အခန်း ၄၄၇
Vol. 45 Ch. 447
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၄၇) - မိုးကြိုးပုဆိန်ကျမ်းနှင့် လော့ထျန်းအဖွဲ့၏ ဓာတ်ကြီးငါးပါးအခြေခံအုတ်မြစ်
လေးရက်ကြာပြီးနောက်....။
ဧည့်ခန်းကြမ်းပြင်ပေါ်တွင် တသောသော ကျဆင်းလာသည့် အမျိုးမျိုးသော ပစ္စည်းများကို ကြည့်ရင်း လော့ချန် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့တော့သည်။ ဖေးချန်းချူး၏ သိုလှောင်အိတ်သည် သူထင်ထားသည်ထက် ပို၍ကိုင်တွယ်ရ ခက်ခဲခဲ့သည်။ ယခင်က ခန့်မှန်းထားသော နှစ်ရက် သုံးရက်အချိန်ထက် တစ်ရက် ပိုမို ကြာမြင့်သွားခဲ့ရသည်။
အချိန်ကို ခြုံငုံ၍ တွက်ချက်ကြည့်လျှင် လဝက်ခန့်ပင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ဤအတွေ့အကြုံကို ရရှိလိုက်သဖြင့် အခြားသော သိုလှောင်အိတ်အချို့ကို ဖွင့်ရန်အတွက်မူ လော့ချန် ပိုမို၍ ယုံကြည်ချက် ရှိလာခဲ့ပြီ ဖြစ်သည်။
"အရင်ဆုံး.... ဘာကောင်းတာတွေ ပါသလဲဆိုတာ ကြည့်ရအောင်"
သူ့အာရုံကို ပထမဆုံး ဆွဲဆောင်သွားသောအရာမှာ ကြမ်းပြင်ထက်တွင် ပြန့်ကျဲနေသည့် သူ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုများပြားလှသော ဝိညာဉ်ကျောက်တုံးများ ဖြစ်ပေသည်။
လော့ချန် ထိုဝိညာဉ်ကျောက်တုံးများကို လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းကာ ဘေးသို့ ဖယ်ထုတ်လိုက်သည်။
"ရှောင်လင်း.... မင်း ဒါတွေကို ရေတွက်ပေးဦး.... ပြီးတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကိုလည်း သပ်သပ်စီ ခွဲထုတ်ထားလိုက်နော်"
ပိုင်မေလင်းသည် ချက်ချင်းပင် ထိုဝိညာဉ်ကျောက်တုံးပုံဘေးတွင် ဆောင့်ကြောင့်ဝင်ထိုင်လိုက်သည်။ သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများကြောင့် အရောင်တောက်နေခဲ့သည်။ သူမ မစောင့်ဆိုင်းနိုင်တော့ဘဲ ဝိညာဉ်ကျောက်တုံးများကို စတင် ရေတွက်တော့သည်။
ဤအမူအရာသည် တကယ့်ကို ငွေမက်သော မိန်းကလေးငယ်တစ်ဦးနှင့် တူလှသည်။
လော့ချန် ပြုံးလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်ရာ ကျောက်စိမ်းသေတ္တာငယ်တစ်လုံး သူ့လက်ထဲသို့ ကျရောက်လာသည်။
၎င်းပေါ်တွင် မည်သည့် တံဆိပ်ခတ်နှိပ်မှုမျှ မရှိချေ။ သူ ၎င်းကို ဂရုတစိုက် ဖွင့်လှစ်လိုက်ပြီးနောက် ကျေနပ်နှစ်သိမ့်စွာဖြင့် ခေါင်းညိတ်လိုက်၏။
“ပစ္စည်းတော့ လက်ထဲ ရောက်လာပြီ”
ကျောက်စိမ်းသေတ္တာငယ်လေးထဲ၌ သူ မျှော်လင့်နေသော ထိုအခြေတည်ဆေးလုံး ရှိနေခဲ့သည်။ ကြည့်ရသည်မှာ ဖေးချန်းချူးသည် လော့ဖုန်းအား ညာပြောခဲ့ခြင်း မဟုတ်ဘဲ သူ၏ ရှန်းကုန်းဂိုဏ်းတွင် သေချာပေါက် အရန်အခြေတည်ဆေးလုံး တစ်လုံး ရှိနေခဲ့ခြင်း ဖြစ်သည်။
အလိုချင်ဆုံးသော ပစ္စည်းကို သိမ်းဆည်းလိုက်ပြီးနောက် လော့ချန် အခြားသော ပစ္စည်းများကို ဆက်လက် စစ်ဆေးတော့သည်။
‘ဆေးလုံးများ’
ထိုအပုံကြီးအတွင်း၌ အခြားသော ဆေးလုံးများလည်း ရှိနေသေးသည်။ လော့ချန်သည် ရင်းနှီးနေသော ကျောက်စိမ်းပုလင်းတစ်ပုလင်း၏ အဆို့ကို ဖွင့်လိုက်ပြီး အတွင်းပိုင်းကို စေ့စေ့စပ်စပ် စစ်ဆေးလိုက်၏။ မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းကား အဆင့်လတ် ချီစုစည်းဆေးတစ်ပုလင်း ဖြစ်ပြီး ယခု သူ အလွန်တရာ လိုအပ်နေသောအရာ ဖြစ်ပေသည်။
အခြားသော ဆေးလုံးများကိုမူ သူ သိပ်ပြီး သဘောမကျတော့ချေ။ နောက်ပိုင်းတွင် လော့ထျန်းအဖွဲ့အတွင်းသို့ ထည့်သွင်းပေးလိုက်လျှင် အခြားသူများအတွက်မူ အလွန် အသုံးတည့်သော ပစ္စည်းများ ဖြစ်လာပေလိမ့်မည်။
ဆေးလုံးများအပြင် အဖိုးတန်သတ္တုရိုင်း အမြောက်အမြားကိုလည်း သူ တွေ့လိုက်ရသည်။ အများစုမှာ မှော်လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုသည့် သတ္တုရိုင်းများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ အများအပြားကို သူကိုယ်တိုင်ပင် အမည်မဖော်နိုင်ခဲ့ချေ။
နောင်မှသာ တွမ်ဖုန်းကို ဒုက္ခသွားပေးမည်ဟု သူတေးထားလိုက်သည်။ ပစ္စည်းပုံကြီးဖြင့် အလုပ်ရှုပ်နေစဉ် ရုတ်တရက် ကျောက်စိမ်းပြားတစ်ခုနှင့် ကျမ်းစာတစ်အုပ် သူ့လက်ထဲသို့ ကျလာခဲ့သည်။
