← Chapters

အခန်း ၁၅၆

Vol. 14 Ch. 156

အခန်း ၁၅၆

Vol. 14 Ch. 156

(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

[(စာစဉ် - ၁၄)အပိုင်း ၁၅၆]

“မင်းရဲ့သမီး ငယ်ငယ်တုန်းက ငါ တွေ့ဖူးတယ်။ သူမက တကယ်ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ပဲ။ အခုလည်း အရင်တုန်းက ကလေးမလေးလို ဆွဲဆောင်မှု ရှိနေသေးတယ်။ ဒါ့အပြင် သူမက တကယ်တော်တဲ့ ကလေးမပဲ။ ဒါနဲ့ ဒီလူငယ်လေးက လုံချန် လား…”

ဂူပေ့တျန်းက လုံချန်ကို အကြည့်တစ်ချက်ပေးပြီး အနည်းငယ် ကြည့်လိုက်ကာ ရယ်​လိုက်သည်။

“ဟုတ်တယ်၊ မဆိုးပါဘူး။ မင်းက ကောင်းကင်ယွမ်ကနဦးအဆင့် အတွင်းစည်းတပည့်တစ်ယောက်ကို အနိုင်ရခဲ့တယ်လို့ ကြားခဲ့တယ်။ မကြာခင်မှာ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါမျှော်လင့်နေတယ်…”

လုံချန်၏စိတ်ထဲ၌ ဂူပေ့တျန်းက သူ၏ကျင့်ကြံဆင့်ကောင်းကင်ယွမ်အလယ်အလတ်အဆင့် ဖြစ်နေကို သတိပြုမိသွားပြီဖြစ်ကြောင်း သိလိုက်သည်။

ဂူပေ့တျန်းက လုံချန်ကို အတော်လေး ယုံကြည်မှု ရှိနေပုံရသည့်အတွက် လဲ့ယွမ်နှင့် လဲ့လန် တို့နှစ်ယောက်လုံး ခေါင်းရှုပ်သွားကြသည်။ သူတို့စိတ်ထဲမှာတော့ အဆိုပါစကားက ဂူပေ့တျန်း၏ အနည်းငယ်မျှချီးကျူးမှုဟူ၍ ယူဆလိုက်ကြသည်။

“ရောက်နေပြီ ဆိုရင် အထဲကို ဝင်ကြပါ ...”

ဂူပေ့တျန်းက လက်ဝှေ့ယမ်းကာ အထဲ​​​​ပြန်ဝင်သွားသဖြင့် လဲ့ယွမ် တို့လည်း နောက်ကနေက ချက်ချင်း လိုက်ပါလာသည်။ သူက ခန်းမအရှင် တစ်ယောက် ဖြစ်နေသော်လည်းပဲ ဂူပေ့တျန်း ထက် နှစ် ၂၀ လောက် ငယ်နေသေးသည်ဖြစ်ရာ မာန မထောင်လွှားရဲပေ။

သူတို့ သုံးယောက်သား နောက်က လိုက်လာရင်း နန်းတော်ထဲရှိ အစည်းအဝေးခန်းမ ဆီသို့ ရောက်လာကြသည်။

“လူတိုင်း အတွင်းစည်းဂိုဏ်းက အာဏာပိုင်တွေ ရောက်လာမယ့်အချိန်ကို စောင့်နေကြတာ။ အစိမ်းရောင်နေမင်းဌာနခွဲက အဖွဲ့ဝင် တစ်ယောက်တည်း ပဲ စာရင်းပေးထားတာဆိုတော့ ငါလည်း လေညှင်းခံရင်း ခဏတဖြုတ် ထွက်လာခဲ့လိုက်တာလေ။ အပြင်မှာ မင်း အော်ငေါက်နေတဲ့အသံကို ကြားလိုက်မိတာ။ ဘာဖြစ်နေတာလဲ ငါ့ကို ပြော ...”

