အခန်း ၆၁၃
Vol. 33 Ch. 613
အပိုင်း (၆၁၃) အငြင်းပွားမှု ထပ်မံပေါ်ပေါက်ခြင်း။
လီယွမ်ကျောက်က အရင်ဆုံး ရှေ့ထွက်ကာ လျှောက်တင်လိုက်သည်။ "ခမည်းတော် ... သားတော်က သမင်၊ ဒရယ်စတဲ့ တောကောင် အများကြီးကို စုဆောင်းခိုင်းထားပါတယ်။ နောက်ပြီး ဝံပုလွေ အကောင် ငါးဆယ်ကျော် ကိုလည်း မနေ့ကမှ အထဲကို ထည့်လိုက်ပါတယ်။"
ဝံပုလွေ အကောင် ငါးဆယ်ကျော်တဲ့လား။ တကယ်လို့ အပြင်ဘက်ကို ထွက်ပြေးသွားရင် ပြဿနာ မတက်ဘူးလား။
ဘုရင်မင်းမြတ်သည် အစပိုင်းတွင် အနည်းငယ် လန့်သွားသော်လည်း အမဲလိုက်ကွင်းအတွင်း၌ မည်သည့် ပြဿနာမှ မဖြစ်နိုင်ဟု ချက်ချင်း တွေးမိကာ ခေါင်းညိတ်လိုက်၏။
ဖန်ကျန်းရီကလည်း သိပ်ဂရုမစိုက်ပေ။ မနေ့တည်းက ဤသတင်းကို သူ သိထားပြီးဖြစ်သည်။ ဝံပုလွေ အကောင် ငါးဆယ်ကျော် ဆိုသည်မှာ နားထောင်ရသည်မှာ များပြားသော်လည်း ကြီးကြီးမားမား အန္တရာယ် မပေးနိုင်ချေ။ ထို့အပြင် အားလုံးက အသစ်ဖမ်းလာသည်ဖြစ်ရာ ခေါင်းဆောင် ဝံပုလွေလည်း မရှိကြပေ။
ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... အမဲလိုက်ကွင်းထဲမှာ ကျား၊ ကျားသစ်၊ ဝက်ဝံညိုလိုမျိုး သားရဲတွေ ရှိနေမလား။"
ဘုရင်မင်းမြတ် က ခေါင်းယမ်းလိုက်၏။ "မရှိလောက်ပါဘူး။ အရင်ကတော့ ရှိဖူးတယ်။ ဒါပေမဲ့ ကျားနဲ့ ကျားသစ်တွေက အပြင်ကို အလွယ်တကူ ထွက်ပြေးနိုင်တယ်။ အရင်တုန်းက အမဲလိုက်ကွင်းကနေ ကျားတွေ ထွက်ပြေးပြီး ဒေသခံတွေကို ဒုက္ခပေးဖူးလို့ လူလွှတ်ပြီး သတ်ပစ်ခဲ့ရတယ်။ မကြာသေးခင် နှစ်တွေအတွင်း မှာတော့ သားရဲတွေ ဒုက္ခပေးတယ်ဆိုတဲ့ သတင်း သိပ်မကြားရတော့ပါဘူး။"
ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "ဒါဆိုရင်လည်း တော်ပါသေးတယ်။ ကျွန်တော်မျိုး ခဏနေရင် အိမ်ရှေ့စံနဲ့ အတူတူ သွားဖို့ ပြင်ဆင်ထားပါတယ်။ အရှင်မင်းကြီးကရော ဘယ်လို စီစဉ်ထားပါသလဲ။"
ဘုရင်မင်းမြတ် က တည်ငြိမ်စွာ မိန့်ကြားလိုက်၏။ "ကိုယ်တော်ကတော့ တစ်ယောက်တည်း အမဲလိုက်မှာပေါ့။ မင်းတို့ဟာ မင်းတို့သာ သွားကြပါ။"
