← Chapters

အခန်း ၆၀၀

Vol. 33 Ch. 600

အခန်း ၆၀၀

Vol. 33 Ch. 600

အပိုင်း (၆၀၀) အာဏာမဲ့သွားသော တပ်မှူးများ။

ကျင်းယီဝေ အထက်ပိုင်း အလယ်တပ်ခွဲ။

ထိုနေရာတွင် တာဝန်ယူထားသူမှာ ပေါင်ကြားသို့ ပြင်းထန်စွာ အကန်ခံလိုက်ရသော ရန်ဟွာပင် ဖြစ်ပြီး တစ်လကျော်ခန့် အနားယူပြီးမှ လုံးဝ ပြန်လည် ကောင်းမွန်လာခဲ့ခြင်း ဖြစ်၏။

ပြည့်တန်ဆာအိမ်တွင် အကြိမ်ကြိမ် အခါခါ သေချာ စစ်ဆေးပြီး လုံးဝ ကောင်းမွန်သွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှသာ အလုပ်လာဆင်းခြင်း ဖြစ်သည်။

သို့သော်ငြား ယခုအချိန်တွင် ခန်းမထဲ၌ ထိုင်ကာ တံခါးပြင်ပကို ကြည့်ရင်း အရက်ကို တကျိုက်ပြီးတကျိုက် သောက်၍ စိတ်ညစ်နေ၏။

ဘေးတွင်လည်း လူအနည်းငယ် ရှိနေပြီး အားလုံးမှာ အခြားတပ်ခွဲများမှ ခေါ်ယူထားသော တပ်မှူးများ ဖြစ်ကြသည်။

ကျန်ရှိသော လူများသည် သူ အဆက်မပြတ် အရက်သောက်နေသည်ကို ကြည့်ပြီး အနည်းငယ် စိတ်မရှည်တော့သဖြင့် မေးလိုက်ကြသည်။ "ညီအစ်ကို ... အလုပ်ချိန်ကြီးကို ကျုပ်တို့ အနည်းငယ်ကို ခေါ်လာတာ ဘာသဘောလဲ။ အရက်သောက်မယ်ဆိုလည်း ကျုပ်တို့ကို နည်းနည်းလောက် တိုက်အုံးလေ။"

ရန်ဟွာသည် ဟမ့် ဟု အသံပြုလိုက်ပြီး အရက်ခွက်ကို ချကာ ပြောလိုက်၏။ "ခင်ဗျားတို့ကို ခေါ်လာတာ ဘာသဘောလဲဆိုတာ နားမလည်ဘူးလား။"

လူအနည်းငယ်က ခေါင်းယမ်းကာ ပြန်ဖြေလိုက်ကြသည်။ "နားမလည်ဘူး။"

ရန်ဟွာသည် ဖြည်းညင်းစွာ ထလာခဲ့ပြီး ခေါင်းမော့ကာ သက်ပြင်းချ၍ ပြောလိုက်၏။ "ကျုပ်တို့တွေ အိမ်ကလူတွေကို အကူအညီတောင်းပြီး အဆက်အသွယ်တွေ ရှာတယ်။ ဒီလို မနည်း ကြိုးစားပမ်းစားနဲ့ ကျင်းယီဝေ တပ်ဖွဲ့ထဲ ရောက်အောင် ပြောင်းလာတာ ဘာအတွက်လဲ။ တိုက်စရာ စစ်ပွဲလည်း မရှိဘူး။ အခွင့်အရေး တစ်ခု ရှာပြီး အောင်မြင်ကြီးပွားဖို့ မဟုတ်ဘူးလား။

ဒါပေမဲ့ အခု ကျုပ်တို့ ဘာလုပ်နေကြလဲ။ လက်အောက်က တပ်သားလေး တစ်ယောက်ကတောင် ကျုပ်တို့ထက် ပိုပြီး အောင်မြင်နေတယ်။ ပိုပြီး မျက်နှာပန်း လှနေတယ်။ အထက်ရော အောက်ရောက လူတွေက ကျုပ်တို့ စကားကို နားထောင်သေးလို့လား။ ကျုပ်တို့ အခု အာဏာမဲ့သွားပြီ။ ဒီတပ်မှူး ရာထူးက လုပ်ရတာ ဘာအရသာ ရှိတော့လဲ။ ခင်ဗျားတို့ပဲ ပြောကြည့်။"

