အခန်း ၄၄၃
Vol. 45 Ch. 443
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၄၃) - စနစ်မဲ့စိန်ခေါ်မှုနှင့် ၁၅ ကြိမ်မြောက် ကျရှုံးခြင်း
လော့ချန်သည် ချန်ချင်အနွယ်အတွက် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို အစွမ်းကုန် ဖော်စပ်ပေးမည်ဟု နှုတ်မှ ပြောဆိုခဲ့သော်လည်း အမှန်စင်စစ်မူ သူ အစွမ်းကုန် ကြိုးစားရန်ပင် မလိုအပ်ချေ။
ထို့အပြင် ထိုဆေးကို လတ်တလော ဖော်စပ်ရန် သူ့တွင် စိတ်ကူးမရှိသေးပေ။
အခြားအကြောင်းကြောင့်မဟုတ်ဘဲ သူ့လက်ထဲတွင် ကျောက်စိမ်းနှင်းစက်ဆေးလုံး အမြောက်အမြားကို စုဆောင်းမိထားပြီး ဖြစ်ကာ အရေအတွက်မှာလည်း အတော်အတန် များပြားလှသည်။ အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်စာ ဖူလုံလှသည်။ ထို့ကြောင့် ဤကာလအတွင်း သူ၏ အားထုတ်မှုအားလုံးကို သွေးမိစ္ဆာဆေးလုံးအပေါ်တွင်သာ ပုံအပ်ထားမည် ဖြစ်သည်။ ထိုဆေးလုံးသည် ဝမ်ယွမ် အသည်းအသန် လိုချင်တောင့်တနေခဲ့သော အရာ ဖြစ်၏။
လော့ချန်သည်လည်း ချီသန့်စင်အဆင့် ကျင့်ကြံသူဘဝ ကတည်းကပင် ဖော်စပ်ပေးမည်ဟု ကတိပြုခဲ့ဖူးသည်။ နှစ်ပေါင်းများစွာအတွင်း လော့ချန်သည် သွေးမိစ္ဆာဆေးလုံး၏ ဆေးနည်းကို မကြာခဏ ဖတ်ရှုလေ့လာခဲ့ပြီး ဖြစ်ရာ ၎င်းနှင့် ပတ်သက်၍ အလွန်အမင်း နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ သူသည် ကိုယ်ပိုင် နားလည်မှုအပေါ် အခြေခံ၍ ပထမအဆင့် ချီလမ်းကြောင်းဆေးလုံးကိုပင် ထိုးထွင်းကြံဆ ဖော်စပ်နိုင်ခဲ့သေးသည်။
သို့သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် သွေးမိစ္ဆာဆေးလုံးကို အမှန်တကယ် စတင်ဖော်စပ်ခြင်း မပြုခဲ့ချေ။ အခြားကြောင့်မဟုတ်ဘဲ ပါဝင်ပစ္စည်းများ ရှာဖွေရ ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။
အရန် ပါဝင်ပစ္စည်းများမှာမူ ပြဿနာမရှိလှဘဲ အစောပိုင်းကတည်းက စုံလင်စွာ စုဆောင်းရရှိထားပြီး ဖြစ်သည်။ သို့သော် အဓိက ပါဝင်ပစ္စည်း သုံးခုမှာမူ တစ်ခုထက်တစ်ခု ပိုမို ထူးဆန်းဆန်းပြားလှပြီး၊ စုဆောင်းရန် အလွန် ခက်ခဲလှသည်။ မကြာသေးခင်ကမှ ဝမ်ယွမ်သည် အဓိက ပါဝင်ပစ္စည်း သုံးခုထဲမှ နောက်ဆုံးတစ်ခုကို လုံးဝ စုံလင်အောင် စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"အားလုံး အဆင်သင့် ဖြစ်နေပြီ.... ဘာမှ မလိုတော့ဘူး....”
