေသို့ ရောက်လာခဲ့သည်။ တောင်တန်းနားရောက်လာသည့်အချိန်တွင် လေပြင်းသိမ်းငှက်လည်း ရှေ့ဆက်ပြီး ပျံသန်းရဲခြင်းမရှိတော့ပေ။ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပျံသန်းလာခဲ့ပြီးနောက် ခေါင်းကို အောက်စိုက်ထားကာ ငြိမ်သက်နေခဲ့တော့သည်။
လုံချန် တို့အဖွဲ့လည်း လေပြင်းသိမ်းငှက်၏ ကျောပေါ်ကနေ ခုန်ဆင်းလိုက်ကြသည်။
“နတ်ဆိုးဘုရင်ကိုးပါးတောင်တန်းက အမြဲလိုလို အနက်ရောင်မြူတွေနဲ့ ဖုံးထားတဲ့အတွက် အရမ်းအန္တရာယ်များတဲ့ နေရာလို့ ဆိုနိုင်တယ်။ လေပြင်းသိမ်းငှက်က ဒီပတ်ဝန်းကျင်ကို နေသားမကျသေးဘူးဆိုတာ သေချာတယ်။ အရေးကြီးဆုံးအချက်က နတ်ဆိုးဘုရင်ကိုးပါးတောင်တန်းရဲ့ နန်းတော်အခြေစိုက်စခန်းက တော်တော်လေး ဝေးသေးတယ်။ ဒီနေရာအထိ ရောက်လာမှတော့ ခြေကျင်ပဲ လျှောက်သွားကြရအောင်။ အခု ညစောင်းနေပြီ၊ ည မမှောင်ခင် နတ်ဆိုးကိုးပါးနန်းတော်ကို ရောက်အောင် လုပ်ရမယ်”
နတ်ဆိုးဘုရင်ကိုးပါးနန်းတော်သည် လင်းဝူမိသားစုမှ နတ်ဆိုးဘုရင်တောင်တန်းပေါ်တွင် တည်ဆောက်ထားသော အခြေစိုက်စခန်းပင်ဖြစ်သည်။ အတွင်းစည်းတပည့် ဝင်ခွင့် ကျင်းပသည့် ပြိုင်ပွဲတိုင်းတွင် နတ်ဆိုးဘုရင်ကိုးပါးတောင်တန်း၏ မရဏနတ်ဆိုးလှိုဏ်ဂူ၌ ကျင်းပလေ့ရှိခဲ့သည်။ ထို့ကြောင့် လင်းဝူမိသားစုသည် တစ်ခါတည်း အခြေစိုက်စခန်းတစ်ခု တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။
“မနက်ဖြန်မှာ အတွင်းစည်းတပည့် ရွေးချယ်ပွဲ စလိမ့်မယ်။ မစခင်မှာ ပြိုင်ပွဲဝင်တွေကို အုပ်စုခွဲတော့မယ်ထင်တယ်။ လုံချန်၊ လဲ့လန်၊ ငါတို့တွေ မြန်မြန်လျှောက်ကြရအောင်”
လေပြင်းသိမ်းငှက်ကို ဘေးကင်းလုံခြုံသည့်နေရာတွင် နေရာချထားလိုက်ပြီးနောက် လဲ့ယွမ်က ရှေ့ကနေ ဦးဆောင်ကာ နတ်ဆိုးဘုရင်ကိုးပါးနန်းတော် ဆီသို့ အလျင်အမြန်ထွက်သွားကြတော့သည်။
နတ်ဆိုးတောင်တန်းသည် ကီလိုမီတာရာချီ ရှည်လျားကာ အလွန်တရာ ကြီးမားကျယ်ပြန့်သော တောင်တန်းကြီးတစ်ခု ဖြစ်ခဲ့သည်။ နတ်ဆိုးဘုရင်ကိုးပါးတောင်တန်း သည် နတ်ဆိုးတောင်တန်းထဲမှ မိုးထိလုမတတ် မြင့်မားလှသော တောင်ထိပ်ကိုးလုံးကို ခေါ်ဆိုခဲ့သည်။ ဤအခိုက်အတန့်တွင် လုံချန်တို့အဖွဲ့သည် နတ်ဆိုးတောင်တန်း ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
