အခန်း ၁၅၇
Vol. 14 Ch. 157
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၄)အပိုင်း ၁၅၇]
လုံချန် စကားစပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ လူတိုင်း အံ့အားသင့်စွာ သူ့ကို ငေးကြည့်နေကြသည်။အခြားသော အပြင်စည်းဂိုဏ်းခွဲ (၈)ခု၏ မဟာအကြီးအကဲများပင် ချက်ချင်း တုန်လှုပ်သွားကြသည်။
ဤအချိန်တွင် ချူမောင်နှမ နှစ်ယောက်ကသာ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများ ရှိနေကြသည်။ အကြောင်းမှာ သူတို့ မျက်လုံးထဲ၌ ချူတျန်းရှုံ က နတ်ဘုရားကဲ့သို့ တည်ရှိမှု ဖြစ်နေလို့ပင်။ သို့ရာတွင် မမျှော်လင့်ဘဲ လုံချန်က သူတို့၏ နတ်ဘုရားကို ရိုင်းရိုင်းစိုင်းစိုင်း မထီမဲ့မြင် ပြောဆိုနေခဲ့သည်။ သေချာသည်မှာ သူတို့၏အမြင်တွင် လုံချန်က ချက်ချင်း အသတ်ခံရလိမ့်မည်ဟု ယုံကြည်လိုက်ကြသည်။
လဲ့ယွမ်နှင့် လဲ့လန်တို့နှစ်ယောက်ကတော့ ခေါင်းများ ချာချာလည်သွားသလိုပင်။ လုံချန်က စိတ်မြန်လက်မြန်ဖြစ်မှန်း သိထားသော်လည်း နတ်ဆိုးဘုရင်ကိုးပါးနန်းတော်သို့ မရောက်ခင်အချိန်က ပြောထားသည့် သတိပေးစကားကို မှတ်ထားလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း လုံချန်က သတိပေးစကားကို ဂရုမစိုက်သည့်အပြင် ဂိုဏ်းခွဲ၏ မဟာအကြီးအကဲကိုပါ တိုက်ရိုက်စော်ကားခဲ့သေးသည်။
ဤအချိန်တွင် လုံချန်က စကားပြောပြီးနောက် ခေါင်းငုံ့မသွားဘဲ မျက်နှာခပ်တည်တည်ဖြင့် ရပ်နေသော ချူတျန်းရှုံကို ဆက်လက်စိုက်ကြည့်နေ၏။သူက ချူတျန်းရှုံကို လူရှေ့သူရှေ့မှာတင် အရှက်ခွဲရန် ရည်ရွယ်ခဲ့သည်။ ယခု သူပြောလိုက်သောစကားများက အပြင်စည်းဂိုဏ်းခွဲ (၈)ခု၏ မဟာအကြီးအကဲများ ရှေ့တွင် ဖြစ်နေလေရာ ချူတျန်းရှုံ၏ဂုဏ်သတင်းက ကုန်းကောက်စရာမရှိအောင် ပျက်စီးသွားနိုင်သည်။ ထိုလူအိုကြီးသာ အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိပါက လူရယ်စရာဖြစ်သွားမှာသေချာပါသည်။
