အခန်း ၅၉၇
Vol. 33 Ch. 597
အပိုင်း (၅၉၇) ရူးသွပ်မှုထဲ ကျဆင်းသွားသော မြို့တော်။
တပ်ဖွဲ့ရုံးချုပ် အတွင်းတွင် ဖန်ကျန်းရီသည် ခြေချိတ်ထိုင်ကာ အခုလေးတင် ပြန်လည် ရောက်ရှိလာသော မုန်ဝေ့မင် အား ပြုံးရွှင်စွာ ကြည့်ရင်း မေးလိုက်သည်။ "ရှောင်မုန် ... ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ရတာ ဘယ်လို ခံစားရလဲ။"
မုန်ဝေ့မင်၏ မျက်နှာသည် နီရဲနေပြီး ခုနလေးတင် မရေမတွက်နိုင်သော ပြည်သူများက သူ၏ မြင်းကို ဝိုင်းရံထားကာ မျှော်လင့်ချက် အမျိုးမျိုး ပါဝင်နေသော အကြည့်များဖြင့် ကြည့်နေကြသည်ကို ပြန်လည် တွေးတောမိလိုက်သည့်အခါ ရင်ထဲတွင် လှိုင်းဂယက်များ ထနေမိသည်။ ထို့ကြောင့် အစီရင်ခံလိုက်၏။ "သခင်လေးကို အစီရင်ခံပါတယ်။ ကျုပ် အရမ်းကို ကောင်းတယ်လို့ ခံစားရတယ်။ တစ်ခါမှ မကြုံဖူးတဲ့ ခံစားချက်မျိုးပဲ။"
ဖန်ကျန်းရီက တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုရင်တော့ မှန်သွားပြီ။ တခြားလူတွေကို ပျော်ရွှင်မှု ဖန်တီးပေးရင် မင်းလည်း ပျော်ရွှင်မှုကို ခံစားရမှာပေါ့။ ဒီနေ့ မင်း တာဝန်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ပထမဆုံး တိုက်ပွဲမှာ အောင်ပွဲခံနိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။ ကျုပ် မင်းကို အချိုကျွေးရမယ်။ ဘာတောင်းဆိုစရာရှိလဲ ပြောလို့ရတယ်။"
မုန်ဝေ့မင်သည်လည်း လိမ်မပြောရဲသဖြင့် ဘာကိုမျှ မစဉ်းစားဘဲ ပြောလိုက်၏။ "သခင်လေး ... ကျုပ် ပြည့်တန်ဆာအိမ် သွားချင်တယ်။ ပြည့်တန်ဆာအိမ် သွားပြီးရင် စားသောက်ဆိုင်သွားပြီး အကြီးအကျယ် စားချင်တယ်။"
ဖန်ကျန်းရီ၏ မျက်နှာသည် ချက်ချင်းပဲ မည်းမှောင်သွားခဲ့၏။ သူက ခံစားချက် ကင်းမဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "မင်းကို နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးမယ်။ ပြန်ပြော။"
မုန်ဝေ့မင်သည် ရင်ထဲတွင် ခါးသက်စွာ ပြုံးလိုက်ပြီး မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်၏။ "သခင်လေးကို အစီရင်ခံပါတယ်။ ကျုပ် ဖက်ထုပ်ဟင်းရည် တစ်ပန်းကန် စားချင်တယ်။"
