အခန်း ၆၀၂
Vol. 33 Ch. 602
အပိုင်း (၆၀၂) အိမ်ရှေ့စံ ဝင်ရောက်လာခြင်း။
မြို့တော်တပ်စခန်းများကို မြို့တွင်းနှင့် မြို့ပြင်တို့တွင် အကြီး၊ အသေး စခန်းနှစ်ခုခွဲ၍ တပ်စွဲထားသည်။ သို့သော်ငြား စစ်မက်ကာလအတွင်း တပ်အင်အား အကြီးအကျယ် တိုးချဲ့ရမည်ကို ထည့်သွင်းစဉ်းစားကာ အဓိက တပ်မကြီးအများစုကို မြို့ပြင်စခန်းများတွင် နေရာချထားပြီး ၎င်းတို့၏ တာဝန်အသီးသီးကို ခွဲဝေပေးထားသည်။
ဖုန်းဝူတပ်ဖွဲ့သည်လည်း ထိုနည်းတူပင် ဖြစ်သော်လည်း ကွဲပြားချက်အချို့ ရှိနေသည်။ ၎င်းတို့သည် လေ့ကျင့်ရေး နှင့် ရန်သူကို သတ်ဖြတ်ရေးသာ တာဝန်ယူရသည်။ မြို့တော်ရှိ တပ်ဖွဲ့များထဲတွင် အတော်ဆုံးထဲမှ အတော်ဆုံးဖြစ်ပြီး ကျင်းဧကရာဇ်နှင့်အတူ တောင်မြောက်တစ်ခွင် စစ်ပွဲများစွာဆင်နွှဲကာ စွမ်းဆောင်ရည်များစွာ ပြသခဲ့ဖူးသည်။ ယခုအချိန်တွင် မြို့တွင်းရှိ တပ်စခန်းငယ်လေးထဲ၌ သူစိမ်းတစ်ယောက် ရောက်ရှိနေသည်။ ထိုသူမှာ ကော်ထျန်းယန်၏ နောက်ပါ မိန်းမစိုး လျန်ယုံပင် ဖြစ်၏။
လျန်ယုံ၏ အရှေ့တွင် သံချပ်ကာအင်္ကျီဝတ်ဆင်ထားပြီး နှာတံပေါ်ကာ နဖူးကျယ်သော သူတစ်ယောက် ရပ်နေသည်။ သူ၏ပုံစံမှာ ခန့်ညားထည်ဝါပြီး မရည်ရွယ်ဘဲ အရှိန်အဝါများ ထွက်နေသယောင် ရှိသည်။ ယခုအချိန်တွင် သူသည် အမိန့်စာကို ကိုင်ကာ မျက်မှောင်ကြုတ်ထားသည်။ အကြိမ်ကြိမ် ဖတ်ကြည့်ပြီးမှ ခေါင်းမော့၍ မေးလိုက်သည်။
"ဖုန်းဝူတပ်ဖွဲ့က လူသုံးရာလွှတ်ပြီး ကျင်းယီဝေတပ်ဖွဲ့ ဌာနခွဲကို ညဘက် ဝင်တိုက်ရမယ်။ ကုန်းကုန်း ဒီစာက အမှားအယွင်းမရှိတာ သေချာရဲ့လား။ မုန်ဝေ့မင် ရှိနေတဲ့ နေရာဆိုပေမဲ့ သူက နာမည်လေးနည်းနည်း ထွက်လာရုံပါ။ ဒီလောက်ကြီးတဲ့ အင်အားသုံးဖို့ မလိုပါဘူး။"
လျန်ယုံက ပြန်ဖြေလိုက်၏။ "ကော်စစ်သူကြီး... အရှင်မင်းကြီးရဲ့ အမိန့်စာက ဘယ်လိုလုပ် မှားနိုင်မှာလဲ။ ဖုန်းဝူတပ်ဖွဲ့အပြင် တုန်းချန်အဖွဲ့က လူတစ်ရာလည်း ပူးပေါင်းပါဝင်မှာပါ။"
ခေါင်းကိုင်ဖခင်က တပ်သားကောင်း သုံးရာ ငှားရမ်းပေးရန် ပြောသည့်အပြင် ကျန်သည်များကို သူ၏ သဘောအတိုင်း စီစဉ်ရန် ပြောခဲ့သည်။ သဘောအတိုင်းဆိုမှတော့ သေချာအောင် လုပ်ရမည် မဟုတ်ပါလား။ ထို့ကြောင့် တုန်းချန်အဖွဲ့သား တစ်ရာကိုပါ တိုက်ရိုက် ထပ်တိုးလိုက်ခြင်း ဖြစ်သည်။
သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသော ကော်စစ်သူကြီးက အမိန့်စာကို ထပ်မံကောက်ယူ၍ သေချာစွာ စစ်ဆေးလိုက်ပြီးနောက် မျက်နှာတွင် နားမလည်နိုင်မှုများ အပြည့်ဖြင့် ပြောလိုက်၏။ "လူလေးရာက အသစ်ဖွဲ့ထားတဲ့ ဌာနခွဲလေးတစ်ခုကို တိုက်ရမယ်။ သူတို့လူပြည့်နေရင်တောင် ကျုပ်တို့က အင်အားလေးဆ ဖြစ်နေပြီ။ လူလေးရာတောင် မလိုပါဘူး။ ဖုန်းဝူတပ်ဖွဲ့က လူငါးဆယ်လောက်ဆိုရင်ပဲ သူတို့ကို အလဲထိုး နိုင်နေပါပြီ။ အရှင်မင်းကြီးက စစ်ရေးစစ်ရာမှာ နတ်ဘုရားတစ်ပါးလို ကျွမ်းကျင်တဲ့သူပါ။ ဒီလို အဓိပ္ပာယ်မရှိတဲ့ အမိန့်မျိုးကို ဘယ်လိုလုပ် ချမှတ်နိုင်မှာလဲ။"
လျန်ယုံက မျက်လွှာချ၍ ရိုကျိုးစွာ ပြောလိုက်သည်။ "စစ်သူကြီး စကားကို ဆင်ခြင်ပါ။ ခင်ဗျား ဘာမှ အများကြီး တွေးမနေပါနဲ့တော့။ အထက်က စီစဉ်ပြီးသားဆိုတော့ ကျုပ်တို့က အဲအတိုင်းပဲ လုပ်ရုံပါပဲ။ မြို့ထဲမှာ အခု လူအင်အား အသင့်ရှိရဲ့လား မသိဘူး။"
ကော်စစ်သူကြီးက သက်ပြင်းချလိုက်၏။ "ကြက်ကလေးသတ်တာကို နွားသတ်တဲ့ ဓားမကြီး သုံးနေသလိုပဲ။ ဒီလိုဆိုမှတော့ ဒီအတိုင်းပဲ စီစဉ်လိုက်တာပေါ့။ ဒါပေမဲ့ မြို့ထဲမှာ အဲဒီလောက် လူအင်အား မရှိဘူး။ ကျုပ် အခုချက်ချင်း မြို့ပြင်ကနေ တပ်တွေ ခေါ်လိုက်မယ်။ ဇာတ်တိုက်လေ့ကျင့်တာကို ဘယ်အချိန် စမှာလဲ။"
လျန်ယုံ စကားပြောရန် ပြင်လိုက်စဉ် ခြံဝင်းအပြင်ဘက်မှ ဆူညံအော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထို့နောက် လီယွမ်ကျောက် တစ်ဟုန်ထိုး ဝင်ရောက်လာသည်ကို တွေ့လိုက်ရပြီး လျန်ယုံကို မြင်သည်နှင့် ၎င်း၏ မျက်လုံးများထဲတွင် အံ့ဩဝမ်းသာမှုများ ပေါ်လွင်သွားကာ ပြောလိုက်သည်။ "ခင်ဗျားက လျန်ယုံလား။ ကော်ထျန်းယန်ဆီက ကြားတာတော့ ခင်ဗျားက ဒီမှာ ဇာတ်တိုက်လေ့ကျင့်ဖို့ တပ်တွေ လာစုနေတာဆို။"
သူသည် ဇာတ်တိုက်လေ့ကျင့်မည့် ကိစ္စကို မျှော်လင့်နေသည်မှာ ကြာပြီဖြစ်ပြီး ဖန်ကျန်းရီ တစ်ယောက် အထိနာသည်ကို မြင်ချင်သဖြင့် ကော်ထျန်းယန်ထံသို့ လူလွှတ်ကာ သတင်းအမြဲ စုံစမ်းနေခဲ့သည်။ ယခု လှုပ်ရှားမှု စတင်နေပြီဖြစ်ရာ သူ ဘယ်လိုလုပ် ငြိမ်နေနိုင်မည်နည်း။
ထိုသူနှစ်ယောက်လုံး တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြပြီး လျန်ယုံက ကပျာကယာ ဒူးထောက်ချလိုက်သည်။
"ကျွန်တော်မျိုး အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။"
ကော်စစ်သူကြီးကလည်း ပြုံး၍ ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်။ အိမ်ရှေ့စံနှင့် သူ တွေ့ဆုံဖူးသည့် အကြိမ်အရေအတွက်မှာ မနည်းလှဘဲ အိမ်ရှေ့စံ၏ ပွင့်လင်းလွတ်လပ်သော စရိုက်ကိုလည်း အထူးပင် သဘောကျမိ၏။