မြေပြင်အနေအထားနှင့် ပတ်ဝန်းကျင်တွင်ရှိသည့် ရှေးဟောင်းသစ်ပင်များ အားလုံးကား ထူးဆန်းစွာပင် အနက်ရောင်များ ပြောင်းလဲကာ ခြောက်ကပ်နေခဲ့သည်။ သေဆုံးနေသည်မှာ အချိန်ကာလအားဖြင့် အလွန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ပုံမှန်မဟုတ်သော သစ်ပင်များကို ကြည့်ရင်း လူတိုင်း၏ရင်ထဲ၌ အတော်လေး စိတ်မသက်မသာ ဖြစ်စရာ ကောင်းလှသည်။
လုံချန်သည် ပတ်ပတ်လည်ကို လျှောက်ကြည့်ရင်း ပတ်ဝန်းကျင်က အလွန်အမင်း တိတ်ဆိတ်နေသည်ကို ခံစားရသည်။
“ဒီ သေဆုံးနေတဲ့ သစ်ပင်တွေကို ဂရုစိုက်မနေပါနဲ့။ နတ်ဆိုးဘုရင်ကိုးပါးတောင်တန်းမှာက တောထူထပ်တယ်။ အမြန်လျှောက်နေရင် ခြေထောက်အောက်မှာ ဆူးတွေ၊ အမြစ်တွေ အများကြီး ရှိတော့ ခြေချရ တော်တော်ခက်တယ်။ ဒီလိုမျိုးသာ ဆက်သွားနေရရင် ငါတို့အရှိန်က သေချာပေါက် နှောင့်နှေးသွားမှာ”
ဤအခြေအနေကို တွေးမိလိုက်သည်နှင့် လူအိုကြီးလဲ့ယွမ်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုတို့ ပိုများလာတော့သည်။
တစ်ဖက်က လုံချန်၏ တန်ဖိုးကို သူ ကောင်းကောင်းသိလာခဲ့ရသည်။ နောက်တစ်ဖက်က အစိမ်းရောင်နေမင်းဌာနခွဲအနေဖြင့် လုံချန် အပေါ် အဆုံးအစွန်း ရင်းနှီးမြှုပ်နှံထားခဲ့သည်။ အကယ်၍ လုံချန် သာ ဤနေရာတွင် ကျရှုံးသွားပါက လူအိုကြီးလဲ့ယွမ် လည်း သေချာပေါက် နာကျင်ရပေလိမ့်မည်။
“မှတ်ထားပါ လုံချန်။ အန္တရာယ်တွေ့ရင် တွဲဖက်အဖော် ပါဝင်ခွင့် ပျက်တာမပျက်တာကို စဉ်းစားမနေနဲ့။ အချက်ပြမီးပန်းကို တန်းပြီးဖောက်လိုက်။ အဲဒါက မင်းအသက်ကို ကယ်တင်ပေးလိမ့်မယ်”
လူအိုကြီးလဲ့ယွမ်က အလေးအနက်ထားပြောနေသောကြောင့် လုံချန်လည်း ခေါင်းညိတ်ပြလိုက်ပါသည်။
သူတို့အဖွဲ့ နတ်ဆိုးကိုးပါးတောင်တန်း ဖက်သို့ လျှောက်လာကြရင်း လုံချန်သည် ဘေးကို အမှတ်မထင် လှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ လဲ့လန်က ယနေ့တွင် ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေသလိုပင် ခံစားရသည်။ နူးညံ့ပြီး ပန်းရောင်သမ်းနေသည့် အသားအရေ၊ အချိုးအစား၊အမို့အမောက်ပြည့်စုံလှသော ကိုယ်လုံးကိုယ်ပေါက်က မြင်ရသူကို မရိုးမရွ ဖြစ်စေသည်။
လုံချန်၏မျက်နှာပေါ်တွင် မည်သည့် စိုးရိမ်မှုမှ ရှိမနေသောကြောင့် လဲ့လန်က အေးစက်စွာ ပြောလိုက်သည်။
“ခေါင်းမာနေမနေနဲ့။ အဖေပြောတဲ့စကားကို သေချာ နားထောင်ပါ။ အတွင်းစည်းတပည့် ရွေးချယ်ပွဲကို သာမန် ကစားပွဲလေးတစ်ခုလို့ မထင်လိုက်နဲ့။ နင် သေရင် ငါတို့ အစိမ်းရောင်နေမင်းဌာနခွဲလည်း ဆုံးရှုံးမှုက တော်တော်ကြီးမားလိမ့်မယ်”
“စောင့်ကြည့်နေလိုက်ပါ”
