← Chapters

အခန်း ၆၀၇

Vol. 33 Ch. 607

အခန်း ၆၀၇

Vol. 33 Ch. 607

အပိုင်း (၆၀၇) သူရဲကောင်းမုန် ဘုရင်မင်းမြတ်နှင့် တွေ့ဆုံခြင်း။

ရင်နာလိုက်တာ။ အသက်ရှူမဝလောက်အောင်ကို ရင်နာတယ်။

လီယွမ်ကျောက်သည် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်ပြီးမှသာ စိတ်အခြေအနေ တည်ငြိမ်သွားပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "ထားလိုက်ပါတော့... ထားလိုက်ပါတော့။ ကျုပ် ရှုံးတာကို လက်ခံပါတယ်။ မုန်ဝေ့မင်လို လူသေးသေးလေး တစ်ယောက်က ဒီလောက် အသုံးဝင်မယ်လို့ မထင်ထားခဲ့ဘူး။"

ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "အဲဒီလို မဟုတ်ပါဘူး။ မုန်ဝေ့မင်က အိမ်ရှေ့စံမင်းသား ထင်ထားသလောက် အရေးမကြီးပါဘူး။ ဒီနေ့ ချောချောမွေ့မွေ့ ဖြစ်သွားတာက လူတွေကို အောင်မြင်အောင် စုစည်းနိုင်ခဲ့လို့ပါ။ လူတစ်ယောက် နှစ်ယောက်ဆိုရင် လှုံ့ဆော်ဖို့ မလွယ်ပေမဲ့ အုပ်စုလိုက်ဆိုရင်တော့ ပိုပြီး လွယ်ကူသွားတယ်။ တပ်ကို ဦးဆောင်ပြီး စစ်တိုက်တာလည်း အတူတူပါပဲ။ စိတ်ဓာတ် တက်ကြွလာအောင် လုပ်နိုင်ရင် နောက်ပိုင်းက အဆင်ပြေသွားမှာပါ။"

ထို့နောက် အခြားသူများကို လှမ်းပြောလိုက်သည်။ "သွား .. ကြိုးနည်းနည်းရှာပြီး တုန်းချန်အဖွဲ့က လူတွေကို ပေးလိုက်။ သူတို့ဘာသာ တုပ်ခိုင်းလိုက်။ ပူးပေါင်း မပါဝင်ဘူးဆိုရင် ကျုပ်တို့က ကူပြီး တုပ်ပေးလိုက်မယ်လို့။ ရှောင်မုန်... ပြည်သူတွေကို နည်းနည်း ငြိမ်ငြိမ်နေခိုင်းလိုက်အုံး။ ခဏနေ အထက်က လူတွေကို ဆဲဆိုပြီး ရန်ဖြစ်နေကြအုံးမယ်။"

ကျင်းယီဝေများ ကိုယ်တိုင် ထွက်လာသည့်အခါ ပြည်သူများက အလွန် ပူးပေါင်းပါဝင်ကြပြီး အလိုအလျောက် လမ်းဖယ်ပေးကြသည်။ အချိန်သိပ်မကြာလိုက်ဘဲ လူခြောက်ရာလုံးကို စုပေါင်း ကြိုးတုပ်လိုက်ပြီး ဖြစ်သည်။ မူလက လူအုပ်ကြားထဲတွင် ပုန်းအောင်းနေပြီး မတွေ့သေးသော မိန်းမစိုးများပင်လျှင် အခြေအနေ မလှတော့သည်ကို မြင်သောအခါ နာခံစွာ လက်နက်ချလိုက်ကြ၏။

ပြည်သူများ၏ ဟစ်ကြွေးသံများကြားတွင် တုန်းချန်အဖွဲ့နှင့် ဖုန်းဝူတပ်ဖွဲ့မှ လူများကို ဖန်ကျန်းရီ အရှေ့သို့ ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်။ ခေါင်းဆောင်ဖြစ်သူ လျန်ယုံကို ဆွဲထုတ်လာတော့ ထိုသူက မျက်ရည်များ ရစ်သိုင်းကာ ဒူးထောက်နေရသည်။

လူခြောက်ရာဟုတ်လား... ဟိုဘက်မှာ လူခြောက်ဆယ်တောင် မရှိဘူး မဟုတ်လား။ ဒီတစ်ခေါက် ပြန်သွားရင် အဖေက အလွယ်တကူ ခွင့်လွှတ်မှာ မဟုတ်ဘူး။