ကော်စစ်သူကြီးက ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား... အရှင်မင်းကြီးရဲ့ အမိန့်စာအရ ဖုန်းဝူတပ်ဖွဲ့က တပ်သားကောင်း သုံးရာကို စုဆောင်းပြီး တုန်းချန်အဖွဲ့က လူတစ်ရာနဲ့ ပူးပေါင်းမယ်။ ဒီည မုန်ဝေ့မင် ရှိနေတဲ့ ကျင်းယီဝေ ဌာနခွဲကို သွားရောက်တိုက်ခိုက်ရမှာပါ။"
လီယွမ်ကျောက် ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်နှာပေါ်တွင် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားကာ ပြောလိုက်၏။ "လူလေးရာဟုတ်လား။ ကျင်းယီဝေတပ်ဖွဲ့ရဲ့ သတင်းကို ကျုပ် စုံစမ်းထားပြီးပါပြီ။ သူတို့ဆီမှာ လူအပြည့်မရှိပါဘူး။ ခင်ဗျားတို့ရဲ့ အင်အားက သူတို့ထက် အနည်းဆုံး ခုနစ်ဆ ရှစ်ဆလောက် ရှိနေတယ်။ ဟိုဘက်ကလည်း လေ့ကျင့်ထားတာ သိပ်မကြာသေးဘူးဆိုတော့ ဒီလိုမျိုး နိုင်သွားရင်တောင် သိပ်ပြီး ဂုဏ်ယူစရာ မရှိဘူး ထင်တယ်။"
ကော်စစ်သူကြီးက ခါးသက်စွာ ပြုံးလိုက်သည်။ "ကျွန်တော်မျိုးလည်း ဒီလိုပဲ တွေးမိပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးမှာ သူ့အစီအစဉ်နဲ့သူ ရှိနေမှာ သေချာပါတယ်။ ကျွန်တော်မျိုး အပြင်ဘက်ကို သိပ်မထွက်ဖြစ်ပေမဲ့ ကျင်းယီဝေတပ်ဖွဲ့ရဲ့ စည်းကမ်းကြီးမားမှုအကြောင်းကိုတော့ ကြားဖူးပါတယ်။ သခင်လေးဖန်ဆီမှာ သာမန်ထက် ထူးခြားတဲ့ အစွမ်းအစတွေ ရှိနေလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လူလေးရာဆိုတာကတော့ တကယ်ကို များလွန်းပါတယ်။ နိုင်သွားရင်တောင် မျက်နှာပြစရာ မရှိပါဘူး။"
ထိပ်တန်း တပ်သားကောင်း သုံးရာက ဌာနခွဲတစ်ခုကို သွားတိုက်မည့်အပြင် တုန်းချန်အဖွဲ့က လူတစ်ရာပါ ထည့်ခေါ်သွားဦးမည်။ ဤကဲ့သို့ လုပ်ရပ်မျိုးက လုပ်ဖော်ကိုင်ဖက်များ အမြင်တွင် လမ်းလယ်ခေါင်၌ အညစ်အကြေးစွန့်ခြင်းနှင့် ဘာကွာခြားမည်နည်း။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ မျက်နှာပျက်ရမည်သာ ဖြစ်ပြီး ဤကိစ္စသာ အခြားသော မြို့တော်တပ်များဆီသို့ သတင်းပေါက်ကြားသွားပါက ရယ်စရာကြီး ဖြစ်သွားပေမည်။
လီယွမ်ကျောက်က ပြောလိုက်သည်။ "ဒီကိစ္စက တကယ်ကို နည်းနည်း ထူးဆန်းနေတယ်။ ခမည်းတော်ရဲ့ အမိန့်စာကို ကျုပ်ကို ပြစမ်းပါ။"
ကော်စစ်သူကြီးက အမိန့်စာကို တိတ်ဆိတ်စွာ ကမ်းပေးလိုက်၏။
လီယွမ်ကျောက်က စာကို ဖြန့်၍ တစ်ချက်နှစ်ချက် ဖတ်ကြည့်ပြီးနောက် သဘောကျသွားကာ ပြောလိုက်သည်။
"ဒီအပေါ်မှာ လူဘယ်လောက် စုရမယ်ဆိုတာ အတိအကျ ရေးမထားပါဘူး။ တုန်းချန်အဖွဲ့ကို အင်အား ဖြည့်တင်းပေးဖို့ပဲ ရေးထားတာ။ လောကကြီးမှာ အဓိကတပ်က လူတစ်ရာပဲထွက်ပြီး အင်အားဖြည့်တဲ့တပ်က လူသုံးရာ ဖြစ်နေတဲ့ ယုတ္တိမျိုး ဘယ်မှာရှိလို့လဲ။ ကျုပ်ကြည့်ရတာ ကော်ထျန်းယန် အဲဒီလူ လန့်နေတာ ဖြစ်မယ်။ ဟား ဟား။"