လုံချန်က လဲ့လန် ပြောသည့် သတိပေးစကားကို လုံးဝ ဂရုမစိုက်ဘဲ သူမ၏ခန္ဓာကိုယ်ကို တပ်မက်စိတ်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ဒီနေ့ မင်း အရမ်းချောနေတာပဲ။ ဘာလဲ ... အခုကတည်းက အဆင်သင့်ပြင်နေတာလား”
“ဘာကိုအဆင်သင့်ပြင်တာလဲ”
လဲ့လန်က သံသယ ဝင်သွားသည်။ အထူးသဖြင့် အနှီလုံချန်၏မျက်လုံးထဲမှ အကြည့်များက တစ်မျိုးတစ်မည်ထူးဆန်းနေသလိုပင်မဟုတ်ပါလား။ သူမက ဉာဏ်ကောင်းသည့်အတွက် ယခင်က ပြောခဲ့သည့်စကားကို ချက်ချင်း ပြန်သတိရသွား၏။အကယ်၍သာ လုံချန် အနေဖြင့် အတွင်းစည်းတပည့် ရွေးချယ်ပွဲကို အောင်မြင်ပါက သူမ၏ခန္ဓာကိုယ်အား စိတ်ကြိုက်ထိကိုင်ခွင့်ပေးမည်ဟူသော ကတိစကားပင်။
“နင့်ရဲ့ လက်ရှိ အင်အားနဲ့ အတွင်းစည်းဂိုဏ်း ဝင်ပြီး ငါ့ကို ပိုင်ဆိုင်ချင်နေတာလား” လဲ့လန်က အေးစက်စက်ရယ်လိုက်သည်။ လုံချန်၏ ယခုဖြစ်ပျက်နေသောပုံစံက အတော်လေး စက်ဆုပ်စရာကောင်းသလို ခံစားလိုက်ရသည်။
“လူတစ်ယောက်အနေနဲ့ အရေးအကြီးဆုံးက နှိမ့်ချမှုနဲ့ ရိုးသားမှု။ နင့်မှာ ဒီနှစ်ခုထဲက တစ်ခုတောင် မရှိဘူးလို့ ငါ ရုတ်တရက် ခံစားလိုက်ရတယ်။ ဒါ့ကြောင့် နင် အမြဲ ရှုံးနိမ့်နေမှာပဲ” လဲ့လန်က အေးစက်စွာ ပြောလိုက်ပြီး လုံချန်ကို ကျော်တက်သွားတော့သည်။
လုံချန်က ဘာမှပြန်မပြောလိုက်ပါ၊ သို့သော် သူ့ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ဟုတ်လား။ ဒါပေမဲ့ ငါက ဘာကြောင့် နှိမ့်ချပြီးနေရမှာလဲ”
နောက်ထပ် အချိန်အနည်းငယ်ကြာပြီးနောက်တွင်တော့ သူတို့သုံးယောက်လည်း နတ်ဆိုးကိုးပါး နန်းတော်သို့ ရောက်ရှိလာခဲ့ကြသည်။
“ရှေ့က နတ်ဆိုးဘုရင်ကိုးပါးနန်းတော်ပဲ။ မှတ်ထားပါ၊ မဟာအကြီးအကဲ ရဲ့ နေရာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို တစ်လုံးမှ မပြောမိစေနဲ့။ ပါးစပ်မဟမိပါစေနဲ့၊ အထူးသဖြင့် လုံချန် … မင်းက”
လဲ့ယွမ်က လုံချန်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။
“သူတို့ လွန်လွန်းတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ ရာထူးက မင်းထက်မြင့်တယ်၊ အားကောင်းတယ်။ ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်း အဆင့်ကို ကျော်ဖြတ်လုနီးပါးတွေပဲ။ ဒါ့ကြောင့် ငါတို့ ငြိမ်ခံနေမှ ရမယ်။ သူတို့ ဘာပြောပြော လက်ခံရမယ်။ မကျေနပ်လို့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောရင် နောက်ဆုံးရလာဒ်က မင်း အသတ်ခံရမှာ”
