အခန်း ၆၀၃
Vol. 33 Ch. 603
အပိုင်း (၆၀၃) ကျင်းဘုရင်မင်းမြတ် ဒေါသပေါက်ကွဲခြင်း။
စစ်သည်တွေ။ စစ်သည်တွေက မြို့ထဲဝင်လာပြီး ဘာလုပ်မလို့လဲ။
ဖန်ကျန်းရီ၏ လက်ထဲမှ လှုပ်ရှားမှု ရပ်တန့်သွားပြီး လက်ဖက်ရည်ခွက်ကို ချကာ မေးလိုက်သည်။ "သတင်းက သေချာရဲ့လား။"
အရာရှိငယ်က ဖြေလိုက်၏။ "သေချာပါတယ်။ အနည်းဆုံး အားပေးထောက်ခံသူ သုံးယောက်လောက်က အနီးစပ်ဆုံး ဌာနခွဲကို သတင်းပို့ထားတာပါ။"
ဖန်ကျန်းရီက ခေါင်းညိတ်၍ ပြောလိုက်သည်။ "အင်း... သွားတော့။"
အရာရှိငယ် ထွက်သွားပြီးနောက် ချန်တယ်ရှန်းသည် မျက်နှာထား တည်တင်းစွာဖြင့် ဖန်ကျန်းရီ အနားသို့ တိုးသွားကာ တိုးတိုးလေး ပြောလိုက်၏။ "သခင်လေး... ကျုပ်တို့ကို ပစ်မှတ်ထားလာတာများ ဖြစ်နေမလား။"
ဖန်ကျန်းရီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ထူးဆန်းစွာ မေးလိုက်သည်။ "ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ။ တုန်းချန်အဖွဲ့က စစ်သည်တွေကို ခေါ်လာပြီး ကျင်းယီဝေတပ်ဖွဲ့ကို လာတိုက်မယ်လို့ ခင်ဗျား ထင်နေတာလား။"
ချန်တယ်ရှန်းက စဉ်းစားရင်း ပြောလိုက်၏။ "အဲဒီလို ဖြစ်နိုင်ခြေ မရှိတာတော့ မဟုတ်ဘူး။ သခင်လေး မေ့နေပြီလား။ ကျုပ်လည်း တစ်ချိန်တုန်းက တုန်းချန်အဖွဲ့ကို အုပ်ချုပ်ခဲ့ဖူးတာလေ။ သခင်လေး အနားမှာ နေလာတာ ကြာပြီဆိုတော့ မြို့တော်ထဲက အခြေအနေတွေကိုလည်း ကျုပ် အတော်လေး နားလည်နေပါပြီ။
ကျင်းယီဝေတပ်ဖွဲ့က အင်အားကြီးလာတယ်ဆိုတာ တုန်းချန်အဖွဲ့ကို ဖိနှိပ်လိုက်တာနဲ့ အတူတူပဲ။ အကယ်လို့ ကျုပ်သာဆိုရင်... ကျုပ် ကိုယ်တိုင် ဝင်လုပ်မှာ မဟုတ်ဘူး။ ပြဿနာရှိရင်တောင် အပြင်က အကူအညီယူတဲ့သူတွေ အပေါ် ပုံချလိုက်လို့ ရတယ်။ ဒီတာ့ကျင်းက အဖွဲ့မှူးကိုတော့ ကျုပ် နားမလည်ပါဘူး။ ဒါပေမဲ့ တချို့ကိစ္စတွေကလေ... ဘယ်သူပဲဖြစ်ဖြစ် အတူတူပါပဲ။"
ဖန်ကျန်းရီက လက်နှစ်ဖက်ကို ဆန့်တန်းကာ ခေါင်းနောက်တွင် ပိုက်လိုက်ပြီး ချန်တယ်ရှန်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ "သိပ်တော့ မဖြစ်နိုင်ပါဘူး။ အရှင်မင်းကြီးက မြို့စောင့်တပ်တွေကို တုန်းချန်အဖွဲ့ဆီ ဘယ်လိုလုပ် ငှားမှာလဲ။ ခင်ဗျား နည်းနည်း လွန်လွန်ကဲကဲ စိုးရိမ်နေတာ မဟုတ်ဘူးလား။"
