အခန်း ၆၁၅
Vol. 33 Ch. 615
အပိုင်း (၆၁၅) ဝံပုလွေများနှင့် အတူ ကခုန်ခြင်း။
ကျင်းဘုရင်မင်းမြတ် သည် အနောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ ဝံပုလွေ တချို့က သူ့ဆီသို့ ရန်လိုသော အကြည့်များဖြင့် လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
တခြားအရာများကို စဉ်းစားရန် အချိန်မရတော့ဘဲ ခါးနောက်ကို ချက်ချင်း စမ်းလိုက်သည်။ ဓားရိုးကို ထိမိသွားသည့် တစ်ခဏမှာတော့ စိတ်ထဲ အနည်းငယ် သက်သာရာ ရသွား၏။
ကျင်းဘုရင်မင်းမြတ်သည် ဖြည်းဖြည်းချင်း နီးကပ်လာသော ဝံပုလွေများကို ကြည့်ရင်း နဖူးမှ ချွေးစေးများ ထွက်ကျလာသည်။
ဒုက္ခပင်။ အဘယ်ကြောင့် ဤမျှ တိုက်ဆိုင်နေရသနည်း... အကယ်၍ မြင်းပေါ်မှာသာဆိုလျှင် တိုက်ခိုက်၍ ရသေးသည်။ ယခုတော့ အမဲလိုက်မြင်းက တိုက်ခိုက်ခံလိုက်ရပြီဖြစ်သောကြောင့် အနည်းနှင့်အများတော့ ဒဏ်ရာရတော့မည်သာ။
ကံကောင်း၍ လေးကောင်တည်း ရှိခြင်းဖြစ်သည်။ ထို့အပြင် မိမိအရှေ့တွင်ချည်းသာ ဖြစ်ပြီး အနောက်ဘက်က မြေပြင်မှာ ကျယ်ဝန်းကာ စောစောက တစ်ချက် ကြည့်လိုက်စဉ်က ဘာမှ မတွေ့ရချေ...
တွေးနေစဉ် မျက်စိရှေ့မှ ဝံပုလွေ လေးကောင်သည် ရုတ်တရက် ခြေလှမ်း ရပ်သွားပြီး ဘယ်ညာသို့ ဖယ်ပေးလိုက်၏။ တစ်ကိုယ်လုံး ငွေမှိုင်းရောင် ရှိကာ တခြားဝံပုလွေများထက် ခန္ဓာကိုယ် အရွယ်အစား နှစ်ဆခန့် ရှိသော ဝံပုလွေ တစ်ကောင်က သူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေ၏။
ပိုပြီး ကြောက်စရာ ကောင်းသည်မှာ အနောက်တွင် ဝံပုလွေ ဆယ်ကောင်ကျော်ခန့် လိုက်လာခြင်း ဖြစ်သည်။
ကျင်းဘုရင်မင်းမြတ်သည် စစ်ပွဲ အများကြီး ကြုံခဲ့ဖူးသော်လည်း ယခုအချိန်မှာတော့ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။
ဝံပုလွေအုပ်... ဤဝံပုလွေအုပ်သည် သမင်အုပ်ကို ဘေးမှ စောင့်ကြည့်နေသည်မှာ ကြာပြီ ဖြစ်ရမည်။ ကိုယ်တိုင်ပင် မသတိထားမိခဲ့ချေ။ ထို့အပြင် ခေါင်းဆောင် ဝံပုလွေက ဦးဆောင်နေခြင်း ဖြစ်သည်။
ဤခေါင်းဆောင် ဝံပုလွေမှာ သာမန် မဟုတ်ပေ။ ခန္ဓာကိုယ် အရွယ်အစားမှာ တခြား ဝံပုလွေများထက် အများကြီး ပိုကြီးပြီး ဝံပုလွေအုပ်၏ အရေအတွက်ကလည်း အကောင် နှစ်ဆယ်ခန့် နီးပါး ရှိနေပြီ ဖြစ်၏။
ငါ့အသက်တော့ သွားပြီ။
ကျင်းဘုရင်မင်းမြတ်၏ မျက်နှာပေါ်တွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။ လောလောဆယ်တော့ အလွယ်တကူ လှုပ်ရှား၍ မရသေးပေ။ ဝံပုလွေ ဆိုသည်မှာ အရမ်း ဉာဏ်ကောင်းသော တိရစ္ဆာန် ဖြစ်သဖြင့် အလွယ်တကူ တိုက်ခိုက်မည် မဟုတ်ချေ။ အပြတ်အသတ် အသာစီးရနေလျှင်တောင် သတိကြီးကြီးဖြင့် ချဉ်းကပ်တတ်သည်။
