အခန်း ၁၅၉
Vol. 14 Ch. 159
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၄)အပိုင်း ၁၅၉]
ဒေါင်ဖန်းရွှမ်ရှောင်က ကောင်းကင်ကြီး အမှောင်ကျမလာခင် နံနက်စောစော၌ အချိန်မီ ထွက်ကြမည်ဟု ပြောထားခဲ့သော်လည်း လက်တွေ့မှာတော့ ကောင်းကင်ထက်ရှိ ရာသီဥတုအခြေအနေက မှိုင်းညို့နေခဲ့လေသည်။
နတ်ဆိုးဘုရင်ကိုးပါးတောင်တန်း၏ ဆိုးရွားသော ရာသီဥတု အခြေအနေသည် မျှော်လင့်ထားသည့်အတိုင်း ရိုးရိုးတန်းတန်း မဟုတ်ခဲ့ပါ။ လုံချန်က အချိန်ကိုခန့်မှန်းပြီး အခန်းထဲမှ ထွက်လာချိန်တွင် အပြင်ဖက်ရှိ ကောင်းကင်ယံတစ်ခုလုံး လုံးဝ မည်းမှောင်နေ၏။ အမှောင်အတိ ကျနေခြင်း မဟုတ်သော်လည်း ညနေ နေဝင်ရီတရောအချိန်ကဲ့သို့ မှောင်နေပြီဖြစ်သည်။
အထက်ကောင်းကင်ယံတစ်ခွင်၌ တိမ်ညိုတိမ်မည်းများက နေရာအနှံ့တွင် ဖုံးလွှမ်းထားပြီး အောက်ဖက်ထိ နိမ့်ဆင်းနေကာ နတ်ဆိုးဘုရင်ကိုးပါးတောင်တန်း အလယ်ပိုင်းလောက်အထိပင် ရောက်နေခဲ့သည်။ တောင်ထိပ်ကိုးလုံး ပတ်ပတ်လည်တွင် မိုးကြိုးလျှပ်စီးကြောင်းများ ကြောက်မက်ဖွယ်ရာကောင်းစွာ တဖျပ်ဖျပ် လင်းလက်နေ၏။
ဂျိန်း...
တစ်ခါတစ်ခါ နက်မှောင်နေသော လျှပ်စီးတန်းများ လင်းလက်လျှက် နားကွဲမတတ် မိုးချိန်းသံကြီးများ ကျယ်လောင်စွာ မြည်ဟီးလာပြီး စူးရှသော အသံက လူတိုင်း၏ ကျောရိုးတစ်လျှောက် တုန်ခါသွားစေသည်။
လုံချန်အတွက်တော့ သူ့တစ်သက်တာတွင် ဤကဲ့သို့ တိမ်ညိုတိမ်မည်းများ ဖုံးလွှမ်းထားလျှက် မှောင်မည်းသော နေ့အချိန်ကို တစ်ခါမှ မမြင်တွေ့ဖူးခဲ့ပေ။
“နံနက် မိုးစင်စင်လင်းနေတာတောင် ပတ်ဝန်းကျင်က တော်တော်ကြီးကို မှောင်မည်းနေတာပဲ။ ကြည့်ရသလောက်တော့ ဒီနေ့ ရာသီဥတုအခြေအနေက တော်တော်လေးဆိုးရွားမယ်ထင်တယ်...”