ဖန်ကျန်းရီက ခါးထောက်ကာ မေးလိုက်သည်။ "ဘယ်လိုလဲ … ဒီနေ့ ဇာတ်တိုက်လေ့ကျင့်တာကို ခင်ဗျားတို့ အားလုံး ကျေနပ်ရဲ့လား။"

လီယွမ်ကျောက်က လက်ကာပြပြီး မျှော်လင့်ချက်မဲ့စွာ ပြောလိုက်၏။ "ထားလိုက်ပါတော့ .. ဖန်ကြီး ... ကျုပ် ရှုံးတာ လက်ခံပါတယ်။ မပြောပါနဲ့တော့။"

"အိမ်ရှေ့စံမင်းသား .. ကျုပ် သေချာပေါက် တိုက်ချင်သေးတယ်။ အိမ်ရှေ့စံမင်းသားက ဘာလို့ အရင် အရှုံးပေးလိုက်ရတာလဲ။" ဖုန်းဝူတပ်ဖွဲ့မှ သတိလစ်မတတ် ဖြစ်နေသော စစ်သည်တစ်ဦးက ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ အသံတွင် နာကျင်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ တပ်တော်မှ အထူးချွန်ဆုံး စစ်သည်များက ဤကဲ့သို့ စော်ကားမှုကို ခံရသည် ပထမဆုံးပင်။

ထိုစကားကို ကြားသောအခါ လီယွမ်ကျောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်း ရူးနေလား။ ပြည်သူတွေကို ရန်သူလုပ်ချင်လို့လား။ ရှုံးတာက ရှုံးတာပဲ။ ဘာအကြောင်းပြချက်တွေ လာပေးနေတာလဲ။"

ဖန်ကျန်းရီက လီယွမ်ကျောက်ကို တားဆီးပြီး တိုးတိုးလေး ပြောလိုက်၏။ "အင်း... အိမ်ရှေ့စံမင်းသား... သူ ပြောတာလည်း တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်။ တကယ် မချရသေးဘူးဆိုတော့ စိတ်ထဲမှာ ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ။ အဓိကက ပြည်သူတွေ ဒီလောက် အများကြီး ရှိနေတာကို။ ကျုပ်တို့ ကျင်းယီဝေက စစ်သည်တစ်ယောက်မှ မထုတ်ဘဲ နိုင်သွားတယ်ဆိုတော့ နောင်ကျရင် ပြည်သူတွေက ကျင်းယီဝေကို အသုံးမကျဘူး လို့ ထင်သွားနိုင်တယ်။"

"ဒါဆို ခင်ဗျားက ဘယ်လို လုပ်ချင်လို့လဲ။"

"ကျန်းပြောင်... ရှောင်မုန် .. သူတို့ကို ပြကွက်တစ်ခု လုပ်ပြလိုက်စမ်း။"

……

လမ်းပေါ်တွင် ကျင်းဘုရင်မင်းမြတ် နှင့် ကော်ထျန်းယန်တို့သည် မြင်းများကို အပြင်းနှင်လာကြပြီး သူတို့၏ အနောက်တွင် ကိုယ်ရံတော် တစ်စုက လိုက်ပါလာကြသည်။ မူလက နန်းတော်မှ ထွက်လျှင် အခမ်းအနားများ အပြည့်အစုံ ပါရှိရမည်ဖြစ်သော်လည်း ကိစ္စက ရုတ်တရက် ဖြစ်ပေါ်လာသဖြင့် လွယ်ကူသလိုသာ စီစဉ်ခဲ့ရသည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားလေလေ ကျင်းဘုရင်မင်းမြတ် မှာ ပို၍ စိုးရိမ်လာလေလေ ဖြစ်သည်။ သူ ထင်ထားသည်သာ မှန်လျှင် ယခုအချိန်တွင် တိုက်ပွဲများ စတင်နေလောက်ပြီ ဖြစ်၏။

နန်းတော်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ပုံမှန်မဟုတ်သော မြင်ကွင်းကို ချက်ချင်း သတိထားမိလိုက်သည်။ လမ်းပေါ်တွင် ပြည်သူများ အကြောင်းမဲ့ သတ်သတ် အများအပြား ရှိနေသည်။ ပို၍ နီးကပ်လာလေလေ လူများ ပို၍ များလာလေလေဖြစ်ပြီး နောက်ဆုံးတွင် မြင်းစီးသည့် အရှိန်နှင့် လမ်းလျှောက်သည့် အရှိန် တူညီသည် အထိ ဖြစ်သွားသည်။