ထို့ကြောင့် လူတိုင်းက ချူတျန်းရှုံအနေဖြင့် ဤအခြေအနေကို မည်သို့မည်ပုံ ကိုင်တွယ်လာမည်ကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည်။
“မင်းက သေချင်နေတာပဲ ... ဟမ့်! ကောင်းကင်ယွမ်တစ်ပိုင်းအဆင့် အပြင်သည်းတပည့်တစ်ယောက်က အတွင်းစည်းတပည့် ရွေးချယ်ပွဲမှာ ပါဝင်ချင်တယ်တဲ့လား။ ငါ မင်းကို ဘယ်လို ဖိနှိပ်မလဲဆိုတာ ကြည့်ရအောင်”
ချူယွန်ယောင်က ဒေါသတကြီးအသံဖြင့် အော်လိုက်ပြီး လုံချန်ဆီသို့ တဟုန်ထိုး ပြေးဝင်လာလေသည်။
ပတ်ဝန်းကျင်မှာ လုံချန်အား အမုန်းဆုံးလူကို ပြပါဆိုလျှင် ချူယွန်ယောင် ကိုသာ ပြရပါလိမ့်မည်။ လက်ရှိ သူမ၏ခွန်အားက ကောင်းကင်ယွမ်အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း ကောင်းကင်ယွမ်ကနဦးအဆင့်သာ ရှိသေးသော လုံချန်က မည်သည့်အတွက်ကြောင့် ရွေးချယ်ခံ ဖြစ်ရသနည်း။ လက်ရှိ ချူယွန်ယောင် ကတော့ အဘိုးဖြစ်သူ၏မျက်နှာကြောင့် ပြိုင်ပွဲအခြေအနေကို ကြည့်ရှုခွင့်သာရရှိခဲ့သည်။
အဆိုးဆုံးမှာ လုံချန်က လူတိုင်းရှေ့တွင် သူမ၏အဘိုးဖြစ်သူ ချူတျန်းရှုံကို ပေါ်တင်အရှက်ခွဲနေခဲ့သည်။ ဤသည်မှာ လုံးဝ ခွင့်မလွှတ်နိုင်စရာပင်။
ထို့ကြောင့် ချူယွန်ရှီ မတိုက်ခိုက်ခင်မှာ သူမက အရင်ဆုံး စပြီးတိုက်ခိုက်လိုက်ပါတော့သည်။
“သေစမ်း ...”
ချူယွန်ယောင်က နိဗ္ဗာနသလင်းနတ်ဓားကို ဆွဲထုတ်လိုက်ပြီး လုံချန်အား ထိုးသွင်းလိုက်သည်။
လူအများစုက စိတ်ဝင်တစား စောင့်နေကြ၏။ လုံချန်က မည်မျှ အရည်အချင်း ရှိသနည်း၊ သို့မဟုတ် ချူယွန်ယောင်ကို အနိုင်ရသွားမည်လားဆိုသည်ကို မြင်တွေ့ချင်နေကြသည်။
သို့ရာတွင် ချူတျန်းရှုံက ထိုင်နေရာကနေ ဖျတ်ခနဲပျောက်ကွယ်သွားပြီးနောက် သူ့လက်ထဲမှာ ချူယွန်ယောင်၏ နိဗ္ဗာနသလင်းနတ်ဓားကို ကိုင်ထားရင်း ပြန်ပေါ်လာသည်။
“အဘိုး၊ ငါ သူ့ကို သတ်ချင်တယ်။ အဘိုးကို အဲ့ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာဆိုတော့ သေဒဏ်ပေးသင့်တယ်”
“နောက်ဆုတ်နေစမ်း...”