ဖန်ကျန်းရီ အံ့သြသွားပြီး လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးက ဘာလို့ တစ်ယောက်တည်း သွားမှာလဲ။ တကယ်လို့ ဝံပုလွေအုပ်နဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ။"
ဘုရင်မင်းမြတ် က ရယ်မောကာ ပြန်ဖြေလိုက်၏။ "ကိုယ်တော်က အမြဲတမ်း တစ်ယောက်တည်း အမဲလိုက်နေကျ။ လူတွေရဲ့ အကာအကွယ် ဘာလို့ လိုမှာလဲ။ အမဲလိုက်ကွင်းထဲမှာ အရင်တည်းက ဝံပုလွေတွေ ရှိပါတယ်။ တစ်အုပ်ကို အကောင်အနည်းငယ်ပဲ ရှိတာပါ။ ကိုယ်တော် မြင်းစီးပြီး အမဲလိုက်တာဆိုတော့ ဝံပုလွေအုပ်လောက်က ဘာမှ မဟုတ်ပါဘူး။
ကဲပါ ... ထပ်မပြောနဲ့တော့။ မင်းတို့ရဲ့ လက်နက်သစ်က ဘယ်လောက်တောင် ထူးခြားလဲဆိုတာကို ကိုယ်တော် ကြည့်ချင်သေးတယ်။ မင်းတို့နှစ်ယောက်ရဲ့ သားကောင်တွေက ကိုယ်တော် တစ်ယောက်တည်း ရတဲ့ သားကောင်လောက်တောင် များချင်မှ များမှာပါ။ အရင်ဆုံး သွားနားလိုက်ကြအုံး။ ပြီးမှ ထွက်ဖို့ ပြင်ဆင်ကြတာပေါ့။"
ဘုရင်မင်းမြတ် သည် ပြောရင်းဖြင့် တဲနန်းအတွင်းသို့ ပြန်ဝင်ကာ အမဲလိုက်ဝတ်စုံ သွားလဲသည်။
ထိုအခါ ဖန်ကျန်းရီက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "အရှင်မင်းကြီး တစ်ယောက်တည်း တကယ်ပဲ ပြဿနာ မရှိနိုင်ဘူးလား။"
လီယွမ်ကျောက်က ရယ်မောလိုက်သည်။ "ဖန်ကြီး ... ခင်ဗျား ဘာတွေ လျှောက်ပြီး စိုးရိမ်နေတာလဲ။ ခမည်းတော်က အမြဲတမ်း တစ်ယောက်တည်း သွားနေကျပါ။ အမဲလိုက်တာကို လူတွေ ဘယ်လိုလုပ် အဖော်လိုက်လို့ ရမှာလဲ။ ဒါပေမဲ့ စိတ်ချပါ။ အနောက်မှာ အစောင့်အရှောက်တွေ ပါပါတယ်။ နောက်ပြီး အမဲလိုက်ကွင်းက ဒီလောက် ကြီးတာဆိုတော့ ဝံပုလွေတွေနဲ့ တွေ့ဖို့ဆိုတာ ခက်တယ်။ ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။ မြန်မြန်သာ ခင်ဗျားရဲ့ ပစ္စည်းကောင်းတွေကို ထုတ်ပြီး ကျုပ်ကို အရင်ဆုံး မျက်စိပွင့်အောင် လုပ်ပေးစမ်းပါ။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "ကျုပ် အိမ်ရှေ့စံအတွက် အစောကြီးကတည်းက ပြင်ဆင်ထားပြီးပါပြီ။ တောထဲရောက်မှ စမ်းကြည့်တာပေါ့။ ကျုပ်နောက်ကို လိုက်ခဲ့ပါ။"
