← Chapters

အခန်း ၁၆၀

Vol. 14 Ch. 160

အခန်း ၁၆၀

Vol. 14 Ch. 160

(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

[(စာစဉ် - ၁၄)အပိုင်း ၁၆၀]

နှစ်ယောက်လုံး စကား တစ်လုံးမှ မပြောဘဲ ချက်ချင်း တိုက်ခိုက်လာကြသည်။ သူတို့ပုံစံက ဉာဏ်ရည်ထက်မြက်ကြောင်း သိသာထင်ရှား၏။ ထို့​အပြင် တိုက်ပွဲမစခင် စကားဖြင့်ခြိမ်းခြောက်တတ်သော အရူးများနှင့် မတူပေ။

“လုံချန်၊ သတိထားပါ ...”

တစ်ဖက်ရန်သူက လှုပ်ရှားလာသည်ကို မြင်လိုက်ရာ ယင်မုန့်ယောင်က အော်ဟစ်သတိပေးလိုက်သည်။ သို့သော်လည်း ရုတ်တရက် နှစ်ယောက်စလုံးက လုံချန်ကို လုံးဝစိတ်ဝင်စားဟန်မပြဘဲ သူမ ထံ တည့်တည့် ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။ဤအချိန်တွင် ယင်မုန့်ယောင်က တစ်ခုခု မူမမှန်ကြောင်း ချက်ချင်း နားလည်သွားပါတော့သည်။

“ငါ လုံချန်နဲ့ အတူရှိနေတာလေ။ သူက အားနည်းတဲ့ပြိုင်ဖက်ပဲ။ သူတို့နှစ်ယောက်မှာ တစ်ယောက်က ငါ့ကို ယာယီထိန်းထားပြီး တစ်ယောက်က လုံချန်ကို သတ်ဖို့ လုပ်သင့်တာမဟုတ်ဘူးလား”

အစက ယင်မုန့်ယောင် ထင်ထားသည်မှာ တစ်ဖက်ရန်သူနှစ်ယောက်က ဤကဲ့သို့နည်းလမ်း သုံးလာမည်ဟုပင်။ လက်တွေ့မှာတော့...

“သူတို့က ငါ့ကို တစ်ချက်တည်းနဲ့ အဆုံးသတ်ဖို့ စီစဉ်ထားကြတာပဲ”

နှစ်ယောက်လုံး သူမဆီ ဦးတည်လာနေသည်ကို မြင်လိုက်ရသဖြင့် ယင်မုန့်ယောင်၏မျက်နှာက ချက်ချင်း လေးနက်တည်ကြည်သွားခဲ့သည်။

မှောင်မည်းပြီးကြောက်မက်ဖွယ်ကောင်းနေသော မရဏနတ်ဆိုးတောင်တန်းထဲတွင် အနီရောင်နေမင်းဂိုဏ်းခွဲ၏ ပါရမီရှင်နှစ်ယောက်က တိတ်ဆိတ်မှုကို ဓားဖြင့် ဖောက်ထွင်းလိုက်သကဲ့သို့ လေပြင်းတစ်ချက်ဖြင့် ပျံသန်းလာကြပြီး တစ်ပြိုင်တည်း ယင်မုန့်ယောင်ရှေ့သို့ ရောက်လာကြသည်။ တစ်ချိန်တည်းမှာပင် နှစ်ယောက်လုံးက တူညီသော နည်းစနစ်ကို အသုံးပြု၍ တိုက်ခိုက်လိုက်ကြသည်။

“မီးတောက်လောင်ကျွမ်းခြင်းလက်သီး ... သေလိုက်စမ်း”

