← Chapters

အခန်း ၆၀၆

Vol. 33 Ch. 606

အခန်း ၆၀၆

Vol. 33 Ch. 606

အပိုင်း (၆၀၆) အတုအယောင် ပရိသတ်တွေ ထွက်သွားကြ။

လမ်းမပေါ်တွင် ဆဲဆိုသံများက မိုးလုံးညံနေသည်။

တိတ်ဆိတ်ငြိမ်သက်နေသင့်သည့် ညအချိန်သည် ယခုအခါတွင် ဈေးတစ်ခုလို ဆူညံနေပြီး အနားယူရန် ရည်ရွယ်ထားသော ပြည်သူများသည်လည်း မနေနိုင်တော့ဘဲ လမ်းပေါ်သို့ ထွက်လာကာ ပွဲကြည့်ရန် စုရုံး ရောက်ရှိလာကြသည်။ နောက်ကျမှ ရောက်လာသူများက မီးတုတ်များ၊ မီးအိမ်များကို ကိုင်ဆောင်လာကြသဖြင့် ယခုအခါ ဌာနခွဲအနီးတစ်ဝိုက်သည် လင်းထိန်နေပြီဖြစ်၏။

လီယွမ်ကျောက်သည် ဤမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်နေပြီး သူ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေသည်။ ထို့နောက် ပြည်သူများ၏ အနောက်တွင် ရပ်ကာ တစ်ခါတစ်ရံ စိတ်အားထက်သန်စွာ ဟောပြောနေသော မုန်ဝေ့မင်ကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်ခွံများပင် အပြင်းအထန် တုန်ခါသွားသည်။

သတ်ချင်စရာကောင်းလိုက်တာ။ ရုပ်ပဲရှိပြီး အသုံးမကျတဲ့ကောင်က ပြည်သူတွေကို ဘယ်လိုများ ဒီလောက်တောင် လှုံ့ဆော်နိုင်ရတာလဲ။ ဖန်ကြီး က သူ့ကို ပြုစားထားတာလား။

ယခု အနိုင်ရရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ အရပ်သားများအဖြစ် ရုပ်ဖျက်ထားသော မိန်းမစိုးများနှင့် စစ်သည်များကိုသာ အားကိုးရန် ရှိတော့သည်။ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသော လူအုပ်ကြားထဲတွင် သိသိသာသာ ကို သဟဇာတမဖြစ်သော အင်အားစုတစ်ခုက အတင်းတိုးဝင်နေသည်ကို တွေ့ရ၏။

ဖန်ကျန်းရီသည် လူအုပ်ကြားကို မျက်စိကစားကြည့်နေရင်း ဤမြင်ကွင်းကို မြင်သောအခါ သဘောပေါက်သွားပြီး မေးလိုက်သည်။ "အိမ်ရှေ့စံမင်းသားက လူတွေကို အရပ်သားတွေလို ရုပ်ဖျက်ပြီး ခိုးဝင်တိုက်ဖို့ စီစဉ်ထားတာလား။"

လီယွမ်ကျောက်က လန့်ဖြန့်သွားပြီး သူ၏ အစီအစဉ်ကို သိသွားသောအခါ ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်၏။ "ဟုတ်တယ်... ဘာဖြစ်လို့လဲ။”

"ဟားဟား … ကျုပ် ဘာမှမပြောဘူး။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာပဲ ကြည့်ကြတာပေါ့။"

ထိုစကားကို ကြားသောအခါ လီယွမ်ကျောက်၏ စိတ်ထဲတွင် စိုးရိမ်မှုများ ပေါ်လာသော်လည်း ဒေါသကို အတင်းအကြပ် ထိန်းချုပ်ကာ လူအုပ်ကို လှမ်းကြည့်လိုက်သည်။

တုန်းချန်အဖွဲ့မှ မိန်းမစိုးများနှင့် ဖုန်းဝူတပ်ဖွဲ့မှ စစ်သားများသည် အတင်းတိုးဝင်ရန် ကြိုးစားနေဆဲဖြစ်ပြီး သူတို့၏ ဘေးပတ်လည်ရှိ လူများကလည်း အဆက်မပြတ် ဆဲဆိုနေကြ၏။