လူတစ်ယောက်က ပြောလိုက်သည်။ "ဒါပေမဲ့ ဘာလုပ်လို့ ရမှာလဲ။ ဖန်အမတ်ကို ကျုပ်တို့က ရန်သွားစလို့ မရဘူးလေ။ ကျုပ်အဖေကလည်း သူနဲ့ ပြဿနာ မတက်ဖို့ မှာထားတယ်။"

အခြားတစ်ယောက်က ပြောလိုက်၏။ "ဒါဆိုလည်း ကျုပ်တို့ ငြိမ်ငြိမ်လေးပဲ နေကြတာပေါ့။ ဘာကိစ္စမှလည်း မရှိဘူး။ လေ့ကျင့်ရေးလည်း လုပ်စရာ မလိုဘူး။ တော်တော်လေး ကောင်းပါတယ်။"

နောက်တစ်ယောက်ကလည်း ဝင်ထောက်ခံလိုက်သည်။ "ဟုတ်ပါ့။ အစ်ကိုရန် ... လမ်းပေါ်ထွက်ပြီး လမ်းလျှောက်ကြည့်ပါလား။ ကျုပ်တို့ လမ်းပေါ်ရောက်တာနဲ့ ကျင်းယီဝေ ဝတ်စုံ ဝတ်ထားတာကို မြင်တော့ အပျိုလေးတွေ၊ အိမ်ထောင်ရှင်မတွေက မျက်စပစ်ပြကြတာ။ အရင်တုန်းကဆို ကျုပ်ကို ရှောင်သွားကြတာချည်းပဲ။ အခု နေရထိုင်ရတာ ဘယ်လောက်တောင် သာယာနေလဲ ဆိုတာ မပြောနဲ့တော့။"

အပြင်တွင် ထမင်းစားလျှင်ပင် သူတို့က ပိုက်ဆံမယူကြချေ။ ဤကဲ့သို့သော ကိစ္စမျိုးကို ယခင်က သူတို့ တွေးတောင် မတွေးရဲခဲ့ပေ။

ရန်ဟွာ၏ မျက်နှာအမူအရာသည် ခေတ္တမျှ ကြောင်အမ်းသွားခဲ့ပြီးနောက် အားအင်ကုန်ခမ်းသွားသကဲ့သို့ ကုလားထိုင်ပေါ်သို့ ပြန်လည် ထိုင်ကျသွား၏။

မူလက လုပ်ဖော်ကိုင်ဖက် အနည်းငယ်ကို ရှာပြီး နည်းလမ်း တစ်ခုလောက် တိုင်ပင်မလို့ စဉ်းစားထားခဲ့သော်လည်း အသုံးမကျသော အပျင်းတစ် တစ်စုကို ရှာမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရန်ဟွာက သရော်လိုက်သည်။ "ခင်ဗျားတို့က ပျော်ရွှင်တဲ့ မျက်နှာထားတောင် ရှိသေးတယ်။ အဲဒါက လက်အောက်က တပ်သားလေးရဲ့ မျက်နှာကြောင့်လေ။ ခင်ဗျားတို့ မျက်နှာ မပူဘူးလား။"

လူအနည်းငယ်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ ပြောလိုက်ကြ၏။ "မပူပါဘူး။"

ရန်ဟွာသည် စားပွဲကို ရိုက်ကာ မတ်တပ်ထရပ်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "ယောက်ျားကောင်း ဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားမှာ မွေးဖွားလာတာ။ ဘယ်လိုလုပ်ပြီး သူများ လက်အောက်မှာ အမြဲတမ်း ညှိုးညှိုးငယ်ငယ်နဲ့ နေနိုင်မှာလဲ။ ခင်ဗျားတို့လို သူငယ်ချင်းတွေကို ကျုပ် အလကား အသိအမှတ်ပြုမိတာပဲ။"

သဟဇာတမဖြစ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ "အစ်ကိုရန် ... မနာလို ဖြစ်နေတာလား။"

