← Chapters

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း ၄၄၉

Vol. 45 Ch. 449

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၄၄၉) - ဒန်ရှားလော့ထျန်းသို့ ရောက်ရှိလာသော ရပ်ဝေးမှ ဧည့်သည်တော်များ

"လော့ထျန်းအဖွဲ့ ဝိညာဉ်သားရဲနန်းဆောင်မှ ရွှီဟွမ်ကျန်း.... လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့မှ မိတ်ဆွေများကို ကြိုဆိုရန် ရောက်ရှိလာပါတယ်"

"မိတ်ဆွေတို့ လှေပေါ်ကနေ ဆင်းပြီး ဝင်လာဖို့ ဖိတ်ခေါ်ပါတယ်၊ ကျွန်တော် ရွှီဟွမ်ကျန်းအနေနဲ့.... အိမ်ရှင်တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်ပါရစေ"

အခြေတည် အဆင့် (၆) ၏ ပြင်းထန်လှသော ချီစွမ်းအား လှိုင်းတံပိုးများသည် လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ ကြည်လင်ပြတ်သားလှသော အသံနှင့်အတူ လေညင်းနှင့် မိုးတိမ်များကဲ့သို့ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။

လှေပျံအတွင်း၌မူ....။

ကျိုးချင်း၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားရသည်။

‘ဘယ်အချိန်ကစလို့.... လော့ထျန်းအဖွဲ့မှာ အခြေတည် အဆင့် (၆) ရှိတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေခဲ့တာလဲ’

‘ပြီးတော့ အဲ့လူကလည်း ရွှီဟွမ်ကျန်းတဲ့လား’

ဤနာမည်ကို သူ လုံးဝ မစိမ်းလှချေ။ ယခင်က လော့ထျန်းအဖွဲ့သို့ မဝင်ရောက်မီ လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့မှ ထိုသူအား ဖိတ်ကြားခဲ့ဖူးသည်။ သို့သော် ထိုအချိန်က မဟာမိတ်အဖွဲ့အတွင်း အာဏာလုပွဲများ ပြင်းထန်လွန်းလှသဖြင့် ရွှီဟွမ်ကျန်းက အာဏာလုပွဲများကို မနှစ်သက်သောကြောင့် ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့သည်။

‘သူ့ရဲ့ စွမ်းအားက....’

ကျိုးချင်း တံတွေးတစ်ချက် မျိုချလိုက်မိသည်။ တစ်ဖက်လူ၏ စွမ်းအားက သူ့အား ကျောချမ်းသွားစေခဲ့၏။ သူကိုယ်တိုင်မှာ အခြေတည်အဆင့် အလယ်ပိုင်းသို့ ရောက်ရှိရုံမျှသာ ရှိသေးသဖြင့် ရွှီဟွမ်ကျန်း၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။

ဤရုတ်တရက် အပြောင်းအလဲကြောင့် စောနက ခမ်းနားထည်ဝါစွာ ရောက်ရှိလာခဲ့သော အရှိန်အဝါမှာ ပျက်ပြယ်လုနီးပါး ဖြစ်သွားသည်။ သူ အကျပ်ရိုက်နေသည့် အချိန်တွင် နောက်မှ နန်ကုန်းကျင်းက အချိန်ကိုက် စကားဆိုလာခဲ့သည်။

"အကြီးအကဲကျိုး.... ဒီဒန်ရှားတောင်ကို ကျွန်တော် အရင်က ရောက်ဖူးပါတယ်၊ ရှုခင်းက အရမ်းလှလွန်းတယ်၊ လှေပျံပေါ်ကနေ ဆင်းပြီး လမ်းလျှောက်ရင်း ဒန်ရှားတောင်ရဲ့ ခမ်းနားတဲ့ ရှုခင်းတွေကို ကြည့်ကြရင် ဘယ်လိုလဲ"

"ကောင်းပြီလေ.... ဒီတစ်ကြိမ်တော့ ရွှီဟွမ်ကျန်းကို မျက်နှာသာ ပေးလိုက်တာပေါ့"

မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ ကျိုးချင်းသည် လှေကားထစ်များမှ ဆင်းလာခဲ့သည်။ သူသည် နောက်မှ နန်ကုန်းကျင်းနှင့် လီရီရှန်းတို့ကို တစ်ချက် ကြည့်လိုက်ပြီး ဝတ်ရုံကို သေသပ်စွာ ပြင်ဆင်ကာ လှေပျံပေါ်မှ လှမ်းထွက်ခဲ့တော့သည်။

ချီသန့်စင် အဆင့်ရှိသော ကျင့်ကြံသူ လူအုပ်ကြီး၏ အကြည့်အောက်တွင်ပင် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့၏ စတုတ္ထ အကြီးအကဲ ကျိုးချင်းသည် လှေပျံပေါ်မှ ဆင်းသက်ကာ လော့ထျန်းအဖွဲ့၏ ရုတ်ချည်း ထွက်ပေါ်လာသော ဝိညာဉ်သားရဲနန်းဆောင် သခင်နှင့်အတူ သက်တံ့တံတားပေါ်တွင် ယှဉ်တွဲ လျှောက်လှမ်းရင်း ဒန်ရှားတောင်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

ယခင်က ပြင်းထန်လှသော အရှိန်အဝါမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသကဲ့သို့ ရှိနေခဲ့သည်။

လှေပျံသည် ဖြည်းညှင်းစွာ ဆင်းသက်သွားခဲ့သည်။

နန်ကုန်းကျင်းနှင့် လီရီရှန်းတို့သည် လှေပျံပေါ်မှ ဆင်းလာခဲ့ကြပြီး မျိုးဆက်သစ်လူငယ်လေး လီအောက်က နောက်မှ ကပ်လိုက်လာခဲ့သည်။