“ငါ့ရဲ့ လက်ရှိ အတတ်ပညာနဲ့ဆိုရင် စနစ်ရဲ့ အကူအညီကို မယူဘဲနဲ့ ငါကိုယ်တိုင် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ပါ့မလား"
သူ့အနေဖြင့် ယခုတစ်ကြိမ်တွင် ကိုယ်ပိုင်အရည်အချင်းကို စမ်းသပ်ရန် ရည်ရွယ်ထားသည်။ အောင်မြင်မှုအမှတ်များကို နှမြောတွန့်တိုနေခြင်းကြောင့် မဟုတ်ချေ။ သူ့တွင် လက်ရှိ အောင်မြင်မှုအမှတ်များစွာ ရှိနေသဖြင့် ဆေးနည်းလေး တစ်ခုမျှကို အစပြုရန်မှာ ဘာမျှ ကုန်ကျမည် မဟုတ်ချေ။ သူ့အနေဖြင့် သူ၏ လက်ရှိ ဆေးဖော်စပ်မှုအခြေခံအုတ်မြစ်သည် စနစ်ဟူသော အားကိုးတုတ်ကြီးမပါဘဲ သီးသန့်ရပ်တည်နိုင်လောက်အောင် နက်ရှိုင်းမှု ရှိမရှိကိုသာ စမ်းသပ်လိုခြင်း ဖြစ်သည်။ ဤစမ်းသပ်မှုအတွက် သွေးမိစ္ဆာဆေးလုံးထက် ကောင်းမွန်သော ဆေးလည်း မရှိတော့ချေ။
"အရာအားလုံး အဆင်ပြေပါစေလို့ပဲ မျှော်လင့်ရတာပေါ့"
လော့ချန် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး ကျင့်ကြံသူများ၏ အနှစ်သာရသွေးများကို စတင် ကိုင်တွယ်တော့သည်။
သူ သမုဒ္ဒရာမြှုပ်အိုးကို ဖွင့်လိုက်သောအခါ နှာခေါင်းရှုံ့လောက်စရာ ပြင်းထန်လှသော သွေးညှီနံ့တစ်ခု ရုတ်ချည်း ပျံ့လွင့်လာသည်။
လော့ချန် မျက်မှောင်ကြုတ်မိသွားပြီး
"ဒါတွေက.... အစ်ကိုဝမ် လွန်ခဲ့တဲ့ နှစ်တွေက အရှေ့ပိုင်းလွင်ပြင်မှာ စုဆောင်းခဲ့တဲ့ အနှစ်သာရသွေးတွေ ဖြစ်ရမယ်.... နှစ်တွေ ဒီလောက်ကြာသွားပြီဆိုတော့ အရည်အသွေး ပျက်စီးမသွားပါစေနဲ့လို့ပဲ ဆုတောင်းရမယ်"
သူ ထိုအနှစ်သာရသွေးများကို အားလုံး သွန်ထုတ်လိုက်သည်။ ပြီးနောက် အအေးဓာတ်များ ထွက်ပေါ်နေသော ရေခဲဇလုံတစ်ခုအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် ဆေးစင်ပေါ်မှ အရန် ဆေးဘက်ဝင်အပင် အမျိုးမျိုးကို ထုတ်ယူကာ ထိုထဲသို့ တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။
နေ့ဝက်ခန့် ကုန်ဆုံးသွားသောအခါ ပါဝင်ပစ္စည်းများ အားလုံးကို ပြင်ဆင်ပြီးစီးသွားတော့သည်။
သူ ချီစွမ်းအားကို လှုံ့ဆော်လိုက်ရာ ရေခဲဇလုံမှ ထူထပ်လှသော အအေးဓာတ်များ ထွက်ပေါ်လာသည်။ တဖြည်းဖြည်းနှင့်ပင် စီးဆင်းနေသော အနှစ်သာရသွေးများသည် အအေးဓာတ်၏ လှုံ့ဆော်မှုအောက်တွင် တောက်ပကြည်လင်သော အတုံးအခဲကြီးတစ်ခုအဖြစ် စုစည်းသွားတော့သည်။ ၎င်းသည် ဂျယ်လီတုံးကြီး တစ်တုံးနှင့်ပင် ဆင်တူလှပေသည်။ အတွင်း၌ သွေးကြောမျှင်လေးများစွာ ပြည့်နှက်နေပြီး လူသားတို့၏ အကြောအခြင်များနှင့် အလွန်ပင် ဆင်တူလှပေသည်။
"ဆက်လုပ်မယ်…"
….
