အခန်း ၄၄၆
Vol. 45 Ch. 446
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၄၆) - သွေးမိစ္ဆာဆေးလုံး အောင်မြင်ခြင်း
မီးတောက်ပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ရှိသွားသောအခါ လော့ချန်၏ ရှေ့ဆက်ရမည့် လမ်းကြောင်းမှာ မျှော်လင့်မထားလောက်အောင် ရှင်းလင်းတောက်ပသွားခဲ့သည်။ သူ၏ တတိယအကြိမ်မြောက် ကြိုးပမ်းမှုတွင် ထိုနည်းစနစ်သည် သူ့အား အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည့်အလား ချောမွေ့စွာ အလုပ်လုပ်ခဲ့ပြီး မီးတောက်နှင့် ချီစွမ်းအင်တို့သည် စမ်းချောင်းတစ်ခုအတွင်းသို့ ရေစီးကြောင်းများ ပေါင်းစပ်သွားသကဲ့သို့ သဘာဝကျကျ စီးဆင်းသွားခဲ့လေသည်။
မကြာမီမှာပင် သူသည် မီးတောက်ပေါင်းစပ်ခြင်း၏ နိယာမတရားကို နားလည်သဘောပေါက်သွားခဲ့၏။ လူသားလောက၏ သာမန်မီး ဖြစ်စေ၊ မြေအောက်မီး ဖြစ်စေ၊ မီးတောက်တိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ကန့်သတ်ချက်များ ရှိကြသည်။ သို့သော် ကျင့်ကြံသူတစ်ဦး၏ သန့်စင်ထားသော ချီစွမ်းအင်တွင်မူ အတိုင်းအဆမဲ့သော အလားအလာများ ရှိနေပေသည်။
မီးဖြင့် စွမ်းအားကို ပေါင်းစပ်စေပြီး ကန့်သတ်ချက်များရှိသော အခြေအနေထဲမှ အတိုင်းအဆမဲ့မှုကို မွေးဖွားစေခြင်း....။
ဤသည်မှာ မီးပေါင်းစပ်ခြင်း မှော်အတတ်၏ အနှစ်သာရ ဖြစ်သည်။
ပြောရလျှင် အလွန် ဆန်းကြယ်လှသော်လည်း အမှန်စင်စစ် လက်တွေ့ လုပ်ဆောင်မှုကမူ မရှုပ်ထွေးလှပေ။
သူ့အနေဖြင့် အလွန်သန့်စင်လှသော ချီစွမ်းအားကို ပါးလွှာသော အမြှေးပါးတစ်ခုကဲ့သို့ မီးလျှံတစ်ခု၏ ပတ်ပတ်လည်တွင် ဝန်းရံပေးပြီး အတွင်းဘက်သို့ ဖြည်းဖြည်းချင်း ထည့်သွင်းပေးရန်သာ လိုအပ်သည်။
မီးတောက် လောင်ကျွမ်းသည့် အချိန်တွင် သန့်စင်သော ချီစွမ်းအားများက တရွေ့ရွေ့ ထွက်ပေါ်လာပြီး မီးလျှံနှင့် ပေါင်းစပ်သွားသည်။ ချီစွမ်းအား၏ အထောက်အကူကို ရရှိလိုက်သဖြင့် မီးစွမ်းအားက ပိုမို ကြီးမားလာနိုင်သလို မီးအရှိန်ကလည်း ပိုမို ပြင်းထန်လာနိုင်သည်။ ထို့အပြင် ဤဖြစ်စဉ်အတွင်း၌ ကိုယ်ပိုင် ချီစွမ်းအားများ ပါဝင်နေသဖြင့် ယခင်က အစီအရင်ဖြင့်သာ ထိန်းချုပ်နိုင်ခဲ့သော မီးလျှံသည် ယခုအခါ ထိန်းချုပ်မှုအပိုင်းတွင် ပိုမို၍ စိတ်တိုင်းကျ သွက်လက်မြန်ဆန်လာရသည်။
လော့ချန် သုံးရက်ခန့် အကြိမ်ကြိမ် အဖန်ဖန် စမ်းသပ်ခဲ့သည်။
သူသည် တစ်ထိုင်တည်းဖြင့်ပင် မီးပေါင်းစပ်ခြင်းမှော်အတတ်ကို အခြေခံအဆင့်မှ ကျွမ်းကျင်အဆင့်သို့ တိုက်ရိုက် မြှင့်တင်နိုင်ခဲ့သည်။
ဤအချိန်သို့ ရောက်ရှိမှသာ သူ ရပ်တန့်လိုက်ပြီး အသိအမြင်အသစ်များကို အသုံးပြုကာ သွေးမိစ္ဆာဆေးလုံးကို စတင် ဖော်စပ်တော့သည်။
....
“ဒါက တတိယအကြိမ်မြောက်ပဲ၊ ပထမ နှစ်ကြိမ်လုံးက ကျရှုံးခဲ့ပေမဲ့ ကျရှုံးမှုတိုင်းက အောင်မြင်မှုနဲ့ ပိုပြီး နီးကပ်လာတာပဲလေ၊ ဒီတစ်ကြိမ်တော့ သေချာပေါက် အဆင်ပြေသွားမှာပါ....”
