အခန်း ၆၁၄
Vol. 33 Ch. 614
အပိုင်း (၆၁၄) အောင်ပွဲလုခြင်း။
ပြင်ဆင်စရာဆို၍ သိပ်များများစားစားတော့ မရှိချေ။
သုံးရမည့် ပစ္စည်းများကို မြင်းပေါ်တွင် ချိတ်ဆွဲထားပြီးဖြစ်၏။
သို့ပေမည့် ကျင်းဘုရင်မင်းမြတ် မထွက်ခွာသေးသဖြင့် တခြားသူများသည်လည်း အရင်ထွက်၍ မရသေးပေ။
အချိန်သိပ်မကြာလိုက်ခင်မှာပင် ကျင်းဘုရင်မင်းမြတ်သည် အမဲလိုက်ဝတ်စုံ လဲလှယ်ပြီး လေးကိုလွယ်ကာ တဲထဲမှ တက်ကြွစွာ ထွက်လာသည်။
တဲအပြင်ဘက်တွင် လူများစွာ စုဝေးနေသည်ကို မြင်သောအခါ ပြုံးလိုက်၏။ "အမတ်ကြီးတို့ အားနာနေစရာ မလိုပါဘူး။ အခုပဲ ထွက်ကြတာပေါ့။"
ပြောရင်းနှင့် နာရီကို ကြည့်လိုက်သည်။ "နှစ်နာရီ... ငါးနာရီကြာရင် ဒီနေရာကို ပြန်လာပြီး လူစုကြမယ်။"
"အမတ်ဖန်မှာ တခြား အစီအစဉ် ရှိနေပြီဆိုတော့ ကိုယ်တော်တို့ စောစောသွားပြီး စောစော ပြန်လာကြတာပေါ့။ ဒီနေ့ ဘယ်လောက်ရရ ၊ ရသလောက်ပေါ့။"
လူအများက သဘောတူလိုက်ကြပြီး ကျင်းဘုရင်မင်းမြတ်၏ နောက်မှ တောထဲသို့ ဝင်သွားကြသည်။
ဖန်ကျန်းရီသည် လီယွမ်ကျောက်နှင့်အတူ လူနည်းသော လမ်းကြောင်းကို ရွေးပြီး တောနက်ထဲသို့ တဖြည်းဖြည်း ဝင်သွား၏။
သူတို့ နောက်လှည့်ကြည့်လိုက်ချိန်မှာတော့ မည်သူမှ မရှိတော့ချေ။ သားကောင်များကို စာရင်းကောက်ပေးသည့် နောက်လိုက်များ ရှိသော်လည်း ယခုအချိန်မှာတော့ အဝေးကြီး ရောက်နေပြီ ဖြစ်သည်။
လီယွမ်ကျောက်သည် မြင်းကုန်းနှီးထဲမှ သေနတ်ကို ဆွဲထုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်၏။ "ဖန်ကြီး ... ပစ်လို့ ရပြီလား။"
ဖန်ကျန်းရီက ဂရုတစိုက် သတိပေးလိုက်သည်။ "အိမ်ရှေ့စံမင်းသား သဘောအတိုင်း ပစ်လို့ ရပါတယ်။ ဒါပေမဲ့ သေနတ်ပြောင်းဝကို ကိုယ့်လူတွေဘက် လုံးဝ မလှည့်ပါနဲ့။ မတော်တဆ ကျည်ထွက်သွားတတ်တယ်။"
နောက်တစ်စက္ကန့်မှာပင် လီယွမ်ကျောက်သည် သေနတ်ကို ကိုင်ပြီး သစ်ပင်ပင်စည်ကို ချိန်ကာ ပစ်လိုက်၏။
ဒိုင်း။
သေနတ်သံ တစ်ချက် ထွက်ပေါ်လာပြီး သစ်ပင်ပင်စည်မှ သစ်သားစများ လွင့်စင်ထွက်သွားသည်။
လီယွမ်ကျောက် အံ့အားသင့်သွားပြီး လက်ထဲမှ သေနတ်ကို တစ်ချက် ကြည့်လိုက်၊ ဖန်ကျန်းရီကို တစ်ချက် ကြည့်လိုက် ဖြစ်နေ၏။
"ချီးတဲ့မှ … ။"
ဖန်ကျန်းရီက ခေါင်းညိတ် ပြုံးပြလိုက်သည်။