ရန်ဟွာက ဒေါသတကြီး ပြောလိုက်သည်။ "ကျုပ်က မနာလို ဖြစ်ရမယ်။ ဘာကို မနာလို ဖြစ်ရမှာလဲ။ ကျင်းယီဝေ ကြယ်ပွင့် တစ်ရာ့ရှစ်ယောက်လုံးက တပ်သားလေးတွေချည်းပဲ။ ကျုပ်တို့က တပ်မှူးတွေ။ တပ်မှူးတွေကွ။ အောက်လူက အထက်လူကို ကျော်လွန်တာက စစ်တပ်မှာ အဆိုးဆုံး တားမြစ်ချက်ပဲ။ သူတို့က အပြင်ထွက်တာနဲ့ အရှေ့အနောက် ဝိုင်းရံခံနေရတာ။ ကျုပ်တို့က နောက်ပိုင်း လူတွေကို ဘယ်လို အုပ်ချုပ်တော့မလဲ။ သူတို့ လေးစားအောင် ဘယ်လို လုပ်တော့မလဲ။"

လူတစ်ယောက်က ပြောလိုက်သည်။ "အဲဒီလူတွေက မူလတည်းက ဖန်အမတ် ကိုယ်တိုင် အုပ်ချုပ်နေတာလေ။ ကျုပ်တို့က ဝင်စွက်ဖက်လို့မှ မရတာ။ အေးအေးဆေးဆေးလေးပဲ ဘဝကို ခံစားလိုက်တာ ကောင်းပါတယ်။ ကျုပ် ကြည့်ရသလောက် အခုပုံစံက တော်တော်လေး ကောင်းပါတယ်။"

နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်၏။ "စိတ်ကို လျှော့ထားလိုက်ပါ။ အရင်တုန်းကဆို ကျုပ်တို့က ဘယ်မိန်းကလေးကို သဘောကျကျ နည်းလမ်းနည်းနည်းလောက် သုံးရသေးတယ်။ အခု မယားငယ် ယူချင်ရင် တိုက်ရိုက် ရွေးလို့ ရနေပြီလေ။"

လူအနည်းငယ်သည် အချင်းချင်း ကြည့်ကာ ရယ်မောလိုက်ကြသည်။ "လူတွေကို အုပ်ချုပ်ရမယ် ဟုတ်လား။ ချီးတဲ့မှ .. ဘာမှ အုပ်ချုပ်စရာ မလိုဘူး။ ဟားဟားဟားဟား။"

ငြိမ်ငြိမ်လေး နေရသည်က မကောင်း၍လား။ ရန်ဟွာသည် တကယ်ကိုပင် စဉ်းစားဉာဏ် မရှိဘဲ ကိုယ့်ဘာသာ ပြဿနာ ရှာနေခြင်းပင်။

သူတို့ ပျော်ရွှင်နေကြသည်ကို ကြည့်ပြီး ရန်ဟွာသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာခဲ့ကာ လူအနည်းငယ်အား လက်ညှိုးထိုး၍ တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ "ငတုံးတွေနဲ့ တိုင်ပင်လို့ မရဘူး ဆိုတာ တကယ်ပဲ။ နန်းတော်ထဲမှာ အလုပ်လုပ်နေတဲ့ လူတွေက အခု ကျုပ်တို့ကို လှောင်ပြောင်နေကြပြီ။ ခင်ဗျားတို့ကို ခေါ်လာတာက ကျုပ်ကို နည်းလမ်းလေး တစ်ခုလောက် စဉ်းစားပေးဖို့ပါ။ ခင်ဗျားတို့လို အသုံးမကျတဲ့ ကောင်တွေ အကုန်လုံး ထွက်သွားကြစမ်း။"

လူတစ်ယောက်က ပြောလိုက်သည်။ "ရှူး ... မင်းက တကယ်ကို မကျေနပ်ဘူးဆိုရင် ကျုပ်မှာ နည်းလမ်း ရှိတယ်။"

ရန်ဟွာက အလျင်စလို မေးလိုက်၏။ "ဘာနည်းလမ်းလဲ။"

