အခန်း ၁၅၈
Vol. 14 Ch. 158
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၄)အပိုင်း ၁၅၈]
“အမူအရာက အေးစက်စက်နိုင်ပေမယ်လို့ တကယ်တမ်းတော့ ခေါင်းဆောင်ပြီသတဲ့ လူပဲ” လုံချန်က စိတ်ထဲမှာ တွေးလိုက်သည်။
ထို့နောက် သူလည်း မတ်တပ်ထရပ်လိုက်ပြီး ကျန် လူငယ် ၁၉ ယောက်နှင့် အတူ ခန်းမဆောင်အလယ်၌ ရပ်လိုက်သည်။ ခန်းမဆောင်က ကျယ်ဝန်းသည့်အတွက် လူ အယောက် ၁၀၀၀ လောက်ရှိနေလျှင်ပင် ပြည့်ကြပ်နေမည်မဟုတ်ပေ။
လုံချန်က ကျန် ၁၉ ယောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူတို့၏အသက်အရွယ်က သူနှင့် သိပ်မကွာလှပေ။ သို့ရာတွင် လင်းရှီ ပြောခဲ့သလိုပင် သူတို့အားလုံးက အထွတ်အထိပ်ကောင်းကင်ယွမ်အဆင့်သို့ ရောက်နေကြပြီဖြစ်သည်။ လုံချန်တစ်ယောက်တည်းသာ ကောင်းကင်ယွမ်အနိမ့်ပိုင်းအဆင့် ဖြစ်ခဲ့သည်။
“ဒီ လူငယ်ပါရမီရှင်တွေက တကယ် ထူးချွန်ကြတာပဲ” လုံချန်က စိတ်ထဲမှာပဲ သက်ပြင်းချလိုက်ပါသည်။
ဝတ်စားဆင်ယင်မှုနှင့် ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး ဘယ်သူက ဘယ်ဂိုဏ်းခွဲ၏ တပည့်ဖြစ်ကြောင်း ခွဲခြားသိနိုင်ရန် မလွယ်ကူပါ။ သို့သော်လည်း လက်ရှိအချိန်မှာတော့ ဒေါင်ဖန်ရွှမ်ရှောင်၏ ညွှန်ကြားချက်အတိုင်း နှစ်ယောက်တစ်ဖွဲ့စီ အဖွဲ့ဖွဲ့လိုက်ကြသည်။
လုံချန်က တစ်ဖက်ကိုလှည့်ကြည့်လိုက်ရာ ချူယွန်ရှီ က သူ့ကို ပြုံးပြရင်း ဂျင်ရှန်းအန်နှင့် ယှဉ်ရပ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ဂျင်ရှန်းအန်၏နောက်တွင်မူ အရပ်ရှည်ရှည်နှင့်သန်မာထွားကြိုင်းသော အမွှာညီအစ်ကို နှစ်ယောက် ရပ်နေကြသည်။ သူတို့ နှစ်ယောက်ကလည်း ရွှေဂိုဏ်းခွဲ၏ပါရမီရှင်များ ဖြစ်ပုံရသည်။
ချူယွန်ရှီက အစိမ်းရောင်ဂိုဏ်းခွဲ၏ တပည့် ဖြစ်ပြီး ရွှေဂိုဏ်းခွဲနှင့် အဖွဲ့ ပေါင်းစပ်သွားသည့်အတွက် လုံချန် တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။ အားလုံးပေါင်း ပြိုင်ပွဲဝင် အယောက် နှစ်ဆယ်တည်းသာ ရှိလေရာ မကြာခင်မှာပဲ အားလုံး အဖွဲ့ကိုယ်စီဖြင့် ဒေါင်ဖန်ရွှမ်ရှောင်ရှေ့တွင် စီတန်းနေကြသည်။
ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံး အားလုံး လုံချန် ဆီကိုသာ ရောက်နေလေသည်။ ချူယွန်ရှီက ရွှေဂိုဏ်းခွဲနှင့် ပေါင်းစပ်သွားပြီဖြစ်သောကြောင့် လုံချန် တစ်ကိုယ်တည်း ကျန်နေခဲ့၏။ အခြား တစ်ဖက်မှာလည်း မိန်းကလေးတပည့် တစ်ယောက် တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။
