← Chapters

အခန်း ၄၄၄

Vol. 45 Ch. 444

အခန်း ၄၄၄

Vol. 45 Ch. 444

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၄၄၄) - ကန်းမျိုးနွယ်စု နယ်မြေဟောင်းနှင့် သားရဲနန်းဆောင်သစ်

လော့ချန် အစောပိုင်းက ထင်မှတ်ထားခဲ့သည်မှာ မူလက ရှိပြီးသားဖြစ်သော သားရဲ အနည်းငယ်ကိုသာ အရေအတွက် တိုးမြှင့်လိုက်ရုံမျှဟု ဖြစ်သည်။ တစ်ဖက်လူက အရေအတွက် တိုးမြှင့်ရုံသာမက အမျိုးအစားကိုပါ တိုးချဲ့လိုလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

စီမာဟွေ့နန်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်.... သူက ထျန်းလန် နတ်ဘုရားမြို့တော် အနီးအနားက ပိုးကောင်လုပ်ငန်းတွေကို လေ့လာဖူးပုံရတယ်၊ သူက နတ်ဘုရားဝတ်ရုံမျှော်စင်ဘက်မှာ ပယင်းပိုးကောင်ရဲ့ ပိုးချည်မျှင်တွေကို တော်တော်ကို လိုအပ်နေတယ်လို့ ပြောပါတယ်"

"တကယ်လို့ ကျွန်မတို့က ဒါတွေကို အကြီးအကျယ် မွေးမြူနိုင်မယ်ဆိုရင်.... နတ်ဘုရားဝတ်ရုံမျှော်စင်ရဲ့ ချန်မျိုးနွယ်စုနဲ့ စီးပွားရေး လုပ်လို့ရမှာ ဖြစ်ပြီး ရောင်းမထွက်မှာကို လုံးဝ ပူစရာမလိုပါဘူး.... ပြီးတော့ မြစိမ်းရွှေပိုးကောင်က ဒုတိယအဆင့် သားရဲ အမျိုးအစား ဖြစ်ပြီး သူ့ရဲ့ ပိုးချည်မျှင်က လက်နက်သွန်းလုပ်တဲ့နေရာမှာ သုံးဖို့ အရမ်း သင့်တော်ပါတယ်.... ဒီအရာကို ကျောက်စိမ်းအိုးဓားဂိုဏ်းပဲဖြစ်ဖြစ်၊ တိမ်ပြိုဂိုဏ်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မီးလျှံမဟာမိတ် အဲ့ဒီ ဂိုဏ်းကြီးတွေက အမြဲတမ်း အလုံးအရင်းနဲ့ ဝယ်နေကြတာပါ"

မြစိမ်းရွှေပိုးကောင်ဟူသော အမည်ကို နှစ်ကြိမ်တိုင်တိုင် ကြားလိုက်ရသောအခါမှသာ လော့ချန် ဤသားရဲကို မှတ်မိသွားတော့သည်။ ၎င်း၏ စရိုက်ကား အနည်းငယ် ကြမ်းတမ်းလှသဖြင့် တစ်ကောင်ချင်းစီကို သီးခြားစီ မွေးမြူရမည် ဖြစ်ရာ အုပ်စုလိုက် စနစ်တကျ မွေးမြူရန်မှာမူ မလွယ်ကူလှပေ။ သို့သော် မြစိမ်းရွှေပိုးချည်မျှင်သည် ကျင့်ကြံခြင်းလောကတွင် တကယ်ကို ရေပန်းစားလှသည်။ ကျောက်စိမ်းအိုးဓားဂိုဏ်းတွင် ဆေးပညာရပ်တစ်ခု ရှိပြီး ၎င်းကို ရွှေပိုးခြည်ဆက်ထုံးဟု ခေါ်သည်။ ဤအတတ်ပညာသည် မြစိမ်းရွှေပိုးကောင်၏ ပိုးချည်မျှင်ကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ ထိုစဉ်က လော့ထျန်းဟုန်သည် ဤအတတ်ပညာကို အသုံးပြု၍ ချင်လျန်ချန်း၏ ပြတ်တောက်သွားသော လက်တစ်ဖက်ကို ပြန်ဆက်ပေးခဲ့ဖူးသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လော့ချန်၏ စိတ်ထဲတွင်မူ ထင်ထင်ရှားရှား မှတ်မိနေဆဲပင်။ ထို့ပြင် မြစိမ်းရွှေပိုးချည်မျှင်သည် အလွန်အမင်း ခိုင်ခံ့လှသဖြင့် ရုပ်သေးများ ပြုလုပ်သည့်နေရာတွင်လည်း အသုံးပြုရန် သင့်တော်လှသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် အပိုပစ္စည်းများကို ချိတ်ဆက်သည့် နေရာများတွင် တန်ဖိုးနှင့် အရည်အသွေး အမျှတဆုံးသော ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ အကယ်၍ လော့ထျန်းအဖွဲ့အနေဖြင့် ၎င်းကို အမှန်ပင် အကြီးအကျယ် မွေးမြူနိုင်ခဲ့မည်ဆိုပါက ရောင်းချရန် လမ်းကြောင်းအတွက်မူ လုံးဝ ပူပန်ရန် မလိုတော့ချေ။