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ပြောလိုက်သည်။ "ဒီလိုဆိုမှ တော်သေးတယ်။ ခဏနေကျရင် မင်း လမ်းဘေးက ဆိုင်လေးမှာ သွားဝယ်စား။ ပိုက်ဆံပေးဖို့ မမေ့နဲ့အုံး။ ရှောင်မုန် ... မင်းက အခု မုန်သူရဲကောင်း ဖြစ်နေပြီ။ အနာဂတ်မှာ စံပြပုဂ္ဂိုလ် ဖြစ်လာပြီး ကောင်းကင်ပေါ်က ကြယ်ပွင့်လေး ဖြစ်လာမှာ။ နေ့တိုင်း ပြည့်တန်ဆာအိမ် သွားဖို့ တွေးနေတာ သင့်တော်ရဲ့လား။"
မုန်ဝေ့မင်သည် အနည်းငယ် မကျေမချမ်း ဖြစ်နေကာ ပြောလိုက်၏။ "ဒါပေမဲ့ ... ကျုပ် ဘာမှ မဖြစ်ဘူးလို့ ထင်တာပဲ။ သခင်လေး ... လူကြီးလူကောင်းက ပြည့်တန်ဆာအိမ် သွားလို့ မရဘူးလား။ ပြည့်တန်ဆာအိမ် သွားတာက ပုံမှန်ပဲလေ။"
ဖန်ကျန်းရီက အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "အထက်ပိုင်း အရာရှိတွေကနေ အောက်ခြေပိုင်း ဈေးသည်တွေအထိ လူတိုင်းက ပြည့်တန်ဆာအိမ် သွားကြတာချည်းပဲ။ ဒါပေမဲ့ မင်း မှတ်ထား … ကျုပ် မင်းကို လုပ်ခိုင်းတာက လူ မဟုတ်ဘူး။ စိတ်ကူးထဲက လူကြီးလူကောင်း တစ်ယောက် ဖြစ်ရမယ်။ မင်းက ကျင်းယီဝေ တပ်ဖွဲ့ရဲ့ ကြော်ငြာဆိုင်းဘုတ် လုပ်ရုံတင် မကဘူး။ စံပြပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ ထွက်လာရမှာ။
ခန္ဓာကိုယ်ပေါ်မှာ အပြစ်အနာအဆာ တစ်စွန်းတစ်စလေးတောင် မရှိစေရဘူး။ ကျုပ်က မင်း တစ်ယောက်တည်းကိုပဲ ရွေးထားတယ်လို့ မထင်နဲ့။ မင်းရဲ့နေရာကို ဘယ်အချိန်မဆို တခြားလူနဲ့ အစားထိုးခံရနိုင်တယ် ဆိုတာ နားလည်လား။ တစ်နေ့ မင်း ပြုတ်ကျသွားရင် ဘာရလဒ် ဖြစ်လာမလဲဆိုတာ နားလည်သင့်တယ်။"
မုန်ဝေ့မင်၏ နဖူးပေါ်တွင် ချွေးအေးများ စိမ့်ထွက်လာခဲ့ပြီး အားတင်းပြုံးကာ ပြောလိုက်၏။ "နားလည်ပါပြီ သခင်လေး ... ဒါဆို ကျုပ် ဖက်ထုပ်ဟင်းရည် သွားစားလိုက်ပါအုံးမယ် ...။"
ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "အင်း... သေချာ အလုပ်လုပ်။ နေ့ကောင်းရက်သာတွေက အနောက်မှာ ရှိသေးတယ်။ မင်းရဲ့ ဒီနေ့ စွမ်းဆောင်ရည်တွေကို ကြည့်ပြီး ဒီနေ့ကစပြီး လတိုင်း မင်းကို လမ်းဘေးမှာ ဖက်ထုပ်ဟင်းရည် တစ်ခါ သွားစားခွင့် ပေးမယ်။ ပြီးတော့ ညအိမ်ပြန်ရောက်ရင် ရူယွင်နဲ့အတူ ဝဝကစ်ကစ် သမီးလေး တစ်ယောက် အမြန်ဆုံး မွေးဖို့ မမေ့နဲ့အုံး။"
မုန်ဝေ့မင်က အံ့အားသင့်စွာ မေးလိုက်၏။ "သမီး ... သမီးလေးလား။"
ဖန်ကျန်းရီက ဆူပူလိုက်သည်။ "ယောကျာ်းလေးကို ဦးစားပေးပြီး မိန်းကလေးကို နှိမ့်ချတာက မကောင်းတဲ့ အကျင့်ပဲ။ မင်းက အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို လမ်းညွှန်ပေးရမယ် နားလည်လား။ မမွေးနိုင်ရင် တစ်ယောက်လောက် မွေးစားလိုက်။ အများကြီး ပြောလည်း မင်း နားလည်မှာ မဟုတ်ဘူး … သွားတော့။"
