← Chapters

အခန်း ၆၀၅

Vol. 33 Ch. 605

အခန်း ၆၀၅

Vol. 33 Ch. 605

အပိုင်း (၆၀၅) ပြည်သူများ၏ တံတွေးခွက်ထဲ နစ်မြုပ်ခြင်း။

ထိုအသံသည် ပြည်သူများ၏ အာရုံစိုက်မှုကို လုံးဝ ပြောင်းလဲသွားစေသည်။

မုန်ဝေ့မင်သည် ကျွမ်းကျင်သူတစ်ဦး၏ မျက်နှာထားမျိုးကို ပြသကာ လက်ထဲမှ ဓားကို အေးစက်စွာ ဆုပ်ကိုင်လိုက်ပြီး လီယွမ်ကျောက် ရှိရာဘက်သို့ လှမ်းကြည့်ကာ တရားသံပေါက်သော အသံဖြင့် ပြောလိုက်၏။

"ဘယ်က လူမိုက်တွေက ညဘက်ကြီး ကျင်းယီဝေတပ်ဖွဲ့ကို လာတိုက်ခိုက်ရဲတာလဲ။ အခုချက်ချင်း လက်နက်ချ အဖမ်းခံကြ။"

ပြည်သူတစ်စုသည် အံ့ဩတကြီး အော်ဟစ်လိုက်ကြပြီး ပတ်ဝန်းကျင်ရှိ လူများသည် မုန်ဝေ့မင် ရှိရာဘက်သို့ ရူးသွပ်စွာ စုရုံးသွားကြသည်။ "အို... သူရဲကောင်းမုန် အစစ်ပဲ။"

မကြာသေးမီက မုန်ဝေ့မင်သည် ဈေးကွက်အတွင်း လှုပ်ရှားမှု သိသိသာသာ နည်းပါးသွားရာ ယခုလို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရခြင်းက အလွန် ဝမ်းသာစရာ ကိစ္စပင် ဖြစ်၏။

မုန်ဝေ့မင်က ပြည်သူများကို ငုံ့ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ "အားလုံး ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ။ ခဏနေ တိုက်ပွဲဖြစ်မှာ စိုးရိမ်ရတယ်။ ကျင်းယီဝေတပ်ဖွဲ့ရဲ့ အဓိက တာဝန်က ပြည်သူတွေကို ကာကွယ်ဖို့ပဲ။ ဒီနေ့ ကျုပ် ဒီမှာ ရှိနေသရွေ့ အားလုံးကို အထိခိုက်ခံမှာ မဟုတ်ဘူး။"

သူရဲကောင်းမုန်က ငါတို့ကို ဂရုစိုက်နေတာပဲ။

ဤစကားကို ကြားသောအခါ ပြည်သူများသည် ပို၍ စိတ်အားထက်သန်လာကြပြီး တောင်ပြိုရေလျှံသကဲ့သို့ ရူးသွပ်စွာ အော်ဟစ်လိုက်ကြ၏။ "ကျင်းယီဝေတပ်ဖွဲ့ကို ကာကွယ်ကြ။ သူရဲကောင်းမုန်ကို ကာကွယ်ကြ။ တုန်းချန်အဖွဲ့က ခွေးကောင်တွေ မြို့ထဲက ထွက်သွားကြ။ ငါတို့ ရှိနေသရွေ့ ဘယ်သူမှ သူရဲကောင်းမုန်ကို မထိခိုက်စေရဘူး။"

မကြာမီမှာပင် မုန်ဝေ့မင်ကို ဗဟိုပြုထားသော ကျင်းယီဝေ တပ်သားများသည် ပြည်သူများ၏ ဝိုင်းရံထားမှုကြောင့် လေတောင် မတိုးနိုင်အောင် သံစည်ပိုင်းကြီးတစ်ခုလို ဖြစ်သွားတော့သည်။

အဆိုးဆုံးက ထိုအရာ မဟုတ်သေးပေ။

အသံအလွန်ကျယ်သော စိတ်အားထက်သန်သည့် ပြည်သူများကြောင့် အခြားသူများသည်လည်း ဌာနခွဲဆီသို့ အရှိန်တင်ကာ ဝင်ရောက်လာကြသည်။