စိတ်ထဲတွင် အတွေးများ လျှပ်ပြေးသွားပြီးနောက် အဓိက ဆေးဖက်ဝင်အပင် အသီးသီးကို နှင်းဧကရာဇ်ဆေးအိုးအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် ဆေးအိုးအောက်ရှိ ဒုတိယအဆင့် မြေအောက်မီးထံသို့ အာရုံလှည့်လိုက်၏။
အလွန်သန့်စင်သော ချီစွမ်းအားများက သူ၏ လက်ချောင်းထိပ်များမှ တရွေ့ရွေ့ စီးဆင်းထွက်ပေါ်လာသည်။ ထို့နောက် လေထုထဲတွင် စက်ဝိုင်းတစ်ခု လှည့်ပတ်သွားပြီး ဆေးလုံး၏ ဆေးအမြှေးကဲ့သို့ပင် အလွန်သန့်စင်သော ဆေးရည်များကို ဖုံးအုပ်လိုက်သည်။
ဤဖုံးအုပ်ထားသော ချီစွမ်းအားများသည် မြေအောက်မီးအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဖြည်းဖြည်းချင်း လောင်ကျွမ်းသွားသည်။
ချက်ချင်းပင် ချီစွမ်းအား မျှင်လေးများက အပြင်သို့ တရွေ့ရွေ့ ထွက်ပေါ်လာသည်။ ဤသည်မှာ ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်စွမ်းအားဖြင့် သန့်စင်ထားသော သစ်ဓာတ် ချီစွမ်းအား ဖြစ်သည်။ ဓာတ်ကြီးငါးပါး၏ သံသရာလည်ပတ်မှုအရ သစ်ဓာတ်သည် မီးဓာတ်ကို ပံ့ပိုးပေးလေရာ ယခုအခါ ထိုသစ်ဓာတ် ချီစွမ်းအင်သည် ဒုတိယအဆင့် မြေအောက်မီးနှင့် ပေါင်းစပ်သွားသောအခါ မီးစွမ်းအားများမှာ ရုတ်ချည်း ဟုန်းဟုန်းတောက်လောင်လာခဲ့တော့သည်။ ဖြည်းဖြည်းချင်းနှင့်ပင် ၎င်း၏ မီးစွမ်းအားသည် လော့ချန် ဝိညာဉ်အရည်များကို ချေမှုန်းပြီးနောက် ဖြစ်ပေါ်လာသော အခြေတည် အစစ်အမှန်မီးလျှံကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် လော့ချန်သည် အခြေတည်အဆင့် အလယ်ပိုင်းသို့ ခိုင်ခိုင်မာမာ တက်လှမ်းထားပြီး ဖြစ်ရာ သူ၏ ချီစွမ်းအားမှာ ယခင်ကထက် များစွာ ပိုမို သန့်စင်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်အရည်များကို ချေမှုန်းပြီးနောက် ဖြစ်ပေါ်လာသော အခြေတည် အစစ်အမှန်မီးလျှံကပင် အလွန် အားကောင်းနေပြီဖြစ်သည်။ သာမန်ဒုတိယအဆင့် မြေအောက်မီးသည် မီးပေါင်းစပ်ခြင်း မှော်အတတ်၏ ပံ့ပိုးမှုအောက်တွင်မူ ၎င်းကို တစ်ချက်တည်းဖြင့် ကျော်လွန်သွားနိုင်ခဲ့သည်။
လော့ချန် စိတ်လှုပ်ရှားသွားပြီး ထိုပြင်းထန်လှသော မီးလျှံထဲမှ မီးစွမ်းအားအချို့ကို ခွဲထုတ်ကာ နှင်းဧကရာဇ်ဆေးအိုး၏ ထောင့်တစ်နေရာကို သီးခြား လောင်ကျွမ်းစေလိုက်သည်။ ထိုနေရာကား အဓိက ဆေးဖက်ဝင်ပစ္စည်းဖြစ်သော ကျင့်ကြံသူတစ်ဦး၏ အဆီအနှစ်သွေးကို ထားရှိရာ နေရာ ဖြစ်ပေသည်။
“ဘာလို့ ဒီဆေးနည်းမှာ ဒါကို ထည့်မပြောထားရတာလဲ.... ဒါဆိုရင် ငါ ဒီလောက်အထိ အကြိမ်ကြိမ် ကျရှုံးနေမှာ မဟုတ်ဘူး....”
လော့ချန် တိုးတိုးလေး ရေရွတ်မိသည်။ ကျင့်ကြံသူတစ်ဦး၏ အဆီအနှစ်သွေးတွင် သက်စောင့်စွမ်းအားများသာမက စိတ်ဆန္ဒနှင့် စိတ်ဝိညာဉ် အပိုင်းအစအချို့လည်း ကိန်းဝပ်နေတတ်သည်။ ၎င်း၏ ရှုပ်ထွေးမှုနှင့် သန့်စင်မှုမှာ စိတ်ကူးကြည့်ရုံမျှဖြင့် မရနိုင်ချေ။ ဒဏ္ဍာရီများအရ အစွမ်းထက် မှော်ရတနာများသည် သခင်နှင့် နက်နက်နဲနဲ ဆက်နွှယ်ရန်အတွက် စိတ်ဝိညာဉ်နှင့် မွေးမြူခြင်းအပြင် သွေးဖြင့် အသိအမှတ်ပြုရသည်ဟု ဆိုကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အဆီအနှစ်သွေးကို ကိုင်တွယ်ရခြင်းမှာ မည်မျှ ရှုပ်ထွေးကြောင်း ထင်ရှားလှပေသည်။ လော့ချန်၏ ယခင် ချဉ်းကပ်ပုံမှာ ရိုးရှင်းလွန်းနေခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း အဆင့်များအပြင် ဆေးဖော်စပ်မှု၏ အဆင့်တိုင်းကို ပြည့်စုံသော အပူရှိန်၊ ပြည့်စုံသော မီးတောက်အောက်၌သာ လုပ်ဆောင်ရမည် ဖြစ်သည်။
ဤအရာအားလုံးကို နားလည်သဘောပေါက်သွားပြီးနောက် ယခင်က ကြုံတွေ့ခဲ့ရသော အမျိုးမျိုးသော အခက်အခဲများမှာ ချက်ချင်းပင် လွင့်ပြယ်သွားတော့သည်။
ယခင် ဆေးဖော်စပ်မှု အကြိမ်ကြိမ်တွင် ကြုံတွေ့ခဲ့ရသော သံသယများနှင့် သေးငယ်သော အမှားအယွင်း မှန်သမျှသည် ယခုအခါ ပြည့်စုံသော ရှင်းလင်းမှုအဖြစ် သွင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ ပြဿနာမှာ ဆေးဖက်ဝင်ပစ္စည်းများ သို့မဟုတ် ၎င်းတို့၏ ဂုဏ်သတ္တိများကို နားလည်မှုလွဲခြင်းကြောင့် မဟုတ်ပေ။ ၎င်းက အမြဲ မီးတောက်ကြောင့်သာ ဖြစ်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ ယခင်နည်းလမ်းဟောင်းများဖြင့် ဆိုပါက သူသည် ဆေးအိုးတစ်ခုတည်းအတွင်းရှိ ဆေးဖက်ဝင်ပစ္စည်းများကို သီးခြား ခွဲခြား၍ ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်တွင်မူ မီးပေါင်းစပ်ခြင်းအတတ်ကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးနောက် အားလုံးက ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ပိုမို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်းနှင့် ပိုမို သန်မာလှသော မီးစွမ်းအား စသဖြင့် အရာအားလုံးမှာ ကောင်းမွန်သော လမ်းကြောင်းဆီသို့ ဦးတည်နေသည်။
သုံးနာရီခန့် ကြာမြင့်ပြီးနောက် လော့ချန် မီးတောက်လမ်းညွှန်ခြင်းအစီအရင်ကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် မီးအပူရှိန်များ လျော့ပါးသွားစေရန် နံ့သာတိုင်တစ်တိုင်စာခန့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်ပြီးနောက် ဆွဲငင်မှော်အတတ်ကို အသုံးပြုလိုက်သည်။
နှင်းဧကရာဇ်ဆေးအိုးအတွင်းမှနေ၍ နီရဲသော ဆေးလုံး ခုနစ်လုံး ရှစ်လုံးခန့် တရွေ့ရွေ့ ဝဲပျံထွက်ပေါ်လာသည်။
စူးရှလှသော ရနံ့တစ်ခု ပျံလွင့်လာပြီး ဆေးဖော်ခန်းတစ်ခန်းလုံးကို ဖုံးလွှမ်းသွားခဲ့၏။ လော့ချန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ဆေးလုံးများကို လက်တစ်ဖက်တည်းဖြင့် သေသပ်စွာ ဖမ်းယူလိုက်သည်။
"ဒီအရောင်အသွေး.... ဒီဆေးရနံ့....”