မုန်ဝေ့မင်သည် နာမည်ကြီးသွားခဲ့ပြီ။ သံသယဝင်စရာ မလိုအောင်ပဲ နာမည်ကြီးသွားခဲ့ပြီ ဖြစ်၏။
မုန်ဝေ့မင် ပထမဆုံးအကြိမ် တာဝန်ထွက်ခဲ့ပြီး ဒုတိယမြောက်နေ့တွင် ပန်းရှန်းသတင်းစာတိုက်၊ ဖုန်းဟော့ဂိုဏ်းနှင့် သန့်ရှင်းရေးအဖွဲ့တို့သည် ကမ္ဘာကြီးကို လွှမ်းခြုံနိုင်လောက်အောင် ပူးပေါင်း၍ ကြေညာမှုများ စတင်ပြုလုပ်ခဲ့ကြသည်။
ဖန်ကျန်းရီ ကိုယ်တိုင် အလုပ်များကို လမ်းညွှန်ပေးခဲ့ပြီး ယခင်ဘဝက အချိန်ပိုင်း ခိုင်းနွားအရောင်းသမား တစ်ယောက်၏ စွမ်းရည်များကို အပြည့်အဝ ပြသနိုင်ခဲ့၏။
မုန်ဝေ့မင်၏ ဘဝဖြစ်စဉ် အမျိုးမျိုးသည် မျှော်လင့်ထားသည့်အတိုင်းပဲ ဖော်ထုတ်ခံလိုက်ရ၏။
မုန်၏ မိခင်က သုံးကြိမ်တိုင်တိုင် နေရာပြောင်းရွှေ့ခဲ့ရခြင်း၊ ကလေးအတွက် ကျူရှင်ဆရာ ငှားရန် နာမည်ကြီး ဆရာများကို သုံးကြိမ်တိုင်တိုင် သွားရောက် ပင့်ဖိတ်ခဲ့ရခြင်း …။
မုန်ဝေ့မင်သည် ငယ်စဉ်တည်းက လိမ္မာပြီး မိဘစကား နားထောင်ခဲ့ကြောင်း၊ အိမ်တွင် ဆင်းရဲသဖြင့် စုတ်တံနှင့် မင် မဝယ်နိုင်သောကြောင့် နွေရာသီတွင် နံရံကို ဖောက်ကာ အလင်းရောင်ရအောင် ပြုလုပ်ခဲ့ရခြင်း …။
အိမ်ငိုက်မည် စိုးသောကောင့် ခေါင်မိုးတန်းတွင် ဆံပင်ချည်ကာ ပေါင်ကို အပ်နှင့်ထိုး၍ စာကျက်ခဲ့ကြောင်း၊ ဆောင်းရာသီတွင် ပိုးစုန်းကြူးများကို ဖမ်းကာ ထိုအလင်းရောင်ဖြင့် စာဖတ်ခဲ့ခြင်း ….။
ချန်-ကျင်းစစ်ပွဲ အတွင်းတွင်လည်း စာသင်ခြင်းကို စွန့်လွှတ်ကာ စစ်တပ်ထဲ ဝင်ရန် ဆန္ဒရှိခဲ့ပြီး ကြက်တွန်သံ ကြားသည်နှင့် ထကာ သိုင်းကျင့်ခဲ့ခြင်း …။
သို့သော်ငြား ဝမ်းနည်းစရာ ကောင်းသည်မှာ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသောကြောင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် မသွားဖြစ်ခဲ့ခြင်း…. ။
တာ့ကျင်း ပြည်သူများသည် ဤကဲ့သို့သော အရာများကို အဘယ်သို့ ကြုံဖူးကြမည်နည်း။ ဖတ်ပြီးသည်နှင့် လုံးဝကို မထိန်းချုပ်နိုင်တော့ချေ။ ပြည်သူများသာမက စာတတ်ပေတတ်များပင်လျှင် မထိန်းချုပ်နိုင်တော့ပေ။ ဤသည်မှာ မည်ကဲ့သို့သော စိတ်အားထက်သန်ဖွယ်ရာ စံပြပုဂ္ဂိုလ်နည်း။ ကျင်းယီဝေ တပ်ဖွဲ့တွင် ဤကဲ့သို့သော အရည်အချင်းရှိသူ တစ်ယောက် ရှိနေခဲ့သည်လား။