ဘေးပတ်ဝန်းကျင်တွင် ဖြူဖွေးလှသော လော့ထျန်းအဖွဲ့ ဝတ်ရုံများကို ဝတ်ဆင်ထားကြသည့် တပည့်များက ချဉ်းကပ်လာကြပြီး ၎င်းတို့အတွက် လှေပျံ ဆိပ်ကမ်းနေရာကို ညွှန်ပြပေးနေကြသည်။ အဖွဲ့သားများ၏ အမူအရာမှာ ရိုသေကိုင်းညွတ်မှု၊ နွေးထွေးမှုများ ရောယှက်နေခဲ့ပြီး သူတို့၏ လမ်းညွှန်မှုများမှာလည်း အလွန်တရာ စေ့စပ်သေချာလှပေသည်။

လီရီရှန်းနှင့် နန်ကုန်းကျင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သက်ပြင်းချလိုက်မိကြကာ နှစ်ဦးလုံး၏ ရင်တွင်း၌ ခံစားချက်ပေါင်းစုံ ဝေလျှံနေခဲ့သည်။

"မိတ်ဆွေနန်ကုန်း.... သွားကြစို့" လီရီရှန်း ပြောဆိုလိုက်သည်။

နန်ကုန်းကျင်း ခေါင်းညိတ်လိုက်သည်။

"သွားကြစို့.... ကျုပ်လည်း ကြည့်ချင်နေမိတယ်၊ ဒီနှစ်တွေအတွင်းမှာ.... လော့ချန်က ကျုပ်တို့အားလုံး အထင်မကြီးခဲ့ကြတဲ့ အဖွဲ့အစည်းအသေးစားလေးကို ဘယ်လိုမျိုး အခြေအနေအထိ ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့လဲ ဆိုတာကို"

သူတို့နှစ်ဦးသည် ယှဉ်တွဲ လျှောက်လှမ်းရင်း လီအောက်ကို ခေါ်ဆောင်ကာ သက်တံ့တံတားပေါ်သို့ လှမ်းတက်လိုက်ကြသည်။ သက်တံ့တံတားပေါ်သို့ ခြေချလိုက်သည့် အခါတွင် ထိုအရာမှာ စိတ်ကူးယဉ် အရာတစ်ခု ဖြစ်သော်လည်း လူကို အလွန်ပင် တည်ငြိမ်လှသော ခံစားချက်ကို ပေးစွမ်းနေသည်။ အမှန်ပင် ကြီးမားလှသော စွမ်းအားတစ်ခုက သူတို့အား ဟာလာဟင်းလင်းပြင်တွင် ပင့်မထားသကဲ့သို့ ရှိနေခဲ့သည်။

နန်ကုန်းကျင်း အလွန်ပင် အံ့ဩသွားရသည်။

"တကယ့်ကို ဆန်းကြယ်လှတဲ့ အစီအရင်ကြီးပဲ"

လီရီရှန်း ခေါင်းညိတ်လိုက်သည်။

"ဒါက မင်လုံယွီရဲ့ လက်ရာပဲ ဖြစ်ရမယ်.... သူ ကျိုးချင်းလက်အောက်မှာ အမှုထမ်းခဲ့တုန်းကတောင် သူ့ရဲ့ အစီအရင် ပါရမီက တကယ့်ကို ထူးချွန်ပြောင်မြောက်နေခဲ့တာလေ...."

နန်ကုန်းကျင်း တဟားဟား ရယ်မောလိုက်သည်

"ခဏနေ ကျိုးချင်းတစ်ယောက် သူ့လူဟောင်းနဲ့ ပြန်တွေ့တဲ့အခါ ဘယ်လို ပြုမူမလဲဆိုတာ ကျုပ် တကယ် သိချင်မိတယ်…."

အချိန်အတော်ကြာပြီးမှ ပြန်လည်ဆုံတွေ့ကြရသည့် အသိဟောင်းများ၏ ထိုဆုံတွေ့မှုကား မည်သို့ ဖြစ်လာမည်နည်း။

လီရီရှန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူတို့နှင့် လော့ချန်သည်လည်း အသိဟောင်းများ ဖြစ်ကြသည် မဟုတ်ပါလော။ သို့သော် ယခင်ကမူ သူတို့က မြင့်မားလှသော နေရာတွင် ရှိနေခဲ့ကြပြီး အခြေတည်အဆင့်ကျင့်ကြံသူ၏ အဆင့်အတန်းဖြင့် ထိုအချိန်က ချီသန့်စင် အဆင့်သာ ရှိသေးသော လော့ချန်ကို ထိန်းချုပ်ခဲ့ကြသည်။ ယခုအချိန်တွင်မူ တစ်ဖက်လူက လက်ဗလာဖြင့် စတင်ကာ ဤမျှလောက်ကြီးမားလှသော အဖွဲ့ကြီးကို တည်ဆောက်ခဲ့ပြီ ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကမူ ယခင်အချိန်ကထက် ပိုမို ဆိုးရွားစွာ ဖြတ်သန်းနေရသည်။ ယခုအချိန်တွင် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့အတွင်း၌လည်း သူတစ်ပါး၏ လက်အောက်တွင် နေထိုင်နေရပြီး၊ နေ့စဉ် နေ့တိုင်း ကြိုးစားအားထုတ်နေရသည်မှာ ကျင့်ကြံခြင်း နေရာတစ်ခု ရရှိရန်အတွက်သာ ဖြစ်သည်။ အထူးသဖြင့် သူမ လီရီရှန်းတွင်မူ မျိုးနွယ်စု၏ ဝန်ထုပ်ဝန်ပိုးများ ရှိနေခဲ့သည်။ ကိစ္စရပ်များစွာတွင် သူမအနေဖြင့် အလျှော့ပေး လုပ်ဆောင်နေရသဖြင့် ဘဝကို အလွန် စိတ်တိုင်းမကျစွာ ဖြတ်သန်းနေရသည်။

"ဟင်.... နောက်ထပ် လူတစ်ယောက် ရောက်လာပြန်ပြီလား"

နန်ကုန်းကျင်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ လှည့်ကြည့်လိုက်သည်။

လီရီရှန်းသည် ထိုအလင်းတန်းကို ကြည့်ရင်း အံ့ဩသွားရသည်။

"ဒါက ထျန်းယီဈေးမြို့တော် ချန်မျိုးနွယ်စုက.... မိတ်ဆွေ ချန်ရှို့လီ မဟုတ်ဘူးလား"

