← Chapters

အခန်း ၆၁၆

Vol. 33 Ch. 616

အခန်း ၆၁၆

Vol. 33 Ch. 616

အပိုင်း (၆၁၆) သေနတ်သိုင်းပညာ။

အချိန်အတန်ကြာ လေ့လာပြီးနောက် နှစ်ချက် ထပ်မံ စမ်းသပ် ပစ်ခတ်လိုက်၏။

ကျင်းဘုရင်မင်းမြတ်သည် ထိုနေရာတွင် ရပ်ကာ ကြောင်အမ်းအမ်း ဖြစ်နေပြီး မျက်နှာအမူအရာကလည်း အပြောင်းအလဲ ဖြစ်နေသည်။ လောက၏ အမြင့်ဆုံးနေရာတွင် ရပ်တည်နေပြီး အတွေ့အကြုံအရ ယှဉ်နိုင်သည့်သူ မရှိသော်လည်း ယနေ့ကဲ့သို့ ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော လက်နက်ကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားမှုကို ရှောင်လွှဲ၍ မရနိုင်ပေ။

စဉ်းစားရင်း ၊ စဉ်းစားရင်းဖြင့် နားမလည်နိုင်သည်များ ရှိလာပြီး သေနတ်ပေါ်မှ အစိတ်အပိုင်းများကို ကလော်ထုတ်ကာ သေချာ လေ့လာကြည့်ချင်နေ၏။

ကျန်းပြောင်က အမဲသားခြောက်ကို စားရင်း သတိပေးလိုက်သည်။ "အရှင်မင်းကြီး... ပြုတ်ထွက်သွားရင် ပျက်သွားလိမ့်မယ်။"

ကျင်းဘုရင်မင်းမြတ် သည် ထိုစကားကို ကြားသောအခါ သေနတ်ကို တိတ်ဆိတ်စွာ ချလိုက်ပြီး သက်ပြင်းရှည်ကြီး ချကာ မိန့်လိုက်၏။ "လောကမှာ ဒီလို နတ်ဘုရား လက်နက်မျိုး ရှိနေရင် နောင်လာနောက်သားတွေက စစ်လေ့ကျင့်၊ သိုင်းသင်ဖို့ လိုပါတော့မလား။ ကိုယ်တော် တစ်သက်လုံး သင်ယူလာခဲ့တာတွေ အကုန်လုံး ဒီမှာတင် အလကား ဖြစ်သွားပြီ မဟုတ်ဘူးလား။"

သူ၏ စိတ်ထဲတွင် ဤလက်နက်သစ်အတွက် ဝမ်းသာနေသော်လည်း...

သေနတ်ကို မြင်လိုက်ရသည့် တစ်ခဏမှာပင် ယခင်က အမြဲသုံးနေကျ စစ်ဗျူဟာ အများအပြားက လုံးဝ အသုံးမဝင်တော့သည်ကို သတိထားမိသွား၏။ စိတ်ထဲတွင် ခေတ်နောက်ကျ ကျန်ခဲ့ပြီဆိုသည့် စိတ်ပျက် အားငယ်မှု တစ်မျိုး မလွှဲမရှောင်သာ ပေါ်ပေါက်လာသည်။

ကျန်းပြောင်က တတွတ်တွတ် ပြောလိုက်၏။ "သခင်လေးက ပြောတယ်။ သိုင်းကျင့်တာက ခန္ဓာကိုယ် တောင့်တင်း လှပဖို့အတွက်ပဲ၊ ကြွက်သားတွေ ထွက်လာရင် မိန်းမတွေကို ဆွဲဆောင်နိုင်တယ်။ ထပ်ကျင့်ရင် ယောက်ျားတွေကိုတောင် ဆွဲဆောင်နိုင်သေးတယ်တဲ့။"

ကျင်းဘုရင်မင်းမြတ်သည် အသံတိတ် ရယ်မောလိုက်မိသည်။ "ဒါဆို ကိုယ်တော်က သူ ကျင့်တာကို ဘာလို့ မတွေ့ဖူးရတာလဲ။"

