အခန်း ၄၄၅
Vol. 45 Ch. 445
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၄၅) - ကျောက်စိမ်းဖြူရင်ပြင်ထက်က အစီအရင်
လော့ထျန်းအဖွဲ့၏ ကျင့်စဉ်သင်ကြားရေးနန်းဆောင်ကြီးသည် ဒန်ရှားတောင်၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည်။
၎င်းသည် အသစ်တည်ဆောက်ထားသော ရှေးဟောင်းနန်းဆောင်တစ်ခု ဖြစ်သည်။ ပထမဆုံး ကြည့်လိုက်လျှင် ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသော်လည်း အမှန်စင်စစ်မူ အသုံးပြုထားသော ပစ္စည်းများ၏ သက်တမ်းအရ ၎င်းတွင် မည်သည့် သမိုင်းဝင်နက်ရှိုင်းမှုမျှ မရှိသေးကြောင်း သိသာထင်ရှားလှသည်။ သို့သော် ဤအချက်က လော့ထျန်းအဖွဲ့အတွင်း ကျင့်စဉ်သင်ကြားရေးနန်းဆောင်၏ အရေးပါမှုကို လုံးဝ လျော့နည်းစေခြင်း မရှိချေ။
လော့ချန် ရောက်ရှိသွားသောအခါ ပထမဆုံး မြင်တွေ့လိုက်ရသူမှာ ဝမ်ယွမ် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် နန်းဆောင်ပြင်ပရှိ ကျောက်စိမ်းဖြူရင်ပြင်ပေါ်တွင် အလုပ်ရှုပ်နေသော မင်လုံယွီ ဖြစ်သည်။
လော့ချန်သည် ကျောက်စိမ်းဖြူရင်ပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ခြေဖဝါးအောက်ရှိ ကျောက်စိမ်းဖြူကို အနည်းငယ် အားထည့် နင်းကြည့်လိုက်ရာ ဤမြင်ကွင်းကို မင်လုံယွီတစ်ယောက် မြင်တွေ့သွားသည်။
သူ အလောတကြီး လှမ်းအော်ပြောလိုက်သည်။
"ဟာ.... အဖွဲ့ချုပ်ခေါင်းဆောင်.... မလုပ်နဲ့ဦးဗျာ...."
"ကျွန်တော် အဲဒီအပေါ်မှာ ချီစုဆုံအစီအရင်အသေးစားလေးကို အခုလေးတင် ဖန်တီးထားတာ.... တကယ်လို့ အဖွဲ့ချုပ်ခေါင်းဆောင် ဖျက်ဆီးပစ်လိုက်ရင် ကျွန်တော် သွားငိုစရာမြေတောင် ရှိမှာမဟုတ်တော့ဘူး…."
လော့ချန်က ပြုံးရင်း ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဘောလုံးကွင်းတစ်ခုစာခန့် ကျယ်ဝန်းလှသော ဤရင်ပြင်အသေးစားလေးကို သေသေချာချာ ကြည့်ရှုလေ့လာလိုက်သည်။ တစ်ပြင်လုံးကို ပထမအဆင့် အလင်းပေါက်ကျောက်စိမ်းဖြူဖြင့် ခင်းကျင်းထားသဖြင့် အလွန်ပင် လှပတင့်တယ်လှသည်။ ကုန်ကျစရိတ်ကလည်း မနည်းလှပေ၊ ဤကျောက်စိမ်းဖြူရင်ပြင် တစ်ခုတည်းတင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့် ကုန်ကျပေလိမ့်မည်။
ဂိုဏ်းကြီးများ၏ လေ့ကျင့်ရေးကွင်းများနှင့် နှိုင်းယှဉ်လျှင်မူ ယှဉ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။ သို့သော် မင်လုံယွီအနေဖြင့် ချီစုဆုံအစီအရင်ကို အပြည့်အဝ ခင်းကျင်းပြီးသွားပါက ဤနေရာသည် ဒန်ရှားတောင်၏ နေရာကောင်းတစ်နေရာ ဖြစ်လာပေလိမ့်မည်။ အထူးသဖြင့် ချီသန့်စင်နှောင်းပိုင်းမရောက်သေးသည့် ငယ်ရွယ်သော ကျင့်ကြံသူများအတွက် ဖြစ်သည်။
မင်လုံယွီက သူ့ထံ လမ်းလျှောက်လာပြီး
"တကယ်လို့ လော့ထျန်းအဖွဲ့အနေနဲ့ တပည့်သားတွေကို ပုံမှန် စည်းရုံးခေါ်ယူနိုင်မယ်ဆိုရင်တော့ ဒီကျောက်စိမ်းဖြူစင်မြင့်က အသုံးချနိုင်မယ့် နေရာတစ်ခု ဖြစ်လာမှာပါ.... အဲဒီအချိန်ကျရင် ကျင့်စဉ်သင်ကြားရေးနန်းဆောင်ရဲ့ အဆင့်မြင့် ကျင့်ကြံသူတွေက အပေါ်ကနေ ပညာရပ်တွေ ဟောကြားမယ်.... မျိုးဆက်သစ် တပည့်သားတွေကတော့ အောက်ကနေ အုပ်စုလိုက် နာယူကြမယ်.... ကောင်းကင်ယံမှာ ဝိညာဉ်လင်းယုန်တွေ ဝဲပျံပြီး တိမ်မြူတွေကြားထဲမှာ ကြိုးကြာဖြူတွေက ပျံသန်းနေမယ်၊ တိမ်ခိုးမြူငွေ့တွေ ရစ်သိုင်းပြီး ရောင်နီတွေ တောက်ပနေလိမ့်မယ်...."
"တွေးကြည့်ရင် ဒါက တကယ့်ကို နတ်ဘုရားဂိုဏ်းကြီးတစ်ခုရဲ့ အငွေ့အသက်ပဲနော်...."
‘နတ်ဘုရားဂိုဏ်းကြီးတစ်ခုရဲ့ အငွေ့အသက်လား’
လော့ချန်လည်း စိတ်ကူးထဲတွင် တောင့်တမိသွားရသည်။
"ဒါနဲ့.... မင်း…. မင်းရဲ့ ပညာရပ်တွေကို လွှဲပြောင်းပေးမယ့် ဆက်ခံသူ တပည့်ကို ရှာတွေ့ပြီလား"
"ရှာတွေ့ပါပြီ.... နှစ်ယောက်တောင်"
လော့ချန် အံ့ဩသွားရသည်။
"နှစ်ယောက်တောင်လား…."
