← Chapters

အခန်း ၄၄၈

Vol. 45 Ch. 448

အခန်း ၄၄၈

Vol. 45 Ch. 448

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၄၄၈) - ပျော်မဆုံးမော်မဆုံး ဂုဏ်ပြုပွဲတော်

လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အတွင်း ဖြစ်ပျက်နေသော အခြေအနေမျိုးသည် ထျန်းလန် နတ်ဘုရားမြို့တော်အတွင်းရှိ အခြားသော အဖွဲ့အစည်းအသီးသီးတွင်လည်း ဖြစ်ပျက်နေခဲ့သည်။

ယခင်က ကန်းမျိုးနွယ်စုနှင့် ရန်ငြိုးရှိခဲ့ဖူးသော ချန်လျိုတောင်ကြားမှ ချန်မျိုးနွယ်စုသည် အခြေတည်အဆင့်ကျင့်ကြံသူ တစ်ဦးတည်းသာ ရှိသော်လည်း လော့ချန်၏ ဖိတ်စာကို လက်ခံရရှိခဲ့သည်။ ထို့ပြင် ထန်ချိုး ဟူမျိုးနွယ်စုနှင့် ဆေးလုံးအရောင်းအဝယ်ကိစ္စကြောင့် အပြင်းအထန် အငြင်းပွားခဲ့ဖူးသော ယွီဟွာဂိုဏ်းသည်လည်း လော့ချန်၏ ဖိတ်စာကို လက်ခံရရှိခဲ့သည်။

လူတိုင်း မမျှော်လင့်ထားဆုံးအရာမှာ နဂါးတောင်ရိုး ကျန်းမျိုးနွယ်စုပင် ဖြစ်၏။ ယခင်က လော့ချန်နှင့် အနည်းငယ် ပဋိပက္ခဖြစ်ပွားခဲ့ဖူးသော်လည်း ယခုအခါ ရွှေရောင်ဖိတ်စာတစ်စောင်မှာ မျိုးနွယ်စုခေါင်းဆောင် ကျန်းခယ်ကျန့်၏ စားပွဲပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုမျှသာမက ထျန်းလန် နတ်ဘုရားမြို့တော်အနီးရှိ အခြားသော အခြေတည် အဖွဲ့အစည်းအသီးသီးသည်လည်း ဖိတ်ကြားခြင်း ခံခဲ့ရသည်။

သံဓားဂိုဏ်း၊ လော့ရှားမှ လော့မျိုးနွယ်စု၊ ထျန်းယီဈေးမြို့တော်မှ ချန်မျိုးနွယ်စု....။

....

ဒန်ရှားတောင်ပေါ်ရှိ ကျင့်စဉ်နန်းဆောင်အတွင်း၌မူ အပြင်ဘက်ရှိ ဂုဏ်ပြုပွဲအတွက် အုန်းအုန်းကျွက်ကျွက် ပြင်ဆင်နေကြသည့် အခြေအနေမျိုးနှင့် မတူဘဲ ငြိမ်သက်နေခဲ့သည်။

ဝမ်ယွမ်နှင့် လော့ချန်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး အရက်သောက်ရင်း ဆေးလုံးများအကြောင်း ဆွေးနွေးနေကြသည်။

"ငါ စမ်းသပ်ကြည့်ပြီးပြီ၊ မင်း ဖော်စပ်ထားတဲ့ သွေးမိစ္ဆာဆေးလုံးက တကယ့်ကို ဆေးနည်းပေါ်မှာ မှတ်တမ်းတင်ထားတဲ့ အာနိသင်အတိုင်း ရှိတယ်၊ ဒါတင်မကသေးဘူး.... ငါ့ခံစားချက်အရဆိုရင် အာနိသင်က ပိုပြီးတော့တောင် ကောင်းမွန်နေသလိုပဲ"

လော့ချန်သည် ထိပ်တန်းအဆင့် ရွှေဝါးကလောင်တံကို ကိုင်ဆောင်ကာ စက္ကူပေါ်တွင် ဖြည်းညှင်းစွာ မှတ်တမ်းတင်နေသည်။

"အာနိသင်တွေကို တိတိကျကျ ပြောပြပါဦး"

ဝမ်ယွမ် ခေါင်းညိတ်လိုက်သည်။ ဤအခြေအနေမျိုးကို သူ အံ့ဩမနေတော့ချေ။ ယခင်က ချီလမ်းကြောင်းဆေးလုံးကို စမ်းသပ်စဉ်ကလည်း လော့ချန်တစ်ယောက် ဤကဲ့သို့ပင် ဆေးလုံး၏ အာနိသင်ကို အထပ်ထပ်အခါခါ မေးမြန်းခဲ့ဖူးသည်။

သူသည် ဤရက်ပိုင်းအတွင်း သွေးမိစ္ဆာဆေးလုံးကို သုံးစွဲပြီးနောက် ရရှိလာသော ခံစားချက်များကို လော့ချန်အား တစ်ခုမကျန် သေသေချာချာ ရှင်းပြလိုက်သည်။

စကားအဆုံးသတ်ခါနီးတွင် သူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

"တကယ်လို့ သွေးမိစ္ဆာဆေးလုံး ၅၀ လောက်သာ ရှိမယ်ဆိုမယ်.... ငါ တစ်ချက်တည်းနဲ့ သွေးမြစ်အဆင့်ရဲ့ အလယ်ပိုင်းကို ကျော်လွန်သွားနိုင်လိမ့်မယ်.... အဲ့အခါကျရင် ငါ့ရဲ့ အာရုံကို စွမ်းအားလေးရပ်အပေါ်မှာ ထားလိုက်ရုံပဲ"

"ဟောဗျာ.... အဲ့လောက်အထိ ဆေးစွမ်းထက်တာလား...."

လော့ချန် လက်လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ သူ မင်ရည်များ ခြောက်သွေ့သွားစေရန် မှုတ်လိုက်ပြီး ဆေးလုံးစမ်းသပ်မှု မှတ်တမ်းကို သေသေချာချာ သိမ်းဆည်းလိုက်သည်။

ဝမ်ယွမ်က ဆက်ပြောလေသည်။

"ခန္ဓာကိုယ်ကျင့်ကြံခြင်း သွေးမြစ်အဆင့်ရဲ့ အစောပိုင်းနဲ့ အလယ်ပိုင်း ကျင့်ကြံခြင်း လမ်းကြောင်းကိုတော့ မင်း သိပြီးသားပဲ မဟုတ်လား"