ချန်တယ်ရှန်းက သတိပေးလိုက်၏။ "သခင်လေး မေ့နေပြီလား။ တုန်းချန်အဖွဲ့နဲ့ ကျင်းယီဝေတပ်ဖွဲ့က မတူဘူးလေ။ တုန်းချန်အဖွဲ့က ထောက်လှမ်းရေးကိုပဲ အဓိကထားတာဆိုတော့ လူအပြည့်ဆိုရင်တောင် တစ်ထောင် မကျော်ဘူး။ ဒါပေမဲ့ ကျင်းယီဝေတပ်ဖွဲ့က လူအပြည့်ဆိုရင် ထောင်နဲ့ချီပြီး ရှိတယ်။ လူအင်အား မလောက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ဆိုရင် အထက်က ငြင်းမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်။ ကျုပ်ကို ယုံလိုက်ပါ။ ကျုပ်က ဒီကိစ္စမှာ ကျွမ်းကျင်သူပါ။ ကျုပ် ခန့်မှန်းတာ မှားသွားရင်တောင် ဘာမှမဖြစ်ပါဘူး။ ကျုပ်တို့ ဒီနေ့ တစ်ညလောက် သတိထားနေလိုက်ရင် ရပါပြီ။"
အနားတွင် ကျွမ်းကျင်သူ ရှိနေခြင်းက အမှန်တကယ်ပင် အားကိုးရသည်။ ဖန်ကျန်းရီက ရုတ်တရက် ကိုယ်ကို မတ်မတ် ထိုင်ပြီး ပြောလိုက်သည်။ "ခင်ဗျား ပြောတာ ယုတ္တိရှိတယ်။ ကျုပ်ရဲ့ အစ်ကိုကြီးကော်ကလည်း အဲဒီနေရာကို ရောက်လာတာဆိုတော့ သာမန်လူတော့ မဟုတ်ဘူး။ ခင်ဗျား အခုချက်ချင်း အောက်ခြေကို သွားပြီး အသိပေးလိုက်။ အားလုံးကို အသင့်အနေအထား ပြင်ခိုင်းထား။ အထူးသဖြင့် မုန်ဝေ့မင် ရှိတဲ့ဘက်မှာ... အသံကျယ်ကျယ် အော်နိုင်တဲ့သူတွေ ပိုပြီး ထည့်ထားလိုက်။"
……
ညအချိန်တွင် ကျင်းဘုရင်မင်းမြတ် သည် စာကြည့်ဆောင်အတွင်း၌ စာလွှာများကို ဖတ်ရှုစစ်ဆေးပြီးနောက် စုတ်တံကို ချကာ ခေါင်းမော့လိုက်သည်။ နားထင်ကို ပွတ်သပ်ရင်း သက်ပြင်းသဲ့သဲ့လေး ချလိုက်မိသည်။ သူသည် အနည်းငယ် ပင်ပန်းနေပုံရ၏။
ကော်ထျန်းယန်သည် ကျင်းဘုရင်မင်းမြတ် အလုပ်ပြီးသွားသည်ကို မြင်သောအခါ တိုးတိုးလေး လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး အောက်ကို ညွှန်ကြားထားပြီးပါပြီ။ ဒီညကစပြီး ဇာတ်တိုက ်လေ့ကျင့်မှုတွေ စတင်မှာပါ။ အခုဆိုရင် အပြင်ဘက်မှာ အားလုံး အဆင်သင့် ဖြစ်နေလောက်ပါပြီ။"
ကျင်းဘုရင်မင်းမြတ် က စိတ်ဝင်စားသွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ မေးလိုက်၏။ "အို... လူဘယ်လောက် ပြင်ဆင်ထားလဲ။ ဘယ်လို တိုက်ခိုက်မှာလဲ။"
