အခန်း ၄၄၂
Vol. 45 Ch. 442
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၄၂) - သားရဲနန်းဆောင်သို့ ရောက်လာမည့် သခင်သစ်
"မိတ်ဆွေလေး…. တော်တော် ဝီရိယကောင်းလှချည်လား...."
တောင်ပေါ်မှ တိုက်ခတ်လာသော လေညင်းနှင့်အတူ အေးစက်လှသော စကားသံတစ်သံ လော့ချန်၏ နားထဲသို့ စိမ့်ဝင်လာသည်။
ထန်ထိုက်ကျင်းသည် တိမ်မြူများကြားမှ ဆင်းသက်လာပြီး လော့ချန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။
"ဒီလောက်အထိ စောစောစီးစီး ထပြီး စာဖတ်နေတယ်ပေါ့…."
လော့ချန်တစ်ယောက် သစ်ပင်ရိပ်အောက်တွင် အေးအေးလူလူထိုင်ရင်း လက်ထဲရှိ ဆေးကျမ်းစာအုပ်ကို လှုပ်ခါပြလိုက်ရင်း
"ပညာရွှေအိုး လူမခိုးတဲ့လေဗျာ…. ဆေးဖော် ပညာရပ်က တကယ်ပဲ နက်နဲကျယ်ပြန့်လှပါတယ်.... ကျွန်တော့်ရဲ့ သက်တမ်းက အကန့်အသတ် ရှိပေမဲ့ အသိပညာကတော့ အကန့်အသတ်မရှိဘူးလေ.... မကြိုးစားလို့ ဘယ်ဖြစ်မလဲဗျာ"
လော့ချန်၏ပုံစံမှာ သူမ ရောက်ရှိလာခြင်းအပေါ် မည်သို့မျှ အံ့ဩဟန်မရှိပေ။
ထန်ထိုက်ကျင်း၏ မျက်ဝန်းများ လှုပ်ခါသွားပြီး
"ငါတို့လို ကျင့်ကြံသူတွေက ထာဝရအသက်ကို ရှာဖွေနေကြတာပဲ၊ နောင်အနာဂတ်မှာ ကမ္ဘာတည်သရွေ့ အသက်ရှင်နေထိုင်နိုင်ကြမှာဆိုတော့ သက်တမ်းအကန့်အသတ် ရှိတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ…."
လော့ချန် သဘောကျစွာ ရယ်မောလိုက်သည်။
"မိတ်ဆွေထန်ထိုက် ပြောသလို ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့"
သူ ထိုင်ခုံလေးတစ်ခုဆီသို့ လက်ညှိုးညွှန်ပြကာ လောကဝတ်ပြုလိုက်၏။
"အာ.... ထိုင်ပါဦးဗျ"
ထန်ထိုက်ကျင်းလည်း မူနေဘဲ လော့ချန်၏ မျက်နှာချင်းဆိုင်ရှိ နွယ်ထိုင်ခုံပေါ်တွင် ချက်ချင်း ဝင်ထိုင်လိုက်သည်။
လော့ချန်တစ်ယောက် ဆေးကျမ်းကို ဘေးချလိုက်ပြီး သူမအတွက် လက်ဖက်ရည်ကို ကိုယ်တိုင် ငှဲ့ပေးလိုက်ရာ သူတို့နှစ်ဦးကြားတွင် သင်းပျံ့သော ရနံ့သဲ့သဲ့လေး ပျံ့လွင့်လာတော့သည်။
ထန်ထိုက်ကျင်း၏ အကြည့်များသည် ချက်ချင်းပင် ရှန်းဟူဆေးကျမ်းပေါ်သို့ ကျရောက်သွားသည်။ စာအုပ်အမည်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ဝေ့သန်းသွားသော်လည်း တမုဟုတ်ချင်းပင် ပြန်လည် တည်ငြိမ်သွား၏။ သူမ လော့ချန် ငှဲ့ပေးထားသော ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံ သောက်ကာ စကားစလာသည်။
"ကြားတာတော့.... တန်ချန်ဇီ၊ မင်းအနေနဲ့ မကြာသေးခင်က ဆေးဖော်ပညာရပ်မှာ အများကြီး တိုးတက်လာတယ်လို့ ကြားမိတယ်"
‘မီးနတ်ဘုရားလို့ မခေါ်ဘဲ ဆေးဖော်ဆရာ တန်ချန်ဇီလို့ ခေါ်တယ်ပေါ့’
လော့ချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။ မျှော်လင့်ထားသည့်အတိုင်း သူမက စကားဝိုင်းကို ဆေးဖော်စပ်ခြင်းဘက်သို့ ဆွဲခေါ်နေခြင်း ဖြစ်သည်။
သူသည်လည်း တစ်ဖက်လူ၏ လေသံအတိုင်း နှိမ့်ချစွာဖြင့်
"နည်းနည်းတော့ တိုးတက်မှုရှိပါတယ်.... နည်းနည်းပါးပါးပါပဲ" ဟု ဆိုလိုက်သည်။
ဤမျှအထိ နှိမ့်ချလွန်းသော စကားကို ကြားရသောအခါ ထန်ထိုက်ကျင်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
‘ဘယ်လိုလုပ် နည်းနည်းပါးပါး တိုးတက်တာ ဖြစ်မလဲ’