အဓိက ပါဝင်ပစ္စည်းများကို ကိုင်တွယ်ပြင်ဆင်ရန်အတွက် လော့ချန် ဆယ်ရက်ခန့် အချိန်ယူခဲ့ရသည်။
အရာအားလုံး အဆင်သင့် ဖြစ်သွားပြီးနောက်မှသာ သူ ဒုတိယအဆင့် မြေအာက်မီးကို ဆွဲယူကာ သွေးမိစ္ဆာဆေးလုံးကို စတင် ဖော်စပ်တော့သည်။ ဦးစွာ အနှစ်သာရသွေး ဂျယ်လီတုံးထဲမှ ပမာဏအနည်းငယ်ကို ဖြတ်ယူကာ နှင်းဧကရာဇ်ဆေးအိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် မြေအောက်မီးကို အသုံးပြု၍ မီးအေးအေးဖြင့် ကျိုချက်လိုက်သည်။
ဤဖြစ်စဉ်အတွင်း သူသည် အခြားသော ပါဝင်ပစ္စည်းများကိုလည်း မပြတ် ထည့်သွင်းပေးနေခဲ့သည်။
"သွေးမိစ္ဆာဆေးလုံး ဖော်တာရဲ့ အခက်ခဲဆုံး အဆင့်ကတော့ ယင်သားရဲချီကို ထည့်သွင်းတဲ့ အဆင့်ပဲ ဖြစ်ရမယ်…. ယင်သားရဲချီက သေခြင်းတရား အငွေ့အသက်တွေ ပြည့်နှက်နေတာ.... ကျင့်ကြံသူတွေရဲ့ အနှစ်သာရသွေးထဲက ထူးကဲလှတဲ့ သက်စောင့်စွမ်းအားနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ"
"ဒီလို အခြေအနေမျိုးမှာ.... မွေးရာပါသက်စောင့်စွမ်းအားတွေ ပြည့်နေတဲ့ လူ့အချင်းကို သုံးပြီးတော့ မျှခြေ ညှိပေးရမယ်"
ဤနေရာတွင် လူ့အချင်း ဆိုသည်မှာ ကလေးမွေးဖွားပြီးနောက် ကျန်ရှိခဲ့သော အကြွင်းအကျန်မျှသာ ဖြစ်သည်။ လူသားတိုင်းပြည်များတွင်လည်း မကြာခဏ ရောင်းချလေ့ရှိသည်။ ဤအရာသည် သေခြင်းနှင့် ရှင်ခြင်းကြားတွင် တည်ရှိနေပြီး ကျင့်ကြံသူများ၏ အထူးနည်းလမ်းဖြင့် ၎င်းအတွင်းရှိ ဆန့်ကျင်ဘက် အငွေ့အသက်များကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဤသို့ဖြင့် ၎င်းသည် အဆင့်ဝင်သွားပြီး ပထမအဆင့် ဆေးဘက်ဝင် ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။
လော့ချန် ယခု လုပ်ဆောင်ရမည်မှာ ၎င်းအတွင်းရှိ ဆေးစွမ်းကို လှုံ့ဆော်ပေးပြီး ယင်သားရဲချီနှင့် ကျင့်ကြံသူ၏ အနှစ်သာရသွေးတို့ကြားရှိ ပဋိပက္ခများကို မျှတသွားအောင် ညှိယူပေးရန် ဖြစ်သည်။
သူ၏ အာရုံစူးစိုက်စွာ ထိန်းချုပ်မှုအောက်တွင် နှင်းဧကရာဇ်ဆေးအိုးအတွင်းရှိ ဆေးရည်မှာ ဖြည်းဖြည်းချင်း ပြောင်းလဲလာတော့သည်။
....