တစ်ခဏအတွင်းမှာပဲ မုန်ဝေ့မင်သည် လူထုအမြင်များ၏ လှိုင်းတံပိုး ထိပ်ဆုံးသို့ တွန်းပို့ခံလိုက်ရပြီး မရေမတွက်နိုင်သော အကြည့်များသည် သူ၏ လှုပ်ရှားမှုများကို အကဲခတ်နေကြ၏။
ဘယ်နေရာကိုပဲ သွားသွား အရှေ့အနောက် ဝိုင်းရံခံနေရပြီး ပြည်သူတစ်စုက သူ ဆိုးသွမ်းသူများကို နှိမ်နင်းနေသည်ကို ကြည့်ကာ အမျိုးမျိုး လက်ခုပ်တီး အားပေးနေကြသည်။
ထို့အပြင် အချစ်ကြီးသော မုန်သူရဲကောင်းက ဇနီးသည်အတွက် လမ်းမပေါ်တွင် လက်ဝတ်ရတနာများ ဝယ်ပေးခဲ့သည့် ဇာတ်လမ်းကို ကြားသိရပြီးနောက် မျက်ရည်ကျခဲ့ရသော အိမ်ထောင်ရှင်မများနှင့် အမျိုးသမီး ငယ်လေးများ ပို၍ပဲ များပြားလာခဲ့၏။
ဆင်းရဲသော မုန်ဝေ့မင်သည် နှစ်သစ်ကူး အချိန်တွင် ဇနီးသည် ဝယ်ချင်သော်လည်း မဝယ်နိုင်သော လှပသည့် ဆံထိုးလေးကို လက်ဆောင် အဖြစ် ဝယ်ပေးရန် မိသားစု အမွေအနှစ် ဖြစ်သော စုတ်တံကို တိတ်တဆိတ် ရောင်းချခဲ့သည်။
ရူယွင်ကလည်း သူမ၏ ဆံပင်များကို ခိုးရောင်းကာ ခင်ပွန်းသည် အမြဲတမ်း လိုချင်နေခဲ့သော ရှေးဟောင်း မင်သွေးကျောက်ကို ဝယ်ပေးခဲ့သည်။ ဤဇာတ်လမ်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော လူများသည် သူတို့နှစ်ဦးကြားရှိ ရင်ခုန်စရာကောင်းသော အချစ်ဇာတ်လမ်းကြောင့် မျက်ရည်ကျခဲ့ကြပြီး ယောက်ျား မိန်းမ မရွေး သူတို့ ကိုယ်တိုင် ထိုနေရာတွင် ဝင်ရောက် အစားထိုးရန် စိတ်ကူးယဉ်ခဲ့ကြ၏။
သေချာပေါက် ဇာတ်လမ်း၏ အစစ်အမှန် ဖြစ်တည်မှုကို သံသယဝင်သူများလည်း ရှိကြသည်။ သို့သော်ငြား မျှော်လင့်ထားသည့်အတိုင်းပင် လူအများရှေ့တွင် သံသယဝင်သူ ရှိလာတိုင်း အမြဲတမ်း တစ်စုံတစ်ယောက်က ခုန်ထွက်လာကာ ပြင်းထန်စွာ ပြန်လည် ချေပလေ့ရှိသည်။
"မုန်သူရဲကောင်းက ဘယ်လောက်တောင် ကြိုးစားနေတယ်ဆိုတာ မင်း သိလား။ မင်း ဘာမှ မသိဘူး။ မင်းက သောက်ပေါ။"
အယူအဆများနှင့် အပြောအဆိုများသည် လူတစ်ယောက်ကို အမြဲတမ်း ပုံဖော်ပေးနေ၏။ မုန်ဝေ့မင်သည်လည်း ချွင်းချက် မဟုတ်ပေ။ အပြင်ထွက်၍ အလုပ်လုပ်ရသော အကြိမ်တိုင်းမှ တစ်ဆင့် တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာပုံရသည်။ လူအများရှေ့တွင် စကားပြောတိုင်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောဆိုရပြီး အလွန် သဘာဝကျလာသည်။
နောက်ဆုံး အဆုံးသတ်တိုင်းတွင် ခေါင်းစဉ်ကို သေချာပေါက် မြှင့်တင်ရမည် ဖြစ်ပြီး စကားပြောတိုင်း အရှင်မင်းကြီး၏ ကျေးဇူးတော်ကို ထည့်သွင်း ပြောဆိုခဲ့၏။