ခန္ဓာကိုယ် ကျင့်ကြံခြင်းတွင် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း၊ အရိုးအကြောပြောင်းလဲခြင်းနှင့် ရိုးတွင်းခြင်ဆီဆေးကြောခြင်းတို့သည် သွေးမြစ်အဆင့်ဦး ဖြစ်သည်။ သွေးကြောဖွင့်လှစ်ခြင်းနှင့် အာရုံခံပေါက်ဖွင့်လှစ်ခြင်းတို့မှာမူ သွေးမြစ်အဆင့်လတ် ဖြစ်သည်။ ဤအသေးစား အဆင့်ငါးခုသည် သွေးမြစ်အဆင့်၏ အစောပိုင်းနှင့် အလယ်ပိုင်း အဆင့်ငါးခု ဖြစ်သည်။ လော့ချန် ထိုအရာများကို ကောင်းစွာ နားလည်ထား၏။ သူကိုယ်တိုင်လည်း အခြေတည်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် အရိုးအကြောပြောင်းလဲခြင်းနှင့် ရိုးတွင်းခြင်ဆီဆေးကြောခြင်းဟူသော အဆင့်များကို ပြီးဆုံးခဲ့ပြီး ဖြစ်သည်။ သူနေ့စဉ် လေ့ကျင့်နေသော ကိုယ်တွင်းအင်္ဂါငါးပါး ပြုစုပျိုးထောင်ခြင်း လက်ဝါးအတတ်သည်လည်း သူ၏ ကိုယ်တွင်းအင်္ဂါများကို သန့်စင်စေပြီး ဓာတ်ငါးပါးကို မွေးမြူနေခြင်း ဖြစ်သည်။ သွေးကြောဖွင့်လှစ်ခြင်းနှင့် အာရုံခံပေါက်ဖွင့်လှစ်ခြင်းတို့ကိုလည်း သူ အနည်းငယ် ထိတွေ့ဖူးသည်။ အထူးသဖြင့် သွေးကြောဖွင့်လှစ်ခြင်း အဆင့်တွင်မူ ပြည့်စုံသွားခဲ့ပြီဖြစ်သော ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်သည် လက်ရှိအချိန်အထိ ခန္ဓာကိုယ်အတွင်းရှိ အကြောလမ်းကြောင်းများကို မမောမပန်း ဖွင့်လှစ်ပေးနေဆဲ ဖြစ်သည်။

ဝမ်ယွမ် ဆက်ပြောလိုက်သည်။

"ငါ့ရဲ့ ခန္ဓာကိုယ် အပြင်ပန်းကတော့ စောစောကတည်းက ပြည့်စုံနေခဲ့ပြီ.... နတ်ဘုရားတို့ မိစ္ဆာဖြိုခွင်းအတတ်ကို လေ့ကျင့်တာက ငါ့ကို အာရုံခံပေါက် တစ်ဝက်ကျော်လောက် ပွင့်စေခဲ့တယ်.... အခြေတည်အဆင့်ကို ရောက်ပြီးတဲ့နောက် ငါ နောက်တစ်ကြိမ် အရိုးအကြောပြောင်းလဲခြင်းနဲ့ ရိုးတွင်းခြင်ဆီဆေးကြောခြင်းကို လုပ်ဆောင်ခဲ့လို့ ကိုယ်တွင်းအင်္ဂါတွေကလည်း ပြီးပြည့်စုံအဆင့်ကိုရောက်နေပြီ.... ဒီသွေးမိစ္ဆာဆေးလုံးက ပြင်းထန်လှတဲ့ သွေးစွမ်းအားတွေနဲ့ အနှိုင်းမဲ့တဲ့ သွေးဓာတ်တွေပါနေတာကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း အကြောလမ်းကြောင်းတွေကို လုံးဝ ဆေးကြောပေးနိုင်တယ်.... ဒါက သွေးကြောဖွင့်လှစ်ခြင်း အဆင့်အတွက်တော့ တကယ့်ကို နတ်ဆေးတစ်လက်ပဲ"

လော့ချန် ဆေးနည်းပေါ်ရှိ မှတ်တမ်းများကို ပြန်လည် တွေးတောမိသည်။ ၎င်းအတွင်း၌လည်း ဤဆေးလုံးသည် သွေးချီစွမ်းအင်များ လျှံထွက်နေပြီး သွေးကြောအားလုံးကို ပွင့်စေနိုင်သည်ဟု သေချာပေါက် မှတ်တမ်းတင်ထားသည်။

"လော့ချန်.... မင်းက ချီစွမ်းအားကို အဓိကကျင့်ကြံတယ်ဆိုပေမယ့် ငါ့အနေနဲ့တော့.... မင်းကိုလည်း သွေးမိစ္ဆာဆေးလုံး သုံးစွဲကြည့်ဖို့ အကြံပြုချင်တယ်"

"အကြောအားလုံး ပွင့်သွားပြီးတဲ့နောက်.... သွေးစွမ်းအားကို ထိန်းချုပ်တာပဲဖြစ်ဖြစ်၊ ချီစွမ်းအားကို ထိန်းချုပ်တာပဲဖြစ်ဖြစ်၊ အားလုံးမှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိလိမ့်မယ်.... ဥပမာ...."

စကားပြောဆိုရင်းနှင့်ပင် ဝမ်ယွမ် လက်ကို မြှောက်လိုက်ပြီး လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ သွေးရောင်အလင်းတန်းတစ်ခု ရုတ်ချည်းပင် ထွက်ပေါ်လာခဲ့သည်။

လော့ချန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရသည်။

"သွေးဘေးဒုက္ခလက်ညှိုး"

"ဟုတ်တယ်"

ဝမ်ယွမ် အနည်းငယ် ပြုံးလိုက်သည်။

"ငါ အရင်က အချိန်ပေးပြီး ထုတ်ဖော်ရတဲ့ သတ်ကွက်ကို အခုတော့ ချက်ချင်း ထုတ်ဖော်နိုင်ပြီလေ.... ဟဲဟဲ.... မင်း မထင်ထားဘူး မဟုတ်လား...."

လော့ချန် အမှန်တကယ်ပင် အံ့ဩသွားရသည်။ ဤစွမ်းအားကြီးမားလှသော သတ်ဖြတ်ခြင်းမှော်အတတ်၏ စွမ်းအားကို သူ ကောင်းကောင်းသိသည်။ သို့သော် ယခင်က ဝမ်ယွမ် ဤမျှလောက်အထိ လွယ်ကူစွာ မလုပ်ဆောင်နိုင်ခဲ့ချေ။

သူ ရေရွတ်မိသည်။

"ဒါက သွေးကြောတွေ ပွင့်သွားခြင်းရဲ့ အကျိုးကျေးဇူးပေါ့"

"မင်း မြင်ရတဲ့အတိုင်းပဲ.... ငါ အခု လောလောဆယ် အစိတ်အပိုင်းတစ်ခုပဲ ဖွင့်လှစ်နိုင်သေးတာ.... အားလုံးသာ ဖွင့်ပြီးသွားရင် ဘယ်လောက်တောင်ဖြစ်လာမလဲ မင်းစဉ်းစားကြည့်...."