ဤနည်းစနစ်က လုံချန်၏ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး နှင့် အဆင့်တူ ဆန်းကြယ်အလယ်အလတ်အဆင့် နည်းစနစ်ဖြစ်ကာ ပေါက်ကွဲအားလည်း ဆင်တူလေသည်။ ထို့အပြင် ရန်သူနှစ်ယောက်စလုံးမှာ အလယ်အလတ်မြေကမ္ဘာယွမ်အဆင့်များ ဖြစ်နေလေရာ နှစ်ယောက်အတူ ပူးပေါင်းတိုက်ခိုက်လိုက်သည့် ဖျက်အားက အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ယင်မုန့်ယောင်၏ မျက်နှာထားက ရုတ်ချည်းပင်ပြောင်းလဲသွားခဲ့သည်။ တကယ်တမ်း တိုက်ခိုက်ကြသည့်အခါမှသာ ထိုလူငယ်နှစ်ယောက်ကို သူမ အထင်သေးခဲ့မိကြောင်း သိလိုက်ရသည်။ သိထားသင့်သည်မှာ အတွင်းစည်းတပည့်ရွေးချယ်ပွဲ၏ ပြိုင်ပွဲဝင်အားလုံးက ပါရမီရှင်များကြားမှ ပါရမီရှင်များ ဖြစ်ကြသည်။

မည်သို့ပင်ဖြစ်စေ ယင်မုန့်ယောင်၏ခွန်အားက မီးတောက်လောင်ကျွမ်းခြင်းလက်သီးကို တပြိုင်နက်တည်း တားဆီးနိုင်ပါသေးသည်။ သို့သော် ထိုသို့လုပ်လိုက်ပါက လုံချန်ကို ကာကွယ်ပေးနိုင်တော့မည်မဟုတ်ပါ။

ဤအချိန်တွင် ယင်မုန့်ယောင်က ဆုံးဖြတ်ချက်ချ၍ တိုက်ခိုက်လိုက်သည်။ “လုံချန်က ဒီလောက် လွယ်လွယ်ကူကူ ရှုံးမှာ မဟုတ်လောက်ပါဘူးလေ... ဟုတ့တယ်မလား…”

နောက်ဆုံးတွင် လုံချန်က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ခွန်အားဖြင့် ကောင်းကင်ယွမ်ကနဦးအဆင့် ကို အနိုင်ယူခဲ့ဖူးသည်မဟုတ်ပါလား။ လက်ရှိတွင် သူက ကောင်းကင်ယွမ်ကနဦးအဆင့်သို့ ရောက်နေပြီဖြစ်ရာ....

“ဒီမိန်းကလေးက တော်တော်လေး သန်မာသားပဲ”

ယင်မုန့်ယောင်က နှစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေရသော်လည်း အနည်းငယ်မျှပင် အရေးမနိမ့်သေးပေ။ အနီရောင်ဂိုဏ်းခွဲမှ တပည့်နှစ်ယောက်လည်း အနီးကပ်တိုက်ခိုက်ရဲခြင်းမရှိကြ။ဆန့်ကျင်ဖက်အနေဖြင့် ယင်မုန့်ယောင်က လက်ဝါးနှစ်ဖက်ကို ပြိုင်တူဆန့်ထုတ်၍ ရိုက်ချလိုက်လေသည်။

“အေးစိမ့်ရေခဲလက်ဝါး ....”

ယင်မုန့်ယောင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို မြင်သောအခါ လူငယ်နှစ်ယောက်က စူးရှသောအကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး ယခင်က မီးတောက်လောင်ကျွမ်းခြင်းလက်သီးကို ပြိုင်တူ ထုတ်ဖော်လိုက်ကြသည်။

နှစ်ဖက်လုံး နောက်မဆုတ်ကြပေ။ နှစ်ဖက် တိုက်ခိုက်မှု ထိပ်တိုက်တွေ့ဆုံသည့်အခိုက်မှာ ကြောက်မက်ဖွယ်ကောင်းလှသော ပေါက်ကွဲသံကြီး နှင့်အတူ မြေပြင်မှ ကျောက်တုံးကျောက်ခဲများ တဝုန်းဝုန်းပျံတက်ကာ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ပြင်းထန်စွာတုန်ခါသွား၏။

ဂျွပ်....

ရှေးဟောင်းနတ်ဆိုးသစ်ပင်ကြီးများ ခါးလယ်ကနေ ထက်ပိုင်းပြတ်ထွက်သွားခဲ့သည်။

“အချိန်တန်ပြီ...”