သူတို့နှစ်ယောက်သည် မလှမ်းမကမ်းရှိ ကျန်းပြောင်တို့ အနားယူနေသည့် နေရာသို့ ရောက်ရှိသွားကြရာ ဖန်ကျန်းရီက ပြောလိုက်သည်။ "မြင်းတွေ အကုန်လုံး ဆွဲလာခဲ့။ ခဏနေရင် ငါနဲ့ အိမ်ရှေ့စံနောက်ကနေ တောထဲကို လိုက်ခဲ့။ မင်းတို့က ကျည်ဆန်လဲပေးဖို့ပဲ တာဝန်ယူ။ ကျန်တာ ဘာမှ လုပ်စရာမလိုဘူး။ ဒီနေ့တော့ အိမ်ရှေ့စံကို လက်ကိုင်သေနတ် အားရပါးရ ပစ်ခိုင်းရမယ်။"
လီယွမ်ကျောက်က ကျယ်လောင်စွာ ထောက်ခံလိုက်၏။ "ဟုတ်တယ်။ အားရပါးရ ပစ်ရမယ်။"
ဘာပစ္စည်းမှန်း မသိရသော်လည်း ဖန်ကြီး၏ လက်ထဲတွင် သေချာပေါက် ပစ္စည်းကောင်းများသာ ရှိနေမည်မှာ အမှန်ပင်။
ကျန်းပြောင်သည် မြင်းနှစ်ကောင်ကို တိတ်ဆိတ်စွာ ဆွဲလာခဲ့သည်။ မြင်းများပေါ်တွင် အဝတ်များ ဖုံးအုပ်ထားဆဲ ဖြစ်ပြီး ရုတ်တရက် ဖယ်ရှားလိုက်သောအခါ အထဲမှ အထူးပြုလုပ်ထားသော ကုန်းနှီးများ ပေါ်လာခဲ့၏။ မြင်း၏ လည်ပင်းနှင့် တင်ပါးနောက်ပိုင်းတွင် အကာအကွယ်များ ဖုံးအုပ်ထားပြီး ဘယ်ညာ နှစ်ဖက်ပေါင်းလိုက်ပါက လက်ကိုင်သေနတ် အလက် နှစ်ဆယ်ကျော် ချိတ်ဆွဲထားလသည်။
လီယွမ်ကျောက်သည် ဖန်ကျန်းရီကို သံသယဖြင့် ကြည့်ကာ မေးလိုက်၏။ "ဒါက ခင်ဗျား လျှို့လျှို့ဝှက်ဝှက် လုပ်ထားတဲ့ ပစ္စည်းလား။"
ဖန်ကျန်းရီက ၎င်းတို့ထဲမှ တစ်လက်ကို ဆွဲထုတ်ကာ ရှင်းပြလိုက်သည်။ "အိမ်ရှေ့စံ ... ဒါက မီးပေါက်လက်နက်ပဲ။ ဒီခလုတ်ကို ဆွဲလိုက်တာနဲ့ အထဲကနေ ကျည်ဆန် ထွက်လာလိမ့်မယ်။ စွမ်းအားကတော့ လေးမြားထက် ပိုအားကောင်းချင်မှ အားကောင်းလိမ့်မယ်။ ဒါပေမဲ့ ကိုင်လိုက်တာနဲ့ ချက်ချင်း သုံးလို့ရတယ်။ လေ့ကျင့်မထားတဲ့ ကလေးတစ်ယောက်တောင်မှ ဒါကို သုံးပြီး လူသတ်လို့ ရတယ်။ ကျည်ဆန် သုံးတောင့် ဆက်တိုက် ပစ်လို့ရပြီး တစ်လက်ကို တန်ဖိုး မနည်းလှဘူး။"
လီယွမ်ကျောက်က အံ့သြစွာ မေးလိုက်၏။ "ဒီလောက်တောင် စွမ်းတာလား။ လူတိုင်းသာ သုံးနိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ဖြစ်မသွားဘူးလား။"
လီယွမ်ကျောက်မှာ စမ်းသပ်ချင်စိတ်များ ပြင်းပြနေသဖြင့် ဖန်ကျန်းရီက အလျင်အမြန် တားလိုက်သည်။
"အိမ်ရှေ့စံ တောထဲရောက်မှ စမ်းကြည့်ပါ။ လျှို့ဝှက်ချက်လေးတော့ နည်းနည်း ထားရအုံးမယ်လေ။ ဒါက အမြည်း သတ်သတ်ပဲ ရှိသေးတယ်။"
ဒါက အမြည်း သတ်သတ်ပဲ ရှိသေးတာလား။