"ကျွန်မ ထင်တာတော့ နန်းဆောင်သခင်ရွှီရဲ့ အကြံပြုချက်က သိပ်ကောင်းပါတယ်.... လင်းယုန်ရဲ့ ကြီးထွားမှု သက်တမ်းက ရှည်လွန်းတယ်.... အနည်းဆုံး ဆယ်နှစ်ကြာမှ အရွယ်ရောက်မှာမို့လို့ အချိန်တိုအတွင်းမှာ အကျိုးအမြတ် မရနိုင်ဘူး.... နဂါးငါးကလည်း အကြေးခွံတွေနဲ့ မစင်ကလွဲရင် ခန္ဓာကိုယ်ပေါ်မှာ တခြား အသုံးချနိုင်တဲ့ဟာသိပ်မရှိလှဘူး.... ဆန့်ကျင်ဘက်အနေနဲ့ ပိုးကောင်အမျိုးအစား သားရဲတွေက မွေးမြူရမယ့် သက်တမ်း တိုသလို အရမ်းကြီးလည်း စွန့်စားစရာ မလိုဘူး.... အကျိုးအမြတ် ပြန်ရတာလည်း မြန်တယ်"

စီမာဟွေ့နန်၏ လေသံမှာ တည်ငြိမ်အေးဆေးလှပြီး အကြောင်းအရာမျိုးစုံကို ကျွမ်းကျင်စွာ ပြောဆိုနေခဲ့သည်။ ထင်ရှားလှသည်မှာ သူမသည် ရွှီဟွမ်ကျန်း၏ အကြံပြုချက်ကို ရရှိပြီးနောက် ဤကဏ္ဍနှင့် ပတ်သက်၍ ခရေစေ့တွင်းကျ လေ့လာစုံစမ်းခဲ့ပုံရသည်။ ထို့ပြင် သူမကိုယ်ပိုင် တွေးတောမြော်မြင်မှုများလည်း ရှိနေပြီ ဖြစ်သည်။

"တစ်ခုတည်းသော အားနည်းချက်ကတော့.... ဒီလိုမျိုး သားရဲတွေက ချီစွမ်းအားနဲ့ အစားအစာအပေါ် လိုအပ်ချက်က အရမ်းမြင့်မားတယ်၊ ပြီးတော့ လုံလောက်အောင် ကျယ်ဝန်းတဲ့ နေရာလွတ်လည်း လိုအပ်ပါတယ်၊ တကယ်လို့ အကြီးအကျယ် မွေးမြူမယ်ဆိုရင် ဒန်ရှားတောင်ပေါ်က လော့ထျန်းအဖွဲ့သားတွေရဲ့ ကျင့်ကြံခြင်းကို ထိခိုက်စေနိုင်ပါတယ်…."

