အခန်း ၄၄၁
Vol. 45 Ch. 441
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၄၁) - နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ
မိုးသောက်ယံအချိန်တွင် ဖြစ်သည်။
လော့ချန်တစ်ယောက် ဂူဗိမာန်ထဲမှ ထွက်လာခဲ့ပြီး ဝိညာဉ်စိုက်ခင်းထဲရှိ အတော်အတန် ကြီးမားနေပြီဖြစ်သော ရွှီရန်သစ်ပင်အောက်သို့ ရောက်ရှိလာခဲ့သည်။ တောင်ပေါ်မှ တိုက်ခတ်လာသော နံနက်ခင်းလေညင်းလေးမှာ သူ၏ မျက်နှာကို ဖြတ်သန်းသွားသည်။ ဘေးနားရှိ သစ်ရိပ်များမှာလည်း လှုပ်ခတ်နေပြီး နွေးထွေးသော ချီစွမ်းအင် သဲ့သဲ့လေးများက သူ၏ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ် စိမ့်ဝင်လာသည်။
ပြီးပြည့်စုံအဆင့်ရှိ ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်မှာ ကျင့်ကြံစဉ်အတွင်း ထူးခြားသော အကျိုးသက်ရောက်မှု ရှိရုံတင်မကဘဲ ယခင်က အထွတ်အထိပ်ရောက် နွေဦးကျင့်စဉ်နှင့် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်တို့၏ ကောင်းမွန်သော ဂုဏ်သတ္တိများကိုပါ ထိန်းသိမ်းထားသည်။ ဥပမာအားဖြင့် ချီစွမ်းအင် အလိုအလျောက် ပြန်လည် ဖြည့်တင်းခြင်း၊ သန့်စင်သော ချီစွမ်းအားများ ထုတ်လွှတ်ပေးခြင်း စသည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ ထို့ကြောင့် ပြင်းထန်သော တိုက်ပွဲများ မရှိသည့်အချိန်တွင် လော့ချန်၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားမှာ အမြဲတစေ ပြည့်လျှံနေလေ့ ရှိသည်။ ချီစွမ်းအင် အရည်အဖြစ် ပြောင်းလဲခြင်း လုပ်ငန်းစဉ်မှာလည်း သူ အထူးတလည် မလုပ်ဆောင်လျှင်ပင် ဖြည်းဖြည်းချင်း ဖြစ်ပေါ်နေသည်။
"ဒါ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးရဲ့ အဓိကကျမ်းစာပဲကိုး.... အရင်က ကျင့်ကြံနှုန်း သိပ်မမြန်ဘူးလို့ ထင်ခဲ့ပေမဲ့ အမှန်တော့ နည်းနည်း တိုးတက်လာတာပဲ"
လော့ချန် ထိုသို့ ရေရွတ်လိုက်ရင်း ထူထဲသော စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ၎င်းသည် မည်သည့် မှော်အတတ်ကျမ်းစာ၊ ဆေးပညာကျမ်းစာ၊ ဗဟုသုတကျမ်းစာမျှ မဟုတ်ပေ။
၎င်းသည် လော့ထျန်းမှတ်တမ်း ဖြစ်သည်။ ထိုထဲတွင် လော့ထျန်းအဖွဲ့၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြီးများကို မှတ်တမ်းတင်ထားသည်။ ဤစာအုပ်ကို စုစုပေါင်း သုံးအုပ် ထုတ်ဝေထားခဲ့သည်။ စာကြည့်တိုက်တွင် တစ်အုပ် သိမ်းဆည်းထားပြီး စီမာဟွေ့နန်ထံတွင် တစ်အုပ်၊ လော့ချန်ထံတွင် တစ်အုပ် ရှိသည်။ ပုံမှန်အားဖြင့် စီမာဟွေ့နန်ထံမှ စာအုပ်သည် လော့ချန်ထံမှ စာအုပ်နှင့် အမြဲ လဲလှယ်ဖတ်ရှုလေ့ရှိသဖြင့် လော့ချန် အပြင်သို့ မထွက်သည့်တိုင် လော့ထျန်းအဖွဲ့၏ လက်ရှိ အခြေအနေကို အကြမ်းဖျင်း သိရှိနိုင်သည်။