“ငါ ပြောခဲ့တဲ့အတိုင်း မုန့်ယောင်က ကံဆိုးလွန်းတာပဲ” ငွေဂိုဏ်းခွဲ ဖက်ခြမ်းရှိ ချောမောသော သက်လတ်ပိုင်းအမျိုးသမီး တစ်ယောက်က ခေါင်းခါလိုက်သည်။ သူ့ဘေးနားမှာတော့ အသက်ကြီးရင့်နေသော အမျိုးသမီးကြီး တစ်ယောက် ရပ်နေခဲ့သည်။ ၎င်းက ငွေဂိုဏ်းခွဲ၏ မဟာအကြီးအကဲ ပင်ဖြစ်သည်။
“မုန့်ယောင်ရဲ့ ခွန်အားကို နင် မသိလောက်သေးဘူးမဟုတ်လား။ ပထမအဆင့်ကို တောင့်ခံနိုင်ရုံတင်နဲ့ ဒုတိယအဆင့်ရောက်တဲ့အခါကျရင် တောက်ပလာမှာ သေချာတယ်။ ဒါပေမဲ့ လုံချန်က သူ့ကို ဆွဲချမသွားမှ အဆင်ပြေလိမ့်မယ်”
“ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ” သက်လတ်ပိုင်းအမျိုးသမီးက စိတ်တိုနေသံဖြင့် ပြန်ပြောခဲ့သည်။“ဒီကောင်လေးက ကြောက်တတ်ရင် ပထမဆုံး အန္တရာယ်တွေ့တာနဲ့ အချက်ပြမီးပန်း ဖောက်ပစ်မှာ သေချာတယ်။ အဲဒါနဲ့ မုန့်ယောင် ပါဝင်ခွင့် ပျက်သွားလိမ့်မယ်။ ဒီလောက် နှစ်တွေအကြာကြီး ကြိုးစားလာခဲ့တဲ့ အရာတွေ အကုန် အလကားဖြစ်သွားပြီထင်ပါတယ်”
“တော်သင့်ပြီ၊ ဘာမှမပြောနဲ့တော့။ ကံတရားက ခွန်အားရဲ့ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုပဲ။ ကံတရားကြောင့် မအောင်မြင်ရင် ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ဘူး” သူတို့နှစ်ယောက် ငြင်းခုံနေသံက မကျယ်သော်လည်း ခန်းမထဲရှိ လူတိုင်း ရှင်းရှင်းလင်းလင်းကြားနေကြသည်။ လုံချန်လည်း ကြားနေပါသည်။
“ငါ သူမကို ဆွဲချသလိုဖြစ်သွားမှာတဲ့လား” လုံချန် က စကားမပြောနိုင်လောက်အောင်ပင်ဖြစ်သွား၏။ သို့သော် လူတိုင်း သူ့အား အထင်အမြင်သေးနေသည်ဖြစ်ရာ စကားကို အပြင်ထုတ်ပြောလျှင်ပင် ယုံနိုင်ကြမည်မဟုတ်ပေ။ ဤအချိန်မှာ လူတိုင်းက သူ့ကို အန္တရာယ်တစ်ခုဟု ထင်နေကြသည်မဟုတ်ပါလား။
“ကောင်းပြီ၊ အချိန်တန်ရင် ဘယ်သူက ဘယ်သူ့ကို ဆွဲချမလဲဆိုတာ ကြည့်ရအောင်” လုံချန်၏ မျက်နှာထားက ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူက လူတိုင်း ထံမှ လှောင်ရယ်နေသံကို လက်တွေ့မြင်နေရ ကြားနေရသည့်တိုင်အောင် အတတ်နိုင်ဆုံးထိန်းချုပ်ထားလိုက်ပါသည်။
ဤအချိန်တွင် ဒေါင်ဖန်ရွှမ်းရှောင်၏မျက်လုံးများက လုံချန် ဆီ ရောက်လာခဲ့သည်။
“သွားလိုက် ...” သူက ယင်မုန့်ယောင် ဖက် လက်ညှိုးထိုးပြီး ပြောလိုက်သည်။
လုံချန်က တည်ငြိမ်သော ခြေလှမ်းဖြင့် ငွေဂိုဏ်းခွဲ၏ မိန်းကလေးတပည့် ယင်မုန့်ယောင် ဘေးနားကို လျှောက်သွားလိုက်သည်။