ထိုလူက ပြန်ဖြေလိုက်သည်။ "လယ်ယာစိုက်ပျိုးရေးတပ်ခွဲနဲ့ မြင်းတပ်ခွဲမှာ လူလိုနေတယ်။ အထက်ကို စကားတစ်ခွန်းလောက် ပြောလိုက်ရင် အဲဒီကို ပြောင်းသွားဖို့က ပြဿနာ သိပ်မရှိဘူး။

နန်းတော်ထဲမှာ အခမ်းအနားနဲ့ သက်တော်စောင့် တာဝန်ယူရတဲ့ နေရာတွေက ပြည့်သွားပြီလေ။ ဒါဆိုရင် အိမ်ကလူတွေကို အဆက်အသွယ် ပြန်ရှာခိုင်းရမှာပေါ့။ ကျုပ် ထင်တာကတော့ ဖန်အမတ်ဆီမှာ စကားပြောရတာ လွယ်လောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ အနည်းငယ်က ပုံမှန်ဆိုရင်လည်း အားနေတာပဲလေ ... တစ်ယောက်ပိုပို လိုလို ဘာမှ မဖြစ်ပါဘူး။

ဒါပေမဲ့ ... ခင်ဗျား တကယ်ပဲ နန်းတော်ထဲ ဝင်သွားရင် ပါးစပ်ကိုတော့ သေချာ ပိတ်ထားနော်။ ကျုပ်တို့ ဘယ်လို ဘဝမျိုး ဖြတ်သန်းနေရလဲဆိုတာ နန်းတော်ထဲမှာ တာဝန်ကျတဲ့ လူတွေ လုံးဝ မသိကြဘူး။ သူတို့က လှောင်ချင်ရင်လည်း လှောင်ပါစေတော့။ ကျုပ်တို့က တိတ်တဆိတ်လေးနဲ့ ကြီးပွားနေတာပဲ။"

ရန်ဟွာ၏ အပြုံးမျက်နှာသည် ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ပြီး ပြောလိုက်သည်။ "ခင်ဗျားက ကျုပ်ကို မြင်းသွားမွေးပြီး လယ်သွားစိုက်ခိုင်းတာလား။ နောက်နေတာလား။"

ချက်ချင်းပင် လူတစ်ယောက်က ရယ်မောကာ ဝင်ထောက်ခံလိုက်၏။ "ဟုတ်ပါ့။ ကျုပ်တို့က တိတ်တိတ်လေး ခိုးပြီး ပျော်နေတာ .. ခိုးပျော်နေတာ။"

နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။ "ဟုတ်တယ်။ ချီးတဲ့မှ … လာမပတ်သက်နဲ့။"

လူအနည်းငယ်သည် ပျော်ရွှင်စရာ အကြောင်းများကို ပြောရင်း တစ်စုတစ်ဝေးတည်း ရယ်မောနေကြပြန်၏။

ရန်ဟွာ၏ မျက်နှာသည် တစ်ခဏအတွင်း စိမ်းလိုက် ဖြူလိုက် ဖြစ်သွားခဲ့သည်။ သူသည် အထက်သို့ တက်လှမ်းချင်သူ ဖြစ်သော်လည်း အပျင်းတစ် တစ်စု၏ အရှေ့တွင် လူရွှင်တော် တစ်ယောက် ဖြစ်သွားခဲ့သည် မဟုတ်ပါလား။

ဤခေတ်ကြီးက ဘာဖြစ်နေသနည်း။

နားဘေးမှ ထွက်ပေါ်လာသော ရယ်သံများကို ကြားရင်း ရန်ဟွာသည် တွေးလေ ဒေါသထွက်လေ ဖြစ်လာကာ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ခင်ဗျားတို့ အကုန်လုံး ပါးစပ်ပိတ်ထားစမ်း။ နည်းလမ်းမရှိဘူးဆိုရင် အကုန်လုံး ထွက်သွားကြ။"