လီယွမ်ကျောက်၏ ဘေးပတ်လည်တွင်ပင် လူအုပ်ကြီးက ဝိုင်းရံထားပြီး အနောက်ဘက်တွင်လည်း လူတစ်စုက ဌာနခွဲဘက်သို့ ခေါင်းပြူ၍ ကြည့်နေကြသည်။ ပြည်သူတစ်ဦးသည် အထဲသို့ တိုး၍မရတော့သည်ကို မြင်သောအခါ ဘေးနားရှိ လူကို ပုတ်ကာ စိုးရိမ်တကြီး မေးလိုက်၏။ "အစ်ကို... သူရဲကောင်းမုန် ဘယ်မှာလဲ ဆိုတာ ခင်ဗျား မြင်လား။"

တုန်းချန်အဖွဲ့သားမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။

လီယွမ်ကျောက်သည် လူအုပ်ကြားတွင် တိုးဝှေ့နေရင်း ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်နေသည်။

ချီးတဲ့မှ … ပထမဆုံးအကြိမ် တပ်ကို ဦးဆောင်ပြီး စစ်ထွက်တာကို ဒီလိုတွေ လုပ်ထားတယ်ပေါ့။ လူကိုတောင် မမြင်ရဘူး။ ဘာကို သွားတိုက်ရမှာလဲ။

မျက်လုံးဝေ့ကြည့်လိုက်ရာ အသားကင်တုတ် ကိုင်ထားဆဲဖြစ်သော ဖန်ကျန်းရီကို မြင်လိုက်ရသည်။

ဒီလူက ကြိုတင် ပြင်ဆင်ထားတာပေါ့။

လီယွမ်ကျောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ဖန်ကြီး … ခင်ဗျား ယုတ်မာတာပဲ။ သာမန် အရပ်သားတွေကို ဒိုင်းကာအဖြစ် သုံးရက်တယ်။ မြန်မြန်ထွက်ခဲ့စမ်း .. ကျုပ်နဲ့ အသေအကြေ လာတိုက်ရဲလား။ မင်းတို့အားလုံး အော်ကြစမ်း။ ဒါဆို ကျုပ်တို့မှာ အခွင့်အရေး ရှိသေးတယ်။"

လုပ်ငန်းစဉ် ချောမွေ့နေပြီး လုံခြုံရေးဇုန်ထဲ ရောက်နေပြီဖြစ်၍ ဖန်ကျန်းရီသည် ပျော်ရွှင်နေစဉ် ရုတ်တရက် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ခေါင်းပြူကြည့်လိုက်သည်။ မီးရောင်အောက်တွင် ဒေါသကြောင့် မျက်နှာရှုံ့မဲ့နေသော အိမ်ရှေ့စံကို ချက်ချင်း မြင်လိုက်ရသည်။ သူ၏ စိတ်ထဲတွင် ချက်ချင်း သဘောပေါက်သွား၏။

လူလေးရာ ခေါ်လာတာ မဆန်းဘူး။ အိမ်ရှေ့စံဆိုရင်တော့ မထူးဆန်းတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီကောင်က ကောက်ကျစ်တာတွေကို သင်ယူထားပြီးပြီပဲ။ ဒါပေမဲ့ သူက ဘာလို့ တပ်ကို ဦးဆောင်လာတာလဲ။

ဖန်ကျန်းရီသည် ခေါင်းကို အမြန် ပြန်ရုပ်လိုက်ပြီး ဘေးနားရှိ ကျန်းပြောင်ကို ပုတ်ကာ လီယွမ်ကျောက်ရှိရာသို့ လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား အဲဒီမှာ ရှိတယ်။ သူ့ကို ထမင်းလာစားဖို့ ခေါ်လိုက်။ ခဏနေ တိုက်ပွဲဖြစ်ရင် သူ့ကို မထိခိုက်စေနဲ့။"