ဤမြင်ကွင်းကို မြင်သောအခါ ကော်ထျန်းယန်သည်လည်း ထိတ်လန့်သွားသည်။ ပြဿနာကြီး ဖြစ်တော့မည် ထင်သည်။ သို့မဟုတ်ပါက ဤမျှများပြားသော လူများက အကြောင်းမဲ့ သတ်သတ် လမ်းပေါ် စုရုံးနေမည် မဟုတ်ပေ။

အိမ်ရှေ့စံမင်းသား တစ်ခုခု ဖြစ်သွားတာလား။ ဒါမှမဟုတ် မုန်ဝေ့မင် တစ်ခုခု ဖြစ်သွားတာလား။

ကော်ထျန်းယန်သည် တွေးလေလေ စိုးရိမ်လေလေ ဖြစ်လာပြီး ခေါင်းထဲတွင် ဝီခနဲ မြည်နေသည်။ မည်သို့မှ မနေနိုင်ဘဲ စူးရှစွာ အော်ဟစ်လိုက်သည်။ "အရှင်မင်းကြီး ကြွလာပြီ။ အမြန် လမ်းဖယ်ပေးကြ။"

လမ်းဘေးရှိ ပြည်သူများက အလန့်တကြားဖြစ်ပြီး အလိုအလျောက် ရှောင်ဖယ်ပေးလိုက်ကြ၏။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူတို့ သည် အမြန် ဖြတ်သန်းသွားကြသည်။ မျက်စိရှေ့တွင် သိပ် မဝေးတော့ပေ။ သူတို့က အော်ဟစ်ရင်း သွားနေကြပြီး မရေမတွက်နိုင်သော ပြည်သူများကလည်း အလျင်အမြန် ရှောင်ဖယ်ပေးကြသည်။

နောက်ဆုံးတွင် မျက်စိရှေ့၌ မီးရောင်များ အများအပြား ပေါ်လာသည်။ ကော်ထျန်းယန်သည် အသံကုန် အော်ဟစ်ရန် ပြင်လိုက်စဉ် မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ဘေးနားရှိ ကျင်းဘုရင်မင်းမြတ်ကို လှမ်းကြည့်လိုက်သည်။ ကျင်းဘုရင်မင်းမြတ် သည် ဝိညာဉ်လွင့်သွားသကဲ့သို့ မြင်းပေါ်တွင် ကြောင်အမ်းအမ်း ရပ်နေသည်ကို တွေ့လိုက်ရ၏။

မြင်းပေါ်မှ ကြည့်လိုက်သောအခါ မျက်စိရှေ့တွင် လူအုပ်ကြီးက သူတို့ကို ကျောခိုင်းထားသည်ကို တွေ့ရသည်။ ပို၍ ထူးဆန်းသည်မှာ လူတိုင်းက ခွေးခြေခုံလေးများ ယူလာပြီး သေသပ်စွာ ထိုင်နေကြရာ လမ်းမကြီးတစ်ခုလုံး ပိတ်ဆို့နေသည်။ ထို့အပြင် မုန့်များကိုလည်း စားနေကြသေးသည်။

ရှေ့ကို ထပ်ကြည့်လိုက်သောအခါ လူရာပေါင်းများစွာက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသည်။ အလယ်ဗဟိုတွင်မူ အင်္ကျီမပါဘဲ ခန္ဓာကိုယ် တောင့်တင်းသော ကျင်းယီဝေ တပ်သားတစ်စုက ကိုယ်ခံပညာ ပြသနေပြီး သူတို့၏ လှုပ်ရှားမှုတိုင်းက ပြည်သူများ၏ ရူးသွပ်စွာ ဟစ်ကြွေး အားပေးသံများကို ရရှိနေ၏။

ကျင်းယီဝေ တပ်သားများသည် အတန်းလိုက် ရပ်ကာ တုတ်များကို ကိုင်ဆောင်ထားပြီး ကျန်းပြောင်၏ အော်သံနှင့် အတူ တစ်ပြိုင်နက် လှုပ်ရှားနေကြသည်။

"ထိုး... ရစ်... ထောက်... ပြန်ဆွဲ။"

"ကောင်းတယ်။"

ရှေ့ဆုံးတန်းရှိ ပြည်သူများက လက်ခုပ်တီးလိုက်ကြပြီး မျက်လုံးများတွင် ကြယ်လေးများ တောက်ပ နေသကဲ့သို့ပင်။ ကျင်းယီဝေတပ်ဖွဲ့က ဤမျှ အင်အားကြီးမားလှသဖြင့် လုံခြုံမှုအပြည့်အဝ ရှိနေသကဲ့သို့ ခံစားရ၏။