လီယွမ်ကျောက် သတိဝင်လာပြီး နောက်ထပ် တစ်ချက် ထပ်ပစ်လိုက်၏။
"ချီး .. "
လီယွမ်ကျောက်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး နောက်ထပ် သေနတ်တစ်လက်ကို ဆွဲထုတ်လိုက်သည်။ "ဖန်ကြီး ... ဒါက တကယ့်ကို အစွမ်းထက်တာပဲ။"
လက်နှစ်ဖက်စလုံးဖြင့် သေနတ်ကို ကိုင်ပြီး ရမ်းသမ်းပစ်လိုက်ရာ တောထဲမှ ငှက်များ အလန့်တကြား ပျံသန်းသွားကြ၏။
နှစ်စက္ကန့် သုံးစက္ကန့်အကြာမှာတော့ ပစ်၍ ပြီးသွားသည်။
လီယွမ်ကျောက်သည် လက်ထဲမှ သေနတ်ကို ကြည့်လိုက်သည်။ သေနတ်ပြောင်းဝမှ မီးခိုးဖြူများ ထွက်နေပြီး လက်ညှိုးကတော့ ခလုတ်ကို ဆက်တိုက် ဆွဲနေဆဲပင်။
သူ၏ ရင်ထဲတွင် ရဲစွမ်းသတ္တိများ ပေါ်လာပြီး အော်ဟစ်လိုက်၏။ "စွမ်းလိုက်တာ... တကယ်ကို စွမ်းတာပဲ။ ဒီလို နတ်ဘုရား လက်နက်မျိုး ရှိနေရင် လီယွမ်ကျောက်ကို လောကမှာ ယှဉ်နိုင်တဲ့သူ မရှိတော့ဘူး။"
ဖန်ကျန်းရီသည် အနေခက်စွာ ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်သည်။ "အဟမ်း အဟမ်း... အိမ်ရှေ့စံမင်းသား စိတ်လျှော့ပါအုံး။ ဒီပစ္စည်းက ထပ်ပြီး ပြုပြင်ဖို့ အများကြီး လိုပါသေးတယ်။ ကြည့်လေ... သုံးချက်ပဲ ပစ်လို့ရတယ်။ ကျည်ဆန် လဲရတာကလည်း တော်တော်လေး အလုပ်ရှုပ်တယ်။"
"ကျုပ်တို့ အရင်ဆုံး အမဲလိုက်သွားကြတာပေါ့။ ဒီလို နတ်ဘုရား လက်နက်မျိုး ရှိနေတာတောင် ကျုပ်တို့ နှစ်ယောက် က အရှင်မင်းကြီးကို ရှုံးသွားရင် မျက်နှာပြစရာ ရှိတော့မှာ မဟုတ်ဘူး။"
လီယွမ်ကျောက်က ထောက်ခံလိုက်သည်။ "ယုတ္တိရှိတယ်။ မြန်မြန်သွားကြရအောင်။ ကျုပ် သက်ရှိ သတ္တဝါ တစ်ကောင်ကောင်ကို ရှာပြီး စမ်းကြည့်ရအုံးမယ်။"
ယခု သဘာဝ ပတ်ဝန်းကျင် အနေအထားက တော်တော်လေး ကောင်းမွန်နေပြီး မြင်းစီး၍ ခြေလှမ်း ဆယ်လှမ်းခန့် မသွားရသေးခင်မှာပင် တောထဲတွင် တိရစ္ဆာန်လေးများ သွားလာနေသည်ကို တွေ့ရ၏။
မြင်းစီးပြီး နာရီဝက်ခန့် လျှောက်သွားပြီးသည့်နောက် ဖန်ကျန်းရီသည် သက်ရှိ သတ္တဝါ တော်တော်များများကို တွေ့လိုက်ရသည်။ သို့ပေမည့် အဓိကကတော့ ယုန်ကဲ့သို့သော အကောင်ငယ်လေးများသာ ဖြစ်သည်။
လီယွမ်ကျောက်သည်လည်း အပြစ်တင်မနေဘဲ သေနတ်ကို ကိုင်ပြီး ပစ်လိုက်၏။