ဂူပေ့တျန်းက တည့်တိုးဆန်စွာ မေးလိုက်သည်။

လူအိုကြီးလဲ့ယွမ်က မျက်နှာပျက်နေသော်လည်း ထိန်းကာ ပြန်ဖြေခဲ့သည်။

“ဒါက ငါ့အမှားပါ။ လုံချန်ကို ခေါ်ပြီး အစိမ်းရောင်ဧကရာဇ်ခန်းမကို အမြန်ဆုံးသွားလိုက်တာပဲ။ ငါတို့ နောက်ကျသွားမယ်လို့မထင်ခဲ့မိဘူး။ ရောက်တဲ့အချိန်မှာ သူတို့ အရင် ထွက်သွားကြပြီ။ ငါတို့ သုံးယောက်တည်း လာခဲ့ရတော့ နောက်ကျသွားတာပါ”

ဂူပေ့တျန်းက တစ်စုံတစ်ခုကို သဘောပေါက်ဟန်ဖြင့် အေးစက်စက် ရယ်ကာ ထပ်ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိဘူး။ ချူတျန်းရှုံ ဆိုတဲ့ အမှိုက်ကောင် .... သူ့စိတ်ဓာတ်နဲ့ ဆိုရင် သူ့ရဲ့ ပါရမီရှင် မြေးနဲ့ လုံချန် တို့ ကြားက ပဋိပက္ခကို သေချာပေါက် သိနေမှာပဲ။ ဒီတော့ မင်းတို့ကို အခက်အခဲ မဖြစ်ဖြစ်အောင် ဖန်တီးချင်တာ သေချာတယ်။ ငါ နေ့လည်ပိုင်း ရောက်လာတဲ့အချိန်မှာ အဲ့ဒီ လူအိုကြီး အရင်​ဆုံး ကြိုပြီး ရောက်နှင့်နေပြီ။ မင်းတို့ ထွက်လာမယ့်အချိန်မတိုင်ခင်ကတည်းက တမင် စောထွက်သွားတာ နေမှာ။ ဒီအသက်အရွယ်မှာ သူ ဒီလို လုပ်နေတာက အရမ်း စက်ဆုပ်စရာ ကောင်းတယ်”

ဂူပေ့တျန်းက ချူတျန်းရှုံးကို အစမှ အဆုံး ဝေဖန်ကဲ့ရဲ့နေသည့်အတွက် လုံချန်လည်း အတော်လေးသက်သာရာရသွား၏။ လဲ့ယွမ်နှင့် လဲ့လန် တို့နှစ်ယောက်လည်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။

အစည်းအဝေးခန်းမက နတ်ဆိုးဘုရင်ကိုးပါး နန်းတော်ထဲရှိ အကြီးမားဆုံးနှင့် အကျယ်ဝန်းဆုံးအဆောက်အအုံတစ်ခု ဖြစ်၏။ အတွင်းစည်းတပည့်ရွေးချယ်ပွဲ နှင့်ပတ်သက်သော ကိစ္စရပ်များ ဆွေးနွေးရာ နေရာ လည်း ဖြစ်ခဲ့သည်။ လုံချန်တို့အဖွဲ့ ဝင်သွားသည့်အချိန်တွင် ခန်းမထဲ၌ အပြင်စည်း ဂိုဏ်းခွဲကြီး (၉)ခုမှ ကိုယ်စားလှယ်များ အားလုံး သတ်မှတ်နေရာအတိုင်း ထိုင်နေကြပြီဖြစ်သည်။ ဤအခိုက်အတန့်တွင် လူတိုင်းက အတွင်းစည်းဂိုဏ်းမှ အာဏာပိုင်များ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း ဆက်စပ်ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။

ထိုင်ခုံ တစ်ခုစီ ရှေ့၌ အရသာ ကောင်းမွန်သော ဟင်းလျာများ အစီအရီချထားလေသည်။

လူအုပ်ကြီးက ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြရင်း အစောပိုင်းမှာ ရုတ်တရက် ထွက်သွားသည့် ဂူပေ့တျန်း က လူသစ် သုံးယောက် ပြန်ခေါ်လာသည်ကို မမျှော်လင့်ခဲ့ကြပါ။ ထို့အပြင် လူအများစုက ဂူပေ့တျန်း ခေါ်လာသော လူသုံးယောက်ကို မသိကြပေ။

ဤလူအုပ်ထဲတွင် အကြီးအကဲများက ယခင်မျိုးဆက်မှ ထိပ်တန်း ပါရမီရှင်များ ဖြစ်သလို လူငယ်များကတော့ လက်ရှိ မျိုးဆက်၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ ဤအချိန်တွင် လူအုပ်ကြီးက လုံချန်တို့သုံးယောက်ကို စူးစမ်းလိုစိတ်များဖြင့် ကြည့်နေခဲ့သည်။ လုံချန်သည် အကြည့်စူးစူးများကို ရင်ဆိုင်နေသည့်တိုင်အောင် ကြောက်ရွံ့မှုတစ်စက်ကလေးမှပင် မရှိခဲ့ပေ။