ကျန်းပြောင်က ခေါင်းညိတ်လိုက်ပြီးနောက် ဝိုင်းရံထားမှုထဲမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားကာ လူအုပ်ကို တိုးဝှေ့၍ လီယွမ်ကျောက် အရှေ့သို့ ရောက်သွားပြီး ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသား... သခင်လေးက အသားကင် လာစားဖို့ ခေါ်ခိုင်းလိုက်လို့ပါ။"

လီယွမ်ကျောက်၏ မျက်နှာသည် တစ်ခဏအတွင်း စိမ်းလိုက် ဖြူလိုက် ဖြစ်သွားပြီး မျက်နှာသွင်ပြင်လည်း တဖြည်းဖြည်း ရှုံ့မဲ့လာသည်။ အဆုံးတွင် သူက အံကြိတ်ကာ အခြားသူများဘက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။

"မင်းတို့ ဒီမှာ ဆက်အော်နေကြ … ဒီည ဌာနခွဲကို သေချာပေါက် သိမ်းပိုက်ရမယ်။ မုန်ဝေ့မင်ကို ဖမ်းရမယ်။"

ပြောပြီးနောက် သူသည် ကျန်းပြောင် နောက်သို့ လိုက်ကာ ဌာနခွဲ အနီးသို့ တိုးဝှေ့ ဝင်ရောက်သွားသည်။ အိမ်ရှေ့စံ လာသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် နွေးထွေးစွာ ကြိုဆိုလိုက်ပြီး အသားကင်တုတ်များကို ကမ်းပေးကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသား ဘယ်လို ရောက်လာတာလဲ။ စားပြီးပြီလား။"

လီယွမ်ကျောက်က ဆူညံနေသော လူအုပ်ကြီးနှင့် လူတွေကို လက်မှတ်ထိုးပေးရန် အလုပ်ရှုပ်နေသော မုန်ဝေ့မင်ကို ကြည့်ကာ ခေါင်းလှည့်၍ ဒေါသတကြီး ပြောလိုက်သည်။ "မစားတော့ဘူး။ ဒေါသထွက်နေတယ်။"

ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်၏။ "ဟားဟား ... ခင်ဗျား မစားရင် ကျုပ် စားမယ်။"

ဖန်ကျန်းရီသည် သူ့ဘာသာ အသားကင်များကို စားရင်း ပွဲကြည့်နေသည်။

လီယွမ်ကျောက်က လက်ပိုက်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ယုတ်မာလိုက်တာ။ ခင်ဗျား ဒီလို နိုင်တာက ဂုဏ်ယူစရာ မကောင်းဘူး။ ကျုပ်နဲ့ အသေအကြေ လာတိုက်ရဲလား။"

ဖန်ကျန်းရီက ဖြေလိုက်သည်။ "မရဲပါဘူး။ အိမ်ရှေ့စံမင်းသားက ဌာနခွဲတစ်ခုကို တိုက်ဖို့ လူလေးရာကျော် ခေါ်လာတာကို ကျုပ်ကို အသေအကြေ လာတိုက်ခိုင်းတာ ယုတ္တိရှိလို့လား။"

လီယွမ်ကျောက်သည် သူ့ဘက်မှ အမှားရှိနေမှန်း သိသဖြင့် မဖြေတော့ဘဲ ရှေ့တိုးကာ ဖန်ကျန်းရီ လက်ထဲမှ အသားကင်တုတ်များကို လုယူပြီး ပြောလိုက်၏။ "ကျုပ်ကို တစ်ကိုက်လောက် စားခိုင်းအုံး။ ဖန်ကြီး ... ခင်ဗျား အရမ်း အစောကြီး အပျော်မလွန်နေနဲ့။ ရှုံးလား နိုင်လား ဆိုတာ မသိရသေးဘူး။ ဒီနေ့ ခင်ဗျားတို့ရဲ့ ဌာနခွဲကို ကျုပ် သေချာပေါက် သိမ်းပိုက်ပြမယ်။"

လီယွမ်ကျောက်က စိတ်ထဲတွင် ကံကောင်းသွားသည်ဟု တွေးလိုက်သည်။ ခြေဖျားထောက်ပြီးနောက် လူအုပ်ကြားထဲသို့ တောင့်တင်းခိုင်မာသော စစ်သည်များစွာက ဖြည်းညင်းစွာ တိုးဝင်နေသည်ကို ကြည့်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် သာမန်အရပ်သားများအဖြစ် ရုပ်ဖျက်ထားသော လူနှစ်ရာကိုပါ စီစဉ်ထားခဲ့သည်။ ယခုအချိန်တွင် ဤကျင်းယီဝေ တပ်သားများမှာ လူငါးဆယ်ခန့်သာ ရှိမည်ဖြစ်ရာ ထိုသူများ အထဲသို့ ဝင်လာနိုင်သည်နှင့် တစ်ပြိုင်နက် သိမ်းပိုက်ရန် အခွင့်အရေး ရှိနေသေး၏။

ဖန်ကျန်းရီက မေးလိုက်သည်။ "အိမ်ရှေ့စံမင်းသားဆီမှာ နောက်ထပ် အစီအစဉ် ရှိသေးတာလား။"

လီယွမ်ကျောက်က ပြုံး၍ ဖြေလိုက်၏။ "ဟင့်... ဒါပေါ့။ ခင်ဗျားမှာ ခင်ဗျားရဲ့ နည်းလမ်းတွေ ရှိသလို ကျုပ်မှာလည်း ကျုပ်ရဲ့ နည်းလမ်းတွေ ရှိတာပေါ့။"

ဖန်ကျန်းရီက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် မုန်ဝေ့မင် အနားသို့ သွားကာ တိုးတိုးလေး စကားအချို့ ပြောလိုက်သည်။

မုန်ဝေ့မင်သည် ချက်ချင်း စုတ်တံကို သိမ်းကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ဒီနေ့ တုန်းချန်အဖွဲ့နဲ့ ကျင်းယီဝေတပ်ဖွဲ့ ဇာတ်တိုက်လေ့ကျင့်တာကို အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျင်းယီဝေ တပ်ဖွဲ့နဲ့ ပြည်သူတွေက တစ်သားတည်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ အမြဲတမ်း အားလုံးနဲ့ အတူတူ ရှိနေမှာပါ။ စည်းလုံးခြင်းက အင်အားပဲ။ ကြည့်ကြစမ်း ညီအစ်ကိုတို့ .. တုန်းချန်အဖွဲ့သားတွေက အဲဒီမှာ ရှိနေတယ်။ ဒီနေ့ ပြည်သူတွေ ဒီလောက် အများကြီး ရှိနေတာ... ကျုပ်တို့ ညီအစ်ကို မောင်နှမတွေကို လုံးဝ အထိခိုက်ခံလို့ မရဘူး။ အားလုံး သတိထားကြ။"

"ပြည်သူတွေကို ကာကွယ်ကြ။ ပြည်သူတွေကို ကာကွယ်ကြ။ ပြည်သူတွေကို ကာကွယ်ကြ။"

ကျင်းယီဝေ တပ်သားများသည် လေ့ကျင့်ထားသည့်အတိုင်း တစ်ပြိုင်နက် တုတ်များကို မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ လူအုပ်ကြားထဲတွင် ရောနှောနေသော လူများကလည်း ထိုမြင်ကွင်းကို မြင်သောအခါ ကပျာကယာ အော်ဟစ်လိုက်ကြသည်။ "ကျင်းယီဝေတပ်ဖွဲ့ကို ကာကွယ်ကြ။ ကျင်းယီဝေတပ်ဖွဲ့ကို ကာကွယ်ကြ။"

ပြည်သူများက ထိုသူတို့ကို လှည့်ကြည်လိုက်ကြ၏။

မကြာမီမှာပင် အရပ်လေးမျက်နှာ အဖက်ဖက်မှ ဆဲဆိုသံမျိုးစုံသည် ထိုလူများ၏ နားထဲသို့ အဆက်မပြတ် ဝင်ရောက်သွားကြသည်။ ဖုန်းဝူတပ်ဖွဲ့၏ တပ်သားများနှင့် တုန်းချန်အဖွဲ့သားများ၏ စိတ်ဓာတ်သည် လုံးဝ ပျက်စီးသွားပြီး မျက်နှာများမှာ မိဘများ သေဆုံးသွားသကဲ့သို့ ဖြူလျော်သွားကြသည်။