သူ လော့ထျန်းမှတ်တမ်းကို ဖွင့်ကာ ဂရုတစိုက် ဖတ်ရှုလိုက်သည်။ လက်ရှိတွင် အဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ လော့ထျန်းနန်းဆောင် ကိုးခုသည်လည်း အကြမ်းဖျင်းအားဖြင့် ပေါ်ထွက်လာခဲ့လေပြီ။
နန်းဆောင်အသီးသီး၏ သခင်များကို သားရဲနန်းဆောင်မှလွဲ၍ အားလုံးကို အတည်ပြုပြီး ဖြစ်သည်။ ယခင်က စီမာဟွေ့နန်ကို အခက်တွေ့စေခဲ့သော တိုက်ခိုက်ရေးနန်းဆောင်ကိုလည်း ပြန်လည်ဖွဲ့စည်းပြီး ဖြစ်သည်။ ထိုနန်းဆောင်ကို နန်းဆောင်သခင် စီမာရှန့်၊ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ကျိုးယွမ်လီနှင့် လော့ဝမ်အကြီးအကဲ စုရှောင်လင်းတို့က ဦးဆောင်ကြသည်။ လော့ဝမ် ဟူသည်မှာ ထောက်လှမ်းရေးအဖွဲ့၏ လျှို့ဝှက်နာမည်ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခွင် မည်သည့်အရာမျှ လွတ်မြောက်နိုင်ခြင်းမရှိဟူသော အဓိပ္ပာယ်ကို ဆောင်သည်။ ဤလူသုံးယောက်ကို အခြေပြု၍ ယခင်က တိုက်ခိုက်ရေးခန်းမဆောင်၊ ပြစ်ဒဏ်ခန်းမဆောင်နှင့် အဖွဲ့အတွင်းရှိ ဖျတ်လတ် ဉာဏ်ကောင်းသူများကို စုစည်းကာ တိုက်ခိုက်ရေးနန်းဆောင်အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။
ဤလူစာရင်းကို မြင်ရသောအခါ လော့ချန် ခေါင်းညိတ်မိသည်။ စီမာဟွေ့နန်သည် ဆွေမျိုးသားချင်း အချင်းချင်း မျက်နှာလိုက်ခြင်းဟူသော ကိစ္စရပ်မျိုးကို ရှောင်ကွင်းနိုင်ခဲ့သည်။ သူမ၏ အစ်ကိုကြီးကို တိုက်ခိုက်ရေးနန်းဆောင်၏ သခင်အဖြစ် ထားရှိခဲ့သော်လည်း ထိုအောက်ရှိ အရေးကြီးဆုံးသော အဖွဲ့နှစ်ဖွဲ့လုံးကိုမူ လော့ချန် ယုံကြည်ရသည့် လူယုံတော်များဖြင့်သာ ဦးဆောင်စေခဲ့သည်။
ထို့ပြင် ချင်လျန်ချန်းအား ရောင်နီနန်းဆောင်၏ သခင်အဖြစ် သူမ ခန့်အပ်ခဲ့သည်။ ဤရောင်နီနန်းဆောင်ဟူသည်မှာ အပြင်စည်းအဖွဲ့၏ လျှို့ဝှက်နာမည် ဖြစ်သည်။ ဒန်ရှား၏ တောက်ပသော တိမ်တိုက်များကို အခြေတည်၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီး လော့ထျန်းအဖွဲ့၏ အရေးကြီးဆုံးသော ဆေးဖော်နန်းဆောင်နှင့် အတွင်းအပြင် ဟန်ချက်ညီစေရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဤဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မုရုံချင်းလျန်က သံသယအချို့ ရှိခဲ့သည်။ သို့သော် စီမာဟွေ့နန်၏ အတင်းအကျပ် တောင်းဆိုမှုအောက်တွင် နောက်ဆုံး၌ ဤခန့်အပ်မှုကို အတည်ပြုနိုင်ခဲ့သည်။ ချင်လျန်ချန်းကိုယ်တိုင်လည်း ကန့်ကွက်မှု မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အပြင်စည်းအဖွဲ့သို့ သွားရောက်၍ အနားယူပြောင်းရွှေ့ကာ ထိုနေရာရှိ အရေးကိစ္စများကို ကြီးကြပ်ကွပ်ကဲရသည်ကိုပင် အတော်လေး စိတ်ကျေနပ်နေပုံရသည်။
အခြားသော နန်းဆောင်အသီးသီး၏ သခင်များမှာလည်း လော့ချန်နှင့် ရင်းနှီးပြီးသား လူများသာ ဖြစ်ကြသည်။
ဝမ်ယွမ်ပင်လျှင် စီမာဟွေ့နန်၏ စီစဉ်မှုအောက်တွင် ကျင့်စဉ်သင်ကြားရေးနန်းဆောင်၏ သခင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ စီမာဟွေ့နန်၏ အဆိုအရ ဝမ်ယွမ်သည် ပုံမှန်အားဖြင့် ကျမ်းစာအမျိုးမျိုးကို လေ့လာရသည်ကို နှစ်သက်ပြီး ထူးခြားသော မှော်အတတ်အမြောက်အမြားကိုလည်း တီထွင်နိုင်ခဲ့သည်။ နောင်အနာဂတ်တွင် လော့ထျန်းအဖွဲ့၏ ကျမ်းစာအားလုံးကို သူ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်ရာ သူ့အနေဖြင့်လည်း အချိန်မရွေး ဖတ်ရှုခွင့်ရမည်ဖြစ်သည်။ ဤသည်မှာ လူမှန်နေရာမှန် တာဝန်ခွဲဝေပေးထားခြင်းဖြစ်သည်။ ဝမ်ယွမ်သည်လည်း ဤကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်မှုမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့်ပုံပင်။
ပြုပြင်ပြောင်းလဲရေးအပြင် စီမာဟွေ့နန်သည် ရတနာနန်းဆောင်မှ ဝိညာဉ်အမြစ်ကို စမ်းသပ်နိုင်သော ထူးခြားသည့် မှော်လက်နက်တစ်ခုကို ငွေအမြောက်အမြား ပေး၍ ဝယ်ယူခဲ့သည်။
‘ဝိညာဉ်စမ်းသပ်ဗန်း’
ဤအရာကို ဗဟိုပြု၍ မင်လုံယွီ၏ အစီအရင်နှင့် တွဲဖက်လိုက်ပါက ဂိုဏ်းများတွင် တွေ့ရလေ့ရှိသော ဝိညာဉ်စမ်းသပ်အစီအရင်ကြီးကို တည်ဆောက်နိုင်သည်။ ဤလုပ်ရပ်သည် နောင်အနာဂတ်တွင် လော့ထျန်းအဖွဲ့၏ အဆင့်မြင့်လူကြီးများ တပည့်မွေးရန်အတွက် ပြင်ဆင်ခြင်း ဖြစ်သည်မှာ အသေအချာပင်။ ဤကဲ့သို့သော မျိုးဆက်ဆက်ခံခြင်းမှာ ကျင့်ကြံမှု အောင်မြင်ပြီးသား လူဟောင်းများအပေါ်သို့ ကျရောက်လိမ့်မည် မဟုတ်ပေ။ အသက်အရွယ် ငယ်ရွယ်သူများကိုသာ ပစ်မှတ်ထားပေလိမ့်မည်။
စီမာဟွေ့နန်က မှတ်တမ်းတွင် ဝိညာဉ်စမ်းသပ်မှု၏ စည်းကမ်းချက်ကို မှတ်သားထားသည်။
‘အသက် (၂၅) နှစ်အောက်’
ထိပ်သီးဂိုဏ်းကြီးအများစုသည် စမ်းသပ်မှုနှင့် တပည့်လက်ခံမှုကို အသက် (၁၆) နှစ်အောက်အထိသာ ကန့်သတ်ထားသော်လည်း စီမာဟွေ့နန်ကမူ ဒေသန္တရ အခြေအနေများနှင့် ကိုက်ညီအောင် အသက်ကန့်သတ်ချက်ကို လျှော့ပေါ့ပေးခဲ့သည်။
"ဒီလိုလုပ်တာလည်း ကောင်းတာပဲ"
လော့ချန် မှတ်တမ်းကို ဆက်လက် ဖတ်ရှုလိုက်သည်။ ဆက်လက်ရေးသားထားသည်မှာ လက်ရှိ လော့ထျန်းအဖွဲ့၏ အရေးကြီးဆုံးသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်သည်။
‘လူခေါ်ယူခြင်း’
လွန်လေပြီးသောကာလကတည်းက လော့ထျန်းအဖွဲ့ လူခေါ်ယူနေခဲ့ခြင်း ဖြစ်သည်။ ဤအတွက်ကြောင့် အပြင်စည်းအဖွဲ့ကို သီးသန့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲကြီး ပြီးဆုံးသွားကတည်းက စီမာဟွေ့နန်သည် အင်အားကို ပိုမို တိုးမြှင့်ခဲ့ပြီး ပြင်ပမှ နောက်ခံကင်းရှင်းသော လူများကို အမြောက်အမြား စတင် ခေါ်ယူခဲ့သည်။ အထူးသဖြင့် ထူးခြားသော အတတ်ပညာ တစ်ခုခု ရှိကြသည့် တစ်ကိုယ်တော်ကျင့်ကြံသူများကို လော့ထျန်းအဖွဲ့က အလွန်မင်း ကြိုဆိုလှပေသည်။
