အခန်း ၆၁၀
Vol. 33 Ch. 610
အပိုင်း (၆၁၀) အမဲလိုက်ခြင်းနှင့် ပင်လယ်ပြင်ဖွင့်လှစ်ခြင်း။
လီယွမ်ကျောက်သည် ပါးစပ်ထဲတွင် အစားအစာများ အပြည့်ငုံထားလျက် ခေါင်းမော့ကာ မေးလိုက်သည်။ "လက်ထပ်ခွင့်တောင်းတာ ... ဘယ်သူ့ကို လက်ထပ်ခွင့်တောင်းတာလဲ။"
ဖန်ကျန်းရီသည် အရှင်မင်းကြီး၏ အကြည့်ကို ရင်ဆိုင်ရင်း အနေခက်စွာ ရယ်မောလိုက်၏။ "ကျွန်တော်မျိုး ထပ်ပြီး ပြင်ဆင်လိုက်ရမလား အရှင်မင်းကြီး။"
လီယွမ်ကျောက်က ဝင်ပြောလိုက်သည်။ "ဖန်ကြီး ... ခင်ဗျား ဘာတွေပြောနေတာလဲ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "အိမ်ရှေ့စံ ... အသားစားပါအုံး။"
ကျင်းဘုရင်မင်းမြတ်သည် စကားတစ်ခွန်းမှ မဆိုဘဲ အသားကင်ကို တိတ်ဆိတ်စွာ စားသောက်နေပြီး မျက်နှာပေါ်တွင် နားလည်ရခက်သော အမူအရာတစ်ခု ချိတ်ဆွဲထားခဲ့သည်။
ဘုရင်မင်းမြတ်၏ စိတ်အလိုကို ခန့်မှန်းရခက်လှကြောင်း ဖန်ကျန်းရီ တွေးတောမိကာ စိတ်ရှုပ်ထွေးသွားရသည်။
အဘယ်နေရာတွင် လိုအပ်သွားသနည်း။ တကယ်တမ်း အဘယ်နေရာတွင် လိုအပ်သွားသနည်း။ အဘယ်ကြောင့် ယခုတိုင် စကားမဟဘဲ နှုတ်ဆိတ်နေရသနည်း။
သို့သော်ငြား လီယွမ်ကျောက်က သူ့ကို စိုက်ကြည့်နေသောကြောင့် ထပ်မေးရန် အဆင်မပြေဖြစ်သွားသဖြင့် ဖန်ကျန်းရီသည် ခေါင်းငုံ့ကာ အသားကင်များကိုသာ ဆက်လက် ကင်နေလိုက်တော့၏။
ထိုစဉ် လီယွမ်ကျောက်က သူ့ကို နှစ်ချက်ခန့် တိတ်တဆိတ် ပုတ်လိုက်ပြီး အနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ "ဖန်ကြီး ... ခင်ဗျားနဲ့ ခမည်းတော်က ဘာတွေ လျှို့ဝှက်လုပ်နေကြတာလဲ။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ခင်ဗျား ကလေးမရနိုင်ဘူးလို့ ပြောနေတာ။ နောက်ထပ် ကိုယ်လုပ်တော် တစ်ယောက် ထပ်ယူပေးမယ်လို့ ပြောနေတာ။"
လီယွမ်ကျောက်၏ မျက်နှာပေါ်သို့ သွေးရောင်များ ဖြတ်ပြေးသွားပြီး ဘုရင်မင်းမြတ်ကို မကျေမနပ်ဖြင့် ခိုးကြည့်ကာ တိုးတိုးလေး ဆက်ပြောလိုက်သည်။ "ဘာတွေ လောနေတာလဲ။ အချိန်မတန်သေးလို့ပါ။ နောက်ပြီး ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။"
ဖန်ကျန်းရီက ပြန်ပြောလိုက်၏။ "ကျုပ်ကလည်း အိမ်ရှေ့စံကို စိတ်ပူလို့ပါ။ ကျုပ်က အိမ်ရှေ့စံနန်းဆောင်က အမတ်ရာထူး ယူထားရသေးတယ်လေ။ ကျုပ်က မစိုးရိမ်ဘဲ နေနိုင်ပါ့မလား။"
လီယွမ်ကျောက်သည် နှုတ်ခမ်းမဲ့ကာ တိုးတိုးလေး ဆက်ပြောလိုက်သည်။ "ဒီအကြောင်းတွေကို ထားလိုက်စမ်းပါ။ အမဲလိုက်ဖို့ ကိစ္စရှိတယ် မဟုတ်လား။ လျိုကျင်းဆီမှာ စီစဉ်ထားတာ အတော်လေး အဆင်ပြေနေပြီ။ ခင်ဗျား ခမည်းတော်ကို ဘယ်အချိန်လောက် ပြောမလို့လဲ။"