အစပိုင်းတွင် သုံးချက် ၊ ငါးချက်ခန့်က မထိသော်လည်း အချိန်နည်းနည်း ကြာလာပြီး ကျန်းပြောင် လည်း ဘေးမှနေ၍ လမ်းညွှန်ပေးနေသဖြင့် သူသည် တဖြည်းဖြည်း ကျွမ်းကျင်လာသည်။
ယုန်နှင့် တွေ့လျှင် နှစ်ချက်ခန့် ပစ်လိုက်သည်နှင့် သေချာပေါက် ထိနိုင်ပြီ ဖြစ်၏။
ဖန်ကျန်းရီသည် နောက်မှနေ၍ အစွမ်းထက်သည်ဟု အော်ဟစ်နေသည်။ သူကိုယ်တိုင် အချက် နှစ်ဆယ်ကျော် ပစ်ခဲ့သော်လည်း လက်များသာ တုန်ယင်ပြီး ထုံကျင်သွားကာ ယုန်အကောင်မဆိုနှင့် ယုန်မွေး တစ်ချောင်းမျှပင် မထိခဲ့ချေ။
အချိန်ကြာလာသောအခါ အလိုလိုနေရင်း အားပေးသည့်သူ ဖြစ်သွားပြီး ဘေးဘီဝဲယာမှ ရှုခင်းများကို ကြည့်ရင်း လေကောင်းလေသန့် ရှူနေလိုက်တော့သည်။
လီယွမ်ကျောက်သည် သေနတ်ပစ်သည့်နေရာတွင် တခြားသူများထက် ထူးခြားသော ပါရမီ ပါလာသကဲ့သို့ပင်။ တစ်ခါထက် တစ်ခါ ပို၍ တိကျလာ၏။
သိပ်မကြာခင်မှာပင် ပထမဆုံး သမင်တစ်ကောင်ကို တွေ့လိုက်ရသည်။ ဆယ်မီတာကျော်ကျော် အကွာအဝေး၌ ဖြစ်သည်။
ဤသမင်မှာ သမင်ပေါက်လေး ဖြစ်ပြီး မြက်များကို အေးအေးဆေးဆေး စားနေကာ ပြာလဲ့နေသော ကောင်းကင် နှင့် တိမ်ဖြူများအောက်တွင် အေးချမ်းသော အချိန်ကာလလေးကို ခံစားနေပုံရ၏။ အမွေးစုတ်ဖွားလေးနှင့် ပါးစပ်လေးမှာ အဆက်မပြတ် ဝါးနေပြီး ချစ်စရာကောင်းသော ပုံစံလေးက လူကို သဘောကျစေ၏။
လီယွမ်ကျောက်သည် မတုံ့ဆိုင်းဘဲ မြင်းကို အပြင်းနှင်ပြီး တန်းဝင်သွားသည်။
လက်ကိုင်သေနတ်၏ အနှစ်သာရကို သူ နားလည်နေပြီ ဖြစ်သည်။ ဤသည်က သာမန် လေးမြားများကဲ့သို့ အသက်အောင့်ပြီး အာရုံစူးစိုက်ကာ တစ်ချက်တည်းနှင့် သေအောင် ပစ်ရခြင်းမျိုး မဟုတ်ပေ။ ပစ်ခတ်နိုင်သည့် အကွာအဝေးနှင့် စွမ်းအား ကန့်သတ်ချက်များကြောင့် ရန်သူနှင့် အမြန်ဆုံး အနီးကပ်သွားပြီး အားကုန် ပစ်ခတ်ရမည် ဖြစ်သည်။
လီယွမ်ကျောက်၏ လှုပ်ရှားမှုက နည်းနည်း ကြီးသွားသဖြင့် သမင်ပေါက်လေးသည် သတိထားမိသွားပြီး ခေါင်းမော့ကာ ခုန်ပြေးရန် ပြင်လိုက်၏။
သို့သော်ငြား ပစ်မှတ်အတွင်းသို့ ရောက်နေပြီ ဖြစ်သဖြင့် ဒိုင်း ဒိုင်း ဒိုင်း ဆိုသော သုံးချက်တွင် ကျည်ဆန်များက တြိဂံပုံစံဖြင့် သမင်ကိုယ်ပေါ်သို့ ပြေးဝင်သွားပြီး သမင်ကိုယ်ပေါ်တွင် သွေးပွင့် သုံးပွင့်ကို အောင်မြင်စွာ ဖန်တီးလိုက်သည်။