ယခင် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရမှ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ရာခန့်ကို အနိုင်နိုင် ခေါ်ယူနိုင်ခဲ့ခြင်းနှင့် မတူဘဲ ဤတစ်ကြိမ်တွင်မူ တစ်လတည်းသော အချိန်အတွင်းမှာတင် လူတစ်ရာခန့်ကို ထပ်မံ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ တင်းကျပ်လှသော စစ်ဆေးမှုများအောက်က ရလဒ် ဖြစ်သည်။ အကယ်၍ စည်းကမ်းချက်များကို လျှော့ပေါ့လိုက်ပါက လေးငါးရာခန့်အထိ ရောက်ရှိသွားနိုင်ခြေ ရှိသည်။ စီမာဟွေ့နန်၏ ခန့်မှန်းချက်အရ ခြောက်လအကြာတွင် လော့ထျန်းအဖွဲ့သည် လူဦးရေ ထောင်ချီအထိ စုဆောင်းမိနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်ကျမှ လူခေါ်ယူခြင်းကို ခေတ္တ ရပ်နားနိုင်မည်ဖြစ်သည်။
ဤကဲ့သို့သော ဝမ်းမြောက်ဖွယ် ရလဒ်များ ထွက်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ အမှန်စင်စစ် မရှုပ်ထွေးလှပေ။ ဤတစ်ကြိမ် တိုက်ပွဲအပြီး လော့ထျန်းအဖွဲ့ အလွန်အမင်း မျက်နှာပန်း လှခဲ့သည်။ နေရာအနှံ့ တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့သည်။ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီးများပင် သူတို့အား လမ်းဖယ်ပေးခဲ့ကြသည်။ ထို့ပြင် အရေးကြီးဆုံးအချက်မှာ မီးနတ်ဘုရားလော့ ဟူသော နာမည်မှာ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် အလွန်အမင်း ဆွဲဆောင်မှု ရှိလွန်းလှသည်။ စွမ်းအား သန်မာရုံတင်မကဘဲ နာမည်ဂုဏ်သတင်းမှာလည်း အလွန် ကောင်းမွန်လှသည်။ အထူးသဖြင့် စီမာဟွေ့နန်၏ ဝါဒဖြန့်မှုအောက်တွင်၊ လော့ထျန်းအဖွဲ့၏ အဖွဲ့ချုပ်ခေါင်းဆောင် မီးနတ်ဘုရားလော့သည် အရည်အချင်းရှိသော လူငယ်များကို မြှင့်တင်ပေးရသည်ကို အလွန် နှစ်သက်သည်ဟု ဆိုသည်။ လော့ထျန်းအဖွဲ့၏ လက်ရှိ အခြေတည်အဆင့် ကျင့်ကြံသူ လေးယောက်ဖြစ်သော ဝမ်ယွမ်၊ မင်လုံယွီ၊ တွမ်ဖုန်းနှင့် စီမာဟွေ့နန် အပါအဝင် အားလုံးမှာ အဖွဲ့ချုပ်ခေါင်းဆောင် မီးနတ်ဘုရားလော့ကိုယ်တိုင် လက်တွဲမြှင့်တင်ပေးခဲ့သော လူများ ဖြစ်ကြသည်။
မူလက သူတို့အားလုံးမှာ ပါရမီ သိပ်မထူးခြားလှသော လူများသာ ဖြစ်ကြသည်။ ယခုအခါတွင်မူ အားလုံးက ဂုဏ်သရေရှိလှသော အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြလေပြီ။ လော့ထျန်းအဖွဲ့သို့ ဝင်ရောက်ပါက နောင်အနာဂတ်တွင် သူတို့နှင့်အတူ ပုခုံးချင်းယှဉ်နိုင်မည့် အခွင့်အရေး ရှိပေသည်။ ဤဆွဲဆောင်မှုကြီးကို ရင်ဆိုင်ရသောအခါ ငြင်းဆန်နိုင်သည့် တစ်ကိုယ်တော်ကျင့်ကြံသူမှာ အလွန်နည်းပါးလှပေသည်။
မှတ်တမ်းပေါ်ရှိ အသေးစိတ် ဖော်ပြချက်များကို ကြည့်ရင်း လော့ချန် ရယ်ချင်ပတ်ချင် ဖြစ်သွားရသည်။
“ဟွေ့နန်ကတော့ တကယ့်ကို အကွက်စုံ ထုတ်သုံးတတ်တာပဲ….”