ကျန်းပြောင်က ပြန်ဖြေလိုက်၏။ "သခင်လေးက ပြောသေးတယ်။ ပိုက်ဆံရှိရင် ခွေးတောင် ဆွဲဆောင်မှုရှိအောင် လုပ်လို့ ရတယ်တဲ့။ ဒါပေမဲ့ သူ ဒီတစ်ခေါက် အပြင်က ပြန်လာတည်းက စိတ်လှုပ်ရှားသွားပုံရတယ်။ ခန္ဓာကိုယ် လေ့ကျင့်ခန်းတွေ လုပ်နေတယ်။"

ကျင်းဘုရင်မင်းမြတ်သည် နှုတ်ခမ်းမဲ့လိုက်ပြီး မိန့်လိုက်သည်။ "မင်းက ခန္ဓာကိုယ် အကြီးကြီးနဲ့ အလှကြိုက်တတ်မယ် လို့ မထင်ထားဘူး။"

ကျန်းပြောင်က ရိုးရိုးသားသားပင် ဖြေလိုက်သည်။ "အဲဒီလိုတော့ မဟုတ်ပါဘူး။ အစကတော့ သခင်လေးကို ကာကွယ်ပေးဖို့ပါ။ နောက်ပိုင်း ကျင့်တဲ့အချိန် ကြာလာတော့ တစ်နေ့မကျင့်ရရင် တစ်ကိုယ်လုံး နေရထိုင်ရ ခက်လာလို့ပါ။"

"မီးပေါက်လက်နက်က အဆင်ပြေပေမဲ့ တကယ်တော့ သုံးရတာ ခက်တယ်။ သခင်လေး ပြောတဲ့ သေနတ်သိုင်းပညာ ဆိုတာကို ကျွန်တော်မျိုး အခုထိ မကျင့်တတ်သေးဘူး။"

"သေနတ်သိုင်းပညာ ဟုတ်လား။"

"အဲဒါက ကျည်ဆန် ပြောင်းဝကနေ ထွက်သွားတဲ့ တစ်ခဏလေးမှာ လက်ကောက်ဝတ်ကို အမြန်ဆုံး တုန်ခါလိုက်တာပါ။ ဒီလို တုန်ခါမှုက ကျည်ဆန်ကို ရေပြင်ညီ အရှိန်တစ်ခု ပေးလိုက်ပြီး မျဉ်းကွေး တစ်ခု ဖြစ်သွားစေတာပါ။"

ရေပြင်ညီ အရှိန် ဟုတ်လား။ ဘာကြီးလဲ။

ကျင်းဘုရင်မင်းမြတ်သည် အနည်းငယ် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "မင်းပြောတာက လေ့ကျင့်မှု လုပ်ရင် ဒီသေနတ်ထဲကနေ ထွက်သွားတဲ့ ကျည်ဆန်က ကွေ့သွားနိုင်တယ်လို့ ပြောတာလား။"

ကျန်းပြောင်သည် အနည်းငယ် နှမြောပုံရကာ ပြန်ဖြေလိုက်သည်။ "အဲဒီအဓိပ္ပာယ်ပါပဲ။ ဒါပေမဲ့ ကျွန်တော်မျိုးကတော့ ကျင့်လို့ မရဘူး ထင်တယ်။ သခင်လေးကတော့ သူ မြင်ဖူးတယ်လို့ ပြောတယ်။"

ကျင်းဘုရင်မင်းမြတ်သည် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်စွာဖြင့် လေးမြားကို ကောက်ကိုင်လိုက်၏။ လေးကြိုးကို ဆွဲပြီး မြားတစ်စင်းကို ပစ်လွှတ်လိုက်ရာ လျင်မြန်စွာ ပြေးထွက်သွားသော မြားသည် မျဉ်းကွေးလေး တစ်ကြောင်းအတိုင်း သွားပြီး မလှမ်းမကမ်းမှ သစ်ပင်ပင်စည်ကို တည့်တည့် ထိသွား၏။