"မအေ ….. မင်း ဘာလို့ အတင်းတိုးနေတာလဲ။ နာတယ်ကွ။"

"ယဉ်ကျေးမှု မရှိလိုက်တာ။ မှားနေပြီ၊ လမ်းမှားနေပြီ။ တုန်းချန်အဖွဲ့က ခွေးကောင်တွေက အပြင်မှာလေ။"

မုန်ဝေ့မင်သည် ယခုအခါ လူအုပ်၏ အနောက်တွင် ရပ်နေပြီး ထူးခြားမှုကို သတိထားမိသွားသည်။ သူ၏ လုပ်ငန်းခွင် ကျင့်ဝတ်အရ ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ "အားလုံး မတိုးကြပါနဲ့။ မတိုးကြပါနဲ့။ ခဏနေရင် တစ်ယောက်ချင်းစီ တွေ့ရမှာပါ။ လူအုပ်ပိမိတဲ့ အန္တရာယ် မဖြစ်စေရဘူးနော်။ ယဉ်ကျေးမှုကို ထိန်းသိမ်းကြပါ။"

ပြည်သူများက ဟစ်ကြွေးထောက်ခံလိုက်ပြီး အစီအစဉ်တကျဖြစ်အောင် သူတို့ဘာသာ စတင် ပြုပြင်ကြသည်။ မိန်းမစိုးများကမူ ဂရုမစိုက်ဘဲ အတင်းတိုးဝင်နေဆဲပင်။

ဖွဲ့စည်းခါစ ကျင်းယီဝေ ဌာနခွဲလေးက ဖွဲ့တာ ရက်ပိုင်းပဲ ရှိသေးတာကို တုန်းချန်အဖွဲ့ရဲ့ ခေါင်းပေါ်ကို တက်ပြီး အညစ်အကြေးစွန့်နေပြီလား။ ဒီနေ့ ဌာနခွဲကို အပြတ်မရှင်းနိုင်ရင် နောက်ပိုင်း ဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ။

လူအတော်များများက အားကုန်သုံးကာ လူအုပ်ကို တိုးခွဲပြီး အတွင်းဘက်သို့ တဖြည်းဖြည်း နီးကပ်လာကြသည်။

မီတာသုံးဆယ်... နှစ်ဆယ့်ငါးမီတာ... ဆယ်မီတာ...

ဤနေရာအရောက်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ အလယ်ဗဟိုသို့ နီးကပ်လာလေလေ ပြည်သူများက ပို၍ စိတ်အားထက်သန်လာလေလေ ဖြစ်ပုံရသည်။ အားနည်းနည်း ထပ်စိုက်လိုက်လျှင် အထဲရောက်တော့မည်ဟု ထင်နေစဉ် ဘေးနားရှိ ပြည်သူများက ဒေါသထွက်လာကြ၏။

"မအေ … ခွေးမသားလေး။ ဘာလို့ အတင်းတိုးနေတာလဲ။ ဘယ်သူက သူရဲကောင်းမုန်ကို မတွေ့ချင်ဘဲ နေမလဲ။ တုန်းချန်အဖွဲ့က လူတွေ ဒီမှာ ရှိနေတာကို မမြင်ဘူးလား။"

"သူ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။"

"ဟုတ်တယ်။ မင်းက ဘယ်အဖွဲ့ကလဲ။ မင်းကို ငါ မမြင်ဖူးပါဘူး။"

"ငါလည်း မမြင်ဖူးဘူး။ ဒါ ခိုးဝင်လာတာ ဖြစ်ရမယ်။"

မိန်းမစိုးက ဒေါသကို မြိုသိပ်ကာ ပြောလိုက်သည်။ "ငါ သူရဲကောင်းမုန်ကို သဘောကျတယ်။ ငါ သူရဲကောင်းမုန်ကို တွေ့ချင်တယ်။"

"မင်း သဘောကျတယ်ဆိုတိုင်း သဘောကျလို့ ရမလား။ ငါ မင်းကို မေးမယ်... 'ဝေ့မင် ရဲရဲဝံ့ဝံ့ ပျံသန်းပါ' နောက်တစ်ကြောင်းက ဘာလဲ။"

"..."