ချူယွန်ယောင်က ဒေါသတကြီးဖြစ်နေသော်လည်း ချူတျန်းရှုံ၏လေသံနှင့် မျက်နှာထားက တစ်စုံတစ်ရာ မပြောင်းလဲသွားပေ။ မြေးမလေးကိုညင်သာစွာ နောက်သို့ ပြန်ပို့လိုက်ပြီး အေးစက်စက်မျက်နှာထားဖြင့် လုံချန်ကို စိုက်ကြည့်လိုက်သည်။
လုံချန် အတွက်လည်း အနှီလူအိုကြီးက လူသားမဟုတ်ဘဲ သစ်ပင်တစ်ပင် သို့မဟုတ် ကျောက်တုံး တစ်တုံးကဲ့သို့ ခံစားလိုက်ရသည်။
“ဒီ လူအိုကြီးရဲ့ စိတ်ဓာတ်က အရမ်းသန်မာနေပြီ။ ပါးစပ်နဲ့ တိုက်ခိုက်တာ တစ်ခုလောက်နဲ့ ဒေါသမထွက်နိုင်သေးဘူး။ ဒါပေမဲ့ သူ့ အောက်ဆုံးစည်းက ဘယ်အတိုင်းအတာထိ ရှိလဲ ဆိုတာ ငါ စမ်းကြည့်ချင်တယ်။ ဘာပဲဖြစ်ဖြစ် ငါ လုံချန်နဲ့ ဦးလေး လဲ့ကို စိတ်ရှိတိုင်း ဖိနှိပ်လို့မရဘူးဆိုတာ အဲဒီလူအိုကြီး သိထားသင့်တယ်”
လုံချန်က အစိမ်းရောင်ဧကရာဇ်ခန်းမတွင် ကြုံတွေ့ခဲ့သော အခြေအနေမှာကတည်းက ဒေါသထွက်နေခဲ့ပြီဖြစ်သည်။ ယခုအခါ ချူတျန်းရှုံက အဓိပ္ပာယ်မဲ့စကားများ ပြောဆိုပြီး လဲ့ယွမ်အား ဖိနှိပ်နေသည့်အတွက် သူ့စိတ်ထဲမှာ ထိုလူအိုကြီးကို စုတ်ဖြဲပစ်ချင်နေခဲ့သည်။
လုံချန်က ဒေါသထွက်နေသော်လည်းပဲ အရူးတော့မဟုတ်ခဲ့ပါ။ လူအများရှေ့တွင် အပြင်စည်းဂိုဏ်းခွဲတစ်ခု၏ မဟာအကြီးအကဲကို စော်ကားပြောဆိုရဲသောကြောင့် သူ့မှာ ယုံကြည်မှုတချို့ ရှိနေမှန်း သိသာစေသည်။ မဟုတ်ပါက ကိုယ့်သေတွင်းကို တူးနေသည်နှင့်အတူတူပင် ဖြစ်သွားပေမည်။
သူက နောက်တွန့်မသွားဘဲ လူအိုကြီးချူတျန်းရှုံကို နောက်တစ်ခါ ထပ်မံ၍စိုက်ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“လူတိုင်း သိထားကြမယ်ထင်ပါတယ်။ ငါနဲ့ ချူယွန်ရှီ တို့ကြားမှာ ပြဿနာ ရှိနေတယ်ဆိုတာကိုပေါ့။ ဒါ့အပြင် အစိမ်းရောင်ဧကရာဇ်ခန်းမရဲ့ မဟာအကြီးအကဲက သူ့ အဘိုး ဖြစ်နေခဲ့တယ်။ အဓိကအချက်က ငါတို့သုံးယောက်စလုံး မနက်စောစောထပြီး အစိမ်းရောင်ဧကရာဇ်ခန်းမကို အရောက်လာခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ငါတို့ ရောက်လာတဲ့အချိန်မှာ အစိမ်းရောင်ဧကရာဇ်ခန်းမက ကြိုပြီးထွက်သွားနှင့်ကြပြီ။ ဒါက အရေးမကြီးသေးဘူး၊ အရေးကြီးတာက ရောက်လာတဲ့အခါမှာလည်း တံခါးစောင့်သာသာအမှိုက်ကောင်တွေက ဦးလေး လဲ့ကို မလေးမစားဆက်ဆံနေသေးတယ်။ မဟာအကြီးအကဲချူ! ဒီလို အသေးအမွှား နည်းလမ်းတွေကို သုံးတာ မဟာအကြီးအကဲရဲ့ အဆင့်အတန်းနဲ့ မလိုက်ဖက်ဘူး မဟုတ်လား”
ဤစကားကြောင့် ခန်းမထဲရှိ လူတိုင်း ပိုပြီး အံ့အားသင့်သွားကြသည်။
“လုံချန်၊ မင်း ရူးနေပြီ။ ဒီစကားတွေ အခုချက်ချင်း ရပ်လိုက်စမ်း...”