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အလွန်အမင်း အံ့ဩသွားကြသည်။ ထျန်းယီဈေးမြို့တော် ချန်မျိုးနွယ်စုသည် သာမန် အဖွဲ့အစည်းအသေးစားလေး မဟုတ်ချေ။ သူတို့မျိုးနွယ်စုအတွင်းရှိ ဘိုးဘေးမှာ အခြေတည်နှောင်းပိုင်းအဆင့် ရောက်ရှိနေပြီး အခြားအခြေတည် အစောပိုင်း ကျင့်ကြံသူ သုံးဦးလည်း ရှိနေသေးသည်။ ထျန်းယီဈေးမြို့တော် တစ်ခုလုံးမှာ ချန်မျိုးနွယ်စု၏ အပိုင် ဖြစ်သည်။ ကျင့်ကြံခြင်း မျိုးနွယ်စုတစ်ခု အနေဖြင့်မူ ဤသည်မှာ သေချာပေါက် အလွန် လွှမ်းမိုးနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

သူတို့ အဘယ်ကြောင့်များ လော့ထျန်းအဖွဲ့၏ အခြေတည်အထိမ်းအမှတ် အောင်ပွဲအခမ်းအနားကို တက်ရောက်လာကြလေသနည်း။

သူတို့နှစ်ဦး အချိန်ဆွဲမနေတော့ဘဲ လျင်မြန်စွာပင် သက်တံ့တံတားပေါ်မှ ဆင်းသက်လိုက်ကြသည်။ ဤဧည့်ခံ သက်တံ့တံတားကို ပိုမို၍ မြင့်မြတ်လှသော ဧည့်သည်တော်များအတွက် နေရာဖယ်ပေးလိုက်ခြင်း ဖြစ်သည်။

သက်တံ့တံတားပေါ်မှ ဆင်းပြီး မိုးတိမ်များကို ဖြတ်သန်းပြီးနောက်တွင် မြင်တွေ့ရသော ရှုခင်းမှာ လုံးဝ ခြားနားသွားခဲ့ပြန်သည်။ အရပ်မျက်နှာအနှံ့ သစ်ပင်များ စိမ်းလန်းစိုပြည်နေပြီး ချီစွမ်းအားများ ပြည့်နှက်နေခဲ့သည်။ ပျံသန်းနေသော လင်းယုန်များနှင့် ကခုန်နေသော ကြိုးကြာဖြူများလည်း ရှိနေခဲ့သည်။ လော့ထျန်းအဖွဲ့ ကျင့်ကြံသူ အမြောက်အမြားမှာ ဟိုဟိုသည်သည် သွားလာလှုပ်ရှားနေကြပြီး အလုပ်များနေကြသော်လည်း မျက်နှာပေါ်တွင်မူ ပျော်ရွှင်မှုများနှင့် ဂုဏ်ယူမှုများ ပြည့်နှက်နေခဲ့သည်။

"အကြီးအကဲနှစ်ဦး.... ဒီဘက်ကို ကြွပါ"

မုရုံချင်းလျန်သည် အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်ထားပြီး ပြုံးရွှင်စွာဖြင့် သူတို့နှစ်ဦးကို ကြည့်လိုက်သည်။

လီရီရှန်း သူမအား မှတ်မိသည်။ သူမမှာ လော့ချန် အလွန် ယုံကြည်သော လူယုံတစ်ဦး ဖြစ်သည်။ ကြားရသလောက်ဆိုလျှင် လော့ချန်နောက်သို့ သစ္စာရှိရှိ လိုက်ပါလာခဲ့သူ ဖြစ်သည်။ လော့ချန်လည်း သူမအပေါ် ကောင်းလှသည်။ ယခင်က သူမအား အခြေတည်အဆင့် တက်လှမ်းနိုင်ရန်အတွက် တစ်ကြိမ် ကူညီပေးခဲ့ဖူးသည်။ သို့သော် ကံမကောင်းစွာဖြင့် ကျရှုံးသွားခဲ့ရသည်။ မဟုတ်ပါက ယခုအချိန်တွင် သူတို့နှင့် တန်းတူ ကျင့်ကြံသူအဖြစ် ရှိနေမည် ဖြစ်ပြီး အကြီးအကဲဟု ခေါ်ဆိုနေမည် မဟုတ်ချေ။

သူမကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လီရီရှန်းတို့ လူစုသည် တစ်ဖက်လူ၏ နောက်မှ လိုက်ပါရင်း ဒန်ရှားတောင်၏ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်သွားခဲ့ကြသည်။

သူတို့၏ အနောက်ဘက်တွင်မူ ခန့်ညားလှသော အသံကြီးက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့ပြန်သည်။

"ထျန်းယီဈေးမြို့တော်မှ မိတ်ဆွေ ချန်ရှို့လီ.... ဒန်ရှားလော့ထျန်းသို့ ကြွရောက်လာခြင်းကို လှိုက်လှဲစွာ ကြိုဆိုပါတယ်"

လီရီရှန်း ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားရပြီး နန်ကုန်းကျင်းကို ကြည့်လိုက်သည်။

တစ်ဖက်လူလည်း နားလည်မှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အတိအကျပင်။ သူတို့ မှားယွင်း ကြည့်မိခြင်း မဟုတ်ချေ။ ထိုလူမှာ ထျန်းယီဈေးမြို့တော်၏ မျိုးနွယ်စုခေါင်းဆောင် ချန်ရှို့လီ ဖြစ်သည်။ လော့ထျန်းအဖွဲ့၏ သြဇာညောင်းမှုမှာ ထျန်းလန်နတ်ဘုရားမြို့တော်မှ ကျော်လွန်ကာ အဝေးတွင် ရှိနေသော ဈေးမြို့တော်များအထိ ပျံ့နှံ့သွားခဲ့ပြီလော။ အကယ်၍ မိမိတို့ လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့ကိုပါ ထည့်သွင်း တွက်ချက်မည် ဆိုပါက ဤအရာမှာ အခြေတည် နှောင်းပိုင်း ကျင့်ကြံသူကြီး ရှိနေသော ဒုတိယမြောက် အဖွဲ့အစည်းကြီးက လာရောက် ဂုဏ်ပြုခြင်း ဖြစ်သည်။

နောက်ထပ်ရော ရှိနေဦးမည်လော။

....