ခေါင်းဆောင် ဝံပုလွေသည် ကျင်းဘုရင်မင်းမြတ် နှင့် ရင်ဆိုင်နေပြီး အနောက်မှ ဝံပုလွေများက နားလည်မှု ရှိရှိဖြင့် ဘယ်ညာသို့ ဖြည်းဖြည်းချင်း ခွဲထွက်သွားကြသည်။ အနောက်မှ နောက်လိုက်များက အချိန်မည်မျှကြာမှ ရောက်လာမည်ကို မသိရချေ။ ယခုက အသက်စွန့် ရင်ဆိုင်ရမည့် အချိန်ရောက်ရှိနေ၏။
ကျင်းဘုရင်မင်းမြတ်သည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဓားကို ကိုင်ကာ ခန့်ညားထည်ဝါစွာ ရပ်နေ၏။ မျက်နှာပေါ်တွင် တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ ကြောက်လန့်နေသည်မှာ ကြာပြီ ဖြစ်သည်။
သို့သော်ငြား ပိုကြောက်လေလေ ပိုပြီး အားနည်းချက် မပြရဲလေလေပင်။
ခေါင်းဆောင်ဝံပုလွေသည် မလှမ်းမကမ်းတွင် ရပ်၍ သူ့ကို စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် လူတစ်ယောက်ကဲ့သို့ လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခုပင် ပေါ်လွင်နေသေး၏။
ကျင်းဘုရင်မင်းမြတ် ၏ ဘေးဘက်မှ မြင်းဟီသံ တစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။
ဝံပုလွေအုပ်နှင့် ကျင်းဘုရင်မင်းမြတ် သည် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
ကြီးမားခိုင်မာလှသော လူရိပ်တစ်ခုက မြင်းစီး၍ သစ်ပင်နောက်မှ ဖြည်းဖြည်းချင်း ထွက်လာသည်ကို မြင်လိုက်ရသည်။ ပါးစပ်ထဲတွင်လည်း တစ်ခုခုကို ဝါးနေသေး၏။
ကျန်းပြောင်လား။
ကျင်းဘုရင်မင်းမြတ်သည် ချက်ချင်းပင် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသော်လည်း အော်၍ မရသေးပေ။ အော်လိုက်သည်နှင့် ဝံပုလွေအုပ်က ဝင်လုံးလာနိုင်သည်။
ကျန်းပြောင်သည်လည်း ကျင်းဘုရင်မင်းမြတ်ကို သတိထားမိသွားသည်မှာ သိသာ၏။ ချက်ချင်း မြင်းပေါ်မှ ဆင်းပြီး လျှောက်တင်လိုက်သည်။ "ကျန်းပြောင်က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး ဘယ်လိုလုပ်ပြီး အမဲလိုက်ခွေးတွေ ဒီလောက် အများကြီး ခေါ်လာတာလဲ။"
အသံထွက်လာသည်နှင့် တစ်ပြိုင်နက် ဝံပုလွေအုပ်သည် လားရာကို တစ်ပြိုင်နက် ပြောင်းပြီး ကျန်းပြောင်ကို ကြည့်လိုက်ကြ၏။
ကျင်းဘုရင်မင်းမြတ် သည် ချွေးစေးများ စီးကျလာရင်း ကြောင်အစွာ ကြည့်နေမိသည်။
အမဲလိုက်ခွေး ဟုတ်လား။ ချီးတဲ့မှ … ဒါအမဲလိုက်ခွေးလား။
လူနှစ်ယောက်က ဝံပုလွေ အကောင် နှစ်ဆယ်ကို ရင်ဆိုင်ရခြင်းမှာ သေရန်သာ ရှိတော့သည်။
ကျန်းပြောင်သည် နောက်မှ သတိထားမိသွားပြီး ပြောလိုက်၏။ "ဟင်... ခွေးမဟုတ်ဘူး၊ ဝံပုလွေတွေလား။"
ထို့နောက် အပေါ်ဝတ်ရုံထဲမှ လက်ကိုင်သေနတ် အတို နှစ်လက်ကို ဆွဲထုတ်လိုက်သည်။