ဘုရင်မင်းမြတ်၏ အကြည့်များသည် သူတို့နှစ်ယောက်ကြားတွင် ကူးလူးသွားလာနေပြီး မေးလိုက်၏။ "မင်းတို့နှစ်ယောက် အဲဒီမှာ ဘာတွေ တီးတိုးပြောနေကြတာလဲ။ ကိုယ်တော့်ကို ဖုံးကွယ်ပြီး ပြောစရာ စကားတွေ ရှိနေလို့လား။"
ဖန်ကျန်းရီသည် ခေါင်းမော့ကာ လည်ချောင်းဟန့်၍ လျှောက်တင်လိုက်သည်။ "အိမ်ရှေ့စံက အရှင်မင်းကြီး နေ့ရောညပါ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရလို့ ခန္ဓာကိုယ်ကို ထိခိုက်သွားမှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် အရှင်မင်းကြီး စိတ်ရွှင်လန်းအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ကျွန်တော်မျိုးနဲ့ တိုင်ပင်နေတာပါ။"
အမဲလိုက်ကွင်းဘက်တွင် ပြင်ဆင်ပြီးစီးပြီဖြစ်ရာ သူ့ဘက်မှ မီးပေါက်လက်နက်များကို ထုတ်သုံးနိုင်ပြီ ဖြစ်သည်။ ယခုကဲ့သို့ တိတ်တဆိတ် တွေ့ဆုံဆွေးနွေးနေချိန်သည်လည်း အလွန်ကောင်းမွန်သော အခွင့်အရေးပင် ဖြစ်၏။
ဘုရင်မင်းမြတ်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့သြသွားပြီး အိမ်ရှေ့စံကို ကြည့်ကာ မေးလိုက်သည်။ "အို ... ဘယ်လိုနည်းလမ်းတွေများ စဉ်းစားထားလို့လဲ။"
လီယွမ်ကျောက်က ချက်ချင်း ဖြေလိုက်၏။ "အမဲလိုက်ဖို့ပါ။ ခမည်းတော် အမဲမလိုက်ရတာ ကြာပြီဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး အကြောအခြင်တွေ ပြေလျော့သွားအောင် အနားယူဖို့ သားတော် တွေးထားပါတယ်။"
ဖန်ကျန်းရီက ထောက်ခံလိုက်သည်။ "မှန်ပါတယ် အရှင်မင်းကြီး။ အမဲလိုက်တာက ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး အတွက် အကျိုးရှိပါတယ်။ ဒါ့အပြင် တောက်ယွမ်ခရိုင်က ယမ်းမှုန့်လက်နက်တွေလည်း ပြုလုပ်လို့ ပြီးစီးသွားပါပြီ။ ကျွန်တော်မျိုးက ဒီအခွင့်အရေးမှာ လက်တွေ့ စမ်းသပ်ကြည့်ချင်ပါတယ်။"
လက်နက်များအကြောင်း ပြောလိုက်သည်နှင့် ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်အနှံ့မှ စိတ်အားထက်သန်မှုများသည် ချက်ချင်း နိုးကြားလာခဲ့ပြီး မေးလိုက်၏။ "ယမ်းမှုန့်လက်နက်တွေ ပြီးသွားပြီလား။ စွမ်းအားက ဘယ်လိုနေလဲ။"
ယမ်းမှုန့်ကိစ္စသည် ဘုရင်မင်းမြတ် အတွက် အမြဲတမ်း ရင်ထဲတွင်ရှိနေသော ကိစ္စတစ်ခု ဖြစ်သည်။ ဖန်ကျန်းရီ မြို့တော်သို့ မဝင်ရောက်လာမီတည်းက တောင်ကိုဖြိုကာ ကျောက်ခဲများကို ခွဲဖြာနိုင်စွမ်းရှိသော ယမ်းမှုန့်၏ စွမ်းအားကို ကြားသိခဲ့ရ၏။ ယခု နှစ်အနည်းငယ် ကြာမြင့်ပြီးနောက်တွင် နောက်ဆုံးတော့ မြင်တွေ့ခွင့် ရရှိတော့မည် ဖြစ်သည်။
ဖန်ကျန်းရီသည် တိုက်ရိုက် မဖြေဆိုသေးဘဲ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုးကို လျှို့ဝှက် ထားခွင့်ပြုပါ။ အမဲလိုက်ထွက်တဲ့အခါ လေးသည်တော်တွေနဲ့ မီးပေါက်လက်နက်တွေကို ယှဉ်ပြိုင်ခိုင်းကြည့်ရင် ဘယ်လိုနေမလဲ။ ဒီယမ်းမှုန့်လက်နက်က တစ်မျိုးတည်း မဟုတ်ပါဘူး။ ကျွန်တော်မျိုး အရှင်မင်းကြီးရှေ့မှာ လေ့ကျင့်ပြသဖို့အတွက် နေရာကို ကြိုတင် ရွေးချယ်ထားဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်ကျရင် မှူးမတ်အားလုံး ကိုလည်း အတူတကွ လာရောက်လေ့လာဖို့ ဖိတ်ခေါ်နိုင်ပါတယ်။"
ဘုရင်မင်းမြတ် သည် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကိုယ်တော့်ကို ထပ်ပြီး လျှို့ဝှက်ထားပြန်ပြီလား။ ထားလိုက်ပါတော့။ ကိုယ်တော် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးပြီပဲ .. ဒီရက်အနည်းငယ်လောက် စောင့်ရတာ ဘာမှမဖြစ်ပါဘူး။ ဒါဆိုလည်း မင်းတို့ သဘောအတိုင်းပါပဲ။ နေ့ကောင်းရက်သာ တစ်ရက်ကို ရွေးပြီး အမဲလိုက်ကွင်းကို သွားကြတာပေါ့။ ဒါပေမဲ့ အမဲလိုက်ကွင်းက စွန့်ပစ်ခံထားရတာ ကြာပြီဆိုတော့ သားကောင်တွေ သိပ်မရှိလောက်တော့ဘူး။ ကြိုတင်ပြီး ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်။"
လီယွမ်ကျောက်သည် အလွန်ဝမ်းသာသွားပြီး ဂုဏ်ယူစွာဖြင့် လျှောက်တင်လိုက်၏။ "သားတော် ကြိုတင်ပြီး ပြင်ဆင်ထားခဲ့ပါပြီ။ ခမည်းတော် ကြွလာဖို့ပဲ စောင့်နေတာပါ။"
သို့သော်ငြား ဘုရင်မင်းမြတ် ၏ ပြင်းထန်သော စူးစိုက်ကြည့်မှုနှင့်သာ ရင်ဆိုင်လိုက်ရပြီး အပြစ်တင်စကားကိုသာ ကြားလိုက်ရသည်။ "ကောင်းပြီလေ။ မင်းတို့က ကြိုတင်ပြီး အကြံအစည် ရှိနေခဲ့တာကိုး။ အရေးကြီးတဲ့ ကိစ္စတွေကျတော့ မလုပ်ဘဲ နေ့တိုင်း ဒီလိုကိစ္စတွေမှာပဲ အချိန်ကုန်ခံနေတာလား။ စွမ်းရည်ရှိတဲ့ စစ်သူကြီးဆိုတာ ရိုးရိုးစစ်သည်ဘဝကနေ စတင်တယ်လို့ လူတွေက ပြောကြတယ်။ ကိုယ်တော်က မင်းကို ပြည်သူတွေကြားမှာ ဒီလောက်ကြာကြာ လွှတ်ထားပေးတာတောင် ဘာဖြစ်လို့ တိုးတက်မှု တစ်ခုမှ မရှိရတာလဲ။"
လီယွမ်ကျောက်သည် နှုတ်ခမ်းမဲ့လိုက်ကာ မတရားခံရသည့်အလား ညည်းညူလိုက်၏။ “အင်း …”
ဖန်ကျန်းရီက အလျင်အမြန် ဝင်ရောက် ကူညီပြောဆိုပေးလိုက်သည်။ "အရှင်မင်းကြီး ... အိမ်ရှေ့စံက ဒီတစ်ကြိမ် လူတစ်ရာတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ရေးစစ်ရာ ကျွမ်းကျင်မှုက နတ်ဘုရားတစ်ပါးလိုပါပဲ။ လူ ခြောက်ရာကို ခေါ်လာပေမဲ့ တပ်ကို သုံးစုခွဲပြီး နှစ်စုက လူတစ်ရာတပ်ဖွဲ့ကို အရှေ့အနောက် ညှပ်တိုက်ပါတယ်။
နောက်တစ်စုကတော့ ပြည်သူတွေလို ရုပ်ဖျက်ပြီး လူအုပ်ထဲမှာ ပုန်းအောင်းခိုင်းပြီး ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီနေ့သာ ပြည်သူတွေ အများကြီး ရောက်မလာခဲ့ဘူးဆိုရင်၊ ပြည်သူတွေကို ထိခိုက်မှာ မစိုးရိမ်ဘူးဆိုရင် ကျွန်တော်မျိုးဆီမှာ လူတစ်ထောင်တပ်ဖွဲ့ ရှိနေရင်တောင် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။
အိမ်ရှေ့စံက အသာစီးရနေတဲ့ အခြေအနေမှာတောင် တည်တည်ငြိမ်ငြိမ်နဲ့ စဉ်းစားနိုင်ပြီး သင့်လျော်တဲ့ အစီအစဉ်တွေ ချမှတ်နိုင်ပါတယ်။ ဒီအချက်ကတင် လူတော်တော်များများထက် သာလွန်နေပါပြီ။"
ဘုရင်မင်းမြတ် ၏ ရင်ထဲတွင် ရုတ်တရက် ဝမ်းမြောက်မှု အနည်းငယ် ဖြစ်ပေါ်လာကာ မေးလိုက်၏။ "တကယ်လား။"
လီယွမ်ကျောက်၏ စိတ်နေသဘောထားကို သူ နားလည်ထားသည်။ မည်သည့်ကိစ္စကို လုပ်လုပ် သတိမမူဘဲ အလောတကြီး လုပ်တတ်၏။ လူ ခြောက်ရာနှင့် လူတစ်ရာတပ်ဖွဲ့ကို တိုက်ခိုက်ရာတွင် မည်သည့် အစီအစဉ်မှ လုပ်စရာမလိုဘဲ အစုလိုက်အပြုံလိုက် တိုက်ခိုက်မည်ဟုသာ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ဖန်ကျန်းရီက ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်၏။ "ပုလဲထက်တောင် အစစ်အမှန်ဖြစ်ပါသေးတယ်။ အရှင်မင်းကြီး … အဲဒီ အစောင့်ရဲမက်တွေထဲက ကြိုက်တဲ့သူ တစ်ယောက်ကို ခေါ်မေးကြည့်လို့ ရပါတယ်။"
ဘုရင်မင်းမြတ်သည် သဘောပေါက်သွားပြီး မသိမသာ ခေါင်းညိတ်လိုက်၏။ ဤသို့ ရဲရဲဝံ့ဝံ့ ပြောရဲသည်ဆိုလျှင် အမှန်တကယ်ပင် ဖြစ်ပေလိမ့်မည်။
ဘုရင်မင်းမြတ် သည် တည်ငြိမ်သော အမူအရာဖြင့် အိမ်ရှေ့စံကို ချီးကျူးလိုက်သည်။ "ခြင်္သေ့တစ်ကောင် ယုန်ကို ဖမ်းရင်တောင် ခွန်အားအပြည့် သုံးရတယ်။ ရှေးခေတ်ကနေ အခုချိန်အထိ လူနည်းနည်းနဲ့ လူအများကြီးကို အနိုင်ယူခဲ့တဲ့ စစ်ပွဲတွေ မရေမတွက်နိုင်အောင် ရှိခဲ့တယ်။ မင်း ဒီအချက်ကိုတော့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။"
လီယွမ်ကျောက်သည် ဖြူဖွေးသော သွားတန်းနှစ်ခု ပေါ်လာသည်အထိ ပြုံးရွှင်သွားသော်လည်း ထိုအပြုံးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။ ‘ချီးကျူးတာလား၊ နှိမ့်ချတာလား။’
ဘုရင်မင်းမြတ် က စကားလမ်းကြောင်း လွှဲကာ ပြောလိုက်သည်။ "ဒါပေမဲ့ ဒီည ကိစ္စအတွက် အပြစ်ပေးရမှာကိုတော့ အပြစ်ပေးရလိမ့်မယ်။ မင်း ရှောင်လွှဲလို့ ရမယ်လို့ မထင်နဲ့။ ဖန်အမတ် ... မနေ့က စစ်ရေးဝန်ကြီးဌာနက သတင်းပို့လာတယ်။ ဝူမင်းသားကို လိုက်လံ ဖမ်းဆီးတဲ့ သင်္ဘောတွေ ပြန်လှည့်လာပြီတဲ့။ ကိုယ်တော် ဒီရက်ပိုင်း စိတ်ထဲမှာ အတော်လေး ပူလောင်နေတာ။ အပြင်ထွက်ပြီး လမ်းလျှောက်တာလည်း ကောင်းပါတယ်။"
ဘုရင်မင်းမြတ်က အသံတိတ်ဖြင့် ချပြလိုက်သော ဤသတင်းသည် ဖန်ကျန်းရီ၏ နားထဲတွင် မိုးကြိုး ပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွား၏။
ဖန်ကျန်းရီက အလျင်အမြန် မေးလိုက်သည်။ "ဒီလောက်ကြီးမားတဲ့ သတင်းကို ဒီနေ့ ညီလာခံမှာ ကျွန်တော်မျိုး ဘာလို့ မကြားခဲ့ရတာလဲ။ ဖမ်းမိခဲ့ရဲ့လား အရှင်မင်းကြီး။"
ဘုရင်မင်းမြတ် က ခေါင်းယမ်းလိုက်၏။ "စစ်ရေးဝန်ကြီးဌာနက ကိုယ်တော့်ဆီကို တိုက်ရိုက် သတင်းပို့လာတာပါ။ အခုလေးတင် အတွင်းဝန်အဖွဲ့နဲ့ ဆွေးနွေးခဲ့တာ။ ရေတပ်က ဘာရလဒ်မှ မရခဲ့ဘူး။ သူတို့က အဝေးကြီးကို ထွက်ပြေးသွားလောက်ပြီဆိုတော့ ထပ်ပြီး လိုက်ဖမ်းဖို့ ခက်ခဲသွားပြီ။ ဒါ့အပြင် သူတို့ရဲ့ ရေကြောင်းခရီးစဉ်နဲ့ ခရီးဆုံးကိုလည်း ဘာမှ မသိရဘူးလေ။"
ဖန်ကျန်းရီသည် စိတ်ထဲတွင် ကြိတ်၍ ဝမ်းသာသွားသော်လည်း နှုတ်မှမူ ဤသို့ လျှောက်တင်လိုက်သည်။
"ဒါဆိုရင် အရှင်မင်းကြီး ရေတပ်ကို တိုးချဲ့ပြီး သင်္ဘောတည်ဆောက်တာကို အားပေးသင့်ပါတယ်။ နောက်မှ ထပ်ဖမ်းတာပေါ့။ တကယ်လို့ ပုန်ကန်သူတွေကို လွတ်မြောက်သွားခွင့် ပြုလိုက်ရင် နိုင်ငံတော်ရဲ့ အရှက်ရစရာ ဖြစ်မနေဘူးလား။"
ဘုရင်မင်းမြတ် က ပြန်ပြောလိုက်၏။ "ဒီနှစ် နိုင်ငံတော်ဘဏ္ဍာတိုက်က ချမ်းသာနေပေမဲ့ သင်္ဘောတည်ဆောက်ဖို့ ငွေအများကြီး သုံးဖို့ မလိုပါဘူး။ ပြီးတော့ သင်္ဘောတွေနဲ့ စစ်သည်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကုန်ကျစရိတ်က အလွန်ကြီးမားတယ်။
အပို ကုန်ကျစရိတ်တွေ ထပ်တိုးလာရင် ကိုယ်တော်က နှစ်တိုင်း အမတ်တွေရဲ့ အိမ်ကို သွားပြီး ပစ္စည်းတွေ သိမ်းနေရမှာလား။ ကျယ်ဝန်းလွန်းတဲ့ ပင်လယ်ပြင်ကြီးကို ကိုယ်တော် လျစ်လျူရှုထားလိုက်သင့်တယ်။ စတုတ္ထမြောက် ညီတော်ကလည်း တိုင်းပြည်အတွက် အကျိုးပြုခဲ့ဖူးတာပဲ။ ဒီတစ်ကြိမ် ထွက်ပြေးတာကို သူ့ကိုယ်သူ ပြည်နှင်ဒဏ်ပေးတယ်လို့ပဲ သတ်မှတ်လိုက်တာ ကောင်းပါတယ်။
ဒါပေမဲ့ ဒီကိစ္စကို ကိုယ်တော် စဉ်းစားနေဆဲပါ။ အတွင်းဝန်အဖွဲ့ကလည်း ဆွေးနွေးနေပြီး အတည်ပြုချက် မရသေးဘူး။ မင်းက အမြဲတမ်း သာမန်လူတွေနဲ့ ကွဲပြားတဲ့ အတွေးအခေါ် ရှိတယ်။ နောက်ပြီး အစတုန်းက စတုတ္ထမြောက် ညီတော်က မင်းကို ခေါ်သွားဖို့ အပြင်းအထန် ကြိုးစားခဲ့တယ်။ မင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တခြား ဘာအကြံဉာဏ်များ ရှိသေးလဲ။"
သူ့ကိုယ်သူ ပြည်နှင်ဒဏ်ပေးသည်ဟု သတ်မှတ်ရမည်လား။ ငွေကုန်သက်သာစေရန် မိမိကိုယ်ကိုယ် ဖြေသိမ့်နေခြင်းက တကယ်ပဲ ကောင်းပါရဲ့လား။
ဖန်ကျန်းရီက လေးနက်တည်ကြည်စွာဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး မေးလာရင်တော့ ကျွန်တော်မျိုးက အရင်အမြင်အတိုင်းပါပဲ။ ပင်လယ်ပြင် တားမြစ်ချက်ကို ဖွင့်လှစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို အားပေးပါ။ ပြီးရင် ရလာတဲ့ အခွန်အခတွေကို သုံးပြီး ရေတပ်ကို တိုးချဲ့ ၊ သင်္ဘောသစ်တွေ တည်ဆောက်ပါ။ တစ်နေ့ကျရင် အနောက်ဘက် ကုန်းမြေတိုက်ကို စူးစမ်းလေ့လာဖို့ သင်္ဘောအုပ်စု စေလွှတ်လိုက်ပါ။"
ဘုရင်မင်းမြတ် သည် မျက်မှောင်ကုတ်ကာ မေးလိုက်၏။ "ပင်လယ်ပြင်ဖွင့်လှစ်လို့ ရလာမဲ့ အကျိုးအမြတ်က ရေတပ် ကုန်ကျစရိတ်ကို ကာမိမယ်လို့ မင်း ဘယ်လို အာမခံနိုင်မှာလဲ။ နောက်ပြီး မင်း ကိုယ်တော့်ကို အနောက်ဘက် အကြောင်း တစ်ကြိမ်မက ပြောဖူးတယ်။ မင်းက အနောက်ဘက်ကို အဲဒီလောက်တောင် အရေးကြီးတယ်လို့ ထင်နေတာလား။"
ဖန်ကျန်းရီက စေတနာအပြည့်ဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး သိပ်နားမလည်လို့သာ မိုးမရွာခင် ကြိုတင်ပြင်ဆင်ထားဖို့ တိုင်းပြည်ကို သတိပေးရတာပါ။ အခုအချိန်မှာ အရှုံးခံပြီး လုပ်ရမယ်ဆိုရင်တောင် တန်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ ဒါ့အပြင် ရေကြောင်းပို့ဆောင်ရေးရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်ကြောင့် အနာဂတ်မှာ ရရှိလာမယ့် အကျိုးအမြတ်က နန်းတွင်းက အမတ်တွေရဲ့ စိတ်ကူးထက် အများကြီး သာလွန်နေလိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။"
ဘုရင်မင်းမြတ်က ပြောလိုက်၏။ "ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခန့်မှန်းနေရုံနဲ့ ဘာမှအသုံးမဝင်ဘူး။ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲ အသစ်ဝင်လာတဲ့ ငွေတွေကို ဌာနအသီးသီးက ခွဲဝေယူဖို့ စဉ်းစားနေကြတယ်။ အထက်အောက် အကုန်လုံးက ငွေသုံးဖို့ စောင့်နေကြတာ။
ငါတို့ တာ့ကျင်းရဲ့ အဓိက ရန်သူက မြောက်ဘက်မှာ ရှိတာ။ မသိရသေးတဲ့ အနောက်ဘက်မှာ မဟုတ်ဘူး။ မင်း ပင်လယ်ပြင်ကို ဖွင့်လှစ်ချင်ရင် အရင်ဆုံး တခြားသူတွေကို သဘောတူအောင် ပြောရလိမ့်မယ်။ ပြီးတော့ မင်းရဲ့ အခု အကြောင်းပြချက်တွေက အတော်လေး ဝေဝါးလွန်းနေတယ်။ ကိုယ်တော် တစ်ယောက်တည်းကိုတောင် သဘောတူအောင် မပြောနိုင်ဘူးဆိုတော့ ဒီကိစ္စကို လောလောဆယ် ထပ်မပြောပါနဲ့တော့။"
ဖန်ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သဘောတူအောင် မပြောနိုင်ဘူးလား။ ထိုသို့ဆိုလျှင် သူ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်မည်။