ဖန်ကျန်းရီ၏ အလုပ်လုပ်ပုံမှာလည်း အလွန် ကောင်းမွန်လှပြီး လုံးဝ အမှားအယွင်း မရှိခဲ့ပေ။ ရူယွင်ဘက်တွင်လည်း အလုပ်အချို့ ပြုလုပ်ထားခဲ့၏။ စပ်စုချင်သူများနှင့် မကျေနပ်သူများသည် မုန်ဝေ့မင်၏ လှုပ်ရှားမှုများနောက်သို့ လိုက်ပါသွားကြပြီး သက်ငယ်မိုး အိမ်လေးသို့ ရောက်ရှိကာ ရူယွင်အား မြင်တွေ့လိုက်ရသည့် ချိန်မှာတော့ ထိုနေရာမှာပဲ လေးစားသွားကြတော့သည်။
ရူယွင်၏ မျက်နှာကို အဝါရောင် ရင့်ရင့် ခြယ်သထားပြီး မျက်နှာ အပြည့် တင်းတိပ်များလည်း အစက်ချထား၏။ ထို့အပြင် ဖန်ကျန်းရီက ကောင်းကောင်းကျွေးကာ ကောင်းကောင်းထားသောကြောင့် ပို၍ပင် ဝလာခဲ့သေး၏။
အဆိုးမြင် စကားများသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပြီး မနာလိုသူ အများအပြားသည်လည်း ပရိသတ်များ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ မပြောင်းလဲသူများကလည်း ထပ်မံ၍ လျှောက်မပြောရဲကြတော့ချေ။ မည်သို့ပဲဆိုစေ ဤမျှ ချောမောသော အမျိုးသားတစ်ဦးသည် အလှလေး တစ်ဦးနှင့်သာ တွဲဖက်သင့်သည် ဖြစ်သော်လည်း ဘေးရှိ လူမှာမူ ... ရုပ်ရည်ပိုင်းတွင် ကွာခြားလွန်းလှသည်။ ထိုသို့ဆိုလျှင် အချစ်စစ် ဖြစ်ရမည်။ တခြား ကိစ္စတွေကလည်း ရှစ်ဆယ်ရာခိုင်နှုန်းလောက် အတုမဖြစ်နိုင်ပေ။ သတင်းစာက လိမ်ပြောမည် မဟုတ်ပေ။
နေ့စဉ်နေ့တိုင်း မုန်ဝေ့မင်၏ လှုပ်ရှားမှုများကို လူများက တင်းကြပ်စွာ စောင့်ကြည့်နေကြပြီး လျှို့ဝှက် သတင်းများသည် ဖန်ကျန်းရီ၏ လက်ထဲသို့ အဆက်မပြတ် ရောက်ရှိလာခဲ့၏။ သူ ကြည့်ရှုပြီးသည့်နောက် မနေနိုင်ဘဲ အနည်းငယ် ခေါင်းကိုက်သွားခဲ့သည်။
ကစားတာ နည်းနည်း ကြီးမားသွားပုံရပြီး လှုံ့ဆော်မှုက အနည်းငယ် လွန်ကဲသွားခဲ့၏။
မုန်ဝေ့မင် ရောက်ရှိသွားသော နေရာတိုင်းတွင် လမ်းများ ပိတ်ဆို့နေပြီး ပြဿနာပေါင်း မြောက်မြားစွာ ရှိနေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အစီအစဉ်(ခ) ရှိနေသေး၏။ မုန်ဝေ့မင် တစ်ယောက်တည်းကိုသာ ကြီးထွားခွင့် ပေးလိုက်ခြင်းက လုံးဝ မဖြစ်နိုင်ချေ။ သူ၏ လက်ထဲတွင် အချက်အလက် အခိုင်အမာ ရှိနေသည် ဆိုသော်လည်း မုန်ဝေ့မင် အထိန်းအကွပ်မဲ့ သွားမည်ကို အမြဲတမ်း စိတ်ပူနေခဲ့သည်။ ထို့အပြင် မုန်ဝေ့မင်၏ ကျော်ကြားမှုသည် ကျင်းယီဝေတပ်ဖွဲ့ကို ဖုံးလွှမ်းသွားပုံရပြီး ဤသည်မှာ မူလ ရည်ရွယ်ချက်နှင့် စတင် သွေဖည်လာခဲ့ခြင်း ဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန်အတွက် ကျင်းယီဝေ နတ်သားအဖွဲ့သည် သဘာဝကျစွာပဲ မွေးဖွားလာခဲ့သည်။