ဟွေ့ရှင်းခန်းမဆောင်ထဲတွင် ဖြစ်သည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

"ဘယ်လို ခံစားရလဲ"

"နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်"

"မကြောက်ဘူးလား"

"ကြောက်တာမျိုးတော့ မရှိပါဘူး.... ဘာလို့ဆို အဖွဲ့ချုပ်ခေါင်းဆောင် ရှိနေတာပဲဥစ္စာ.... ကျွန်မအတွက် ကြောက်စရာ ဘာမှ မရှိပါဘူး"

စီမာဟွေ့နန်က ဆံနွယ်တစ်စကို အသာအယာ သပ်တင်လိုက်ရင်း ပြန်ဖြေလိုက်သည်။ သူမ ဝတ်ဆင်ထားသည်မှာ ဖြူဖွေးလှသော ဝတ်ရုံ ရိုးရိုးလေး ဖြစ်ပြီး မည်သည့် အဆင်တန်ဆာမျှ မရှိချေ။ မျက်နှာကိုပင် မည်သည့်အရာမျှ လိမ်းခြယ်ထားခြင်းမရှိချေ။ ယခင်က အာဏာအပြည့် ရှိနေသော အသွင်မျိုးနှင့် မတူဘဲ ယခုအချိန်တွင်မူ လှပကျော့ရှင်းလှသော မျက်နှာပေါ်တွင် ရှားရှားပါးပါး နူးညံ့သိမ်မွေ့သော အရိပ်အယောင်တချို့ တိုးပွားနေခဲ့သည်။

လော့ချန်သည် စီမာဟွေ့နန်၏ လှပလှသော မျက်နှာလေးကို ကြည့်ရင်း ခေါင်းညိတ်လိုက်မိသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ.... မင်း ငါ့ကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူး၊ မင်းရဲ့ တိုးတက်မှုက တခြားသူတွေထက် နှေးကွေးခဲ့ပေမဲ့ အခြေအရမ်းခိုင်ပြီး တည်ငြိမ်လှတယ်၊ ကြည့်ရတာ တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ ရေစပ်နန်းဆောင်ကျင့်စဉ်က မင်းနဲ့ အရမ်း ကိုက်ညီပုံရတယ်"

လော့ချန် သူမ၏ ကျင့်ကြံခြင်းစွမ်းအားကို စစ်ဆေးနေမှန်း သိသော်လည်း ထိုစူးရှလှသော အကြည့်များကြောင့် စီမာဟွေ့နန်၏ စိတ်ထဲတွင် အနည်းငယ် ရှက်သွေးဖြာနေမိဆဲ ဖြစ်သည်။ အကြောင်းပြချက် မရှိဘဲ ယနေ့မနက်စောစောကတည်းက သူမ၏ စိတ်ခံစားချက်များမှာ အနည်းငယ် လှုပ်ခတ်နေခဲ့သည်။ ၎င်းသည် စိုးရိမ်ပူပန်မှုကြောင့် မဟုတ်ဘဲ မျှော်လင့်စောင့်စားမှုကြောင့် ဖြစ်ပေသည်။ ဖြစ်နိုင်သည်မှာ ထျန်းလန် နတ်ဘုရားမြို့တော်ရှိ အခြေတည်အဆင့်ကျင့်ကြံသူ အမြောက်အမြား၏ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ ထွက်ပေါ်လာရမည် ဖြစ်သောကြောင့်လော၊ သို့မဟုတ် လော့ချန်၏ ပံ့ပိုးမှုအောက်တွင် သူမအနေဖြင့် အခြေတည်အဆင့်သို့ တရားဝင် ဝင်ရောက်လာပြီဖြစ်ကြောင်း ကြေညာရမည် ဖြစ်သောကြောင့်လော။

သူမသည် ရဲရဲနီနေသော နှုတ်ခမ်းလေးများကို ကိုက်လိုက်ပြီး ညင်သာစွာ ပြောဆိုလိုက်သည်။

"ဒါက ကျွန်မရဲ့ စွမ်းဆောင်ရည်ကြောင့် မဟုတ်ပါဘူး.... အားလုံးက အဖွဲ့ချုပ်ခေါင်းဆောင် ပေးခဲ့တဲ့ ကျောက်စိမ်းနှင်းစက်ဆေးလုံးကြောင့်ပါ"

လော့ချန် ခေါင်းယမ်းလိုက်သည်။

"ဒီနေ့ မင်းရဲ့ တာဝန်က သိပ်ကြီးမားတယ်၊ အခြေတည်အဆင့် အောင်မြင်မှု အတွေ့အကြုံတွေကို မျှဝေတာအပြင် အရေးကြီးဆုံးကတော့ နောက်ပိုင်းမှာ အဖွဲ့အစည်းကြီးအသီးသီးရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရမယ့် ကိစ္စပဲ"

အလုပ်ကိစ္စအကြောင်း ပြောလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ ခဏတာ ပေါ်ထွက်လာသော မိန်းမပျိုလေးကဲ့သို့ အမူအရာများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့တော့သည်။

"စိတ်ချပါ အဖွဲ့ချုပ်ခေါင်းဆောင်၊ အဖွဲ့အစည်းကြီးအသီးသီးရဲ့ သတင်းအချက်အလက်တွေနဲ့ အဲ့ဒီအခြေတည်အဆင့်ကျင့်ကြံသူတွေရဲ့ ဘဝသမိုင်း၊ ဝါသနာတွေကို ကျွန်မ အားလုံး စိတ်ထဲမှာ သေသေချာချာ မှတ်မိနေပါပြီ၊ ဒီနေ့ တာဝန်ကို အလွဲအချော်မရှိဘဲ ပြီးမြောက်အောင် လုပ်ဆောင်ပါ့မယ်...."