လီယွမ်ကျောက်သည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မေးလိုက်သည်။ "ဒီမီးပေါက်လက်နက်တွေက ကျုပ်တို့သုံးဖို့ လုံလောက်ရဲ့လား။ ခင်ဗျား အပြောအရဆိုရင် ဆက်တိုက် ပစ်ရမှာဆိုတော့ သိပ်ကြာကြာ ပစ်လို့ရမှာ မဟုတ်ဘူးနော်။"
ဖန်ကျန်းရီက ဖြေလိုက်၏။ "စိတ်ချပါ။ ကျည်ဆန် ထည့်ပေးဖို့ လူတွေ ခေါ်လာပါတယ်။ ခင်ဗျားကို သေချာပေါက် အားရပါးရ ပစ်ခိုင်းပါ့မယ်။"
လီယွမ်ကျောက်သည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ခမည်းတော် အဆင်သင့်ဖြစ်တာနဲ့ ကျုပ်တို့ အတူတူ ထွက်ကြတာပေါ့။"
ဖန်ကျန်းရီသည် အသုံးပြုပုံနှင့် သတိထားရမည့် အချက်များကို ဆက်လက် ရှင်းပြနေစဉ် မလှမ်းမကမ်းမှ ဆူညံသံများ ထွက်ပေါ်လာခဲ့၏။
သူတို့နှစ်ယောက် အလျင်အမြန် လှည့်ကြည့်လိုက်ရာ ဝမ်မုန်နှင့် နန်းတွင်းဆောင်မှ လူများ ရန်ဖြစ်နေကြသည်ကို မြင်လိုက်ရသည်။ ဖန်ကျန်းရီသည် မျက်နှာပျက်ယွင်းသွားပြီး အမြန် သွားရောက်လိုက်သည်။
နှစ်ဖက်စလုံး ငြင်းခုံနေကြဆဲဖြစ်ပြီး သမားတော်ဟူက မျက်နှာရဲရဲဖြင့် ပြော၏။ "မင်းက ငါ့ကို ဆဲရဲတယ်ပေါ့။ ငါက စေတနာနဲ့ မင်းနဲ့ ဆွေးနွေးမလို့လုပ်တာကို မင်းရဲ့ အပြုအမူက ဘယ်လိုဖြစ်နေတာလဲ။ ဘာ ပင်နီဆီလင်လဲ။ ငါ လေ့လာပြီးသွားပြီ။ ဒါက မုန်ညင်းချဉ်ရည် အဟောင်းတွေပဲ။ ရှေးလူကြီးတွေ အစောကြီးတည်းက တွေ့ရှိထားပြီးသားကို လျှို့ဝှက်သယောင် လုပ်နေသေးတယ်။"
ဝမ်မုန်က ဆဲဆိုလိုက်၏။ "ငတုံးကြီး။"
သမားတော်ဟူက အော်ဟစ်လိုက်သည်။ "ရိုင်းစိုင်းလိုက်တာ။ မင်းလို ကောင်လေးက အရမ်း မောက်မာနေတာပဲ။"
ဖန်ကျန်းရီ ရောက်သွားချိန်တွင် ဝမ်မုန်က တည်ငြိမ်စွာ ဆဲဆိုနေဆဲဖြစ်ပြီး ပုံမှန် စကားပြောနေသကဲ့သို့ပင် ဖြစ်နေ၏။ သို့သော်ငြား စကားလုံးတိုင်းသည် ရိုးရှင်းလှသော ဆဲဆိုစကားများ ဖြစ်နေသည်။ ဘေးနားရှိ လက်ထောက်မှာမူ လူတွေ အများကြီး ရောက်လာမည်ကို စိုးရိမ်ကာ ဘယ်ညာကိုသာ အားကိုးရာမဲ့စွာ ကြည့်နေ၏။
သမားတော်ဟူမှာမူ စိတ်ဓာတ်ကျကာ သည်းမခံနိုင်တော့လောက်အောင် ဖြစ်နေပြီ ဖြစ်သည်။ သို့သော်ငြား သူ၏ ယဉ်ကျေးမှု အဆင့်အတန်းက မြင့်မားလွန်းသဖြင့် ဆဲဆိုခြင်းကိုတော့ မပြုလုပ်သေးပေ။