ယင်မုန့်ယောင်က တိုက်ရိုက် ပါဝင်ခွင့် ရခဲ့သူ ဖြစ်သည်။ ထို့အတွက်ကြောင့် သူမ၏ခွန်အားက ဂျင်ရှန်းအန် နှင့် ချူယွန်ရှီ ထက် မသာလျှင်ပင် နိမ့်ကျမည်မဟုတ်ပေ။
ယခုအခါ ပြိုင်ပွဲဝင် အယောက်နှစ်ဆယ်ကို အုပ်စု ဆယ်ခုစီ ပြီးပြည့်စုံစွာ ဖွဲ့စည်းပြီးခဲ့ပြီဖြစ်သည်။ ပထမအဆင့်ဖြစ်သည့် ငရဲလမ်းကြောင်း အဆင့်၌ အုပ်စု ၁၀ ခုအနက်မှ အုပ်စု ၄ ခုသာ ကျန်ရှိခဲ့ပါလိမ့်မည်။ နောက်ထပ်တစ်ဆင့် ဖြစ်သော ဒုတိယအဆင့် က ပြိုင်ပွဲ၏ နောက်ဆုံး တိုက်ပွဲ ဖြစ်သည်။
“ဒီနှစ်ယောက်က တကယ် လိုက်ဖက်တဲ့ ကောင်းကင်ဘုံက စုံတွဲပဲ” လုံချန်က သူ့ကိုယ်သူ စိတ်ပျက်စွာ တွေးမိလိုက်သည်။
ပြိုင်ပွဲဝင်များကို အုပ်စုခွဲပြီးနောက် ဒေါင်ဖန်ရွှမ်းရှောင်က နောက်ထပ် မပြောတော့ဘဲ သိုလှောင်အိတ်ထဲကနေ အချက်ပြမီးပန်းများ ထုတ်လိုက်ပြီး သူ့ဘေးနားရှိ ဒေါင်ဖန်တျန်းယု ကို လက်ဆင့်ကမ်း ပေးခိုင်းလေသည်။
“အချက်ပြမီးပန်းထဲကို ချီစွမ်းအင် ပို့လွှတ်လိုက်ရုံနဲ့ အစွမ်းပြလိမ့်မယ်” တစ်ဆက်တည်း ဒေါင်ဖန်ရွှမ်းရှောင်က အချက်ပြမီးပန်း အသုံးပြုနည်းကို ရှင်းပြခဲ့သည်။
ဤအချိန်တွင် ဒေါင်ဖန်တျန်းယုက လုံချန်ရှေ့ကို ရောက်လာသည်။ လုံချန်က မမျှော်လင့်ထားဘဲ ဒေါင်ဖန်တျန်းယု၏ မျက်လုံးထဲမှာ ရန်လိုမုန်းတီးမှုများ ပြည့်နှက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
“ကောင်လေး၊ ကောင်းကင်စစ်သည်နယ်မြေထဲမှာ မင်းကို တွေ့တုန်းက အားနည်းတဲ့ လူတစ်ယောက်လို ဟန်ဆောင်နေတာပဲ။ ချူတျန်းရှုံကို ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာ ထားပါတော့၊ ငါ့ ယောင်အာကို ဒေါသထွက်အောင် လုပ်ရဲတာ။ ငါရှိနေတာကို မင်း ဂရုမစိုက်ဘူးလား”
ဤစကားများပြောပြီးနောက် အချက်ပြမီးပန်း ကို လုံချန်လက်ထဲ ထည့်ပေးလိုက်ပြီး နောက်လူတစ်ယောက် ဆီသို့ ဆက်သွားလိုက်သည်။ သွားနေရင်း လုံချန်ကို တစ်ချက် ပြန်လှည့်ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။
လုံချန်အတွက်တော့ ယခုအချိန်မှာ သူတတ်နိုင်သည့်အရာ ဘာမှမရှိခဲ့ပေ။ ချူမိသားစုကို ရန်စစော်ကားလိုက်ကတည်းက ဒေါင်ဖန်တျန်းယု နှင့် ရန်ငြိုး ရှိလာနိုင်ကြောင်း ကြိုတင် တွက်ဆထားခဲ့ပြီးသားဖြစ်သည်။ သို့သော်လည်း ယခု အခြေအနေတွင် သူ့မှာ အခြားရွေးချယ်စရာ မရှိခဲ့ပါ။ လဲ့လန် အတွက်ကြောင့် သူနှင့် ချူမိသားစု ကြားက ရန်ငြိုးမှာ ပေါက်ကွဲလုနီးနီးမီးတောင်တစ်ခုလိုပင် ဖြစ်နေခဲ့သည်။