ကော်ထျန်းယန်၏ မျက်နှာပေါ်တွင် အနည်းငယ် အနေခက်သွားသည့် အရိပ်အယောင် ပေါ်လာပြီး လျှောက်တင်လိုက်သည်။ "အဲဒါက... ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အမိန့်စာကို ယူပြီး အောက်ခြေက မိန်းမစိုးလေးတွေကို စီစဉ်ဖို့ ခိုင်းလိုက်တာပါ။ အတိအကျကိုတော့ ကျွန်တော်မျိုးလည်း မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုး အခု လူလွှတ်ပြီး စုံစမ်းခိုင်းထားပါတယ်။ သတင်းရတာနဲ့ ချက်ချင်း လာလျှောက်တင်ပါ့မယ်။ အရှင်မင်းကြီး စိတ်ချတော်မူပါ။"
သူသည် ဘုရင်မင်းမြတ်ကို မလိမ်ညာရဲသော်လည်း ရွေးချယ်ပြီး အမှန်တရား အချို့ကို ပြောရန်တော့ ရဲတင်းသည်။ မည်သို့ပင်ဖြစ်စေ လူမည်မျှ လွှတ်လိုက်သည်ကို သူ အမှန်တကယ် မသိပေ။ မည်သို့ပင်ဆိုစေ အနည်းဆုံး သုံးရာတော့ ရှိလောက်၏။
ကျင်းဘုရင်မင်းမြတ်က ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အချို့ ပေါ်လွင်နေသည်။ သို့နှင့် ပြောလိုက်သည်။ "ကိစ္စမရှိဘူး။ ဒီလို ကိစ္စသေးသေးလေးက ပြောပလောက်တဲ့အရာမှ မဟုတ်တာ။ နောက်တစ်နာရီလောက်ဆိုရင် ရလဒ်တွေ နန်းတော်ထဲ ရောက်လာလောက်တယ်။ ဒါဆို ကိုယ်တော် ထပ်စောင့်နေလိုက်မယ်။
ဒီတစ်ခေါက်တော့ အမတ်ဖန် အထိနာတော့မှာပဲ။ ဌာနခွဲ သေးသေးလေးတစ်ခုကို မြို့စောင့်တပ်က သေချာ ကွပ်ကဲမယ်ဆိုရင် တပ်သားကောင်း သုံးဆယ်လောက် လွှတ်လိုက်ရုံနဲ့တင် သိမ်းပိုက်လို့ ရနေပြီ။ ဟား ဟား... ကျင်းယီဝေတပ်ဖွဲ့ကို အုပ်ချုပ်ရတာ ဘယ်လွယ်ပါ့မလဲ။ သူ့ကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီ။ ဒါပေမဲ့ အရမ်းကြီး ဖိနှိပ်လိုက်ရင်လည်း သိပ်တော့ ကောင်းမယ်မထင်ဘူး။"
ကျင်းဘုရင်မင်းမြတ် က ဘေးနားတွင် တတွတ်တွတ် ပြောနေသော်လည်း ကော်ထျန်းယန်မှာမူ ကျောပြင်မှ ချွေးစေးများ ထွက်ကျလာသည်ကိုသာ ခံစားနေရသည်။ သူ စတင် နောင်တရနေပြီ ဖြစ်၏။
လူသုံးရာ။ ဖုန်းဝူတပ်ဖွဲ့က တပ်သားကောင်း သုံးရာ။ အရမ်းများသွားပြီ မဟုတ်ပါလား။
လျန်ယုံ ခွေးသားက သူ့ဘာသာသူ ဘယ်နှစ်ယောက် ထပ်တိုးလိုက်သည်ကိုလည်း မသိရပေ။ နောက်ထပ် မတိုးပါစေနှင့်ဟုသာ ဆုတောင်းရတော့မည်။
ကျင်းဘုရင်မင်းမြတ် က ရုတ်တရက် ကော်ထျန်းယန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ကော်ပန်ပန်... မင်း ထင်သလောက်ဆို တုန်းချန်အဖွဲ့က နိုင်ဖို့ ရာခိုင်နှုန်း ဘယ်လောက် သေချာလဲ။"
ကော်ထျန်းယန်က အတင်းအကျပ် ပြုံးပြကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုး ထင်တာတော့... တုန်းချန်အဖွဲ့က သေချာပေါက် နိုင်မှာပါ။"