"ငါတို့ရဲ့ ဝေ့မင်က ဒီလောက် ကြိုးစားနေတာကို။ မင်းတို့က ဘာလို့ သူ့ကိုပဲ ရွေးပြီး ဒုက္ခပေးနေတာလဲ။ ခွေးကောင်တွေ... မင်းတို့ကို သတိလေး ဘာလေး ထားဖို့ အကြံပေးချင်တယ်။ တုန်းချန်အဖွဲ့က ရူးနေလား။ မအေ … တွေ။ အသုံးမကျတဲ့ ကောင်တွေ။"

ယခုအချိန်တွင် သူတို့သည် တစ်လောကလုံး၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားနေကြရသည်။

လီယွမ်ကျောက်သည် တံတွေးတစ်ချက် မြိုချလိုက်ပြီး ဤချဲ့ကားထားလွန်းသော မြင်ကွင်းကို ထိတ်လန့်တကြား ကြည့်လိုက်ကာ မေးလိုက်၏။ "ဒီ... ဒီလို ကစားလို့ ရသေးတာလား။"

ဖန်ကျန်းရီက ခေါင်းကို အားပါးတရ ညိတ်လိုက်ပြီး လူအုပ်ကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။

နောက်ထပ် အစီအစဉ်။ အိမ်ရှေ့စံက ဘယ်လို နောက်ထပ် အစီအစဉ်မျိုး မြှုပ်နှံထားလဲဆိုတာ မသိရသေးဘူးပဲ။

ယခုအချိန်တွင် ဆဲဆိုသံများမှာ ပိုမို ပြင်းထန်လာသည်။ သူတို့၏ အသည်းကျော်ကို ကာကွယ်ရန် အရေးကြီးသော်လည်း အခြားသော ခံစားချက်တစ်မျိုးလည်း စတင် ပေါ်ပေါက်လာသည်။

ဒီခွေးမသားတွေက တုန်းချန်အဖွဲ့က လူတွေလေ။ ဒီနေ့ ဒီလို နေ့ခင်းကြောင်တောင်ကြီး ပေါ်ပေါ်တင်တင် ဆဲခွင့်ရတာဆိုတော့... တစ်လုံးတည်း ပြောရရင်တော့ အရမ်းကောင်းတယ်။ ကြုံတုန်း ဆဲရမယ်။

ဖုန်းဝူတပ်ဖွဲ့နှင့် တုန်းချန်အဖွဲ့ လူများသည် ဒေါသကို အပြင်းအထန် ထိန်းချုပ်ထားရပြီး ခေါင်းငုံ့ကာ ဒေါသထွက်နေသော်လည်း လက်မပါရဲကြပေ။ မည်သို့ပင်ဖြစ်စေ အထက်မှ သာမန်အရပ်သားများကို မထိခိုက်စေရန် ထပ်တလဲလဲ အမိန့်ပေးထားပြီး ဖြစ်သည်။ အိမ်ရှေ့စံကလည်း ကြည့်နေသေး၏။

ဖုန်းဝူတပ်ဖွဲ့၏ တပ်သားတစ်ဦးသည် တုတ်ကို ကြမ်းပြင်ပေါ်သို့ အားကုန် ရိုက်ချလိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ချီး … ငါ စစ်မြေပြင်မှာ ဘာလို့ မသေသွားတာလဲ။"

ဘေးနားရှိ လူများသည် မျက်နှာငယ်များဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားကြပြီး ငိုသံထွက်သွားမည်ကို ကြောက်နေကြသည်။ စိတ်ဓာတ်ကျဆင်းကာ မခံစားနိုင်တော့သော တုန်းချန်အဖွဲ့သားအချို့သည် ငိုသံပါကြီးဖြင့် အော်ဟစ်လိုက်ကြ၏။

"မဆဲကြပါနဲ့တော့။ အားလုံး မဆဲကြပါနဲ့တော့။ ဒါက ဇာတ်တိုက်လေ့ကျင့်နေတာပါ။ အားလုံး နည်းနည်းလေး သတိထားကြပါအုံး။”