ကျောက်စိမ်းပြားပေါ်တွင် မိုးကြိုးပုဆိန်ကျမ်း ဟုခေါ်သော ဒုတိယအဆင့် ရွှေဓာတ်ကျင့်စဉ် တစ်ခုကို မှတ်တမ်းတင်ထားသည်။ ဤရှာဖွေတွေ့ရှိမှုက သူ့အား အမှန်တကယ်ပင် အံ့အားသင့်သွားစေသည်။ အကြောင်းမှာ ထိုတိုက်ပွဲတွင် ဖေးချန်းချူးတစ်ယောက် ပုဆိန်အမျိုးအစား လက်နက်များ အသုံးပြုသည်ကို သူ မမြင်တွေ့ခဲ့ရချေ။
ထို့နောက်တွင်မူ သူသည် ထိုသတ္တုရိုင်းပုံကြီး၏ အောက်ခြေမှ မျှော်လင့်မထားသော အရာတစ်ခုကို တွေ့လိုက်ရပြန်သည်။ ၎င်းကား ပုဆိန်ပုံစံ ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခု ဖြစ်သည်။
"သာမန်လက်နက်တစ်ခုပဲကိုး.... ဒါကြောင့်မို့လို့ သူ တိုက်ခိုက်တဲ့ အချိန်မှာ ထုတ်မသုံးခဲ့တာ ဖြစ်မယ်"
လော့ချန် ခေါင်းကို ခါယမ်းရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိပ်တန်းအဆင့် မှော်လက်နက်သည် ချီစွမ်းအား ကုန်ဆုံးမှု နည်းပါးပြီး အသုံးပြုရ လွယ်ကူလှသော်လည်း အသက်နှင့်လဲ၍ တိုက်ခိုက်ရသည့် အချိန်တွင်မူ နေမီးလျှံမီးပြင်းဖိုကိုပင် မယှဉ်နိုင်ပေ။
လော့ချန်တစ်ယောက် မိုးကြိုးပုဆိန်ကျမ်းနှင့် ထိုမှော်ပုဆိန်ကို သိမ်းဆည်းလိုက်သည်။ ဤနှစ်ခုစလုံးကို သူယူလာခဲ့သည့် မီးဓာတ်ကျမ်းစာအုပ်များနှင့်အတူ ကျင့်စဉ်သင်ကြားရေးနန်းဆောင်သို့ ပို့ပေးမည်ဖြစ်သည်။ ဤသို့ဖြင့် လော့ထျန်းအဖွဲ့ အလွန် လိုအပ်နေသော ဓာတ်ကြီးငါးပါးထဲမှ ရွှေဓာတ်ကျင့်စဉ်ကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် တွဲဖက်လက်နက်များလည်း ရှိနေသေးသည်။
ဤအရာများကြောင့် လော့ထျန်းအဖွဲ့၏ အခြေခံအုတ်မြစ်မှာ ပို၍ ခိုင်မာလာတော့မည် ဖြစ်သည်။ အခြား ကျမ်းစာအုပ်တစ်အုပ်ပေါ်တွင်မူ လှေပျံသွန်းလုပ်နည်းများကို မှတ်တမ်းတင်ထားသည်။ ထိုထဲတွင် တည်ဆောက်ပုံနည်းစနစ်များ သာမက ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များနှင့် အခြားသော အချက်အလက်များကိုပါ အသေးစိတ် ရေးသားထားခဲ့၏။
"ဒါကိုတော့ လက်နက်နန်းဆောင်ကို ပို့ပေးလိုက်မယ်…."
"ကွက်တိပဲ.... အခု ထျန်းလန်မှာရှိတဲ့ လှေဆိပ်က နေရာလပ်နေတာဆိုတော့ အနာဂတ်မှာ ငါတို့လော့ထျန်းအဖွဲ့ဝင်တွေအတွက် ဝိညာဉ်ကျောက်တုံး ရှာလို့ရမယ့် နေရာတစ်ခု တိုးလာတာပေါ့"
လှေပျံဟူသော အရာသည် အနည်းငယ် သေးငယ်လျှင်မူ အကြောင်းမဟုတ်ပေ။ သို့သော် ကြီးမားသော လှေပျံများနှင့် ပတ်သက်လာလျှင်မူ စတင်မောင်းနှင်ရာတွင် ဖြစ်စေ၊ ရုပ်သိမ်းရာတွင် ဖြစ်စေ၊ အားလုံးတွင် အဆင့်လတ် ဝိညာဉ်ကျောက်တုံးများ လိုအပ်လှသည်။ ထျန်းလန် နတ်ဘုရားမြို့တော်ကြီးသည် စည်ကားလှသော ကုန်သွယ်ရေးဗဟိုချက်မတစ်ခု ဖြစ်သဖြင့် နေ့စဉ်နှင့်အမျှ လှေပျံ အမြောက်အမြား ဝင်ထွက်သွားလာနေကြသည်။
မိမိကိုယ်ပိုင် လှေဆိပ် မရှိသေးသော ကုန်သည်အဖွဲ့အများစုမှာ ဝိညာဉ်ကျောက်တုံး အချို့ကို ပေးဆောင်ကာ ထျန်းလန် လှေဆိပ်ရှိ လူများကို စောင့်ရှောက်ခိုင်းခြင်း၊ ပြုပြင်ခိုင်းခြင်းနှင့် သန့်ရှင်းရေး လုပ်ဆောင်ခိုင်းခြင်းတို့ကို ရွေးချယ်ကြသည်။
ဤအရာများအားလုံးမှာ ငွေဝင်လမ်းများ ဖြစ်သည်။ သေသေချာချာ တွက်ချက်ကြည့်လျှင် တိုက်ပွဲအပြီးတွင် လော့ထျန်းအဖွဲ့၏ အကျိုးအမြတ်များမှာ အမှန်တကယ်ပင် များပြားလှပေသည်။ ထိတွေ့ကိုင်တွယ်၍ရသော အရင်းအမြစ်များကို ထည့်မတွက်လျှင်ပင် ဤကျမ်းစာများ သက်သက်နှင့်ပင် အသစ်စက်စက် စီးပွားရေးလုပ်ငန်း အနည်းငယ်ကို ရေရှည် လုပ်ကိုင်နိုင်သည်။
ဆေးဖော်ခြင်းကို အခြေခံသည့် အင်အားစုများ၏ အမွေအနှစ်များကြောင့် ဆေးဖော်နန်းဆောင်မှာ ပြည့်စုံလာခဲ့ရသည်။ ထျန်းယင်းတောင်၊ ယွီကျန်းကျောင်းတော်နှင့် အခြားသော အင်အားစု အသီးသီး၏ အမွေအနှစ်များကြောင့် လော့ထျန်းအဖွဲ့၏ သားရဲနန်းဆောင်၊ စိုက်ပျိုးရေးနန်းဆောင်နှင့် ဆေးဝါးနန်းဆောင်တို့ အားလုံးတွင် ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိလာခဲ့ပြီ ဖြစ်သည်။ ကန်းမျိုးနွယ်စုနှင့် ရှန်းကုန်းဂိုဏ်းတို့၏ လက်နက်သွန်းလုပ်ခြင်း အမွေအနှစ်များကိုပါ ပေါင်းစပ်လိုက်လျှင် လော့ထျန်းအဖွဲ့၏ လက်နက်နန်းဆောင်သည်လည်း တွမ်ဖုန်း တစ်ယောက်တည်း တစ်ကိုယ်တော် ရုန်းနေရသည့် အခြေအနေမျိုး မဟုတ်တော့ချေ။
အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ဤနန်းဆောင်များ အားလုံး ဖွံ့ဖြိုးတိုးတက်လာခဲ့လျှင် လော့ချန် ယခုအချိန်တွင် ရင်းနှီးထားခဲ့ရသော အရာများသည် အဆပေါင်း ရာကျော် ထောင်ကျော်ခန့်ဖြင့် ပြန်လည် ရရှိလာပေလိမ့်မည်။
သူ အနာဂတ်ကို မျှော်လင့်နေသည့် အချိန်တွင် ဘေးနားမှ ပိုင်မေလင်း၏ ဝမ်းသာအားရ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။
"သခင်.... အားလုံး ရေတွက်ပြီးပါပြီ.…"
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၁၇၅၀၀ ရှိပြီး၊ အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၁၀၀ ရှိပါတယ်၊ ဒါတင်မကသေးဘူး.... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် ပါသေးတယ်ရှင်"
ဤစကားကို ကြားလိုက်ရသောအခါ လော့ချန် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားရသည်။ အခြားအရာကြောင့် မဟုတ်ဘဲ ထိုအဆင့်မြင့် ဝိညာဉ်ကျောက်တုံးကြောင့် ဖြစ်သည်။ ဤသို့ဖြင့် သူ့လက်ထဲတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံး ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုမျှ မျှော်လင့်မထားသော ဝမ်းမြောက်မှု ရှိနေလင့်ကစား စုစုပေါင်း ပမာဏအပေါ်တွင်မူ သူ အနည်းငယ် အားမလိုအားမရ ဖြစ်မိပြန်သည်။
“ဒါတင်ပဲလား.... ရှန်ကုန်းဂိုဏ်းလို အင်အားစုမျိုးကလေ....”
သို့သော် ချက်ချင်းပင် သူသည် ယခင်က ရှန်းကုန်းဂိုဏ်းကို တိုက်ခိုက်စဉ်က မီးနဂါးကိုးဆင့်အစီအရင်ကြောင့် သူ၏ ဝိညာဉ်ကျောက်တုံး ၈၀၀၀၀ ခန့် ကုန်ဆုံးသွားခဲ့ရသည်ကို သတိရလိုက်သည်။ ဤသို့ဖြင့် တွက်ချက်ကြည့်လျှင် ခုခံသူအနေဖြင့် ဖေးချန်းချူးသည်လည်း သေချာပေါက် အစီအရင်ကြီး၏ ကုန်ကျစရိတ်အတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ထုတ်ယူခဲ့ရပေလိမ့်မည်။
စစ်ပွဲတိုင်းတွင် ဆုံးရှုံးမှုများ အမြဲ ရှိစမြဲဖြစ်ပြီး အောင်နိုင်သူသာလျှင် ကုန်ဆုံးသွားသမျှကို ပြန်လည်ရယူနိုင်ခွင့် ရှိပေသည်။ အဆုံးသတ်တွင် လော့ချန် အရှုံးမပေါ်ခဲ့သည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် အမြတ်အစွန်းအချို့ပါ ရရှိခဲ့သည်။
သူ ချက်ချင်းပင် သတ္တုရိုင်းများနှင့် ဆေးလုံးများကို သီးခြား သိုလှောင်အိတ်တစ်ခုအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် သူ့အတွက်လိုအပ်သော ပစ္စည်းများကိုလည်း ကိုယ်ပိုင်သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
ဤသို့ဖြင့် လော့ချန်၏ လက်ရှိ ပိုင်ဆိုင်မှုသည် ဝိညာဉ်ကျောက်တုံးသက်သက်နှင့်ပင် ၃၀၀၀၀၀ ခန့်အထိ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဒီနှစ်တွေထဲမှာ.... ငါ ငွေသိပ်ပြီး မစုနိုင်ခဲ့ပါလား"
သိုလှောင်အိတ်ကို ပုတ်ရင်းနှင့်ပင် လော့ချန် သက်ပြင်းချမိသည်။ အမှန်တရားကို ရှောင်လွှဲ၍ မရနိုင်ချေ။ သူ၏ နေ့စဉ် အသုံးစရိတ်မှာ အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။ အမျိုးမျိုးသော ကျင့်ကြံခြင်း အထောက်အကူပြု အရင်းအမြစ်များ၊ အဆင့်မြင့် ဂူဗိမာန်၏ ငှားရမ်းခများ စသဖြင့် နေ့စဉ်နှင့်အမျှ၊ နှစ်စဉ်နှင့်အမျှ အမြောက်အမြား သုံးစွဲနေရသည်။ ဤကြီးမားသော တိုက်ပွဲအပြီးတွင်မှ အနည်းငယ် ပြန်ပြီး အိတ်ဖြည့်နိုင်ခဲ့ခြင်း ဖြစ်သည်။
"အခြေတည် ဂုဏ်ပြုပွဲအပြီးမှာ.... လော့ထျန်းအဖွဲ့ ပိုပြီး အရှိန်ပြင်းပြင်းနဲ့ တိုးတက်လာဖို့ မျှော်လင့်ရတာပဲ"
လော့ချန် စိတ်လှုပ်ရှားစွာ ရေရွတ်မိသည်။
နောက်တစ်နေ့တွင် သူ ဂူဗိမာန်မှ ထွက်ခွာခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ ချူခွေး၏ ဂူဗိမာန်ဆီသို့ ဦးတည်လိုက်သည်။
ကာကွယ်ရေးအစီအရင်ကြီး လည်ပတ်နေဆဲဖြစ်ရာ ချူခွေးသည်လည်း ဤနှစ်များအတွင်း ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရှာဖွေနိုင်ခဲ့သဖြင့် တံခါးပိတ်ကျင့်ကြံနေပုံရသည်။
သူ အသံလွှင့်သတင်းစကားတစ်ခု ချန်ထားကာ ဖိတ်စာကို ထားရှိခဲ့ပြီးနောက် ထန်ထိုက်ကျင်း ရှိရာ ဂူဗိမာန်ဆီသို့ လှည့်ပြန်ခဲ့တော့သည်။
....