သူက လူအုပ်ကို မသိမသာလေး တစ်ချက်ပြန်ကြည့်လိုက်ရာ ပြိုင်ပွဲဝင်မည့် လူငယ်တပည့်အားလုံးနီးပါး ဟာ ကောင်းကင်ယွမ်ကနဦးအဆင့် သို့ ရောက်နေကြပြီမှန်း သိလိုက်ရ၏။ သို့သော် အားလုံးက အသက် နှစ်ဆယ်ပင် မပြည့်ကြသေးပါ။

လူငယ်တပည့်များက ချူယွန်ရှီ ကဲ့သို့ နံပါတ်တစ်ပါရမီရှင် ထက် မကျော်နိုင်သည့်တိုင်အောင် အဆင့်တူများ အများအပြားရှိနေပေသည်။ ထိုအထဲမှာ ရွှေဂိုဏ်းခွဲ၏ မင်းသားငယ် ဂျင်ရှန်းအန်လည်း အပါအဝင်ဖြစ်သည်။

ထိုင်ခုံများ ကို ရွှေ၊ ငွေ၊ အနီ၊ လိမ္မော်၊ အဝါ၊ စိမ်း၊ အပြာ၊ ခရမ်း အစဉ်အတိုင်း ချထားသည်။ လုံချန်က အစိမ်းရောင်ဂိုဏ်းခွဲအတွက် ထိုင်ခုံ နေရာကို ချက်ချင်း တွေ့လိုက်သည်။ ယခုအချိန်တွင် လူလေးယောက်က သူတို့အဖွဲ့ကို အံ့အားသင့်စွာ ကြည့်နေကြပြီး ၎င်းတို့၏မျက်နှာများက ချက်ချင်း အေးစက်သွားကြသည်။

ဤလူလေးယောက်က အခြားမဟုတ်၊ ချူဖန်းချင် နှင့် သူ၏သားသမီးနှစ်ယောက် ဖြစ်သည့် ချူယွန်ရှီ ၊ ချူယွန်ယောင် တို့ပင်။ ကျန်တစ်ယောက်ကတော့ အရပ်ရှည်ရှည်နှင့် မျက်လုံးအစုံမှာ ထက်ရှမှုအပြည့်ရှိနေသော လူအိုကြီးပင်။ အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ဓားအိမ်ထဲကနေ အချိန်မရွေး ထွက်လာနိုင်သည့် ဓားတစ်ချောင်းလို ခံစားရစေသည်။ လုံချန် ပင်လျှင် အစိမ်းရောင်ဝတ်လူအိုကြီးနှင့် မျက်လုံးချင်း မဆုံရဲပေ။

“အဲ့ဒီလူအိုကြီးက အစိမ်းရောင်ဧကရာဇ်ခန်းမရဲ့ မဟာအကြီးအကဲ ချူတျန်းရှုံ လား။ တကယ် ကြောက်စရာ ကောင်းတာပဲ”

လုံချန်သည် စိတ်ထဲမှာ အနည်း ကြောက်လန့်သွားသော်ငြားလည်း လူကို ကြောက်သွားခြင်းတော့မဟုတ်ပါ။ သူက ချူတျန်းရှုံကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသော်လည်း အနှီလူအိုကြီးက သူ့အား တစ်ခါနှိပ်ကွက်ထားခဲ့ဖူးသည်။

ချူတျန်းရှုံ နံဘေးရှိ ချူယွန်ရှီက လုံချန်နှင့် လဲ့လန်ကို မြင်တွေ့လိုက်သည့်အချိန်မှာ မျက်နှာတစ်ခုလုံးက လူသတ်ချင်စိတ် အပြည့်ဖြစ်သွား၏။ သူ့ဘေးနားမှ ညီမဖြစ်သူ ချူယွန်ယောင်လည်း အတူတူပင်။