လူအိုကြီး ထံမှ တင်းကျပ်သည့် သတိပေးချက်ကို ကြားသောအခါ လုံချန်လည်း ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒီလူအိုကြီး ငါ့ကို ဖိနှိပ်ချင်နေတာ အသိသာကြီးဖြစ်နေတာလေ။ လူအိုကြီးလဲ့ က ငါ့ကို အကြိမ်ကြိမ်သတိပေးနေတယ်ဆိုတော့ ရှေ့ဆက် ဘာဖြစ်လာမလဲ မသိနိုင်ဘူး”
ရှေးဟောင်းသစ်တောကို ဖြတ်သန်းလာပြီးနောက်တွင် တောင်ကြားထဲ၌ ဧရာမအဆောက်အအုံ ကြီးတစ်ခု ဘွားခနဲပေါ်လာသည်။ အစိမ်းရောင်နေမင်းဌာနခွဲထက်ပင် အဆပေါင်းများစွာ ကြီးမားလေသည်။
အတွင်းစည်းတပည့်ဝင်ခွင့် ပြိုင်ပွဲတွင် ပါဝင်သူအရေအတွက်မှာ လေးဆယ်ကျော်သာ ရှိသော်လည်း ယခုလို ကြီးကျယ်ခမ်းနားလှသည့် နန်းတော်အဆောက်အဦးကြီးကို အသုံးပြုနေသည်ကား လင်းဝူမိသားစု၏ ချမ်းသာကြွယ်ဝမှုကို သိသာစေသည်။
နတ်ဆိုးဘုရင်ကိုးပါးတောင်တန်း သည် အနက်ရောင်မြူခိုးထုများ အစဉ်အမြဲ လွှမ်းခြုံထားသောကြောင့်မှောင်မည်းနေခဲ့သည်။
ညအချိန် တဖြည်းဖြည်း ရောက်လာသည့်အချိန်တွင်မူ မီးနီရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။အမှောင်ရိပ်ထဲမှ အနီရောင် အလင်းတန်းများကြောင့် ညအမှောင်ရိပ်ကို အကာအကွယ်ယူ၍ ပုန်းအောင်းနေကြသော နတ်ဆိုးသားရဲ မြောက်များစွာကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်အနှံ့ လင်းလက်နေသည့် မရေမတွက်နိုင်သော မီးနီရောင်အလင်းများကား နတ်ဆိုးသားရဲထောင်ချီ၏မျက်လုံးများ ဖြစ်ပုံရသည်။
“ဝင်ကြရအောင် ”
အခြေအနေအရ ရောက်သင့်သူတွေ အားလုံး ရောက်နေကြပြီမှန်း သိသာလေသည်။ လဲ့ယွမ်က အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး လုံချန်နှင့်လဲ့လန်တို့နှစ်ယောက်ကို ဦးဆောင်၍ နန်းတော် ဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် ရုတ်တရက်ဆိုသလို အနက်ရောင်သံချပ်ကာဝတ်စစ်သည်တော်များ အုပ်စုလိုက်ပေါ်လာပြီး သူတို့သုံးယောက်ကိုကို ဝိုင်းရံထားခဲ့သည်။
ဤစစ်သည်တော်များ အားလုံးက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီး အင်အားအလွန် ကောင်းကြသည်။ တစ်ယောက်ချင်းစီကနေ ပြင်းပြသော သွေးညှီနံ့များ လှိုင်ထွက်နေခြင်းမှာ တိုက်ပွဲ အတွေ့အကြုံ များကြောင်း သက်သေပြနေခဲ့သည်။
“ဒီနေရာက ယွမ်လင်းဒေသ လင်းဝူမိသားစုရဲ့ နတ်ဆိုးကိုးပါးတောင်တန်း အခြေစိုက်စခန်း ဖြစ်တယ်။ မင်းတို့ ဘယ်သူတွေလဲ။ နာမည်ပြောပါ။ မဟုတ်ရင် သေရမယ်”
သူတို့ ပါးစပ်ကနေ ထွက်လာသည့်အသံကား ငရဲကမ္ဘာကနေ ထွက်လာသည့်အလား အေးစက်စက်နိုင်လှသည်။