သူမသည် အပြင်သို့ မထွက်သော လော့ချန်၏ နာမည်ကိုပင် တစ်ကိုယ်တော်ကျင့်ကြံသူများကို ဆွဲဆောင်ရန် ငါးစာတစ်ခုအဖြစ် အသုံးပြုနေခဲ့သည်။
"ဒါပေမဲ့ ဒီလိုလုပ်တာလည်း ကောင်းတာပါပဲလေ.... အစက ရှိနေတဲ့ ကျင့်ကြံသူ အရေအတွက်နည်းနည်းလေးနဲ့ကတော့ ငါတို့ဆီမှာ ပိုမို များပြားလာမယ့် အခြေတည်အဆင့် ကျင့်ကြံသူတွေကို ထောက်ပံ့ပေးဖို့ ဘယ်လိုမှ မလုံလောက်နိုင်ဘူး.... တကယ်လို့ လူဦးရေ ထောင်ချီအထိ စုဆောင်းနိုင်ပြီး အရည်အချင်းမရှိတဲ့ လူတွေ မပါဘူးဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် လုံလောက်သွားပြီ.... အဲဒီထက်ပိုရင်တော့ အလွန်ဆုံး သုံးထောင်ပေါ့.... ဘာပဲဖြစ်ဖြစ် ရွှေအမြုတေအဆင့် ကျင့်ကြံသူ မရှိသေးတဲ့အတွက် လူအများကြီး ရှိနေရင် တခြားသူတွေရဲ့ ဝေဖန်တာကို ခံရလွယ်တယ်…."
လော့ချန်သည်လည်း ထျန်းလန် နတ်ဘုရားမြို့တော်ရှိ ထိပ်တန်း အင်အားစုကြီးမျိုးစုံ၏ ဖွဲ့စည်းပုံကို အကြမ်းဖျင်းအားဖြင့် နားလည်ထားပြီး ဖြစ်သည်။ လူဦးရေ အများဆုံးဟု ဆိုရလျှင် လွန်ခဲ့သော ဆယ်နှစ်က လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်ပင် ဖြစ်သည်။ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော် ရှိပြီး ချီသန့်စင်အဆင့် ကျင့်ကြံသူ သောင်းချီ ရှိသည်ဟု ကြွေးကြော်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင်မူ ထျန်းလန်ဘက်၌ ချီသန့်စင်အဆင့် ကျင့်ကြံသူ သုံးထောင်ခန့်ကိုသာ ထားရှိခဲ့ကြခြင်း ဖြစ်သည်။ ပိုမို များပြားသော လူများကိုမူ ဈေးမြို့တော်အသီးသီးရှိ စီးပွားရေးလုပ်ငန်းများဆီသို့ စေလွှတ်ထားခဲ့ကြသည်။ တစ်ဖက်ခေါင်းဆောင်များသည် ဤကိစ္စနှင့် ပတ်သက်၍ သေချာပေါက် အသေးစိတ် စဉ်းစားတွေးတောခဲ့မည်မှာ အသေအချာပင်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
မြူခိုးများ ကင်းစင်သွားပြီး အရှေ့ဆီမှ ရောင်နီပျိုးစပြုခဲ့လေပြီ။
လော့ချန်တစ်ယောက် မှတ်တမ်းစာအုပ်ကို ဖတ်ရှုပြီးသွားသောအခါ အချိန်မှာ နံနက်ခင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ မတ်တတ်ရပ်ရန် ပြင်ဆင်လိုက်စဉ် စိတ်အာရုံမှာ ရုတ်ချည်းပင် လှုပ်ခတ်သွားတော့သည်။
"နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ.... ခင်ဗျားတို့ ဆက်သည်းခံနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်နေတာ…."
လော့ချန် ပြုံးလိုက်ရင်း လက်ထဲရှိ စာအုပ်ကို ရှန်းဟူဆေးကျမ်းနှင့် လဲလှယ်ကိုင်ဆောင်လိုက်တော့သည်။