ဝမ်ယွမ်သည် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြည့်နှက်နေသည့် သွေးရောင်အလင်းတန်းကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

လော့ချန် နားထောင်ပြီးနောက် စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာရသည်။ သူသည်ကို ထိုကဲ့သို့သော သွေးကြောပွင့်သွားပြီးနောက် ရရှိလာမည့် ခံစားချက်ကို ခံစားလိုသည်။

ဆေးလုံးများနှင့် ပတ်သက်သော စကားဝိုင်းမှာ ဤနေရာတွင်ပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝမ်ယွမ် ဆက်လက်၍ လော့ချန်၏ မကြာသေးမီက လှုပ်ရှားမှုများကို စိတ်ဝင်တစား မေးမြန်းလာခဲ့သည်။

"ဟုတ်သားပဲ.... ငါ နားမလည်နိုင်တဲ့ အချက်တစ်ခု ရှိသေးတယ်…. ဒီတစ်ကြိမ် ဂုဏ်ပြုပွဲကို ဒီလောက်အထိ အကြီးအကျယ် ကျင်းပတာက.... မင်းရဲ့ စရိုက်နဲ့ သိပ်ပြီး မကိုက်ဘူးနော်"

"အို"

လော့ချန်က ဝမ်ယွမ်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်။

"ဒါဆို အစ်ကိုကြီးက ကျွန်တော့် စရိုက်ကို ဘယ်လိုမျိုး ထင်လို့လဲ"

ဝမ်ယွမ် သဘာဝကျစွာ ပြောလိုက်သည်။

"မင်း အဖွဲ့အစည်းတွေ အများကြီးကို ဖိတ်ကြားပြီး စီမာဟွေ့နန်ရဲ့ ဂုဏ်ပြုပွဲကို ကျင်းပတာက အရမ်း စွမ်းအားပြရာ ရောက်နေတယ်.... အရင်က မင်းအမြဲတမ်း ခြေလှမ်းတစ်လှမ်းချင်းစီကို သေသေချာချာ လှမ်းခဲ့တာလေ၊ ကျောက်စိမ်းအမြုတေဆေးလုံးစီးပွားရေးကိုပဲ ကြည့်ပါဦး.... မင်း အစပိုင်းမှာ ဖြည်းဖြည်းချင်းနဲ့ တိတ်တဆိတ်ပဲ ချဲ့ထွင်ခဲ့တာလေ.... နောက်ဆုံးကျမှ ကျန်းမျိုးနွယ်စုနဲ့ လက်တွဲပြီး တခြားပြိုင်ဘက်တွေကို မောင်းထုတ်ခဲ့တာမဟုတ်လား.... ပြီးတော့...."

ဤနေရာသို့ ရောက်သောအခါ သူ အနည်းငယ် တုံ့ဆိုင်းသွားရသည်။ အကြောင်းမှာ တာဟဲဈေးမြို့တော်တွင်ရှိစဉ်က အချိန်ကာလကို သတိရလိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုစဉ်က လော့ချန် အခြေတည်အဆင့် တက်လှမ်းပြီးနောက်တွင်လည်း အရပ်ရှစ်မျက်နှာမှ အစွမ်းထက်သူများကို ဖိတ်ကြားကာ အခြေတည်ဂုဏ်ပြုပွဲကျင်းပခဲ့ဖူးသည်။

"ဟားဟားဟား...."

လော့ချန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကျွန်တော်က အခုထိ မပြောင်းလဲသေးပါဘူးဗျာ…. ပြောင်းလဲသွားတာက ပတ်ဝန်းကျင်နဲ့ အခြေအနေတွေပါ"

သူ အရက်ခွက်ကို ကိုင်ကာ ထရပ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ခွက်ကို မြှောက်ကာ တာဟဲဈေးမြို့တော် ရှိရာ အရပ်ဆီသို့ လှမ်း၍ ညွှန်ပြလိုက်သည်။

"ဟိုးအရင် အချိန်တုန်းက.... အစ်ကိုဝမ်နဲ့ ကျွန်တော် အားနည်းခဲ့ကြတယ်၊ ဒါကြောင့်မို့လို့ ခြေလှမ်းတိုင်းကို သေချာ တွက်ချက်ပြီး လှမ်းခဲ့ရတာ.... ကျွန်တော် အခြေတည်အဆင့်တက်လှမ်းပြီးတဲ့နောက် အစ်ကိုလည်း အခြေတည်အဆင့်ကျင့်ကြံသူတွေကို ရင်ဆိုင်နိုင်တဲ့ စွမ်းအား ရှိလာတဲ့ အချိန်မှာတော့ ရဲရဲဝံ့ဝံ့နဲ့ ရှေ့ကို ချီတက်ရတော့မှာပေါ့.... နေရာ ပြောင်းသွားပေမယ့်.... ရည်ရွယ်ချက်ကတော့ အတူတူပါပဲ"

လော့ချန် အရက်ခွက်ကို ပြန်လှည့်လိုက်ပြီး ထျန်းလန်နတ်ဘုရားမြို့တော်ဆီသို့ ညွှန်ပြလိုက်သည်။

သူ သေသေချာချာ ရှင်းပြနေပြီး သူ၏ အမူအရာမှာ အလွန်အမင်း ယုံကြည်ချက် ရှိကာ တည်ငြိမ်လှသည်။

"ထျန်းလန်ကို ရောက်ခါစက.... လော့ထျန်းအဖွဲ့မှာ ကျွန်တော် တစ်ယောက်တည်းပဲ အခြေတည်အဆင့်ကျင့်ကြံသူ ရှိခဲ့တာ.... ဘာစီးပွားရေးပဲ လုပ်လုပ် အဟန့်အတားတွေ၊ ထိန်းချုပ်မှုတွေက အများကြီး ရှိခဲ့တယ်.... အဲ့အခြေအနေမျိုးအောက်မှာ.... ဘယ်လိုလုပ်ပြီး သေသေချာချာ မလုပ်ဆောင်ဘဲ၊ ဖြည်းဖြည်းချင်း မစီစဉ်ဘဲ နေလို့ရမလဲ.... ဒါပေမယ့် အခုကတော့ အခြေတည် နှောင်းပိုင်း ကျင့်ကြံသူကြီးတွေ ရှိတဲ့ အဖွဲ့အစည်းတွေကို ဖယ်ထားရင်၊ ဒီထျန်းလန် နတ်ဘုရားမြို့တော်မှာ ဘယ်မျိုးနွယ်စုက ကျွန်တော်တို့ လော့ထျန်းအဖွဲ့ကို ယှဉ်နိုင်ဦးမလဲ"

ဤစကားများကို ကြားပြီးနောက် ဝမ်ယွမ်လည်း အနည်းငယ် တွေးတောမိသွားရသည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ စမ်းသပ်သည့် အနေဖြင့် ပြောလိုက်သည်။

"ဒါကြောင့်.... အခုအချိန်မှာ ငါတို့လည်း ရဲရဲဝံ့ဝံ့နဲ့ လောကကြီးကို လွှမ်းမိုးရတော့မယ်ပေါ့"