လော့ချန် နူးညံ့စွာ ပြုံးလိုက်သည်။

"ဒီနေ့ကစပြီး မင်းရဲ့ နာမည်က ထျန်းလန်နတ်ဘုရားမြို့တော် တစ်ခွင်မှာ ကျော်ကြားသွားပြီး လော့ထျန်းအဖွဲ့ကြီးလည်း တကယ့်ကို အတောင်ပံဖြန့် ပျံသန်းနိုင်ဖို့ ငါ မျှော်လင့်ပါတယ်"

"ကျွန်မလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်"

လော့ချန် ထရပ်လိုက်ပြီး တံခါးဆီသို့ ဦးတည် လျှောက်လှမ်းသွားခဲ့သည်။

"ငါ ဧည့်သည်တွေကို သွားပြီး အရင်ကြိုဆိုလိုက်ဦးမယ်၊ မင်းလည်း စပြင်ဆင်တော့လေ...."

နွေးထွေးပြီး ဆွဲဆောင်မှုအပြည့်ရှိလှသော ထိုအမျိုးသား၏ အသံသည် တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။

သို့သော် သူမ၏ စိတ်ထဲတွင်မူ ပဲ့တင်ထပ်ကျန်ရစ်နေဆဲပင်။

စီမာဟွေ့နန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ထရပ်လိုက်သည်။

ထို့နောက် အသံလွှင့်မှော်အတတ် တစ်ခုကို စတင် ထုတ်ဖော်လိုက်သည်။

မကြာခင်မှာပင် အဆောင်အပြင်ဘက်မှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသော ခြေသံများ ထွက်ပေါ်လာခဲ့သည်။

"ဝင်ခဲ့ကြ"

အမျိုးသမီး ကျင့်ကြံသူ အတော်များများမှာ ကူချိုင်ယီ၏ ဦးဆောင်မှုအောက်တွင် လက်ထဲ၌ ကျောက်စိမ်းလင်ဗန်းများကို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ကြသည်။ ယပ်တောင်ကို ကိုင်ဆောင်ထားသော မိန်းမငယ်လေးတစ်ဦးနှင့် အခမ်းအနားသုံး ဆောင်းဦးရေဓားကို သယ်ဆောင်လာသော လူငယ်လေးတစ်ဦးတို့ကလည်း ဘေးတစ်ဖက်စီမှ ခြံရံထားကြသည်။

စီမာဟွေ့နန်ကို မြင်တွေ့ရသောအခါ သူတို့အားလုံး ချက်ချင်း ဦးညွှတ် အလေးပြုကြပြီး တညီတညွတ်တည်း နှုတ်ခွန်းဆက်သလိုက်ကြသည်။

"စီမံခန့်ခွဲရေးမှူးကို ဂါဝရပြုပါတယ်"

"စလိုက်ကြရအောင်"

အချိန်ဆွဲမနေတော့ဘဲ ကူချိုင်ယီက လက်ကို ဝှေ့ယမ်းပြလိုက်ရာ ရွှေခန်းမဆောင်မှ အမျိုးသမီးကျင့်ကြံသူများသည် သူမ၏ ဘေးပတ်ပတ်လည်တွင် စုရုံးလာကာ ချက်ချင်းပင် အလုပ်စလိုက်ကြသည်။ မျက်ခုံးမွှေးများကို ဆွဲကြသည်၊ ပါးနီများ ခြယ်သပေးကြသည်၊ နှုတ်ခမ်းနီများ ဆိုးကြသည်၊ ရေမွှေးများကို ဖျန်းကြသည်။ သူမ၏ ရှည်လျားနက်မှောင်လှသော ဆံနွယ်များကိုလည်း သေသပ်စွာ ဖြီးသင်ပေးပြီးနောက် သွယ်လျလှသော ခါးလေးအထိ ချထားလိုက်သည်။ ထို့နောက် ဆန်းပြားလှပြီး လက်ရာမြှောက်လှသော ကြာပန်းပုံသဏ္ဌာန် ဖီးနစ်သရဖူကို သူမ၏ ဦးခေါင်းထက်တွင် ကျကျနန ဆောင်းပေးလိုက်သည်။ နားနှစ်ဖက်စလုံးတွင် ငွေဖြူရောင် နားဆွဲများကို ဆင်မြန်းပေးထားပြီး တွဲလောင်းကျနေသော ပုလဲလုံးလေးများက သူမ၏ လှုပ်ရှားမှုတိုင်းနှင့်အတူ တချွင်ချွင် အသံလေးများ မြည်နေခဲ့သည်။

နောက်ဆုံးတွင် စီမာဟွေ့နန် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ဘေးနားရှိ အမျိုးသမီး ကျင့်ကြံသူသည် လှပကျော့ရှင်းလှသော အဖြူရောင် ဝတ်ရုံရှည်ကြီးတစ်ထည်ကို ယူလာခဲ့သည်။ ထိုဝတ်ရုံရှည်ပေါ်တွင် အပြာရောင် ပန်းပွင့်လေးများဖြင့် သေသပ်စွာ အနားကွပ်ထားလေသည်။ ဝတ်ရုံကို ဝတ်ဆင်လိုက်သည်နှင့်အမျှ ၎င်းသည် ကြမ်းပြင်ထက်သို့ ကျော့ရှင်းစွာ ကျဆင်းသွားပြီး သွယ်လျလှသော သူမ၏ ခြေတံများကို ဖုံးအုပ်သွားခဲ့သည်။ လှပလှသော ခန္ဓာကိုယ် ကောက်ကြောင်းများမှာမူ ဝတ်ရုံအောက်တွင် ထင်ဟပ်နေခဲ့သည်။

ကူချိုင်ယီ ခြေလှမ်းနှစ်လှမ်း ဆုတ်ခွာလိုက်ပြီး မျက်လုံးများအတွင်း အံ့ဩမှုများ ဖြတ်ပြေးသွားရသည်။ သူမရှေ့တွင်ရှိနေသူမှာ အစောပိုင်းက နူးညံ့သိမ်မွေ့မှုများ ပြည့်နှက်နေသော အမျိုးသမီးမဟုတ်တော့ဘဲ မြင့်မြတ်လှသော အရှိန်အဝါများ၊ မာနတရားများနှင့် အာဏာအပြည့်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့လေပြီ။ ဖြစ်နိုင်သည်မှာ ဤကဲ့သို့သော အရှိန်အဝါမျိုးကသာ လော့ထျန်းအဖွဲ့ စီမံခန့်ခွဲရေးမှူး၏ အဆင့်အတန်းနှင့် ကိုက်ညီပေလိမ့်မည်။