မိန်းမစိုး၏ မျက်နှာမှာ ခရမ်းရောင်ပြောင်းသွားပြီး စိတ်ထဲတွင် ရူးသွပ်စွာ ဆဲဆိုနေမိသည်။

မအေဘေးတွေ … နောက်တစ်ကြောင်းက ဘာလဲဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ။ ဒီလူတွေ အလုပ်မရှိ အကိုင်မရှိ ဘာစာတွေ လာရွတ်နေတာလဲ။

"မ... မသိဘူး။"

မသိဘူးဆိုသည့် စကားတစ်ခွန်းကြောင့် ဘေးပတ်လည်မှ လှောင်ပြောင်သည့် အကြည့်များ ချက်ချင်း ရောက်လာပြီး လူအများအပြားက ဆဲဆိုကြသည်။ "နောက်တစ်ကြောင်းက 'ပရိသတ်တွေ အမြဲတမ်း အတူရှိမယ်' လေ။ မင်းက ပရိသတ် အတုအယောင်ပဲ။ ထွက်သွားစမ်း။"

"မြန်မြန် ထွက်သွားစမ်း၊ ပရိသတ် အတုအယောင်။"

ပရိသတ်ဟုတ်လား။ ပရိသတ်ဆိုတာ ဘာလဲ။ အဲဒါ စားစရာ မဟုတ်ဘူးလား။

မိန်းမစိုးမှာ ငိုချင်လျက် မျက်ရည်မထွက်နိုင် ဖြစ်နေပြီး အားကိုးရာမဲ့စွာဖြင့် လူအများကို ရှင်းပြနေရသည်။ အထဲကို ဆက်တိုးချင်သေးသော်လည်း အနည်းငယ် ရှေ့တိုးလိုက်သည်နှင့် လူအုပ်ကြီးက ချက်ချင်း တွန်းထုတ်ကြပြီး ဒေါသတကြီး စိုက်ကြည့်နေကြ၏။

အခြားသူများ၏ အခြေအနေမှာလည်း အများအားဖြင့် အတူတူပင် ဖြစ်သည်။ ထက်မြက်သော အဖွဲ့ခေါင်းဆောင်များက ထူးခြားမှုကို သတိထားမိပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။ "သစ္စာဖောက်တွေ ရှိတယ်။ သစ္စာဖောက်တွေ ရှိတယ်။ သူတို့က အထဲကို ခိုးဝင်ချင်နေတာ။ အားလုံး အထဲကို ဝင်ခွင့်မပေးနဲ့။ စည်းကမ်းတကျ နေကြ။ သူတို့ အားလုံးကို ဆွဲထုတ်လိုက်ကြ။"

ဖုန်းဝူတပ်ဖွဲ့မှ စစ်သားများနှင့် တုန်းချန်အဖွဲ့မှ မိန်းမစိုးများသည် အမာခံ ပရိသတ်များ၏ ပြင်းထန်သော စစ်ဆေးမေးမြန်းမှုများကို ရင်ဆိုင်နေရ၏။

"ဝေ့မင် ကောင်းကောင်းစား ကောင်းကောင်းသောက်ပါ... နောက်တစ်ကြောင်းကရော။"

"ငါ မသိဘူးကွာ။ မင်းတို့ မမေးကြပါနဲ့တော့။ ငါ့ကို မုန်ဝေ့မင်ကို တွေ့ခွင့်ပေးပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။" ဖုန်းဝူတပ်ဖွဲ့မှ စစ်သည်တစ်ဦးသည် ဝိုင်းရံထားမှုအလယ်တွင် ရပ်ကာ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။

"ကောင်လေး... မင်းက သစ္စာဖောက်ပဲ။ တုန်းချန်အဖွဲ့က ရုပ်ဖျက်ပြီး ခိုးဝင်လာတာ မဟုတ်လား။"