လော့ချန် သူ၏ ခွက်ထဲရှိ လက်ကျန်အရက်ကို မော့ပစ်လိုက်ပြီး မျက်လုံးများ တောက်ပနေခဲ့သည်။

"ဒါပေါ့ဗျာ.... ကျွန်တော်တို့ လော့ထျန်းအဖွဲ့ ကျင့်ကြံသူတွေက သေးငယ်လှတဲ့ ဈေးမြို့တော်လေးထဲကနေ ထွက်လာကြတာ၊ အားလုံးက စိတ်ဝိညာဉ်တစ်ခုတည်းနဲ့.... စည်းလုံးမှုက တော်တော် အားကောင်းတယ်၊ ပြီးတော့ အခြေတည်အဆင့်ကျင့်ကြံသူ ငါးဦးတောင်မှ ဒန်ရှားတောင်မှာ အခြေစိုက်နေပြီ.... ဒါတင်မကသေးဘူး နောက်မှာလည်း ရွှေအမြုတေဂိုဏ်းကြီးဖြစ်တဲ့ ရေခဲခံတပ်က ပံ့ပိုးပေးထားသေးတယ်.... ဒီလို အခြေအနေမျိုးအောက်မှာမှ ကြောက်ရွံ့တုန်လှုပ်နေပြီး ရှေ့မတိုးဘဲ နေမယ်ဆိုရင်တော့ ဆန့်ကျင်ဘက်အနေနဲ့ ဆုတ်ယုတ်လာပြီး တခြားသူတွေရဲ့ အထင်အမြင်သေးခြင်းကို ခံရလိမ့်မယ်"

မည်သို့သော စွမ်းအားမျိုး ရှိလျှင် မည်သို့သော လုပ်ဆောင်မှုမျိုး ရှိသင့်သည်။ ဤအရှေ့ပိုင်းလွင်ပြင်ကျင့်ကြံခြင်းလောကတွင် မည်သည့်ချီသန့်စင်အဆင့် အင်အားစုကမျှ ဝင့်ကြွားနေသည်ကို မကြားဖူးသလို မည်သည့်ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးကမျှလည်း နူးညံ့သိမ်မွေ့စွာ နေထိုင်သည်ကို မကြားဖူးချေ။ လော့ချန်၏ ဤစကားများသည် အရာရာကို မီးမောင်းထိုးပြလိုက်ခြင်းပင်။ ပြောင်းလဲသွားသည်မှာ သူ၏စိတ်နေစိတ်ထား မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ပြင်ပ ပတ်ဝန်းကျင်က သူတို့၏ ကိုယ်ပိုင် စွမ်းအားအပေါ် ပေးစွမ်းလာသည့် အမျိုးမျိုးသော တုံ့ပြန်မှုများသာ ဖြစ်သည်။

ဝမ်ယွမ်သည် လူအတစ်ယောက် မဟုတ်ချေ။ သူ ဤအရာများကို သေသေချာချာ တွေးတောရန် ပျင်းရိနေခြင်းမျှသာ ဖြစ်သည်။ ယခု သေသေချာချာ စဉ်းစားကြည့်လိုက်ရာ မျက်နှာပေါ်တွင် သဘောတူညီသည့် အမူအရာ ထွက်ပေါ်လာခဲ့သည်။

အကယ်၍ လော့ထျန်းအဖွဲ့သာ ယခင်ကလိုမျိုး သိုသိုသိပ်သိပ် လှုပ်ရှားနေဦးမည် ဆိုပါက ဆန့်ကျင်ဘက်အနေဖြင့် လူအများ၏ အထင်သေးခြင်းကို ခံရနိုင်သလို မလိုအပ်သော အထင်လွဲမှားမှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ အချို့သော မဖြစ်သင့်သော အငြင်းပွားမှုများနှင့် ပဋိပက္ခများသည်လည်း အခြားသူများက လော့ထျန်းအဖွဲ့၏ စွမ်းအားကို တိကျစွာ မတွက်ချက်နိုင်ခြင်းကြောင့် မကြာခဏ ဖြစ်ပွားလာပေလိမ့်မည်။ လူတစ်ယောက်သည် မိမိ၏ အဆင့်အတန်းကို သေသေချာချာ သတ်မှတ်ထားရမည် ဖြစ်သလို အခြားသူများကိုလည်း သိရှိအောင် လုပ်ဆောင်ရန် လိုအပ်သည်။ ယခုအခါ လော့ထျန်းအဖွဲ့သည် အစွမ်းထက်လှသော နေရာတစ်ခုတွင် ခိုင်မာစွာ ရပ်တည်နေခဲ့ပြီ ဖြစ်သည်။

ဝမ်ယွမ်တစ်ယောက် အတွေးနက်နေသည်ကို ကြည့်ရင်း လော့ချန် မပြုံးဘဲ မနေနိုင်တော့ချေ။ သူ ပြောဆိုခဲ့သည်မှာ ယေဘုယျ မဟာဗျူဟာမျှသာ ဖြစ်သည်။ ဤဂုဏ်ပြုပွဲ၏ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍မူ ပြောစရာများစွာ ရှိသေးသည်။ ဤဂုဏ်ပြုပွဲသည် မဟာမိတ်နှင့် ရန်သူကို ကောင်းစွာ ခွဲခြားပေးလိမ့်မည်ဖြစ်ပြီး ထျန်းလန်နတ်ဘုရားမြို့တော်အတွင်း လော့ထျန်းအဖွဲ့၏ ရပ်တည်ချက်ကို ခိုင်မာစေကာ မကြာသေးမီက ရရှိထားသော အကျိုးအမြတ်များကို ထိတွေ့ကိုင်တွယ်၍ရသော အရာများအဖြစ် ပြောင်းလဲပေးလိမ့်မည် ဖြစ်၏။ သူ ဖိတ်ကြားခဲ့သော အဖွဲ့အစည်းတိုင်းမှာ အလကား ဖိတ်ကြားခံခဲ့ရခြင်း မဟုတ်ချေ။

အချို့က မဟာမိတ်များ ဖြစ်လာပြီး အချို့ကိုမူ ရန်သူများအဖြစ် စောစီးစွာ သိရှိရတော့မည်ဖြစ်သည်။ အချို့မှာ လော့ထျန်းအဖွဲ့၏ အနာဂတ် စီးပွားရေးမိတ်ဖက်များ ဖြစ်လာနိုင်သည်။ အကယ်၍ ဤဂုဏ်ပြုပွဲက ထိုကဲ့သို့သော ဆက်ဆံရေးများကို တစ်ရက်တည်းဖြင့် ခိုင်မာအောင် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက နောင်တွင် တိုင်းတာ၍မရနိုင်လောက်သော ဒုက္ခများကို သက်သာစေပေလိမ့်မည်။