ဒေါင်ဖန်တျန်းယု အချက်ပြမီးပန်း အားလုံး ဖြန့်ဝေပြီးနောက်တွင် ဒေါင်ဖန်ရွှမ်းရှောင်က တလက်လက်တောက်ပနေသော သလင်းကျောက်လက်ကောက် အခု ၂၀ ထုတ်ယူလိုက်သည်။ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်နှင့်တစ်ချိန်တည်းတွင် အလင်းတန်းများအသွင်ပြောင်းလဲသွားပြီး လူတိုင်း၏လက်မှာ ဝတ်ဆင်လျှက်သား ဖြစ်သွားကြသည်။ ကြည်လင်နေသော သလင်းကျောက်လက်ကောက်ကို ငုံ့ကြည့်ရင်း လုံချန်လည်း အံ့အားသင့်သွားသည်။
“ဒါက စိန်သလင်းကျောက်လက်ကောက် ပဲ။ မင်းတို့ ခွန်အားနဲ့ ပျက်စီးအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒဏ်ရာ လက်ခံနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်ရင် သလင်းကျောက်လက်ကောက်က သူ့အလိုလို ကျွတ်ကျသွားလိမ့်မယ်။ အဲဒီနောက်မှာ တခြားသူတွေက လုယူနိုင်တယ်”
ဒေါင်ဖန်ရွှမ်းရှောင်က မျက်နှာအမူအရာမပြောင်းဘဲ ဆက်ပြောနေသည်။
“ငရဲလမ်းကြောင်းရဲ့ စည်းမျဉ်းတွေကို သိပြီးသား ဖြစ်မယ်ထင်တယ်။ မလိုအပ်တဲ့ စကားတွေ မပြောတော့ဘူး။ အခု ညစောင်းနေပြီ။ ပြန်ပြီး ပြင်ဆင်ကြပါ။ မနက်ဖြန် မနက်စောစော ရောက်တာနဲ့ ငရဲလမ်းကြောင်း ဆီ စထွက်ကြမယ်”
“အရှင်.... ဒေါင်ဖန်ရွှမ်းရှောင် ရဲ့ စကားအတိုင်း လိုက်နာပါမယ်... ”
လုံချန်လည်း ကျန်လူများ နည်းတူ ရိုသေစွာ ပြန်ဖြေလိုက်သည်။
စကားပြောပြီးနောက် ဒေါင်ဖန်ရွှမ်းရှောင်က နောက်ထပ် စကားမပြောတော့ဘဲ ထွက်ခွာသွားသည်။
အစမှ အဆုံးထိ သူက လုံချန်နှင့် ချူတျန်းရှုံ တို့ကြားမှ ကိစ္စ အကြောင်း တစ်လုံးမှ မပြောခဲ့ပေ။ သို့သော်လည်း လုံချန်ကို နောက်ဆုံးမှ အဓိကထားပြောသွားသည်မှာ ချူတျန်းရှုံ အတွက် တိတ်တဆိတ် သတိပေးချက်ပင် ဖြစ်သည်။ ဤအခြေအနေတွင် ချူတျန်းရှုံ က သတ္တိအစတစ်ရာလောက် ရှိနေလျှင်ပင် သူ့ကို လုပ်ကြံရဲတော့မည်မဟုတ်ပါ။
ဒေါင်ဖန်ရွှမ်းရှောင် ထွက်သွားပြီးနောက်မှာ ဂူပေ့တျန်းက ပေါင်ကို တစ်ချက်ရိုက်လိုက်ပြီး ထရပ်လိုက်သည်။ သူက လုံချန်ကို ပြုံးပြလိုက်၏။
“လူငယ်လေး၊ မင်း အစိမ်းရောင်ဂိုဏ်းခွဲ မှာ သိပ်မလုံခြုံတော့ဘူး ထင်တယ်။ ငါတို့ ခရမ်းရောင်ဂိုဏ်းခွဲ မှာ လာပြီးအနားယူပါလား။ ငါ ကိုယ်တိုင် ဧည့်ခံမယ်”
အမှန်တိုင်းဆိုရလျှင် လုံချန်က ချူမိသားစုနှင့် ဂိုဏ်းခွဲတစ်ခုတည်းမှာ အတူ နေထိုင်ချင်စိတ်မရှိခဲ့ပေ။ ဂူပေ့တျန်းက ကူညီပေးနေသောကြောင့် သူ့အတွက် အကောင်းဆုံးအခြေအနေ ဖြစ်သည်။ သူက ချက်ချင်း ကျေးဇူးတင်စွာ ပြန်ဖြေလိုက်သည်။