"အို... ဒါ ထျဲ့နိုမဟုတ်လား။ မင်း၏ အပြင်မှာ စစ်သည်လုပ်နေတာ မဟုတ်ဘူးလား။ လောင်လျို... ခင်ဗျားသား ဒီမှာ ရှိတယ်။"

လူအုပ်ထဲမှ ရုတ်တရက် အသံတစ်ခု ထွက်လာသည်။ မူလက တစ်ရပ်ကွက်တည်း အိမ်နီးချင်းတွေဆိုတော့ အနည်းနှင့်အများတော့ သိကြသည်။ စစ်သည်တစ်ယောက် ဝင်ရောက်လာသည်ကို ကြားလိုက်ရသောအခါ လူအုပ်ကြီး၏ သတိထားမှုမှာ နှစ်ဆခန့် ရုတ်တရက် မြင့်တက်သွားသည်။ လူတစ်စုက ထျဲ့နိုကို လက်ညှိုးထိုးကာ စတင် ဝေဖန်ကြတော့၏။

"ကျွတ် ကျွတ် ကျွတ်... ကောင်လေးက ငယ်ငယ်ကတည်းက စာကို သေချာ မသင်ခဲ့ဘူး။ စစ်သည် ဖြစ်လာတော့လည်း စိတ်သဘောထားက မဖြောင့်မတ်ဘူး။"

"ကောင်းပြီလေ ထျဲ့နို။ အဒေါ်က မင်းကို မိန်းမပေးစားမလို့ စဉ်းစားနေတာ။ အခုတော့ ထားလိုက်ပါတော့။"

အဘိုးအိုတစ်ဦး ဖြည်းညင်းစွာ တိုးလာပြီး သူ၏ သားအရင်းဖြစ်နေသည်ကို မြင်သောအခါ နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ခွေးတိရစ္ဆာန်လေး … မင်းက မြို့ပြင်မှာ မဟုတ်ဘူးလား။ နှစ်လတောင် အိမ်ပြန်မလာဘူး။ ဒီမှာ လာပြီး ပရိသတ်အယောင် ဆောင်နေတယ်ပေါ့။"

နာမည်ပျက်သွားပြီဖြစ်သော ထျဲ့နိုသည် သူ့ဖခင်အရင်းကို ရုတ်တရက် မြင်လိုက်ရသောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုပင်။

"အဖေ... အလုပ်တာဝန်။ ဒါတွေအကုန်လုံးက အလုပ်တာဝန်တွေပါ။ မြန်မြန် ကျုပ်ကို အထဲဝင်ခွင့်ပေးပါ။ ပြီးမှ အိမ်ပြန်ရင် ပြောပြမယ်။"

"အထဲဝင်မယ် ဟုတ်လား။ ငါ တံတွေးနဲ့ ထွေးလိုက်မယ်။ မင်းက ပရိသတ် အတုအယောင်။ တစ်နှစ်ပတ်လုံး အိမ်မှာ မရှိဘူး။ အိမ်ပြန်လာတော့လည်း ဒီလို မျက်နှာပျက်စရာ အလုပ်မျိုး လုပ်နေတယ်။"

အဘိုးအိုလျိုက ဒူးကို ပုတ်ကာ ရင်နာစွာ ပြောလိုက်သည်။ "ပြီးခဲ့တဲ့လက ကျင်းယီဝေတပ်ဖွဲ့က ငါတို့ အိမ်နီးချင်းတွေကို ကြက်ဥတွေ၊ ဆန်တွေ ပေးသွားသေးတယ်။ ကျင်းယီဝေတပ်ဖွဲ့ကို ဆန့်ကျင်တယ်ဆိုတော့ မင်းမှာ ဂုဏ်သိက္ခာ ရှိသေးရဲ့လား။ မင်း အဖေကို လူရာမဝင်အောင် လုပ်နေတာလား။"