မင်လုံယွီက ကျေနပ်အားရစွာဖြင့် ဆိုလိုက်သည်။
"ဟုတ်ပါတယ် အဖွဲ့ချုပ်ခေါင်းဆောင်.... တစ်ယောက်ကတော့ တာဟဲဈေးမြို့တော်ကာလကတည်းက ကျွန်တော်တို့နဲ့ အတူရှိခဲ့တဲ့ လူငယ်လေးတစ်ယောက်ပါ…. သူက လက်နက်နန်းဆောင်ဘက်မှာ အလုပ်သင်အဖြစ် အမြဲတမ်း လုပ်ကိုင်နေခဲ့တာပါ…. ညီလေးတွမ်ဆီကနေ အစီအရင်အသိပညာတွေ အများကြီး သင်ယူခဲ့ဖူးလို့ အစီအရင်အခြေခံကတော့ အတော်လေး ခိုင်တယ်ဗျ"
"ကျန်တဲ့တစ်ယောက်ကတော့.... ကျွန်တော့်ရဲ့ မင်မျိုးနွယ်စုကနေ အပြင်လောကမှာ ပျောက်ဆုံးသွားခဲ့တဲ့ သမီးငယ်လေးတစ်ယောက်ပါ…. မကြာသေးခင်က ကျွန်တော် ကန်းမျိုးနွယ်စုကို အပြတ်ရှင်းပြီး ရှန်းကုန်းဂိုဏ်းကို နှိမ်နင်းခဲ့ပြီးတဲ့နောက် နာမည်ကျော်ကြားသွားခဲ့လို့ သူမရဲ့ မိသားစုဝင်တွေက ကျွန်တော့်ဆီ ရောက်လာကြတာပါ…. တွက်ကြည့်ရင် ကျွန်တော်က သူမရဲ့ ဦးလေးတောင် တော်စပ်သေးတယ်ဗျာ"
‘ဦးလေးလား’
လော့ချန် မျက်ခုံးပင့်မိသွားသည်။ ဤသည်မှာ မင်မျိုးနွယ်စု၏ အရင်းအချာ သွေးသားရင်းမြစ် မဟုတ်ကြောင်း ကိုယ်စားပြုနေသည်။ ဆန့်ကျင်ဘက်အနေဖြင့် မင်မျိုးနွယ်စုမှ အမျိုးသမီးတစ်ဦး အပြင်လူနှင့် အိမ်ထောင်ပြုသွားပြီးနောက် မွေးဖွားလာခဲ့သော မျိုးဆက် ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအခါ ဒန်ရှား မင်မျိုးနွယ်စုမှာ ကွယ်ပျောက်ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ သွေးရင်းသားရင်းဟူ၍ တစ်ယောက်မျှ မကျန်ရှိတော့ချေ။ ယခု အလွန်ခဲယဉ်းစွာဖြင့် မျိုးဆက်တစ်ခုကို ရှာတွေ့ခဲ့ရသည် ဖြစ်ရာ သွေးသားတစ်စွန်းတစ်စမျှသာ ရှိသော်လည်း မင်မျိုးနွယ်စု၏ သွေးသားပင် ဖြစ်သည်။
မင်လုံယွီ၏ မျက်နှာတွင် ဤမျှ ကျေနပ်နေသော အရိပ်အယောင်များ ရှိနေသည်မှာ မဆန်းတော့ချေ။
လော့ချန် အသေးစိတ် ဆက်လက်မေးမြန်းရန် ပြင်လိုက်စဉ် ကျင့်စဉ်သင်ကြားရေးနန်းဆောင်၏ ဒုတိယထပ်တွင် ဖျင်ကြမ်းဝတ်ရုံ ဝတ်ဆင်ထားသော ဝမ်ယွမ်က သူတို့နှစ်ဦးကို တိတ်ဆိတ်စွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။
"မင်း ဆက်ပြီး အလုပ်ရှုပ်လိုက်ဦး၊ ငါ အရင်သွားနှင့်မယ်…."
လော့ချန်က တစ်ခွန်းမျှ ပြောဆိုပြီးနောက် ကျင့်စဉ်သင်ကြားရေးနန်းဆောင်အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။
....
"မင်း ဘာကို လိုချင်တာလဲ"
"မီးဓာတ်ကျင့်စဉ်တွေ၊ မီးထိန်းချုပ်တဲ့ လျှို့ဝှက်မှော်အတတ်တွေ.... မီးဓာတ်နဲ့ ပတ်သက်တဲ့ ကျမ်းစာမှန်သမျှ အကုန်လုံးကို ကျွန်တော် လိုချင်တယ်...."