"ဒါက မကြာခင်က ဖော်စပ်ထားတဲ့ ကျောက်စိမ်းနှင်းစက်ဆေးလုံးပါ၊ အားလုံး ပုလင်းတစ်ဆယ် ရှိပါတယ်၊ တချို့က အဆင့်နိမ့် ဖြစ်ပြီး တချို့ကတော့ အဆင့်လတ်တွေပါ.... မတတ်နိုင်ဘူးလေ.... ကျွန်တော်လည်း အစွမ်းကုန်တော့ ကြိုးစားခဲ့တာပဲ၊ ဒါပေမယ့် ဆေးဖော်စပ်တယ်ဆိုတာ ခက်ခဲလွန်းလှပါတယ်ဗျာ...."
လော့ချန်၏ စကားအဆုံး ထန်ထိုက်ကျင်းက ကျောက်စိမ်းပုလင်းများကို လက်ခံလိုက်သည်။ ထို့နောက် တစ်ပုလင်းချင်းစီ ဖွင့်၍ စစ်ဆေးကြည့်လိုက်သည်။ သူမ အံ့ဩသွားရသည်မှာ ထက်ဝက်ခန့်က အဆင့်နိမ့်များ ဖြစ်ကြပြီး ကျန်ထက်ဝက်မှာ အဆင့်လတ်များ ဖြစ်နေခြင်းပင်။ ထိုကဲ့သို့သော အောင်မြင်မှုနှုန်းမှာ သူမ မျှော်လင့်ထားသည်ထက် များစွာ သာလွန်လှပေသည်။
"မင်း နေ့နေ့ညည ဆေးလုံးတွေပဲ အရူးအမူး ဖော်စပ်နေတယ်လို့ ငါ ကြားမိတယ်၊ ဒါပေမဲ့ ရလဒ်တွေက ဒီလောက်အထိ အထင်ကြီးစရာ ကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ကြည့်ရသည်မှာ သူမ လော့ချန် ပေးသော ရလဒ်အပေါ် အလွန် စိတ်ကျေနပ်နေပုံရသည်။ သို့သော် ဤသည်မှာ ပိုလျှံနေသော ဆေးလုံးများသာ ဖြစ်ပြီး လော့ချန် သူ၏ အစွမ်းကို ဖုံးကွယ်ထားကြောင်း သိသွားလျှင်မူ ဤမျှ ကျေနပ်နေတော့မည် မဟုတ်ချေ။
"အရင်က ကတိကဝတ်အတိုင်း.... အဆင့်နိမ့်ကိုတော့ တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ၅၀၀ နှုန်းနဲ့ ဆက်ပေးချေမယ်၊ အဆင့်လတ် ကတော့...."
လော့ချန်၏ မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်ကို ရင်ဆိုင်ရင်း ထန်ထိုက်ကျင်းတစ်ယောက် လေးလံလှသော အိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။
"အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကတော့.... တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ၁၂၀၀ ပါ"
"ဒီမှာ အားလုံး ဝိညာဉ်ကျောက်တုံး ၈၅၀၀ ရှိတယ်၊ မင်း စစ်ဆေးကြည့်လိုက်ဦး"
လော့ချန် ဝိညာဉ်ကျောက်တုံးများကို ချက်ချင်း လက်ခံလိုက်ပြီး မစစ်ဆေးတော့ဘဲ သူ၏ သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။
"ကျွန်တော် တခြားလူကို မယုံကြည်ရင်တောင်မှ မိတ်ဆွေထန်ထိုက်ကို မယုံကြည်ဘဲ နေပါ့မလားဗျာ"
ထန်ထိုက်ကျင်း ခေါင်းညိတ်လိုက်သည်။
"နောက်တစ်ကြိမ် ပစ္စည်းအပ်မယ့် အချိန်က…."
"နောက်တစ်နှစ်ကြာရင်ပေါ့...."