"ပထမတစ်သုတ်တော့ သွားပြီဟေ့.... ဘာလို့လဲ...."
"ဟ.... ငါးကြိမ်မြောက် ပျက်စီးသွားပြန်ပြီ.... လူ့အချင်းရဲ့ ဆေးစွမ်းက မလုံလောက်ဘူး…. ဒုတိယအဆင့် ယင်သားရဲချီကို မညှိပေးနိုင်ဘူးပဲ.... ချီလမ်းကြောင်းဆေးလုံး ဖော်စပ်ခဲ့တဲ့ အတွေ့အကြုံအရဆိုရင်တော့ မွေးရာပါသက်စောင့်စွမ်းအားကို ဖြည့်တင်းဖို့အတွက် နတ်သစ်တော်သီးကို ထည့်သင့်တယ်...."
"၆ ကြိမ်မြောက် ကျရှုံးပြန်ပြီ.... မီးအပူချိန်က မလုံလောက်ဘူးလား.... ဘာလို့များလဲ...."
"ရှုံးပြန်ပြီ.... ၁၀ ကြိမ်ရှိပြီ၊ မီးအပူချိန်က မမှန်သေးဘူး၊ ဒါက ဘာဖြစ်တာလဲ.... ဒုတိယအဆင့် မြေအောက်မီးကတောင် ဒီဆေးကို ဖော်စပ်ဖို့ အရည်အသွေး မပြည့်မီဘူးလား"
ပျက်စီးသွားသော အကြိမ်အရေအတွက် တစ်ဆယ့်ငါးကြိမ်မြောက်သို့ ရောက်ရှိသွားသောအခါ လော့ချန် လုပ်လက်စအားလုံးကို ရပ်တန့်လိုက်သည်။
သူ ဆေးဖော်စပ်ခန်းထဲမှ ထွက်လာပြီး ထိုသားရေစကို ထုတ်ယူကာ ဆေးနည်းကို နောက်တစ်ကြိမ် ထပ်မံ ဖတ်ရှုသည်။ အမှန်စင်စစ်မူ ဤဆေးနည်းကို သူ အလွတ်ပင် အာဂုံဆောင်နိုင်နေပြီ ဖြစ်သည်။ သို့သော် ဤမျှလောက်များပြားစွာ ရှုံးနိမ့်ခဲ့ရခြင်းက သူ့ကိုယ်သူ အနည်းငယ် သံသယဝင်လာစေသည်။
"တကယ်ပဲ ဘယ်နေရာမှာ ပြဿနာတက်နေတာလဲ.... ငါက ဆေးနည်းပေါ်က ဖော်ပြချက်တွေအတိုင်း တိတိကျကျ လုပ်ဆောင်ခဲ့တာပဲဥစ္စာ.... ဘာဖြစ်လို့ မီးစွမ်းအား မလုံလောက်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာရတာလဲ…. ငါ့ရဲ့ အခြေတည် အစစ်အမှန်မီးလျှံကို ထည့်လိုက်တာတောင် မမှန်သေးဘူး"
အချိန်ခဏမျှအတွင်း လော့ချန်သည် စနစ်၏ အကူအညီဖြင့် အစပြုရန်ပင် စိတ်ကူးမိသွားသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းက တစ်ကြောင်း၊ ယင်သားရဲချီနှင့် ကျင့်ကြံသူ၏ အနှစ်သာရသွေး အရေအတွက် အကန့်အသတ် ရှိနေခြင်းကလည်း တစ်ကြောင်း ဖြစ်သည်။ အကယ်၍ ရှုံးနိမ့်မှု များပြားလွန်းပြီး ဖြုန်းတီးမှု များပြားသွားပါက သူ ဝမ်ယွမ်ကို မျက်နှာပြဝံ့တော့မည် မဟုတ်ချေ။ ဝမ်ယွမ်အနေဖြင့် သူ့အား အပြစ်တင်လိမ့်မည် မဟုတ်သည်မှာ သေချာသော်လည်း သူ့ကိုယ်သူမူ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။
မကြာသေးမီက ဝမ်ယွမ်ရှေ့တွင် သူ အသံကောင်းဟစ်ထားခဲ့သည် မဟုတ်လော။