"ဒါဆို မင်း ခဏလောက် စောင့်ဦး"
စကားအဆုံးတွင် ဝမ်ယွမ် လှည့်ထွက်သွားပြီး အသစ်တည်ဆောက်ထားသော စာကြည့်တိုက်ကြီးအတွင်းသို့ ဝင်ရောက်သွားသည်။
လော့ချန်လည်း အားနေသဖြင့် သူ့နောက်သို့ လိုက်သွားခဲ့သည်။
လက်ရှိ စာကြည့်တိုက်ကြီးကို သုံးထပ် ခွဲခြားထားသည်။ အောက်ဆုံးထပ်မှာ လူသားလောက၏ သိုင်းပညာရပ်များ၊ ကျင့်ကြံခြင်းလောက၏ ဗဟုသုတများနှင့် ခရီးသွားမှတ်တမ်းများ စသည်တို့ ဖြစ်သည်။ လော့ချန်နှင့် ရင်းနှီးကျွမ်းဝင်လှသော လေလွင့်ခြေလှမ်း၊ ကောင်းကင်နတ်သမီးပန်းကြဲခြင်းနှင့် နယ်မြေခြောက်ခု၏ မြင်ကွင်းများ တို့ပင် ထင်ထင်ရှားရှား ရှိနေသည်။ စင်ပေါ်တွင် အမျိုးမျိုး အထွေထွေသော စာအုပ်ပေါင်း ရာကျော်ခန့် ပြည့်နှက်နေသည်။ ဒုတိယထပ်သို့ ရောက်ရှိသွားသောအခါ ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက် ကျင့်စဉ်ကျမ်းစာများကို တွေ့ရသည်။ တတိယထပ်မှာမူ ပြောရန်ပင်မလိုဘဲ အခြေတည်အဆင့် ကျင့်ကြံသူများအတွက် ကျမ်းစာများ ဖြစ်သည်။
ထို့အပြင် လျှို့ဝှက်အခန်း တစ်ခုလည်း ရှိသေးပြီး ၎င်းအတွင်း၌ ချီသန့်စင်အဆင့် ကျင့်ကြံခြင်း အတွေ့အကြုံများ၊ အခြေတည်အဆင့် တက်လှမ်းခြင်း အတွေ့အကြုံများ၊ မှော်စာရွက်ပြုလုပ်နည်း အတတ်ပညာ၊ ဝိညာဉ်ပင်စိုက်ပျိုးနည်း အသေးစိတ်ရှင်းလင်းချက်၊ လက်နက်သွန်းလုပ်နည်း အတွေ့အကြုံများ စသည်တို့ စုဆောင်းထားသည်။ အတတ်ပညာများစွာ ရှိနေသဖြင့် အကယ်၍ လော့ထျန်းအဖွဲ့အတွင်း ထူးချွန်ထက်မြက်သော ပါရမီရှင်များ ရှိခဲ့ပါက ဤအရာများကို ကိုးကား၍ ကိုယ်ပိုင် ထူးခြားသော အတတ်ပညာတစ်ခုကို ဖော်ဆောင်နိုင်ပေလိမ့်မည်။ ဤအမျိုးမျိုးသော အရာများကို လျှို့ဝှက်အခန်းအတွင်း၌သာ သိမ်းဆည်းထားခြင်း ဖြစ်သည်။
လော့ချန်အနေဖြင့် ထိုဆေးဖော်စပ်ခြင်းဆိုင်ရာ ကျမ်းစာများကို သေသေချာချာ ဖတ်ရှုလေ့လာပြီးနောက်တွင်လည်း ၎င်းတို့ကို စာကြည့်တိုက်အတွင်းသို့ ပြန်လည် ထားရှိပေးမည် ဖြစ်သည်။ ဤအရာများသည် အချို့က တန်ဖိုးကြီးလှပြီး၊ အချို့ကမူ မည်သည့်တန်ဖိုးမျှ မရှိချေ။ သို့သော် အားလုံး စုပုံထားလိုက်သောအခါတွင်မူ လော့ထျန်းအဖွဲ့၏ အခြေခံအုတ်မြစ်ကြီး ဖြစ်လာတော့သည်။
"ဒါတွေအားလုံးက.... ကျွန်တော်တို့ နှစ်ပေါင်းများစွာ သွေးမြေကျ ကြိုးစားပြီးတော့ စုဆောင်းမိထားတဲ့ ပိုင်ဆိုင်မှုတွေပဲ" လော့ချန်သည် အလွန်ရှားပါးလှသော ချီသန့်စင်အဆင့် ရွှေဓာတ်ကျင်စဉ်ကျမ်းတစ်အုပ်ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။ သူ၏ လေသံမှာ ခံစားချက်များဖြင့် အလွန်ပင် ပြည့်နှက်နေခဲ့သည်။
ဝမ်ယွမ်သည် လော့ချန်နှင့် ကိုက်ညီမည့် ကျင့်စဉ်ကျမ်းစာများကို ရွေးချယ်ပေးနေသည်။
သူ လော့ချန်၏ လှုပ်ရှားမှုကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
"အခုလောလောဆယ်တော့ ဖြစ်သလိုပဲ ထားရသေးတယ်၊ နောက်ပိုင်းကျရင် မင်လုံယွီက အခိုးခံရတာမျိုး မဖြစ်အောင် တစ်ခုချင်းစီနဲ့ ကိုက်ညီတဲ့ အစီအရင်အသေးစားတွေ အချိန်လုပြီးတော့ ဖန်တီးပေးလိမ့်မယ်၊ နောင်ကို အဖွဲ့ဝင်တွေအနေနဲ့ ငှားရမ်းလိုတယ်ဆိုရင် ကုသိုလ်အမှတ်တွေကို သုံးပြီးတော့ လဲလှယ်ရလိမ့်မယ်၊ ပြီးတော့.... ငါ ကိုယ်တိုင် အချိန်ပေးပြီးတော့ အားလုံးကို ဝါးလိပ်စာစောင်တွေအဖြစ် ကူးယူရေးသားပေးမယ်၊ မူရင်းကျင့်စဉ်ကျမ်းတွေကိုတော့ သက်သက်စီ သိမ်းဆည်းထားရမယ်"
လော့ချန်သည် အနာဂတ် အစီအစဉ်များကို နားထောင်ရင်း အကြိမ်ကြိမ် ခေါင်းညိတ်မိသည်။ ဤအရာများသည် ဂိုဏ်းတစ်ခု၏ အမွေအနှစ် လက်ဆင့်ကမ်းရာတွင် လုပ်ဆောင်ရမည့် အရာများ ဖြစ်သည်။ ဤစာကြည့်တိုက်ကြီးကိုပင် ကောင်းကင်စာကြည့်ဆောင်ဟု အမည်ပေးထားသည်။