"ချီလမ်းကြောင်းဆေးလုံးနဲ့ အခြေခံအားဖြင့်တော့ အတူတူပဲ.... ဒါပေမယ့် ဒီဆေးရဲ့ ဆေးအာနိသင်က အဆပေါင်းရာကျော် ပိုပြင်းတယ်"
အဆင့် (၁) ချီလမ်းကြောင်း ဆေးလုံးသည် အဆင့် (၂) သွေးမိစ္ဆာဆေးလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဆေးအာနိသင် ကွာခြားသော်လည်း ဇာစ်မြစ်ကမူ အတူတူပင် ဖြစ်သည်။
"ဒါက သွေးမိစ္ဆာဆေးလုံးပေါ့လေ...."
လော့ချန် တတွတ်တွတ် ရေရွတ်ရင်း နှုတ်ခမ်းထောင့်မှ ထိန်းမနိုင်သိမ်းမရသော ပျော်ရွှင်မှု အပြုံးများ လျှံပယ်ကျလာတော့လေသည်။
သူ ကျယ်လောင်စွာ ရယ်မောမိတော့သည်။
"ဟားဟားဟား.... ငါ လုပ်နိုင်ခဲ့ပြီ...."
"ငါ နောက်ဆုံးတော့ အောင်မြင်သွားပြီ...."
....
ဂူဗိမာန်အတွင်း၌ လအနည်းငယ်ကြာမြင့်သည်အထိ နတ်ဒေဝါပျားရည်ကို အပြည့်အဝ မချေဖျက်နိုင်သေးသော ပိုင်မေလင်းတစ်ယောက် ရှိနေသည်။
သူမ၏ ခန္ဓာကိုယ်သည် ၎င်းကို အပြည့်အဝ မစုပ်ယူနိုင်သေးချေ။ နေ့စဉ်လိုလို သူမသည် မျက်လုံးများ မှေးစင်းနေကာ လှုပ်ရှားမှုများက နှေးကွေးပြီး သူမ၏ စိတ်ဝိညာဉ်မှာလည်း နိုးတစ်ဝက်အိမ်မက်ထဲဝယ် ကိန်းဝပ်နေခဲ့သည်။
ယနေ့လည်း သူမ တစ်နေ့လုံး အရက်မူးနေသကဲ့သို့ မူးဝေဝေ ဖြစ်နေခဲ့သည်။ ထိုစဉ်မှာပင် ဆေးဖော်ခန်းထဲမှ ထွက်ပေါ်လာသော ရူးသွပ်ဖွယ်ရာ ရယ်မောသံကြီးကို သူမ ကြားလိုက်ရသည်။
သူမ၏ မျက်နှာပေါ်တွင် ဝေခွဲမရနိုင်သော အမူအရာ ထွက်ပေါ်လာသည်။
ယနေ့ လော့ချန် အဘယ်ကြောင့် ဤမျှလောက်အထိ စိတ်လွတ်နေရသည်ကို သူမ နားမလည်နိုင်ချေ။
‘ငါ့သခင်တစ်ယောက် ဘာဖြစ်သွားပြီလဲ မသိဘူး.... ဪ.... ဆေးဖော်တာ အောင်မြင်သွားတာများလား.... ဒါပေမယ့် အရင်ကလည်း ခဏခဏ အောင်မြင်ဖူးတာပဲ၊ ဒီလိုမျိုး အော်ဟစ်မနေပါဘူး’
ထိုရယ်မောသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှု၊ စိတ်ချမ်းမြေ့မှု၊ ယုံကြည်ချက်အပြည့် ရှိမှုတို့ ပြည့်နှက်နေပြီး တိမ်ကင်းစင်၍ နေမင်းကို မြင်တွေ့လိုက်ရသကဲ့သို့ ပျော်ရွှင်ချမ်းမြေ့မှုများလည်း ရောပြွမ်းနေသည်။ အမှန်ပင် စိတ်ကျေနပ်နေသော ရယ်မောသံ ဖြစ်သည်။
သူမ မသိသည်မှာ ဤတစ်ကြိမ် ဆေးဖော်စပ်မှု အောင်မြင်ခြင်းသည် လော့ချန်အတွက် မည်သည့်အရာကို ကိုယ်စားပြုနေသလဲ ဆိုသည်ကို ဖြစ်သည်။
အဆင့် (၂) ဆေးနည်းတစ်ခုကို တတ်မြောက်သွားရုံမျှတင် မကပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝမ်ယွမ်ကို ပေးခဲ့သော ကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမျှလည်း မဟုတ်ချေ။ ထို့ပြင် မီးပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းနှင့်လည်း မည်သည့် ဆက်စပ်မှုမျှ မရှိချေ။
အဓိက အချက်မှာ....။
ဤတစ်ကြိမ် အောင်မြင်ခြင်းသည် လော့ချန်အနေဖြင့် စနစ်၏ အကူအညီကို လုံးဝ အားမကိုးဘဲ အရာရာတိုင်းကို ကိုယ်ပိုင်အစွမ်းအစဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်တိုင် စုဆောင်းထားသော အခြေခံ၊ အတွေ့အကြုံ၊ အသိအမြင်၊ ငွေကြေးနှင့် အဆင့်အတန်း စသည့် အမျိုးမျိုးသော အချက်များကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ကိုယ်ပိုင်အစွမ်းသက်သက်ဖြင့် သူ၏အဆင့်အတန်းနှင့် ကိုက်ညီသော ဒုတိယအဆင့်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဆေးဖော်စပ်ခြင်း လမ်းစဉ်အတွက်ဆိုလျှင် ဤအရာက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်လောက်သော အောင်မြင်မှု မဟုတ်ဟု ထင်ရသော်လည်း လော့ချန်အတွက်မူ ဤသည်မှာ အလှည့်အပြောင်းတစ်ခု ဖြစ်ပေသည်။ ယနေ့မှစ၍ သူသည်လည်း ယုံကြည်ချက်ရှိစွာဖြင့် ‘ငါက ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ယောက်ပဲ’ ဟု ပြောဆိုနိုင်ပြီ ဖြစ်သည်။ သူသည် စနစ်အပေါ်တွင်သာ လုံးဝ အားကိုးနေရသော အတုအယောင်လူတစ်ယောက် မဟုတ်တော့ချေ။