“မဟာအကြီးမကဲ ဂူပေ့တျန်း ကို ကျေးဇူးတင်ပါတယ်”
ဂူပေ့တျန်း နှင့် လုံချန် တို့ အဆင်ပြေနေသည်ကို မြင်လိုက်သည့်အခါ ချူတျန်းရှုံ၏မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်း တစ်ချက် တောက်သွားသည်။
“ဘိုးဘိုး၊ မစိုးရိမ်ပါနဲ့။ မနက်ဖြန် ငရဲလမ်းကြောင်းမှာ ဂျင်ရှန်းအန်နဲ့ ငါ အစီအစဉ် ချထားပြီပြီ။ လုံချန် အသက်မရှင်နိုင်ပါဘူး”
ချူယွန်ရှီက အဘိုးဖြစ်သူ အနားတိုးကပ်၍ အသံတိုးတိုးပြောလိုက်သည်။
“ကောင်းတယ်။ ရှီအာ! အရာအားလုံး မင်းအပေါ် မှာမူတည်နေတယ်။ ဘိုးဘိုး ပြောခဲ့တဲ့အတိုင်း လုပ်ပါ” ချူတျန်းရှုံ၏ အသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကို အေးစက်နေခဲ့သည်။
“သိပါတယ်။ သူ အချက်ပြမီးပန်း မဖောက်ခင်မှာပဲ သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခွဲပစ်လိုက်မယ်”
သူတို့ မြေးအဖိုးနှစ်ယောက် စိတ်ချင်းဆက်သွယ်ပြီးပြောဆိုနေသည့်စကားကို လင်းရှီ တစ်ယောက်တည်းသာ ကြားနေရသည်။ သူမ က ဒေါသထွက်လာပြီး လုံချန်ကို ပြန်ပြောပြလိုက်သည်။
“သိပ်ပြီးလည်း ဒေါသထွက်မနေပါနဲ့။ ငါ သူ့ကို ရှုံးမှာ မဟုတ်ပါဘူး” လုံချန်က ပြုံးရင်း တိုးတိုးလေး ပြန်ပြောလိုက်သည်။
ထို့နောက် သူက လဲ့ယွမ်နှင့် လဲ့လန် တို့ကို ခေါ်ကာ အပြင်ထွက်ရန် ပြင်လိုက်သည်။ ကျန်လူများလည်း တဖြည်းဖြည်းချင်း ထွက်သွားကြသည်။ ခပ်လှမ်းလှမ်းရှိ ဂူပေ့တျန်းက လုံချန်တို့ သုံးယောက်ကို အတူခေါ်သွားရန် ပြင်လိုက်၏။
ဤအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယင်မုန့်ယောင်က ရုတ်တရက်ပြောလိုက်သည်။
“လုံချန် ... မဟုတ်လား။ စကားတစ်ခွန်းလောက် ပြောလို့ ရမလား”
ရေခဲနတ်ဘုရားမ ကဲ့သို့ အေးစက်စက် အလှတရားက ကိုယ်တိုင် စကားပြောချင်နေသည်ကို တွေ့လိုက်ရာ လုံချန်လည်း အံ့အားသင့်သွားသည်။
ဂူပေ့တျန်းက အဘိုးကြီးတစ်ယောက် ဖြစ်နေသော်လည်း ဟာသဉာဏ်ရွှင်တတ်ပုံရ၏။ သူက ယင်မုန့်ယောင် ကို ကြည့်၍ နောက်ပြောင်လိုက်သည်။
“ကလေးမ၊ မင်း ဒီကောင်လေးကို တကယ် သဘောကျသွားပြီလား”
ယင်မုန့်ယောင်၏မျက်နှာထားက တစ်စုံတစ်ရာ မပြောင်းလဲသွားပေ။ ပုံမှန်လေသံဖြင့် တည်ငြိမ်စွာ ပြန်ဖြေသည်။
“မဟာအကြီးအကဲ ဂူပေ့တျန်း! တပည့်တို့နှစ်ယောက်က မနက်ဖြန်အတွက် အစီအစဉ်တွေ ဆွေးနွေးချင်ပါတယ်”