ကျန်းပြောင်သည် ချက်ချင်း တက်ကြွစွာဖြင့် ပြောလိုက်သည်။ "ကောင်းလိုက်တဲ့ မြားပစ်စွမ်းရည်ပဲ။ အဲဒါပဲ။ မြားကို ဒီလို ပစ်လို့ရမယ်လို့ မထင်ထားဘူး။"

ကျင်းဘုရင်မင်းမြတ်၏ စိတ်ထဲတွင် ဂုဏ်ယူမှုတစ်ခု မလွှဲမရှောင်သာ ပေါ်လာသည်။ ပြီးနောက် မိန့်လိုက်၏။ "ပစ်ပါများလို့ပါ။ ကိုယ်တော့်ကို ကျည်ဆန် ထည့်ပေးစမ်း။ ကိုယ်တော်လည်း သေနတ်သိုင်းပညာကို စမ်းကြည့်ရအောင်။"

ဖန်ကျန်းရီတို့ဘက်တွင်တော့ ကျန်နေသော သမင်တချို့ကို အကုန်လုံး သတ်ဖြတ်ပြီးသွားပြီ ဖြစ်၏။ အချိန်အကြာကြီး စောင့်သော်လည်း ကျန်းပြောင် ပြန်မလာသည်ကို တွေ့ရသည်။

အမဲလိုက်ကွင်းထဲတွင် ဝံပုလွေများ အများကြီး ရှိသည်ဆိုသည်ကို တွေးမိသောအခါ ဖန်ကျန်းရီ နည်းနည်း စိုးရိမ်သွားပြီး ပြောလိုက်၏ "အိမ်ရှေ့စံမင်းသား... ကျုပ်နဲ့အတူ ပြန်ပြီး ကျန်းပြောင်ကို လိုက်ရှာရအောင်။"

လီယွမ်ကျောက်သည် မြေပြင်ပေါ်တွင် လူးလွန့်နေသေးသော သမင်ကို ကြည့်ပြီး တစ်ချက် ထပ်ပစ်လိုက်၏။ အနည်းငယ် အားမလိုအားမရ ဖြစ်နေဆဲ လေသံဖြင့် ပြောလိုက်သည်။ "သွားကြမယ်။"

မူလ လမ်းကြောင်းအတိုင်း ပြန်လာကြရာ သိပ်မကြာခင်မှာပင် နားထဲ၌ သေနတ်သံ တစ်သံ ကြားလိုက်ရ၏။

ဖန်ကျန်းရီသည် မြင်းအရှိန်ကို မြှင့်ပြီး ဆက်သွားရာ သစ်တောကို ဖြတ်တော့မည့် အချိန်မှာပဲ ရုတ်တရက် အကြည့်တစ်ခု ပြောင်းသွားပြီး မြင်းပေါ်မှ ခုန်ဆင်းကာ ဆောင့်ကြောင့် ထိုင်လိုက်၏။ လီယွမ်ကျောက်ကလည်း သူ့အနောက်တွင် ကပ်လျက် ဆောင့်ကြောင့် ထိုင်လိုက်သည်။

အံ့အားသင့်နေသော မျက်လုံးတချို့သည် သစ်ပင် ချုံပုတ်များကို ဖြတ်ပြီး မျက်စိရှေ့မှ အံ့သြစရာ မြင်ကွင်းကို ကြည့်နေကြ၏။

မြေလွတ်တစ်ခုတွင် ကျန်းပြောင်နှင့် ကျင်းဘုရင်မင်းမြတ် နှစ်ယောက်က ရပ်ပြီး သေနတ်ကို အဆက်မပြတ် ပစ်နေကြသည်။ ပစ်ခတ်နေသည့် အချိန်မှာပင် အသံကျယ်ကျယ်နှင့် အော်ဟစ်နေကြသေးသည်။