လျန်ယုံက နဖူးမှ ချွေးများ ပျံလာကာ ကပျာကယာ ရှင်းပြလိုက်၏။ "အိမ်ရှေ့စံမင်းသား... အဲဒီလို မဟုတ်ပါဘူး။ တကယ်ကို အဲဒီလို မဟုတ်ရပါဘူး။"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကော်စစ်သူကြီး၏ စိတ်ထဲတွင် ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒီလိုကိုး။ ဒါဆိုရင်တော့ ယုတ္တိတန်သွားပြီ။
အရှင်မင်းကြီးသည် အတွေ့အကြုံများပြားသူဖြစ်ရာ ဤကဲ့သို့ အဓိပ္ပာယ်မရှိသော အမိန့်မျိုး ချမှတ်မည် မဟုတ်ပေ။ ထိုအရာက သေချာပေါက် တုန်းချန်အဖွဲ့က အခွင့်အရေးယူပြီး လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်ရမည်။ ထိုသို့တွေးမိသွားသောအခါ ကော်စစ်သူကြီးက လျန်ယုံကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် သနားကြင်နာမှု အရိပ်အယောင်တစ်ခု ပေါ်လွင်သွား၏။
လီယွမ်ကျောက်သည် လျန်ယုံ ချွေးသံတရွဲရွဲ ဖြစ်နေသည်ကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။ "ခင်ဗျားက ဘာဖြစ်လို့ လန့်နေရတာလဲ။ သူ စီစဉ်တာ မှန်ပါတယ်။ ဖန်ကြီးဆီမှာ သာမန်ထက် ထူးခြားတဲ့ အစွမ်းအစတွေ ရှိနေတာပဲ။ အဲဒီလူဆီမှာ ကြောက်စရာကောင်းလောက်အောင် ကောက်ကျစ်တဲ့ အကြံအစည်တွေ အများကြီး ရှိတယ်။
အခုက နိုင်သွားရင်တောင် သိပ်ဂုဏ်ယူစရာ မကောင်းတော့မှတော့ နောက်ထပ် လူနှစ်ရာ ထပ်တိုးလိုက်။ အဲဒီ လူနှစ်ရာကို သာမန်အရပ်သားတွေလို ရုပ်ဖျက်ခိုင်းပြီး လမ်းသုံးသွယ်ခွဲပြီး ခိုးဝင်တိုက်ခိုက်ခိုင်းလိုက်။ ပြင်ဆင်မှုတွေကို သေချာပေါက် အပြည့်အစုံ လုပ်ထားရမယ်။ ဘယ်သူ့ကို အထင်သေးသေး ဖန်ကြီးကိုတော့ လုံးဝ အထင်သေးလို့ မရဘူး။"
ကော်စစ်သူကြီးက အံ့ဩတကြီး ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသား... ခင်ဗျားက။"
လီယွမ်ကျောက်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ "ကျုပ် ဒီတစ်ခေါက် လာတာက ဒီလို အခွင့်ကောင်းမျိုးကို လက်လွှတ်မခံနိုင်လို့ပဲ။ ကျုပ် ကိုယ်တိုင် ဦးဆောင်ပြီး ဌာနခွဲကို သိမ်းပိုက်မယ်။ ပြီးတော့ မုန်ဝေ့မင်ကို အရှင်ဖမ်းမယ်။ ခင်ဗျား စိုးရိမ်နေစရာ မလိုဘူး။ ကျုပ် ခမည်းတော်ကို ကြိုပြီး အသိပေးထားပြီးပါပြီ။"
အိမ်ရှေ့စံ ကိုယ်တိုင် တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်မည်လား။