“အိုး ...” ဂူပေ့တျန်းက မိန်းမပျိုလေး၏ တည်ငြိမ်သောစကားသံကြောင့် ဆက်ပြီး စနောက်မနေတော့ဘဲ ရပ်လိုက်သည်။
လုံချန်က ခေါင်းညိတ်ပြပြီး ယင်မုန့်ယောင် နှင့်အတူ အခန်း ထောင့်တစ်နေရာ ဆီသို့ လျှောက်သွားလိုက်ကြသည်။ ယင်မုန့်ယောင် နှင့် အနီးကပ်လျှောက်လာရင်း ဤမိန်းမပျို၏အလှတရားက အံ့သြစရာကောင်းသလို ခံစားရသည်။ သူမ၏ အေးစက်စက်နိုင်မှုက သာမန် မိန်းမပျိုများ လိုက်လံတုပနိုင်သောအရာမဟုတ်ပေ။
ဤအချိန်တွင် ယင်မုန့်ယောင် က လုံချန်ကို ကြည့်ပြီး ပြောသည်။
“ငါ့ ငွေဂိုဏ်းခွဲရဲ့ မဟာအကြီးအကဲ က နင် ကောင်းကင်ယွမ်ကနဦးအဆင့် ကို ရောက်နေပြီလို့ ပြောတယ်။ ဒါကြောင့် ငါစိတ်ချနိုင်တယ်။ မနက်ဖြန် တိုက်ပွဲမှာ နင် တတ်နိုင်သမျှ ပုန်းအောင်း နေပါ။ ရန်သူတွေကို ငါ ကိုင်တွယ်လိုက်မယ်။ နင့်အတွက်က စိန်သလင်းကျောက်လက်ကောက်ကို ဂရုစိုက်ရုံပဲ လုံလောက်တယ်။ အဆင်ပြေရဲ့လား”
သူမ ပြောသွားသည့်စကားက လုံချန်ကို အထင်သေးနှိမ့်ချနေသည့်ပုံစံ မရှိပေ။ လုံချန်က အနည်းငယ်ထူးဆန်းသလို ခံစားရသည်။ သို့သော် သူမ အထင်သေးနှိမ့်ချနေလျှင်ပင် လုံချန်အနေဖြင့် ဘာမှမတတ်နိုင်ပေ။
“သူမ စိုးရိမ်နေတာက ငါ့ခွန်အား မလုံလောက်ရင် သလင်းကျောက်လက်ကောက် ဆုံးရှုံးသွားမှာ ဖြစ်လို့ပဲ၊ အဲ့ဒီအခါကျ ကိစ္စတွေ ရှုပ်ထွေးသွားနိုင်တယ်။ ဒါကြောင့် ဒီလို ပြောလိုက်တာပဲ”
လုံချန်က လုံးဝ ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ စိတ်မပူပါနဲ့။ ငါ တတ်နိုင်သမျှ လုပ်မယ်”
ချူတျန်းရှုံ ရှေ့တွင် လုံချန် ပြောခဲ့သည့် စကားလုံးများက အလွန်ပင် မောက်မာထောင်လွှားနေခဲ့၏။ လက်တွေ့မှာတော့ လုံချန်က ပြောကဆိုရ လွယ်ကူနေလိမ့်မည်ဟု ယင်မုန့်ယောင် လည်း မထင်ခဲ့ပါ။ ရုတ်တရက် ထိုလူငယ်က ရိုးသားပွင့်လင်းသည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဤအခြေအနေက ယင်မုန့်ယောင်အတွက် ပိုပြီး လွယ်ကူသွားစေသည်။ သူမ အနည်းငယ် ခေါင်းညိတ်ပြပြီး နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။
ထို့နောက်တွင် လုံချန်လည်း ဂူပေ့တျန်း တို့အဖွဲ့နှင့်အတူ နတ်ဆိုးဘုရင်ကိုးပါးနန်းတော်၌ တစ်ညတာ ကျင့်ကြံခဲ့သည်။
နောက်တစ်နေ့ နံနက်စောစော ရောက်ချိန်တွင် လူတိုင်း ဒေါင်ဖန်ရွှမ်းရှောင် နောက်ကနေ လိုက်ပါလာပြီး မရဏနတ်ဆိုးတောင်ခြေရင်းသို့ ရောက်လာခဲ့ကြသည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