ထျန်းလန် နတ်ဘုရားမြို့တော်တွင် ဆေးဖော်ပညာရပ်တွင် ကျွမ်းကျင်သော မျိုးနွယ်စုအသေးစားများနှင့် ဂိုဏ်းငယ်လေးများစွာ ရှိကြသော်လည်း မကြာသေးခင်က လော့ချန်၏ လော့ထျန်းအဖွဲ့သည် အင်အားစုနှစ်ခုကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းပစ်ခဲ့သည်။ ထို့ပြင် သူ့ဘက်သို့ ယိမ်းယိုင်နေသော လီမျိုးနွယ်စုဆိုလျှင်လည်း ဆေးဘက်ဝင်အပင်များ စိုက်ပျိုးခြင်းနှင့် ဆေးဖော်စပ်ခြင်းဖြင့် နာမည်ကြီးသော မျိုးနွယ်စု ဖြစ်သည်။ ဤမျှ အရင်းအမြစ်များ စုပြုံနေလေရာ လော့ချန်၏ ဆေးဖော်စပ်မှုအဆင့် တဟုန်ထိုး တိုးတက်လာမည်မှာ ဗေဒင်မေးစရာမလိုတော့ချေ။ သူမ သက်ပြင်းတစ်ချက်ကို အသာချလိုက်သည်။ စကားကို ဝေ့လည်ကြောင်ပတ် ဆက်မပြောချင်တော့ပေ။ အစဉ်အမြဲ ပင်ပန်းကြီးစွာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သော သူမအနေဖြင့် စကားပြော အတတ်ပညာတွင် ဆရာကျလှသော လော့ချန်ကို ဘယ်လိုမှ ယှဉ်နိုင်မည်မဟုတ်သည်မှာ ထင်ရှားလှသည်။
သူမ ပွင့်ပွင့်လင်းလင်း ပြောရန် ဆုံးဖြတ်လိုက်သည်။
"တန်ချန်ဇီ.... မင်း အခု အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဖော်စပ်နိုင်ပြီလား"
ပြောပြီးနောက် သူမ လော့ချန်၏ မျက်နှာအမူအရာ အနည်းငယ်မျှသော ပြောင်းလဲမှုကိုပင် လက်မလွှတ်စေရန် အာရုံစိုက်ထားလိုက်သည်။
သူမ၏ စိုက်ကြည့်မှုအောက်တွင် မျက်နှာချင်းဆိုင်ရှိ လော့ချန်၏ မျက်နှာပေါ်၌ အံ့ဩသွားသည့် အရိပ်အယောင် အနည်းငယ် ပေါ်ထွက်လာသည်။ သို့သော် ၎င်းသည် အလွန်လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားပြီး ဘာမျှမဖြစ်ခဲ့သည့်အလား တည်ငြိမ်သွားပြန်သည်။
‘ကောက်ကျစ်စဥ်းလဲတဲ့ ကောင်စုတ်လေးပဲ.... အမှန်အတိုင်း ပြောမှာ မဟုတ်ဘူး’
ထန်ထိုက်ကျင်း၏ စိတ်ထဲတွင် ဤသို့ တွေးတောမိလိုက်သည်။
သူမ ထင်သည့်အတိုင်းပင် ဖြစ်၏။
"ဒုတိယအဆင့် အဆင့်လတ် ဆေးလုံးဆိုတာ ဘယ်လောက်တောင် ခက်ခဲလဲဗျာ.... မိတ်ဆွေထန်ထိုက်.... ကျွန်တော့်ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား"
လော့ချန် ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။
ထန်ထိုက်ကျင်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားပြန်သည်။ ထို့နောက် သူမ ပြုံးစိစိမျက်နှာထားဖြင့် လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။
"တန်ချန်ဇီ.... ငါ့ကို ညာမနေပါနဲ့တော့"
လော့ချန် စိတ်ထဲမှ အော်ဟစ်မိသွားသည်။
‘အစ်မကြီးရာ.... ခင်ဗျားရဲ့ နှစ်ပေါင်းသောင်းချီ အေးခဲနေတဲ့ ရေခဲတောင်လို မျက်နှာကြီးနဲ့ ဒီလို ပြုံးစိစိ အမူအရာမျိုး လာမလုပ်ပါနဲ့၊ ကျွန်တော် တကယ်ကို နေရခက်လွန်းလို့ပါ’
သို့သော်လည်း သူသည် တစ်ဖက်လူနှင့်အတူ ဤပြဇာတ်ကို ဆက်လက် ကပြရဦးမည် ဖြစ်သည်။
"အဟမ်း.... အဟမ်း…. မကြာသေးခင်က ဆေးဖော်စပ်မှုမှာ ရလဒ်ကောင်းအချို့ ရခဲ့တာတော့ အမှန်ပါပဲ.... ဒါပေမဲ့ အဆင့်လတ်ဆေးတွေကို ဖော်စပ်ဖို့အတွက် ကုန်ဆုံးရမယ့် စိတ်စွမ်းအင်နဲ့ အရင်းအနှီးက တကယ်ကို မြင့်မားလွန်းလှပါတယ်.... မိတ်ဆွေထန်ထိုက် သိတဲ့အတိုင်းပဲ.... ကျွန်တော်က ခင်ဗျားတို့လို ဂိုဏ်းကြီးတွေရဲ့ မျိုးဆက်တွေနဲ့မတူဘူး.... ဘာကိုမှ ပူစရာမလိုဘဲ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေလို့ မရဘူးလေ.... ကျွန်တော့်မှာ လော့ထျန်းအဖွဲ့ကြီးကို ပျိုးထောင်ရဦးမယ်.... ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရှာဖွေရဦးမယ်၊ အလုပ်တွေက တောင်လိုပုံနေတာဗျာ.... ပြီးတော့…."