လူတစ်ယောက်က ပြောလိုက်၏။ "ကျုပ် ပြောမယ်။ ခင်ဗျား ဒေါသထွက်နေရင်လည်း ကျုပ်တို့အပေါ် မပုံချနဲ့လေ။ ကျုပ်တို့ ညီအစ်ကိုတွေက ခင်ဗျား အုပ်ချုပ်မှု အောက်မှာမှ မဟုတ်တာ။ ခင်ဗျားကိုယ် ခင်ဗျား ပြန်စဉ်းစားကြည့်အုံး။ ခင်ဗျားက သဘောမပေါက်သေးတာ။ အခု ဖန်အမတ်က ကျင်းယီဝေတပ်ဖွဲ့ကို ခုမှ စပြီး တာဝန်ယူတာလေ။ အရာရှိသစ်က အစပိုင်းမှာတော့ မီးကုန်ယမ်းကုန် လုပ်မှာပေါ့။ ဒီကာလလေး လွန်သွားရင် ကျုပ်တို့က အကောင်းစားတွေ စားသောက်ရမှာ မဟုတ်ဘူးလား။"

လူတစ်စု စကားပြောနေစဉ်မှာပင် ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် တံခါးဝတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဘေးတွင်လည်း အလွန် ထွားကျိုင်းသန်မာသော ပုံရိပ်တစ်ခု ပါလာခဲ့ကာ ပြောလိုက်သည်။ "ပြောတာ အရမ်းကောင်းတယ်။ ကျုပ် ကြည့်ရသလောက် ခင်ဗျားတို့ အကောင်းစားတွေ စားသောက်ဖို့ တွေးနေတာ တော်တော် ကြာလောက်ပြီ ထင်တယ်။"

လူအများသည် လှည့်ကြည့်လိုက်သည့် အခါတွင် မနေနိုင်ဘဲ မျက်နှာများ ပျက်ယွင်းသွားကြပြီး အလျင်အမြန် မတ်တပ်ထရပ်ကာ အရှေ့သို့ တိုး၍ အရိုအသေပေးလိုက်ကြ၏။

လူအများက ပြိုင်တူ ပြောလိုက်ကြသည်။ "ဖန်အမတ်ကို ဂါရဝပြုပါတယ်။"

ဖန်ကျန်းရီက လက်ကို မြှောက်ကာ ပြောလိုက်၏။ "ရပြီ။ ဒီမှာ လာပြီး ဟန်ဆောင် ယဉ်ကျေးမနေနဲ့။"

ယနေ့ မူလက တပ်မှူးရုံးသို့ ကိုယ်တိုင် လာရောက်ကာ တာဝန်များ ခွဲဝေချထားပေးရန် စဉ်းစားထားခဲ့သော်လည်း ဤကဲ့သို့သော ပြဇာတ်ကောင်း တစ်ပုဒ်နှင့် ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တံခါးဝတွင် ပုန်းကာ နားထောင်နေသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သည် ...

ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ကျုပ် ဒီတစ်ခေါက် လာတာ ခင်ဗျားတို့ကို အသိပေးစရာ သတင်းတစ်ခု ရှိလို့ပဲ။ ဒါပေမဲ့ ဒီတစ်ခေါက် လာတာက အချိန်အခါ မသင့်သလိုပဲ။ ခင်ဗျားတို့ရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက် ပေးမိသွားပြီလား။"

တပ်မှူး အနည်းငယ်သည် ချက်ချင်းပင် တုန်လှုပ်သွားကြပြီး အလျင်စလို ပြောလိုက်ကြသည်။ "မရှိပါဘူး။ မရှိပါဘူး။ ဖန်အမတ် လာတာ အချိန်ကို ကိုက်နေတာပါပဲ။"

ဖန်ကျန်းရီသည် ပြုံးလိုက်ပြီး လက်ကို နောက်ပစ်ကာ အဓိက ထိုင်ခုံနေရာသို့ လျှောက်သွားပြီးနောက် ခန့်ညားစွာ ထိုင်ချကာ မေးလိုက်၏။ "ခင်ဗျားတို့က ရုံးမှာ တာဝန်မထမ်းဆောင်ဘဲ အရက်လာသောက်နေကြတာ ကျုပ်အပေါ် ရင်ထဲမှာ မကျေနပ်မှုတွေ ရှိနေလို့လား။ ရန်ဟွာ ... ခင်ဗျား ဘယ်လို ထင်လဲ။"