ထျဲ့နိုက ငိုယိုကာ အော်ဟစ်လိုက်၏။ "အဖေ။ ဒါက ဇာတ်တိုက်လေ့ကျင့်နေတာပါ။ ဇာတ်တိုက်လေ့ကျင့်တာ။ မြန်မြန် ကျုပ်ကို အထဲဝင်ခွင့်ပေးပါ... အားလုံးကို တောင်းပန်ပါတယ်။"

"ပါးစပ်ပိတ်ထား။ ငါ့မှာ မင်းလို သားမျိုး မရှိဘူး။ အပြင်မှာ ပြောနေကြတယ်... တုန်းချန်အဖွဲ့က ကျင်းယီဝေ တပ်ဖွဲ့ကို မနာလိုဖြစ်ပြီး ပြဿနာရှာဖို့ အခွင့်အရေးကို စောင့်နေတာတဲ့။ ငါ့ကို အသက်ကြီးပြီဆိုပြီး ဘာမှ နားမလည်ဘူးလို့ ထင်နေလား။"

အဘိုးအိုလျိုသည် ဝမ်းနည်းပက်လက်ဖြစ်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ငိုယိုနေသည်။ "မိသားစု ကံဆိုးတာပဲ။ မိသားစု ကံဆိုးတာပဲ။"

ဘေးနားရှိ လူများက ထိုမြင်ကွင်းကို ကြည့်ကာ ကပျာကယာ ဝိုင်းဝန်း ဖျောင်းဖျကြသည်။

"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့ လောင်လျိုရယ်... မငိုပါနဲ့တော့။ လူငယ်တွေ အမှားလုပ်မိတာ ဘာမှမဖြစ်ပါဘူး။"

"ဟုတ်တယ်။ တတ်နိုင်ရင် နောက်တစ်ယောက် ထပ်မွေးလိုက်ပေါ့။"

ရုပ်ဖျက်ထားသော သစ္စာဖောက်များ တစ်ယောက်ပြီး တစ်ယောက် နှင်ထုတ်ခံရသည်ကို ကြည့်ကာ ဖန်ကျန်းရီသည် သွားဖြီးကာ ရယ်မောနေ၏။

အခုတော့ တုန်းချန်အဖွဲ့ ရှုံးသွားတာ သေချာသွားပြီ။

ဖန်ကျန်းရီသည် ဘေးနားရှိ လီယွမ်ကျောက်ကို လှမ်းကြည့်လိုက်သည်။ သူက ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ ရပ်နေပြီး ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ယင်နေသည်။

"ဖန်ကြီး ... ဒါက ကျုပ် ပထမဆုံးအကြိမ် တပ်ကို ဦးဆောင်ပြီး စစ်ထွက်တာနော်... ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ။"

ထိုမြင်ကွင်းကို မြင်သောအခါ ဖန်ကျန်းရီက ရှေ့တိုးပြီး နှစ်သိမ့်စကား အနည်းငယ် ပြောရန် ပြင်လိုက်သည်။ သို့ပေမည့် မမျှော်လင့်ဘဲ လီယွမ်ကျောက်က သူ့ကို လက်သီးဖြင့် လှမ်းထိုးပြီး အော်ဟစ်လိုက်၏။ "ချီးတဲ့မှ လူယုတ်မာ .. ကျုပ် အသတ်ခံရသလိုခံစားနေရတယ် .. အီးဟီး … ဝူး ဝူး..."

သူ ငိုနေသည်။ ယောက်ျားကြီးတန်မဲ့ ဒေါသထွက်ပြီး ငိုနေသည်။

ဖန်ကျန်းရီသည် အသံထွက်ရယ်မိမလို ဖြစ်သွားသော်လည်း ပခုံးကို လှမ်းပုတ်ကာ ကပျာကယာ နှစ်သိမ့်လိုက်၏။ "အိမ်ရှေ့စံမင်းသား... ပထမဆုံးအကြိမ်ဆိုတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ကိစ္စမရှိပါဘူး။ နောက်တစ်ခါဆိုရင် အဆင်ပြေသွားမှာပါ။"

"အီး ..ဟီး ..အီး..."

All Chapters