အနီရောင်ဂိုဏ်းခွဲမှ လူငယ်တပည့်တစ်ယောက်က ရုတ်တရက်အော်ပြောလိုက်သည်။ နှစ်ယောက်သား ယင်မုန့်ယောင်ကို တိုက်ခိုက်နေရာကနေ တစ်ယောက်က ရုတ်တရက်ဆိုသလို လုံချန်ဆီ တည့်တည့် ခုန်ဝင်လာသည်။

“ဒါ ... ငါ့အားနည်းချက်ပဲ”

ယင်မုန့်ယောင်က ဤအခြေအနေကို မြင်လိုက်ရာ ချက်ချင်း စိုးရိမ်သွားခဲ့သည်။

သို့သော် သူမ တတ်နိုင်သည့်အရာ မရှိတော့ပေ။ယခု အချိန်တွင် အနီရောင်နေမင်းဂိုဏ်းခွဲမှ ခေါင်းဆောင်ဖြစ်ပုံရသော လူငယ်က ယင်မုန့်ယောင်ရှေ့မှာ ပိတ်ရပ်နေခဲ့လို့ပင်။ ကျန်လူငယ်တစ်ယောက်က မျက်လုံးထဲမှာ အေးစက်စက်အလင်းရောင်မျာယ တလက်လက်တောက်ပလျှက် လုံချန်ဆီ ပြေးဝင်လာခဲ့တော့သည်။

“ကောင်းကင်ယွမ်ကနဦးအဆင့် ပညာရှင်လား။ ဒီကောင် က ဖုန်းဝူထျန်းထက် ပိုပြီးသန်မာတယ်၊ ချူယွန်ယောင်တို့လို အဆင့်အထိ မရောက်သေးပေမယ့် အတော်လေး သန်မာတယ်”

ဤလူငယ် ရုတ်တရက် တိုက်ခိုက်လာသောကြောင့် လုံချန်ကို ဖိအားတစ်ခု ပေးလာသလို ခံစားလိုက်ရသည်။

ယင်မုန့်ယောင် က လုံချန် အခက်တွေ့နေကြောင်း မြင်လိုက်သည့်အခါ တွန့်ဆုတ်ခြင်းမရှိဘဲ ကယ်တင်ရန် တရကြမ်းပြေးဝင်လာခဲ့သည်။

“နှစ်ယောက်လုံး ဉာဏ်ကောင်းကြတာပဲ။ ဒါပေမဲ့ ငါ ယင်မုန့်ယောင်ကို တစ်ယောက်တည်းနဲ့ ထိန်းထားနိုင်မယ်လို့ ထင်နေကြသလား”

“မိုရှောင်းလန် မရှိတော့ဘူး။ ငွေဂိုဏ်းခွဲရဲ့ နံပါတ်တစ် ပါရမီရှင်အနေနဲ့ မင်းက အတွင်းစည်းတပည့်ရွေးချယ်ပွဲမှာ ထိပ်ဆုံးသုံးယောက်ထဲ ပါမှာ သေချာတယ်။ ငါတောင် မင်းနဲ့ ယှဉ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါ့ညီငယ် အဲ့ဒီကောင်လေးကို သတ်ပြီးမှ မင်းကို ဖယ်ရှားရင်လဲ နောက်မကျသေးဘူး”

လူငယ်လေး၏ အမြင်အရ လက်ရှိမှာ အရေးအကြီးဆုံးက အချိန်ပင် ဖြစ်သည်။

ယင်မုန့်ယောင်ကို အောင်အောင်မြင်မြင် ဖိနှိပ်ထားနိုင်ပါက သူတို့ အနိုင်ရသွားမှာ သေချာနေပြီမဟုတ်ပါလား။

“လုံချန်၊ သတိထားပါ ”

ယခုအချိန်တွင် ယင်မုန့်ယောင် လုပ်နိုင်သည့်အရာမှာ ပိတ်ဆို့ထားသော လူငယ်ကို အမြန်ဆုံးအနိုင်ယူရန် သို့မဟုတ် လုံချန်တစ်ယောက် အတိုင်းအတာတစ်ခုထိ ခုခံထားနိုင်ရန် မျှော်လင့်နေရုံသာ ရှိတော့သည်။