ပိုးကောင်မွေးမြူရုံတင် မကပေ။ လိုအပ်သော အစားအစာများ၊ တစ်နည်းအားဖြင့် ဝိညာဉ်ပိုးစာပင် အမျိုးမျိုး၏ ပိုးစာရွက်များကိုလည်း ကိုယ်တိုင် ဖူလုံအောင် စိုက်ပျိုးရမည် ဖြစ်သည်။ ပြင်ပမှ ဝယ်ယူရန်မှာ အလွန် ဈေးကြီးလှသဖြင့် ကိုယ်တိုင် စိုက်ပျိုးခြင်းက အကောင်းဆုံး ဖြစ်သည်။

ဒန်ရှားတောင်၏ အနောက်ဘက်တောင်ကုန်းမှာ မြေနေရာကျယ်ဝန်းလှသော်လည်း မင်ရည်ပိုးစာပင်များကို စိုက်ပျိုးပြီးနောက်တွင်မူ အလွန်ဆုံးရှိမှ ပိုးစာပင် နောက်ထပ်တစ်မျိုးကိုသာ စိုက်ပျိုးနိုင်တော့မည် ဖြစ်သည်။ ဤမျှလောက်များပြားသော သားရဲများနှင့် ပိုးစာပင်များ စုပုံနေပြီး၊ ၎င်းအပြင် ဆေးဝါးနန်းဆောင်နှင့် စိုက်ပျိုးရေးနန်းဆောင်တို့က ပျိုးထောင်ထားသော ဝိညာဉ်ပင်၊ ဆေးဘက်ဝင်အပင်မျိုးစုံနှင့်ပါ ပေါင်းစပ်လိုက်ပါက သားရဲ၊ ဝိညာဉ်ပင်များနှင့် ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအားကို လုယူကြမည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ချေ ရှိသည်။

ဒန်ရှားတောင်တွင် ပထမအဆင့် အဆင့်မြင့် ဝိညာဉ်ကြော ရှိနေသော်လည်း ဤမျှလောက်ကြီးမားသော ကုန်ကျစရိတ်ကိုမူ ထောက်ပံ့နိုင်မည် မဟုတ်ချေ။ ဒုတိယအဆင့် ဝိညာဉ်ကြော ဖြစ်မှသာလျှင် ထောက်ပံ့နိုင်မည် ဖြစ်သည်။ ထင်ရှားလှသည်မှာ ဤကဲ့သို့သော အခြေအနေမျိုးကို လော့ထျန်းအဖွဲ့အနေဖြင့် ယာယီအားဖြင့် မလုပ်ဆောင်နိုင်သေးချေ။

ထို့ကြောင့်လည်း စီမာဟွေ့နန်သည် ရွှီဟွမ်ကျန်း၏ အကြံပြုချက်ကို ယာယီ ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။

လော့ချန် နားထောင်ပြီးနောက် အတွေးနက်သွားသည်။ ရုတ်ချည်းပင် သူ၏ အကြည့်သည် မိုင်အနည်းငယ် အကွာသို့ ကျရောက်သွားသည်။ အမြင့်မှနေ၍ ကြည့်ရှုလိုက်ရာ သူ၏ စူးရှသော မျက်ဝန်းများဖြင့် ထိုလမ်းကြောင်းရှိ ရှုခင်းများကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့သည်။

"ကန်းမျိုးနွယ်စုရဲ့ နယ်မြေဟောင်းကို ငှားထားတဲ့သူ ရှိပြီလား...."

စီမာဟွေ့နန်၏ မျက်လုံးများ တောက်ပသွားပြီး

"အဖွဲ့ခေါင်းဆောင်.... ရှင် ပြောချင်တာက...."

"အင်း.... မင်း ရှီပေါ်ရင်းနဲ့ စကားပြောကြည့်လိုက်၊ အဘွားရှီက မင်းကို အတိုင်းအတာတစ်ခုအထိ ဈေးလျှော့ပေးမှာပါ...."

"ဟုတ်ကဲ့.... သိပါပြီ"

စီမာဟွေ့နန်က ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်ရင်း ရင်ထဲဝယ် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ ကန်းမျိုးနွယ်စု၏ နယ်မြေသည် ဒန်ရှားတောင်နှင့် အလွန်နီးကပ်လှသဖြင့် အိမ်နီးနားချင်းဟု ပြောလျှင်ပင် မမှားနိုင်ပေ။ အကယ်၍ လော့ထျန်းအဖွဲ့အနေဖြင့် ထိုနေရာကို ငှားရမ်းနိုင်ခဲ့မည်ဆိုပါက ၎င်းကို သားရဲ မွေးမြူရေးစခန်းအဖြစ် ဖော်ဆောင်နိုင်မည် ဖြစ်သည်။ သားရဲနန်းဆောင်ကိုပင် ထိုနေရာသို့ တိုက်ရိုက် ပြောင်းရွှေ့ပစ်နိုင်သေးသည်။