သူတို့နှစ်ဦးသည် စကားပြောဆိုရင်းနှင့်ပင် အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ နာရီဝက်ခန့် ကုန်ဆုံးသွားသောအခါ ဝမ်ယွမ်သည် လော့ချန် လိုအပ်နိုင်မည့် ကျမ်းစာများ အားလုံးကို ထုတ်ယူပေးခဲ့သည်။
"မီးဓာတ်မှော်ကျမ်းစာ ပထမအဆင့် ၇ အုပ်၊ ဒုတိယအဆင့် ၃ အုပ်နဲ့ လျှို့ဝှက်မှော်ကျမ်း ၃ အုပ်ရှိတယ်၊ အဲ့ဒါတွေက လက်နက်သွန်းလုပ်တာ.... ဆေးဖော်စပ်တာနဲ့ ဝိညာဉ်ပင်စိုက်ပျိုးတာတွေတွေအတွက် တစ်ခုစီပေါ့.... ပြီးတော့ ငါ့ ကိုယ်ပိုင် သွေးမီးလျှံမှော်အတတ်ကျမ်း တစ်စောင်လည်း ရှိသေးတယ်.... အဲ့ဒါက ခန္ဓာကိုယ်ရဲ့ သွေးစွမ်းအားကို သုံးပြီးတော့ လှုံ့ဆော်ရတာ.... မင်း အားလုံးကို ကြည့်လို့ရပါတယ်၊ မင်းအတွက် အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်တယ်"
ဤစကားကို ကြားလိုက်ရသောအခါ လော့ချန် အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။ ဤမျှလောက်များပြားလှသော ကျမ်းစာများထဲမှ မိမိ၏ လက်ရှိ ဆေးဖော်စပ်မှု ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိနိုင်ကောင်း တွေ့ရှိနိုင်ပေသည်။ ဝမ်ယွမ်က သူ့ကိုယ်ပိုင် စုဆောင်းထားသော သွေးမီးလျှံမှော်အတတ်ကျမ်းကိုပင် ထုတ်ပေးခဲ့သည်ဟု သိလိုက်ရသောအခါ လော့ချန် ပိုမို၍ စိတ်လှုပ်ရှားမိသွားသည်။
သူ တွေဝေမနေဘဲ သုံးဆင့်လောင်ကျွမ်းမီးလျှံမှော်အတတ်ဟုခေါ်သော ပထမအဆင့် ကျမ်းစာကို မဆိုင်းမတွ လှန်လှော ဖတ်ရှုလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် အာရုံစူးစိုက်မှု အပြည့် ရှိနေသည်။
ဝမ်ယွမ်လည်း သူ့ကို မနှောင့်ယှက်တော့ဘဲ ကျမ်းစာများကို ချထားပေးပြီးနောက် တံခါးကို အသာအယာ ပိတ်ကာ ထွက်ခွာသွားခဲ့သည်။
ကျယ်ဝန်းလှသော လျှို့ဝှက်အခန်းအတွင်း၌ အလွန်အမင်း တိတ်ဆိတ်သွားရပြီး စာအုပ်များ လှန်လှောဖတ်ရှုသံများသာ ထွက်ပေါ်နေတော့သည်။
....
[ လူသားများတွင် လောဘ၊ ဒေါသ၊ မောဟဟူသော အဆိပ်သုံးပါး ရှိပြီး ၎င်းကို အညစ်အကြေးသုံးပါး သို့မဟုတ် မီးသုံးပါးဟုလည်း ခေါ်သည်။ ၎င်းကို လောင်ကျွမ်းစေပါက အတိုင်းအဆမဲ့သော စွမ်းအားများကို ရရှိစေကာ ပြင်းထန်သော မီးလျှံများအဖြစ် ပြောင်းလဲ၍ လောကကြီးကို သန့်စင်စေနိုင်သည်....]
"အမယ်.... ရေးထားတာကတော့ လေကြီးမိုးကြီးပဲဟ၊ တကယ်တော့ သမာဓိကို သုံးပြီး ပတ်ဝန်းကျင်မှာ လွင့်စင်နေတဲ့ မီးဓာတ် ချီစွမ်းအားတွေကို စုပ်ယူတာလောက်ပါပဲ...."
လော့ချန် ခေါင်းခါလိုက်သည်။
"ဒီနည်းလမ်းက ငါ့အတွက် အသုံးမဝင်ဘူး"
သူသည် သုံးဆင့်လောင်ကျွမ်းမီးလျှံမှော်အတတ်ကို ချထားလိုက်ပြီး အခြားစာအုပ်တစ်အုပ်ဖြစ်သော ငရဲမီးနှိမ်နင်းခြင်းကျမ်းစာကို ကောက်ကိုင်လိုက်သည်။ ၎င်းမှာလည်း ပထမအဆင့်ပင် ဖြစ်သည်။ အဓိက ဖော်ပြထားသည်မှာ ပြင်းထန်သော ဇွဲလုံ့လဖြင့် ပူပြင်းလှသော ပတ်ဝန်းကျင်မှ ချီစွမ်းအားကို စုပ်ယူခြင်း ဖြစ်သည်။ ဤနည်းလမ်းသည် နွေဦးကျင့်စဉ်၏ စိတ်အေးချမ်းစေခြင်း၊ အာရုံစူးစိုက်စေခြင်းတို့နှင့် ဆင်တူလှသည်။ သို့သော် အလွန်ပင် ရိုးရှင်းလွန်းလှသည်။
နာရီအနည်းငယ် ကြာမြင့်ပြီးနောက် လော့ချန် ခေါင်းကို ခါယမ်းလိုက်ရင်း အခြားစာအုပ်များကို ဆက်လက် လှန်လှောဖတ်ရှုနေတော့သည်။
သူ စာဖတ်ခြင်းအတွင်း၌ အာရုံနှစ်မြှုပ်ထားစဉ် အချိန်များကား တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။
‘တစ်ရက်’
‘နှစ်ရက်’
မသိလိုက်မသိဘာသာဖြင့်ပင် ဆယ့်ငါးရက်ခန့် အချိန် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံသူများသည် အကြောအခြင်နှင့် အရိုးအဆစ်များ သန့်စင်ပြီးနောက်တွင်မူ အစားအစာ မလိုအပ်ဘဲ ချီစွမ်းအားကိုသာ သုံးစွဲ၍ ရိုးရှင်းစွာ အသက်ရှင်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် မည်သည့်ကျင့်ကြံခြင်းကိုမှ လုပ်ဆောင်မနေသဖြင့် လော့ချန်အနေဖြင့် ပင်ပန်းနွမ်းနယ်ခြင်းကိုလည်း မခံစားရချေ။ ရံဖန်ရံခါ အဆင့်တက်လှမ်းရန် တံခါးပိတ် ကျင့်ကြံစဉ် ကာလများတွင်လည်း ဤကဲ့သို့ ရေရှည် မအိပ်မနေ လုပ်ဆောင်ခဲ့ဖူးသောအကြိမ် အနည်းငယ် ရှိခဲ့ဖူးသည် မဟုတ်ပါလော။