လော့ချန် စနစ်၏ အချက်အလက် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ အောင်မြင်မှုအမှတ် ၃၁ မှတ်ကို ကြည့်ရင်း တိတ်ဆိတ်သွားသည်။ ယခင်ကထက် တစ်မှတ် ပိုမိုများပြားလာခြင်းမှာ လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာ ဟုခေါ်သော မှော်အတတ်ကြောင့် ဖြစ်ပြီး၊ သူသည် လိပ်အသက်ရှူခြင်းနှင့် ချပ်ဝတ်တန်ဆာလွှမ်းခြုံခြင်း အတတ်ပညာ နှစ်ခုလုံးကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီးဖြစ်သည်။ သူ စိတ်ဝင်စားနေသည်မှာ ဤအရာ မဟုတ်ပေ။ အောင်မြင်မှုအမှတ်ကို သုံးပြီး ဆေးနည်းကို အစပြုသင့်၊ မသင့်ကိုသာ ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်သည်။
သူ့တွင် ခံစားချက်တစ်ခု ရှိနေသည်။ စနစ်ကို အားမကိုးဘဲနှင့်လည်း သူကိုယ်တိုင် သေချာပေါက် အစပြုနိုင်ရမည် ဟူသော ခံစားချက် ဖြစ်သည်။ ဒုတိယအဆင့် ဆေးဖော်ဆရာများထဲတွင် သူသည် မိမိကိုယ်ကိုယ် ထူးချွန်ထက်မြက်သော လူတစ်ယောက် ဖြစ်သည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။ အကြောင်းမှာ ဆေးဖော်ဆရာအများစုအတွက် ဒုတိယအဆင့်သို့ ရောက်ရှိသွားခြင်းဆိုသည်မှာ ဒုတိယအဆင့် ဆေးလုံးတစ်မျိုးကို အောင်မြင်စွာ ဖော်စပ်နိုင်ခြင်းမျှသာ ဖြစ်သည်။
သို့သော် သူသည်မူ အဆင့်မြင့်နှင့် ထိပ်တန်း အရည်အသွေးရှိသော ပထမအဆင့် ဆေးလုံးများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖော်စပ်ခဲ့ဖူးရုံမျှမက ဒုတိယအဆင့် ဆေးလုံးများနှင့် ပတ်သက်၍လည်း ကြွယ်ဝလှသော ဆေးဖော်စပ်မှု အတွေ့အကြုံများ၊ အောင်မြင်မှုများ ရှိသည်။ ထို့ပြင် နှစ်ပေါင်းများစွာအတွင်း စုဆောင်းမိထားသော ဆေးဖော်ပညာရပ်ဆိုင်ရာ ဗဟုသုတ မျိုးစုံလည်း ရှိသေးသည်။ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင်မှ သူ မအောင်မြင်နိုင်ပါက လုံးဝ အသက်မရှင်သင့်တော့ပေ။
"တကယ်ပဲ ပြဿနာက ဘယ်မှာလဲ.... မီးအပူချိန် မမှန်တာလား.... မဖြစ်နိုင်တာ၊ ငါ့ရဲ့ မီးထိန်းချုပ်တဲ့ အတတ်ပညာက လုံးဝ ထိပ်တန်းအဆင့်ပဲဥစ္စာ.... မီးအား မလုံလောက်တာလား.... ဒုတိယအဆင့် မြေအောက်မီးပဲဖြစ်ဖြစ်၊ အခြေတည် အစစ်အမှန်မီးလျှံပဲဖြစ်ဖြစ် ဒုတိယအဆင့် ဆေးလုံး မှန်သမျှကို ဖော်စပ်ဖို့အတွက် လုံလောက်ပါတယ်ဟ"