ဤအခိုက်အတန့်တွင် လုံချန်တို့လူစုကို ခေါ်လာသည့် ဂူပေ့တျန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟေ့ ... လူအိုကြီးချူ ! ငါ အပြင်ခဏသွားရင်း မင်းတို့ ဂိုဏ်းခွဲက နောက်ထပ် ပါရမီရှင် တစ်ယောက်ကို တွေ့လိုက်တယ်။ လာ.... လုံချန်၊ မင်းရဲ့ မိခင်ဂိုဏ်းခွဲနဲ့ အတူထိုင်ပါ။ မဟာအကြီးအကဲက မင်းလို ပါရမီရှင်ကို ဂရုစိုက်ပေးပါလိမ့်မယ်”

ဂူပေ့တျန်းက စကားပြောရင်း အစိမ်းရောင်နေမင်းဌာနခွဲ ဖက် တွန်းပို့လိုက်သည်။ ထိုင်ခုံက အလုံအလောက် ရှိနေလေရာ သူတို့နောက်ကျနေသည့်တိုင်အောင် သုံးယောက်စလုံး သက်တောင့်သက်သာ ထိုင်နိုင်သည်။

လုံချန်နှင့် လဲ့လန်တို့ ဝင်ထိုင်လိုက်ချိန်မှာ ဘေးနားရှိ ချူယွန်ရှီနှင့် ချူယွန်ယောင်တို့နှစ်ယောက်စလုံး မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်သွားသော်လည်း နေရာ ရွှေ့ထိုင်ရန် ပြင်လိုက်ကြသည်။

“ဘာဖြစ်လို့ ရှောင်နေကြတာလဲ။ ငါ လူအိုကြီး က စက်ဆုပ်စရာ ကောင်းနေလို့လား။ ဟေ့.... လူအိုကြီး ချူ! မင်းရဲ့ မြေးတွေက တကယ် ရိုင်းတယ်။ ထိုင်ကြစမ်း။ ရှောင်ဖယ်ဖို့မကြိုးစားနဲ့ ”

ဂူပေ့တျန်းက အေးတိအေးစက်လေသံဖြင့် ပြောလိုက်သောကြောင့် ချူယွန်ရှီနှင့် ချူယွန်ယောင်တို့ နှစ်ယောက်စလုံး ကြောက်လန့်သွားပြီး ထိုင်ခုံပေါ်မှာပင် မလှုပ်ရဲတော့ပေ။ သူတို့က ကူညီရန်ဟူသောအကြည့်များဖြင့် အဘိုးဖြစ်သူ ချူတျန်းရှုံ ဖက်ကို လှည့်ကြည့်လိုက်ကြသည်။ လူအိုကြီးက ဂူပေ့တျန်းကို အေးစက်စက်အကြည့်ဖြင့် တစ်ချက်စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ထိုင်ပါ။ မလှုပ်ရှားနဲ့”

“ဟုတ်တယ်။ ကောင်းပြီ၊ ငါ မင်းတို့ကို မနှောင့်ယှက်တော့ဘူး”

ကိစ္စကို ပြေလည်အောင် လုပ်ပေးပြီးသည်နှင့် လုံချန်တို့သုံးယောက်ကို နေရာချပေးပြီးနောက် ဂူပေ့တျန်းက ချူတျန်းရှုံ ဖက် လှည့်ကြည့်ကာ ခပ်ကြွားကြွားပုံစံလုပ်ပြီး ပြုံးလိုက်သည်။ ထို့နောက် ခရမ်းရောင်ဂိုဏ်းခွဲ ထိုင်နေသည့် နေရာသို့ ပြန်သွားကာ ထိုင်နေခဲ့သည်။

ဂူပေ့တျန်းနှင့် ချူတျန်းရှုံ တို့နှစ်ယောက်က ထာဝရ ပြိုင်ဖက်များ ဖြစ်နေကြောင်း မြင်နိုင်လေသည်။ နှစ်ယောက်စလုံးက မျိုးဆက်သစ်များ၏ အတွင်းစည်းတပည့် ရွေးချယ်ပွဲမှာပင် ပြိုင်ဆိုင်နေကြသေးသည်။

ခရမ်းရောင်ဂိုဏ်းခွဲမှ လူများ ထိုင်နေသည့် ဖက်ခြမ်းတွင် ချူဖန်းချင် ကဲ့သို့ ခန်းမအရှင်များအပြင် သန်မာအားကောင်းပုံရသည့် လူငယ်နှစ်ယောက် ရှိနေသည်။ တစ်ယောက်က ချူယွန်ရှီ နှင့် အင်အား အတူတူပင် ရှိသည်။ ဤလူငယ်နှစ်ယောက်စလုံးက ခရမ်းရောင်ဂိုဏ်းခွဲ၏ ထိပ်သီး ပါရမီရှင်များ ဖြစ်ပုံရသည်။ ဤအချိန်တွင် သူတို့ နှစ်ယောက်လုံးက ယခုလေးတင် ရောက်လာသော လုံချန်ကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။