လုံချန်က သူ့ဆီ ပြေးလာနေသော လူငယ်ကို ကြည့်ရင်း ပါးစပ်ထောင့်တွင် လှောင်ပြုံးတစ်ချက် ပေါ်လာသည်။

“ငါ ကောင်းကင်ယွမ်အဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ပထမဆုံး ပြိုင်ဖက်အနေနဲ့ အရွေးခံရတာ မင်းအတွက် ဂုဏ်ယူစရာပဲ။ ကောင်းပြီ၊ နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းစွမ်းအား မသုံးဘဲနဲ့ မင်းကို အနိုင်ယူနိုင်မလား ကြည့်ရအောင်”

နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းစွမ်းအား ထုတ်မသုံးလျှင်ပင် လုံချန်၏ အစစ်အမှန်ချီစွမ်းအင်က အခြားအဆင့်တူများထက် လေးဆလောက် ပို၍သန်မာနေပြီဖြစ်သည်။ ဤသည်မှာ ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်၏ စွမ်းအားတစ်ဝက်နှင့် ညီမျှလေသည်။ ထို့အပြင် လက်ရှိ လုံချန်မှာက အဆင့် ၂ မိုးကြိုးမီးလျှံခန္ဓာကိုယ် ပိုင်ဆိုင်ထားသည်ဖြစ်ရာ ၎င်းကို ရင်ဆိုင်ရန် လုံလောက်နေပြီဖြစ်သည်။ သို့သော် လူတိုင်းက လုံချန်၏အစစ်အမှန်ခွန်အားကို ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု မျှော်လင့်ထားကြမည်မဟုတ်ပေ။

ထိုလူငယ် ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရာ လုံချန်က အတွေးထဲမှာ စိတ်ကူးတစ်ခု ပေါ်လာပြီး ရုတ်တရက် နောက်လှည့်၍ ထွက်ပြေးသွားခဲ့သည်။

“အမှိုက်ကောင်! ထွက်မပြေးနဲ့...”

လုံချန်က သူ့ကို ရင်ဆိုင်ရန် သတ္တိမရှိကြောင်း မြင်လိုက်ရသဖြင့် ထိုလူငယ်လည်း ချက်ချင်း စိုးရိမ်သွားသည်။ လုံချန်ကို ချက်ချင်းလိုက်မမှီဘဲ လွတ်သွားလျှင် သူ၏အစ်ကိုဖြစ်သူက ယင်မုန့်ယောင်၏လက်ချက်ဖြင့် မကြာခင် အသတ်ခံရနိုင်ချေများသည်။

သို့သော် ကံကောင်းစွာပဲ လုံချန်၏အရှိန်က ထင်သလောက် မမြန်ခဲ့ပေ။ လူငယ်က သူ့အရှိန်ကို မြှင့်လိုက်ရာ မကြာခင်မှာပဲ လုံချန်ကို အမှီလိုက်လာနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မသိလိုက်မသိဘာသာဖြင့် နှစ်ယောက်လုံး တိုက်ပွဲနေရာကနေ အတန်ငယ် ဝေးကွာလာခဲ့ပြီဖြစ်သည်။

“ဘာလုပ်နေတာလဲ။ သူက ဒီလောက် ကြောက်တတ်တာလား”

ယင်မုန့်ယောင် က စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ လုံချန်သာ သူမ၏မျက်စိရှေ့မှာ ရှိနေပါက ကူညီကောင်းကူညီနိုင်မည်ဖြစ်သည်။ သို့သော်လည်း လုံချန်က အဝေးကို ထွက်ပြေးသွားသည့်အတွက် အကယ်၍ အသတ်ခံရခါနီးဖြစ်နေလျှင်ပင် ဘယ်လို တတ်နိုင်တော့မည်မဟုတ်ပေ။

“မင်းရဲ့ အသင်းဖော်က အရမ်းကြောက်တတ်တာပဲ…” ယင်မုန့်ယောင် ရှေ့မှ လူငယ်က လှောင်ပြောင်လိုက်သည်။