ဤသို့ တွေးတောရင်း မိမိကို ရှုံးနိမ့်စေသောအရာမှာ ပညာရပ်ကြောင့်မဟုတ်ဘဲ ပစ္စည်းကိရိယာကြောင့် ဖြစ်နိုင်သည်ဟု လော့ချန် မရေမရာ ရိပ်မိလိုက်သည်။ စနစ်ဖြင့် အစပြုခြင်းသည်လည်း သူ၏ အရည်အချင်း ဘောင်အတွင်း၌သာ အလုပ်လုပ်ခြင်း ဖြစ်သည်။ အကယ်၍ သူ့အရည်အချင်းထက် ကျော်လွန်နေသောအရာမျိုး ဖြစ်ပါက၊ ဥပမာ ထိုစဉ်က အဆင့်ကျော်လွန်၍ နတ်ဒေဝါပျားရည်ကို ဖော်စပ်စဉ်ကကဲ့သို့ တစ်ချက်တည်းနှင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အောင်မြင်မှုအမှတ် အမြောက်အမြားကို ရင်းနှီးပေးခဲ့ရသည်။ အကယ်၍ သူ့တွင် အရည်အချင်း လုံလောက်နေပါက အဆင့်ကျော်လွန်၍ ဖော်စပ်လျှင်ပင် စနစ်က အောင်မြင်မှုအမှတ် အနည်းငယ်သာ ကုန်ဆုံးစေမည် ဖြစ်သည်။ အရာအားလုံးသည် သူ၏ ကိုယ်ပိုင် ပစ္စည်းကိရိယာအပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။
"မီး...."
လော့ချန် စနစ်ကို ပိတ်လိုက်ပြီး သားရေစကို ချထားလိုက်သည်။ သူ အာရုံတစ်ချက် ပြုလိုက်သည်နှင့် လက်ချောင်းများကြားတွင် ဝိညာဉ်အရည်တစ်စက် ထွက်ပေါ်ထွက်လာသည်။ ထို့နောက် ကျင့်စဉ်ကို လှုံ့ဆော်လိုက်ရာ ထိုဝိညာဉ်အရည်မှာ တစ်ခဏချင်းအတွင်းမှာပင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ ရုတ်ချည်းပင် သန့်စင်လွန်းလှသော ချီစွမ်းအင်များသည် သူ၏ ရှေ့မှောက်တွင် ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။
ထိုချီစွမ်းအင်များမှာ အလွန်ပင် ကြမ်းတမ်း ပြင်းထန်လှသည်။
ဤသည်မှာ အစစ်အမှန်မီးလျှံပင် ဖြစ်သည်။
"ဖြစ်နိုင်တာက.... ငါ အချက်တစ်ချက်ကို မျက်ကွယ်ပြုမိသွားတာပဲ"
လော့ချန် ထရပ်လိုက်ပြီး မိမိကိုယ်ကိုယ် သန့်စင်ခြင်းမှော်အတတ်ဖြင့် သန့်စင်လိုက်သည်။ ထို့နောက် ဂူဗိမာန်ထဲမှ ထွက်ခွာကာ ဒန်ရှားတောင်ဆီ ဦးတည်သွားတော့သည်။
....
"အဖွဲ့ချုပ်ခေါင်းဆောင်.... ဘာလို့ ရောက်လာတာလဲရှင်"
"ငါ လာလို့မရဘူးလား"
"အဲ...."
"စတာပါဗျာ…."
လော့ချန် ပြုံးရင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ လင်းယုန်များသည် ဒန်ရှားတောင်၏ ကောင်းကင်ယံတွင် ပျံသန်းဝဲပျံနေကြပြီး ဖြူဖွေးသော အတောင်ပံများကို ဖြန့်ကျက်ထားကြသည်မှာ အလွန်ပင် ခန့်ညားထည်ဝါနေပေတော့သည်။
သူ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စီမာဟွေ့နန်ကို ကြည့်လိုက်သည်။
"ရွှီဟွမ်ကျန်းရော ဘယ်လိုလဲ…."