"အဆင်ပြေပြီလား"

စီမာဟွေ့နန် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

ကူချိုင်ယီ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

"ကျောက်စိမ်းနားဆွဲကို နည်းနည်း ပြင်ဖို့ လိုသေးတယ်.... ခဏလောက် စောင့်ပါဦး"

သူမ ရှေ့သို့ တိုးသွားပြီး နားဆွဲများကို နေရာတကျ ဂရုတစိုက် ချိန်ညှိပေးလိုက်သည်။

ဘဝ၏ ပထမအရွယ်တွင် စီမာဟွေ့နန်သည် လောကအနှံ့ လှည့်လည်သွားလာခဲ့ရသဖြင့် အလှအပအတွက် ဂရုစိုက်ခဲလှသည်။ အမျိုးသမီးကျင့်ကြံသူ အများစု သာမန်ကာလျှံကာ တပ်ဆင်လေ့ရှိသည့် အရိုးရှင်းဆုံးသော အလှဆင်ပစ္စည်းလေးများကိုပင် သူမ ဝတ်ဆင်လေ့မရှိခဲ့ချေ။ ထို့ကြောင့် သူမအတွက် ကျင်းပပေးသော ဤခမ်းနားလှသော ဂုဏ်ပြုပွဲတွင် ထိုအပိုင်း၌ ဆရာကျလှသော ကူချိုင်ယီက ကိုယ်တိုင် အလှပြင်ဆင်ပေးခြင်း ဖြစ်သည်။

ပြင်ဆင်ပေးရင်းနှင့်ပင် ကူချိုင်ယီ ချီးကျူးလိုက်သည်။

"ဒီဝတ်ရုံက.... ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တာပဲ၊ တကယ့်ကို စီမံခန့်ခွဲရေးမှူးနဲ့ လိုက်ပါပေတယ်…."

"ဟုတ်လား...."

စီမာဟွေ့နန်၏ နှုတ်ခမ်းထောင့်များ မသိမသာဖြင့် ကွေးညွတ်သွားရသည်။

"ငါလည်း အဲဒီလိုပဲ ထင်ပါတယ်.... အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ အဝတ်အစား ရွေးချယ်တဲ့ အမြင်က.... သူ လူတွေကို ကြည့်တဲ့ အမြင်၊ ကိစ္စရပ်တွေကို ကြည့်တဲ့ အမြင်လိုပဲ ထက်မြက်လှပါပေတယ်...."

ကူချိုင်ယီ၏ လက်များ အနည်းငယ် တုံ့ဆိုင်းသွားရသည်။

"အဖွဲ့ချုပ်ခေါင်းဆောင် ပေးတာလား"

"အင်း.... နတ်ဘုရားဝတ်ရုံမျှော်စင်ရဲ့ ထိပ်တန်းအဆင့် ဝတ်ရုံလေ.... နှင်းကြာပန်းနန်းတော်ရဲ့ လေလံပွဲကနေ ရခဲ့တာပြောတယ်"

မည်သည့်အချိန်ကမှန်းမသိဘဲ ကူချိုင်ယီ လက်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

စီမာဟွေ့နန်သည် ဝတ်ရုံကို တစ်ချက်သပ်လိုက်ပြီး အိပ်ခန်းအတွင်းမှ ကျော့ရှင်းစွာ လှမ်းထွက်လာခဲ့သည်။ ဓားကို ကိုင်ဆောင်ထားသော လူငယ်လေးနှင့် ယပ်တောင်ကို ကိုင်ဆောင်ထားသော မိန်းမငယ်လေးတို့ကလည်း လျင်မြန်စွာပင် သူမ နောက်မှ လိုက်ပါသွားကြ၏။

အမျိုးသမီး ကျင့်ကြံသူ အမြောက်အမြားမှာလည်း ယခင်က အဆင်တန်ဆာများ ထည့်ထားသော ကျောက်စိမ်းလင်ဗန်းများကို သိမ်းဆည်းကာ နောက်မှ လိုက်ပါသွားကြတော့သည်။ ယနေ့သည် သူမ၏ ကျင့်ကြံခြင်း ခရီးစဉ်တစ်လျှောက်လုံးတွင် အတောက်ပဆုံးသော နေ့ရက်တစ်ရက် ဖြစ်လာပေတော့မည်။

....

လော့ချန် ခမ်းနားထည်ဝါလှသော ဟွေ့ရှင်းခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။

ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းတွင် သူ၏ မျက်နှာပေါ်ရှိ အပြုံးများ တိုးပွားလာခဲ့သည်။

ဟွေ့ရှင်းခန်းမဆောင်သို့ ရောက်ရှိချိန်၌မူ သူ၏မျက်နှာထက်တွင် အပြုံးများ လွှမ်းခြုံနေသဖြင့် မြင်ရသူအပေါင်းကို နွေဦးလေညင်းကဲ့သို့ အေးချမ်းသည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။

"အကြီးအကဲကျိုး.... ကျွန်တော်တို့ တာဟဲဈေးမြို့တော်မှာ လမ်းခွဲခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ၊ ကြားရသလောက်ဆိုရင်.... ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ပိုနက်ရှိုင်းလာရုံတင်မကဘဲ.... လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့ရဲ့ စတုတ္ထအကြီးအကဲ နေရာကိုတောင် တက်လှမ်းနိုင်ခဲ့တယ်ဆိုတော့ တကယ့်ကို ဂုဏ်ယူစရာ ကောင်းလှပါတယ်"

မင်လုံယွီနှင့်အတူ စကားလက်ဆုံကျနေခဲ့သော ကျိုးချင်းသည် လော့ချန်၏ နွေးထွေးလှသော အမူအရာကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်သည်။