ခေါင်းဆောင် ဝံပုလွေကို မြင်လိုက်ရသောအခါ ရုတ်တရက် မျက်လုံးများ တောက်ပသွား၏။
သားကောင်ကောင်းပင်။
ကျန်းပြောင်သည် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး မကြောက်ပါနဲ့။ ကျုပ် ကာကွယ်ပေးပါ့မယ်။"
ပြောရင်း ကျင်းဘုရင်မင်းမြတ် ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်။
ကျင်းဘုရင်မင်းမြတ် လည်း နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ အသံကို နှိမ့်ကာ အော်ဟစ်လိုက်၏။ "ဟေ့ကောင် … အန္တရာယ်ရှိတယ်။ မလာနဲ့။ မြန်မြန်သွားပြီး လူခေါ်လာခဲ့။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဝံပုလွေအော်သံ တစ်ချက် ထွက်ပေါ်လာသည်။
ထို့နောက် ဆက်တိုက် ဆူညံသံ ခြောက်ချက် ထွက်ပေါ်လာပြီး ဝံပုလွေ နှစ်ကောင် မြေပြင်ပေါ်သို့ လဲကျသွား၏။
ကျန်းပြောင်သည် သေနတ်ကို ပစ်ချလိုက်ပြီး အပေါ်ဝတ်ရုံထဲမှ လက်ကိုင်သေနတ် နောက်ထပ် နှစ်လက်ကို ထပ်ထုတ်ကာ... ထပ်ပစ်လိုက်ပြန်သည်။
သေနတ်ကို ပစ်ချပြီး ထပ်ပစ်သည်။ သေနတ်ကို ပစ်ချပြီး ထပ်ပစ်၏။
အကြိမ်တိုင်း တစ်ချက်တည်းနှင့် သေအောင် ပစ်နိုင်သည် မဟုတ်သော်လည်း သေနတ်မှန်ပြီး ဒဏ်ရာရသွားသော ဝံပုလွေများသည် တိုက်ခိုက်နိုင်စွမ်း တော်တော်လေး လျော့ကျသွားသည်မှာ သေချာသည်။
ခေါင်းဆောင် ဝံပုလွေသည် မိမိ၏ တပည့်များ တစ်ကောင်ပြီး တစ်ကောင် လဲကျသွားသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်၏။ ဤအချိန်လေးအတွင်းမှာပင် သေသည့်ကောင်သေ၊ ဒဏ်ရာရသည့်ကောင်ရနှင့် ဆယ်ကောင်ခန့် ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် အလွယ်တကူ ရှေ့တိုးပြီး မတိုက်ခိုက်ရဲချေ။
ကျင်းဘုရင်မင်းမြတ်၏ ကြောင်အမ်းအမ်း အကြည့်များအောက်မှာပဲ ကျန်းပြောင်က ဘာမှမဖြစ်သလို သူ၏အနားသို့ ရောက်လာသည်။
သေနတ် နှစ်လက်ကို ဆွဲထုတ်ပြီး ကျင်းဘုရင်မင်းမြတ်၏ လက်ထဲသို့ ကမ်းပေးလိုက်ကာ ပြောလိုက်၏။ "အရှင်မင်းကြီး ယူထားပါ။ ဒီနေရာကို ဆွဲလိုက်တာနဲ့ ပစ်လို့ ရပါပြီ။"
"ကျုပ်ဆီမှာ ဒီသေနတ် နှစ်လက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့ ကျန်နေတဲ့ ဝံပုလွေ နည်းနည်းလေးကတော့ ပြဿနာ မရှိလောက်ပါဘူး။ အရှင်မင်းကြီးက ကျုပ်ကို အကာအကွယ် ပေးထားပါ။
ပထမဆုံးအကြိမ် သုံးတာဆိုတော့ တိကျချင်မှ တိကျမှာပါ။ အရှင်မင်းကြီးက သူတို့ ခုန်အုပ်လာတဲ့အချိန်ကို စောင့်ပြီး သေချာ ချိန်ပစ်လိုက်ပါ။"
ကျင်းဘုရင်မင်းမြတ် သည် လက်ထဲမှ သေနတ်ကို ကြောင်အမ်းအမ်း ကြည့်နေ၏။
အခြေအနေက ရုတ်တရက် ပြောင်းလဲသွားမည်ဟု သူ မထင်ထားခဲ့ပေ။ ပိုပြီး မထင်ထားသည်မှာ ဤမျှ ချဲ့ကားလွန်းသော ပြောင်းလဲမှုမျိုး ဖြစ်လာမည်ဆိုသည်ကိုပင်။