“တခြားသူတွေကို လှောင်ပြောင်ဖို့ အချိန်ရှိသေးလို့လား။ ဒီမှာ နင် တစ်ယောက်တည်း ကျန်နေခဲ့တယ်ဆိုတာ သတိရဦး။ ငါ့လက်ထဲမှာ ဘယ်လောက်ကြာ အောင် ခုခံနိုင်မလို့ ထင်နေတာလဲ”

ယင်မုန့်ယောင်က အေးစက်စွာ ပြောလိုက်ပြီး ပြင်းထန်သော တိုက်ခိုက်မှုကို စတင်လိုက်သည်။

လက်ရှိမှာ ရှေ့က လူငယ်ကို အမြန်ဆုံး သတ်ဖြတ်ပစ်ခြင်းက အကောင်းဆုံး ဖြစ်သည်။

ဤအခိုက်အတန့်တွင် လုံချန်က ယင်မုန့်ယောင်၏ မျက်စိရှေ့ကနေ အောင်အောင်မြင်မြင် ရှောင်ထွက်လာနိုင်ခဲ့သည်။ သူ့အရှိန်ကို တမင် လျှော့ချလိုက်သည့်အကြောင်းအရင်းက ထိုလူငယ် လိုက်မှီလာစေရန်ပင်ဖြစ်သည်။

အမှန်စင်စစ် သူ ဤနေရာအထိ ပြေးလွှားလာခဲ့သည့် အကြောင်းအရင်းမှာ နောက်ကနေ ပြေးလိုက်လာသော လူငယ်လေးကို တမင် လှောင်ပြောင်ကစားလိုစိတ် ပေါ်လာသောကြောင့်လည်း ပါလေသည်။ နောက်တစ်ချက်က ယင်မုန့်ယောင် ရှေ့မှာ သူ့အားအားနည်းသူ ဟု ထင်သွားစေရန်ပင်။ သူ့ခွန်အားက ယင်မုန့်ယောင် ကို ကောင်းကောင်းကြီးယှဉ်နိုင်သော်လည်း အချိန်မတန်ခင် ထုတ်မပြချင်သေးပါ။

“ဆက်မပြေးတော့ဘူးလား...”

လုံချန်က ပြန်လှည့်ပြီး သူ့ကို ပြုံး၍ကြည့်နေကြောင်း မြင်တွေ့လိုက်ရသဖြင့် လူငယ်၏စိတ်ထဲမှာ ရှုပ်ထွေးသွားသည်။

“ညီအစ်ကို! မင်းရဲ့ နာမည်ဘယ်လိုခေါ်လဲ ” လုံချန်က ရိုးသားစွာ မေးလိုက်သည်။

“ငါ့နာမည်က ချန်ရှင် ...”

နာမည်ကို ပြောပြီးနောက် ချန်ရှင်က အခြေအနေ ထူးဆန်းနေကြောင်း ရုတ်တရက် သဘောပေါက်သွား၏။ သူ၏အစ်ကိုကြီးဖြစ်သူမှာ တစ်ဖက်တွင် သေခြင်းရှင်ခြင်းတိုက်ခိုက်နေသည်။ သို့ဖြစ်ရာ လုံချန်က သူ မကူညီနိုင်စေရန် တမင်အချိန်ဆွဲနေပုံရသည်။ ဤအချက်ကို တွေးမိလိုက်သောကြောင့် ချန်ရှင် ဟုခေါ်သော လူငယ်က ဒေါသထွက်လာသည်။

“အမှိုက်ကောင်! သေလိုက်တော့...”

စကားပြောရင်း ဒူးနှစ်ဖက်ကို ကွေးညွှတ်လိုက်ပြီး ချွန်မြနေသော မြှားတစ်စင်းကဲ့သို့ လုံချန်ဆီ ပြေးဝင်လာပါတော့သည်။

“နာမည်မေးတာက စကားကောင်းကောင်း ပြောလို့ရအောင်ပါ။ ဒီလောက် ဒေါသထွက်စရာ လိုလို့လား”