အော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာပြီးနောက် သမင်ပေါက်လေးမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ခပ်ဖွဖွလေး လူးလွန့်နေ၏။
ဒါက ပထမဆုံး ရသည့် အကောင်ကြီး သားကောင်ဖြစ်သဖြင့် လီယွမ်ကျောက်သည် မစောင့်နိုင်တော့ဘဲ ရှေ့သို့ သွားကာ မြင်းပေါ်မှဆင်းပြီး ဒဏ်ရာကို သေချာ ကြည့်ရှုလိုက်သည်။
ကိုယ်နှင့်ပါလာသော ဓားမြှောင်ဖြင့် ဒဏ်ရာနားကို ကလော်ကြည့်ပြီး ကျည်ဆန်ကို ရှာဖွေလိုက်၏။
"ကျိ .. ကျိ .. ကျိ"
သမင်ပေါက်လေးမှာ နာကျင်စွာ အော်ဟစ်နေသည်။
ဖန်ကျန်းရီသည် မျက်နှာရှုံ့မဲ့ကာ ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသား ဘာတွေ ကြည့်နေတာလဲ။ မြန်မြန်လေး အဆုံးသတ်ပေးလိုက်ပါ။ ကျိ .. ကျိ အော်နေတာ ကြားရတာ ကျုပ်တောင် ရင်နာလာပြီ။"
လီယွမ်ကျောက်သည် ထိုစကားကို ကြားသောအခါ ဓားဖြင့် တစ်ချက်တည်း သမင်လေး၏ အသက်ကို အဆုံးသတ်ပေးလိုက်ပြီး နောက်ဆုံးမှာတော့ သမင်ကိုယ်ထဲမှ ကျည်ဆန်ကို ရှာတွေ့သွားသည်။
လီယွမ်ကျောက်သည် ဝမ်းသာအားရဖြင့် ပြောလိုက်၏။ "တော်တော်လေး နက်အောင် ဝင်သွားတာပဲ၊ လေးမြားထက် ပိုအစွမ်းထက်တယ်။ သုံးချက်တောင် ပိုနေသေးတယ်။ အို... တကယ်လို့ ကျည်ဆန်ကို ထိပ်ချွန်လေး လုပ်လိုက်ရင် ပိုပြီး အစွမ်းထက်မှာ မဟုတ်ဘူးလား။"
ဖန်ကျန်းရီက ဖြေလိုက်သည်။ "ဒါပေါ့။ ဒီလက်ကိုင်သေနတ်က အဆင့်ဆင့် ပြုပြင်ပြောင်းလဲထားတာပါ။ အထဲမှာ ပြောင်းရစ်တွေ ဖော်ထားတော့ စွမ်းအားရော တိကျမှုရော နှစ်ဆ ပိုကောင်းတယ်။ ထိပ်ချွန်ကျည်ဆန်ကတော့... နောက်ပိုင်းကျရင် ရှိလာမှာပါ။ အိမ်ရှေ့စံမင်းသား မြန်မြန် အမှတ်အသား လုပ်ထားခဲ့။ ကျုပ်တို့ ဆက်ပစ်ကြမယ်။"
အခြားတစ်ဖက်တွင်။
ကျင်းဘုရင်မင်းမြတ် သည် အမဲမလိုက်သည်မှာ ကြာပြီ ဆိုသော်လည်း အခြေခံကတော့ ခိုင်မာဆဲပင် ဖြစ်၏။
တောထဲဝင်ပြီး သိပ်မကြာခင်မှာပင် ချက်ချင်း အခြေအနေသို့ ရောက်သွားပြီး ခြေထောက် နှစ်ဖက်ဖြင့် မြင်းဗိုက်ကို ခပ်ဖွဖွလေး ပုတ်ကာ တောထဲတွင် လမ်းလျှောက်နေသည်။
ငါးနာရီ အချိန်ဆိုသည်မှာ ရှည်သည်ဟုလည်း မဆိုနိုင်သော်လည်း တိုသည်ဟုလည်း သေချာပေါက် မဆိုနိုင်ပေ။ အများဆုံး ရလဒ်ရရန် လူ၏ ခွန်အားရော ၊ မြင်း၏ ခွန်အားကိုပါ သေချာ ခွဲဝေရန် လိုအပ်သည်။