ရွှီဟွမ်ကျန်းဆိုသူမှာ လော့ချန်အတွက် ထန်ထိုက်ကျင်း မိတ်ဆတ်ပေးခဲ့သော သားရဲ ထိန်းကျောင်းသူကြီး ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ အလွန်ပင် မနိမ့်လှချေ။ သူ့တွင် အခြေတည်အဆင့် (၆) ဟူသော ကျင့်ကြံခြင်း အဆင့် ရှိသည်။ ကြွယ်ဝလှသော သားရဲ ထိန်းကျောင်းမှု အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သောအခါမှသာ သူသည် တစ်လလျှင် ဝိညာဉ်ကျောက်တုံး လေးထောင်ဟူသော လစာကို ရဲရဲဝံဝံ တောင်းဆိုရဲခြင်း ဖြစ်သည်။
တစ်ဖက်လူက အခြားအရာ ဘာကိုမျှ မလိုချင်ဘဲ ဝိညာဉ်ကျောက်တုံးကိုသာ လိုချင်ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်ကိုလည်း လော့ချန်နှင့် ဆက်သွယ်စဉ်က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ဖူးသည်။ အခြားမဟုတ်ဘဲ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို စုဆောင်းကာ ထျန်းလန်တောင်ပေါ်ရှိ ဒုတိယအဆင့် အဆင့်မြင့် ဂူဗိမာန်တစ်ခုကို ငှားရမ်းလိုခြင်း ဖြစ်သည်။ ၎င်းကို အသုံးပြု၍ အခြေတည်အဆင့် နှောင်းပိုင်းသို့ တက်လှမ်းလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သူ အချိန်ကို ဆယ်နှစ်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးခင်ကမှ လော့ချန် အချိန်လုကာ သူနှင့် သဘောတူညီချက် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် လော့ချန်အတွက် သားရဲများကို မွေးမြူပေးရုံသာမက တစ်ပြိုင်နက်တည်းမှာပင် သားရဲ ထိန်းကျောင်းသူ သင်တန်းသား အုပ်စုတစ်စုကိုပါ လေ့ကျင့်ပျိုးထောင်ပေးရန် သဘောတူခဲ့သည်။
ယခုအခါ သူသည် လော့ထျန်းအဖွဲ့၏ သားရဲနန်းဆောင်သခင် ဖြစ်နေလေပြီ။
စီမာဟွေ့နန်က ပြန်ဖြေလိုက်သည်။
"သူ သားရဲနန်းဆောင်ကို ဝင်ရောက်အုပ်ချုပ်ပြီးကတည်းက အစက ရှုပ်ထွေးပွေလီနေတဲ့ သားရဲ မွေးမြူရေး လုပ်ငန်းက ရုတ်ချည်းပဲ စနစ်တကျ ဖြစ်သွားပါတယ်ရှင်...."
"လက်ရှိမှာ ကျွန်မတို့ အဓိက မွေးမြူနေတာက လင်းယုန်၊ ကျောက်စိမ်းပိုးကောင်နဲ့ အကြေးခွံစိမ်းနဂါးငါးတွေပါ.... နန်းဆောင်သခင်ရွှီရဲ့ အကြံပြုချက်ကတော့ လင်းယုန်အစား ပိုးကောင်တွေ မွေးမြူတာကို ပိုတိုးချဲ့ဖို့ ဖြစ်ပြီး မြစိမ်းရွှေပိုးကောင်နဲ့ ပယင်းပိုးကောင်တို့ကို ထည့်သွင်းဖို့လည်း လုပ်နေပါတယ်.... တစ်ပြိုင်နက်တည်းမှာပဲ စိုက်ပျိုးရေးနန်းဆောင်ဘက်ကလည်း အဲ့ဒါတွေနဲ့ ကိုက်ညီတဲ့ ရွှေရောင်ပိုးစာပင်နဲ့ ပယင်းပိုးစာပင်တွေကို စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်...."
လော့ချန် အံ့ဩစွာဖြင့် မေးလိုက်သည်။
"အကြောင်းရင်းကရော...."