အချိန်မရှိကြောင်း သိနေသဖြင့် လုံချန်က တမင် အချိန်ဆွဲရင်း ရယ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့အရှိန်ကိုမြှင့်လိုက်ရင်း နဝမကောင်းကင်နဂါးခြေလှမ်း ကိုပါ သုံးလိုက်သည့်အတွက် ချန်ရှင်၏ တိုက်ခိုက်မှုက လုံချန်၏ဝတ်ရုံစကိုပင် မထိလိုက်ပေ။

“ဘာဖြစ်နေတာလဲ။ လှုပ်ရှားမှုနည်းစနစ်တချို့ သုံးရင်တောင် ဒီအမှိုက်ကောင်က အရှိန် ဒီလောက် မမြန်သင့်ဘူးမဟုတ်လား” ချန်ရှင် က အံ့အားသင့်နေသော်လည်း တိုက်ခိုက်မှုကိုတော့ မရပ်တန့်ခဲ့ပါ။

“ဟေ့ကောင်! မင်း သတ္တိရှိရင် မပြေးနဲ့ ”

ချန်ရှင် က ဒေါသတကြီး အော်ငေါက်လိုက်သည်၊ ဒီအချိန်မှာ သူက ဒေါသထွက်လွန်း၍ ရူးမတတ်ဖြစ်နေသည်။

“ဟေ့... လူချောလေး! မင်းက လိင်စိတ်ရှုထောင့် မှားနေတာများလား။ ငါက ယောက်ျားကောင်းတစ်ယောက်ပါ။ ဒီလိုမျိုး အသည်းအသန်လိုက်နေတော့ ငါ ကြောက်လာပြီနော်…”

လုံချန်က တဟီးဟီးတဟားဟားရယ်မောရင်း ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။

ထိုစကားသံကို ကြားလိုက်သည့် ချန်ရှင် လည်း ပါးစပ်ထဲကနေ သွေးအန်ထွက်လုနီးပါး ဖြစ်ကာ မျက်နှာတစ်ပြင်လုံး နီရဲသွားခဲ့သည်။

“မင်း ... အမှိုက်ကောင်! ငါ့ ဂုဏ်သတင်းကို ဖျက်ဆီးရဲတာပဲ။ သေလိုက်စမ်း....”

“မီးတောက်လောင်ကျွမ်းခြင်းလက်သီး။ ဒေါသမီးတောက်လောင်ကျွမ်းစေ...” ချန်ရှင်က ဒေါသတကြီးအော်ဟစ်ပြီး ဆန်းကြယ်အဆင့်မြင့်နည်းစနစ်ကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။

“နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းစွမ်းအား မသုံးရင် ငါ့ရဲ့ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး က သူ့တိုက်ခိုက်မှုကို မခံနိုင်လောက်ဘူး။ အဲ့ဒီနည်းစနစ်ကို ပထမဆုံးအကြိမ် စမ်းသပ်ကြည့်ရမယ်”

ယခုအခါ လုံချန်အနေဖြင့် နောက်ထပ် ဟာသလုပ်နေရန် အချိန် မရှိတော့ပါ။ တစ်ဖက်တွင် ဒေါသထွက်နေသော ယင်မုန့်ယောင်က အနီရောင်နေမင်းဂိုဏ်းခွဲမှ ချန်ရှင်၏အစ်ကိုကြီးကို မကြာခင် အဆုံးသတ်နိုင်ချေများသည်။ လုံချန်က ခြေလှမ်း ရပ်လိုက်ပြီး သူ့ဆီ ပြေးဝင်လာနေသော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ကြည့်လိုက်သည်။

“​ဆန်းကြယ်အဆင့်မြင့် သိုင်းနည်းစနစ်ရဲ့ စွမ်းအားကို မင်းသိအောင် ပြပေးမယ်”

လုံချန် ထွက်မပြေးတော့ဘဲ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ချန်ရှင်က သက်ပြင်းချလိုက်သည်။

“အစ်ကိုကြီးဆီကို ပြန်သွားပြီးကူညီဖို့ အချိန်ရသေးတယ်။ ဒီလုံချန်က တကယ် အပြေးမြန်တာပဲ”