“ငါ မင်းနဲ့ မယှဉ်ရဲပါဘူး လော့ချန်ရာ၊ မင်းက ဒါတွေအကုန်လုံးကို အောက်ခြေကနေ စတင်ပြီး တည်ဆောက်ခဲ့တာလေ၊ ငါတို့က တစ်ခေတ်တည်းသားတွေ ဖြစ်ပေမဲ့လည်း ငါကတော့ အားကျရုံပဲ တတ်နိုင်ပါတယ်”

စိတ်ထဲ မပါဘဲ ပြောနေသော ကျိုးချင်းကို ကြည့်ရင်း လော့ချန် ပြုံးလိုက်မိသည်။ ထို့နောက် ကျိုးချင်းကို ဆက်လက် ဧည့်ခံရန် မင်လုံယွီအား မှာကြားလိုက်သည်။ သူကမူ ဘေးနားသို့ ချဉ်းကပ်လာသော ဝေပုဖန်ကို နှုတ်ဆက်လိုက်သည်။

ဝေပုဖန်သည် နှစ်ဖက်စလုံးအကြား ရှိခဲ့ဖူးသော ရန်ငြိုးများကို လုံးဝ ဂရုမစိုက်ပုံရသည်။ လော့ချန်လက်ချက်ဖြင့် ဝေထော်သေဆုံးပြီးနောက် အကျိုးအမြတ် အများဆုံး ရရှိသူမှာ သူ ဖြစ်သည်။ ယခုအချိန်တွင် ရွှီချန်တောင်၌ သူ တစ်ဦးတည်းသာ အာဏာအရှိဆုံး ဖြစ်နေခဲ့ပြီး အမျိုးမျိုးသော အရင်းအမြစ်များနှင့် စည်းစိမ်ဥစ္စာများမှာ အားလုံး သူ့လက်ထဲသို့ ရောက်ရှိနေခဲ့သည်။ ပြောရမည်ဆိုလျှင် သူ လော့ချန်ကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။

"မီးနတ်ဘုရားလော့.... ငါ မင်းအတွက် ဒီမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးပါရစေ"

ဝေပုဖန်က နွေးထွေးစွာ ဆိုလိုက်သည်။

"ချန်လျိုတောင်ကြားက ချန်တုန်းလျို…."

"ဒီတစ်ယောက်ကတော့ ယွီဟွာဂိုဏ်းက ပိုင်ရွှီကျီ"

"ဒီတစ်ယောက်ကတော့...."

အခြေတည်အဆင့်ကျင့်ကြံသူ တစ်ဦးပြီးတစ်ဦးမှာ ဝေပုဖန်၏ မိတ်ဆက်ပေးမှုအောက်တွင် လော့ချန်အား နွေးထွေးစွာ နှုတ်ဆက်လာကြသည်။ လော့ချန်လည်း မာန်မာန မထားဘဲ ပျားသကာလို ချိုမြိန်သော စကားများကို ဆက်တိုက် ပြောဆိုနေခဲ့ပြီး မျက်နှာပေါ်မှ အပြုံးများမှာလည်း ဘယ်တော့မှ မပျောက်ကွယ်သွားခဲ့ချေ။

အပြင်ဘက်မှ ဧည့်သည်အသစ်များ ရောက်ရှိလာကြောင်း ကြေညာလိုက်သော အသံ ထွက်ပေါ်လာသောအခါ လော့ချန် နှုတ်ဆက်သည့်အနေဖြင့် လက်သီးဆုပ် ဂါဝရပြုလိုက်သည်။

"အားလုံးပဲ ကိုယ့်အိမ်ကိုယ်ယာလို နေကြပါဗျာ.... မိတ်ဆွေတစ်ယောက် ရောက်လာလို့ ကျွန်တော် သွားပြီး ကြိုဆိုလိုက်ပါဦးမယ်"

သူ ဤသို့ ပြောဆိုလိုက်သဖြင့် မည်သူမျှ သူ့အား ဆွဲမထားတော့ချေ။ ဒန်ရှားတောင်သည် သူ၏ နယ်မြေ ဖြစ်ပြီး ကျိုးကြောင်းအရဆိုလျှင် ဤကဲ့သို့သော ကိစ္စရပ်များကို သူ ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်ချေ။ သို့သော် ယနေ့ ဂုဏ်ပြုပွဲ၏ အိမ်ရှင်မှာ စီမာဟွေ့နန် ဖြစ်ပြီး လော့ထျန်းအဖွဲ့၏ အခြားသော အခြေတည်အဆင့်ကျင့်ကြံသူများမှာလည်း လုံလောက်သော အဆင့်မရှိကြပေ။ မီးနတ်ဘုရားလော့ဟူသော ဘွဲ့အမည်ကို ရရှိထားသည့် လော့ချန် တစ်ဦးတည်းသာ အဖွဲ့အစည်းတစ်ခု၏ သခင်အဖြစ် ဤဧည့်သည်တော်များကို တန်းတူရည်တူ တွေ့ဆုံကြိုဆို ဆွေးနွေးနိုင်ခြင်း ဖြစ်သည်။

သူ ခြေလှမ်းများကို လှမ်း၍ ထွက်ခွာသွားခဲ့သည်။ မကြာခင် အချိန်အတွင်းမှာပင် သူသည် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည့် လှပလှသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးနှင့်အတူ နန်းဆောင်ကြီးအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ထိုအမျိုးသမီးကို မြင်တွေ့ရသောအခါ အခြေတည်အဆင့်ကျင့်ကြံသူ အမြောက်အမြား၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ ထျန်းယီဈေးမြို့တော် ချန်မျိုးနွယ်စုသည် သေချာပေါက် အလွန် ကြီးမားလှသော ကျင့်ကြံခြင်း မျိုးနွယ်စုကြီး ဖြစ်သည် မဟုတ်ပါလော။ ကြီးမားလှသော ဈေးမြို့တော်တစ်ခုကို တစ်ဦးတည်း ထိန်းချုပ်ထားပြီး မျိုးနွယ်စုအတွင်း၌လည်း အခြေတည်အဆင့်ကျင့်ကြံသူ အတော်များများ ရှိနေကာ ဘိုးဘေးမှာမူ အခြေတည် နှောင်းပိုင်း ကျင့်ကြံသူကြီး ဖြစ်သည်။ သူမ၏ အဆင့်အတန်း၊ သူမ၏ စည်းစိမ်၊ သူမ၏ စွမ်းအားများမှာ ဤနန်းဆောင်အတွင်းရှိ လူများထက် များစွာ ပိုမို သာလွန်လှသည်။