လဲ့ယွမ်က နောက်ဆုံးမှာ သတိပြန်ဝင်လာပြီး လုံချန်ကို အတင်း နောက်ပြန်ဆွဲခေါ်လိုက်တော့သည်။
“နင်… နင်က အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာ။ ငါ့ ဘိုးဘိုးရဲ့ နာမည်ကို ညစ်နွမ်းအောင်လုပ်ရဲတယ်ပေါ့။ ဘာရည်ရွယ်ချက်နဲ့လဲ ...ပြောစမ်း”
ချူယွန်ယောင်က လုံချန်ကို အရှင်လတ်လတ်အရေခွံ ခွာချင်နေသကဲ့သို့ အော်ငေါက်လိုက်သည်။
“မင်း တကယ် သေချင်နေတာပဲ...”
ချူယွန်ရှီလည်း မနေသာတော့ဘဲ မတ်တပ်ထရပ်လိုက်သည်။
ဤအချိန်တွင် လူအများစုက ချူတျန်းရှုံ ဘာဆက်လုပ်မည်ကိုသာ အဓိကထား စောင့်ကြည့်နေကြသည်။ လုံချန် ကဲ့သို့ လူငယ်တပည့်တစ်ယောက်က လူအများရှေ့တွင် ပြောင်ပြောင်တင်းတင်း စော်ကားနေသည်မှာ ချူတျန်းရှုံ အတွက် လုံးဝကို မျက်နှာပျက်စရာပင်ဖြစ်သည်။
လူတချို့က ပါးစပ်ကို အုပ်ပြီး တိတ်တဆိတ်ရယ်မောနေကြ၏။ အထူးသဖြင့် ဂူပေ့တျန်း ပင်။
ဤအခိုက်အတန့်တွင် ချူတျန်းရှုံ၏မျက်လုံးများက အေးစက်လာပြီး အိုမင်းနေသောမျက်နှာတစ်ခုလုံးလည်း မည်းမှောင်လာပါတော့သည်။ သူ့စိတ်ထဲမှာ လူသတ်ချင်စိတ် အနည်းငယ် ပေါ်လာသလိုပင်။ဤအပြင်စည်းတပည့် လုံချန်က သူ၏ အောက်ဆုံးစည်းကို ကျော်သွားခဲ့ပြီ ထင်ပါသည်။
လုံချန်ကလည်း မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို ကောင်းကောင်းသိနေ၏။ လက်ရှိမှာ သူက ချူတျန်းရှုံကို လုံလောက်အောင် အရှက်ခွဲခဲ့ပြီးပြီဖြစ်သည်။ သူ့ကိုယ်သူ အပြင် ခန်းမအရှင်လဲ့ယွမ် အတွက်ပါက ပေါင်းပြီး ကလဲ့စားချေလိုက်တာပင်။ယခုအခါ လူအိုကြီး ချူတျန်းရှုံလည်း အခက်တွေ့နေရပြီမှန်း သိသာနေခဲ့သည်။
လုံချန်က ချူတျန်းရှုံ၏ စိတ်ထဲ၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိနေသလိုပင်။ မည်သို့ပင်ဖြစ်စေကာမူ လက်ရှိမှာ လုံချန်က အတွင်းစည်းဂိုဏ်း၏ အာဏာပိုင်များကနေ ခွင့်ပြုထားသော ရွေးချယ်ခံတစ်ဦးဖြစ်ခဲ့သည်။ ချူတျန်းရှုံသာ သူ့အား ပေါ်တင်သတ်ဖြတ်ရဲပါက အတွင်းစည်းအာဏာပိုင်များကို ရှင်းပြနိုင်မည်မဟုတ်ပေ။
သို့ရာတွင် ချူတျန်းရှုံ ကဲ့သို့ ထိပ်သီးပညာရှင်တစ်ယောက်က လုံချန်၏ အရှက်ခွဲမှုကို ငြိမ်ခံနေမည်မဟုတ်ပါ။ သူက လုံချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး အသံတိုးတိုး ပြောလိုက်သည်။