အော်သံက စွမ်းအားကို တိုးစေသကဲ့သို့ပင်။

ပိုပြီး အံ့သြစရာ ကောင်းသည်မှာ သူတို့ နှစ်ယောက်စလုံး သေနတ် တစ်ချက် ပစ်တိုင်း လက်မောင်းကို ဝိုင်းနေအောင် ဝေ့ယမ်းလိုက်ခြင်းပင်... ဂျင်ပေါက်နေသကဲ့သို့ပင် ဖြစ်၏။

လီယွမ်ကျောက်သည် ပါးစပ်ကို အုပ်ကာ ခိုးရယ်ရင်း ပြောလိုက်သည်။ "သူတို့ နှစ်ယောက်တောင် ဆုံသွားပြီပဲ။ ဖန်ကြီး ... ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကတော့ ဖုံးထားလို့ မရတော့ဘူး။ ဒါပေမဲ့ သူတို့ ဘာလုပ်နေကြတာလဲ။ သေနတ်ကို ဒီလို သုံးလို့ ရသေးတာလား။ ခမည်းတော် ခါးလည်သွားမှာ မကြောက်ဘူးလား။"

ဖန်ကျန်းရီက တွေတွေဝေဝေဖြင့် ဖြေလိုက်၏။ "မသိဘူး။ အရှင်မင်းကြီးက အမြဲတမ်း အမြော်အမြင် ကြီးမားပါတယ်။ ဒီလို ပစ်နေတာ သေချာပေါက် နက်နဲတဲ့ အဓိပ္ပာယ် ရှိမှာပါ။ ကျုပ် ခန့်မှန်းရရင် သားကောင်ကို သတ်နေရင်း ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်နေတာ ဖြစ်မယ်။"

လီယွမ်ကျောက်က အော်လိုက်သည်။ "ချီးတဲ့မှ … သူလည်း မကြားရတာကို ဘာလို့မြှောက်ပင့်နေသေးတာလဲ။ ဖန်ကြီး… ခင်ဗျားက မဟုတ်တော့ဘူး။ မြန်မြန် သွားကြည့်ရအောင်။"

ပြောပြီးသည်နှင့် လီယွမ်ကျောက်သည် သစ်ပင် ချုံပုတ်များကို ဖယ်ကာ အပြင်ထွက်သွားပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ "ခမည်းတော်... ဘာလုပ်နေကြတာလဲ။"

ဖန်ကျန်းရီသည်လည်း အနောက်မှ ကပ်လျက် လိုက်သွား၏။ ရုတ်တရက် မြေပြင်ပေါ်မှ ဝံပုလွေ အလောင်းများကို မြင်လိုက်ရတော့ စိတ်ထဲ လန့်သွားကာ ချက်ချင်း အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး လာကယ်တာ နောက်ကျသွားပါတယ်။ အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ။"

လီယွမ်ကျောက်က ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။ "ဟင်... ဖန်ကြီး ခင်ဗျား ဘာတွေ ပြောနေတာလဲ။"

ကျင်းဘုရင်မင်းမြတ်သည် လီယွမ်ကျောက်ကို မျက်နှာထား မကောင်းစွာ စိုက်ကြည့်၍ မိန့်လိုက်၏။ "အမတ်ဖန်... ကိုယ်တော် ဘာမှ မဖြစ်ပါဘူး။ ကျန်းပြောင် လာကယ်လို့ တော်သေးတာပေါ့။ မီးပေါက်လက်နက်ကို ကိုယ်တော် ကြည့်ပြီးပြီ။ တကယ်ကို အစွမ်းထက်တာပဲ။ အမတ်ဖန်... ကိုယ်တော့်အတွက် နောက်ထပ် ကြီးမားတဲ့ အောင်ပွဲတစ်ခု လုပ်ပေးပြန်ပြီပဲ။"