လော့ချန် တည်ငြိမ်စွာ ပြောလိုက်သည်။
"မကြာသေးခင်က ကျွန်တော့်ရဲ့ ဆေးဖော်ပညာက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်၊ ကျွန်တော် နည်းနည်း တည်ငြိမ်အောင် လုပ်ပြီးတဲ့နောက်.... အဲ့အချိန်ကျရင် မိတ်ဆွေထန်ထိုက်ကို သေချာပေါက် စိတ်ကျေနပ်စေရပါမယ်"
ထန်ထိုက်ကျင်း၏ မျက်လုံးများတွင် မျှော်လင့်ချက် အရောင်များ တောက်သွားခဲ့သည်။
တစ်နှစ်ဆိုသော အချိန်မျှသာ ဖြစ်သည်။
သူမ စောင့်ဆိုင်းနိုင်သလို ရေခဲခံတပ်လည်း စောင့်ဆိုင်းနိုင်သည်။ အကယ်၍ လော့ချန်အနေဖြင့် တစ်နှစ်အကြာတွင် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို တည်ငြိမ်စွာ ထုတ်ပေးနိုင်မည် ဆိုပါက သူမ၏ ကြာမြင့်စွာ ရပ်တန့်နေခဲ့သော ကျင့်ကြံခြင်းနှုန်းသည် အပြည့်အဝ ထိုးတက်သွားပေလိမ့်မည်။ ထို့အပြင် ချန်ချင်အနွယ်တစ်ခုလုံးပင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။ ဤသည်မှာ ဆေးဖော်ဆရာတစ်ဦး၏ အရေးပါမှုပင် ဖြစ်သည်။
"ဒါနဲ့.... ကျွန်တော်တို့ လော့ထျန်းအဖွဲ့ရဲ့ စီမံခန့်ခွဲရေးမှူး စီမာဟွေ့နန်က လွန်ခဲ့တဲ့ခြောက်လက အခြေတည်အဆင့်ကို တက်လှမ်းအောင်မြင်ခဲ့လို့ မကြာခင်မှာ ဂုဏ်ပြုပွဲ ကျင်းပဖို့ ရှိပါတယ်၊ အဲ့အချိန်ကျရင် မိတ်ဆွေထန်ထိုက် အားလပ်ခဲ့ရင်.... လာရောက်ပြီးတော့ အရက်တစ်ခွက် သောက်သုံးဖို့ ဖိတ်ခေါ်ပါတယ်"
စကားပြောဆိုရင်းနှင့်ပင် လော့ချန် လက်နှစ်ဖက်ဖြင့် ဖိတ်စာတစ်စောင်ကို ထန်ထိုက်ကျင်း၏ ရှေ့သို့ ကမ်းပေးလိုက်သည်။
ထန်ထိုက်ကျင်း၏ မျက်ခုံးများ ပင့်တက်သွားသည်။ အဖွဲ့အစည်းအသေးစားလေးတစ်ခုအတွင်းရှိ အထွေထွေ ကိစ္စရပ်များကို စီမံခန့်ခွဲသူတစ်ဦး အခြေတည်အဆင့် တက်လှမ်းရုံမျှဖြင့် ဤမျှလောက်အထိ ရေးကြီးခွင်ကျယ် လုပ်နေရန် လိုလေသလော။
လော့ချန်၏ မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်ကို ရင်ဆိုင်ရင်း သူမ ရုတ်ချည်းပင် တစ်စုံတစ်ခုကို တွေးတောမိသွားပုံရသည်။
သူမ သွယ်လျလှသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဖိတ်စာကို လက်ခံလိုက်သည်။
"ကောင်းပါပြီ.... အဲ့အချိန်ကျရင် ရေခဲခံတပ်က သေချာပေါက် လာပြီး တက်ရောက်ပါမယ်…. တကယ်လို့ ငါ ကိုယ်တိုင် မလာဖြစ်ခဲ့ရင်တောင်မှ.... ဂုဏ်ပြုလက်ဆောင်ကိုတော့ အရောက်ပို့ပေးပါမယ်"
ထိုကဲ့သို့သော အခိုင်အမာ ကတိစကားကို ကြားလိုက်ရသဖြင့် လော့ချန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမို၍ တောက်ပသွားခဲ့သည်။
"ကျွန်တော် မိတ်ဆွေထန်ထိုက်ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုဖို့ စောင့်နေပါမယ်"
ပြောပြီးနောက် သူ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ထန်ထိုက်ကျင်း၏ အသံ ထွက်ပေါ်လာသည်။
"ဆေးလုံးစိမ်းချိုင့်ဝှမ်းဘက်ကိုတော့.... ငါ မင်းအတွက် ပြောပေးပြီးပြီ၊ မကြာခင် အချိန်အတွင်းမှာ ထောင်ဝမ်က လူလွှတ်ပြီး မင်းကိုဆက်သွယ်လာလိမ့်မယ်"
လော့ချန်တစ်ယောက် ပါးစပ်နားရွက်ချိတ်မတတ် ပြုံးရွှင်သွားရသည်။
"မိတ်ဆွေ ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်"
....
ဤရှုပ်ထွေးလှသော ကိစ္စရပ်များကို ကိုင်တွယ်ပြီးသွားသောအခါ ကြားထဲရှိ တစ်လတာ အချိန်အတွင်း လော့ချန် ရှားရှားပါးပါး ကိုယ်ပိုင်အချိန် ရရှိခဲ့သည်။
နေ့စဉ် အချိန်များကို သူ စနစ်တကျ စီမံခန့်ခွဲထားခဲ့သည်။ ယခင်အတိုင်းပင် ကျင့်ကြံခြင်း၊ စာဖတ်ခြင်း၊ မှော်အတတ်များကို လေ့ကျင့်ခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့ ဖြစ်သည်။ အထူးသဖြင့် ဆေးဖော်စပ်ခြင်း ဖြစ်သည်။ သူသည် စနစ်၏ အကူအညီအပေါ်တွင် မအားကိုးဘဲ သွေးမိစ္ဆာဆေးလုံးကို ကိုယ်တိုင် ဖော်စပ်နိုင်ခဲ့ပြီးကတည်းက အမျိုးမျိုးသော ဆေးလုံးများကို ဖော်စပ်ခြင်းနှင့် ပတ်သက်၍ ပိုမို၍ တည်ငြိမ်ပြီး ယုံကြည်ချက် ရှိလာခဲ့သည်။ အမျိုးမျိုးသော ဆေးဖော်စပ်ခြင်း အတတ်ပညာများကို အလွယ်တကူပင် အသုံးပြုနိုင်သည်။ မသိမသာဖြင့်ပင် အားလုံးကို ထိုးထွင်းသိမြင်လာသည့် အငွေ့အသက်များ ရှိနေခဲ့သည်။
ထိုမျှတင်မကသေးဘဲ ရေတံခွန်စိမ့်စမ်းလက်ကွက်သည်လည်း ပါရမီရှင်အဆင့်မှ အထွတ်အထိပ်အဆင့်သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ ရေဓာတ်ဆေးဖက်ဝင်အပင်များကို ကိုင်တွယ်ရသည်မှာ ပိုမို၍ စိတ်တိုင်းကျ ဖြစ်လာတော့သည်။ မီးတောက်ပေါင်းစပ်ခြင်းအတတ်သည်လည်း ဆေးဖော်စပ်ရာတွင် အဆက်မပြတ် အသုံးပြုနေသဖြင့်၊ ပိုမို၍ ကျွမ်းကျင်လာခဲ့သည်။ ယခုအခါ ဒုတိယအဆင့် မြေအောက်မီးကိုလည်း စိတ်တိုင်းကျ ထိန်းချုပ်နိုင်ပြီဖြစ်သည်။ အရာအားလုံးမှာ သူ၏ စိတ်ဆန္ဒအတိုင်း ဖြစ်နေသည်။
ဤအချက်များ၏ သက်ရောက်မှုကြောင့် လော့ချန် ရုတ်ချည်းပင် သတင်းကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက ထိပ်တန်းအဆင့် ဆေးလုံးများနှင့် သက်ဆိုင်နေသည်။ သူသည် ယခင်က ဆေးလုံးများ၏ ကျွမ်းကျင်မှုကို ထိပ်တန်းအဆင့်အထိ မြှင့်တင်ပြီးနောက်တွင် ဆေးလုံးဖြစ်ထွန်းမှုနှုန်းသည် ဆယ်ရာခိုင်နှုန်းသို့ ပြန်လည် ကျဆင်းသွားပြီး နောက်ထပ် တိုးတက်စရာ နေရာ မရှိတော့ဟု ထင်မြင်ခဲ့သည်။ သို့သော် မကြာသေးမီက ထိပ်တန်းအဆင့် ချီလမ်းကြောင်းဆေးလုံးကို ဖော်စပ်သည့် အချိန်တွင် ဆေးတစ်သုတ်၏ ဆေးလုံးဖြစ်ထွန်းမှုမှာ သုံးလုံးမျှသာ မဟုတ်တော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ငါးလုံးအထိ ဖြစ်လာခဲ့သည်။
ဤအချက်ကြောင့် သူ ကောက်ချက်တစ်ခု ချနိုင်ခဲ့သည်။
စနစ်၏ ကန့်သတ်ချက်များသည် သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ဆက်နွှယ်နေခြင်း ဖြစ်ပေသည်။ သူ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်ထက် သာလွန်သော အရာတစ်ခုကို စနစ်က ဘယ်တော့မှ သတ်မှတ်ပေးနိုင်မည် မဟုတ်ချေ။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့်မူ သူ၏ စွမ်းဆောင်ရည်များသည် စနစ်အပေါ်တွင်သာ ပုံသေ ကန့်သတ်ခံထားရခြင်း မဟုတ်ပေ။ သူ ပိုမို အားကောင်းလာသရွေ့ စနစ်၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားနိုင်မည် ဖြစ်သည်။
လော့ချန် ထိပ်တန်းအဆင့် ချီလမ်းကြောင်းဆေးလုံးကို နောက်တစ်ကြိမ် မှီဝဲလိုက်ပြီး လမ်းတစ်လျှောက် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို ပြန်လည် သုံးသပ်ကြည့်လိုက်သည်။ ရုတ်ချည်းပင် သူ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားရသည်။
"ငါ စောစောကတည်းက သတိထားမိသင့်တာ.... မီးလုံးမှော်အတတ်က အထွတ်အထိပ်အဆင့်ကို ရောက်ရှိပြီးတာတောင် ငါ့ရဲ့ အဆက်မပြတ် လေ့ကျင့်မှုတွေနဲ့ အားနည်းချက်တွေကို ပြင်ပြီး အဆင့်မြှင့်တာတွေလုပ်အပြီးမှာ အဆက်မပြတ် တိုးတက်ပြောင်းလဲနေခဲ့တာပဲ.... အဲ့အချိန်ကတည်းက စနစ်ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နေခဲ့တာပဲဥစ္စာ"
ဤမျှလောက် ရိုးရှင်းလှသော အမှန်တရားတစ်ခု ဖြစ်သော်လည်း သူ သတိမပြုမိခဲ့ခြင်း ဖြစ်ပေသည်။ အမှန်ပင် သူ မျက်စိကွယ်နေခဲ့ခြင်း ဖြစ်သည်။
ဤအချက်က သူ့အား နားလည်မှုတစ်ခု ရသွားစေသည်။ စနစ်အပေါ်တွင် အားကိုးနိုင်သော်လည်း လုံးဝ ဥဿုံ အားကိုးနေ၍ မရချေ။ အချို့သော ကိစ္စရပ်များကို သူကိုယ်တိုင် လုပ်ဆောင်နိုင်သလို ပိုမို၍ပင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။
စနစ်ဆိုသည်မှာ သူ နေ့စဉ်နှင့်အမျှ စိုက်ထုတ်ခဲ့သော ကြိုးပမ်းမှုများကို ထင်ဟပ်ပြသနေသည့် မှတ်တမ်းတင်ကိရိယာတစ်ခု သို့မဟုတ် မှန်ချပ်တစ်ခုမျှသာ ဖြစ်ပြီး သူ့အား မပြတ်သော တုံ့ပြန်မှုများဖြင့် ဆုချီးမြှင့်ပေးနေခြင်း သက်သက်သာ ဖြစ်၏။
"အမှန်ပဲ.... အရာအားလုံးရဲ့ အောင်မြင်မှုက၊ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေကနေ မြစ်ဖျားခံတာပဲ"
သူ သတိမထားမိလိုက်ဘဲ သူ၏ ယုံကြည်မှုမှာ ယခင်က တစ်ခါမှ မရှိဖူးလောက်အောင် မြင့်မားလှသော နေရာတစ်ခုသို့ မြင့်တက်သွားခဲ့တော့သည်။ အချို့သော အမှန်တရားများမှာ အမှန်စင်စစ် အလွန် ရိုးရှင်းလှသည်။ ယုံကြည်ချက်ဟူသည်မှာ ကြိုးစားအားထုတ်မှုများ ပြုလုပ်ခဲ့သော ကိစ္စရပ်များ တစ်ခုပြီးတစ်ခု အောင်မြင်လာပြီးနောက် ရရှိလာသော ရလဒ် ဖြစ်သည်။ အကယ်၍ လုပ်ဆောင်နိုင်ခဲ့သော အရာသည် ကာယကံရှင် ကိုယ်တိုင်ပင် မမျှော်လင့်ရဲခဲ့သော အရာမျိုး ဖြစ်နေခဲ့လျှင် ထိုယုံကြည်မှုသည် အဆပေါင်း ရာကျော် ထောင်ကျော်ခန့် ရူးသွပ်စွာ ပွားများလာပေလိမ့်မည်။
လမ်းတစ်လျှောက် လျှောက်လှမ်းခဲ့ရသည်ကို ကြည့်လျှင် လော့ချန် လုပ်ဆောင်ခဲ့သော ကိစ္စရပ်များကို ကြည့်ပါက မည်သည့်အရာက သာမန် တစ်ကိုယ်တော် ကျင့်ကြံသူများ မျှော်မှန်းနိုင်သော အရာမျိုး ဖြစ်ပါမည်နည်း။
‘အဆင့်ကျော်၍ တိုက်ခိုက်ခြင်း’
‘ချီသန့်စင်အဆင့်ဖြင့် အခြေတည်အဆင့် မျိုးနွယ်စုကို ဖျက်ဆီးပစ်ခြင်း’
‘တစ်ယောက်နှင့် အများ ရင်ဆိုင်ရသော်လည်း မည်သည့် ကြောက်ရွံ့မှုမျှ မရှိခြင်း’
‘မဟာမိတ်များကို ဖွဲ့စည်းကာ စိတ်တိုင်းကျ လှုပ်ရှားနိုင်ခြင်း’
သို့သော် ယခင်က ဤကိစ္စရပ်များ အားလုံးမှာ စနစ်၏ အလင်းရောင်အောက်တွင် ဖုံးကွယ်နေခဲ့သည်။ ထို့ကြောင့်လည်း လော့ချန်တွင် ယုံကြည်ချက် ရှိသည့်တိုင် စိုးရိမ်ပူပန်မှုများလည်း ရှိနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ စနစ်သာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လျှင် သူ ဤအတိုင်းပင် အဟန့်အတားမရှိ ဆက်လက် လျှောက်လှမ်းနိုင်ပါဦးမည်လော။
သို့သော် သွေးမိစ္ဆာဆေးလုံးကို ကိုယ်တိုင် ဖော်စပ်နိုင်ခဲ့ပြီးနောက်တွင်မူ ထိုစိုးရိမ်ပူပန်မှုများမှာ အခိုးအငွေ့အလား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ အောင်မြင်အောင် လုပ်ဆောင်နိုင်သောအရာများကို စနစ်က ပိုမို လွယ်ကူစေရန် ကူညီပေးခြင်း သက်သက်သာ ဖြစ်၏။ စနစ်က မမီနိုင်သော နေရာများကိုမူ သူ၏ ကိုယ်ပိုင် အစွမ်းဖြင့် ဆွဲယူဆုပ်ကိုင်မည် ဖြစ်ပေသည်။
ဤသို့ဖြင့် သူ၏ ယုံကြည်ချက်တွင် မြစ်ဖျားခံရာ ရှိလာခဲ့ပြီ ဖြစ်သည်။ စနစ်အပေါ်တွင်သာ အခြေပြုမနေတော့ဘဲ ကိုယ်ပိုင် စွမ်းအားပေါ်တွင် အခြေစိုက်လာခဲ့ပြီ ဖြစ်သည်။ တစ်နေ့တွင် ဤသေးငယ်လှသည်ဟု ထင်ရသော သစ်ပင်ငယ်လေးသည် ကောင်းကင်ယံထက်သို့ မြင့်မားစွာ ထိုးတက်သွားပြီး ကျင့်ကြံခြင်းလောက၏ စစ်မှန်သော အင်အားကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
....
လော့ချန် ပုံမှန်ဘဝကို ဖြတ်သန်းနေသည့် အချိန်တွင် ဖိတ်စာ အမျိုးမျိုးမှာ ဖိတ်ကြားခြင်း ခံရသော အဖွဲ့အစည်း အသီးသီး၏ စားပွဲများပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လျန်ယွန်းတောင်တွင် ဖြစ်သည်။
လျန်ယွန်းတောင်ဟူသည် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်၏ အခြေစိုက်စခန်း တည်ရှိရာ နေရာ ဖြစ်သည်။
အကြီးအကဲ လျန်ယွန်းသည် ရွှေရောင်ဖိတ်စာကို အခြေတည်အလယ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကျိုးချင်းရှေ့သို့ ပစ်ချလိုက်သည်။
"တစ်ခေါက်လောက် သွားလိုက်ဦး...."
ကျိုးချင်း ဖိတ်စာကို ဖွင့်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အံ့ဩသွားသော အမူအရာ ထွက်ပေါ်လာသည်။
“သာမန် မိန်းမတစ်ယောက်ရဲ့ အခြေတည်အဆင့်ပွဲအတွက် ဒီလောက်အထိ ဆူညံပွက်လောရိုက်နေတာလား.... အဲ့လော့ချန်က တကယ့်ကို ရေတွင်းထဲက ဖားသူငယ်ပဲ.... ဒီလောကကြီး ဘယ်လောက်အထိ ကျယ်ပြောလဲဆိုတာ သူ လုံးဝ မသိသေးဘူး"
သူ ပြောသည်မှာ မမှားချေ။ ထျန်းလန်နတ်ဘုရားမြို့တော်သည် ကျေးလက်ဒေသက ဈေးမြို့တော်ငယ်လေး မဟုတ်ချေ။ ပုံမှန်အားဖြင့် အခြေတည်အဆင့် တက်လှမ်းအောင်မြင်မှုတစ်ခုအတွက် မိမိတို့ ဂိုဏ်း၊ အဖွဲ့အတွင်း၌ ဂုဏ်ပြုလိုက်လျှင် ရပြီ ဖြစ်သည်။ ဤမျှလောက်အထိ အုန်းအုန်းကျွက်ကျွက် ကျင်းပနေခြင်းမှာ ပြောရလျှင် ရယ်စရာ ကောင်းလှသည်။ ဤသည်မှာ ရွှေအမြုတေအဆင့်လည်း မဟုတ်ပေ။
သို့သော် ရင့်ကျက်လှသော အကြီးအကဲကြီးကမူ အေးစက်စွာ ပြောဆိုလိုက်သည်။
"မင်းပြောတဲ့ ဖားသူငယ်က အခု ရေတွင်းထဲက ခုန်ထွက်သွားပြီ.... သူက အခု မီးနတ်ဘုရားလော့ ဆိုတဲ့ ဘွဲ့အမည်ကိုပါ ပိုင်ဆိုင်ထားတာ.... မင်းနဲ့ သူကလည်း အသိဟောင်းတွေပဲ.... ဘာလို့ ဒီလောက်အထိ အထင်သေးနေရတာလဲ"
ကျိုးချင်း ဆွံ့အသွားရသည်။ အကြီးအကဲလျန်ယွန်း၏ နှုတ်မှ ထွက်ပေါ်လာသော စကားများမှာ သိသာထင်ရှားစွာပင် လော့ချန်အပေါ် ချီးကျူးစကားများ ဖြစ်နေခဲ့သည်။ သူ့အပေါ်တွင်မူ မသိမသာဖြင့် အပြစ်တင်သည့် အငွေ့အသက်များ ပါဝင်နေသည်။
ကျိုးချင်း နှုတ်ခမ်းကို ကိုက်လိုက်မိပြီး မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သော အမူအရာ ထွက်ပေါ်လာသည်။ အမှန်အတိုင်း ပြောရလျှင် သူ၏ လက်ရှိ အဆင့်အတန်းသည် ကံကောင်းခြင်းကြောင့် ရရှိလာခြင်း ဖြစ်သည်။
ယခင် တိုက်ပွဲကြီးတွင် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်သည် ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ယခင်က ထျန်းလန်ကို လွှမ်းမိုးထားနိုင်ခဲ့ပြီး အခြေတည်အဆင့်ကျင့်ကြံသူ ဆယ်ဂဏန်းကျော်နှင့် အခြေတည် နှောင်းပိုင်း ကျင့်ကြံသူကြီး သုံးဦး ရှိသည်ဟု ကြွေးကြော်ခဲ့ဖူးသော လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့သည် ယခုအခါတွင်မူ အခြေတည်အဆင့်ကျင့်ကြံသူ ခုနစ်ဦးသာ ကျန်ရှိတော့သည်။ ၎င်းတို့ထဲမှ နှစ်ဦးမှာ နောက်ပိုင်းမှ ပူးပေါင်းလာခဲ့ကြသော လီရီရှန်းနှင့် နန်ကုန်းကျင်းတို့ပင် ဖြစ်သည်။ ဤနှစ်ဦးသည် သူကိုယ်တိုင် ကုန်သွယ်ရေး မဟာမိတ်အဖွဲ့အတွင်းသို့ လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ သူ၏ စတုတ္ထမြောက် အကြီးအကဲ ရာထူးသစ်ကို ခိုင်မာစေရန် ဖြစ်သည်။
လက်ရှိတွင် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့သည် အားနည်းသွားခဲ့ပြီ ဖြစ်သော်လည်း သူဟူသော စတုတ္ထအကြီးအကဲ၏ အာဏာသည် ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့ကို တစ်ချက်တည်းဖြင့် ကျော်လွန်သွားခဲ့ပြီး အကြီးအကဲကြီးတစ်ဦးတည်း၏ အောက်တွင်သာ ရှိတော့သည်။ ဤကဲ့သို့သော လက်ရှိ အခြေအနေကြောင့် သူ အချိန်တစ်ခုအတွင်း အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အကြီးအကဲကြီး၏ ထိုးနှက်ခြင်းကို ခံလိုက်ရသဖြင့် သူ လုံးဝ အရှက်ဒေါသ ထွက်သွားရသည်။
အကြီးအကဲလျန်ယွန်းသည် သူ ဘာတွေးနေသည်ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
"လက်ရှိ မဟာမိတ်အဖွဲ့က.... အရင်ကလို ခမ်းနားထည်ဝါခြင်း မရှိတော့ဘူး၊ နေ့စဉ်နှင့်အမျှ ဆုတ်ယုတ်နေရတယ်"
"နှိုင်းယှဉ်ကြည့်ရင်.... လော့ထျန်းအဖွဲ့ကတော့ ရေခဲခံတပ်ရဲ့ ပံ့ပိုးမှုအောက်မှာ နေ့စဉ်နှင့်အမျှ တိုးတက်နေခဲ့တယ်.... ငါတို့ မဟာမိတ်အဖွဲ့နဲ့ သူတို့ရဲ့ စီးပွားရေးက လမ်းကြောင်းအချို့ ထပ်တူကျနေတာ ရှိတယ်.... အနာဂတ်မှာ ပဋိပက္ခတွေ ဖြစ်လာမလား မပြောနိုင်ဘူး.... မင်း ဒီတစ်ခေါက် သွားတာက ဂုဏ်ပြုစကား ပြောဖို့က ဒုတိယပဲ၊ အဓိက အချက်ကတော့ လော့ထျန်းအဖွဲ့ရဲ့ စီမံခန့်ခွဲရေးမှူးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရယူဖို့ပဲ.... နောင်ကျရင် အငြင်းပွားမှုတွေ ရှိလာခဲ့ရင် ခေတ္တ ဆိုင်းငံ့ထားပြီး ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှုကို အဓိက ထားရမယ်"
ကျိုးချင်း၏ မျက်နှာ အမူအရာမှာ သိပ်မကောင်းလှချေ။ သို့သော် နောက်ဆုံးတွင်မူ အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးလိုက်ရသည်။
"ကျွန်တော် သိပါပြီ.... အကြီးအကဲကြီး"
လျန်ယွန်းအကြီးအကဲက သူ့အား တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။
"ဂုဏ်ပြုပွဲ ဖြစ်တာမို့လို့.... ဂုဏ်ပြုလက်ဆောင်ကတော့ မပါမဖြစ်ပဲ.... ငါ့ဘက်ကတော့ အမျိုးသမီး ကျင့်ကြံသူတွေအတွက် သိပ်အကျိုးရှိစေမယ့် ဝိညာဉ်ဆေးဖက်ဝင်အပင်တစ်ခု ထုတ်ပေးမယ်၊ မင်းဘက်ကတော့.... မင်းဘာသာပဲ ကြည့်ပြီး စီစဉ်လိုက်တော့.... အကြီးအကဲကျိုး လက်ရှိ အခြေအနေက ကျောက်ခဲပေါ်မှာ ဥခွံတင်ထားသလိုပဲ အန္တရာယ်များလှတယ်.... မင်းအနေနဲ့ စိတ်အလိုအတိုင်း မလုပ်မိစေနဲ့"
နောက်ဆုံး စကားတစ်ခွန်းကမူ အနည်းငယ် လေးလံလှသည်။ ကျိုးချင်း တစ်ကိုယ်လုံး တုန်လှုပ်သွားရပြီး စိတ်ထဲရှိ မလိုတမာ အထင်သေးခြင်း အတွေးများမှာ ချက်ချင်းပင် ဖိနှိပ်ခြင်း ခံလိုက်ရသည်။ သူ ယခုကဲ့သို့ ရှိနေနိုင်ခြင်းသည် အကြီးအကဲကြီး၏ မြှင့်တင်ပေးမှုကြောင့် ဖြစ်ပြီး ထိုကျေးဇူးတရားကား ကြီးမားလှသည်။ အကယ်၍ တစ်ဖက်လူက သူ့အား စိတ်တိုင်းမကျ ဖြစ်ခဲ့လျှင်မူ ဤအကြီးအကဲဟူသော နေရာသည် ခိုင်မြဲနေမည် မဟုတ်ပေ။
သူ ခေါင်းငုံ့လိုက်ရင်း လေးလံစွာ တုံ့ပြန်လိုက်သည်။
"အကြီးအကဲကြီးရဲ့ အမိန့်ကို ကျွန်တော် နာခံပါမယ်"