ပထမအဆင့် ကျင့်စဉ် (၇) အုပ်လုံးကို သူ အလုံးစုံ ဖတ်ရှုပြီးသွားခဲ့ပြီ ဖြစ်သည်။ ရရှိသောအရာက မများလှဘဲ အထူးသဖြင့် သူ၏ လက်ရှိ အခက်အခဲကို ဖြေရှင်းရန်အတွက်မူ မည်သည့်အထောက်အကူမျှ မရရှိခဲ့ချေ။ တစ်ခုတည်းသော ရလဒ်မှာ မီးဝိညာဉ်အမြစ် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း နည်းလမ်းမျိုးစုံ၊ လျှို့ဝှက်ချက်များနှင့် တိုက်ပွဲအတွင်း အတွေ့အကြုံများကို အပြည့်အဝ နားလည်သဘောပေါက်သွားခြင်း ဖြစ်သည်။ ဤမျှလောက်သော ရလဒ်လေးသည်လည်း အကျိုးကျေးဇူး ရှိလှပေသည်။
လော့ချန် ခံစားရသည်မှာ သူ အကယ်၍ နောက်တစ်ကြိမ် မီးလုံးမှော်အတတ်၊ မီးလျှံပိုးအိမ်၊ နေမီးလျှံနှင့် တောင်ပြိုမှော်အတတ်စသည့် မီးဓာတ်မှော်အတတ်များကို အသုံးပြုမည်ဆိုပါက နည်းလမ်းများသည် ယခင်ကထက် သုံးဆခန့် ပိုမို ထက်မြက်လာပေလိမ့်မည်။ ပထမအဆင့် ကျမ်းစာများအပြင် ဝမ်ယွမ် ကိုယ်ပိုင် စုဆောင်းထားသော သွေးမီးလျှံမှော်အတတ်ကိုလည်း သူ ဖတ်ရှုခဲ့သည်။ ၎င်း၏ အာနိသင်သည် အခြေတည် အစစ်အမှန်မီးလျှံနှင့် ကွာခြားမှု သိပ်မရှိလှပေ။ ဝိညာဉ်အရည် ပေါက်ကွဲခြင်းကို ခန္ဓာကိုယ် သွေးစွမ်းအား ပေါက်ကွဲခြင်းအဖြစ် ပြောင်းလဲကာ သန်မာလှသော စွမ်းအင်များကို ဖြစ်ပေါ်စေခြင်းမျှသာ ဖြစ်သည်။ ၎င်းအတွင်းရှိ အသုံးချနိုင်သော အချက်မှာ သွေးစွမ်းအားမှ ပြောင်းလဲလာသော သွေးမီးလျှံသည် အခြေတည် အစစ်အမှန်မီးလျှံထက် ပိုမို ထိန်းချုပ်ရ လွယ်ကူခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ခန္ဓာကိုယ်၏ အနှစ်သာရ သွေးရင်းမြစ်ကို အခြေခံ၍ အသုံးပြုရသော ကိုယ်တိုင် နာကျင်စေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ တိုက်ပွဲအတွင်း သို့မဟုတ် ထွက်ပြေးတိမ်းရှောင်စဉ် ကာလများတွင် အသုံးပြုပါက ထူးခြားသော အာနိသင် ရှိနိုင်ပေသည်။
လော့ချန် ၎င်းကို မိမိ၏ နောက်ထပ် လျှို့ဝှက် ဝှက်ဖဲတစ်ခုအဖြစ် စိတ်ထဲတွင် သေသေချာချာ မှတ်သားထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ ခန္ဓာကိုယ် ကျင့်ကြံခြင်း အဆင့်အတန်းမှာလည်း သွေးမြစ်အဆင့် ဖြစ်ပြီး အတွင်း၌ သန်မာလှသော သွေးစွမ်းအားများ ပြည့်နှက်နေသည် မဟုတ်ပါလော။ အရေးကြုံလာပါက ထုတ်သုံးနိုင်ရန်အတွက် ဖြစ်သည်။
ဝမ်ယွမ်၏ သွေးမီးလျှံမှော်အတတ်ကို လေ့လာပြီးနောက် လော့ချန် ကျန်လျှို့ဝှက်မှော်အတတ် သုံးခုကိုလည်း ဆက်လက် လေ့လာလိုက်သည်။
မီးဓာတ် ဝိညာဉ်ပင်စိုက်ပျိုးရေး လျှို့ဝှက်မှော်အတတ်ကမူ အနည်းငယ် ရယ်စရာကောင်းလှသည်။ အမည်မှာ လောင်ကျွမ်းခြင်းမှော်အတတ်ဟု ခေါ်ပြီး ဒုတိယအဆင့် မှော်အတတ် ဖြစ်သည်။ အဓိက အသုံးဝင်ပုံမှာ ဝိညာဉ်စိုက်ခင်းများ၏ အဆင့်အတန်းကို မြှင့်တင်ရန် ဖြစ်သည်။ ဖတ်ရှုပြီးနောက် လော့ချန် သူ့အတွက် အသုံးမဝင်ဟု ကောက်ချက်ချလိုက်သည်။
ဆေးဖော်စပ်ရေး လျှို့ဝှက်အတတ်ကမူ လော့ချန် အလွန်အမင်း ကျွမ်းကျင်ပြီးသားဖြစ်သော မီးထိန်းချုပ်ခြင်းအတတ်ပညာ ဖြစ်သည်။ သူ ဆေးဖော်စပ်ရာတွင် မကြာခဏ အသုံးပြုလေ့ရှိပြီး မီးအရှိန်ကို အလွန် ကောင်းမွန်စွာ ညှိယူနိုင်သည်။ လက်နက်သွန်းလုပ်ရေး လျှို့ဝှက်မှော်အတတ်နှင့် ပတ်သက်၍မူ လော့ချန် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်ရသည်။
"မီးပေါင်းစပ်ခြင်း ဆိုတာ ဘာကို ဆိုလိုတာလဲ၊ မီးနဲ့ စွမ်းအားကို ဖိနှိပ်ပြီး ရွှေတွေ သံတွေကို အရည်ကျိုတာလား.... ဒါက မီးစွမ်းအားကို ပိုမြင့်လာအောင် တွန်းအားပေးတဲ့ နည်းလမ်းလား"