“ငါ က အစိမ်းရောင်နေမင်းဌာနခွဲ ရဲ့ မဟာအကြီးအကဲ လဲ့ယွမ် ဖြစ်တယ်။ ငါ့ တပည့်ကို အတွင်းစည်းတပည့် ရွေးချယ်ပွဲမှာ ပါဝင်ဖို့ ခေါ်လာတာ” လဲ့ယွမ်က ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီး အသံကို ကျယ်လောင်စွာ အော်ပြောခဲ့သည်။ သူ့ရည်ရွယ်ချက်က နန်းတော်ထဲမှ ရှိနေသူတိုင်း မကြားကြားအောင် လုပ်ဆောင်လိုခဲ့သည်။ အထဲမှ တစ်စုံတစ်ယောက် ကြားသွားပါက အခြေအနေဟာ ပိုလွယ်ကူသွားမည်မဟုတ်ပါလား။
“အတွင်းစည်းတပည့် ရွေးချယ်ပွဲတဲ့လား။ အဓိပ္ပာယ်မရှိဘူး။ အတွင်းစည်းတပည့် ရွေးချယ်ပွဲမှာ ပါဝင်တဲ့သူတွေကို မဟာအကြီးအကဲ ကိုယ်တိုင် ခေါ်လာတာ။ မင်းက မဟာအကြီးအကဲ ဖြစ်နေရင်တောင် ဘာဖြစ်နိုင်မလဲ။ ငါတို့ မြင်တာက ဒီကိုလာပြီး တမင်ပြဿနာ ဖန်တီးနေတာပဲ။ ညီအစ်ကိုတို့၊ ဖမ်းဆီးလိုက်ကြ”
အနက်ရောင်သံချပ်ကာဝတ်စစ်သည်တော်များသည် မည်သည့်အကြောင်းကိုမှ နားထောင်လိုပုံမရပေ။ လဲ့ယွမ် မည်မျှ ရှင်းပြနေပါစေ နားမထောင်ခဲ့ကြပါ။ အထွတ်အထိပ်မြေကမ္ဘာယွမ်အဆင့် စစ်သည်တော် ၁၀ ယောက်က ချက်ချင်းဆိုသလို လပ်နက်များပို ဆွဲထုတ်လိုက်ကြသည်။
“ဒီလူယုတ်မာတွေ ...”
လဲ့ယွမ်က မျက်လုံးကို မှိတ်လိုက်ရင်း တော်တော်လေးကို ဒေါသထွက်သွားခဲ့ရသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် စိတ်တည်ငြိမ်အေးချမ်းလှပါသည်ဆိုသော သူတော်စင်တစ်ပါးပင်လျှင် ဒေါသထွက်မိမှာ သေချာပါသည်။
လဲ့ယွမ်အနေဖြင့် ကောင်းကင်ယွမ်အလယ်အလတ်အဆင့် ပညာရှင်သာ ဖြစ်သော်လည်းပဲ ကောင်းကင်ယွမ် နှင့် မြေကမ္ဘာယွမ် ကြား ကွာခြားချက်မှာ အင်မတန်ကြီးမားလှသည်။ အထွတ်အထိပ်မြေကမ္ဘာယွမ်အဆင့် ပညာရှင် ၁၀ ယောက် ရှိနေလျှင်ပင် သူ့ကို ယှဉ်တိုက်ဖို့ရာ မလွယ်ပေ။
သို့ရာတွင် လဲ့ယွမ်ကိုယ်တိုင်က အလောတကြီး မတိုက်ခိုက်ဝံ့ပါ။ သူသာ စိတ်ထိန်းမထားဘဲ တိုက်ခိုက်လိုက်ပါက အခြေအနေအားလုံး ပိုပြီးရှုပ်ထွေးသွားနိုင်လို့ပင်။အဓိကအချက်မှာ ဤနေရာတွင် အတွင်းစည်းဂိုဏ်းမှ အာဏာပိုင်များ ရောက်နေသောကြောင့်ဖြစ်သည်။ ခန်းမအရှင်သခင်တစ်ပါးဖြစ်သည့် လဲ့ယွမ်အနေဖြင့် ယခုပြဿနာကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါက တတိယလူကနေ အကျိုးအမြတ်ဝင်ယူသွားနိုင်၏။
ကံကောင်းထောက်မစွာပဲ လဲ့ယွမ် အသံကျယ်ကျယ် အော်ပြောလိုက်ခြင်းက လက်ရှိအခြေအတင်ဖြစ်နေသည့်ကိစ္စကို အဆင်ပြေသွားစေခဲ့သည်။
“မင်းတို့အားလုံး ရပ်လိုက်ကြစမ်း ...”
တိုးညှင်းသော်လည်း အားကောင်းသောအရှိန်အဝါများ ထုတ်လွှင့်နေသည့် အသံတစ်သံ ရုတ်တရက်ပျံ့လွင့်လာသည်။ ဤအသံကြောင့် တိုက်ခိုက်ရန်ပြင်နေသည့် အထွတ်အထိပ်မြေကမ္ဘာယွမ်အဆင့် စစ်သည်တော်များအားလုံး ခြေထောက်များ တုန်ယင်သွားပြီး အားအင်ကုန်ခမ်းကာ မြေပြင်ပေါ် လဲကျသွားကြသည်။
တစ်ချိန်တည်းမှာပဲ နန်းတော်ဝင်ပေါက်၌ ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် လူအိုကြီး တစ်ယောက် ပေါ်လာခဲ့သည်။ ၎င်း၏စူးရှသောမျက်လုံးအစုံက အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်များကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ရှေ့ခပ်လှမ်းလှမ်းမှ လဲ့ယွမ်ကို ကြည့်လိုက်သည်။
“အိုး၊ လဲ့ယွမ် ပါလား။ ငါ အာမခံတယ်။ သူတို့ကို ဝင်ခွင့်ပေးလိုက်ကြ....”
လူအိုကြီး ထံမှ အေးစက်စက် အမိန့်ပေးသံကို ကြားသောအခါ အနက်ရောင်ချပ်ဝတ် စစ်သည်တော် ၁၀ ယောက်စလုံး ဘာစကားမှ မပြောရဲတော့ဘဲ တိတ်တဆိတ် ဆုတ်ခွာသွားကြပြီး ညအမှောင်ထဲသို့ ပျောက်ကွယ်သွားကြသည်။
ဤအချိန်တွင် လဲ့ယွမ်က ခရမ်းရောင်ဝတ်ရုံဝတ်လူအိုကြီးကို မြင်လိုက်ရာ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ပေါ်လာပြီး ရိုသေစွာ ပြောလိုက်သည်။
“ခရမ်းရောင်ဂိုဏ်းခွဲ ရဲ့ မဟာအကြီးအကဲ ဂူဘေ့တျန်း ပါလား။ ဒီဂျူနီယာကို မမေ့သေးဘူး ထင်တယ်”
“ငါ့မှတ်ဉာဏ်က တော်တော်လေး ကောင်းပါတယ်။ ငါတို့ နောက်ဆုံး တွေ့တာ လေး ငါးနှစ်လောက် ရှိပြီ။ မင်း အခုထိ ဒီလို အသေးအမွှားလေးပဲ ဖြစ်နေတာ အံ့ဩစရာ ကောင်းတယ်။ ဒီ လူငယ်လေးတွေ တောင် မင်းကို ဖိနှိပ်ချင်နေကြသေးတယ်”
ခရမ်းရောင်ဂိုဏ်းခွဲ၏ မဟာအကြီးအကဲ က စကားပြောနေရင်း လုံးဝ ထိန်းချုပ်ထားပုံမရပေ။သူ၏အသံက နန်းတော်တစ်ခုလုံးကို ဟိန်းထွက်သွားစေသည်။
“မဟာအကြီးအကဲ ဂူပေ့တျန်း က နိမ့်ကျတဲ့ငါ့အဖြစ်ကို မြင်တွေ့သွားပြီပဲ။ ငါ တကယ်ကို အရှက်ရမိပါတယ်…”
လဲ့ယွမ် ၏နောက်ကျောတစ်ခုလုံး ချွေးများ စိုရွှဲနေခဲ့သည်။ ထို့နောက် ဂူပေ့တျန်းကို အနည်းငယ်ပြုံးပြလျှက် မိတ်ဆက်ပေးခဲ့သည်။
“မဟာအကြီးအကဲ၊ ဒါ ငါ့ရဲ့သမီး လဲ့လန်။ အရင်က အတွင်းစည်းတပည့် ရွေးချယ်ပွဲမှာ ပါဝင်ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒီတစ်ယောက်က လုံချန် လို့ခေါ်ပါတယ်။ ငါ့ အစိမ်းရောင်နေမင်းဌာနခွဲက တပည့်အသစ်တစ်ယောက်ပါ။ ငါတို့က ဒီနှစ်ရဲ့ အတွင်းစည်းတပည့် ရွေးချယ်ပွဲကို ပါဝင်ဖို့ လာခဲ့တာ။ နှစ်ယောက်သား …”
လဲ့ယွမ်၏ သတိပေးလိုသည့် အကြည့်ကြောင့် လုံချန်နှင့် လဲ့လန် တို့နှစ်ယောက်လည်းမျက်နှာချင်းဆိုင်မှ ခရမ်းရောင်ဝတ်လူအိုကြီးကို ချက်ချင်း ဦးညွတ်နှုတ်ဆက်လိုက်ကြသည်။
Translator# အနှောင်အဖွဲ့ကင်းမဲ့သူ