ဂူပေ့တျန်း လည်း မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအပြည့်နှင့် ရောက်လာခဲ့သည်။
ညပိုင်းအချိန်တုန်းက လုံချန်သည် ဂူပေ့တျန်းတို့အဖွဲ့နှင့် အတူ နေထိုင်ခဲ့၏။ တစ်ချိန်တည်းမှာပင် သူကခရမ်းရောင်ဂိုဏ်းခွဲ၏ လူငယ် ပါရမီရှင် နှစ်ယောက်နှင့်ပါ တွေ့ဆုံခဲ့ရသည်။ ထိုလူငယ်နှစ်ယောက်လုံးကလည်း အထွတ်အထိပ်မြေကမ္ဘာယွမ်အဆင့် သို့ရောက်နေကြပြီဖြစ်သည်။ တစ်ယောက်မှာ ဂူပေ့တျန်း၏ မြေးအရင်း ဂူချင်း ဖြစ်သည်။ ၎င်းက ပြိုင်ပွဲကို တိုက်ရိုက် ပါဝင်ခွင့် ရခဲ့သူလည်း ဖြစ်နေခဲ့သည်။ အခြားတစ်ယောက်က လျူချင်း ဟုခေါ်ကာ အထွတ်အထိပ်ကောင်းကင်ယွမ်အဆင့် ဖြစ်သော်လည်း သူ၏ခွန်အားက ဂူချင်း ထက် အနည်းငယ် နိမ့်ကျခဲ့သည်။
“အန္တရာယ်တစ်စုံတစ်ရာ တွေ့ခဲ့ရင် သုံးယောက်လုံး တစ်ယောက်ကိုယောက် အချင်းချင်း ဂရုစိုက်ကြပါ။ ဒီနေ့ ရာသီဥတု ဒီလောက် ဆိုးရွားနေတော့ ငရဲလမ်းကြောင်းမှာ အခက်အခဲက ပိုများလာမှာ သေချာတယ်”
လူငယ်လေးများ စတင်ထွက်ခွာကြသည့်အချိန်တွင် ဂူပေ့တျန်းက သတိပေးလိုက်သည်။
“ဘိုးဘိုး၊ ငါတို့ သိပါတယ်။ ညီငယ်လုံချန် အန္တရာယ်တွေ့ရင် ငါတို့ ကူညီပေးမယ်”
ဤနေရာတွင် လုံချန်က အသက်အငယ်ဆုံး ဖြစ်နေ၏။ ထို့ကြောင့်လည်း ဂူပေ့တျန်းက နှစ်ယောက်စလုံးအား လုံချန်ကို ဂရုစိုက်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်။ ဂူချင်း နှင့် လျူချင်း တို့နှစ်ယောက်ကလည်း ဂူပေ့တျန်း၏စကားကို နာခံစွာ သဘောတူလိုက်ကြသည်။
“ဒါဆို မဟာအကြီးအကဲဂူ နဲ့ စီနီယာအစ်ကိုနှစ်ယောက်ကို ကြိုပြီး ကျေးဇူးတင်ပါတယ်။ယ...”
သူတို့၏ ကောင်းမွန်သော စိတ်သဘောထားကို သိရှိလိုက်ရသဖြင့် လုံချန်က ချက်ချင်းဆိုသလိုကျေးဇူးတင်စကားပြောလိုက်ပါသည်။
မည်သို့ပင်ဖြစ်စေ သူတို့ အားလုံးက မရင်းနှီးသော လူစိမ်းများ ဖြစ်ကြသော်လည်း ဂူပေ့တျန်းက လုံချန်ကို ဆက်လက် ဂရုစိုက်နေခြင်း ဖြစ်သည်။ သူ့စိတ်ထဲမှာ လူအိုကြီးဂူ ကို အလွန် ကျေးဇူးတင်နေမိသည်။
ခြွင်းချက်အနေဖြင့် ဂူပေ့တျန်းနှင့် ချူတျန်းရှုံ တို့ကြားက ရန်ငြိုးကြောင့် သူ့ကို အထင်အမြင်ကောင်းရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ လုံချန်အတွက်တော့ အဖိုးမဖြတ်နိုင်သည့် အကူအညီ ဖြစ်နေဆဲပင်။
နောက်ခပ်လှမ်းလှမ်းတွင်မူ လဲ့ယွမ်နှင့် လဲ့လန် တို့နှစ်ယောက်စလုံး တိတ်ဆိတ်စွာရပ်နေခဲ့ကြသည်။