“ဒီနေ့ ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်မှာ မဟုတ်လောက်ဘူး ထင်တယ်။ နှစ်တွေ အကြာကြီး ငါတို့အကျိုးပြုလာတဲ့ အချက်တွေနဲ့လာခဲ့တဲ့ အပြင်စည်းဂိုဏ်းခွဲတစ်ခုရဲ့ ခေါင်းဆောင်တွေ ဖြစ်နေတဲ့ အချက်ကို ထည့်စဉ်းစားပြီး ဒေါင်ဖန်းရွှမ်းရှောင် ရဲ့ ရှေ့မှာ ငါ ချူတျန်းရှုံ အတွက် စကားနည်းနည်းလောက် ပြောပေးကြပါ”
ဤစကားကြောင့် ချူတျန်းရှုံက လုံချန်ကို သတ်ချင်နေပြီဖြစ်ကြောင်း တိုက်ရိုက် နားလည်သွားကြသည်။
ဤသည်မှာလည်း သိပ်တော့ မထူးဆန်းပေ။ သာမန်အပြင်စည်းတပည့်တစ်ယောက်က မဟာအကြီးအကဲ တစ်ယောက်ကို ပေါ်တင်စော်ကားရဲသည့်အတွက် မည်သူမဆို သတ်ချင်စိတ်ပေါက်နေပါလိမ့်မည်။ အထူးသဖြင့် စိတ်တိုဒေါသထွက်လွယ်သူ ချူတျန်းရှုံ ဆိုပါက ပို၍ပင်ဆိုးပါသေးသည်။
“ဒီလူငယ်လေးက အရည်အချင်း ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဦးနှောက်မရှိဘူး ”
“နောက်ထပ် ခဏလောက် သည်းခံနိုင်ရင် အပြင်စည်းဂိုဏ်းခွဲရဲ့ အထောက်အပံ့ကိုတောင် ရလာနိုင်တယ်။ အခုတော့ လုံးဝ ပြီးဆုံးသွားပြီ”
လဲ့ယွမ် တို့နှစ်ယောက်သာမကဘဲ အခြားလူတိုင်း သက်ပြင်းချလိုက်ကြသည်။
ချူတျန်းရှုံ ကိုယ်တိုင် လှုပ်ရှားတော့မည်ဖြစ်ကြောင်း သိလိုက်သည့်အချိန်မှာ ချူယွန်ရှီ တို့မောင်နှမလည်း ဝမ်းသာအားရဖြစ်သွားကြသည်။ ချူယွန်ယောင်က လုံချန်ကို စိုက်ကြည့်၍ ပြုံးကာပြောလိုက်လေသည်။
“အတွင်းစည်းတပည့် ရွေးချယ်ပွဲမှာ ပါဝင်ခွင့် ရပြီးမှ နင်က ကိုယ့်အဆင့်ကို မသိဘဲ ငါ့ရဲ့အဘိုးကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားဝံ့တယ်ပေါ့။ နင် သေသင့်တယ်”
ချူယွန်ယောင် ပြောနေသည့်အချိန်မှာပဲ ချူတျန်းရှုံ ထံမှ ကြောက်မက်ဖွယ်ဖိအားတစ်ခု ထုတ်လွှတ်ကာ လုံချန်ဆီသို့ ဖိချလိုက်၏။ ဤအချိန်တွင် လုံချန်က ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားရသည်။
“ဒီ လူအိုကြီးက တကယ် အားကောင်းတာပဲ။ ဒီအဆင့်ဆို လက်သီး တစ်ချက်တည်းနဲ့ ငါ့ကို အသားလုံးဖြစ်အောင် လုပ်ပစ်နိုင်တယ်”
လုံချန်က စိတ်ပျက်အားလျော့သွားခဲ့သည်။ ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်များက ယွမ်လင်းမြို့တော်၏ ထိပ်တန်းပညာရှင်များ ဖြစ်နေသည်မှာ အမှန်ပင်။
“အတွင်းစည်းဂိုဏ်းက အာဏာပိုင်တွေ ရောက်လာဖို့ အချိန်တန်ပြီထင်တယ် ...”