ကြားသွားပြီလား။ သူ အကုန် ကြားသွားပြီလား။

ရန်ဟွာသည် လည်ချောင်းထဲတွင် တင်းကျပ်သွားခဲ့ပြီး ခေါင်းငုံ့ကာ မမော့ရဲတော့ဘဲ အားတင်းပြုံး၍ ပြောလိုက်သည်။ "မရှိပါဘူး ... ကျုပ် မရဲပါဘူး။ ကျုပ်က တခြားလူတွေကို အရက်သောက်ဖို့ ခေါ်လာတာပါ ... ကျင်းယီဝေတပ်ဖွဲ့က ဖန်အမတ် လက်အောက်မှာ အောင်မြင်ကြီးပွားနေတာကို ... ဂုဏ် ... ဂုဏ်ပြုချင်လို့ပါ။"

ဖန်ကျန်းရီသည် ရန်ဟွာအား စိုက်ကြည့်ကာ ပြောလိုက်၏။ "ဟားဟား .. ခင်ဗျားက တော်တော်လေး အဓိပ္ပာယ် ရှိတာပဲ။ ဆက်မလုပ်ချင်တော့ဘူးဆိုရင် ဘယ်အချိန်မဆို ကျုပ်ကို ပြောလို့ ရတယ်။ ခင်ဗျားက ဘာပဲဖြစ်ဖြစ် ကျုပ်နောက်ကို လိုက်ဖူးတဲ့ လူပဲလေ။ သေချာပေါက် ခင်ဗျားအတွက် ကျေနပ်စရာကောင်းတဲ့ အလုပ်တစ်ခု အသစ် ပြန်ရှာပေးပါ့မယ်။"

ရန်ဟွာက တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "ကျုပ် ... မရှိပါဘူး။ ဖန်အမတ် လက်အောက်မှာ အလုပ်လုပ်ခွင့် ရတာက ကျုပ်ရဲ့ ဂုဏ်ကျေးဇူးပါ။"

သူ အနည်းငယ် နားလည်ကြောင်း မြင်လိုက်ရသဖြင့် ဖန်ကျန်းရီသည် ပြုံးကာ ပြောလိုက်၏။ "ဒါဆိုလည်း ကောင်းပြီ။ အဓိက ကိစ္စကို ပြောကြတာပေါ့။

အထက်က အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနကို လွှတ်ပြီး ကျင်းယီဝေတပ်ဖွဲ့ကို ရုတ်တရက် ဝင်တိုက်ပြီး လေ့ကျင့်ရေး လုပ်ဖို့ ပြင်ဆင်နေတယ်။ နန်းတွင်းက တပ်ဖွဲ့တွေကတော့ ပြောစရာ မလိုပါဘူး။ အကုန်လုံးက မြို့တော်စောင့်တပ်ထဲကနေ စစ်တပ်က ရွေးချယ်ထားတဲ့ မြို့တော်စောင့် စစ်သည်တွေချည်းပဲ။ ဒါပေမဲ့ အဓိက တပ်ဖွဲ့တွေကလွဲရင် ခင်ဗျားတို့ လက်အောက်က လူတော်တော်များများက သာမန် ပြည်သူတွေကနေ လာတာ။ လေ့ကျင့်ရေး အချိန်ကလည်း တိုသေးတယ်။ ဒီတစ်ခေါက် စမ်းသပ်စစ်ဆေးမှာက ခင်ဗျားတို့ကိုပဲ။

ဒါကြောင့် ဒီကာလမှာ သတိထားပြီး အမြဲတမ်း ကာကွယ်ဖို့ ပြင်ဆင်ထားကြ။ အရှေ့ပိုင်း စုံစမ်းထောက်လှမ်းရေး ဌာနက ဘယ်နေရာကို ရွေးမလဲဆိုတာ မသိရဘူး။ ဒါပေမဲ့ ဘယ်နေရာကို ရွေးရွေး အနီးစပ်ဆုံး တပ်ဖွဲ့က အမြန်ဆုံး အမြန်နှုန်းနဲ့ သွားပြီး ကူညီရမယ်။ ဒါက ကျင်းယီဝေတပ်ဖွဲ့ တိုက်ရမယ့် ပထမဆုံး အကြမ်းစား တိုက်ပွဲပဲ။ ခင်ဗျားတို့ကို စမ်းသပ်မယ့် အချိန် ရောက်လာပြီ။"

All Chapters