လော့ချန်သည် မီးပေါင်းစပ်ခြင်းဟုခေါ်သော ဤလျှို့ဝှက်မှော်အတတ်ကို ထိုနေရာတွင်ပင် နောက်တစ်စောင် ကူးယူလိုက်ပြီး အိမ်ပြန်ရောက်မှ သေသေချာချာ လေ့လာရန် ပြင်လိုက်သည်။
ထို့နောက် သူ ဒုတိယအဆင့် မီးဓာတ်ကျင့်စဉ် သုံးခုကို စတင် ဖတ်ရှုတော့သည်။ ယင်မီးမှော်အတတ်မှာ တွမ်မျိုးနွယ်စုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရောင်နီမှော်အတတ်မှာ ဟော်ဟူ၏ ကျန်ရစ်သော ပစ္စည်းများမှ ရရှိခြင်း ဖြစ်ပြီး ရွှေအမြုတေအဆင့် ဂိုဏ်းကြီးဖြစ်သော မီးလျှံမဟာမိတ် အတွင်းစည်းတပည့်များ၏ အဓိက ပညာရပ် ဖြစ်နိုင်ချေ အလွန်များပြားသည်။ မြစိမ်းမီးလျှံမှော်အတတ်ကမူ ကောင်းလင်းယွမ် တိုက်ပွဲတွင် ချီသန့်စင်အဆင့် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး၏ လက်ထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ဒုတိယအဆင့် မှော်အတတ်များသည် ပထမအဆင့်များထက် သိသာထင်ရှားစွာ ပိုမို နက်ရှိုင်းပြီး ရှုပ်ထွေးပွေလီလှသည်။ လော့ချန် ရိုးရှင်းစွာ တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ၎င်းတို့ကို လေ့လာရန် အချိန်အတော်ကြာ ပေးရမည်ဖြစ်ကြောင်း သိရှိလိုက်သည်။ သူသည် တွေဝေမနေဘဲ မှော်အတတ်သုံးခုလုံး၏ မူရင်းများကို သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်ကာ လျှို့ဝှက်အခန်းထဲမှ ထွက်လာခဲ့သည်။
ဝမ်ယွမ်သည် အပြင်၌ အာရုံစူးစိုက်စွာဖြင့် ကျမ်းစာများကို ကူးယူရေးသားနေခဲ့သည်။
လော့ချန် မျက်လုံးများကို ပွတ်သပ်လိုက်ရာ အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားရသည်။
ဝမ်ယွမ်က လုပ်လတ်စကို ရပ်တန့်လိုက်ပြီး
"မင်းရဲ့ ပြဿနာကို ဖြေရှင်းနိုင်ပြီလား"
လော့ချန် ခေါင်းကို ခါယမ်းလိုက်ရင်း ပြန်ဖြေလိုက်သည်။
"ဟင့်အင်း…. ဒါပေမယ့်.... လမ်းစကိုတော့ ရှာတွေ့ပြီလို့ ခံစားရတယ်"
သူ၏ လမ်းစမှာ ထိုလက်နက်သွန်းလုပ်ရေး လျှို့ဝှက်မှော်အတတ်ဖြစ်သော မီးပေါင်းစပ်ခြင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
လော့ချန်၏ စကားကြောင့် ဝမ်ယွမ် ပူပန်ခြင်းမရှိတော့ဘဲ ဆက်လက်၍ အလုပ်ရှုပ်နေတော့သည်။
လော့ချန် မထွက်ခွာမီ ဝမ်ယွမ်အား မေးဖြစ်အောင်မေးလိုက်သေးသည်။
“အစ်ကိုကြီးရာ…. ဒီလို အသေးအဖွဲ အလုပ်မျိုးကို ကျင့်စဉ်သင်ကြားရေးနန်းဆောင်က တပည့်တွေကို ဘာလို့ ခိုင်းမထားတာလဲ.... ဒါက ခင်ဗျားရဲ့ ကျင့်ကြံရမယ့် အချိန်တွေကို ဖြုန်းတီးရာ ရောက်မနေဘူးလား....”
ဝမ်ယွမ်က ခေါင်းပင်မမော့ဘဲ ဆိုလိုက်သည်။
"ဖြုန်းတီးတာလို့ ဘယ်ခေါ်မလဲကွ…. ကူးရေးရင်းနဲ့ ဒီအကြောင်းအရာတွေကို ငါ့ ဦးနှောက်က မှတ်မိသွားမှာလေ၊ ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းစဉ်အတွက်တောင် ဒါက အထောက်အကူ ဖြစ်စေတယ်ကွ...."
‘ဒီအစ်ကိုကြီးက တစ်ခါမြင်ရင် အလွတ်ရတဲ့ ပါရမီမျိုး ရှိနေတာလား....’
လော့ချန် ဆွံ့အသွားရသည်။ သူ ဝမ်ယွမ်တွင် ဤကဲ့သို့သော ပါရမီမျိုး ရှိသည်ဟု သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။ သို့သော် သေသေချာချာ တွေးတောကြည့်လျှင် ဝမ်ယွမ်၏ အစောပိုင်း ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းစဉ်သည် အခြေခံအားဖြင့် သူ့အားသူသာကိုးခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော ပါရမီမျိုး ရှိနေခြင်းမှာလည်း သဘာဝကျလှပေသည်။ သေချာသည်မှာ ကျင့်ကြံသူများသည် အခြေတည် အဆင့်သို့ တက်လှမ်းပြီးနောက်တွင် စိတ်ဝိညာဉ် အဆမတန် အားကောင်းလာတတ်သည်။ မှတ်ဉာဏ် အလွန်ကောင်းသည်ဟု မဆိုနိုင်လျှင်ပင် မှတ်ဉာဏ်စွမ်းအားက လူသားများထက် များစွာ သာလွန်လှသည်။
ဝမ်ယွမ်ကို ဆက်မနှောင့်ယှက်တော့ဘဲ လော့ချန် နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။
....