လုံချန်က ကြောက်မက်ဖွယ်ထိအားကို ရင်ဆိုင်နေရသော်လည်း သူ့ပုံစံကစိတ်အေးလက်အေး ရှိနေသည်။ အစောပိုင်းတုန်းက လင်းရှီက ပြောခဲ့သော စကားကြောင့်ပါ။ အစည်းအဝေးခန်းမ၏ အတွင်းပိုင်းကနေ အစွမ်းထက်ပညာရှင် နှစ်ယောက် လျှောက်လာနေကြောင်း ကြိုသိနေလို့ပင်။ တစ်ယောက်က ဤနေရာရှိ မဟာအကြီးအကဲများနှင့် အဆင့်တူဖြစ်၏၊ ကျန်တစ်ယောက်ကတော့ ၎င်း၏ခွန်အားအဆင့်ကို မှန်းဆမရအောင်ပင်နက်ရှိုင်းခဲ့သည်။ သေချာသည်မှာ ထိုလူက အတွင်းစည်းတပည့်ရွေးချယ်ပွဲကို ဦးဆောင်ကျင်းပမည့် ပုဂ္ဂိုလ် ဖြစ်ပုံရသည်။
ဤအခိုက်အတန့်တွင် ...
“ချူတျန်းရှုံ! ရပ်လိုက်စမ်း...”
ဤအသံကို ကြားလိုက်သည့်အခါ ချူတျန်းရှုံ၏မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူ့လက်ကို နာခံစွာ ရုတ်သိမ်းလိုက်ပြီး လုံချန်ကို မကြည့်ဘဲ အခြားတစ်ဖက်သို့ လှည့်လိုက်သည်။
ဤအချိန်တွင် လူတိုင်းက ခန်းမအတွင်းပိုင်း ဆီသို့ အာရုံ စိုက်ထားကြသည်။ ထို့အတူ မဟာအကြီးအကဲများ အပါအဝင် ခန်းမထဲရှိ လူအားလုံး ရိုသေစွာ ထရပ်လိုက်ကြထသည်။
လုံချန်သည် သေခြင်းတံခါးဝကနေ ပြန်ထွက်လာခဲ့သည်ဖြစ်ရာ အနည်းငယ် ကြောက်လန့်နေသေး၏။လဲ့ယွမ်နှင့် လဲ့လန်တို့လည်း မျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအရာများ အပြည့်ရှိနေကြသည်။ သို့သော်လည်း ရောက်လာသူ၏ အထောက်အထားကို တွေးမိလိုက်သည့်အခါ ရိုသေစွာ ရပ်နေခဲ့ကြသည်။
လူတိုင်း စောင့်ကြည့်နေသည့်အချိန်မှာပဲ ခန်းမအနက်ဆုံးအပိုင်းကနေ လူနှစ်ယောက် ထွက်လာကြသည်။ တစ်ယောက်က ငယ်ရွယ်ချောမောပြီး ခြိမ်းခြောက်မှုအပြည့် အကြည့်များ ရှိနေတတ်သည့် ဒေါင်ဖန်းတျန်ယု ပင်။ လုံချန်အနေဖြင့် ၎င်းကို တစ်ကြိမ် ဆုံတွေ့ခဲ့ဖူး၏။
ကျန်တစ်ယောက်က ဤတစ်ကြိမ် ပြိုင်ပွဲ၏ ဦးဆောင်သူ ဖြစ်ပုံရသည်။
လုံချန်၏မျက်လုံးထဲမှာ အံ့သြသည့်အမူအရာ အနည်းငယ်ပေါ်လာသည်။ ဦးဆောင်သူက အသက်သုံးဆယ်ကျော် အရွယ် လူလတ်ပိုင်းတစ်ယောက် ဖြစ်နေလို့ပင်။အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့အကြည့်က လူတိုင်းကို ထွင်းဖောက်မြင်နေသည့်အလားပင်။
“ဒီလူ တကယ် တည်ကြည်ခန့်ညားတာပဲ…”
ဤအချိန်တွင် မဟာအကြီးအကဲများအားလုံး လက်သီးနှစ်ဖက်စု၍ သက်လတ်ပိုင်းလူကို လေးစားစွာနှုတ်ဆက်လိုက်ကြသည်။
“အရှင် ဒေါင်ဖန်းရွှမ်းရှောင် ကို နှုတ်ဆက်ပါတယ်”
“ဒေါင်ဖန်းရွှမ်ရှောင် လား...”