ဖန်ကျန်းရီက ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဘာတွေ ရန်ဖြစ်နေကြတာလဲ။ ခဏလေး ထွက်သွားတာနဲ့ ဒီမှာ ပြဿနာ လာရှာနေကြတာလား။ ဝမ်မုန် ... ပြောစမ်း။"
ဝမ်မုန်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ "သခင်လေး ... သူက အဆက်မပြတ် နောက်ယောင်ခံလိုက်ပြီး ဒီမှာ ပြဿနာ လာရှာနေတာပါ။ ကျုပ်က သူ့ကို ဂရုမစိုက်ချင်လို့ နှစ်ခွန်းလောက် ဆဲလိုက်ရုံပါပဲ။"
သမားတော်ဟူက လည်ပင်းကြောထောင်ကာ အော်ပြောလိုက်၏။ "ဒီကောင်လေးက အရမ်း ရိုင်းစိုင်းတာပဲ။ ကျုပ် မေးခွန်း နည်းနည်းပဲ မေးတာကို သူက စိတ်မရှည်တော့ဘဲ စကားတွေ လျှောက်ပြောတော့တာပဲ။ ဖန်အမတ် ... ခင်ဗျား ဘက်လိုက်မှာတော့ မဟုတ်ပါဘူးနော်။"
ဝမ်မုန်က ဖြတ်ပြောလိုက်သည်။ "ကျုပ် ပြောပြီးပြီလေ။ ခင်ဗျား ပြောနေတဲ့ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုတာတွေကို ကျုပ် နားမလည်ဘူးလို့။ ပြီးပြီ မဟုတ်ဘူးလား။"
ဖန်ကျန်းရီက အလျင်အမြန် ဝင်တားကာ ဝမ်မုန်ကို ဘေးသို့ ဆွဲခေါ်သွားပြီး ဆူပူလိုက်၏။ "အေးပါ ပြီးပါပြီ ပြီးပါပြီ။ ခင်ဗျား ပြဿနာ ရှာနေတာ မဟုတ်ဘူးလား။ ဒီနေ့ ဘုရင်မင်းမြတ် လည်း ရှိနေတယ် ပြဿနာ မရှာနဲ့။ နားမလည်ရင် သူများဆီကနေ သွားသင်ယူလေ။ သူက နန်းတွင်း သမားတော်ပဲ။ အရေးကြီးတဲ့ ကိစ္စတွေမှာ ဘာသိပ္ပံပညာအကြောင်း ပြောနေတာလဲ။"
ဝမ်မုန်က ဆင်ခြေပေးလိုက်သည်။ "သခင်လေး ကိုယ်တိုင် ပြောခဲ့တာလေ။ သက်သေ မရှိရင် မယုံနဲ့ဆို။"
ဖန်ကျန်းရီက ပြန်ဆဲလိုက်၏။ "ခင်ဗျား ကျုပ်ကိုပါ ပြန်ပြီး အာခံနေတာလား။ သုတေသန လုပ်ရင်းနဲ့ အရူးဖြစ်သွားပြီလား။"
ဝမ်မုန်က ဆက်ပြောလိုက်သည်။ "လက်တွေ့လုပ်ဆောင်မှုက အမှန်တရားကို စစ်ဆေးတဲ့ တစ်ခုတည်းသော စံနှုန်းပဲလို့ သခင်လေး ကျုပ်တို့ကို ပြောခဲ့တယ်လေ။"