“ငါ တံတွေးနဲ့ ထွေးလိုက်မယ်။ ကျင်းယီဝေတပ်ဖွဲ့ကို ဆန့်ကျင်တာက ငါတို့ ပြည်သူတွေကို ဆန့်ကျင်တာပဲ။ ခွေးကောင်တွေ ပါးစပ်ပိတ်ထား။ သတိထားရမယ်။ မင်း ငါ့ကို ဘာကို သတိထားခိုင်းနေတာလဲ။ ဦးနှောက် ပျက်နေတာလား။"

ထပ်မံ ငြင်းဆိုရန် အချိန်မရလိုက်မီ တုန်းချန်အဖွဲ့၏ အသံသည် ဆဲဆိုသံများအောက်တွင် ထပ်မံ နစ်မြုပ်သွားပြန်သည်။ အခြားတစ်နေရာတွင် လျန်ယုံ ဦးဆောင်သော တပ်ဖွဲ့မှာမူ အနည်းငယ် သက်သာသေး၏။

လူအုပ်ထဲတွင် ပိတ်မိနေပြီး ရှေ့ဆက်၍ မရတော့ပေ။ အဝေးမှ တုန်းချန်အဖွဲ့ကို ဆဲဆိုနေသံများကို ကြားနေရသဖြင့် တစ်ခဏအတွင်း ဘာလုပ်ရမှန်း မသိဖြစ်ကာ ချွေးသံတရွဲရွဲ ဖြစ်နေကြသည်။

……

စာကြည့်ဆောင်အတွင်း၌ ကျင်းဘုရင်မင်းမြတ်သည် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး စိတ်ထဲတွင် မီးလောင်နေသကဲ့သို့ ခံစားနေရသည်။

လုံးဝ ပြဿနာ မတက်စေရဘူး။ မုန်ဝေ့မင်ပဲဖြစ်ဖြစ်၊ အိမ်ရှေ့စံပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် တစ်ခုခုဖြစ်သွားရင် နန်းတော်ရဲ့ အရှုပ်တော်ပုံ ဖြစ်သွားလိမ့်မယ်။ အဲဒီနောက်ပိုင်း ပြဿနာက ကြီးသွားပြီ။

အဆုံးတွင် ကော်ထျန်းယန် ပြန်လာသည်ကို စောင့်လိုက်ရပြီး ကျင်းဘုရင်မင်းမြတ်က ကမန်းကတန်း မေးလိုက်၏။ "ဘာလို့ အခုမှ ပြန်လာတာလဲ။"

ကော်ထျန်းယန်က အလွန်အမင်း စိုးရိမ်နေသော ကျင်းဘုရင်မင်းမြတ် ကို ကြည့်ကာ တုန်ယင်သောအသံဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး... တားဆီးဖို့ လူလွှတ်လိုက်ပါပြီ။"

ကျင်းဘုရင်မင်းမြတ် က အော်ဟစ်လိုက်၏။ "တားဆီးမယ်။ မုန်ဝေ့မင် ရှိတဲ့နေရာက မြို့လယ်ခေါင်မှာလေ။ အခုချိန်ဆို အချိန်မီတော့မှာ မဟုတ်ဘူး။ အကယ်လို့ နှစ်ဖက်လုံး ဒေါသထွက်ပြီး ချကြပြီဆိုရင် သေချာပေါက် ပြဿနာကြီး ဖြစ်တော့မှာ။ မြန်မြန်သွားပြီး ကိုယ်တော့်အတွက် မြင်းတွေ၊ လူတွေ ပြင်ထား။ ကိုယ်တော် ကိုယ်တိုင် သွားမယ်။"

ကော်ထျန်းယန်က အံ့အားသင့်စွာ ပြောလိုက်မိသည်။ "ဗျာ။"

ကျင်းဘုရင်မင်းမြတ် က ထပ်မံ အော်ဟစ်လိုက်၏။ "ဘာ ဗျာ လုပ်နေတာလဲ။ မြန်မြန်သွားစမ်း။"

All Chapters