ကော်စစ်သူကြီးက သိပ်ပြီး တုံ့ပြန်မှု မရှိလှပေ။ ဧကရာဇ်ဖြစ်စေ၊ အိမ်ရှေ့စံဖြစ်စေ သူ အတန်အသင့် နားလည်ထားသည်။ ထို့အပြင် အိမ်ရှေ့စံသည် နန်းတော်ထဲမှ ဤသတင်းကို ရရှိလာခြင်းဖြစ်ရာ ကြိုတင် အသိပေးထားပြီးဖြစ်မည်မှာ သေချာသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းဆိုသည်မှာ ကိစ္စသေးသေးလေးတစ်ခုမျှသာ ဖြစ်ပြီး တစ်မြို့လုံးရှိ ကျင်းယီဝေ ဌာနခွဲများကို ကြိုက်သလို ရွေးချယ်ခိုင်းလျှင်ပင် နာရီဝက်အတွင်း ဖုန်းဝူတပ်ဖွဲ့ မသိမ်းပိုက်နိုင်သော နေရာဟူ၍ မရှိပေ။ အိမ်ရှေ့စံ၏ လုံခြုံရေးအတွက်ဆိုလျှင်လည်း စိုးရိမ်စရာ မလိုဘဲ တိုက်ခိုက်ပြီးသည်နှင့် နန်းတော်သို့ တိုက်ရိုက် ပြန်သွားရုံသာဖြစ်ရာ ပြဿနာ တစ်စုံတစ်ရာ ရှိလာမည် မဟုတ်ပေ။
ဘေးနားရှိ လျန်ယုံကတော့ ချီတုံချတုံဖြစ်နေပြီး တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား... ဒီတစ်ခေါက်က ကျွန်တော်မျိုးကို..."
လီယွမ်ကျောက်က စကားဖြတ်ပြောလိုက်၏။ "ကော်ထျန်းယန်က မင်းကို လူခေါ်လာခိုင်းတယ်ဆိုတာ ကျုပ် ကြားပြီးပါပြီ။ ဒါပေမဲ့ ကျုပ် ကြည့်ရတာ ဒီအတိုင်းပဲ ထားလိုက်တော့။ ကျုပ် ကိုယ်တိုင် ဝင်ပါမယ်။ မင်း သဘောမတူစရာ အကြောင်း ရှိလို့လား။"
လျန်ယုံက အတင်းအကျပ် ပြုံးပြကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။ "ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ ဒါဆိုရင် ကျွန်တော်မျိုးကို အရင် ပြန်ခွင့်ပြုပါအုံး။"
လီယွမ်ကျောက်က လှမ်းဟန့်လိုက်၏။ "မင်း ဘယ်မှ သွားခွင့်မရှိဘူး။ ကျုပ်နားမှာပဲ နေ။ ပြဿနာရှာဖို့ မစဉ်းစားနဲ့။"
……
တပ်မှူးရုံးတော်အတွင်း၌ ဖန်ကျန်းရီသည် ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နေသည်။ ယခုရက်ပိုင်းအတွင်း တိုးတက်မှုများမှာ အတော်လေး ချောမွေ့နေပြီး တပ်ရင်းမှူးရုံးမှသည် အောက်ခြေအဆင့် ဝန်ထမ်းများအထိ အားလုံးကို စုစည်းပြီးစီးသွားပြီ ဖြစ်သည်။ အထက်အောက် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသည်ဟု ဆိုလျှင်ပင် မမှားနိုင်ပေ။
ထို့အပြင် အရပ်ဘက် အဖွဲ့အစည်းများ၏ ဖွဲ့စည်းထောက်ခံမှုများကြောင့် မြို့တော်အတွင်းရှိ သတင်းများသည် ရေစီးကြောင်းသဖွယ် စီးဝင်လာခဲ့သည်။
အဆင့်ဆင့် စိစစ်ပြီးနောက် အရေးကြီးဆုံးသော သတင်းများ အားလုံးသည် ဖန်ကျန်းရီ၏ လက်ထဲသို့ ရောက်ရှိလာပြီး သူ၏ စစ်ဆေးမှုကို စောင့်ဆိုင်းနေသည်။ တာဝန်ခွဲဝေပေးမည့်သူများ ရှိနေသော်လည်း အလုပ်ပမာဏမှာ အနည်းငယ် များပြားနေဆဲ ဖြစ်၏။
တစ်ချက်မှာ တုန်းချန်အဖွဲ့၏ ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ကျင်းယီဝေတပ်ဖွဲ့၏ အထက်အောက် လုပ်ငန်းစဉ် အစီအစဉ်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် ဖြစ်သည်။ ဖန်ကျန်းရီသည် အလုပ်ကို အပြင်းအထန် ကြိုးစားလုပ်ကိုင်သည့် အခြေအနေကို အမြဲတမ်း ထိန်းသိမ်းထားသည်။