ဖန်ကျန်းရီသည် နဖူးကို လက်ဖြင့်ဖိကာ အလွန် ခေါင်းကိုက်သွားသလို ပြောလိုက်၏။ "သောက်ကျိုးနည်း .. ခင်ဗျား ကျုပ်ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား။ ခင်ဗျားတို့ နှစ်ယောက်က လမ်းကြောင်း မတူဘူးလေ။ ရောဂါကုပြီး လူကယ်နိုင်ရင် ပြီးတာပဲ မဟုတ်ဘူးလား။ နန်းတွင်းဆေးဆောင် ဖွင့်လာတာ ဒီလောက် နှစ်တွေ ကြာနေပြီ၊ တိုင်းပြည်က ခင်ဗျားလောက်တောင် မတော်ဘူးလား။ ခင်ဗျား သူ့ကို အရှက်ခွဲချင်ရင် ပြည်သူတွေကြားမှာ သွားပြီး ဆေးခန်းဖွင့်လေ။ ဘယ်ဟာက ကောင်းလဲဆိုတာကို လူနာတွေက ပိုက်ဆံနဲ့ မဲပေးကြလိမ့်မယ်။"
ဝမ်မုန်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ "သခင်လေး ... ကျုပ် မြို့တော်မှာ ဆေးခန်း ဖွင့်လို့ ရလား။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ရတယ်။ ကျုပ်ပါ ရင်းနှီးမြှုပ်နှံပေးအုံးမယ်။ ပြန်ရောက်ရင် ပင်နီဆီလင်ကို မြို့တော် ယူသွားပြီး ရောဂါကု လူကယ်လိုက်။ ပိုက်ဆံရလာရင် ရန်ပုံငွေ လုပ်ပြီး ကိုယ့်ဟာကိုယ် သုတေသန လုပ်။ ကျန်တာကို ခရိုင်အတွက် ပေးလိုက်။"
ဝမ်မုန်၏ ခံစားချက်မဲ့နေသော မျက်နှာပေါ်တွင် ဝမ်းသာမှု အနည်းငယ် ပေါ်ထွက်လာပြီး ပြောလိုက်သည်။"ကျေးဇူးတင်ပါတယ် သခင်လေး။ ကျုပ် ပြန်ရောက်တာနဲ့ ပြင်ဆင်ပါ့မယ်။"
ဖန်ကျန်းရီသည် မကျေမနပ် ဖြစ်နေသော သမားတော်ဟူဘက်သို့ လှည့်ကာ နှစ်သိမ့်လိုက်၏။ "ဟူကြီး ... ခင်ဗျားကလည်း ဂုဏ်သတင်း ကြီးမားတဲ့သူပဲ။ ကလေးတစ်ယောက်နဲ့ ဘာလို့ ရန်ဖြစ်နေတာလဲ။"
သမားတော်ဟူက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
"ဖန်အမတ် ... ဒီလူက ရှေးလူကြီးတွေရဲ့ ရလဒ်ကို ခိုးယူထားတာကို ကျုပ် ပြောလို့ မရဘူးလား။"
ပင်နီဆီလင် ပြုလုပ်သည့် နည်းလမ်းကို သူ လူလွှတ်ပြီး စုံစမ်းကြည့်ရာ အစားအစာများပေါ်တွင် အစိမ်းရောင် မှိုတက်နေခြင်းမှလွဲ၍ အခြား မရှိပေ။ ပြန်ရောက်ပြီးနောက် စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုရာ အမှန်တကယ်ပင် အကျိုးအမြတ်များ ရရှိခဲ့၏။ ဤနည်းလမ်းကို ရှေးလူကြီးများက အစောကြီးတည်းက တွေ့ရှိခဲ့ပြီး ဓားဒဏ်ရာများကို ကုသသည့် လျှို့ဝှက်ဆေးနည်း တစ်ခုပင် ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ ခေတ်မစားခဲ့ခြင်းသာ ဖြစ်၏။
ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "အေးပါ ... ခိုးယူတာ ဘာရှိလို့လဲ။ ခင်ဗျားတို့ နှစ်ယောက်က လမ်းကြောင်းမှ မတူတာ။ ရောဂါကုလို့ ရရင် ပြီးတာပဲ မဟုတ်ဘူးလား။ ရောဂါကုပြီး လူကယ်နိုင်တဲ့ နည်းလမ်း နှစ်ခု ရှိနေတာ ပိုမကောင်းဘူးလား။ ကျုပ် အမြင်ကတော့ သူတို့က ငယ်ပါသေးတယ်။ ခင်ဗျားကလည်း အခွင့်အရေးလေး နည်းနည်း ပေးလိုက်ပါ။ ဘာလို့ ဒေါသထွက်နေမှာလဲ။"
သမားတော်ဟူသည် ဝမ်မုန်ကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဖန်အမတ် ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ခင်ဗျားရဲ့ ဒီစကားကြောင့် သူတို့ ကျုပ်ဆီကနေ သင်ယူချင်ရင် အချိန်မရွေး လာခဲ့လို့ ရပါတယ်။"
ဖန်ကျန်းရီက လက်မကို ထောင်ပြကာ ချီးကျူးလိုက်သည်။ "ဟူကြီးက တကယ့်ကို မျှတတာပဲ။"
ဝမ်မုန်က ခေါင်းပြူထွက်လာပြီး တည်ငြိမ်စွာ ဝင်ပြောလိုက်၏။ "သခင်လေး ပြောခဲ့တာလေ ... သိပ္ပံပညာမှာ မီးခိုးရောင်နယ်မြေ မရှိဘူး။ ယုတ္တိဗေဒနဲ့ သက်သေကို အခြေခံရမယ်။ တစ်က တစ်ပဲ၊ နှစ်က နှစ်ပဲဆို။ နည်းလမ်း နှစ်ခုက ဘယ်က ရောက်လာတာလဲ။ ကျုပ်တို့ သုတေသနဌာန ဝင်ခွင့်စာမေးပွဲမှာ အဖြေမှန် နှစ်ခု ထုတ်ပေးလို့ မရဘူးလေ။ အဲလိုဆိုရင် ရှုပ်ကုန်မှာပေါ့။ ကျုပ်က လူတွေကို ဘယ်လို ဆက်အုပ်ချုပ်ရမှာလဲ။"
လီယွမ်ကျောက်သည် ပွဲကြည့်ရင်း လက်ပိုက်ကာ မသမာသော အပြုံးဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်။ နိုင်ငံတွေ အများကြီးမှာ နည်းလမ်းတွေ အများကြီး ရှိတာပဲ။ ကျုပ်တို့ အကုန်လုံးကို သွားသင်လာခဲ့ရင် တာ့ကျင်းမှာ ရောဂါကြောင့် သေတဲ့သူ ရှိတော့မှာ မဟုတ်ဘူး မဟုတ်လား။"
သောက်ကျိုးနည်း။ သူက ပွဲကြည့်ရတာ အားမရသေးလို့လား။ ရန်ဖြစ်ရင်တောင်မှ ဒီနေရာမှာ ရန်ဖြစ်လို့ မရဘူးလေ။ ဒီနေ့ အရေးကြီးတဲ့ ကိစ္စ ရှိသေးတယ်။
ဖန်ကျန်းရီသည် ချွေးသံတရွဲရွဲဖြင့် လီယွမ်ကျောက်ကို အမြန်ဆွဲခေါ်သွားရင်း ပြောလိုက်၏။ "သွားမယ် သွားမယ် သွားမယ်။ အဆင်သင့် ဖြစ်ရင် ကျုပ်တို့ မြန်မြန် ထွက်ကြတာပေါ့။ ကျွမ်းကျင်တဲ့ အလုပ်တွေကို ကျွမ်းကျင်တဲ့ သူတွေဆီ အပ်ထားလိုက်ပါ။ ကျုပ်တို့က ဒီပြဿနာတွေကြားထဲ မဝင်ပါနဲ့။"