အခြေအနေ အရပ်ရပ်ကို တွေးတောမိသည်နှင့်တစ်ချိန်တည်းမှာပင် ချန်ရှင်၏ တိုက်ခိုက်မှုက ​အလွန်ပြင်းထန်လာခဲ့ကာ လုံချန်ဆီ တိုက်ရိုက် ဝင်လာပါတော့သည်။

ဤအချိန်တွင် လုံချန်က ညာဖက်လက်ညိုးကို မြှောက်လိုက်ရာ လက်ညှိုးထိပ်ဖျားတွင် ကြယ်တစ်စင်းကဲ့သို့ အလင်းစက်သေးသေးလေး ထွက်ပေါ်လာသည်။

ကြယ်အလင်းရောင်က မှိန်ဖျော့ဖျော့ ထင်ရသော်လည်း အစပိုင်းသာ ဖြစ်သည်။ လက်တွေ့မှာတော့ လုံချန်၏ ညာဖက်လက်မောင်းက ဆက်တိုက် တုန်ခါနေသည်။ သူက အဆုံးမဲ့ကြယ်စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။

မီးတောက်လောင်ကျွမ်းခြင်းလက်သီး ပုံရိပ်ကြီးက လုံချန်ကို ဝါးမျိုပစ်တော့မည့်အလား နီးကပ်လာချိန်မှာ လုံချန်က သူ၏ညာလက်ညိုးကို ရှေ့သို့ ထိုးလိုက်သည်။ လက်ညိုးထိပ်ရှိ ကြယ်အလင်းစက် က ဓားအလင်းတန်းအသွင် ပြောင်းလဲသွားပြီး ချန်ရှင်၏ တိုက်ခိုက်မှုကို ဖောက်ထွင်းသွားသည်။

“နတ်ဆိုးဝိညာဉ် ဓားလက်ချောင်း”

“ဇွပ်....”

ခနဲ ထိုးခွဲသွားသံနှင့်အတူ ချန်ရှင်၏ ရှေ့မှ မြင်ကွင်းကား မှုန်ဝါးသွားပြီး လက်မောင်းပေါ်၌ ပြင်းထန်သော နာကျင်မှု ပေါ်လာသည်။ အလင်းတန်းက သူ့လက်မောင်းကို အပေါ်ယံသာထိမှန်သွားသော်လည်း ပြင်းထန်သော ဓားစွမ်းအားက ချန်ရှင်၏ခန္ဓာကိုယ်တစ်ခုလုံးကို နောက်ပြန်လွင့်သွားစေကာ ဆက်တိုက် သွေးအန်ထုတ်လိုက်ရသည်။

“ဒါ ဘယ်လို တိုက်ခိုက်မှုမျိုးလဲ...”

ပြင်းထန်သော နာကျင်မှုအောက်တွင် ချန်ရှင်၏ မျက်နှာက ကြောက်လန့်တကြားဖြင့် ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ သူ အားထားရသော ဆန်းကြယ်အဆင့်မြင့်နည်းစနစ်က လုံချန်၏လက်ချက်ကြောင့် ကျိုးပျက်သွားခဲ့ပြီမဟုတ်ပါလား။ တစ်ချိန်တည်းမှာပင် ဓားအလင်းတန်းတစ်စင်း လင်းလက်လာပြီး ချန်ရှင်၏ လက်မောင်းကို ဖောက်ထွင်းကာ နောက်ကွယ်ရှိ ရှေးဟောင်းသစ်ပင်တစ်ပင်နှင့် ကပ်ရိုက်ပစ်လိုက်သည်။

ချန်ရှင်၏ လက်မောင်းတစ်ဖက်လုံး ပျက်စီးသွားပြီဖြစ်ပြီး နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်နေသည်။

ဤအချိန်တွင် ချန်ရှင် ထံမှ အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး လုံချန်၏နဖူးကို လာရောက်ထိမှန်ခဲ့သည်။ လုံချန် က ထူပူသွားသဖြင့် ပွတ်သပ်ပြီး အလင်းတန်းကို သေချာကြည့်လိုက်သည်။

“ဒါက စိန်သလင်းကျောက်လက်ကောက် တစ်ကွင်းလား။ ငါ ဒီလိုပဲရလိုက်တာလား ...”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters