← Chapters

အခန်း ၄၅၀

Vol. 45 Ch. 450

အခန်း ၄၅၀

Vol. 45 Ch. 450

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၄၅၀) - ထျန်းလန်နတ်ဘုရားမြို့တော်၏ ထိပ်တန်းစာရင်းဝင် အဖွဲ့အစည်းသစ်

ကျိုးစုန်း၊ လော့ဖုန်းနှင့် မက်မွန်တောင်မှ အခြေတည်အဆင့်ကျင့်ကြံသူများ နန်းဆောင်ကြီးအတွင်းသို့ ရောက်ရှိလာသည်နှင့်အမျှ လေထုမှာ ချက်ချင်းပင် အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားတော့သည်။ ကျိုးချင်းကဲ့သို့သော လူများပင်လျှင် တစ်ဖက်လူများနှင့် ရင်းနှီးမှု ရရှိရန်အတွက် ရှေ့သို့ ချဉ်းကပ်သွားကြသည်။

ဤနှစ်ဦးမှာမူ စစ်မှန်လှသော အခြေတည် နှောင်းပိုင်း ကျင့်ကြံသူကြီးများ မဟုတ်ပါလော။ သူတို့ တစ်ဦးချင်းစီသည် ဂိုဏ်းကြီးတစ်ခု သို့မဟုတ် အစွမ်းထက်လှသော မျိုးနွယ်စုကြီးတစ်ခုကို ချုပ်ကိုင်ထားနိုင်စွမ်း ရှိကြသူများ ဖြစ်ပေသည်။ ဖိတ်ကြားချက်အရ ရောက်ရှိလာကြသည့် မျိုးနွယ်စုအသေးစားများမှ အခြေတည်အဆင့်ကျင့်ကြံသူများမှာမူ ထိုဆွေးနွေးပွဲ ဝိုင်းအတွင်းသို့ မဝင်ဆန့်ကြသဖြင့် အဝေးမှ ရပ်နေရင်း အလွန်ပင် အားကျနေမိကြသည်။

နန်ကုန်းကျင်းတို့ လူစုမှာမူ စိတ်ထဲတွင် ပိုမို၍ တုန်လှုပ်ခြောက်ခြားနေမိကြသည်။

"ထျန်းယီဈေးမြို့တော် ချန်မျိုးနွယ်စု.... လော့ရှားဈေးမြို့တော် လော့မျိုးနွယ်စု.... သံဓားဂိုဏ်း.... တကယ်လို့ ငါတို့ လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့ကိုပါ ထည့်တွက်မယ်ဆိုရင် ဒါက အခြေတည် နှောင်းပိုင်း အဖွဲ့အစည်းကြီး လေးခု ဖြစ်သွားပြီ.... ဒါတင်မကသေးဘူး.... ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးရဲ့ လက်အောက်မှာရှိတဲ့ မက်မွန်တောင်ကလည်း အထူးတလည် လာရောက် ဂုဏ်ပြုသေးတယ်.... ဒီနှစ်အနည်းငယ်အတွင်းမှာပဲ လော့ချန်က ဘယ်လိုမျိုး နည်းလမ်းနဲ့ ဒီလောက်အထိ လုပ်ဆောင်နိုင်ခဲ့တာလဲ"

လီရီရှန်း၏ မျက်နှာပေါ်တွင်လည်း အံ့ဩမှုများ ပြည့်နှက်နေခဲ့သည်။ သူတို့ စဉ်းစား၍ မရနိုင်ချေ။ လူမှုဆက်ဆံရေး သက်သက်ဖြင့်ပင် ဤမျှလောက်များပြားလှသော အဆက်အသွယ်များ မတည်ဆောက်နိုင်ချေ။

ခန်းမဆောင်ကြီးအတွင်း၌ ကျင့်ကြံသူများသည် ပြည့်ကျပ်စုရုံးနေခြင်း မရှိဘဲ အုပ်စုငယ်လေးများ ဖွဲ့ကာ စကားလက်ဆုံကျနေကြသည်။ သူတို့ထဲတွင် မက်မွန်တောင်၏ အခြေတည်အဆင့် ကိုယ်စားလှယ်လည်း ပါဝင်နေခဲ့၏။ သူမသည် အကြီးအကဲရွှမ်ယွီ၏ ကိုယ်စား လာရောက်ခြင်း ဖြစ်ပြီး ချောင်ရှီယွဲ့ ဟု ခေါ်ဆိုသော အခြေတည်အဆင့် အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူမက ကျော့ရှင်းစွာ ယိမ်းနွဲ့လျက် ရှေ့သို့ လှမ်းလာခဲ့ပြီး

"မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တာဆိုတော့.... မီးနတ်ဘုရားလော့အနေနဲ့ ကျွန်မကို နှင်တော့မထုတ်လောက်ပါဘူးနော်"

ထိုညို့ဓာတ်ပြင်းလှသော အပြုံးကို ရင်ဆိုင်ရင်း လော့ချန်၏ တစ်မျက်နှာလုံး အပြုံးများဖြင့် ဝေဆာသွားရသည်။

“လုံးဝ မနှင်ထုတ်ပါဘူးဗျာ၊ မက်မွန်တောင်ကနေ တကူးတက လာရောက် ဂုဏ်ပြုပေးတာက ကျွန်တော်တို့ လော့ထျန်းအဖွဲ့အတွက် ဂုဏ်ယူစရာပါ.... ပြီးတော့ မိန်းကလေးချောင် ရောက်လာလို့ ဒန်ရှားတောင်ကြီးက အခုဆို ပိုပြီးတောင် အရောင်အသွေးစုံသွားပြီ...."

ချောင်ရှီယွဲ့ တခစ်ခစ် ရယ်မောလိုက်သည်။

"ဟိဟိ၊ မြှောက်လွန်းနေပါပြီရှင်.... မိတ်ဆွေလော့က သိပ်စကားပြောကောင်းတာပဲ၊ ဒါပေမဲ့ ဒီကို လာရတာကလည်း ရှင်တို့အဖွဲ့နဲ့ စီးပွားရေးတစ်ခုအကြောင်း ဆွေးနွေးချင်လို့လည်း ပါတာပေါ့"

"ဗျာ...."

လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

"ဘယ်လိုမျိုး စီးပွားရေးလဲဗျာ"

ချောင်ရှီယွဲ့ ညင်သာစွာ ပြုံးလိုက်သည်။

"အံ့ဖွယ်တစ်သောင်းဆေးလုံးလေ"

ဤနာမည်ကို ကြားလိုက်ရသည့် ခဏ၌ လော့ချန် ချက်ချင်းပင် နားလည်သွားခဲ့တော့သည်။ မက်မွန်တောင် ဆိုသည်မှာ ကာမဂုဏ်ခံစားမှုများနှင့် လောကီစည်းစိမ်များအတွက် ရည်ရွယ်ထားသည့် နေရာတစ်ခု မဟုတ်ပါလော။ သာမန်လူများနှင့် မတူဘဲ ကျင့်ကြံသူများ၊ အထူးသဖြင့် ချီသန့်စင်အဆင့်ရှိသူများသည် ထိုကဲ့သို့သော သာယာမှုများ၌ မကြာခဏဆိုသလို ကန့်သတ်ချုပ်ချယ်ခံရလေ့ ရှိသည်။ သေချာပေါက် အံ့ဖွယ်တစ်သောင်းဆေးလုံးမှာမူ သူတို့အား အပြည့်အဝ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်။

"ကျွန်မတို့ မျှော်လင့်တာကတော့.... လော့ထျန်းအဖွဲ့ရဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးကို အပြင်ကို မရောင်းချတော့ဘဲ ကျွန်မတို့ မက်မွန်တောင် တစ်ခုတည်းကိုပဲ သီးသန့် ပံ့ပိုးပေးဖို့ပါ.... စျေးနှုန်းပိုင်းကိုတော့ သေသေချာချာ ဆွေးနွေးလို့ ရပါတယ်.... မက်မွန်တောင်အနေနဲ့လည်း လော့ထျန်းအဖွဲ့သားတွေကို သီးသန့် အထူးလျှော့စျေး ပေးနိုင်ပါတယ်"

စီးပွားရေးအကြောင်း ပြောဆိုလိုက်သောအခါ ဤအမျိုးသမီး ကျင့်ကြံသူမှာ စကားများကို အလွန် ချက်ကျလက်ကျ ပြောဆိုနေခဲ့သည်။

သို့သော် လော့ချန်ကမူ ဆန်းကြယ်လှသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။

"ဒီစီးပွားရေးက.... မိတ်ဆွေရွှမ်ယွီရဲ့ သဘောထားလား၊ ဒါမှမဟုတ် မိန်းကလေးချောင်ရဲ့ စိတ်ကူးလား"

ချောင်ရှီယွဲ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားရသည်။

လော့ချန်၏ အကြည့်အောက်တွင် သူမ အတင်းအကျပ်ပင် ပြန်ဖြေလိုက်ရသည်။ "ကျွန်မရဲ့ ခင်ပွန်းက.... အခု ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့အတွက် တံခါးပိတ် ကျင့်ကြံနေတာဆိုတော့ ဒီကိစ္စတွေကို စီမံခန့်ခွဲဖို့ အချိန်မရှိဘူး၊ ဒါက ကျွန်မရဲ့ စိတ်ကူးပါ.... ဒါပေမဲ့ ဒါက ကျွန်မတို့ကြားက ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေပါဘူး"

လော့ချန် ခေါင်းညိတ်လိုက်သည်။ သူ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ချေ။

"စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို.... ကျွန်တော် ကိုယ်တိုင် မဆုံးဖြတ်တာ အတော်ကြာပါပြီ.... မိန်းကလေးချောင် အဆင်ပြေမယ်ဆိုရင်.... ဂုဏ်ပြုပွဲ ပြီးတဲ့အခါကျမှ ကျွန်တော်တို့ လော့ထျန်းအဖွဲ့ စီမံခန့်ခွဲရေးမှူးနဲ့ အသေးစိတ် ဆွေးနွေးနိုင်ပါတယ်"

"စီမာဟွေ့နန်လား"

ချောင်ရှီယွဲ့သည် ဟွေ့နန်၏ နာမည်ကို ရေရွတ်ရင်း မျက်နှာပေါ်တွင် သံသယအချို့ ရှိနေခဲ့သည်။

လော့ချန် ခေါင်းညိတ်ပြလိုက်ပြီး စကားဝိုင်းကို အဆုံးသတ်ရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်၏။ သူ၏ မျက်လုံးထောင့်မှနေ၍ လူအုပ်ကြားတွင် စိတ်လွင့်နေဟန်ဖြင့် ရပ်နေကာ သူ့ထံသို့ ရံဖန်ရံခါ ခိုးကြည့်နေသော ကျိုးစုန်းကို သတိပြုမိလိုက်သည်။

‘ကြည့်ရတာ.... သူ ထုံးရွှမ်ကောင်းကင်ကျောက်တုံးကို စိတ်ထဲကနေ လုံးဝ လွှတ်မချနိုင်သေးပုံရတယ်

သို့သော် ကံမကောင်းစွာဖြင့် ထိုအရာကို လော့ချန်ကိုယ်တိုင်လည်း ထိုအရာကို ဆက်သိမ်းထားရန်သာ ဆုံးဖြတ်ထားသည်။

"မိန်းကလေးချောင်.... ကျွန်တော် ဟိုဘက်မှာ မိတ်ဆွေဟောင်း နှစ်ယောက် ရှိနေလို့ သွားပြီး နှုတ်ဆက်လိုက်ဦးမယ်.... အရင် ခွင့်ပြုပါဦး"

ချောင်ရှီယွဲ့သည် ထောင့်တစ်နေရာရှိ အခြေတည် အစောပိုင်း ကျင့်ကြံသူ နှစ်ဦးကို ကြည့်လိုက်သည်။

"ဒါဆိုရင်လည်း သွားပါရှင်...."

လော့ချန် ပြုံးပြလိုက်ပြီး ထောင့်ဘက်သို့ ဦးတည် လျှောက်လှမ်းသွားခဲ့သည်။

....