သူသည် အချိန်တိုလေး နှစ်နာရီအတွင်းမှာပင် အကောင်ကြီး သားကောင် အတော်များများကို ရခဲ့၏။
ယခု မြေပြင်က အတော်လေး ညီညာနေပြီး သမင်အုပ် တစ်အုပ် ပေါ်လာသည်။
ကျင်းဘုရင်မင်းမြတ်သည် မြင်းပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလိုက်ပြီး သစ်ပင် ချုံပုတ်များကို အကာအကွယ်ယူကာ ကိုယ်ကို တစ်ဝက်ခန့် ကွေးချလိုက်သည်။ အသက်ကို ငြိမ်ငြိမ်ရှုပြီး အာရုံစူးစိုက်ကာ ကျောဘက်မှ လေးရှည်ကို ဖြည်းဖြည်းချင်း ဖြုတ်ယူလိုက်၏။ မြားကို ဆွဲလိုက်သည်။ လက်ပေါ်တွင် နောက်ထပ် မြားနှစ်စင်းကိုလည်း ကိုင်ထားသေး၏။
ဤသမင်အုပ်သည် အကြမ်းဖျင်း ကြည့်လိုက်လျှင် ဆယ့်နှစ်ကောင်ခန့် ရှိသည်။ ဆက်တိုက် သုံးချက် ပစ်လိုက်မည်ဆိုလျှင် အမြန်နှုန်းသာ မြန်ပါက တစ်ခါတည်း သုံးကောင်လုံး ရနိုင်သည်။
တကယ်လို့ လိုက်ပစ်မည်ဆိုလျှင် တစ်ခါတည်း ငါးကောင်ခန့် ရရန်ကလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ တိကျမှုနှင့် ခွန်အားသာ လို၏။
ကျင်းဘုရင်မင်းမြတ်သည် စိုက်ကြည့်နေပြီး စိတ်က အလွန်အမင်း တင်းကြပ်နေ၏။ လက်ဖဝါးထဲမှ ချွေးများ တဖြည်းဖြည်း ထွက်လာသော်လည်း အလောတကြီး မပစ်သေးချေ။ မျက်စိရှေ့တွင် သမင်တစ်ကောင်က မြက်နုများကို ရှာဖွေရင်း မိမိဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
အချိန်ကျပြီ။
ကျင်းဘုရင်မင်းမြတ် ၏ မျက်လုံးထဲတွင် အလင်းရောင် တစ်ချက် လက်သွားပြီး လက်ညှိုးနှင့် လက်မကို အမြန် လွှတ်လိုက်ရာ လေးကြိုးပေါ်မှ မြားသည် လျင်မြန်စွာ ပြေးထွက်သွားပြီး သမင်ခေါင်းကို တည့်တည့် ထိသွား၏။
ထို့နောက် ဒုတိယမြား။
တတိယမြားကို အလျင်အမြန် ပစ်လွှတ်လိုက်သည်။
နောက်ထပ် နှစ်ကောင် ထိသွားသော်လည်း သေလောက်သည့် ဒဏ်ရာတော့ မဟုတ်ပေ။ ဒဏ်ရာပေါ်တွင် မြားစိုက်နေလျက်နှင့်ပင် ယိုင်တိယိုင်တိုင် ထွက်ပြေးသွားနိုင်သေး၏။
သမင်အုပ်သည်လည်း ဒဏ်ရာရသွားသော သမင်များကြောင့် လန့်နိုးသွားပြီး လှည့်ပြေးကြတော့သည်။
ကျင်းဘုရင်မင်းမြတ်သည် မြင်းပေါ်သို့ အမြန် ပြန်တက်ပြီး လိုက်ရှာ၏။
ဆက်ပြီး လေးကို တင်ကာ ပစ်ရန် ပြင်နေစဉ် ရုတ်တရက် နားထဲတွင် အသံတစ်သံ ကြားလိုက်ရ၏။
ဒိုင်း ဒိုင်း ဒိုင်း... ဒိုင်း ဒိုင်း ဒိုင်း... ဒိုင်း...