သူ ဆက်လက်၍ ငြီးတွားရန် ပြင်ဆင်နေစဉ်မှာပင် ထန်ထိုက်ကျင်းက ရုတ်ချည်း ပြောကြားလာသည်။
"တကယ်လို့ ငါက မင်းရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်မယ်ဆိုရင် မင်းအနေနဲ့ အချိန်ပိုထုတ်ပြီး ငါတို့ ချန်ချင်အနွယ်အတွက် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံး တချို့ ပိုပြီး ဖော်စပ်ပေးနိုင်မလား…."
လော့ချန် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး အနည်းငယ် အံ့ဩသွားသည်။
‘အခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ် တဲ့လား’
သူ အစောပိုင်းက စကားများ တောင်ပုံရာပုံ ပြောခဲ့ခြင်းမှာ နောင်တွင် ဆေးလုံးများ၏ ဈေးနှုန်းကို တိုးမြှင့်ရန်အတွက် လမ်းခင်းခြင်းသာ ဖြစ်သည်။ သူမ အတည်မှတ်ယူလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ သို့သော် တစ်ဖက်လူက လှေကားထိုးပေးနေပြီ ဖြစ်ရာ သူ လောဘမတက်ဘဲ နေစရာ အကြောင်းမရှိပေ။
"ဘယ်လိုမျိုး ကူညီဖြေရှင်းပေးမှာလဲဗျာ"
"ကြားတာတော့.... မင်းတို့ လော့ထျန်းအဖွဲ့မှာ ချီသန့်စင်အဆင့်ကျင့်ကြံသူတွေ အများကြီး ရှိပေမဲ့ လုံလောက်တဲ့ အခြေတည်ဆေးမရှိလို့ အခက်တွေ့နေကြတယ်လို့ သိရတယ်…."
‘အမ်’
လော့ချန်၏ မျက်လုံးများ ရုတ်ချည်းပင် တောက်ပသွားတော့သည်။
‘ဒါဆိုရင်’
သူ့၏ မျှော်လင့်ချက်များအောက်တွင် ထန်ထိုက်ကျင်း အချိန်ဆွဲမနေခဲ့ပေ။
"ငါ့ဆီမှာ အခြေတည်ဆေးလုံး နှစ်လုံး ရှိသေးတယ်၊ မင်းကို တစ်လုံး အရင် ခွဲပေးလို့ ရပါတယ်"
"ဒီလောက်တောင် ရက်ရောတာလား"
လော့ချန် လွှတ်ခနဲ မေးလိုက်မိသည်။
ထန်ထိုက်ကျင်းကမူ တည်ငြိမ်သော မျက်နှာထားဖြင့်
"အခြေတည်ဆေးလေး တစ်လုံးပဲဟာ၊ ငါတို့လို အခြေတည်အဆင့် ရောက်ပြီးသား လူတွေအတွက်တော့ ဒါက ဘာမှ အသုံးမဝင်တော့ပါဘူး"
ဤသို့ ပြောလိုက်သောအခါ လော့ချန် ချက်ချင်းပင် သဘောပေါက်သွားသည်။ အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ မူလက အလွန်အမင်း အဖိုးတန်လှသော အခြေတည်ဆေးသည် ကျင့်ကြံသူတစ်ဦးချင်းစီအတွက် အမှန်တကယ်ပင် ထိုမျှအထိ အရေးမကြီးတော့ပေ။ လော့ချန်ကဲ့သို့ လက်အောက်ငယ်သား လူယုံများ ရှိကြသည့် အင်အားစုအသေးစား ခေါင်းဆောင်များသာလျှင် ဤကိစ္စအတွက် ပူပန်နေကြရခြင်း ဖြစ်သည်။ ဂိုဏ်းကြီးများမှ အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ ၎င်းတို့ကို ရရှိနိုင်မည့် လမ်းကြောင်းများစွာ ရှိနေမည်မှာ အသေအချာပင်။ ထိုစဉ်က ထျန်းရှင်းကျီက သူ့အတွက် သုံးလုံး ရှာပေးမည်ဟု ကြွေးကြော်ခဲ့သည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ သူ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေစဉ်မှာပင် ထန်ထိုက်ကျင်းက သူ စိတ်လှုပ်ရှားစေမည့် နောက်ထပ် ကမ်းလှမ်းချက်တစ်ခုကို ချပြပြန်သည်။
"ကြားတာတော့.... လော့ထျန်းအဖွဲ့မှာ အရည်အချင်းရှိတဲ့ သားရဲထိန်းကျောင်းသူ ရှာမတွေ့လို့ သားရဲနန်းဆောင်ရဲ့ သခင်နေရာက အချိန်အတော်ကြာ လစ်လပ်နေတယ်ဆို.... ငါ ထျန်းလန်မှာ အချိန်အတော်ကြာ တိတ်တဆိတ် ကျင့်ကြံနေတဲ့ အခြေတည်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်နဲ့ သိတယ်၊ သူက သားရဲ ထိန်းကျောင်းတဲ့ အတတ်ပညာမှာ တကယ်ကို ထူးချွန်ပြီး အတွေ့အကြုံ များတယ်"
လော့ချန်၏ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ရင်း ထန်ထိုက်ကျင်းက ဆက်ပြောသည်။
"သူ့ရဲ့ နောက်ခံ၊ ကိုယ်ကျင့်တရားနဲ့ စရိုက်လက္ခဏာတွေကတော့ လုံးဝ စိတ်ချရစေရမယ်.... မင်းတို့ဘက်က သူ့ကို လစဉ် လစာအဖြစ် ဝိညာဉ်ကျောက်တုံး လေးထောင် ပေးနိုင်သရွေ့.... သူက လော့ထျန်းအဖွဲ့အတွက် ဆယ်နှစ်တာ အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်"
‘တစ်လကို လေးထောင်.... ဒီလောက်တောင် ဈေးကြီးတာလား’
လော့ချန် မျက်မှောင်ကြုတ်မိသွားသည်၊ ဤသည်မှာ သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ လစာဖြစ်သော သုံးထောင်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ ကြည့်ရသည်မှာ တစ်ထောင်သာ ပိုများနေသကဲ့သို့ ရှိသော်လည်း တစ်နှစ်စာ တွက်ချက်လိုက်ပါက ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်ခန့် ပိုမို ကုန်ကျမည် ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ တစ်ဖက်လူက ဆယ်နှစ်သာ အလုပ်လုပ်မည်ဟူသော အချက်ပင်။
သူ မအောင့်နိုင်ဘဲ မေးလိုက်သည်။
"သူက သားရဲထိန်းကျောင်းတဲ့နေရာမှာ တကယ်ပဲ အဲဒီလောက်အထိ တော်တာလား…."
ပြောပြီးနောက် သူ ဖြည့်စွက်၍ မေးလိုက်သည်။
“သားရဲတွေကို ထိန်းချုပ် တိုက်ခိုက်ခိုင်းတာကို ပြောတာမဟုတ်ဘူးနော်…. မျိုးကောင်းမျိုးသန့်တွေကို ရှာဖွေတာ၊ ပြုစုပျိုးထောင်တာနဲ့ သားဖောက်တာ အဲ့အပိုင်းတွေကို ပြောတာပါ…."
ထန်ထိုက်ကျင်းက ခေါင်းညိတ်ပြရင်း
"မင်းကို ညွှန်းဆိုပေးကတည်းက ငါ ဒါတွေကို သေချာ စုံစမ်းပြီးသားပါ၊ စိတ်ချပါ"
လော့ချန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ လော့ထျန်းအဖွဲ့၏ လက်ရှိ စီးပွားရေး အခြေအနေမှာ အင်အားစုအချို့၏ အမွေအနှစ်များကို သိမ်းပိုက်ရရှိထားသဖြင့် အတော်အတန် ကောင်းမွန်နေဆဲပင်။ သို့သော် နောက်ထပ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ကုန်ကျစရိတ်ကို ထောက်ပံ့ရန်မှာမူ အနည်းငယ် ကျပ်တည်းသွားနိုင်သည်။ သို့သော် ရေရှည် တွေးတောကြည့်လျှင်မူ သားရဲမွေးမြူရေး ကဏ္ဍကိုသာ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါက အကျိုးအမြတ်မှာ သေချာပေါက် အလွန် များပြားလှပေလိမ့်မည်။ ထိုစဉ်က နန်ကုန်းမျိုးနွယ်စု၊ လီမျိုးနွယ်စုနှင့် ဖိုရှန်းဂိုဏ်းတို့သည် အဓိကအားဖြင့် ဝိညာဉ်သားရဲများ၊ မိစ္ဆာသားရဲများကို အခြေပြု၍ စီးပွားရေး လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ အကျိုးအမြတ်များကို လော့ချန် မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပြီး ဖြစ်သည်။ အကယ်၍ လော့ထျန်းအဖွဲ့အနေဖြင့်လည်း ဤလမ်းကြောင်းကို ဖောက်လုပ်နိုင်ပါက နောင်တွင် ဝင်ငွေရလမ်း နောက်ထပ်တစ်ခု တိုးပွားလာမည် ဖြစ်သည်။ သို့သော် ဤသို့လုပ်ဆောင်ရန်အတွက် ရေရှည်စီမံကိန်းအဖြစ် ကြည့်ရပေလိမ့်မည်။
‘ဆယ်နှစ်.... ရေရှည်ကြီးတော့ မဟုတ်ဘူးပဲ’
လော့ချန် စိတ်ကူးတစ်ခု ရရှိသွားပြီး နှုတ်ခမ်းကို သပ်ရင်း ဆိုလိုက်သည်။
"အဲ့မိတ်ဆွေက.... နောက်မျိုးဆက် လူငယ်တွေကို လက်ဆင့်ကမ်း ပညာသင်ကြားပေးဖို့ ရော ဆန္ဒရှိပါ့မလားဗျာ"
ထန်ထိုက်ကျင်းက လော့ချန်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ သူမ လော့ချန်၏ ဆိုလိုရင်းကို နားလည်သွားပြီ ဖြစ်သည်။ သို့သော် ဤကိစ္စကို သူမကိုယ်တိုင် ဆုံးဖြတ်ချက်ချ၍ မရပေ။
"အသေးစိတ် အခြေအနေကိုတော့ မင်း အဲဒီအချိန်ကျရင် သူနဲ့ ကိုယ်တိုင် စကားပြောကြည့်ပေါ့…. သူ့ရဲ့ စရိုက်အရဆိုရင်တော့ သဘောတူလိမ့်မယ်လို့ ထင်ပါတယ်"
ကြည့်ရသည်မှာ စကားပြောရ အဆင်ပြေမည့် လူတစ်ယောက် ဖြစ်ပုံရသည်။
လော့ချန်၏ စိတ်ထဲတွင် အနည်းငယ် တက်ကြွသွားသည်။
‘စကားပြောရ အဆင်ပြေရင် ရပြီ.... ဆယ်နှစ်အတွင်းမှာတင် သူက လော့ထျန်းအဖွဲ့အတွက် သားရဲ ထိန်းကျောင်းသူ အနည်းငယ်ကို မွေးထုတ်ပေးနိုင်ခဲ့မယ်ဆိုရင်.... အဲဒါက အကောင်းဆုံးပဲ’
ဤသို့ဆိုလျှင် လစဉ် လစာ ဝိညာဉ်ကျောက်တုံး လေးထောင် ပေးရခြင်းမှာ တန်ဖိုးကြီးလှသည် မဟုတ်တော့ဘဲ တကယ့်ကို တန်လွန်းလှပေလိမ့်မည်။ အကယ်၍ ဆယ်နှစ်အကြာတွင် သူ အလုပ်ထွက်သွားခဲ့လျှင်ပင် လော့ထျန်းအဖွဲ့၏ သားရဲ စီးပွားရေးမှာ ရုတ်ချည်း ရပ်တန့်သွားမည် မဟုတ်တော့ပေ။
ဤကိစ္စနှစ်ခုကို သဘောတူညီပြီးနောက် အချင်းချင်းကြားရှိ လေထုမှာ ထင်ရှားစွာပင် ပိုမို ပေါ့ပါး လွတ်လပ်သွားတော့သည်။
ထန်ထိုက်ကျင်းက ဆိုလိုက်သည်။
"ဒီလိုဆိုရင်တော့.... မိတ်ဆွေလေးအနေနဲ့ အချိန်အများကြီး ပိုထွက်လာမှာပေါ့၊ ငါတို့ ချန်ချင်အနွယ်အတွက် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံး ဖော်စပ်ပေးဖို့ စိတ်ရှိပါသေးရဲ့လား"
သူမ၏ အတွေးအရဆိုလျှင် လော့ချန်အနေဖြင့် နောက်ထပ် ငြင်းဆန်တော့မည် မဟုတ်ပေ။
တစ်ဖက်လူသည်လည်း သူမ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ခဲ့သည်။
"တကယ်လို့ အခြေတည်ဆေးနဲ့ သားရဲနန်းဆောင် ကိစ္စကို ဖြေရှင်းနိုင်မယ်ဆိုရင်.... ကျွန်တော် တကယ်ပဲ အချိန်အများကြီး ပိုထွက်လာမှာပါ…."
"ဒါပေမဲ့...."
ဤအမျိုးသမီးသည် တည်ငြိမ်အေးဆေးဟန် ပြသနေသော်လည်း လော့ချန်သည် သူမ၏ တည်ငြိမ်မှုနောက်ကွယ်မှ အလောတကြီး ဖြစ်နေမှုကို ရိပ်မိပြီးသား ဖြစ်သည်။ ဤသို့ဖြစ်မှတော့ သူ ရနိုင်သမျှ ရအောင်ညှစ်ယူရပေတော့မည်။
ထန်ထိုက်ကျင်း မျက်မှောင်ကြုတ်နေစဉ်မှာပင် လော့ချန် ဖြည်းဖြည်းချင်း ဆိုလိုက်သည်။
"ကျွန်တော်က သာမန် တစ်ကိုယ်တော်ကျင့်ကြံသူဘဝကနေ ဆင်းသက်လာတာမို့လို့၊ ဆရာသမား မရှိသလို၊ အမွေအနှစ် အဆက်အသွယ်လည်း မရှိပါဘူး၊ ရှေ့ခရီးလမ်းက မှောင်မိုက်နေတာပါ.... အခြေတည်အဆင့်ရဲ့ ကျင့်ကြံခြင်းကိုတော့ လမ်းစရှာရင်း ဖြတ်သန်းနိုင်ပါသေးတယ်.... ဒါပေမဲ့ ရွှေအမြုတေအဆင့်နဲ့ ပတ်သက်လို့ကတော့.... ဘာမှမသိပါဘူး.... ကြားတာတော့ မိတ်ဆွေတို့ဂိုဏ်းမှာ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်မယ့် လျှို့ဝှက်ကျမ်းစာအုပ်သုံးအုပ် ရှိတယ်လို့ ကြားမိတယ်.... ကျွန်တော့်ကို တစ်ချက်လောက် ပေးဖတ်လို့ ရမလားဗျာ"
စကားအဆုံးသတ်သွားသောအခါ မူလက ပေါ့ပါးနေသော လေထုမှာ ရုတ်ချည်းပင် ပြန်လည် တင်းမာသွားတော့သည်။
"မင်း တကယ်ပဲ လွန်လွန်းပြီ...."
ထန်ထိုက်ကျင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ရှည်လျားလှသော မျက်တောင်များအောက်မှ ပြင်းထန်သော အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။
လော့ချန် စိတ်လှုပ်ရှားသွားသော်လည်း အလျှော့မပေးဘဲ ဆက်ပြောလိုက်သည်။
"တကယ်လို့ မိတ်ဆွေသာ ကျွန်တော့်နေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်မိမှာ သေချာပါတယ်…."
ထန်ထိုက်ကျင်းက သူ့ကို မလွတ်တမ်း စိုက်ကြည့်နေသည်။
ခဏအကြာတွင် သူမ ပြတ်သားစွာ ခေါင်းခါယမ်းလိုက်ရင်း
"တခြားဟာ ပြောင်းတောင်းပါ"
လော့ချန် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။ ရွှေအမြုတေ လျှို့ဝှက်ချက်နှင့် ပတ်သက်လာလျှင် ဤဂိုဏ်းကြီးများက လွယ်လွယ်နှင့် အလျော့ပေးမည်မဟုတ်သည်မှာ အသေအချာပင်။
သူ စိတ်ကို ပြန်လည် ပြန်လည်စုစည်းလိုက်ပြီး သာမန်ကာလျှံကာ ဆိုလိုက်သည်။
"ဒါဆိုရင်.... မိတ်ဆွေတို့ဘက်က ကျွန်တော့်အတွက် ကျင့်ကြံခြင်းကို အထောက်အကူပြုတဲ့ အဆင့်လတ် ဒါမှမဟုတ် အဆင့်မြင့် ဆေးလုံးတွေကို လုံလုံလောက်လောက် ရှာဖွေပေးနိုင်မယ်ဆိုရင် ကျွန်တော် ဆေးဖော်စပ်ရင်းနဲ့ ခရီးလမ်းအတွက် ပူပန်စရာမလိုတော့တဲ့အတွက် သေချာပေါက် ပိုပြီး စိတ်အားထက်သန်စွာနဲ့ အလုပ်လုပ်နိုင်မှာပါ.... အော်.... ရောင်းချပေးမယ့် လမ်းကြောင်းဆိုရင်လည်း ရပါတယ်၊ ကျွန်တော့်မှာ ငွေအနည်းငယ်တော့ ရှိပါတယ်…."
ဤတောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ထန်ထိုက်ကျင်း၏ ကျဉ်းမြောင်းနေသော မျက်ဝန်းများ တဖြည်းဖြည်း ပြန်လည် ပွင့်အာလာသည်။ ထို့နောက် သူမ ခေါင်းခါယမ်းလိုက်ရင်း ဆိုသည်။
"ရေခဲခံတပ်ထဲမှာ ရှိတဲ့ အဆင့်မြင့် ဆေးလုံး အရေအတွက်က တော်တော်ကြီးကို အကန့်အသတ် ရှိနေတာ.... ငါတို့ ချန်ချင်အနွယ်ဆီ ခွဲတမ်းကျလာတာက ပိုပြီးတော့တောင် နည်းသေးတယ်.... မင်းအတွက် ရှာပေးဖို့ကတော့ တကယ် ခက်ခဲလိမ့်မယ်...."
ပြောရင်းပြောရင်းနှင့် သူမ စိတ်ကူးတစ်ခု ရရှိသွားသည်။
"တကယ်လို့ မင်းက ရောင်းချပေးမယ့် လမ်းကြောင်းကိုပဲ လိုချင်တာဆိုရင်တော့.... ငါ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ ရပါတယ်"
မူလက မည်သည့် မျှော်လင့်ချက်မျှ မထားဘဲ သာမန်ကာလျှံကာ မေးမြန်းခဲ့ခြင်း ဖြစ်သော လော့ချန်၏ မျက်လုံးများ ရုတ်ချည်းပင် တောက်ပသွားတော့သည်။
....
နောက်ဆုံးတွင်မူ လော့ချန်သည် ချန်ချင်အနွယ်အတွက် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို အစွမ်းကုန် ဖော်စပ်ပေးရန် သဘောတူညီခဲ့တော့သည်။
သူ စိတ်ဓာတ် မခိုင်မာ၍ မဟုတ်ပေ။ အမှန်စင်စစ် တစ်ဖက်လူက ပေးအပ်သော ကမ်းလှမ်းချက်များမှာ အလွန်မင်း များပြားလွန်းလှသောကြောင့် ဖြစ်သည်။ ကမ်းလှမ်းချက်တစ်ခုချင်းစီမှာ ထန်ထိုက်ကျင်း၏ အမြင်တွင်မူ အရေးမပါသော အရာများ ဖြစ်နေသော်လည်း လော့ချန်အတွက်မူ လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲများကို အချိန်ကိုက် ဖြေရှင်းပေးနိုင်မည့် အဖိုးတန် ကျင့်ကြံခြင်း အရင်းအမြစ်များ ဖြစ်နေသည်။
ဥပမာအားဖြင့် အခြေတည်ဆေးက သူ အသုံးပြုမည့် ဒိုင်းကာတစ်ခု ဖြစ်လာနိုင်သည်။ နောင်တွင် အခြားသူများက လော့ထျန်းအဖွဲ့တွင် အဘယ်ကြောင့် အခြေတည်အဆင့် ကျင့်ကြံသူများ ထိုမျှ မြောက်မြားစွာ ထွက်ပေါ်လာရသည်ကို မေးမြန်းလာပါက ရေခဲခံတပ်ဟူသော ဒိုင်းကာကြီးကို ထုတ်ပြလိုက်ရုံသာ။ ထိုသို့ဆိုလျှင် မည်သည့် သံသယမျှ ရှိတော့မည် မဟုတ်ပေ။
သားရဲထိန်းကျောင်းသူကလည်း လော့ထျန်းနန်းဆောင် ကိုးခုထဲမှ သားရဲနန်းဆောင်ကို ပုံမှန်အတိုင်း လည်ပတ်စေနိုင်မည်။ အချိန်အနည်းငယ် ပေးလိုက်ပါက သားရဲ စီးပွားရေးသည် လော့ထျန်းအဖွဲ့၏ အဓိက ဝင်ငွေရလမ်းကြီးတစ်ခု ဖြစ်လာမည်မှာ သေချာသည်။ အဆင့်မြင့်လှသော ကျင့်ကြံခြင်း ဆေးဝါးများမှာမူ လော့ချန် အလိုအပ်ဆုံး ဖြစ်နေသောအရာ ဖြစ်သည်။ သို့သော် ဤနောက်ဆုံး ကမ်းလှမ်းချက်နှင့် ပတ်သက်၍မူ ထန်ထိုက်ကျင်းက ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
သူမ ကိုယ်တိုင် ထောက်ပံ့ပေးနိုင်ခြင်း မဟုတ်ဘဲ မိတ်ဆက်ပေးခြင်းသာ ဖြစ်၏။ ထိုဆေးလုံးများကို ရရှိနိုင်ခြင်း ရှိမရှိမှာမူ သူ မည်မျှအထိ တန်ဖိုးရှိသော အရာများကို ထုတ်ပြပြီး ထောင်ဝမ်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်မည်နည်းဆိုသည့်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
မှန်ပေသည်။ ထန်ထိုက်ကျင်း လော့ချန်အား မိတ်ဆက်ပေးမည့်သူမှာ လော့ချန် ရင်းနှီးပြီးသားဖြစ်သော ထောင်ဝမ်ပင် ဖြစ်သည်။
ထောင်ဝမ်သည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အခြေတည်အဆင့် ဆက်ခံသူ ဖြစ်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးများနှင့်လည်း နီးကပ်သော ဆက်ဆံရေး ရှိသည်။ သူမသည် ငယ်စဉ်ကတည်းက ဆေးလုံး ပြတ်လပ်ခြင်းဟူ၍ တစ်ခါမျှ မရှိခဲ့ဖူးချေ။ အကယ်၍ လော့ချန် ချဉ်းကပ်နိုင်သော အခြေတည်အဆင့် ကျင့်ကြံသူများထဲတွင် အဆင့်မြင့်ဆေးလုံးများကို အမြောက်အမြား ထောက်ပံ့ပေးနိုင်မည့်သူ ရှိလျှင် ထိုအမျိုးသမီးသာ ဖြစ်ပေလိမ့်မည်။
ပြဿနာမှာ သူမ၏ စိတ်နေသဘောထား ဖြစ်၏။ ထိုအမျိုးသမီးမှာ အလွန်မောက်မာလှသဖြင့် ကိုင်တွယ်ရ အတော်လေး ခက်ခဲလိမ့်မည် ဖြစ်သည်။ လက်ရှိအချိန်တွင် လော့ချန်၌ သူမကို ဆွဲဆောင်နိုင်လောက်သော အရာများကို ထုတ်ပြရန် ခက်ခဲနေဆဲပင်။
‘ကျောက်စိမ်းနှင်းစက်ဆေးလုံးလား....’