လိုအပ်သော ငှားရမ်းခအတွက်မူ ဤသည်မှာ လက်ရှိ ငွေကြေးအင်အား တောင့်တင်းလှသော လော့ထျန်းအဖွဲ့အတွက်မူ ဘာမျှ ပြောပလောက်သော အရာမဟုတ်တော့ချေ။ လက်ရှိ လော့ထျန်းအဖွဲ့သည် အစောပိုင်းက တိုက်ပွဲအသီးအပွင့်များကို အခြေချ အသုံးချနေသော အဆင့်တွင် ရှိနေသည်။ အခြေချ အသုံးချခြင်းဆိုသည်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး အလိုအလျောက် ဖြစ်လာမည်ကို စောင့်ဆိုင်းနေခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လှုပ်ရှားရမည် ဖြစ်ပြီး၊ အကြီးအကျယ် လှုပ်ရှားရမည် ဖြစ်သည်။ လူခေါ်ယူခြင်း၊ မြေဝယ်ယူခြင်း၊ လုပ်ငန်း တိုးချဲ့ခြင်းနှင့် ဝိညာဉ်ကျောက်တုံး အရင်းအမြစ် အမြောက်အမြားကို ရင်းနှီးမြှုပ်နှံခြင်းတို့ လုပ်ဆောင်ရမည်။ ဤသို့လုပ်ဆောင်မှသာလျှင် ထိုအရာများကို အပြည့်အဝ အခြေချ အသုံးချနိုင်မည် ဖြစ်သည်။ အင်အားစု လေးငါးခုကို အပြတ်ရှင်းပစ်ခဲ့ပြီးနောက် လော့ထျန်းအဖွဲ့၏ အင်အားက အနည်းငယ်မျှသာ တိုးတက်လာမည်ဆိုပါက အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။ အနည်းဆုံးတော့ ထိုအင်အားစုလေးငါးခု၏ စုစုပေါင်းအင်အားနှင့် ညီမျှသော အတိုင်းအတာအထိ တိုးတက်လာရမည် ဖြစ်သည်။ ဤသို့ဖြစ်မှသာလျှင် ထိုအသက်ပေး တောင်ဖြိုဂိုဏ်းဖျက်ခဲ့ရသော ပြင်းထန်လှသည့် စစ်ပွဲနှင့် ထိုက်တန်ပေလိမ့်မည်။ ထိုမှသာ ငရဲဘုံတွင် ရှိနေလိမ့်မည်ဖြစ်သော တန်ယွမ်ဇီ၊ ကန်းမျိုးနွယ်စု မောင်နှမနှင့် အခြားသူများသည်လည်း မျက်စိမှိတ် အနားယူနိုင်ကြပေလိမ့်မည်။

လော့ချန်သည် ကလေးငယ်လေးတစ်ယောက်လို စိတ်လှုပ်ရှားနေသော စီမာဟွေ့နန်ကို သေချာ ကြည့်လိုက်ရာ သူ မျက်မှောင်ကြုတ်မိသွားသည်။

"မင်းရဲ့ ချီစွမ်းအားက အခုထိ မတည်ငြိမ်သေးဘူးပဲ၊ ကျင့်ကြံအဆင့်ကို ခိုင်အောင် မလုပ်ရသေးဘူးလား...."

စီမာဟွေ့နန်၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာမှာ အနည်းငယ် မှေးမှိန်သွားရသည်။

သူမ ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ဒါက သိပ်ပြီး အရေးမကြီးပါဘူး.... ပြီးတော့ ကျွန်မ အမြန်ဆုံး တည်ငြိမ်အောင် လုပ်နေပါတယ်…. အလွန်ဆုံးရှိမှ နောက်ထပ် နှစ်လ၊ သုံးလကြာရင် အဆင်ပြေသွားလောက်မှာပါ...."

ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် စီမာဟွေ့နန်သည် စိတ်ပါဝင်စားမှု မရှိသောအမူအရာကိုသာ အမြဲ ပြသခဲ့သည်။ သူမသည် လက်ရှိအချိန်တွင် လော့ထျန်းအဖွဲ့ကြီး တဖြည်းဖြည်းနှင့် ဖွံ့ဖြိုးတိုးတက်လာသည်ကို ကြည့်ရသည်ကို ပိုမို နှစ်သက်နေပုံရသည်။

ဤအချက်နှင့် ပတ်သက်၍ လော့ချန်လည်း သက်ပြင်းတစ်ချက်သာ ချနိုင်တော့သည်။ ဝမ်းမြောက်ရမည်လော၊ နှမြောရမလောပင် မဝေခွဲတတ်တော့ချေ။ သူ တွေးတောလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်သည်။

"ရော့"

စီမာဟွေ့နန် အံ့ဩတကြီး လှမ်းယူလိုက်ပြီး

"ဒါက ဘာလဲဟင်"

"အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးပဲ၊ တစ်လကို တစ်ပုလင်းပဲ၊ အလွန်အကျွံ သောက်လို့ မရဘူး"

လော့ချန် တည်ငြိမ်စွာ ဆိုလိုက်သည်။ သူ မရက်ရောခြင်းကြောင့် မဟုတ်ဘဲ၊ သာမန်ကျင့်ကြံသူများသည် သူ့ကဲ့သို့ ဆေးလုံးများကို နေ့စဉ် ထမင်းစားသကဲ့သို့ အလွယ်တကူ သောက်သုံးနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ အလွန်အကျွံ သောက်သုံးပါက ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေနိုင်သည်။ သူကိုယ်တိုင်သည်လည်း သန်မာလှသော ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ ဆေးအဆိပ်ဖြေဖျောက်မှု အတတ်ပညာနှင့် နတ်တစ္ဆေတောင်ကြားဂိုဏ်းကြီး၏ အဓိက ပညာရပ်တို့အပေါ် အားကိုးခြင်းဖြင့်သာ အသက်ကို မငဲ့ဘဲ ဆေးလုံးများကို ရူးသွပ်စွာ သောက်သုံးပြီး ကျင့်ကြံရဲခြင်း ဖြစ်သည်။

၎င်းမှာ ကျောက်စိမ်းနှင်းစက်ဆေးလုံး ဖြစ်သည်ဟု ကြားလိုက်ရရုံနှင့်ပင် စီမာဟွေ့နန် အလွန် အံ့ဩသွားရပြီ ဖြစ်သည်။ ထို့ပြင် အဆင့်လတ်ဆေးလုံး ဖြစ်သည်ဟု သိလိုက်ရသောအခါ သူမ လုံးဝ ဆွံ့အမှင်တက်သွားရတော့သည်။

သူမ နောက်ဆုံး စကားပြန်ပြောနိုင်သည့် အချိန်တွင်မူ အသံများပင် တုန်ရီနေခဲ့သည်။

"အဖွဲ့ခေါင်းဆောင်.... ဒါ.... ဒါက တကယ်ကို တန်ဖိုးကြီးလွန်းမနေဘူးလား"

အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံး တစ်ပုလင်းဆိုလျှင် မည်သို့ပင်ဖြစ်စေ ဝိညာဉ်ကျောက်တုံး ထောင်ချီ၍ ရောင်းချနိုင်သည်။ ထို့ပြင် ၎င်းမှာ ငွေရှိသော်လည်း ဝယ်ယူရန် ခက်ခဲလှပြီး မည်သည့်နေရာတွင်မှ အလွယ်ဝယ်ယူ၍ မရနိုင်သောအရာ ဖြစ်သည်။ အကယ်၍ မှောင်ခိုဈေးကွက်တွင်ဆိုပါက ဝိညာဉ်ကျောက်တုံး သုံးလေးထောင်ဖြင့် ရောင်းချလျှင်ပင် လုယက်ဝယ်ယူမည့်သူများစွာ ရှိနေမည်မှာ အသေအချာပင်။ ထိုစဉ်က ထျန်းလန် လေလံပွဲတွင် သာမန် အဆင့်လတ် ချီစုစည်းဆေးလုံးလေးတစ်လုံးကိုပင် အခြေတည်အဆင့် ကျင့်ကြံသူ အုပ်စုကြီးတစ်စုက လုယက် လေလံဆွဲခဲ့ကြသည် မဟုတ်လော။

လော့ချန် လက်ကို ဝှေ့ယမ်းလိုက်ရင်း

"တန်ဖိုးကြီးတာ၊ မကြီးတာတွေ ပြောမနေပါနဲ့တော့.... မင်းက ငါ့အတွက် အလုပ်လုပ်ပေးနေတာ ဖြစ်ပြီး ကျင့်ကြံခြင်းကိုတောင် ဂရုမစိုက်နိုင်တော့ဘူးလေ.... ဆေးလုံးလေးတွေပဲဥစ္စာ.... ဒါက မင်း ရထိုက်တဲ့ အရာပဲ.... ဒါတင်မကသေးဘူး နောင်ကို နှစ်တိုင်း မင်းအတွက် ကျောက်စိမ််းနှင်းစက်ဆေးလုံး တစ်သုတ်စီ ငါ ထောက်ပံ့ပေးမယ်…."

ထိုသို့ ပြောပြီးနောက် သူ မျက်တောင်တစ်ချက် ခတ်ပြလိုက်ရင်း

"ဒါကို လော့ထျန်းအဖွဲ့ စီမံခန့်ခွဲ့ရေးမှူးတစ်ယောက်ရဲ့ သီးသန့် အခွင့်ထူးလို့ပဲ သဘောထားလိုက်ပါ"

ဤဆေးလုံးသည် အမှန်ပင် အလွန်ဈေးကြီးလှသလို ဖော်စပ်ရသည်မှာလည်း အလွန်လက်ဝင်လှပြီး အချိန်နှင့် စွမ်းအင်များစွာ ကုန်ဆုံးစေသည်။ လော့ချန် ယခင်က ကူချိုင်ယီကို ပေးစဉ်ကပင် ရံဖန်ရံခါမှသာ ပုလင်းဝက်ခန့် ပေးလေ့ရှိပြီး ၎င်းမှာလည်း အဆင့်နိမ့်သာ ဖြစ်သည်။ ဤသည်ကို သီးသန့် အခွင့်ထူးဟု ခေါ်ဆိုခြင်းက အနည်းငယ်မျှပင် ပုံကြီးချဲ့ခြင်း မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ လော့ထျန်းအဖွဲ့တစ်ဖွဲ့လုံးတွင် စီမာဟွေ့နန် တစ်ယောက်တည်းသာ ဤကဲ့သို့သော ဆက်ဆံမှုကို ခံစားခွင့် ရှိပေလိမ့်မည်။

ဤစကားကို ကြားလိုက်ရသောအခါ စီမာဟွေ့နန် အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းနည်းသွားရပြီး ခဏမျှအတွင်း ငိုရှိုက်မိတော့မည့်အလား ဖြစ်သွားရသည်။

"ကျေးဇူးအများကြီးတင်ပါတယ်.... အဖွဲ့ခေါင်းဆောင်"

"ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး.... မင်းရဲ့ ကျင့်ကြံအဆင့်ကို အမြန်ဆုံး တည်ငြိမ်အောင် လုပ်ပါဦး၊ ငါ မင်းအတွက် ဂုဏ်ပြုပွဲတောင် လုပ်မပေးရဘူးလေ"

စီမာဟွေ့နန်က ဝေခွဲမရဟန်ဖြင့်

"မလိုအပ်ပါဘူးရှင်…. အဖွဲ့ထဲမှာပဲ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်လိုက်ရင် ရပါပြီ"

သူမသည် မိမိ၏ အခြေတည် တက်လှမ်းခြင်းနှင့် ပတ်သက်၍ မည်သည့် ထူးခြားသော အတွေ့အကြုံမျှ မရှိဟု ယူဆထားသည်။ အခြားမဟုတ်ဘဲ ပြင်ဆင်မှု စုံလင်ခြင်း၊ ကံကောင်းခြင်းတို့ကြောင့်သာ မရေမရာနှင့် အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။ ဂုဏ်ပြုပွဲ ကျင်းပခြင်းက ငွေကုန်ကြေးကျများလှပြီး လူပန်းလှသဖြင့် ထိုအချိန်ကို လော့ထျန်းအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

သို့သော်လည်း သူမ ထင်မှတ်မထားခဲ့သည်မှာ လော့ချန် လက်ကို အကြီးအကျယ် ဝှေ့ယမ်းလိုက်ရင်း