ကျင်းယီဝေတပ်ဖွဲ့ အတွင်းမှ အသစ်တက်လာသော စံပြပုဂ္ဂိုလ် တစ်ရာ့ခုနစ်ယောက်ကို ထပ်မံ ရွေးချယ်ကာ စတင် ကြေညာခဲ့ကြ၏။
ပထမအချက်မှာ မုန်ဝေ့မင်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချနိုင်ပြီး ကြေညာခြင်းကို မုန်ဝေ့မင် မှ ကျင်းယီဝေတပ်ဖွဲ့ အဖြစ်သို့ အဓိက ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ ... ကျင်းယီဝေတပ်ဖွဲ့ အတွင်းတွင် မုန်ဝေ့မင်ကို မကျေနပ်သူများ အတော်လေး များပြားနေသောကြောင့် တခြားသူများကိုလည်း အခွင့်အရေး တစ်ခု ပေးရမှာ ဖြစ်ပြီး ထိုသို့ဆိုမှသာ အားလုံး ကြိုးစား ရုန်းကန်နိုင်ကြမည်။
နေ့စဉ် ကျင်းယီဝေ ဇာတ်လမ်းတို တစ်ပုဒ် သို့မဟုတ် အပုဒ်ရေ အနည်းငယ်သည် သတင်းစာတိုက် သို့မဟုတ် ပြည်သူများကြားမှ စတင် ပြန့်နှံ့လာခဲ့သည် ... သေချာပေါက် လုပ်ကြံဖန်တီးထားသည့် အပိုင်း လုံးဝ မပါဝင်ပေ။
မည်သို့ပင်ဆိုစေ မြို့တော်ထဲတွင် အာဏာပိုင်များက အာဏာပြပြီး အနိုင်ကျင့်သည့် အမှိုက်ကိစ္စများသည် နေ့စဉ် ဇာတ်ကားပြသကဲ့သို့ ဖြစ်ပေါ်နေပြီး ကျင်းယီဝေ နတ်သားအဖွဲ့ ရောက်ရှိသွားသော နေရာတိုင်းတွင် အားလုံး အေးချမ်းသွားသည်။
ပြည်သူများသည် လမ်းဘေးမှနေ၍ ကြိုဆိုကာ ချီးကျူးနေကြ၏။
ဤကဲ့သို့သော အခွင့်အရေးကောင်းတွင် မြို့တော်ရှိ တောက်ယွမ်ခရိုင်မှ လာရောက်ဖွင့်လှစ်သော စတိုးဆိုင်များသည်လည်း အနောက်မှ အလျင်အမြန် လိုက်ပါလာခဲ့ကြသည်။ ဖန်ကျန်းရီ ကိုယ်တိုင် လမ်းညွှန်မှုဖြင့် ကျင်းယီဝေ ကတ်ပြား အသစ်စက်စက် ထွက်ပေါ်လာခဲ့ပြီး ရွှေ၊ ငွေ၊ ကြေး၊ သံ ဆိုသည့် ကတ်ပြား လေးမျိုး ဖြစ်၏ ... ကျင်းယီဝေများ၏ ပုံတူ ပန်းချီကားများကို ရိုက်နှိပ်ထားပြီး အနောက်ဘက်တွင် အပြုသဘောဆောင်သော ဇာတ်လမ်းတိုလေးများ ပါဝင်သည်။
တောက်ယွမ်ဆိုင်များ၏ အရောင်းမြှင့်တင်ရေး အနေဖြင့် ပစ္စည်းဝယ်လျှင် ကျင်းယီဝေ ကတ်ပြား ရရှိရန် အခွင့်အရေး ရှိပြီး တစ်ရာ့ရှစ်ကတ် အပြည့် စုဆောင်းနိုင်ပါက ... ငွေတုံး တစ်ထောင့်ရှစ်ဆယ်တိတိနှင့် လဲလှယ်နိုင်မည်။
မသိမသာဖြင့်ပင် မြို့တော်ရှိ ပြည်သူများသည် ... ရူးသွပ်မှုထဲသို့ စတင် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။