ဂူပေ့တျန်း ခရမ်းရောင်ဂိုဏ်းခွဲ ထိုင်နေသည့်ဖက်ခြမ်းကို ပြန်ရောက်သွားပြီးနောက်မှာ အစည်းအဝေးခန်းမသည် ရုတ်တရက် ပြန်တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်လုံးအကြည့်များ လုံချန် ဆီ ရောက်လာခဲ့တော့သည်။ ဤအချိန်တွင် သူတို့ ပြောဆိုဆွေးနေသည့်အရာမှာ လုံချန်၊ လဲ့လန် နှင့် ချူယွန်ရှီ တို့သုံးဦး ကြားမှ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းအကြောင်းပင်၊ ၎င်းအပြင် လုံချန်၏ အရင်က တိုက်ပွဲ မှတ်တမ်းများ အကြောင်းလည်း ပါဝင်ခဲ့သည်။ လုံချန် တို့အဖွဲ့ နောက်​ဆုံးမှ ရောက်လာပုံ အကြောင်းလည်း ဆွေးနွေးနေကြ၏။

လုံချန်က တတ်နိုင်သမျှ ကိုယ့်ကိုယ်ကို နှိမ့်ချနေရင်း ခန်းမထဲရှိ လူတိုင်းကို အကဲခတ်ကြည့်နေသည်။ အထူးသဖြင့် အပြင်စည်းဂိုဏ်းခွဲ(၉)ခု၏ မဟာအကြီးအကဲများ နှင့် အတွင်းစည်းတပည့် ရွေးချယ်ပွဲ၌ ပါဝင်မည့် အခြား ပါရမီရှင်များကိုပင်။

ခန်းမထဲတွင် လူ အများအပြား ရှိနေလေရာ သူ့အနေဖြင့် ခဏတွင်း အားလုံးကို မှတ်မိရန် ခက်ခဲသည်။ သို့သော်လည်း သူတို့နှင့် အနီးကပ်ဆုံး ထိုင်နေသည့် ရွှေဂိုဏ်းခွဲ က လုံချန်ကို စိတ်ဝင်စားမှု အများဆုံး ဖြစ်စေသည်။

ရှေ့ဆုံးတွင် ထိုင်နေသည့် လူအိုကြီးက မဟာအကြီးအကဲ ဖြစ်ပုံရ၏။ ကျန်တစ်ယောက်ကတော့ သက်လတ်ပိုင်းအရွယ်ဖြစ်သည်။ ၎င်း၏မျက်နှာပေါက်က ဂျင်ရှန်းအန် နှင့် ခပ်ဆင်ဆင်တူကြောင်း သတိထားမိလိုက်သည်။ တစ်ခုတည်းသော ကွာခြားချက်က ဂျင်ရှန်းအန် ကဲ့သို့ မောက်မာထောင်လွှားခြင်းမရှိဘဲ ရင့်ကျက်ပြီး အေးစက်စက်ဖြစ်နေသည်။ မျက်လုံးအကြည့်က ဓားသွားကဲ့သို့ ထက်မြက်ကာ ချူတျန်းရှုံ ထက်ပင် ပို၍ ကြောက်စရာ ကောင်းပုံရသည်။ အစွမ်းထက် ပညာရှင်ကြီးတစ်ယောက်လို ခံစားရစေသည်။

“ဒါက နာမည်ကျော် ရွှေဂိုဏ်းခွဲရဲ့ မဟာအကြီးအကဲ ဖြစ်ရမယ်”

လုံချန်က သတိထားလိုက်သည်။ တစ်ချိန်တည်းမှာပင် လူအိုကြီးက ခေါင်းငုံ့ကာ လက်ဖက်ရည် သောက်နေရင်း တစ်ချက်တစ်ချက် သူ့မျက်လုံးအကြည့်က လုံချန် ဆီသို့ ရောက်နေသည်။