ဤအချိန်တွင် သူတို့ ဘာစကားမှ မပြောနိုင်ကြဘဲ ဖြစ်နေကြသည်။ ဖြစ်ပျက်သွားပြီးသော ကိစ္စကို ပြန်တွေးပြီး နောင်တရနေရန် မဖြစ်နိုင်တော့လို့ပင်။ လုံချန်က ချူတျန်းရှုံ နှင့် ရန်သူ ဖြစ်ခဲ့ပြီ ဖြစ်ခဲ့သည်။ အကယ်၍ အတွင်းစည်းတပည့် ရွေးချယ်ပွဲကို ကျရှုံးခဲ့ပါက အစိမ်းရောင်ဂိုဏ်းခွဲသို့ ပြန်ရောက်သည်နှင့်တပြိုင်နက် သေချာပေါက် အဆုံးစီရင်ခံရမှာ ဖြစ်သည်။
ကံကောင်းထောက်မစွာပင် ဂူပေ့တျန်းက လုံချန်ကို အထင်အမြင်ကောင်းများ ရှိနေပြီး သဘောကျနေပုံရ၏။ ၎င်း၏ အကူအညီ ရှိနေသဖြင့် လုံချန်အတွက် နောက်ဆုံးအချိန်ထိ မျှော်လင့်နိုင်သောလမ်းကြောင်း တစ်ခု ရှိနေသေးသည်မဟုတ်ပါလား။
“ဒါပေမဲ့ သူက စိတ်မြန်လက်မြန် လုပ်တတ်တယ်။ ရလာဒ်ကို မစဉ်းစားဘူး၊ ပေါ့ပေါ့ပါးပါးတွေးနေသလိုပဲ။ လုံချန်! သူ ဘယ်အချိန်ကတည်းက ဒီလို ဖြစ်သွားရတာလဲ…” ရှေ့မှ လူငယ်လေး၏အနာဂတ်ကို တွေးမိလိုက်သည့်အခါတိုင်း လဲ့လန်၏ရင်ထဲမှာလည်း စိုးရိမ်ပူပန်မှုတို့ ပိုများလာခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ အတွင်းစည်းတပည့် ရွေးချယ်ပွဲသည် လုံချန်အတွက် အရေးအကြီးဆုံး ဖြစ်သည်။ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် သူ့ကိုယ်သူနှင့်သာ ဆိုင်သည်။ လဲ့လန်နှင့် မဆိုင်ပေ။
ခဏအကြာတွင်တော့ လူတိုင်း တိတ်ဆိတ်သွားကာ ရှေ့သို့ ခရီးဆက်လိုက်ကြသည်။
အချိန်အတိုင်းအတာတစ်ခုထိ ကြာသွားပြီးနောက်တွင် လုံချန် အပါအဝင် ပြိုင်ပွဲဝင်အားလုံးသည် ဒေါင်ဖန်းရွှမ်ရှောင်၏ ဦးဆောင်မှုဖြင့် နတ်ဆိုးဘုရင်ကိုးပါးတောင်ခြေရင်းသို့ ရောက်လာကြသည်။
ကျန်လူများက ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့် မဟာအကြီးအကဲများ နောက်ကနေ လိုက်ကာ ငရဲလမ်းကြောင်းကို ဖြတ်ကျော်၍ မရဏနတ်ဆိုးလှိုဏ်ဂူသို့ ရောက်ရှိသွားကြပြီဖြစ်သည်။ လင်းဝူတော်ဝင်မိသားစုက နတ်ဆိုးလှိုဏ်ဂူတွင်အခြေစိုက်စခန်း ကြိုတင်တည်ဆောက်ထားခဲ့ပြီးသားဖြစ်သည်။
ချူတျန်းရှုံ က သူတို့အပေါ် ရန်ငြိုးထားနေသော်လည်း ဂူပေ့တျန်းက လဲ့ယွမ်နှင့် လဲ့လန်တို့နှစ်ယောက်ကို စောင့်ရှောက်ပေးထားသောကြောင့် လုံချန်လည်း အနည်းငယ် စိတ်အေးသွားခဲ့သည်။
ဤအခိုက်အတန့်တွင် လူတိုင်းသည် တောင်ခြေရင်းသို့ ရောက်လာပြီးနောက်တွင် မှုန်ဝါးနေသော အမြင်အာရုံဖြင့် ခေါင်းမော့ကာ ကောင်းကင်ထိ ထိုးတက်လုနီးပါးဖြစ်နေသော တောင်ထိပ်ကို မော့ကြည့်လိုက်ကြသည်။
“ဒါက မရဏနတ်ဆိုးတောင်တန်းကြီး လား ...”
လုံချန်၏မျက်လုံးထဲမှာ ထိတ်လန့်အံ့သြမှုတို့ဖြင့်ပြည့်နှက်နေသည်။ အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းထားသောကြောင့် မရဏနတ်ဆိုးတောင်တန်းကြီးကို နှစ်ပိုင်း ခွဲခြမ်းထားသကဲ့သို့ထင်ရသည်။
တိမ်တိုက်အထက်မှ တောင်ထိပ်ကို လုံးဝ မမြင်နိုင်ကြပေ။ တိမ်တိုက်များအောက်တွင်မူ အနက်ရောင်မြူခိုးများ ထူထပ်စွာဖုံးလွှမ်းထားကာ ပတ်ဝန်းကျင်က မည်းမှောင်နေ၏။ မည်သည့်အရာကိုမှ ရှင်းရှင်း လင်းလင်း မမြင်နိုင်ပါ။ မရဏနတ်ဆိုးတောင်တန်းပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အဆင့်မြင့်နတ်ဆိုးသားရဲများ မြောက်များစွာ ပုန်းအောင်းနေပြီး လူတိုင်းကို ဝါးမျိုရန် ပါးစပ်ဟလျှက် အသင့်စောင့်ဆိုင်းနေသလို ခံစားရစေသည်။
“ငရဲလမ်းကြောင်းကို ဝင်လိုက်တာနဲ့ သေခြင်းရှင်ခြင်းအခြေအနေက တော်တော်လေးနည်းပါးတယ်။ လူငယ်လေးတွေ! အခုပဲ စတင်လျှောက်လှမ်းနိုင်ကြပြီ...”
တောင်ခြေရင်းသို့ ရောက်လာပြီးနောက် ဒေါင်ဖန်းရွှမ်ရှောင်က နောက်ထပ် စကားမပြောတော့ဘဲ အတွင်းစည်းတပည့်ရွေးချယ်ပွဲ ပထမအဆင့် ဖြစ်သည့် “မရဏနတ်ဆိုးလှိုဏ်ဂူသို့ အရောက်သွားရန် လမ်းကြောင်း စတင်ကြောင်း ကြေညာလိုက်သည်။
ဒေါင်ဖန်းရွှမ်ရှောင်၏ စီစဉ်မှုအရ ပြိုင်ပွဲဝင်များက အဖွဲ့ကိုယ်စီဖြင့် လမ်းကြောင်းအသီးသီး ခွဲထွက်ကာ မရဏနတ်ဆိုးတောင်တန်းထဲသို့ ဝင်ရောက်သွားကြတော့သည်။ အစောပိုင်း တွေ့ဆုံပွဲက လင်းဝူမိသားစုဝင်အချင်းချင်း သတ်ဖြတ်မှု မဖြစ်စေရန် ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။
လုံချန်နှင့် ယင်မုန့်ယောင် တို့နှစ်ယောက်ကသာ နောက်ဆုံးမှ ထွက်ခွာခဲ့ကြသည်။
သူတို့ရှေ့ကနေ ထွက်ခွာသွားသည့်အဖွဲ့က အနီရောင်နေမင်းဂိုဏ်းခွဲမှ တပည့်အုပ်စုဖြစ်၏။ ထိုတပည့်အုပ်စု ထွက်ခွာသွားပြီးနောက်တွင် ဒေါင်ဖန်းရွှမ်ရှောင်က လုံချန်တို့နှစ်ယောက်ကို အခြားနေရာ တစ်ခုဆီ ခေါ်ဆောင်သွားခဲ့သည်။
“ဒီနေရာကနေ ရှေ့တည့်တည့် ပေ ၅၀၀ အထိ သွားလိုက်ကြ။ နောက်ပိုင်းကျ ဘာဆက်ဖြစ်လာမလဲ ဆိုတာ မင်းတို့ ကိုယ်တိုင် ဆုံးဖြတ်ရမယ်”
သူ၏ညွှန်ကြားချက်အတိုင်း လုံချန်နှင့် ယင်မုန့်ယောင် တို့နှစ်ယောက်လည်း မျက်နှာချင်းဆိုင် ကြည့်လိုက်ပြီး တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းလှသော မရဏနတ်ဆိုးတောင်တန်းထဲ ခြေချလိုက်ကြသည်။
“သတိထားပါ။ အနီရောင်နေမင်းဂိုဏ်းခွဲက ကောင်လေးတွေ မင်းတို့နှစ်ယောက်ကို ပစ်မှတ်ထားနေတယ်”
လုံချန်နှင့် ယင်မုန့်ယောင် တို့ ထွက်ခွာသွားသည့်အချိန်တွင် ဒေါင်ဖနရွှမ်ရှောင်၏ အသံက သူတို့ နားထဲသို့ ရောက်လာသည်။ ပတ်ဝန်းကျင်က ထူးထူးခြားခြား တိတ်ဆိတ်နေဆဲ ဖြစ်သည်။
“အနီရောင်နေမင်းဂိုဏ်းခွဲလား ...” ယင်မုန့်ယောင်၏ မျက်နှာထားက တည်ငြိမ်နေခဲ့သည်။ “သူတို့ကို ကိုင်တွယ်ဖို့ မခက်ခဲပါဘူး”
လုံချန် အံ့ဩမိသည့်အရာမှာ ဒေါင်ဖန်းရွှမ်ရှောင်က သူတို့နှစ်ယောက်ကို ဂရုတစိုက် ဆက်ဆံနေလို့ပင်ဖြစ်သည်။
သူတို့နှစ်ယောက် မရဏနတ်ဆိုးတောင်တန်းထဲကို ဝင်ရောက်လာပြီးနောက် အကွာအဝေး တစ်ခုအထိ ရောက်လာခဲ့ကြသည်။ ပတ်ဝန်းကျင်တွင် သုဿာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်လျှက် မှောင်မည်းနေခဲ့နေသည်။ ရှေးဟောင်းသစ်ပင်များ အလွန်ထူထပ်နေပြီး လုံချန်သည် သွားနေရင်းဖြင့် လှေငယ်တစ်စင်းနီးပါး ကြီးမားသော သစ်ရွက်တစ်ရွက်ကိုပင် တွေ့လိုက်ရသည်။
“တောင်ပေါ်က သစ်ပင်တွေက နတ်ဆိုးသစ်ပင်တွေ ဖြစ်မှာ။ သစ်ခေါက်တွေက လုံးဝထူထည်းခိုင်ခံ့ပြီး သံမဏိချောင်းနဲ့တောင် ယှဉ်နိုင်လောက်တယ်”
လုံချန်သည် ထူထပ်လှသော ရှေးဟောင်းသစ်ပင်များကို ကြည့်ရင်း အံ့အားသင့်နေခဲ့သည်။
ပတ်ဝန်းကျင်က သစ်ပင်များ လွှမ်းမိုးထားပြီး သစ်မြစ်များက မြေပြင်ပေါ်တွင် ရှုပ်ထွေးစွာထွက်ပေါ်နေသည်။ ရှင်းလင်းသော မြေနေရာတစ်ခုပင် မရှိနိုင်လောက်ပေ။
ရှေးဟောင်းနတ်ဆိုးသစ်ပင်များက မရဏနတ်ဆိုးတောင်တန်း၏ ထူးခြားချက် ဖြစ်သော်လည်း လုံချန်က ဤနေရာတွင် အထူးကြောက်မက်ဖွယ် အရာတစ်ခု ရှိနေကြောင်း အလိုလိုသိနေခဲ့သည်။ ၎င်းမှာ အဆိပ်နတ်ဆိုးသားရဲများပင်။
“အဆိပ်သားရဲတွေက အဆင့်မြင့်နတ်ဆိုးသားရဲတွေကနေ ဆင့်ကဲပြောင်းလဲလာတဲ့ သားရဲအမျိုးအစား ပဲ။ နတ်ဆိုးသားရဲ အမျိုးအစားထဲမှာ ပါပေမယ့် အဆိပ်သားရဲတွေက ပိုပြီး ကြောက်စရာ ကောင်းတယ်။ ဘာကြောင့်ဆို အပြင်းထန်ဆုံးနတ်ဆိုးအဆိပ်ကို ထုတ်လွှတ်နိုင်တယ်။ ကံဆိုးရင် ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်တောင် ချက်ချင်း အဆိပ်မိပြီး သေဆုံးနိုင်တယ်”
ဤအချက်မှာ ယခင်ညတုန်းက ဂူပေ့တျန်း၊ လဲ့ယွမ်နှင့် အခြားသူများက လုံချန်အား ရှင်းပြခဲ့သော သတိထားစရာအခြေအနေများ ဖြစ်သည်။
ထို့နောက် လုံချန်က ငရဲလမ်းကြောင်း စမ်းသပ်မှု က အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေရသည်ကို သိလိုက်ရသည်။ အဆိပ်သားရဲများ ကြောင့်သာ ဖြစ်သည်။ ယခုအခါ သူတို့အဖွဲ့က တောင်ခြေရင်းတွင်သာ ရှိနေသေးသည့်အတွက် အဆိပ်နတ်ဆိုးသားရဲ အနည်းငယ်သာ ရှိနိုင်လေသည်။ သို့သော် မရဏနတ်ဆိုးတောင်တန်း၏ အနက်ပိုင်းထဲ ခြေချလိုက်သည် နှင့်တပြိုင်နက် အဆင့်မြင့် အဆိပ်နတ်ဆိုးသားရဲများနှင့် ရှေးဟောင်းအဆိပ်ပိုးကောင်များ အပြည့်ကို ကြုံရပေလိမ့်မည်။ တွေးမိသည်နှင့် ၎င်းမှာ လုံးဝ ကြောက်မက်ဖွယ်ရာပင်။
“အဆိပ်နတ်ဆိုးသားရဲတွေ တိုက်ခိုက်လာရင် တန်ပြန်ရမှာဖြစ်သလို ဒီကြားထဲမှာ သလင်းကျောက်လက်ကောက် အခိုးမခံရအောင်လည်း ကာကွယ်ရဦးမယ်။ ဒီအခက်အခဲက သေခြင်းတရားဆီ ဦးတည်နေသလိုပဲ…”
တောင်ပေါ်တွင် မြေပြင်အခြေအနေက အလွန်စိုစွတ်နေပုံရသည်။ သစ်ရွက်နှင့် မြက်ပင်များပေါ်တွင် ရေစက်များ ရှိနေလို့ပင်။ သို့သော် လုံချန်အတွက်တော့ မကြာခင်မှာ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်သွားသည်။
သို့သော် ယင်မုန့်ယောင်က မိန်းကလေး ဖြစ်နေသဖြင့် ဖြူစင်သန့်ရှင်းမှု ထိန်းသိမ်းရန် အတင်းကြိုးစားနေလေရာ သူမ၏ခန္ဓာကိုယ်က သန့်ရှင်းတောက်ပြောင်နေသည်။
ငရဲလမ်းကြောင်းထဲ ဝင်ရောက်လာပြီးနောက်တွင် ယင်မုန့်ယောင်က လုံချန်၏ရှေ့ကနေ ဦးဆောင် လျှောက်နေခဲ့သည်။ အနှီမိန်းမပျိုလေးက မကြာမီဖြစ်လာတော့မည့် တိုက်ပွဲအတွက် သင့်တော်သော ဝတ်စုံ ဝတ်ဆင်ထားပြီး ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ်အချိုးအစားကို ပြသနေသယောင်ထင်ရလေသည်။
“လုံချန်! ငါ အရင်က ပြောခဲ့တဲ့ စကားကို မှတ်မိသေးလား” ရှေ့မှ လျှောက်နေသော ယင်မုန့်ယောင်က သတိထားလမ်းလျှောက်နေရင်း ရုတ်တရက်ပြောလိုက်သည်။
“ဒါပေါ့။ ရန်သူတွေ ရှိရင် ငါ တတ်နိုင်သမျှ ပုန်းအောင်းနေမယ်၊ ဆန့်ကျင်ဖို့ လုံးဝမကြိုးစားဘူး” လုံချန်က အားအင်မဲ့စွာ ပြန်ဖြေလိုက်သည်။ ယင်မုန့်ယောင်၏စကားသံမှ ဆိုးယုတ်သော ရည်ရွယ်ချက် မရှိလို့ပင်၊ ဤအခြေအနေအတွက်ကြောင့် သူတို့နှစ်ယောက်ကြားမှ ရန်ဖြစ်နေရန် မလိုအပ်ပါ။
“ဟုတ်တယ်။ ဒါက ငါတို့နှစ်ယောက်စလုံးရဲ့ အသက်ကို ကာကွယ်နိုင်မှ ဖြစ်မယ်။ ငါ့ နောက်ကနေ ကပ်လိုက်ပါ၊ အဝေးကြီး မသွားနဲ့”
“ဟုတ်ပါပြီ”
လုံချန်က ကိုယ့်ကိုယ်ကို ကောင်းကောင်း သိနေသလို ပြန်ပြောလိုက်၏။ ယင်မုန့်ယောင် က တစ်ခါ ပြောပြီးနောက် နောက်ထပ် မပြောတော့ပေ။
တောင်တန်း၏အနက်ပိုင်းထဲ ရောက်လာလာလေ ပတ်ဝန်းကျင်အခြေအနေက ပို၍စွတ်လာလေ ဖြစ်သည်။ မိုးချိန်းသံများ တဝုန်းဝုန်းကြားနေရပြီး ပတ်ဝန်းကျင်က လုံးဝကို မှောင်မည်းနေခဲ့သည်။ လျှပ်စီးအလင်းတန်း တစ်ချက်တစ်ချက် တောက်ပလာချိန်မှသာ ရှေ့မှ စိတ်မသက်မသာ ဖြစ်စရာ ကောင်းသောမြင်ကွင်းကို မြင်နိုင်သည်။
“အဆိပ်နတ်ဆိုးသားရဲတွေ မကြာခင် ပေါ်လာတော့မယ်”
မြေပြင်တွင် ကျဆင်းနေသော သစ်ခေါက်နှင့် သစ်ရွက်များပေါ်တွင် အဆိပ်ပိုးကောင်များ သို့မဟုတ် နတ်ဆိုးသားရဲများ ဖြတ်သန်းသွားသော အရာများ တွေ့လိုက်ရသဖြင့် လုံချန်သည် ပိုမို သတိထားလာခဲ့သည်။
“အဆိပ်ပိုးကောင်နဲ့ အဆိပ်နတ်ဆိုးသားရဲတွေက နတ်ဆိုးသားရဲ အမျိုးအစား ဖြစ်ပေမယ့် အဆင့်တူ သားရဲတွေ ထက် ပိုပြီးသန်မာတယ်။ အဆိပ်မိသွားခဲ့ရင် ဒီငရဲလမ်းကြောင်း မှာ အသက်ရှင်ဖို့ ခက်ခဲနိုင်တယ်”
ဤအချိန်တွင် “လုံချန်! တစ်ယောက်ယောက် နင့်ဖက်ကို လာနေတယ်” မရဏနတ်ဆိုးတောင်တန်းထဲ ဝင်ရောက်လာပြီးနောက်တွင် လင်းရှီက ပတ်ဝန်းကျင်အခြေအနေကို သတိအပြည့်ဖြင့် အာရုံစိုက်ထားခဲ့သည်။ သူမ၏ ထက်မြက်လှသော စိတ်ဝိညာဉ်အသိကြောင့် လုံချန်က တစ်ချိန်လုံး ယုံကြည်မှုအပြည့်ရှိနေခြင်းပင်။
“ဟေ့၊ ရပ်လိုက်ပါ။ တစ်ယောက်ယောက် လာနေတယ်” လုံချန်က ခြေလှမ်း ရပ်လိုက်ပြီး လင်းရှီ ညွှန်ပြထားသော ဦးတည်ရာကို စိုက်ကြည့်နေလိုက်သည်။
ယင်မုန့်ယောင်လည်း ရပ်တန့်သွား၏။ ထိုဦးတည်ရာကို လိုက်ပါကြည့်ရှုလိုက်သော်လည်း မည်သည့် ထူးခြားချက်မှ မတွေ့ရပေ။ သူမ မေးလိုက်တော့မည့်အချိန်တွင် မျက်နှာ ရုတ်တရက်ပျက်သွားပြီး လျင်မြန်စွာ ရွေ့လျားကာ လုံချန်ရှေ့တွင် ပိတ်ရပ်လိုက်သည်။
ဖျပ်.....ဖျပ်
သူတို့ စောင့်ကြည့်နေသည့်အချိန်မှာပဲ သစ်ရွက်များ ကွဲအက်သော အသံနှင့် သစ်ခေါက်ပေါ် ခြေချသံများ ကြားလိုက်ရသည်။
မကြာခင် မှောင်ရိပ်ထဲမှ လူငယ် နှစ်ယောက် ပေါ်လာခဲ့ပါတော့သည်။ အနီးကပ်မြင်လိုက်သည့်အခါမှ ရန်သူများ ဖြစ်နေကြောင်း သိလိုက်ရသည်။
“ငါတို့ ထွက်လာတဲ့ ဦးတည်ရာကို ခန့်မှန်းမိလို့ နောက်ကနေ လိုက်လာကြတာ ထင်တယ်”
လုံချန်က ဤလူငယ်နှစ်ယောက်ကို သိနေလေသည်။ ဒေါင်ဖန်းရွှမ်ရှောင် သတိပေးခဲ့သော အနီရောင်နေမင်းဂိုဏ်းခွဲမှ ပါရမီရှင် နှစ်ယောက် ပင်ဖြစ်သည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်စလုံး တောင်ပေါ် တက်သွားဟန်ဆောင်ပြီး လုံချန်နှင့် ယင်မုန့်ယောင်တို့နောက်ကနေ ခြေရာခံကာ တိတ်တဆိတ်လိုက်ပါလာခြင်းဖြစ်ပုံရသည်။
သူတို့ ပေါ်လာသည်နှင့် တပြိုင်နက် မျက်နှာချင်းဆိုင် ကြည့်လိုက်ပြီးနောက် စကားတစ်လုံးမှ မပြောဘဲ ယင်မုန့်ယောင် ဆီသို့ တဟုန်ထိုး တိုက်ခိုက်လာကြတော့သည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