လျှို့ဝှက်သတင်းစာလွှာ ဒါဇင်ပေါင်းများစွာကို ဆက်တိုက် ဖတ်ပြီးနောက် ဖန်ကျန်းရီသည် ခေါင်းမော့ကာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး မျက်ခုံးနှစ်ခုကြားကို ဖြည်းညင်းစွာ ပွတ်သပ်လိုက်၏။
ဘေးနားရှိ ချန်တယ်ရှန်းက ထိုမြင်ကွင်းကို မြင်သောအခါ ကပျာကယာ လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး ဂရုတစိုက် ပြောလိုက်သည်။ "သခင်လေး... ခဏလောက် အနားယူလိုက်ပါလား။ အခု မြို့တော်တစ်ခုလုံးက ကျုပ်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ ရောက်နေပါပြီ။ သိပ်ပြီး စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ ဒီလို သတင်းကွန်ရက် စနစ်မျိုးကို ကြည့်ပြီး ကျုပ်တောင် ရင်တုန်လာတယ်။"
ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်၏။ "သာမန်အရပ်သားတွေက လေ့ကျင့်မှု မရထားဘူးလေ။ တုန်းချန် (အရှေ့နန်းဆောင်) အဖွဲ့က ညဘက် လာတိုက်မယ်ဆိုရင် ကျုပ်တို့ဆီကို သတင်းဦး ရောက်ချင်မှ ရောက်မှာ။ သတိထားတာ အကောင်းဆုံးပါပဲ။ ဒါနဲ့... အားပေးထောက်ခံသူတွေဖြစ်တဲ့ ပရိသတ်တွေကို ဘယ်လို စီစဉ်ထားလဲ။"
ပရိသတ်။
ချန်တယ်ရှန်းက အရင်ဆုံး တစ်ချက် တွေးလိုက်ပြီး ချက်ချင်း သဘောမပေါက်သေးပေ။ ပရိသတ်ဆိုသည့် စကားလုံးသည် မကြာသေးမီကမှ သခင်လေး၏ နှုတ်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အလွန်အမင်း ရူးသွပ်စွာ အားပေးထောက်ခံသူများကို ရည်ညွှန်းခြင်း ဖြစ်သည်။
သူ အဘယ့်ကြောင့် ထိုသို့ခေါ်သည်ကို နားမလည်သော်လည်း သာမန်ပြည်သူများကြားသို့ ရောက်သွားသောအခါ လက်ခံမှုအားကောင်းကာ ချက်ချင်းပင် ပြန့်နှံ့သွားခဲ့၏။
ချန်တယ်ရှန်းက ဖြေလိုက်သည်။ "အားလုံး ချောမွေ့ပါတယ်။ သခင်လေး သဘောအတိုင်း အားလုံး စီစဉ်ထားပြီးပါပြီ။ အဓိက ပရိသတ်တွေက တော်တော်လေးကို တက်ကြွနေကြတယ်။"
ဖန်ကျန်းရီက ပြုံး၍ ဖြေလိုက်၏။ "ဒါဆိုလည်း ကောင်းတာပေါ့။"
ဖန်ကျန်းရီသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံမျှ သောက်ရန် ပြင်လိုက်စဉ် ရုတ်တရက် အရာရှိငယ်တစ်ဦး ရုံးခန်းထဲသို့ ကမန်းကတန်း ဝင်လာသည်။ ထိုသူက မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ပြောလိုက်သည်။ "သခင်လေး... ပြည်သူတွေဆီက သတင်းရထားပါတယ်။ မြောက်ဘက် မြို့တံခါးကနေ မြို့ထဲကို စစ်သည်အမြောက်အမြား ဝင်လာတယ်တဲ့။ လူအင်အား သုံးရာအထက်မှာ ရှိတယ်။"