အမှန်တကယ်တော့ လုံချန်က အစိမ်းရောင်ဌာနခွဲ၏ ပါရမီရှင် ဖြစ်မှန်း သတိထားမိသော်လည်း နောက်ကျမှ ရောက်လာသည့်အတွက် တစ်ခုခု မူမမှန်ကြောင်း လူတိုင်း စဉ်းစားမိကြသည်။ မကြာခင် တစ်စုံတစ်ယောက်က ရုတ်တရက်မေးလာခဲ့သည်။

“ညီအစ်ကို ချူ! ဒီ ကောင်လေး ဘာလို့ ဒီလောက် နောက်ကျနေတာလဲ။ ငှက်ပေါ်က ပြုတ်ကျလို့လား”

ဤအသံက အခြား မဟာအကြီးအကဲ တစ်ယောက် ဖြစ်သည်။

ယွမ်လင်းဒေသတွင် ခရီးရှည်သွားလာရန်အတွက် နတ်ဆိုးငှက်များကို စီးနင်းကြသည်။ ထို့ကြောင့် အင်အားစုကြီးများက နတ်ဆိုးငှက်များစွာ မွေးမြူ ထားကြသည်။ အစိမ်းရောင်နေမင်းဌာနခွဲတွင်တော့ လေပြင်းသိမ်းငှက်တစ်ကောင်သာ ရှိခဲ့သည်။

ထို မဟာအကြီးအကဲ က ဟာသတစ်ခုလို ပြောလိုက်သည့်အခါ ပတ်ဝန်းကျင်က ခြောက်ကပ်မနေတော့ဘဲ ရယ်မောသံများဖြင့် ပျော်ရွှင်သောအခြေအနေသို့ပြန်ရောက်လာသည်။ သို့ရာတွင် ချူတျန်းရှုံ၏မျက်နှာက မည်းမှောင်သွားပြီး လဲ့ယွမ် ဆီ လှည့်ကြည့်လိုက်သည်။

“မင်းတို့ကို မနက်စောစော အရောက်လာဖို့ ငါမှာထားခဲ့တယ်။ အခုတော့ တစ်နာရီတောင် နောက်ကျသွားတယ်။ ငါ့ကို လေးစားမှု မရှိတော့ဘူးလား ”

ချူတျန်းရှုံက တမင်ပြဿနာရှာနေတာဖြစ်သည်။ လုံချန် နောက်ကျသည့်အတွက် ခန်းမသခင် ဖြစ်သည့် လဲ့ယွမ် အပေါ် အပြစ်ပုံချနေခြင်းပင်။

လဲ့ယွမ်ကတော့ ဒေါသကို ထိန်းထားရင်း ပြန်ဖြေခဲ့သည်။

“မဟုတ်ပါဘူး။ ဒီဂျူနီယာ က မလုပ်ရဲပါဘူး။ ငါ့ရဲ့ အမှားပါ မဟာအကြီးအကဲ။ အစိမ်းရောင်ဂိုဏ်းခွဲ ကို ပြန်ရောက်ရင် ပြစ်ဒဏ် ချမှတ်ပေးပါ”

“ပြစ်ဒဏ် မလိုပါဘူး” ချူတျန်းရှုံ က အေးစက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ နှစ်တွေ ကြာလာပြီ၊ မင်းမှာ ဘာမှ ပံ့ပိုးမှု မရှိသေးဘူး။ နောင်မှာ ဒီလို အခြေခံ အမှားမျိုး ထပ်လုပ်မိရင် ခန်းမသခင် ရာထူးကို ဆက်မထိန်းနိုင်လောက်တော့ဘူးထင်တယ်”

ချူတျန်းရှုံက စကားပြောတာ အသံ မကျယ်သော်လည်း ခန်းမထဲရှိ လူတိုင်း ကောင်းစွာကြားနိုင်ကြသည်။ လူတိုင်း၏မျက်နှာက အရောင်အမျိုးမျိုး ဖြစ်သွားကြသည်။

ဤပြဿနာ နောက်ကွယ်တွင် တကယ်တမ်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့မှန်း မသိနိုင်သော်လည်း ခရမ်းရောင်ဂိုဏ်းခွဲ၏ မဟာအကြီးအကဲ ဂူပေ့တျန်းက တဟားဟားရယ်မောလိုက်ပြီး ချူတျန်းရှုံ ကို လှမ်းကြည့်ကာ နောက်ပြောင်သည့်ပုံသဏ္ဌာန် လုပ်ပြလေသည်။ အဓိပ္ပာယ်က “ချူတျန်းရှုံ! မင်း အသက်ကြီးလာလေလေ စိတ်ဓာတ်အောက်တန်းကျလာလေပဲ။ ဂျူနီယာမျိုးဆက်တွေကိုတောင် ဖိနှိပ်ချင်နေတယ်”ဟူ၍ပင်။