"ကောင်းတယ်ဟေ့။ ဖန်ကြီး ... ဒီမှာ သမင်အုပ် ရှိတယ်။ ကျုပ်နဲ့ အတူတူ ပစ်ကြရအောင်။"
ဘာတွေလဲ။
ကျင်းဘုရင်မင်းမြတ်သည် လက်ထဲမှ လေးမြားကို ချလိုက်ပြီး ပါးစပ် အဟောင်းသား ဖြစ်သွား၏။
စောစောက အာရုံစိုက်လွန်း၍ သမင်များဆီတွင်သာ ရှိနေသဖြင့် တခြားအရာများကို သေချာ မမြင်လိုက်ရချေ။ မြင်းစီးနေသော လူရိပ်တချို့က သမင်အုပ်ကြားထဲသို့ အရှိန်ဖြင့် ဖြတ်သွားသည်ကို မြင်လိုက်ရပြီး ဆူညံသံများ ထွက်ပေါ်လာကာ သမင် ခြောက်ကောင် ခုနစ်ကောင်ခန့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထို့နောက် လူရိပ်များ ပျောက်ကွယ်သွားပြီး ဒဏ်ရာရနေသော သမင်များသာ ထိုနေရာတွင် လူးလွန့် ကျန်ခဲ့၏။ တချို့ သမင်များဆိုလျှင် ထိုနေရာမှာပင် တောင့်တောင့်ကြီး သေဆုံးနေပြီ ဖြစ်၏။
သို့ပေမည့် ထိုအသံကိုတော့ တကယ်ကို သေချာ ကြားလိုက်ရသည်။ သူ့သား မဟုတ်ပါလား။
ကျင်းဘုရင်မင်းမြတ်သည် အများကြီး မစဉ်းစားနိုင်တော့ဘဲ လေးမြားကို ပြန်လွယ်ကာ ရှေ့သို့ သွားပြီး သမင်၏ ဒဏ်ရာကို ကြည့်ရှုလိုက်သည်။ စောစောက လက်နက်သည် သေချာပေါက် လေးမြား မဟုတ်ပေ။ လေးမြားက ဤမျှ မြန်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ ထို့အပြင် ကျယ်လောင်သော အသံကြီးလည်း ရှိသေးသည်။
ကျင်းဘုရင်မင်းမြတ်သည် တွေးရင်းဖြင့် သမင်နားသို့ ရောက်သွားပြီး သေနေသော သမင်တစ်ကောင်၏ ခေါင်းတွင် လက်သုံးချောင်းစာခန့် အပေါက်ကြီး တစ်ပေါက် ဖြစ်နေပြီး သွေးများ တပွက်ပွက် ထွက်နေသည်ကို မြင်လိုက်ရ၏။ မနေနိုင်ဘဲ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။
ထိုအရာက မီးပေါက်လက်နက်၏ စွမ်းအားလား။
ထိုအချိန်မှာပဲ နောက်ကျောဘက်မှ မြင်း၏ ညည်းတွားသံ တစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။