"သိုင်းပညာ ပြကွက် ပြီးပါပြီ။ နောက်ထပ် ပြကွက်ကတော့ ကျင်းယီဝေ သီချင်းဆိုတာပါ။ အားလုံး မလောကြပါနဲ့။ အတူတူ လိုက်ဆိုလို့ ရပါတယ်။ သူရဲကောင်းမုန်ရဲ့ ဓားသိုင်းပြကွက် မကြာခင် လာပါတော့မယ်။ ပြီးရင် အားလုံး ပြန်တဲ့အခါ စည်းကမ်းတကျ ပြန်ကြဖို့နဲ့ ကိုယ့်ပစ္စည်းတွေကို သေချာ ယူသွားဖို့ သတိပေးချင်ပါတယ်။ အမှိုက်တွေပါ ကောက်သွားကြပါ။"

"ကောင်းတယ်ဟေ့။" ရူးသွပ်သော လက်ခုပ်သံများ ထပ်မံ ထွက်ပေါ်လာသည်။

"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ။" ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။

ဇာတ်တိုက်လေ့ကျင့်နေတယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဒါက နှစ်သစ်ကူးနေတာလား၊ ဒါမှမဟုတ် ပွဲတော် ကျင်းပနေတာလား။ ကျင်းယီဝေတပ်ဖွဲ့က ဖျော်ဖြေရေး လုပ်နေတာလား။

ကြမ်းပြင်ပေါ်က ကျိုးပဲ့နေတဲ့ ကျောက်ပြားတွေနဲ့ သတိလစ်နေတဲ့ တုန်းချန်အဖွဲ့သားတွေက ဘယ်လိုဖြစ်ရတာလဲ။

ကော်ထျန်းယန်လည်း ဘာမှ နားမလည်တော့ဘဲ ချီတုံချတုံဖြင့် ဖြေလိုက်သည်။ "ကျွန်တော်မျိုး မသိပါဘူး။"

"စည်းလုံးခြင်းက အင်အားပဲ …. စည်းလုံးခြင်းက အင်အား … သွေးချင်းညီအစ်ကိုများ … မေခနဲ့ မလိခ..." သံစဉ်ပြောင်းထားသော သီချင်းသံတစ်ခု ထွက်ပေါ်လာ၏။

ကြောင်အမ်းအမ်းဖြစ်နေစဉ်မှာပင် တစ်ဖက်မှ စတင် သီဆိုနေကြပြီဖြစ်သည်။

ကျင်းဘုရင်မင်းမြတ် က ကမန်းကတန်း ပြောလိုက်၏။ "သူတို့ကို အမြန် ဖယ်ခိုင်းလိုက်။"

"အရှင်မင်းကြီး ကြွလာပြီ … အရှင်မင်းကြီး ကြွလာပြီ။" ကော်ထျန်းယန်က မတုံ့ဆိုင်းဘဲ အော်ဟစ်လိုက်သည်။

အော်သံထွက်လာသည်နှင့်တစ်ပြိုင်နက် ပြည်သူများအားလုံးက တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။ ညသန်းခေါင်ယံ အချိန်တွင် ဤမြင်ကွင်းမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းလှ၏။ အနှောက်အယှက် လာပေးသည် ဟူ၍ စိတ်တိုနေသော အကြည့်များပင်။

ဤမြင်ကွင်းက ကျင်းဘုရင်မင်းမြတ် ၏ ရင်ကို ဒိတ်ခနဲ ဖြစ်သွားစေသည်။

သို့ပေမည့် နောက်တစ်ခဏတွင် မျက်စိလျှင်သော ပြည်သူတစ်ဦးက နဂါးသင်္ကေတပါသော ဝတ်ရုံကို ဝတ်ဆင်ထားသူ ပေါ်လာသည်ကို မြင်သောအခါ ချက်ချင်း ဒူးထောက်ချလိုက်၏။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကြတော့သည်။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။"

ကျင်းယီဝေ တပ်သားများကလည်း အခြေအနေကို လျင်မြန်စွာ သဘောပေါက်သွားကြသည်။ ဖန်ကျန်းရီသည် နေကြာစေ့များကို လက်ထဲမှ ပစ်ချခဲ့ပြီး အိမ်ရှေ့စံကို ဆွဲကာ ကျင်းဘုရင်မင်းမြတ် အရှေ့သို့ ပြေးသွားလိုက်သည်။ အနည်းငယ် စိုးရိမ်စွာဖြင့် သူက ပြောလိုက်၏ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ခရီးဦးကြို ပြုပါတယ်။"

ပြဿနာတော့ တက်ပြီ။ ဒီည နည်းနည်းတော့ လွန်သွားတယ်။ ဘယ်လိုလုပ်ပြီး ဘုရင်မင်းမြတ်ကိုပါ ရောက်လာစေတာလဲ။

ကျင်းဘုရင်မင်းမြတ် သည် ရုတ်တရက် ပေါ်လာသော ဖန်ကျန်းရီနှင့် သူ၏ဘေးတွင် ရှိနေသော အိမ်ရှေ့စံကို မြင်သောအခါ သံသယများ ရှိနေသော်လည်း စိတ်ထဲတွင် အတော်လေး သက်သာရာရသွားသည်။ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ပြည်သူများကို တစ်ချက်ကြည့်ပြီး ဖန်ကျန်းရီကို မေးလိုက်သည်။ "တုန်းချန်အဖွဲ့ရဲ့ ဇာတ်တိုက်လေ့ကျင့်မှုမှာ ဒီည လက်နက်နဲ့ တိုက်ခိုက်တာတွေ ဖြစ်သေးလား။ ဒဏ်ရာရတဲ့သူ ရှိလား။"

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဇာတ်တိုက်လေ့ကျင့်မှုက ပြီးသွားပါပြီ။ ဒဏ်ရာရသူ မရှိပါဘူး။"

ဘာမှမဖြစ်ဘူးဆိုတာ ကြားမှ ကျင်းဘုရင်မင်းမြတ်သည် စိတ်အေးသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ သို့သော်ငြား ယခု မြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်ထဲရှိ သံသယများက ပို၍များလာသလိုပင်။

"အရင်ဆုံး လူတွေကို ဖယ်ရှားလိုက်။ ပြီးရင် ဌာနခွဲထဲကို ဝင်ကြမယ်။ မင်းကို ကိုယ်တော် မေးစရာ ရှိတယ်။ မုန်ဝေ့မင် ဘယ်မှာလဲ။ သူ့ကို ခေါ်လာခဲ့။ သူ့ကို ကိုယ်တော် တွေ့ချင်တယ်။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး မကြာမီတွင် မုန်ဝေ့မင် ရောက်လာသည်။ မုန်ဝေ့မင်၏ စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်နေသော်လည်း မျက်နှာပေါ်တွင် ပုံမှန်အတိုင်းသာ ထားရှိထားသည်။ အရိုအသေပေးကာ ရိုကျိုးစွာဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး မုန်ဝေ့မင် .. အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"

ကျင်းဘုရင်မင်းမြတ်သည် ဤလူငယ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အထက်အောက် သေချာကြည့်ရှုလိုက်ရာ သူ၏ စိတ်ထဲတွင် အလွန် ကျေနပ်သွားသည်။ ရုပ်ရည်သန့်စင်ပြီး ခန့်ညားထည်ဝါလှရာ စစ်မှန်သော သူရဲကောင်းတစ်ယောက်ပင် ဖြစ်၏။

သူ၏လေသံပင် အနည်းငယ် နူးညံ့သွားပြီး ချီးကျူးလိုက်သည်။ "ကောင်းတယ်။ ကောင်းတယ်။ မြို့တော်မှာ နာမည်ကြီးနေတဲ့ သူရဲကောင်းဆိုတာနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ မင်းရဲ့ အကြောင်းတွေကို ကိုယ်တော် ကြားပြီးပါပြီ။ အလံကိုင်တပ်သားလေး တစ်ယောက် လုပ်နေရတာက မင်းလို အရည်အချင်းရှိတဲ့သူအတွက် တကယ်ကို နှမြောစရာပါပဲ။"

"ကျွန်တော်မျိုးအတွက် မခက်ခဲပါဘူး။ ရာထူး အကြီးအသေးကို မခွဲခြားဘဲ ပြည်သူတွေအတွက် အလုပ်လုပ် ပေးရတာမို့ ကျွန်တော်မျိုး ဝမ်းသာပီတိ ဖြစ်ရပါတယ်။" ပြောပြီးနောက် မုန်ဝေ့မင်သည် တံတွေးကို တိတ်တဆိတ် မြိုချလိုက်သည်။

ဤအဖြေကြောင့် ကျင်းဘုရင်မင်းမြတ် သည် ပို၍ ကျေနပ်သွားပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ "ကောင်းလိုက်တဲ့ စကား။ မင်း ကိုယ်တော့်နားမှာပဲ နေတော့။ အပြင်ကို သွားစရာ မလိုတော့ဘူး။"

All Chapters