ဤအခြေအနေကို ချူတျန်းရှုံ တစ်ယောက်တည်းသာ နားလည်လိုက်သည်။

ချူတျန်းရှုံက လက်သီး ဆုပ်လိုက်ပြီး ဂူပေ့တျန်းကို အေးစက်စက်ပြန်ကြည့်ကာ ဘာစကားမှမပြောတော့ပေ။

ဤအချိန်တွင် လဲ့ယွမ်က သက်ပြင်းချလိုက်ပြီး ရိုသေစွာ ပြောခဲ့သည် “မဟာအကြီးအကဲ၊ နောင်ကို ဒီလိုမျိုး ထပ်မလုပ်တော့ပါဘူး။ ပြစ်ဒဏ် မချမှတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်”

“အမှားကို သိပြီး ပြင်ချင်တာ အကောင်းဆုံးပဲ။ ဒီနေရာမှာ မင်း ဘာမှ ဝင်မပြောနဲ့တော့။ တခြား ဂိုဏ်းခွဲရဲ့ ပညာရှင်တွေ ရှေ့မှာ ငါတို့အစိမ်းရောင်ဂိုဏ်းခွဲကို အရှက်ကွဲစေချင်နေတာလား”

ချူတျန်းရှုံက ခေါင်းငုံ့ကာ လက်ဖက်ရည်တစ်ငုံသောက်ရင်း ဂရုမစိုက်သလို ပြန်ပြောလိုက်သည်။

ဘေးနားရှိ လုံချန်က ဤအခြေအနေအားလုံး ကို မြင်တွေ့နေရသည်။ သူ့ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် လင်းရှီ၏ သတိပေးချက်ကြောင့် ခန်းမအပြင်ကနေ လူရိပ်များ လှုပ်ရှားနေသည်ကို သတိထားမိလိုက်သည်။ ကြည့်ရသလောက်တော့ အတွင်းစည်းဂိုဏ်း၏ အာဏာပိုင်များ ဖြစ်ပုံရ၏။ လုံချန်က အခြေအနေကို တွက်ဆပြီး သူ့စိတ်ထဲမှာ အတွေးတစ်ခု ရုတ်တရက်ဝင်လာကာ မတ်တပ် ထရပ်လိုက်သည်။

ဘာလဲ ဟ...

လုံချန် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည့်အတွက် ခန်းမထဲ၌ အနည်းငယ် ရှုပ်ထွေးသွားသည်။ လဲ့ယွမ်နှင့် လဲ့လန်တို့နှစ်ယောက်လည်း အခြားသူများထက် ပိုပြီး အံ့အားသင့်သွားသည်။ နှစ်ယောက်သား လုံချန်ကို ဆွဲကာ ထိုင်နေရန် ကြိုးစားလိုက်ကြသည်။ သို့ရာတွင် လုံချန် ဂရုမစိုက်ဘဲ အေးစက်စက်အကြည့်ဖြင့် ခပ်လှမ်းလှမ်းရှိ ချူတျန်းရှုံ ကို စိုက်ကြည့်နေသည်။ ထို့နောက် သူက တည်ငြိမ် ပြတ်သားသောလေသံဖြင့် ပြောလိုက်တော့သည်။

“တပည့်လုံချန်က အရင်ကတည်းက ကြားခဲ့ဖူးပါတယ်။ အစိမ်းရောင်ဂိုဏ်းခွဲရဲ့ မဟာအကြီးအကဲ က အမှားအမှန်ကို ခွဲခြားနိုင်တဲ့ ဂုဏ်သိက္ခာ ရှိတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတာပေါ့။ ဒါပေမဲ့ ဒီနေ့ ငါ တွေ့လိုက်ရတာက ဘက်လိုက်တတ်ပြီး စိတ်ဓာတ်မကောင်းတဲ့ လူတစ်ယောက်ပဲ။ အမှားအမှန်ကို ဂရုမစိုက်ဘဲ အားနည်းသူတွေကို ဖိနှိပ်တတ်တယ်။ ဒီနေ့ ငါ အမြင်တွေ ကျယ်ရပါတယ်”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters