အခန်း ၆၁၁
Vol. 33 Ch. 611
အပိုင်း (၆၁၁) ဒဏ္ဍာရီလာ အနောက်တိုင်းသမိုင်းနှင့် ဘုရင်မင်းမြတ် ၏ စိတ်ဝင်စားမှု။
ဖန်ကျန်းရီသည် မျက်လုံးများကို လှည့်ပတ်ကာ ပါးစပ်ထဲရှိရာကို လျှောက်ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်မျိုး အရင်က ဝူမင်းသားရဲ့ သင်္ဘောပေါ်မှာ မြေပုံတစ်ချပ် တွေ့ခဲ့ပါတယ်။ အဲဒီအပေါ်မှာ အနောက်ဘက် နဲ့ ပတ်သက်တဲ့ သတင်းတချို့ ရေးမှတ်ထားပါတယ်။ နောက်ပြီး ဝူမင်းသားကလည်း ကျွန်တော်မျိုးကို ကိုယ်တိုင် ရှင်းပြခဲ့ပါသေးတယ်။"
ဘုရင်မင်းမြတ် သည် သံသယဝင်စွာဖြင့် မေးလိုက်၏။ "ဟင် ... ဒီကိစ္စကို မင်း ဘာလို့ အစောကြီးကတည်းက မပြောခဲ့တာလဲ။ ပြောပြစမ်းပါအုံး။"
ဖန်ကျန်းရီသည် လည်ချောင်းဟန့်ကာ လျှောက်တင်လိုက်သည်။ "တကယ်တော့ သူပြောတာတွေ မှန်သလားဆိုတာကို ကျွန်တော်မျိုး အတည်မပြုနိုင်လို့ပါ။ နောက်ပြီး အဲဒီ မြေပုံက အရမ်းဟောင်းနွမ်းနေပြီး ရေးဆွဲထားတာတွေကလည်း အတော်လေး ရှုပ်ထွေးနေတယ်။ ဒါကြောင့် သေချာမှု မရှိတဲ့ ကိစ္စတွေကို ကျွန်တော်မျိုး မပြောပြချင်လို့ပါ။
ဝူမင်းသား ပြောစကားအရဆိုရင် အနောက်ဘက်က အရိုင်းအစိုင်းတွေ နေတဲ့ နေရာ မဟုတ်ပါဘူး။ သူ့ကိုယ်ပိုင် ယဉ်ကျေးမှု ရှိပါတယ်။ မြေပုံပေါ်မှာ မှတ်တမ်းတင်ထားတာက အနောက်ဘက်မှာ အကြီးဆုံး နိုင်ငံတစ်ခု ရှိပြီး ရှေးဟောင်းရောမလို့ ခေါ်ပါတယ်။ ဘုရင်မင်းမြတ်ကိုတော့ ကဲသာဘုရင်မင်းမြတ် လို့ ခေါ်တယ်။ မူလက အနောက်ဘက်ကလည်း တကွဲတပြားစီ ဖြစ်နေပေမဲ့ ကဲသာဘုရင်မင်းမြတ်က ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပြီး အရှေ့အနောက်ကို တိုက်ခိုက်ကာ စစ်ရေးအောင်ပွဲတွေ အများကြီး ရယူနိုင်ခဲ့တယ်။ ပြီးတော့ ကြီးမားတဲ့ နိုင်ငံကြီး တစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။
ဒါပေမဲ့ တိုင်းပြည်က တည်ငြိမ်သွားပြီးနောက်မှာလည်း ပြင်ပရန်သူတွေ ရှိနေသေးလို့ ကဲသာဘုရင်မင်းမြတ် က နိုင်ငံတစ်ခုလုံးရဲ့ ခွန်အားကို သုံးပြီး အရှေ့မြောက် နယ်စပ်မှာ မက်ဆီဒိုးနီးယား ခံတပ်လို့ ခေါ်တဲ့ ခံတပ်ကြီး တစ်ခုကို တည်ဆောက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူ့အတွက် ဂူဗိမာန်ကိုလည်း တည်ဆောက်ခဲ့တယ်။
ပင်လယ်ရပ်ခြားက အဲဒီ ဂူဗိမာန်ကို ပိရမစ်လို့ ခေါ်ပြီး ဝိညာဉ်တွေ မှီခိုရာ နေရာဆိုတဲ့ အဓိပ္ပာယ်နဲ့ ဧရာမ ကျောက်တုံးကြီးတွေကို အထပ်ထပ် စီပြီး တည်ဆောက်ထားတာပါ။ ဒီစီမံကိန်း ကြီးနှစ်ခုလုံးအတွက် ပြည်သူ သောင်းနဲ့ချီပြီး အသုံးပြုခဲ့ရတယ်။
ဒီလောက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီး နှစ်ခုကြောင့် ပြည်သူတွေက ဆင်းရဲဒုက္ခ ရောက်ခဲ့ရပြီး ... ပုန်ကန်မှုတွေ အများကြီး ပေါ်ပေါက်လာခဲ့တယ်။ ကဲသာဘုရင်မင်းမြတ်က ကိုယ်တိုင် စစ်ထွက်မတိုက်ခင်မှာပဲ လမ်းမှာတင် ကွယ်လွန်သွားခဲ့တယ်။ ... တိုင်းပြည် မတည်မငြိမ် ဖြစ်နေချိန်မှာ ကဲသာဘုရင်မင်းမြတ် က သားအကြီးဆုံး အာသာကို ထီးနန်းဆက်ခံဖို့ သေတမ်းစာ ရေးခဲ့တယ်။
ဒါပေမဲ့ ဒီလူက အရည်အချင်းရှိပေမဲ့ အရမ်းကို ရိုးသားလွန်းတယ်။ အချိန်ခဏလေးအတွင်းမှာတင် သူ့ရဲ့ ညီအရင်း ဆာရယ်က ကိုယ်ရံတော် မိန်းမစိုးရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ သေတမ်းစာကို ပြင်ဆင်ပြီး ထီးနန်းကို လုယူသွားခဲ့တယ်။
ကံကောင်းထောက်မစွာနဲ့ပဲ အာသာကလည်း လက်အောက်ခံတွေရဲ့ အကူအညီနဲ့ အဝေးကို ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ ကဲသာဘုရင်မင်းမြတ်ရဲ့ လက်အောက်ခံ စစ်သူကြီး ဆော်ရွန်က အခြေအနေ မတည်ငြိမ်တာကို မြင်တော့ သူ့လက်အောက်က စစ်သူကြီး နှစ်ယောက်ဖြစ်တဲ့ ဒမ်ဘယ်ဒိုးနဲ့ ခရိတ်တိုတို့ကို ဦးဆောင်တယ်။ စပါတာ စစ်သည် ငါးသောင်းနဲ့ ဘုရင်မင်းမြတ်ရဲ့ ဘေးနားက လူဆိုးတွေကို ရှင်းလင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုန်ကန်ဖို့ ကြိုးစားခဲ့တယ်။
အဲဒီကစပြီး တစ်ပြည်လုံးက သူရဲကောင်းတွေ ပေါ်ထွက်လာခဲ့တယ်။ ဆာရယ်ဆိုတဲ့ လူက အသုံးမကျတဲ့သူ ဖြစ်လို့ အခြေအနေကို မတုံ့ပြန်နိုင်ခင်မှာပဲ ဆော်ရွန်က ဘုရင်မင်းမြတ်ကို ဓားစာခံလုပ် မြို့စားတွေကို အမိန့်ပေးပြီး နန်းသိမ်းခဲ့တယ်။"
ဘုရင်မင်းမြတ် သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ဟက် ... ဒီဆော်ရွန်က မြေခွေးလို ယုတ်မာတဲ့ ရည်မှန်းချက် ရှိတယ်။ သတ်ပစ်သင့်တယ်။"
ဘုရင်မင်းမြတ် စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ဖန်ကျန်းရီ အလွန်ဝမ်းသာသွားပြီး လျှောက်တင် လိုက်သည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး ပြောလို့ မပြီးသေးပါဘူး။"
သောက်ကျိုးနည်း။ သမိုင်းဘာသာရပ်ကို ကောင်းကောင်း မသင်ခဲ့ရသည့်အပြင် အများစုကို မေ့နေပြီဖြစ်၍ ယခုအခါ ခေါင်းထဲတွင် ရှိသမျှအရာများကို ဆွဲထုတ်ကာ အတင်းအကျပ် ဆက်စပ်ပေးနေရ၏။
ဖန်ကျန်းရီက ဆက်လက်၍ ပုံပြင်ဆင်လိုက်သည်။ "ဆော်ရွန်က အခွင့်အရေး ရသွားပေမဲ့ ရောမရဲ့ သားအကြီးဆုံး အာသာက အပြင်ဘက်မှာ သြဇာလွှမ်းမိုးမှု ရှိနေဆဲပါ။ တိုင်းပြည်ကို အမွေဆက်ခံတဲ့ အမှတ်အသားဖြစ်တဲ့ နာဒီယာ ရတနာကိုလည်း သူနဲ့အတူ ယူဆောင်သွားခဲ့ပါတယ်။ သစ္စာရှိတဲ့ မှူးမတ်တွေနဲ့ သူရဲကောင်းတွေ အများကြီးကလည်း သူ့နောက်ကို လိုက်ပါသွားကြတယ်။
ဒီအတွက်ကြောင့် အင်ပါယာကြီး ပြိုကွဲသွားတယ်။ အာသာက စတုန်းဝင်းမြို့ကို အခြေချကာ အဇာရော့နဲ့ နော့သရန်းဆိုတဲ့ ပြည်နယ် နှစ်ခုကို သိမ်းပိုက်ခဲ့တယ်။ သူ့လက်အောက်မှာ ဟော့ဘစ် သူရဲကောင်း နှစ်သိန်းနဲ့ နီဖလင် မျိုးနွယ်စု တစ်သိန်း ရှိတယ်။ နောက်ပြီး ထိပ်တန်း အကြံပေး အမတ်ကြီး ဂန်ဒေါ့ဖ်ကလည်း သူ့အတွက် အကြံဉာဏ်တွေ ပေးခဲ့တယ်။
အင်အားစု နှစ်ခုက ဆယ်နှစ်ကျော်ကြာ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတော့ ဆော်ရွန်က အသာစီးရသွားတယ်။ အာသာကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့တယ်။ အာသာကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ ဒီလူက အရမ်းကို ဟန်ဆောင်ကောင်းတယ်။ သူ့ကိုယ်သူ သစ္စာရှိတဲ့ အမတ်လို့ ခေါ်ဆိုပြီး နောက်ဆုံးတော့ စစ်တပ်က ပုန်ကန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထီးနန်းကို လုယူခဲ့တယ်။
တိုင်းပြည်ကို သိမ်းပိုက်ပြီးနောက်မှာ ဆော်ရွန်က တိုင်းပြည်အတွက် အကျိုးပြုခဲ့တဲ့ မှူးမတ်တွေကို စုစည်းပြီး ညစာစားပွဲမှာ ခြိမ်းခြောက်သွေးဆောင်တယ်။ စစ်တပ်အာဏာကို ပြန်အပ်ဖို့ ဖိအားပေးခဲ့တယ်။
နောက်ဆုံးမှာ လက်အောက်ခံ စစ်သူကြီး နှစ်ယောက်က စစ်တပ်အာဏာကို ပြန်အပ်လိုက်ပြီးနောက် ဒမ်ဘယ်ဒိုး က ခေါင်းဖြတ်သတ်ခံရပြီး ခရိတ်တိုကတော့ ပြည်နှင်ဒဏ် ပေးခံရတယ်။ ပြီးတော့ ရောမကို နေမဝင် အင်ပါယာအဖြစ် ပြောင်းလဲလိုက်တယ် ... နောက်ပိုင်းအကြောင်းတွေကိုတော့ ကျွန်တော်မျိုးလည်း မသိတော့ပါဘူး။
ဒီအကြောင်းတွေက အရမ်းရှေးကျတဲ့ သမိုင်းတွေဖြစ်ပြီး နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲဆိုတာ မသိရဘူးလို့ ဝူမင်းသားဆီကနေ ကျွန်တော်မျိုး ကြားခဲ့ရတာပါ။ အခုဆိုရင် အနောက်ဘက်က ထပ်ပြီး တကွဲတပြားစီ ဖြစ်သွားပြန်ပြီတဲ့။
ဒီအကြောင်းအရာတွေက အတော်လေး ရှုပ်ထွေးနေတော့ ကျွန်တော်မျိုးလည်း ဒီနေ့မှ ရင်ဖွင့်ပြီး ပြောပြလိုက်တာပါ။"
ပြောပြီးသွားသောအခါ ဖန်ကျန်းရီသည် နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်၏။ သူ၏ ခေါင်းထဲတွင် ရှိသမျှ အကြောင်းအရာများကို တူးထုတ်ကာ အကုန်လုံးကို ချုပ်စပ်ထားခဲ့ခြင်း ဖြစ်သည်။
ဘုရင်မင်းမြတ်သည် မျက်မှောင်ကြုံ့ထားပြီး စိတ်ထဲတွင် တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရ၏။ အဘယ်နေရာတွင် မှားယွင်းနေသည်ကိုတော့ မပြောနိုင်သေးချေ။ ချက်ချင်းပင် စဉ်းစားမိကာ မေးလိုက်၏။ "ဒီလောက် ရှုပ်ထွေးနေတဲ့ နာမည်တွေကို မင်းက မှတ်မိနေတာလား။"
ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ဒီနိုင်ငံခြားသားတွေရဲ့ နာမည်တွေက ဒီလိုပဲ ရှုပ်ထွေးနေတာပါ။ ကျွန်တော်မျိုးက ဒီလို ထူးထူးဆန်းဆန်း အရာတွေကို မှတ်မိလွယ်ပါတယ်။ ဒါကြောင့် အတော်လေး ရှင်းရှင်းလင်းလင်း မှတ်မိနေတာပါ။ ကျွန်တော်မျိုးက ဝူမင်းသားဆီကနေ ကြားခဲ့ရတာဆိုတော့ လုံးဝ မမှားပါဘူး။ အရှင်မင်းကြီး မယုံဘူးဆိုရင် ကျွန်တော်မျိုးကို စစ်မေးကြည့်လို့ ရပါတယ်။"
ဘုရင်မင်းမြတ်သည် လက်ဝှေ့ယမ်းကာ သက်ပြင်းချလိုက်ပြီး အနည်းငယ် ဝေခွဲမရဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။ "မင်း ပြောပုံအရဆိုရင် ဒီအနောက်ဘက်က နိုင်ငံတွေက တကယ်ပဲ အရိုင်းအစိုင်းတွေ မဟုတ်ဘူးဆိုတဲ့ သဘောပဲ ... ဒါပေမဲ့ ဒါက တကယ်ပဲ အစစ်အမှန်လား။"
ဖန်ကျန်းရီသည် ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေလျက် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ဒါက အမှန်လား အမှားလားဆိုတာကို ကျွန်တော်မျိုးလည်း သက်သေမပြနိုင်ပါဘူး။"
ယောက္ခထီးအပေါ် ဤကဲ့သို့ လိမ်ညာရခြင်းက အတော်လေး ရင်ခုန်စရာ ကောင်းသည်။ သို့ပေမည့် ပင်လယ်ရပ်ခြားအပေါ် စိတ်ဝင်စားသွားအောင် လုပ်နိုင်လျှင် အရာအားလုံးက တန်ဖိုးရှိသွားပေမည်။
ဘုရင်မင်းမြတ် က မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောလိုက်သည်။ "ဟက် ... လောလောဆယ်တော့ အမှန်လို့ပဲ သတ်မှတ်ထားလိုက်တာပေါ့ ... စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။ ဒီကဲသာဘုရင်မင်းမြတ် ကို ကိုယ်တော် တစ်ချက်လောက် တွေ့ချင်မိတယ်။ နှမြောစရာကောင်းတာက သူတို့အားလုံး ကွယ်လွန်သွားကြပြီပဲ။ ဒါပေမဲ့ ဆော်ရွန်လို လူမျိုးက ဟန်ဆောင်ကောင်းပြီး ကောက်ကျစ်စဉ်းလဲတယ်။ စစ်တပ်အာဏာကို ရယူပြီးတာတောင်မှ ပြင်းပြင်းထန်ထန် အရေးယူရက်သေးတယ်ဆိုတော့ တစ်ပြည်လုံးက ပြည်သူတွေကို စိတ်ပျက်အောင် လုပ်နေတာ မဟုတ်ဘူးလား။ တကယ့်ကို အမြင်ကျဉ်းမြောင်းလွန်းတယ်။ နေမဝင်အင်ပါယာလို့တောင် ခေါ်ရဲသေးတယ်။ တကယ့်ကို ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ။"
ဖန်ကျန်းရီက အခွင့်အရေးကို ဆုပ်ကိုင်ကာ မြှောက်ပင့်လိုက်၏။ "အရှင်မင်းကြီးက ကြီးမြတ်ပါတယ်။ ဆော်ရွန်လို သာမန်လူတစ်ယောက်က ဆွေးမြည့်နေတဲ့ မြက်ပင်ပေါ်က ပိုးစုန်းကြူးလောက်ပဲ ရှိတာပါ။ ကောင်းကင်ပေါ်က လမင်းကြီးလို တောက်ပနေတဲ့ အရှင်မင်းကြီးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။"
လီယွမ်ကျောက်သည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လိုက်သည်။ "ခမည်းတော် ... ဖန်ကြီး ပြောစကားအရဆိုရင် ဒီအနောက်ဘက်က အတော်လေး နက်နဲတဲ့ သမိုင်းကြောင်း ရှိနေတာပဲ။ ဒါဆိုရင် ကျုပ်တို့ ကြိုတင်ပြီး မကာကွယ်ထားလို့ မဖြစ်ဘူးနော်။"
သူသည် စိတ်ဝင်စားနေသည်။ နောက်မှ ဖန်ကြီးကို ထပ်ပြီး အသေးစိတ် မေးကြည့်ရမည်။
စပါတာဆိုတာ ဘာလဲ၊ ဟော့ဘစ်ဆိုတာ ဘာလဲ။ ဒီနိုင်ငံခြားသားတွေ လုပ်တဲ့ အကွက်တွေကလည်း အတော်လေး များပြားတာပဲ။
ဖန်ကျန်းရီသည် ဘုရင်မင်းမြတ်၏ အမူအရာကို သေချာစောင့်ကြည့်ရင်း လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး သိထားတဲ့ အနောက်တိုင်း သမိုင်းကတော့ ဒီလောက်ပါပဲ။ အမှန်လား အမှားလား မသိရပေမဲ့ အကုန်လုံးတော့ အတု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်မျိုး စဉ်းစားမိတာက အနောက်ဘက်မှာ ဒီလောက် နှစ်တွေ ကြာသွားပြီဆိုတော့ နောက်ဆုတ်သွားဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။"
ဘုရင်မင်းမြတ်သည် ခေါင်းညိတ်ပြီး တိတ်ဆိတ်သွား၏။ အတုဟု ပြောရမည်ဆိုလျှင်လည်း သူပြောနေသည်မှာ အစအဆုံး အကုန်အစင် ပါဝင်နေပြီး လူအမည်များပင် ပါဝင်ကာ တိုင်းပြည်အမွေအနှစ်ဖြစ်သော နာဒီယာ ရတနာဟုပင် ပြောဆိုနိုင်သေးသည်။ သို့သော်ငြား အမှန်ဟု ပြောရမည်ဆိုလျှင်လည်း ... စိတ်ထဲတွင် တွေးလေတွေးလေ ထူးဆန်းနေလေ ဖြစ်သည်။ ပင်လယ်ရပ်ခြား ယဉ်ကျေးမှုနှင့် အသားမကျသေးသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဖန်ကျန်းရီက စမ်းသပ်မေးမြန်းလိုက်သည်။ "အရှင်မင်းကြီးမှာ ဘယ်လို ခံစားချက်များ ရှိပါသလဲ။ အနောက်ဘက်ကို သင်္ဘောတွေ လွှတ်ပြီး စူးစမ်းလေ့လာဖို့ အစီအစဉ်များ ရှိပါသလား။ ကျွန်တော်မျိုး ဝူမင်းသား ရဲ့ သင်္ဘောပေါ်မှာ ပိုးထည်တွေနဲ့ ကြွေထည်တွေ အများကြီး တွေ့ခဲ့ရပါတယ်။ အဲဒီပစ္စည်းတွေက အနောက်ဘက်မှာ ရွှေလောက် တန်ဖိုးရှိတယ်လို့ ကြားရတယ်။ တကယ်လို့သာ အမှန်ဆိုရင် ကျွန်တော်မျိုးတို့ဆီက သာမန်ပစ္စည်းတွေက ပင်လယ်ရပ်ခြားကို ရောက်သွားရင် ရွှေတောင် ၊ ငွေတောင်တွေနဲ့ လဲလှယ်နိုင်မှာပါပဲ။"
ဘုရင်မင်းမြတ် က တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ "... မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။"
တကယ် ဤသို့သောနိုင်ငံမျိုး ရှိနေမည်ဆိုလျှင်ပင် ရန်သူလား မိတ်ဆွေလား ဆိုတာကို မသိရသေးချေ။ သို့သော်ငြား တစ်ဖက်လူ၏ အခြေအနေကို အနည်းနှင့်အများတော့ သိထားသင့်သည်။
ဘုရင်မင်းမြတ်သည် ဖန်ကျန်းရီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။ "သင်္ဘောအုပ်စု စေလွှတ်တာကတော့ ရပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်ဖွင့်လှစ်တဲ့ ကိစ္စကိုတော့ လောလောဆယ် ခွင့်မပြုနိုင်သေးဘူး။ ကိုယ်တော် သိပါတယ်။ မင်းက နံရံနဲ့ မတိုက်မိမချင်း နောက်မဆုတ်တတ်ဘူးဆိုတာကို။ မသိရသေးတဲ့ နေရာတွေကို စူးစမ်းလေ့လာဖို့ သင်္ဘောအုပ်စု စေလွှတ်တာက အပြစ်ပြောစရာ မရှိပေမဲ့ ပင်လယ်ပြင်ဖွင့်လှစ်တာကတော့ အရမ်း အရေးကြီးတဲ့ ကိစ္စပဲ။"
ဖန်ကျန်းရီက ခေါင်းညိတ်ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး ထင်တာကတော့ နန်းတွင်းကနေပဲ ပင်လယ်ထွက်မယ်ဆိုရင် အင်အားက လုံလောက်မှာ မဟုတ်ပါဘူး။ သြဇာကြီးမားတဲ့ မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အင်အားကို အပြည့်အဝ အသုံးချနိုင်မှသာ ကျုပ်တို့က ကြီးမားတဲ့ အကျိုးအမြတ်ကို ရရှိနိုင်မှာပါ။"
ဘုရင်မင်းမြတ် သည် ဖန်ကျန်းရီကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။ "ကိုယ်တော့်ကို ထပ်မပြောနဲ့တော့။ မင်းမှာ အရည်အချင်းရှိရင် တခြားသူတွေကို သဘောတူအောင် သွားပြောချေ။"
ဖန်ကျန်းရီ၏ ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားခဲ့၏။ အဆင်ပြေသွားပြီပဲ။
သူက လျှောက်တင်လိုက်သည်။ "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။"