ပြောရင်း ကျန်းပြောင်သည် အပေါ်ဝတ်ရုံကို ပစ်ချလိုက်ပြီး ကြွေပုလင်းငယ် တစ်ခုကို ဆုပ်ကိုင်ကာ လက်နှစ်ဖက်ကို မြှောက်၍ ခေါင်းဆောင် ဝံပုလွေဆီသို့ လျှောက်သွားသည်။
ကျင်းဘုရင်မင်းမြတ်သည် အများကြီး မစဉ်းစားနိုင်တော့ဘဲ အလန့်တကြား မေးလိုက်သည်။ "မင်း ဘာလုပ်မလို့လဲ။"
ကျန်းပြောင်က ပြန်ဖြေလိုက်သည်။ "စမ်းကြည့်မလို့ပါ။"
စမ်းကြည့်မယ်။ ဘာကို စမ်းကြည့်မှာလဲ။
ကျင်းဘုရင်မင်းမြတ်၏ ခေါင်းထဲတွင် မေးခွန်းများ အပြည့်ဖြစ်နေသော်လည်း အများကြီး မပြောရဲချေ။ ခေါင်းဆောင် ဝံပုလွေကို ကြည့်ရသည်မှာ အရမ်းကို ကြမ်းကြုတ်သည့် ပုံစံပင် ဖြစ်၏။ ကျန်းပြောင်က သူ့ကို လက်ဗလာဖြင့် တိုက်မည်လား။
ဤအရာကို တွေးမိသောအခါ သေနတ်ကို အမြန် ဆုပ်ကိုင်ပြီး ကျန်းပြောင်အတွက် သတိအပြည့်နှင့် စောင့်ကြည့် ပေးနေလိုက်၏။
ခေါင်းဆောင် ဝံပုလွေသည် ဒေါသများ ထွက်နေသည်မှာ ကြာပြီဖြစ်၍ မြက်ခင်းထဲတွင် ဝပ်နေပြီး ကျန်းပြောင်ကို သတိထားကာ စောင့်ကြည့်နေ၏။
ကျန်းပြောင်က လက်နှစ်ဖက်ကို အမြင့်ကြီး မြှောက်ထားသော်လည်း လက်ထဲတွင် ဘာမှ မရှိသည်ကို မြင်လိုက်သည်။ ဒေါသတကြီး အော်ဟစ်ပြီး ကျန်းပြောင်ဆီသို့ အရင်ဆုံး အရှိန်ဖြင့် ပြေးဝင်လာသည်။
ကျန်းပြောင်သည် သားကောင်ကို တွေ့သဖြင့် ဝမ်းသာသွားပြီး လက်ထဲမှ ကြွေပုလင်းကို ရုတ်တရက် ပင့်မြှောက်လိုက်ရာ ငရုတ်ကောင်းမှုန့်များက ခေါင်းဆောင် ဝံပုလွေ၏ မျက်နှာပေါ်သို့ ပြန့်ကျသွား၏။
"အူ .. ကိန်..."
ခေါင်းဆောင် ဝံပုလွေသည် နာကျင်ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သော်လည်း နောက်တစ်စက္ကန့်မှာပဲ ကျန်းပြောင်၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ရောက်သွားသည်။
ကျန်းပြောင်သည် ဝံပုလွေအား ဖမ်းချုပ်ထားပြီး ခြေထောက် နှစ်ချောင်းဖြင့် ဝံပုလွေကိုယ်ကို ရစ်ပတ်ထား၏။ လက်တစ်ဖက်က ခေါင်းဆောင် ဝံပုလွေ၏ လည်ပင်းကို အသေအလဲ ညှစ်ထားပြီး နောက်လက်တစ်ဖက်က ခေါင်းဆောင် ဝံပုလွေ၏ ရွှေဥကို အားကုန် ညှစ်ထား၏။
ရုတ်တရက် အားကုန် သုံးလိုက်ရာ ရွှေဥသည် သုံးရာ့လေးဆယ် ဒီဂရီခန့် လည်သွားပြီး... ဘာမှန်းမသိသည့် အရည်တချို့ ထွက်ကျလာသည်။
"အဟွတ်"
မျက်ရည် ကြည်ကြည် နှစ်ပေါက်က ခေါင်းဆောင် ဝံပုလွေ၏ မျက်လုံးအိမ်မှ စီးကျလာ၏။
ဝံပုလွေသည် တစ်သက်လုံး ရှင်သန်လာခဲ့သည်ဆိုလျှင်တောင် ဤသို့သော စော်ကားမှုကို ခံရမည်ဟု မထင်ထားခဲ့ချေ။
ကျန်သည့် ဝံပုလွေများ အကုန်လုံး အံ့အားသင့်သွားကြပြီး... ကျင်းဘုရင်မင်းမြတ်ကလည်း ဘေးမှနေ၍ သေနတ်ဖြင့် ရမ်းပစ်နေသဖြင့် အကုန်လုံး ထွက်ပြေးကုန်ကြသည်။