ကျင်းဘုရင်မင်းမြတ် က ရယ်မောလိုက်သည်။ "ဟား ဟား... ဒါက မြို့စောင့်တပ်ရဲ့ အင်အားကို အားကိုးလိုက်ရလို့ပါ။"
ကော်ထျန်းယန်မှာ ဘာမှ ဆက်မပြောနိုင်တော့ပေ။
ကော်ထျန်းယန်သည် နှလုံးသားကို ဓားနှင့်မွှန်းခံရသကဲ့သို့ ခံစားနေရပြီး နောက်ထပ် လူသုံးရာ ထပ်တိုးလိုက်ချင်စိတ်များ ပေါက်လာ၏။
ထိုအချိန်မှာပင် အပြင်ဘက်မှ ရုတ်တရက် သတင်းပို့သူ ရောက်လာသည်။ ကော်ထျန်းယန်သည် ကမန်းကတန်း အပြင်ထွက်ကာ သွားယူလိုက်ပြီး သတင်းစာလွှာကို ကိုင်၍ စာကြည့်ဆောင်အတွင်းသို့ ပြန်ဝင်လာကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... သတင်း ရောက်လာပါပြီ။"
ကျင်းဘုရင်မင်းမြတ် က အမိန့်ပေးလိုက်၏။ "ဖတ်ပြစမ်း။ နေအုံး ... ပေးစမ်း။ ကိုယ်တော် ကိုယ်တိုင်ပဲ ဖတ်မယ်။"
ကော်ထျန်းယန်က စာလွှာကို ကမ်းပေးလိုက်ရာ ကျင်းဘုရင်မင်းမြတ်သည် မစောင့်နိုင်တော့ဘဲ ဖတ်ရှုလိုက်သည်။ ဖတ်ရင်း ဖတ်ရင်းဖြင့် သူ၏ မျက်နှာသည်... ဖြူလျော်သွားသည်။ ထို့နောက် လက်နှစ်ဖက် စတင် တုန်ယင်လာပြီး ခေါင်းမော့ကာ ကော်ထျန်းယန်ကို အံ့ဩတကြီး ကြည့်၍ ပြောလိုက်သည်။
"ခြောက်... ခြောက်ရာ။ ဖုန်းဝူတပ်ဖွဲ့နဲ့ တုန်းချန်အဖွဲ့ ပေါင်းပြီး ဌာနခွဲတစ်ခုကို တိုက်ဖို့ လူခြောက်ရာ လွှတ်လိုက်တယ် ဟုတ်လား။"
ခြောက်... ခြောက်ရာ။ ဒါက ဇာတ်တိုက်လေ့ကျင့်တာ ဟုတ်သေးရဲ့လား။ ဒါက ခွေးမသားတွေ ပုန်ကန်ဖို့ ပြင်နေတာပဲ။
ကော်ထျန်းယန်၏ ခေါင်းထဲတွင် ဝီခနဲ မြည်သွားပြီး ချက်ချင်းပင် ဒူးထောက်ချကာ ငိုယို၍ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး မတရားခံရတာပါ။ ကျွန်တော်မျိုး ဘယ်လောက်ပဲ မိုက်မဲနေပါစေ ဌာနခွဲတစ်ခုကို တိုက်ဖို့ လူခြောက်ရာ လွှတ်စရာ အကြောင်းမရှိပါဘူး။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ။"
ထို့နောက် ဒုန်း ဒုန်း ဒုန်းဟူသော ခေါင်းတိုက်သံများ ထွက်ပေါ်လာသည်။
ကျင်းဘုရင်မင်းမြတ် သည် စာလွှာကို စိုက်ကြည့်ကာ ဆက်ဖတ်လိုက်ရာ နဖူးမှ သွေးကြောများ ထောင်ထလာပြီး ဒေါသတကြီး ပြောလိုက်၏။ "လျန်ယုံ။ သေချင်နေတဲ့ ကောင်။ အိမ်ရှေ့စံလည်း ပါတယ်ဆိုပါလား။ သူက ဘယ်လိုလုပ် အဲဒီကို ရောက်သွားရတာလဲ။ ဒီတိရစ္ဆာန်လေး …. အဆုံးတော့ သူတို့နှစ်ယောက်ထဲက ဘယ်သူလုပ်တာလဲ။"