"မဟုတ်ဘူး…. တကယ့်ကို လိုအပ်တယ်…. ကျင်းပရုံတင်မကဘူး.... အကြီးအကျယ်ကို ကျင်းပရမယ်…. အဲဒီအချိန်ကျရင် မင်းရဲ့ ဂုဏ်ပြုပွဲကို အဖွဲ့တွင်း ကျင့်ကြံသူတွေတင်မကဘဲ ငါက ပြင်ပက မိတ်ဆွေတွေကိုပါ ဖိတ်ကြားပြီးတော့ လာဂုဏ်ပြုခိုင်းမှာ ဖြစ်လို့ မင်း ကြိုတင်ပြီး ပြင်ဆင်ထားလိုက်ပါ"

ယခုတစ်ကြိမ်တွင်မူ စီမာဟွေ့နန် လုံးဝ အံ့အားသင့်ပြီး ဆွံ့အသွားရတော့သည်။

သူမ၏ အံ့အားသင့် ထွေပြားမှုများကြားတွင် လော့ချန်က တည်ကြည်လေးနက်စွာ ဆိုလိုက်သည်။

"မင်းက တွမ်ဖုန်း၊ ဝမ်ယွမ်၊ မင်လုံယွီတို့နဲ့ မတူဘူး....”

“မင်းက လော့ထျန်းအဖွဲ့ရဲ့ စီမံခန့်ခွဲရေးမှူးလေ…. ဂိုဏ်းတစ်ခုရဲ့ အနေအထားနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငါက ဂိုဏ်းဘိုးဘေးဆိုရင် မင်းက ဂိုဏ်းတစ်ခုလုံးရဲ့ ဂိုဏ်းချုပ်ပဲဥစ္စာ.... ဒီလိုမျိုးဆိုရင်ကော မင်း ဒါကို အကြီးအကျယ် ပွဲလုပ်စရာ မလိုဘူးလို့ ထင်နေတုန်းပဲလား"

စီမာဟွေ့နန်သည် ထက်မြက်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ လော့ထျန်းအဖွဲ့ကို အချိန်အတော်ကြာ အုပ်ချုပ်ခဲ့ပြီး ပြင်ပ အင်အားစုများနှင့်လည်း မကြာခဏ ဆက်ဆံဖူးသဖြင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဟူသော နေရာက ဘာကို ကိုယ်စားပြုသည်ကို သဘာဝကျကျပင် နားလည်သဘောပေါက်ထားသည်။

သူမ သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး ခေါင်းကို ပြတ်သားစွာ ညိတ်ပြလိုက်သည်။

"ကျွန်မ နားလည်ပါပြီ.... အဲဒီအချိန်ကျရင် ကျွန်မ အဖွဲ့ခေါင်းဆောင်ကို မျက်နှာအပျက်ခံမှာ မဟုတ်ပါဘူးရှင်"

လော့ချန် ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ် စကားအနည်းငယ် ဆိုပြီးနောက် ဟွေ့ရှင်းခန်းမဆောင်မှ ထွက်ခွာခဲ့တော့သည်။

ဟွေ့ရှင်းခန်းမဆောင်မှ ထွက်လာပြီးနောက် သူသည် တွေဝေမနေဘဲ ကျင့်စဉ်သင်ကြားရေးနန်းဆောင်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ယနေ့ ဒန်ရှားတောင်သို့ လာရသည့် ရည်ရွယ်ချက်မှာ ဤမျှသာ မကပေ။ ဆေးဖော်စပ်ခြင်း ပညာရပ်တွင် ကြုံတွေ့နေရသော သံသယ၊ အခက်အခဲများကို ဖြေရှင်းရန်အတွက် လာခဲ့ခြင်း ဖြစ်သည်။ ဤအခက်အခဲ၊ သံသယများသည် သူ့ကိုယ်ပိုင် စုဆောင်းမှု သို့မဟုတ် စနစ်၏ အကူအညီဖြင့်သာ ဖြေရှင်းနိုင်သောအရာများ မဟုတ်ပေ။

သို့သော်လည်း သူ ကျင့်စဉ်သင်ကြားရေးနန်းဆောင်အတွင်း စုဆောင်းထားသော များပြားလှသည့် ကျင့်စဉ်များထဲတွင်မူ ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှိနေနိုင်သည်ဟု သူယုံကြည်နေမိလေသည်။

All Chapters