ထပ်ပြီး ညှစ်ထားလိုက်၊ လိမ်ထားလိုက်နှင့် အချိန်ခဏခန့် ကြာသောအခါ ခေါင်းဆောင် ဝံပုလွေသည် ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး... သေသွား၏။
ကျန်းပြောင်သည် ၎င်းထံတွင် လှုပ်ရှားမှု မရှိတော့သည်ကို မြင်သောအခါ မျက်နှာပေါ်တွင် စိတ်ပျက်သည့် အရိပ်အယောင် အနည်းငယ် ပေါ်လာပြီး ဝံပုလွေ သားရေနှင့် လက်ကို သုတ်ကာ ကျင်းဘုရင်မင်းမြတ် ဆီသို့ ထပ်လျှောက်သွားသည်။
ကျင်းဘုရင်မင်းမြတ်သည် ပါးစပ်အဟောင်းသားဖြင့် ကျန်းပြောင်၏ တိုက်ကွက်များကို ကြည့်နေခဲ့သည်။ စိတ်ဝင်စားစရာ အကောင်းဆုံး အပိုင်းများကို သူ နည်းနည်းလေးမှ မလွတ်ခဲ့ပေ။ သူ့၏ လောကအမြင်များပင် လုံးဝ ပျက်စီးသွားသလို ခံစားလိုက်ရသည်။
ကျင်းဘုရင်မင်းမြတ်သည် ကြောင်အမ်းအမ်းဖြင့် ထိုနေရာတွင် ရပ်နေပြီး ရုတ်တရက် လောကကြီးက အစစ်အမှန် မဟုတ်ဟုပင် ခံစားလိုက်ရ၏။
"မင်း ... မင်း ဘာမှမဖြစ်ဘူး မဟုတ်လား။"
ကျန်းပြောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ "အရမ်း အားနည်းလွန်းတယ်။ နည်းနည်း အကောင်ကြီးရုံလေးပါပဲ။ အရှင်မင်းကြီးရော ဘာမှမဖြစ်ဘူး မဟုတ်လား။"
ကျင်းဘုရင်မင်းမြတ် သတိဝင်လာပြီး ကျန်းပြောင်ကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်ကာ မိန့်လိုက်သည်။ "အာ... အင်း... ကိုယ်တော် ဘာမှမဖြစ်ပါဘူး။ မင်းက ကာကွယ်ပေးတဲ့ ကျေးဇူးရှိတယ်။ ပြန်ရောက်ရင် ကိုယ်တော် သေချာ ဆုချမယ်။ မင်းက ဘယ်လိုလုပ် တစ်ယောက်တည်း ရောက်လာတာလဲ။ အမတ်ဖန်နဲ့ အိမ်ရှေ့စံကရော ဘယ်မှာလဲ။"
ကျန်းပြောင်က ရိုးရိုးသားသားပင် လျှောက်တင်လိုက်သည်။ "အို... စောစောက သမင်ပစ်တုန်းက သမင်ကိုယ်ပေါ်မှာ မြားစိုက်နေတာ တွေ့လို့ပါ။ အိမ်ရှေ့စံမင်းသားက သူများ သားကောင် လုသွားမှာ စိုးလို့ ကျွန်တော်မျိုးကို ကြိုပြီး အမှတ်အသား လာလုပ်ခိုင်းတာပါ။ ခဏနေရင် ပြန်လာလောက်ပါပြီ။"
"အရှင်မင်းကြီး... ကျွန်တော်မျိုးဆီမှာ အမဲသားခြောက် ရှိတယ်။ စားမလား။"
ပြောရင်း ကျန်းပြောင်သည် အိတ်ထဲမှ အမဲသားခြောက် တစ်ဆုပ်ကို ထုတ်ယူလိုက်၏။ လက်မှာတော့ စိုစိစိ ဖြစ်နေသေးပုံရသည်။
ဤအချိန်တွင် ၎င်းက အမဲသားလား ၊ သိုးသားလား ဆိုသည်ကို ဂရုစိုက်ရန် စိတ်အခြေအနေ မရှိတော့ပေ။
ကျင်းဘုရင်မင်းမြတ် သည် တံတွေးတစ်ချက် မြိုချပြီး မိန့်လိုက်သည်။ "မလိုပါဘူး။ မင်းဘာသာမင်း စားလိုက်ပါ။ အမတ်ဖန် ရောက်လာတဲ့အထိ အရင် နားပြီး စောင့်ကြတာပေါ့။"
ပြောရင်း ကျင်းဘုရင်မင်းမြတ်သည် လက်ထဲမှ သေနတ်ကို သေချာ ကိုင်တွယ် ကစားကြည့်နေ၏။