ကော်ထျန်းယန်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက် မှောက်လျက်သားဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကာ လျှောက်တင်လိုက်သည်။ "ဒီမနက် အိမ်ရှေ့စံမင်းသားက ဇာတ်တိုက်လေ့ကျင့်မယ့် ကိစ္စကို လာမေးတော့ ကျွန်တော်မျိုးက မလိမ်ရဲလို့ အမှန်တိုင်း ပြောလိုက်မိပါတယ်။ အိမ်ရှေ့စံမင်းသားက ခဏလောက် စပ်စုချင်စိတ်နဲ့ လိုက်သွားတာ ဖြစ်ပါလိမ့်မယ်။ လျန်ယုံ .. အဲဒီခွေးကောင် လျန်ယုံ လုပ်တာ ဖြစ်ရမယ်။ အရှင်မင်းကြီး စိတ်ချတော်မူပါ။ ကျွန်တော်မျိုး သူ့ကို သေချာပေါက် ခွင့်မလွှတ်ပါဘူး။"
လူသုံးရာဆိုလျှင်... တိုက်ခိုက်ပြီးသွားပါက လျန်ယုံကို အရိုက်ခံရုံလောက်သာ အပြစ်ပေးမည် ဖြစ်သည်။ ယခု လူခြောက်ရာဖြင့် ဤမျှကြီးမားသော လှုပ်ရှားမှုကြီး လုပ်လိုက်ခြင်းဖြစ်ရာ အသက်ပါ ပေးရတော့မည် ထင်၏။
သနားစရာ ငါ့ရဲ့ မွေးစားသားလေး။
ကျင်းဘုရင်မင်းမြတ် က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ချီး .. မိန်းမစိုးလေး တစ်ယောက်က အသည်းနှလုံး ဆယ်ခုလောက် အပိုရထားရင်တောင် ဒီလောက်ကြီးတဲ့ လှုပ်ရှားမှုမျိုးကို မလုပ်ရဲဘူး။ ဒါ သေချာပေါက် အဲဒီ မိုက်တိမိုက်ကန်းကောင် လုပ်တာပဲ။ သူတို့က မုန်ဝေ့မင်ကိုတောင် သွားတိုက်ရဲသေးတယ်။ ငါတို့ တာ့ကျင်းက အခုမှ ဒီလို သန့်စင်ပြီး စိတ်ထားကောင်းတဲ့ လူကောင်းတစ်ယောက် ထွက်လာတာကို။ ဒီခွေးမသားတွေ .. . သူသာ တစ်ခုခု ဖြစ်သွားရင် တစ်လောကလုံးက ငါ့ကို ဘယ်လို မြင်ကြမလဲ။ သူတို့ကို အမြန် ပြန်ခေါ်ဖို့ လူသွားလွှတ်စမ်း။ ဇာတ်တိုက်လေ့ကျင့်တာကို ချက်ချင်း ရပ်ခိုင်းလိုက်။"
ကော်ထျန်းယန်က ကြမ်းပြင်ပေါ်တွင် မှောက်လျက်သားဖြင့် တုန်ယင်နေဆဲဖြစ်သည်ကို မြင်သောအခါ ကျင်းဘုရင်မင်းမြတ်သည် သူ့ကို ခြေစုံကန်ချလိုက်ပြီး လူသတ်ချင်လာသည့် အငွေ့အသက်များဖြင့် ပြောလိုက်သည်။ "အသုံးမကျတဲ့ကောင်။ ဒီကိစ္စ သေးသေးလေးလေးတောင် သေချာအောင် မလုပ်နိုင်ဘူး။ အကယ်လို့ လူသေလူပျောက်များ ရှိလာရင် မင်းလည်း ငါ့ဆီက အပြစ်ပေးတာကို ခံဖို့ စောင့်နေတော့။"
ကော်ထျန်းယန်သည် ကပျာကယာ ထပြီး အပြင်သို့ ကမန်းကတန်း ပြေးထွက်သွားတော့၏။