ထိုဝိညာဉ်ကျောက်တုံး သောင်းဂဏန်း သိန်းဂဏန်းနှင့် သက်ဆိုင်သော စီးပွားရေးများကို တိုတောင်းလှသော တစ်ရက်အတွင်း သတ်မှတ်ရန်မှာ အနည်းငယ် စိတ်ကူးယဉ်ဆန်နေသလော။ အချို့သူများအတွက်မူ ထိုသို့ ဖြစ်နေနိုင်သော်လည်း လော့ချန်အတွက်မူ ၎င်းက လုံးဝ ဖြစ်နိုင်ချေ ရှိသောအရာ ဖြစ်ပေသည်။ အရေးကြီးဆုံး အချက်မှာ လော့ထျန်းအဖွဲ့အနေဖြင့် အခြားသူများ၏ စွမ်းအားကို အသုံးချကာ မိမိကိုယ်ကိုယ် မြှင့်တင်နိုင်ခြင်း ဖြစ်သည်။

"ရောက်သင့်တဲ့ လူတွေ.... အားလုံး ရောက်လာဖို့ မျှော်လင့်ရတာပဲ"

လော့ချန် တိုးတိုးလေး ရေရွတ်မိလိုက်သည်။

သူ၏ နက်မှောင်လှသော မျက်လုံးများအတွင်း၌ မနက်ဖြန် ဂုဏ်ပြုပွဲအတွက် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။

....

"ဟေ့.... ကြားပြီးပြီလား.... ဒန်ရှားလော့ထျန်းက အခြေတည်အထိမ်းအမှတ် ဂုဏ်ပြုပွဲ ကျင်းပတော့မယ်တဲ့...."

"မကြားဘဲ နေမလား.... လွန်ခဲ့တဲ့ တစ်လကတည်းက တစ်မြို့လုံးမှာ ဟိုးဟိုးကျော်နေတာပဲဥစ္စာ...."

"သာမန် အခြေတည်အဆင့်တက်လှမ်းတာလေးကို ဒီလောက်အထိ ခဆူညံပွက်လောရိုက်အောင် လုပ်နေရသလားကွာ.... ဒီလော့ထျန်းအဖွဲ့ကတော့ တကယ်တောကလာတဲ့ အဖွဲ့လေးပဲ၊ ဘာအခြေခံအုတ်မြစ်မှ ရှိမယ်မထင်...."

"အာ.... ငကျောက် မင်း ဘယ်တုန်းကစပြီး လေကြီးမိုးကြီးပြောတတ်သွားတာလဲ...."

"ဟေ့ကောင်.... ငါက အခြေတည်အဆင့်ကျင့်ကြံသူ မဟုတ်ပေမယ့် ငါ အခြေတည်အဆင့်ကျင့်ကြံသူတွေကို မမြင်ဖူးတာမှ မဟုတ်တာ.... ရွှေအမြုတေ အဆင့်ရှိတဲ့ လူကြီးမင်းတွေကိုတောင် ငါ အများကြီး မြင်ဖူးတယ်...."

"ဒါဆို ခဏနေရင် ငါတို့တွေ ဒန်ရှားတောင်ဘက်ကို သွားစပ်စုမလို့.... မင်း ကျန်ခဲ့မလား...."

"ဘာကိစ္စ ကျန်ခဲ့ရမှာလဲ.... ဒီလိုရှားရှားပါးပါး ပွဲလမ်းသဘင် ရှိတာကို သွားကြည့်ရမှာပေါ့...."

အထက်ပါ စကားဝိုင်းသည် ချီသန့်စင်အဆင့်ရှိသော တစ်ကိုယ်တော် ကျင့်ကြံသူ နှစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဤအကြောင်းပြောဆိုနေကြသူမှာ သူတို့နှစ်ဦးတည်း မဟုတ်ချေ။ ထျန်းလန်နတ်ဘုရားမြို့တော်ကြီးတစ်ခုလုံးတွင် စူးစမ်းလိုစိတ်အပြည့်ရှိသော ကျင့်ကြံသူ အမြောက်အမြားသည် ဒန်ရှားတောင်ရှိရာအရပ်သို့ ဦးတည် လာနေကြပြီဖြစ်သည်။ လူတိုင်းက သာမန် အခြေတည် အဖွဲ့အစည်းတစ်ခုအနေဖြင့် ဤဂုဏ်ပြုပွဲကို မည်သို့ ကျင်းပမည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုကျသည်။

မြို့အတွင်းရှိ ဒေသခံအများစုအတွက်မူ အခြေတည်အဆင့် အောင်ပွဲအခမ်းအနားတစ်ခုကို မြင်တွေ့ရခြင်းမှာ ထူးဆန်းလှသောအရာ မဟုတ်ချေ။ သို့သော်လည်း ယခုကဲ့သို့ ကြီးကျယ်ခမ်းနားလှသော အတိုင်းအဆဖြင့် အုန်းအုန်းကျွက်ကျွက် ကျင်းပသည်ကိုမူ သူတို့ တစ်ခါမှ မမြင်ဖူးကြချေ။

....

ကျောက်သုန်းချွမ်းနှင့် သူ၏ သူငယ်ချင်း ဝမ်ခယ်တို့ ဒန်ရှားတောင်သို့ ရောက်ရှိသည့် အချိန်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မှင်သက်သွားခဲ့ရတော့သည်။

တွေ့ရှိရသည်မှာ တောင်ခြေတစ်ခွင်လုံး တစ်ကိုယ်တော်ကျင့်ကြံသူများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် လူပေါင်း ရာချီ ရှိနေခဲ့သည်။ ထိုမျှမကသေးဘဲ လူဦးရေမှာ ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။

ကျောက်သုန်းချွမ်း အနည်းငယ် အံ့ဩသွားရသည်။

"ဟ.... လူတွေ အဲ့လောက်တောင် ပွဲငတ်နေကြတာလား...."

သူ၏ သူငယ်ချင်း ဝမ်ခယ်က တဟီးဟီး ရယ်မောလိုက်သည်။

"ငကျောက်ရာ…. တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ ဘဝက ပင်ပန်းလှတယ်ဆိုတာ မင်းမသိတာလဲမဟုတ်…. ဒီလိုမျိုး ပွဲလမ်းသဘင်ကို ဘယ်သူက လာပြီး မကြည့်ဘဲ နေမလဲ...."

ဘေးနားရှိ လူတစ်ယောက်ကလည်း စကားတစ်ခွန်း ဝင်ပြောလိုက်သည်။

"လော့ထျန်းအဖွဲ့က ရန်သူ အများကြီး ရှိတာလေ.... စကားမစပ် ဒီနေ့မှာ ပွဲကျင်းပရင်း ထသတ်ကြတာမျိုးလည်း ရှိလာနိုင်တယ်နော်…."