“အရှေ့ပိုင်းဒေသရဲ့ နဂါးစိမ်းကလန် က ဒီတစ်ကြိမ် ရွေးချယ်ပွဲကို တာဝန်ယူရတာလို့ သတင်းကြားတယ်။ ဒေါင်ဖန်းတျန်းယု ကလည်း ဒေါင်ဖန်မျိုးနွယ်စု ရဲ့ ဆက်ခံသူ ဖြစ်နေတယ်။ ဒါဆို ဒီသက်လတ်ပိုင်းလူ က ဒေါင်ဖန်းရွှမ်းရှောင် ဆိုတာသေချာနေပြီ”
“ကောင်းပြီ၊ ထိုင်ကြပါ ....”
ဒေါင်ဖန်ရွှမ်ရှောင်က မျက်နှာအမူအရာမပြောင်းလဲဘဲ လက်ကိုညင်သာစွာဝှေ့ယမ်းလိုက်သည်။ သူ့ထံမှ ညွှန်ကြားချက် ထွက်လာသည့်အခါမှ လူတိုင်း နာခံမှုအပြည့်ဖြင့် ထိုင်လိုက်ကြသည်။ အထူးသဖြင့် ချူတျန်းရှုံ ပင်ဖြစ်၏။ ဒေါင်ဖန်ရွှမ်ရှောင် ရောက်လာပြီးနောက် လုံချန်ကို အာရုံမစိုက်တော့ပေ။ ဤသည်မှာ ဒေါင်ဖန်ရွှမ်ရှောင်၏ စွမ်းအားနှင့် အာဏာကို သက်သေပြနေပါသည်။
“ဒီ ဒေါင်ဖန်ရွှမ်ရှောင် က တကယ် ခေါင်းဆောင်စရိုက် အပြည့်အဝရှိတယ်...”
လုံချန်က စိတ်ထဲမှာ ချီးကျူးလိုက်ပြီး မြန်မြန် ထိုင်ချလိုက်သည်။
ခန်းမသည် ခဏတာ တိတ်ဆိတ်သွား၏။ လူအားလုံး သက်ဆိုင်ရာထိုင်ခုံများတွင် ထိုင်ပြီးနောက် ဒေါင်ဖန်ရွှမ်ရှောင် ထံမှ ညွှန်ကြားချက်ကို စောင့်နေကြသည်။
“အတွင်းစည်းတပည့် ရွေးချယ်ပွဲမှာ ပါဝင်မယ့် တပည့်တွေ အားလုံး ရှေ့ထွက်လာပါ။ နှစ်ယောက်တစ်တွဲစီ အဖွဲ့ဖွဲ့လိုက်ကြ။ ငါ မင်းတို့တစ်ယောက်ချင်းစီကို စိန်သလင်းကျောက်လက်ကောက်တစ်ကွင်းနဲ့ အချက်ပြမီးပန်း တွေ ပေးထားမယ်”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