ထျန်းလန်တောင်သို့ ပြန်ရောက်ရှိပြီးနောက် လော့ချန် ပထမဆုံးအနေဖြင့် အဝ အိပ်စက်လိုက်သည်။
ဒုတိယနေ့ နံနက်အစောပိုင်းတွင် အိပ်ရာမှစောစောထကာ အချိန်အတော်ကြာ လျစ်လျူရှူထားခဲ့သော ကျင့်စဉ်ကို တစ်ခေါက် ပြန်လည် ကျင့်ကြံလိုက်သည်။ တိုးတက်မှု မျဉ်းတန်းလေး ဖြည်းဖြည်းချင်း [၄/၁၀၀] သို့ တက်လှမ်းသွားသည်ကို ကြည့်ရင်း စိတ်ထဲတွင် ဆယ့်ငါးရက်ခန့် ကျင့်ကြံခြင်း မလုပ်ဆောင်ခဲ့ရသဖြင့် ဖြစ်ပေါ်နေသော အပြစ်ရှိစိတ်များမှာ နောက်ဆုံးတွင် အတိုင်းအတာတစ်ခုအထိ ပြယ်လွင့်သွားခဲ့ရသည်။
"နောင်ကို ကျမ်းစာတွေကို လေ့လာလို့ရပေမယ့်.... ဒီလိုမျိုး အိပ်ရေးပျက်၊ အစားပျက် လုပ်လို့မရဘူး၊ အခြေခံအကျဆုံးဖြစ်တဲ့ ကျင့်ကြံခြင်းကိုတော့ မေ့လျော့လို့ မဖြစ်ဘူး"
လော့ချန် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး ဂူဗိမာန်အပြင်ဘက်ရှိ ရွှီရန်သစ်ပင်ကြီးဆီသို့ ထွက်လာခဲ့သည်။ သစ်ရိပ်များက စိမ်းလန်းစိုပြည်လှပြီး ချီစွမ်းအားများက ဖြည်းဖြည်းချင်း ထွက်ပေါ်နေသည်။ သူသည် ပြန်လည်ယူဆောင်လာခဲ့သော ဒုတိယအဆင့် မီးဓာတ်မှော်အတတ် ကျမ်းစာသုံးအုပ်ကို ဖွင့်ကာ ဖြည်းဖြည်းချင်း စတင် ဖတ်ရှုလေ့လာတော့သည်။
နေမင်းကြီး တက်လာလိုက်၊ လမင်းကြီး ပေါ်လာလိုက်နှင့် အချိန်များသည် မသိလိုက်မသိဘာသာဖြင့်ပင် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်လခန့် အချိန် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
လော့ချန်သည် မြစိမ်းမီးလျှံမှော်အတတ်ကို မှတ်တမ်းတင်ထားသော ဝါးကျမ်းစာစောင်ကို ပိတ်လိုက်သည်။
သူ ပြဿနာ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။
ဆေးဖော်စပ်ခြင်း လမ်းစဉ်ဆိုသည်မှာ မီးဓာတ်နှင့် ခွဲခြား၍မရအောင် ယှက်နွှယ်နေပေသည်။ ယခုအချိန်အထိ သူ ဤကိစ္စကို အမြဲတမ်း မျက်ကွယ်ပြုမိခဲ့ပြီး မိမိကိုယ်ကိုယ် ဤကဏ္ဍတွင် မည်သည့် အားနည်းချက်မျှ မရှိဟု ယူဆထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ကြည့်ရသလောက်မူ ဤလမ်းစဉ်မှာ အလွန်အမင်း နက်ရှိုင်းကျယ်ဝန်းလှပြီး သမုဒ္ဒရာကြီးကဲ့သို့ အတိုင်းအဆမဲ့လှသည်။ သူ၏ လက်ရှိ ကျွမ်းကျင်မှုမှာ အစပြုရုံမျှသာ ရှိသေးသည်ဟု သတ်မှတ်နိုင်သည်။ အကယ်၍ အဆင့်အတန်း သတ်မှတ်မှုများ ရှိမည်ဆိုပါက ဆေးဖော်စပ်ခြင်း လမ်းစဉ်တွင် မီးလျှံကို ထိန်းချုပ်ခြင်းနှင့် ပတ်သက်၍ အဆင့်လေးဆင့် ခွဲခြားရပေလိမ့်မည်။
မီးထိန်းချုပ်ခြင်း၊ မီးပေါင်းစပ်ခြင်း၊ မီးသိမ်းဆည်းခြင်း၊ မီးပြောင်းလဲခြင်း တို့ဖြစ်သည်။ ဤအဆင့်အတန်း ခွဲခြားမှုသည် ထိုလျှို့ဝှက်မှော်အတတ်များမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လော့ချန်သည် ချင်ယွမ်ဇီကျမ်းစာ၊ စွယ်စုံဆေးကျမ်း၊ ရှန်းဟူဆေးကျမ်း စသည့် ကျမ်းစာပေါင်းမြောက်မြားစွာမှ အမြင်များကို ပေါင်းစပ်ကာ ကိုယ်ပိုင် ဉာဏ်ဖြင့် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးအဆင့်ကိုမူ စိတ်ဝိညာဉ် မီးပြောင်းလဲခြင်းဟု သူ အမည်ပေးထားသည်။ ကျမ်းစာများပေါ်တွင်လည်း ထိုအရာနှင့် ပက်သက်၍ တစ်ချက်မျှသာ ဖော်ပြထားခြင်း ဖြစ်သည်။ သူ၏ လက်ရှိ အဆင့်အတန်းအရဆိုလျှင်မူ လုံးဝ ထိတွေ့နိုင်ခြင်း မရှိသေးချေ။ သို့သော် ရှေ့အဆင့်သုံးဆင့်အတွက်မူ ဤလျှို့ဝှက်မှော်အတတ်များထဲမှ ကိုက်ညီသော နည်းလမ်းများကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်။
အကယ်၍ မီးထိန်းချုပ်ခြင်းမှော်အတတ်သည် မီးလျှံကို ထိန်းချုပ်သည့် အတတ်ပညာကို ကိုယ်စားပြုခြင်း ဖြစ်မည်ဆိုပါက ၎င်းမှာ ထိန်းချုပ်အဆင့်ပင် ဖြစ်သည်။ မီးတောက်ပေါင်းစပ်ခြင်းအတတ်နှင့် ယင်မီးမှော်အတတ်မှာတို့မှာမူ ပြည့်စုံသော ထိန်းချုပ်မှုအားဖြင့် မီးတောက်၏ အရည်အသွေးနှင့် စွမ်းအားကို မြှင့်တင်ခြင်းအပေါ် အာရုံစိုက်ထားသဖြင့် ၎င်းသည် ပေါင်းစပ်အဆင့် ဖြစ်၏။ ရောင်နီမှော်အတတ်နှင့် မြစိမ်းမီးလျှံမှော်အတတ်ထဲတွင်မူ မြစ်ဖျားခံရာမရှိသော မီးကို ခန္ဓာကိုယ်အတွင်း သိမ်းဆည်းကာ အခြေခံ အစစ်အမှန်မီးလျှံကို ထုတ်ဖော်ရန် ဖော်ပြထားသည်။ ဤသည်မှာ သိမ်းဆည်းအဆင့်ပင် ဖြစ်သည်။
အမျိုးမျိုးသော ကျမ်းစာများကို ရူးသွပ်စွာ ဖတ်ရှုပြီးနောက် လော့ချန်သည် ဝမ်ယွမ်ကဲ့သို့ပင် ရှားပါးလှသော ကိုယ်ပိုင် နားလည်သဘောပေါက်မှုတစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူ၏ အသိအမြင်ဖြင့် ကိုက်ညီသော အဆင့်အတန်းများကိုပါ ခွဲခြားသတ်မှတ်နိုင်ခဲ့သေးသည်။ ဤသို့ဖြင့် ရှေ့ဆက်ရမည့်လမ်းကြောင်းမှာ ရုတ်ချည်းပင် ထင်ထင်ရှားရှား ပုံပေါ်လာတော့သည်။
ဤရလဒ် ထွက်ပေါ်လာသောအခါ လော့ချန် ခဏမျှအတွင်း ဝမ်ယွမ် အသုံးပြုနေသော နည်းလမ်းကို နားလည်သဘောပေါက်သွားခဲ့သည်။ တစ်ဂိုဏ်းလုံးစာပညာရပ်များကို ဖတ်ရှုကာ မိမိနှင့် အသင့်တော်ဆုံး ကျင့်စဉ်ကို ကိုယ်တိုင် ဖန်တီးယူခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းမှာ မေးခွန်းထုတ်စရာမလိုလောက်အောင် ပင်ပန်းလှသည်။ သို့သော် ရလဒ်မှာလည်း လုံးဝ ကောင်းမွန်လှသည်။ လော့ချန်၏ လက်ရှိ အခြေအနေအရ ဤပိတ်ဆို့မှုကို ဖြေရှင်းနိုင်မည့် နည်းစနစ်အသစ်တစ်ခုကို မထွင်နိုင်သေးချေ။ သို့သော် လမ်းကြောင်း ရှိနေပြီ ဖြစ်သဖြင့် သူသည် ရှေးလူဟောင်းများ၏ နည်းလမ်းများကို အသုံးချကာ အားနည်းချက်များကို ဖြည့်ပြီး တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းသွားနိုင်တော့မည် ဖြစ်သည်။ ဦးတည်ချက်မရှိဘဲ ရမ်းသန်းလုပ်ဆောင်နေရသည့် အဆင့်မျိုး မဟုတ်တော့ချေ။
"အခုအချိန်မှာ ငါ ပထမအဆင့်ဖြစ်တဲ့ မီးတောက်ကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ"
"ဒါဆိုရင် ငါ နောက်ထပ် လုပ်ဆောင်ရမှာက.... မီးပေါင်းစပ်ခြင်းနဲ့ မီးသိမ်းဆည်းခြင်းပဲ ဖြစ်ရမယ်"
၎င်းတို့ထဲမှ ပထမဆုံးအဆင့်မှာမူ သိပ်ပြီး ခက်ခဲလွန်းခြင်း မရှိပေ။ တွမ်ဖုန်းသည် ဤလမ်းစဉ်တွင် အလွန် ကျွမ်းကျင်လှပြီး လက်နက်သွန်းလုပ်ရန် လိုအပ်သော မီးစွမ်းအားသည် ဆေးဖော်စပ်ရန် လိုအပ်သည်ထက်ပင် များစွာ မြင့်မားလှသေးသည်။ တွမ်ဖုန်း လုပ်ဆောင်နိုင်ခဲ့သည် ဖြစ်ရာ သူလည်း လုပ်ဆောင်နိုင်ရမည်။
မီးပေါင်းစပ်ခြင်းမှော်အတတ်နှင့် ယင်မီးမှော်အတတ် ဤနှစ်ခုကို သူ တွဲဖက်၍ လေ့ကျင့်ရန် စိတ်ကူးမရှိဘဲ ယာယီအားဖြင့် မီးပေါင်းစပ်ခြင်းမှော်အတတ်ကိုသာ သီးခြား လေ့လာရန် ပြင်ဆင်လိုက်သည်။
ယင်မီးမှော်အတတ်က မကောင်းမွန်ခြင်းကြောင့် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မီးပေါင်းစပ်ခြင်းမှော်အတတ် လေ့လာစဉ်ကာလအတွင်း အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ရပါက သူ တွမ်ဖုန်းကို အချိန်မရွေး မေးမြန်းနိုင်သဖြင့် လမ်းမှားရောက်ခြင်းမှ ကင်းဝေးစေနိုင်သောကြောင့် ဖြစ်သည်။ မီးသိမ်းဆည်းခြင်းအတွက် လိုအပ်သော မှော်အတတ်နှင့် ပတ်သက်၍မူ ရောင်နီကျမ်းစာနှင့် မြစိမ်းမီးလျှံမှော်အတတ်ထဲတွင်လည်း သီးခြားစီ မှတ်တမ်းတင်ထားသော နည်းလမ်းနှစ်ခု ရှိသေးသည်။ သူ အချိန်ရလာပါက ၎င်းတို့ထဲမှ တစ်ခုကို လေ့လာရန် ရည်ရွယ်ထားပြီး အနာဂတ်အတွက် ပြင်ဆင်ထားမည် ဖြစ်သည်။
"ကဲ.... မီးပေါင်းစပ်ခြင်းမှော်အတတ်ကို စတင်ပြီး လေ့ကျင့်ရအောင်"
လော့ချန် ထရပ်လိုက်ပြီး ဆေးဖော်စပ်ခန်းဆီသို့ ဦးတည်သွားတော့သည်။