ကျောက်သုန်းချွမ်းနှင့် ဝမ်ခယ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပိုမို၍ စိတ်လှုပ်ရှားသွားကြသည်။ သူတို့ စောင့်ဆိုင်းနေကြသည့် အချိန်တွင် ဒန်ရှားတောင်ခြေရှိ ပိယိုတောင်ကြားသည်လည်း မည်သည့်အချိန်က စတင်ဖွင့်လှစ်လိုက်သည်မသိဘဲ ဈေးဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ လမ်းမများဘေးတွင် ဆိုင်ခန်းအမြောက်အမြား စီတန်းဖွင့်လှစ်ထားကြပြီး လော့ထျန်းအဖွဲ့၏ အထူးထုတ်ကုန်များကို ရောင်းချနေကြ၏။

နတ်ပဲလှော်များ၊ ပြောင်းဖူးပေါက်ပေါက်များ၊ နို့လက်ဖက်ရည်များ စသဖြင့် စုံလင်လှသည်။ ဈေးလည်း မကြီးလှချေ။ ဝိညာဉ်ကျောက်တုံး တစ်တုံး နှစ်တုံးမျှဖြင့် အမြောက်အမြား ဝယ်ယူနိုင်သည်။

ပွဲလာကြည့်သော ကျင့်ကြံသူများမှာ တန်းစီ၍ အမြောက်အမြား ဝယ်ယူကြပြီး လက်ထဲတွင် ပွေ့ပိုက်ထားကာ စားသောက်ရင်း၊ စကားပြောဆိုရင်းဖြင့် ဂုဏ်ပြုပွဲ စတင်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

ဒန်ရှားတောင်ခြေတစ်ခွင်လုံး စကားသံများ၊ ရယ်မောသံများဖြင့် ဆူညံပွက်လောရိုက်နေခဲ့ပြီး အလွန် စည်ကားနေခဲ့သည်။

....

အချိန်သည် နံနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။

ဂုဏ်ပြုပွဲသို့ ပထမဆုံး တက်ရောက်မည့် အဖွဲ့အစည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

စိမ်းပြာရောင် လှေပျံကြီးသည် မိုးတိမ်များကို ခွင်းကာ ခမ်းနားထည်ဝါစွာ ပျံသန်းလာခဲ့သည်။ လှေဦးပိုင်းတွင် ခန့်ညားလှသော သတ်လယ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လက်များကို နောက်ပစ်ကာ ရပ်နေပြီး ဝတ်ရုံစများမှာ လေတွင် လွင့်ပျံနေခဲ့သည်။

တောင်ခြေရှိ ကျင့်ကြံသူများ အားလုံး ခေါင်းမော့၍ ကြည့်လိုက်ကြသည်။

"ဟင်.... ဒါက ရွှီချန်တောင်က မျိုးနွယ်စုခေါင်းဆောင် ဝေပုဖန် မဟုတ်ဘူးလား"

"ဟုတ်တယ် သူ ဘာလို့ လာတာလဲ...."

"ငါ မှတ်မိသလောက်ဆိုရင်.... အရင် ချင်းဟွာမြစ်တိုက်ပွဲတုန်းက ဝေမျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံး အကြီးအကဲ ဝေထော်က လော့ထျန်းအဖွဲ့ခေါင်းဆောင်လက်ချက်နဲ့ သေသွားတာ မဟုတ်ဘူးလား"

"ငါလည်း မှတ်မိတယ်.... အဲ့တိုက်ပွဲကြောင့်ပဲ လော့ထျန်းအဖွဲ့ခေါင်းဆောင်က မီးနတ်ဘုရားလော့ဆိုပြီး ကျော်ကြားသွားတာလေ...."

"အစ်ကိုကြီးဝေပုဖန်က.... လော့ထျန်းအဖွဲ့ရဲ့ အခြေတည်အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ကိုယ်တိုင် တက်ရောက်တယ်ဆိုတော့ နှစ်ဖက်စလုံးက ရန်ငြိုးတွေ မရှိတော့တာလား...."

"ဟီးဟီး.... မင်းတို့ မသိဘူးမလား.... အဲ့ဒီစစ်ပွဲ မပြီးခင်ကတည်းက ရွှီချန်တောင် ဝေမျိုးနွယ်စုက ခေါင်းငုံ့ အရှုံးပေးခဲ့တာ၊ အဲ့အတွက် စစ်ပွဲလျော်ကြေး အများကြီးတောင် ပေးခဲ့ရသေးတယ်...."

"မိတ်ဆွေ.... ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲဗျာ.... ခင်ဗျား ဒီလို အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေကို ဘယ်ကနေ ကြားလာတာလဲ"

မေးမြန်းခြင်း ခံလိုက်ရသော ကျင့်ကြံသူမှာ ပျာပျာသလဲဖြစ်သွားပြီး လျင်မြန်စွာ ဝင်ပြောလိုက်သည်။

"ဒါက လုံးဝ ကောလာဟလ မဟုတ်ဘူး.... ငါ့ ညီတစ်ဝမ်းကွဲက လော့ထျန်းအဖွဲ့ရဲ့ အပြင်စည်းတပည့်တစ်ယောက်လေ.... သူ ကိုယ်တိုင် ပြောပြတာ.... ပြောရရင် အဲ့တုန်းက ဝေမျိုးနွယ်စုက ဒုတိယအကြီးအကဲကို လွှတ်ပြီး.... ဝိညာဉ်ကျောက်တုံးသိန်းချီရယ် အခြေတည်ဆေးလုံးတစ်လုံးရယ်နဲ့အတူ လာပြီးငြိမ်းချမ်းရေးယူသွားတာတဲ့"

သို့သော် မမျှော်လင့်ဘဲ သူ ဤသို့ ပြောလိုက်သောအခါ အခြားသူများက ပို၍ပင် မယုံကြည်ကြတော့ချေ။

"မင်း ပြောတာက ပိုပြီးတော့တောင် စိတ်ကူးယဉ်ဆန်နေပြီ.... သိန်းဂဏန်း ဟုတ်လား.... ဝေမျိုးနွယ်စုတစ်ခုလုံးကို ရောင်းရင်တောင်မှ ဒီလောက် ငွေအများကြီး မရှိဘူး...."

"အလကား လျှောက်ပြောနေတာ.... အဲ့လိုသာဆိုရင် ငါ့ရဲ့ အိမ်နီးနားချင်းကလည်း လော့ထျန်းအဖွဲ့ထဲ​ ဝင်ထားတာပဲ.... အဲ့ကလေးမ ပြောတာကတော့ လော့ထျန်းအဖွဲ့ရဲ့ မီးနတ်ဘုရားလော့က အစ်ကိုကြီးဝေပုဖန်ကို ကိုယ်တိုင် သွားဖိတ်ကြားခဲ့တာတဲ့...."