ချက်ချင်းပင် လူအုပ်ကြီးသည် လော့ချန်နှင့် ချန်ရှို့လီတို့၏ ပတ်ပတ်လည်တွင် ဝန်းရံကာ နွေးထွေးစွာ စကားပြောဆိုနေကြတော့သည်။

ထောင့်တစ်နေရာတွင်မူ ကျိုးချင်းသည် စကားဝိုင်းကို အဆုံးသတ်ပြီးနောက် လီရီရှန်းနှင့် နန်ကုန်းကျင်းတို့၏ ဘေးနားသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူ၏ အစောပိုင်းက ရှိခဲ့သော မာန်မာနများမှာ စောစောကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင်မူ မသိမသာဖြင့် လေးနက်မှုများသာ ရှိနေခဲ့သည်။

လူအုပ်ကြီးကြားတွင် ကြယ်အပေါင်း ခြံရံထားသကဲ့သို့ တည်ငြိမ်စွာ လှုပ်ရှားသွားလာနေသော လော့ချန်ကို ကြည့်ရင်း ကျိုးချင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"တကယ့်ကို.... အချိန်တွေ ပြောင်းလဲသွားပြီး အရာအားလုံး ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားခဲ့ပြီနော်.... အရင်က ဆေးဖက်ဝင် အပင်အချို့အတွက် ငါ့ဆီကို ကိုယ်တိုင် လာရောက်ပြီး တွေ့ဆုံခွင့် တောင်းခဲ့ရတဲ့ အဲ့ဒီချီသန့်စင်အဆင့် ကျင့်ကြံသူလေးက.... အခုတော့ ဩဇာတိက္ကမ ကြီးမားတဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပြီ...."

နန်ကုန်းကျင်းက ခါးသီးသော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့.... အရင်က တွမ်ချန်ခွန်းကို ရင်ဆိုင်ဖို့ သူနဲ့ ကျွန်တော်တို့ အစီအစဉ်တွေ အများကြီး ချခဲ့ရတာ.... သေသေချာချာ စဉ်းစားကြည့်ရင်.... အဲ့အချိန်တုန်းကတည်းက သူက ခေါင်းဆောင်တစ်ယောက်ရဲ့ အသွင်သဏ္ဌာန် ရှိနေခဲ့ပြီးသားပါ"

လီရီရှန်းကမူ တိတ်ဆိတ်နေခဲ့၏။ သူမ၏ လှပလှသော မျက်ဝန်းအစုံမှာ ဧည့်သည်တော်များကြားတွင် ပြုံးရွှင်ရယ်မောနေသော လော့ချန်၏ နောက်သို့ လိုက်ပါနေခဲ့ပြီး စိတ်ထဲတွင်လည်း ခံစားချက်လှိုင်းများ အထပ်ထပ် ရိုက်ခတ်နေခဲ့သည်။ တစ်ချိန်က အတူတူ ရုန်းကန်ခဲ့ကြသော်လည်း ယခုအချိန်တွင်မူ စကားပြောဆိုရန်ပင် အခွင့်အရေး မရှာနိုင်တော့ချေ။

ထိုစဉ်မှာပင် အပြင်ဘက်မှ အခမ်းအနား ကြေညာသံအသစ်တစ်ခုက ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

"သံဓားဂိုဏ်းမှ ဂိုဏ်းချုပ် ကျိုးစုန်း.... လော့ထျန်းစီမံခန့်ခွဲရေးမှူး အခြေတည်အဆင့်တက်လှမ်းခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ထိပ်တန်းအဆင့် ဓားပျံတစ်လက်ကို လက်ဆောင်ပေးအပ်ပါတယ်…."

"လော့ရှားဈေးမြို့တော်မှ မျိုးနွယ်စုခေါင်းဆောင်လော့ဖုန်း.... လော့ထျန်းစီမံခန့်ခွဲရေးမှူး အခြေတည်အဆင့်တက်လှမ်းခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ သံမဏိအမြုတေကို လက်ဆောင်ပေးအပ်ပါတယ်…."

"မက်မွန်တောင်မှ ကိုယ်စားလှယ် ချောင်ရှီယွဲ့ .... လော့ထျန်းစီမံခန့်ခွဲရေးမှူး အခြေတည်အဆင့်တက်လှမ်းခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ တိမ်မျှင်ဝတ်ရုံကို လက်ဆောင်ပေးအပ်ပါတယ်…."

ကြေညာသံများ မဆုံးမီမှာပင် နန်းဆောင်ကြီးတစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားခဲ့ရသည်။ ဤသူများမှာ အခြေတည် နှောင်းပိုင်း ကျင့်ကြံသူ သုံးဦး ရှိနေသော အဖွဲ့အစည်းကြီးများ မဟုတ်ပါလော။ အထူးသဖြင့် ထိုမက်မွန်တောင်မှာ ဘုရင်မပန်းဂိုဏ်းမှ မက်မွန်ဘိုးဘိုး၏ ပိုင်ဆိုင်မှု ဖြစ်သည်။ သူတို့ကပင် လူလွှတ်၍ လာရောက် ဂုဏ်ပြုနေကြသည် မဟုတ်လော။

ရုတ်ချည်းပင် ကြည်လင်လှသော ရယ်မောသံ ထွက်ပေါ်လာခဲ့သည်။ လော့ချန်၏ မျက်နှာတစ်ခုလုံးတွင် အပြုံးများ ပြည့်နှက်နေခဲ့ပြီး မျက်ဝန်းများမှာလည်း အလွန် တောက်ပနေခဲ့သည်။

“မိတ်ဆွေတို့.... ခရီးဝေးကနေ လာပေးကြတာ၊ ဒီနေ့က တကယ့်ကို ပျော်စရာ နေ့ရက်ပါပဲ”

"အထဲကို ကြွလှည့်ကြပါ.... အရက်တစ်ခွက် သောက်ကြတာပေါ့"

All Chapters