စိတ်ကျေနပ်စရာ ကောင်းလှသော ရယ်မောသံကြီးက အတော်ကြာအောင် ထွက်ပေါ်နေခဲ့သည်။
လော့ချန် ဆေးဖော်စပ်ခန်းထဲမှ ထွက်လာသောအခါ ပိုင်မေလင်းသည် ယိမ်းထိုးရင်းနှင့်ပင် သူ့အနားသို့ တိုးကပ်လာခဲ့သည်။
"သခင်.... ဘာကိစ္စရှိလို့ ဒီလောက်တောင် ပျော်နေရတာလဲဟင်...."
"ဘာမှမဟုတ်ပါဘူး.... ဆေးလုံးအသစ်တစ်မျိုး ဖော်စပ်နိုင်ခဲ့ရုံတင်ပါပဲ"
လော့ချန်သည် ညစ်ပေနေသော သူ၏ လက်နှစ်ဖက်ကို ကြည့်ရင်း
"ရှောင်လင်း၊ ငါ့အတွက် ရေပူ ပြင်ဆင်ပေးဦး.... ငါ ရေချိုးပြီး ဝတ်စုံလဲရမယ်.... ကိစ္စကြီးတစ်ခု လုပ်ဆောင်စရာ ရှိသေးတယ်"
ယခုအခါ သွေးမိစ္ဆာဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီဖြစ်ရာ လော့ချန်သည် မိမိကိုယ်ကို အရေးကြီးသော အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်သည်။ စနစ်၏ အကူအညီအပေါ်တွင် အားမကိုးခဲ့သော်လည်း မှော်အတတ်များကို ကျင့်ကြံ၍ အစပြုသည့် အဆင့်နှင့် အတူတူပင် ဖြစ်သဖြင့် နောက်ပိုင်းတွင် စနစ်၏ ကျွမ်းကျင်မှုမှနေ၍ အကျိုးကျေးဇူးများကို ခံစားရရှိနိုင်မည် ဖြစ်သည်။
ဤသို့ဖြင့် သူ့အဖို့ နောက်ပိုင်း ဖော်စပ်မှုများနှင့် ပတ်သက်၍ ပူပန်နေရန် မလိုတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် လက်ရှိတွင် အခြား အရေးကြီးသော ကိစ္စတစ်ခုကို လုပ်ဆောင်ရန် ရှိနေသည်။
"အခုအချိန်ဆို ဟွေ့နန်လည်း ပြင်ဆင်ပြီးလောက်ပြီ"
"ဒါဆိုရင် ငါ ဖိတ်စာတွေကို စောစောစီးစီးပဲ ပို့လိုက်တော့မယ်"
ရေချိုး အဝတ်လဲပြီးနောက် လော့ချန်သည် မွှေးပျံ့လှသော နံ့သာတိုင်များ ထွန်းညှိထားသည့် စာရေးစားပွဲရှေ့တွင် ဝင်ထိုင်လိုက်ပြီး ဖိတ်စာများကို စရေးတော့သည်။
【အခြေတည်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ မဟာတာအိုလမ်းစဉ်ကြီးက ရှေ့တွင် ရှိနေပေသည်။
တောင်နှင့်သမုဒ္ဒရာ ပြက္ခဒိန် သက္ကရာဇ် ၃၄၂၂ ခုနှစ်၊ ငါးလပိုင်း၊ (၁) ရက်နေ့ ဟူသည့် မင်္ဂလာရှိသော အချိန်အခါသမယတွင် ဂုဏ်ပြုပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ရေခဲခံတပ်မှ မိတ်ဆွေ ထန်ထိုက်ကျင်းအား လော့ထျန်းအဖွဲ့၏ စီမံခန့်ခွဲရေးမှူး စီမာဟွေ့နန်၏ အခြေတည်အဆင့် ဂုဏ်ပြုပွဲသို့ တက်ရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
လူကြီးမင်း၏ ဂုဏ်သရေရှိလှသော တက်ရောက်မှုသည် ကျွန်ုပ်တို့အတွက် ကြီးမားလှသော ဝမ်းမြောက်မှုကို ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်သည်။
ဂုဏ်ပြုပွဲကျင်းပမည့်နေရာ - ဒန်ရှားတောင်ထိပ်၊ ဟွေ့ရှင်းခန်းမဆောင်။
ကျွန်ုပ် လော့ချန်မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။】
အလွန်ရိုးရှင်းသော ဖိတ်စာ ဖြစ်ပြီး မည်သည့် တင်းကျပ်လှသော လုပ်ထုံးလုပ်နည်းမျှ မရှိချေ။ သို့သော်လည်း လော့ချန်၏ လက်ရေးဖြင့် ရေးသားထားခြင်း ဖြစ်ရာ ထိုဖိတ်စာသည် အတားအဆီးမဲ့ပြီး အားကောင်းသော အရှိန်အဝါကို ဆောင်ကြဉ်းနေခဲ့သည်။
တစ်စောင် ပြီးသွားသောအခါ သူ ၎င်းကို ဘေးသို့ ဖယ်လိုက်ပြီး နောက်ထပ်တစ်စောင်ကို ရေးသားရန်အတွက် စုတ်တံကို ထပ်မံ မြှောက်လိုက်ပြန်သည်။
ဒုတိယနေ့တွင် လော့ထျန်းအဖွဲ့ဘက်မှ လူရောက်ရှိလာခဲ့သည်။
လော့ချန်သည် ဖိတ်စာများကို တိုက်ပွဲနန်းဆောင်၏ နန်းဆောင်သခင် စီမာရှန့် ထံသို့ အပ်နှံလိုက်သည်။
"ဒါက မင်းညီမလေးရဲ့ အခြေတည်အဆင့် ဂုဏ်ပြုပွဲအတွက် ဖိတ်စာတွေပဲ၊ အဖွဲ့အစည်း အသီးသီးရဲ့ လက်ထဲကို ဘေးကင်းကင်းနဲ့ အရောက်ပို့ပေးရမယ်၊ အချိန်မနှောင့်နှေးစေနဲ့၊ ပြီးတော့ သူတို့ရဲ့ အကြောင်းပြန်ချက်ကိုပါ ရလာအောင် လုပ်တာ အကောင်းဆုံးပဲ၊ လာမှာလား မလာဘူးလားဆိုတာကို အတည်ပြုရမယ်...."