လူတိုင်း ဝိုင်းရယ်ကြသည်။ မည်သူမျှ ထိုစကားကို မယုံကြည်ကြချေ။ အစွမ်းထက်လှသော မီးနတ်ဘုရားလော့သည် အဘယ်ကြောင့် ထိုမျှ ကိုယ်တိုင်ဝင်ပါနေပါမည်နည်း။

လူတိုင်း ဟားတိုက်ရယ်မောနေကြစဉ် ရွှီချန်တောင်၏ လှေပျံသည် ဒန်ရှားတောင်နှင့် နီးကပ်လာခဲ့ပြီ ဖြစ်သည်။ လှေပျံသည် လော့ထျန်းအဖွဲ့က ပြင်ဆင်ထားသည့် ကျယ်ပြန့်လှသော မြေကွက်လပ်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။

ထိုအခိုက်အတန့်၌ ဒန်ရှားတောင်ပေါ်တွင် မသိမသာဖြင့် ရောင်စုံမိုးတိမ်များ စုစည်းလာခဲ့သည်။

ထို့နောက် ကျင့်ကြံသူ အမြောက်အမြား၏ အကြည့်များအောက်တွင် မြူခိုးများဖြင့် ဖွဲ့စည်းထားသော တံတားတစ်စင်းသည် အထက်မှ အောက်သို့ ကွေ့ကောက်၍ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ ရှိနေခဲ့သည်။

ရောင်စုံအလင်းတန်းများမှာ တံတားကို ဝန်းရံထားသည်။ အဝေးမှ ကြည့်လျှင် ထိုမြင်ကွင်းသည် တောင်တန်းကြီးတစ်ခုလုံးကို သက်တံကြီးတစ်ခုဖြင့် လွှမ်းခြုံထားသကဲ့သို့ ထင်မှတ်ရပေသည်။

လှေဆင်းသက်ရာနေရာတွင် ဝေပုဖန်သည် ဒုတိယအကြီးအကဲ ဝေဖျင်အန်းနှင့် မျိုးနွယ်စုအတွင်းရှိ ငယ်ရွယ်သော မျိုးဆက်ဖြစ်သော ဝေယွင်ကောင်းတို့ကို ခေါ်ဆောင်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူ ဘေးပတ်ဝန်းကျင်ရှိ စိတ်ဝင်တစား ကြည့်ရှုနေကြသော လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ မပြောဆိုခဲ့ဘဲ ထိုနှစ်ဦးနှင့်အတူ သက်တံ့တံတားပေါ်သို့ လှမ်းတက်လိုက်သည်။

သူတို့ သုံးဦး၏ ပုံရိပ်များ သက်တံ့တံတား အလွန်ရှိ မြူခိုးများအတွင်းသို့ ပျောက်ကွယ်သွားသည်နှင့်အမျှ ကြီးကျယ်ခမ်းနားလှသော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ရွှီချန်တောင်ရဲ့ အကြီးအကဲ ဝေပုဖန်ကို ဒန်ရှားလော့ထျန်းကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်...."

ထိုအသံသည် လွင့်ပျံနေပြီး ကောင်းကင်ယံမှ ဆင်းသက်လာသကဲ့သို့ ရှိနေခဲ့သည်။ သို့သော် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး နားစည်နားမှ ကပ်ပြောနေသကဲ့သို့ ခံစားရစေသည်။ လူအုပ်ကြီးမှာ ဤအခြေအနေကို ကြည့်ရင်း ဆွံ့အသွားရသည်။

"တကယ့်ကို ခမ်းနားတဲ့ အစီအရင်ပဲ...."

"ဒါက ဘာအစီအရင်လဲ.... အဲဒီသက်တံ့တံတားကြီးက တကယ့်ကို အံ့မခန်းပဲ...."

"ဒါက လော့ထျန်းအဖွဲ့ရဲ့ ကျော်ကြားလှတဲ့ ခုနစ်ရောင်ခြယ် ဒန်ရှားအစီအရင်ကြီး မဟုတ်ဘူးလား...."

"သေချာပေါက် ဟုတ်မှာပါ....ကြားရသလောက်ဆိုရင်.... ဒီအစီအရင်ကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က မင်မျိုးနွယ်စုရဲ့ အစီအရင်ကြီးကို ပြုပြင်မွမ်းမံထားတာတဲ့၊ အစီအရင်က အရင်ကထက် ပိုအားကောင်းလာရုံတင်မကဘဲ.... အခြေတည်အဆင့်ကျင့်ကြံသူတွေကိုပါ အလွယ်လေး သတ်ဖြတ်နိုင်တဲ့ စွမ်းအား ရှိတယ်လို့ ဆိုကြတယ်"

"ကျွတ်ကျွတ်.... တကယ့်ကို မထင်ထားခဲ့ဘူး.... ဒီလို အစီအရင်ကြီးက တောကလာတဲ့ အဖွဲ့လေးမှာ ရှိနေလိမ့်မယ်လို့"

"ဟ.... ဒီငကျောက်တော့ ခက်ပြီ…. တောကလာတယ် လုပ်နေသေးတုန်း.... မင်းရဲ့ စံနှုန်းတွေက တော်တော်မြင့်တယ်ထင်တယ်နော်...."

"ဘာလို့ မမြင့်ရမှာလဲ.... ဝေထော် သေသွားပြီဆိုတော့ ဝေမျိုးနွယ်စုက သာမန် တတိယတန်းစား အဖွဲ့အစည်းလေးပဲ ဖြစ်သွားပြီ.... ဘယ်လိုမျိုး ဧည့်သည် ရှိသလဲဆိုတာက ဘယ်လိုမျိုး အိမ်ရှင် ရှိသလဲဆိုတာကို ကိုယ်စားပြုတာပဲ.... ဒါကို ငါ ပိုပြီး ရှင်းဖို့ လိုဦးမလား...."

စကားပြောဆိုသူမှာ စိတ်ကြီးလှသော တစ်ကိုယ်တော် ကျင့်ကြံသူ ကျောက်သုန်းချွမ်း ဖြစ်သည်။ သူသည် မိမိ၏ မြင့်မားလှသော လယ်ယာစိုက်ပျိုးရေး အတတ်ပညာအပေါ် အားကိုးကာ တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်သော်လည်း ဘဝကို အလွန် သက်တောင့်သက်သာ ဖြတ်သန်းနေရသူ ဖြစ်သည်။

သူနှင့် ငြင်းခုံနေသော ကျင့်ကြံသူလေးခမျာ ဘာမှပြန်မပြောနိုင်တော့ဘဲ ဆွံ့အသွားရတော့သည်။ အကြောင်းမှာ ၎င်းက အမှန်တရား ဖြစ်နေသောကြောင့် ဖြစ်၏။ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးများသည် အဆင့်နိမ့် အဖွဲ့အစည်းငယ်များနှင့် မဟာမိတ် ဖွဲ့လိမ့်မည် မဟုတ်ပေ။ အများဆုံးဆိုလျှင် လက်အောက်ခံအဖြစ်သာ သတ်မှတ်ပေလိမ့်မည်။ ရွှေအမြုတေအဆင့် ဂိုဏ်းကြီးများတွင်လည်း သူတို့၏ ကိုယ်ပိုင် မာန ရှိကြပေသည်။ ဂိုဏ်းတွင်း လှုပ်ရှားသွားလာနေသူများမှာ အားနည်းသူများ မဟုတ်ကြချေ။

လက်ရှိ ရွှီချန်တောင်၏ ဂုဏ်သတင်းမှာ မှေးမှိန်နေခဲ့ပြီဖြစ်ပြီး လော့ထျန်းအဖွဲ့၏ အခြေခံအုတ်မြစ်မှာလည်း သေးငယ်လွန်းလှသေးသည်။ အုတ်တစ်ချပ် ပြိုလဲသွားလျှင် ကျန်ရှိနေသော အစိတ်အပိုင်းများမှာလည်း သဘာဝအတိုင်း လိုက်ပါပြိုလဲသွားပေလိမ့်မည်။

ဝေပုဖန် မြူခိုးများအတွင်းသို့ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ယံထက်တွင် အလင်းတန်းအချို့ ဖြတ်သန်းသွားခဲ့ပြန်သည်။

မကြာခင် အချိန်အတွင်းမှာပင် အခြေတည်အဆင့်ကျင့်ကြံသူ နှစ်ဦးသည်လည်း လူငယ်တပည့်တစ်ဦးစီကို ခေါ်ဆောင်ကာ ဒန်ရှားတောင်သို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ သက်တံ့တံတားကြီးထက်သို့ လှမ်းတက်လိုက်ကြပြီး မြူခိုးများအတွင်းသို့ ပျောက်ကွယ်သွားကြပြန်သည်။

ဒန်ရှားတောင်ခြေတွင် အမြင်စူးရှလှသော ကျင့်ကြံသူအချို့က ထိုလူနှစ်ဦးကို မှတ်မိသွားကြသည်။

"ဒါက ချန်လျိုတောင်ကြားရဲ့ ချန်မျိုးနွယ်စု ခေါင်းဆောင်ပဲ.... အခြေတည် အဆင့် (၃) လေ.... ကန်းမျိုးနွယ်စုနဲ့ ရန်ငြိုးရှိခဲ့ဖူးပြီး အရင်က ကန်းမျိုးနွယ်စု မောင်နှမနှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာတဲ့...."

"နောက်တစ်ယောက်ကကျတော့.... ယွီဟွာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ထင်တယ်"

"ဟုတ်တယ်.... အဲ့ဖြူဖွေးလှတဲ့ မုတ်ဆိတ်ရှည်နှစ်ချောင်းကတော့.... ထျန်းလန် နတ်ဘုရားမြို့တော်တစ်ခုလုံးမှာ သူတစ်ယောက်တည်းမှာပဲ ရှိတာ...."

"မထင်ထားခဲ့ဘူးနော်.... လော့ထျန်းအဖွဲ့က ထျန်းလန်ကို ရောက်တာ နှစ်အနည်းငယ်ပဲ ရှိသေးတာ…. ဒီလောက်အထိ အသိအကျွမ်းတွေ အများကြီး ရှိနေပြီလား...."

"ဟဲဟဲ.... အားလုံးက တတိယတန်းစား အဖွဲ့အစည်းတွေချည်းပါပဲ"

ငကျောက် ထုံးစံအတိုင်း ခပ်အေးအေး ပွဲဝင်ဖျက်လိုက်ရာ ကောင်းချီးပေးသံများဖြင့် စည်ကားနေသော လေထုကြီးမှာ ချက်ချင်းပင် သင်္ချိုင်းကုန်းအလား တိတ်ဆိတ်သွားတော့သည်။

လူအားလုံး၏ ဒေါသတကြီး အကြည့်များကို ရင်ဆိုင်ရင်း သူ ပခုံးတွန့်လိုက်သည်။

“ငါပြောတာ မှားလို့လား.... စကားလေးတောင် ပြောခွင့် မပေးတော့ဘူးလား”

အခြေတည် အလယ်ပိုင်း သို့မဟုတ် နှောင်းပိုင်း ကျင့်ကြံသူကြီးများ ရှိနေသော မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းများ မရောက်ရှိမချင်း ဤအချက်က လော့ထျန်းအဖွဲ့၏ အတိုင်းအဆမှာ ဤမျှလောက်တွင်သာ ကန့်သတ်နေသည်ကို ကိုယ်စားပြုသည်။

သူ စိတ်ပျက်သလို ရှိသော်လည်း အမှန်စင်စစ် အနည်းငယ် ချီးကျူးမိနေသည့် အချိန်တွင် ကြီးမားလှသော လှေပျံကြီးတစ်စင်းသည် ပြင်းထန်လှသော ချီစွမ်းအားများကို ထုတ်လွှတ်ကာ၊ မိုးတိမ်များကို ခွင်းပြီး တဟုန်ထိုး ပျံသန်းလာခဲ့သည်။

ကြီးမားလှသော ဖိအားသည် လူတိုင်းအား အသက်ရှူရ ခက်ခဲစေသည်။

ထို့အပြင် ၎င်း၏ အနေအထားကို ကြည့်ရသည်မှာ သက်တံ့တံတားပေါ်မှ မသွားဘဲ ဒန်ရှားတောင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်မည့် အသွင် ရှိနေခဲ့သည်။

လာသူကား စေတနာမမှန်ချေ။

ထိုအချိန်၌ပင် ကြည်လင်လှသော ကြိုးကြာသံတစ်သံသည် မိုးတိမ်များ၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကျင့်ကြံသူတစ်ဦးသည် အလွန်ခန့်ညားလှသော ကြိုးကြာဖြူကြီးတစ်ကောင်ပေါ်တွင် ထိုင်ကာ သက်တံ့တံတားအတွင်းမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။ ထိုလူ၏ မျက်လုံးနှစ်လုံးမှာ တောက်ပနေပြီး မသိမသာဖြင့် ထိုးထွင်းသိမြင်နိုင်သော အလင်းတန်းများ ရှိနေခဲ့သည်။

သူ၏ အောက်ဘက်ရှိ ကြိုးကြာဖြူကြီးမှာမူ ဒုတိယအဆင့် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

မိုးတိမ်များကို ခွဲဖြတ်ကာ ရောက်ရှိလာသော ကြီးမားလှသော လှေပျံကြီးကို ကြည့်ရင်းသူ ကျယ်လောင်စွာ စကားဆိုလိုက်သည်။

"လော့ထျန်းအဖွဲ့ ဝိညာဉ်သားရဲနန်းဆောင်မှ ရွှီဟွမ်ကျန်း.... လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့မှ မိတ်ဆွေများကို ကြိုဆိုရန် ရောက်ရှိလာပါတယ်"

All Chapters