လီယွမ်ကျောက်မှာမူ ကြောင်အမ်းအမ်း အခြေအနေမှာပင် ရှိနေတုန်းပင်။

ဖန်ကျန်းရီက နှိမ့်ချစွာဖြင့် လျှောက်တင်လိုက်သည်။ "ဒါက ဘာမှ မဟုတ်ပါဘူး။ အရှင်မင်းကြီးအတွက် ကျွန်တော်မျိုး လုပ်ပေးရတာတွေ အကုန်လုံးက လုပ်သင့်တာချည်းပါပဲ။ အရှင်မင်းကြီး … စောစောက ကျန်းပြောင်နဲ့ ဘာလုပ်နေကြတာလဲ။"

ကျင်းဘုရင်မင်းမြတ် က နှမြောတသသော မျက်နှာဖြင့် ဖြေလိုက်၏။ "ကိုယ်တော်က သေနတ်သိုင်းပညာ လေ့ကျင့်နေတာပါ။ သေနတ်သိုင်းပညာက တကယ်ကို နက်နဲတာပဲ။ ကိုယ်တော် အချက်ပေါင်း ထောင်ချီ ပစ်တာတောင် နည်းလမ်း မရသေးဘူး။ ဘယ်လို ထူးချွန်တဲ့ ပုဂ္ဂိုလ်များက ကျည်ဆန်ကို ကွေ့သွားနိုင် ပစ်နိုင်တာလဲ။"

ဖန်ကျန်းရီသည် အံ့အားသင့်စွာ ဖြေလိုက်သည်။ "အာ... သေနတ်ပစ်ရင် ကွေ့သွားနိုင်တယ်လို့ ဘယ်သူက ပြောလို့လဲ။"

ကျန်းပြောင်သည် ဖြောင့်ဖြောင့်တန်းတန်းပင် ပြောလိုက်သည်။ "သခင်လေးပဲ ကျုပ်ကို ပြောတာလေ။ လက်ကောက်ဝတ်ကို အမြန်ဆုံး တုန်ခါလိုက်ရင်..."

ငါပြောတာ အကုန် ယုံတာလား။ တစ်ယောက်တည်း အရူးလုပ်တာ ထားလိုက်ပါတော့၊ ဘုရင်မင်းမြတ် ကိုပါ ခေါ်ပြီး အရူးလုပ်နေသေးတယ်။

ဖန်ကျန်းရီသည် အသံကုန် အော်ဆဲလိုက်သည်။ "မင်းက ဝက်လား။ ငါက နောက်နေတာကို မင်းက တကယ် ယုံတာလား။"

ကျင်းဘုရင်မင်းမြတ်၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားပြီး သူ့ကို ဒေါသတကြီး တစ်ချက် စိုက်ကြည့်လိုက်၏။

ဖန်ကျန်းရီသည် မျက်နှာထားကို ကပျာကယာ တည်တည်ထားလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ "အရှင်မင်းကြီး... အဲဒါဆို... ကျွန်တော်မျိုးတို့ အရင် ပြန်ပြီး နားကြရအောင်။ အချိန်လည်း သိပ်မကျန်တော့ဘူး။ မီးပေါက်လက်နက် အပြင် ကျွန်တော်မျိုးမှာ အရှင်မင်းကြီးကို ပြစရာ တခြား ပစ္စည်းတွေ ရှိပါသေးတယ်။"

ကျင်းဘုရင်မင်းမြတ် သည် အံ့အားသင့် ဝမ်းသာစွာဖြင့် မိန့်လိုက်၏။ "ရှိသေးတယ်လား။ အမှန်တိုင်း ပြောရရင် ဒီနေ့ ကိုယ်တော့်ကို တကယ် မျက်စိပွင့်သွားစေတာပဲ။ နှစ်တွေ အများကြီး စောင့်ခဲ့ရတာ မနစ်နာပါဘူး။ နောက်ထပ် ဘာရတနာတွေ ရှိသေးလဲဆိုတာ ကိုယ်တော် ကြည့်ရသေးတာပေါ့။"

All Chapters