စီမာရှန့်က ခေါင်းကို အထပ်ထပ် ညိတ်ပြလိုက်သည်။ သူ၏ မျက်နှာမှာမူ စိတ်လှုပ်ရှားမှုများကြောင့် နီမြန်းနေခဲ့သည်။ ဂုဏ်ပြုပွဲကျင်းပမည့် ထိုနေ့သည် သေချာပေါက် သူ့ညီမလေး၏ ဘဝတွင် အတောက်ပဆုံးသော နေ့တစ်နေ့ ဖြစ်လာပေလိမ့်မည်။ သူသည် မည်သူထက်မဆို အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်ကို မလိုလားချေ။
စီမာရှန့်ကို မှာကြားပြီးနောက် လော့ချန်သည် မုရုံချင်းလျန်နှင့် ကူချိုင်ယီတို့ဘက်သို့ လှည့်လိုက်သည်။
“ဒေါ်လေးတို့ နှစ်ယောက်ကတော့ ဂုဏ်ပြုပွဲ ပြင်ဆင်တာတွေ၊ လိုအပ်တဲ့ ဝိညာဉ်အရက်နဲ့ လက်ဖက်ရည်တွေ၊ သစ်သီးဝလံတွေနဲ့ စားသောက်ဖွယ်ရာတွေ.... အားလုံးကို တာဝန်ယူရမယ်၊ ကပ်စေးနည်းနေဖို့ မလိုဘူး၊ အစွမ်းကုန် ခမ်းနားအောင်သာ လုပ်ပါ"
အမျိုးသမီးနှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ချက်ချင်းပင် ဤတာဝန်ကို လက်ခံလိုက်ကြသည်။
နောက်ဆုံးတွင် လော့ချန်သည် ရောင်နီနန်းဆောင်၏ နန်းဆောင်သခင် ချင်လျန်ချန်းကို ကြည့်လိုက်သည်။
"ဂုဏ်ပြုပွဲ မကျင်းပမီမှာ ကျွန်တော် သန့်ရှင်းသပ်ရပ်ပြီးတော့ စနစ်တကျ ရှိနေတဲ့ ဒန်ရှားတောင်ကို မြင်တွေ့ချင်တယ်.... ဒါ့အပြင် အပြင်စည်းတပည့်တွေ အားလုံးကို အရင်က အထူးမှာယူထားတဲ့ လော့ထျန်းအဖွဲ့ရဲ့ ဝတ်စုံတွေကို လဲဝတ်ခိုင်းလိုက်ပါ၊ နောက်ဆုံးအနေနဲ့ ဟွေ့နန်ရဲ့ ဂုဏ်ပြုပွဲ သတင်းကို အပြင်စည်းအဖွဲ့သားတွေရဲ့ အဆက်အသွယ်တွေကတစ်ဆင့် အစွမ်းကုန် ဖြန့်ဝေခိုင်းလိုက်ပါ"
ဤအရာများသည် အလွန်ရိုးရှင်းသော ကိစ္စများ ဖြစ်သည်။ ချင်လျန်ချန်းအနေဖြင့် ငြင်းပယ်စရာ မရှိသဖြင့် ချက်ချင်းပင် လက်ခံလိုက်တော့သည်။
ဤကိစ္စများ အားလုံး မှာကြားပြီးသွားသောအခါ လော့ချန် သူ့ရှေ့မှ လူလေးဦးကို ကြည့်ရင်း အသာအယာ ပြုံးလိုက်သည်။
"ဟွေ့နန်တောင် အခြေတည်အဆင့်ကို ရောက်သွားပြီဗျာ.... အခု ခင်ဗျားတို့အလှည့်ပဲ…. အကုန်လုံး အဆင့်တက်ဖို့ စပြင်ဆင်ကြတော့"
ထိုလေးဦးစလုံး အချင်းချင်း ကြည့်မိသွားကြသည်။ အခြေတည်အဆင့်အား မည်သူက မလိုချင်ဘဲ နေပါမည်နည်း။ သို့သော် ၎င်းက အလွယ်တကူ လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်ချေ။ အဆင့်တက်လှမ်းခြင်း၏ ဘေးအန္တရာယ်များကို ခဏဖယ်ထားလျှင်ပင် လိုအပ်သော အခြေတည်ဆေးလုံးများကို စုဆောင်းရန်မှာပင် လွယ်ကူလှသည် မဟုတ်ချေ။
"အထူးသဖြင့် မင်းပဲ.... ချိုင်ယီ"
ရုတ်ချည်းပင် လော့ချန်၏ စကားလမ်းကြောင်းက ကူချိုင်ယီထံ ကျရောက်သွားသည်။
"အာ"
ကူချိုင်ယီ အံ့ဩတကြီးဖြင့် ရေရွတ်မိသည်။
"ကျွန်မ ချီသန့်စင်အထွတ်အထိပ်တောင် မရောက်သေးဘူးလေ၊ ဒီလောက်အထိ အလောတကြီး လုပ်ဖို့ မလိုသေးပါဘူးနော်...."
လော့ချန် ပြုံးလိုက်ရင်း
"ဒါကြောင့်မို့လို့.... မင်း အချိန်လုရမှာပေါ့"
လူတိုင်း၏ ရှေ့တွင် နာမည်တပ် မှာကြားခံလိုက်ရသဖြင့် စီးပွားရေးလောကတွင် အချိန်အတော်ကြာ ကျင်လည်ခဲ့ဖူးသည့် ကူချိုင်ယီပင် အနည်းငယ် ရှက်သွေးဖြန်းသွားရသည်။
သူမ အရိုအသေပေးလိုက်ရင်း
"ချိုင်ယီ.... အဖွဲ့ခေါင်းဆောင်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"
လော့ချန် ပြုံးရင်း ခေါင်းခါယမ်းလိုက်သည်။
"မင်းတို့ သွားကြတော့၊ နောက်တစ်လကြာရင် ပွဲမှာ တွေ့ကြတာပေါ့"
လူလေးဦးသည် အချိန်ဆွဲမနေဘဲ လော့ချန်ကို နှုတ်ဆက်ပြီးနောက် ထျန်းလန်တောင်မှ ထွက်ခွာခဲ့ကြသည်။
ခဏအကြာတွင် သူတို့လေးဦးသား ထျန်းလန် နတ်ဘုရားမြို့တော်၏ လမ်းမများပေါ်တွင် အတူတကွ လျှောက်လှမ်းနေခဲ့ကြသည်။
အသွက်ကလေးဖြစ်သော ကူချိုင်ယီကပင် စကားဝိုင်းကို စတင်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်က ကျွန်မတို့ကို ဒီလောက်အထိ တိုက်တွန်းနေတာဆိုတော့.... ကောလာဟလတွေက အမှန်ဖြစ်နေမလား မသိဘူးနော်"
ချင်လျန်ချန်းက မျက်ခုံးပင့်လိုက်ပြီး
"မင်း ပြောတာက သူ့မှာ အခြေတည်ဆေးလုံး အမြောက်အမြား ရှိနေတယ်ဆိုတဲ့ ကောလာဟလလား...."
ကူချိုင်ယီက အကြိမ်ကြိမ် ခေါင်းညိတ်သည်။
"အင်းလေ.... အပြင်မှာ လူတိုင်း တထစ်ချ ပြောနေကြတာပဲ.... ကန်းမျိုးနွယ်စု၊ ရှန်းကုန်းဂိုဏ်းနဲ့ တန်ယွမ်ဂိုဏ်းတွေဆီကနေ ညီမတို့ လော့ထျန်းအဖွဲ့က အခြေတည်ဆေးလုံးတွေ အများကြီး သိမ်းဆည်းရမိခဲ့တယ်လို့ ပြောကြတယ်"
ချင်လျန်ချန်းသည် စီမာရှန့်အား အလိုလို ကြည့်လိုက်မိသည်။ ထိုတိုက်ပွဲတွင် စီမာရှန့်သည် ရှေ့တန်းမှ အားတက်သရော ပါဝင်ခဲ့သူဖြစ်လေရာ သူတို့ထဲတွင် ထိုတိုက်ပွဲအကြောင်း အသိဆုံးသူ ဖြစ်သည်။
သို့သော် စီမာရှန့်ကမူ ခေါင်းကိုသာ တွင်တွင်ခါယမ်းလိုက်သည်။
"ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ… ထျန်းယင်းတောင်နဲ့ ယွီကျန်းကျောင်းတော်တွေက အားလုံး ဆင်းရဲနွမ်းပါးတဲ့ အဖွဲ့လေးတွေပဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အခြေတည်ဆေးလုံးတွေကို ရှာမတွေ့ခဲ့ဘူး၊ ပြီတော့...."
ဤနေရာအရောက် သူ စကားစ ရပ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ခါးသီးလှသော အမူအရာ ထွက်ပေါ်လာသည်။
"ကျွန်တော်လည်း အစ်ကိုကြီးချင်လိုပဲ.... အသက်ခြောက်ဆယ် ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီ၊ အခြေတည်အဆင့်တက်လှမ်းဖို့ ခက်ခဲလှသလို အောင်မြင်ခဲ့ရင်တောင်မှ ရွှေအမြုတေ လမ်းစဉ်ကြီးကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး"
ချင်လျန်ချန်းလည်း စိတ်မကောင်း ဖြစ်သွားရသည်။
"ဟုတ်ပါတယ်.... တကယ်လို့ အဖွဲ့ခေါင်းဆောင်ဆီမှာ တကယ်ပဲ အခြေတည်ဆေးလုံး ရှိခဲ့ရင်တောင်မှ ငါ့ကို ပေးတာက ဖြုန်းတီးရာ ရောက်ပါလိမ့်မယ်.... ဒါ့အပြင် ငါ့ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဟောင်း ရှိနေတယ်၊ ဒီလက်မောင်းက အခြေတည် တက်လှမ်းတဲ့ အချိန်မှာ ကြီးမားတဲ့ ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်.... ဖြုန်းတီးပစ်မယ့်အစား အခြေတည်ဆေးလုံးကို အလိုအပ်ဆုံးဖြစ်တဲ့ လူငယ်တွေကို ပေးလိုက်တာက ပိုကောင်းပါတယ်"
သူ၏ အကြည့်သည် ဘေးတွင် လမ်းလျှောက်နေသော မုရုံချင်းလျန်နှင့် ကူချိုင်ယီတို့အပေါ်သို့ ကျရောက်သွားသည်။
ဤမျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်များကို ရင်ဆိုင်လိုက်ရသောအခါ မုရုံချင်းလျန် အနည်းငယ် စိတ်အားငယ်သွားဟန် ပေါ်သည်။
"ကျွန်မက တစ်ကြိမ် ရှုံးနိမ့်ဖူးပြီးသားပဲ၊ ဒုတိယအကြိမ် ထပ်ပြီး စမ်းသပ်ဖို့ ဘယ်လိုလုပ် မျှော်လင့်ရဲမှာလဲ၊ တကယ်လို့ ကျွန်မကို နောက်ထပ် အခြေတည်ဆေးလုံး တစ်လုံး ထပ်ပေးမယ်ဆိုရင် ဒါက အခြားသူတွေအတွက် မတရားရာ ရောက်ပါလိမ့်မယ်၊ ဆန့်ကျင်ဘက်အနေနဲ့ ချိုင်ယီ.... မင်းကတော့...."
သူတို့သုံးဦး၏ စူးစိုက်ကြည့်ရှုခြင်းကို ခံလိုက်ရသောအခါ ကူချိုင်ယီ ငိုအားထက်ရယ်အားသန် ဖြစ်သွားရသည်။
"ရှင်တို့ ချီသန့်စင်အထွတ်အထိပ်အဆင့် သုံးယောက်က ကျွန်မလို ချီသန့်စင်အဆင့် ၉ သမားကို ဘာလို့ ကြည့်နေကြတာလဲ"
စီမာရှန့်က သဘောမတူပေ။
"မင်း တကယ်လို့ အခြေတည်အဆင့်ကို တက်လှမ်းနိုင်ရင် အဖွဲ့ခေါင်းဆောင်အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေမှာပါ.... လော့ထျန်းအဖွဲ့မှာ တိုက်ပွဲဝင်နိုင်တဲ့သူတွေ မပြတ်လပ်ပါဘူး၊ မင်းသာ အခြေတည်အဆင့်ကိုတက်လှမ်းနိုင်ရင် စီးပွားရေး လုပ်ငန်းတွေမှာ အခြေတည်အဆင့်ကျင့်ကြံသူတွေနဲ့ ကိုယ်တိုင် ဆွေးနွေးနိုင်မှာ ဖြစ်လို့ ကိစ္စတော်တော်များများက ပိုပြီးတော့ ချောမွေ့လာမှာ"
ချင်လျန်ချန်းကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ဟုတ်တယ် ပြီးတော့ မင်းက အသက်ငယ်သေးသလို အခြေခံကလည်း အခိုင်မာဆုံးပဲ၊ မင်းမှာ အခြေတည်အဆင့်တင်မကဘူး.... ရွှေအမြုတေအဆင့်အထိပါ တက်လှမ်းနိုင်မယ့် အလားအလာ ရှိတယ်....”
“ကဲ.... ဒါက ပုံကြီးချဲ့လွန်းရာ ရောက်သွားပြီနော်....”
ကူချိုင်ယီ သက်ပြင်းချမိသည်။ စကားဝိုင်းမှာ ရွှေအမြုတေအဆင့်အထိပါ ရောက်ရှိသွားခဲ့ပြီ မဟုတ်လော။
မုရုံချင်းလျန်က သူမ၏ အမြင်ကို ဆက်ပြောနေပြန်သည်။
"အဖွဲ့ခေါင်းဆောင်ရဲ့ ပါရမီနဲ့ ဇွဲလုံ့လအရဆိုရင် သူက ဒီနေရာတင် ရပ်တန့်နေမှာ မဟုတ်ဘူး.... ငါတို့ တော်တော်များများကတော့ အရည်အချင်းနဲ့ အသက်အရွယ် ကန့်သတ်ချက်တွေကြောင့် ဖြည်းဖြည်းချင်း နောက်ကျန်ရစ်ခဲ့ကြမှာပဲ.... ဒါပေမယ့် ချိုင်ယီ မင်းကတော့ မတူဘူး.... မင်းက အရွယ်ကောင်းမှာ လော့ချန်နဲ့ တွေ့ဆုံခဲ့တာ.... သူ ပိုပြီး အားကောင်းလာလေလေ လော့ထျန်းအဖွဲ့ ပိုပြီး စည်ပင်လာလေလေ မင်း ရရှိနိုင်မယ့် ကျင့်ကြံခြင်း အရင်းအမြစ်တွေက ပိုပြီးတော့ များပြားလာလေပဲ.... နောင်တစ်ချိန် ငါတို့အားလုံး မရှိတော့တဲ့ အချိန်ကျရင် မင်းတစ်ယောက်တည်းပဲ သူ့ရဲ့ ဘေးမှာ ရှိနေပေးပြီးတော့ ဒီရှည်လျားလှတဲ့ ကျင့်ကြံခြင်း လမ်းစဉ်ကြီးပေါ်မှာ အတူတူ လျှောက်လှမ်းနိုင်ကောင်း လျှောက်လှမ်းနိုင်လိမ့်မယ်.... ဒါကြောင့်မို့လို့ မင်း ကိုယ့်ကိုယ်ကိုယ် အထင်မသေးသင့်ဘူး"
ကူချိုင်ယီ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်မိသွားသည်။ အချိန်တစ်ခုအတွင်း သူမ မည်သည့်စကားမျှ ပြောဆိုနိုင်ခြင်း မရှိတော့ချေ။
သူမ ထိုလူများကို ပြန်လည်၍ အားပေးစကား ပြောဆိုလိုသော်လည်း ဆံပင်များ ဖြူဖွေးနေပြီဖြစ်သော ချင်လျန်ချန်း၊ ထက်မြက်မှုများ မှေးမှိန်နေပြီဖြစ်သော စီမာရှန့်နှင့် စိတ်ပျက်အားလျော့နေသော မုရုံချင်းလျန်တို့ကို ကြည့်ရင်း သူမ၏ စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့ရသည်။ ပုံမှန်အားဖြင့် သူမသည် စကားလုံးလှလှလေးများ၊ အားပေးစကားများကို ကောင်းမွန်စွာ ပြောဆိုတတ်သူ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သည့်စကားမျှ ထွက်မလာခဲ့ချေ။
သူမ စိတ်ထဲတွင် အတွေးများ လှုပ်ခတ်လာပြီး နောင်နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ဘေးနားရှိ သိကျွမ်းသော သူငယ်ချင်းများမှာ တစ်ယောက်ပြီးတစ်ယောက် တိုက်ပွဲတွင် သေဆုံးခြင်း သို့မဟုတ် အသက်ကြီး၍ သေဆုံးခြင်းတို့ ကြုံတွေ့ရပြီး လော့ချန် တစ်ယောက်တည်းသာ လမ်းစဉ်ကြီးပေါ်တွင် ရှည်လျားစွာ တစ်ကိုယ်တော် လျှောက်လှမ်းနေမည့် မြင်ကွင်းကို မြင်ယောင်မိသွားသည်။ သူမ၏ နှလုံးသားကလည်း အကြောင်းရင်းမရှိဘဲ တင်းကျပ်သွားရသည်။
တိတ်ဆိတ်စွာဖြင့်ပင် လူလေးဦးသည် အချင်းချင်း လမ်းခွဲခဲ့ကြပြီး လော့ချန် ပေးအပ်ထားသော တာဝန်များကို လုပ်ဆောင်ရန် ထွက်ခွာခဲ့ကြတော့သည်။ သို့သော်လည်း လူတိုင်း၏ နှလုံးသားထဲတွင်မူ သေးငယ်သော ဝမ်းနည်းမှု အရိပ်အယောင်လေးတစ်ခု ကျန်ရစ်နေခဲ့လေသည်။
ချင်လျန်ချန်းတို့ သုံးဦး၏ နှုတ်မှ ဂရုမစိုက်ဟု ပြောဆိုခြင်းသည်လည်း မည်မျှအထိ စစ်မှန်နိုင်ပါမည်နည်း။ လင်မယားနှစ်ဦးအနေဖြင့် အခြေတည်အဆင့်သို့ အောင်မြင်စွာတက်လှမ်းပြီးနောက် သက်တမ်း တိုးလာကာ အနာဂတ်တွင် သူတို့သားလေး ရှောင်ဟူကို ဆက်လက် စောင့်ရှောက်လိုစိတ် မရှိဘဲ နေပါမည်လော။ စီမာရှန့်အနေဖြင့်လည်း အခြေတည်အဆင့်သို့ တက်လှမ်းပြီးနောက် လော့ထျန်းအဖွဲ့အတွင်း သူ့ညီမလေးအတွက် အားကိုးရဆုံးသော လက်ရုံးတစ်ဆူ ဖြစ်လာလိုစိတ် မရှိဘဲ နေပါမည်လော။
....
ပင်း - ၁၇ ဂူဗိမာန်အတွင်း၌မူ။
လော့ချန်၏ ရှေ့တွင် ဖိတ်စာနှစ်စောင် ကျန်ရှိနေသေးသည်။
တစ်စောင်မှာ ချူခွေးအတွက် ဖြစ်ပြီး၊ အခြားတစ်စောင်မှာ ထန်ထိုက်ကျင်းအတွက် ဖြစ်သည်။ ဤဖိတ်စာနှစ်စောင်ကိုမူ သူကိုယ်တိုင် သွားပေးရန် ရည်ရွယ်ထားသည်။
သို့သော် ဤအရာများ မလုပ်ဆောင်မီ ဖြေရှင်းရမည့် ကိစ္စတစ်ခု ရှိနေသေးသည်။
ထိုအရာမှာ ဖေးချန်းချူး၏ သိုလှောင်အိတ်ပင် ဖြစ်သည်။ သိုလှောင်အိတ်တစ်ခုပေါ်ရှိ တံဆိပ်ခတ်နှိပ်မှုများကို ဖျက်ဆီးပစ်ခြင်းသည် အလွန်တရာ လက်ဝင်လှသည်။ သေးငယ်သော အမှားတစ်ခုတည်းနှင့်ပင် ထိုမှော်ရတနာတစ်ခုလုံးကို လုံးဝ ပျက်စီးသွားစေနိုင်ပေသည်။ ကံကောင်းသည်မှာ သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်မှာ အတူတူ ဖြစ်ပြီး စိတ်ဝိညာဉ်ပိုင်းတွင် လော့ချန်ကပင် အနည်းငယ် သာလွန်နေပေသည်။ ထို့အတွက် နှစ်ရက် သို့မဟုတ် သုံးရက်ခန့်သာ အချိန်ယူရပေလိမ့်မည်။ ဖေးချန်းချူး၏ သိုလှောင်အိတ်ကို ဖွင့်လှစ်နိုင်သည်နှင့်တစ်ပြိုင်နက် အခြေတည်အဆင့် ဂုဏ်ပြုပွဲအတွင်း ပိုမို လွယ်ကူစွာ လှုပ်ရှားနိုင်ပေလိမ့်မည်။
လော့ချန်သည် သူ့ရှေ့ရှိ ရွှေရောင်ပန်းပွင့်ပုံစံများ ထိုးထားသော သိုလှောင်အိတ်ကို ကြည့်ရင်း စိတ်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် ချီသန့်စင်အဆင့် ကျင့်ကြံသူ ရာပေါင်းများစွာကို ဦးဆောင်ခဲ့သော အလတ်စား အင်အားစုတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သဖြင့် ဖေးချန်းချူး၏ ပိုင်ဆိုင်မှုမှာ သာမန်မျှသာ ဖြစ်နေလိမ့်မည် မဟုတ်ချေ။
လော့ချန် အမျှော်လင့်ဆုံး အရာမှာမူ လော့ဖုန်း၏ နှုတ်မှ ထွက်ပေါ်ခဲ့ဖူးသော အခြေတည်ဆေးလုံးပင် ဖြစ်သည်။ ထို့အပြင် လင်းယွီကျစ် ပြောခဲ့ဖူးသော ဝိညာဉ်ကျောက်တုံး အမြောက်အမြားလည်း ရှိသေးသည်။ ဤအရာများကို ရှန်းကုန်းဂိုဏ်း၏ ရတနာတိုက်အတွင်း၌ ရှာမတွေ့ခဲ့ချေ။ ထိုအရာများ ရှိနေနိုင်မည့် တစ်ခုတည်းသော နေရာကား ဖေးချန်းချူး၏ ကိုယ်ပိုင်သိုလှောင်အိတ်အတွင်း၌သာ ဖြစ်ပေလိမ့်မည်။
"ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့…."