ဆေးဖော်စပ်ခန်းအတွင်း အလုပ်ရှုပ်နေသော လော့ချန် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်မိသည်။ အကယ်၍ အခါအခွင့်သင့်ပါက ကျောက်စိမ်းနှင်းစက်ဆေးလုံးသည် အမျိုးသမီး ကျင့်ကြံသူ ဖြစ်သော ထောင်ဝမ်ကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။ သို့သော် လော့ချန်သည် လွန်ခဲ့သော အချိန်ကတည်းက ရေခဲခံတပ်နှင့် ကတိကဝတ် ပြုထားခဲ့ပြီး ဖြစ်သည်။ နှစ်တစ်ရာအတွင်း ဤဆေးကို ပြင်ပသို့ လုံးဝ ထုတ်မရောင်းရဟု ဖြစ်သည်။
"ကြည့်ရတာ.... စုရှောင်လင်းကို ဆေးလုံးစိမ်းချိုင့်ဝှမ်းက ထောင်ဝမ်ရဲ့ အကြိုက်တွေနဲ့ ထောင်မျိုးနွယ်စုရဲ့ သတင်းအချက်အလက်တွေကို ပိုပြီး စုဆောင်းခိုင်းရမယ် ထင်တယ်"
"အဲဒီအချိန်ကျမှ အကွက်ချပြီး လှုပ်ရှားရမယ်…."
ဤကိစ္စနှင့် ပတ်သက်၍ လော့ချန် အလွန် အလျင်လိုနေသည်။ သို့သော်လည်း အလောတကြီး လုပ်၍ မရပေ။ အကြောင်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ကျင့်ကြံသူများသည် ထျန်းလန်နတ်ဘုရားမြို့တော်၏ နောက်ထပ် ဆယ်နှစ်တာ အုပ်ချုပ်ခွင့်ကို အတည်ပြုပေးပြီးကတည်းက နတ်ဘုရားမြို့တော်မှ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
ထန်ထိုက်ကျင်းကမူ သူမအနေဖြင့် တစ်ဖက်လူနှင့် အမြန်ဆုံး ဆက်သွယ်ပေးမည်ဖြစ်ကြောင်း သို့မဟုတ် တွေ့ဆုံပွဲတစ်ခု စီစဉ်ပေးမည်ဖြစ်ကြောင်းသာ ပြောသွားခဲ့သည်။
"တကယ်လို့ ထောင်ဝမ်ရဲ့ မောင်လေး ထောင်ရိရှန်းသာ ထျန်းလန်မှာ ရှိနေဦးမယ်ဆိုရင် သိပ်ကောင်းမှာပဲ.... သူ့ရဲ့ ပါးစပ်မလုံတဲ့ပုံနဲ့ဆိုရင် ငါ လိုချင်တဲ့ သတင်းအချက်အလက်တွေကို ကြိုက်သလို နှိုက်ယူလို့ ရမှာပဲ...."
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ရင်း စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး အာရုံအားလုံးကို မျက်စိရှေ့ရှိ ဆေးဘက်ဝင် ကုန်ကြမ်းများပေါ်သို့သာ လုံးဝ လွှဲပြောင်းလိုက်တော့သည်။
‘လူ့အချင်း၊ ယင်သားရဲချီ၊ ကျင့်ကြံသူ၏ အနှစ်သာရသွေး’
၎င်းတို့မှာ သွေးမိစ္ဆာဆေးလုံး၏ အဓိက ပါဝင်ပစ္စည်း သုံးခုပင် ဖြစ်သည်။