"နှစ်ဦးစလုံး.... မတွေ့ရတာ ကြာပြီနော်၊ ဘယ်လိုလဲဗျ.... အဆင်ပြေကြရဲ့လား"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် နှစ်ဦးလုံး အလစ်ငိုက် မိသွားခဲ့သည်။

လီရီရှန်း လှည့်ကြည့်လိုက်ရာ လော့ချန်ကို မြင်လိုက်ရသဖြင့် အံ့ဩသွားရသည်။ ယနေ့ လော့ချန်အနေဖြင့် သူတို့အား လာရောက် နှုတ်ဆက်လိမ့်မည် မဟုတ်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် မကြာသေးခင်က အခြေအနေအကြောင်း မေးမြန်းလိုက်သောအခါ သူမ ခါးသီးစွာ ပြုံးလိုက်မိသည်။

“အဆင်ပြေတယ်လို့တော့ မပြောနိုင်ပါဘူး.... ကျွန်မတို့ နေစရာ နေရာတစ်ခု ရရုံပဲ ရှိပါသေးတယ်"

နန်ကုန်းကျင်းလည်း စိတ်မကောင်းစွာဖြင့် ပြောဆိုလိုက်သည်။

"လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့ဘက်မှာ.... နေရာလွတ်တွေ အများကြီး ရှိနေပေမယ့် ရင်ဆိုင်ရမယ့် ပြင်ပ ဖိအားတွေကလည်း.... အရင်ကထက် အများကြီး ပိုကြီးမားတယ်.... ကျုပ်နဲ့ မိတ်ဆွေလီ အနိုင်နိုင် တောင့်ခံထားရတာပါပဲ"

"ကျွန်တော့်ထက် သာပါသေးတယ်ဗျာ...."

လော့ချန် နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။

"မကြာသေးခင်တုန်းက တိုက်ပွဲကြီးတစ်ခုမှာ.... ကျွန်တော်တို့ လော့ထျန်းအဖွဲ့ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတာ"

သူ ဤသို့ ပြောဆိုလိုက်သောအခါ နန်ကုန်းကျင်းနှင့် လီရီရှန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

‘ဒါက လာနောက်နေတာလား’

ထိုတိုက်ပွဲတွင် လော့ထျန်းအဖွဲ့အနေဖြင့် မည်သည့် ဆုံးရှုံးမှုမျှ မရှိခဲ့သည့်အပြင် အကျိုးအမြတ် အမြောက်အမြားကိုပါ ရရှိခဲ့သည်ကို မည်သူက မသိဘဲ နေမည်နည်း။

‘ဘယ်ကနေပြီး ပျက်စီးသွားလုနီးပါး ဖြစ်ရမှာလဲ’

"ဟားဟား.... အခုက အတိတ်က ဆင်းရဲဒုက္ခတွေကို ပြန်ပြောနေရမယ့် အချိန်မဟုတ်ပါဘူး"

လော့ချန် ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော်တို့အားလုံး ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ် ဆိုပေမယ့်.... အနည်းဆုံးတော့ တာဟဲဈေးမြို့တော်မှာ ပိတ်မိနေတာထက်စာရင် အဆပေါင်းများစွာ ပိုသာလှပါတယ်.... မဟုတ်ဘူးလား"

သူ ဤသို့ ပြောဆိုလိုက်သောအခါ တစ်ဖက်လူ နှစ်ဦးစလုံးလည်း လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ ယခင်က တင်းကြပ်နေခဲ့သော မျက်ခုံးများမှာလည်း များစွာ ပြေလျော့သွားခဲ့ရသည်။ မည်သို့ပင်ဆိုစေ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ရောက်ရှိလာခဲ့သည့် ဤနှစ်များအတွင်း သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းမှာ နောက်ကျမကျန်ခဲ့ချေ။

နန်ကုန်းကျင်းသည် အခြေတည် အဆင့် (၂) သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လီရီရှန်းမှာမူ သူမ၏ အခြေခံမှာ ပိုမို နက်ရှိုင်းလှပြီး ပိုမိုကောင်းမွန်သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ရရှိပြီးနောက် အခြေတည် အဆင့် (၃) သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အနာဂတ်တွင် အခြေတည်အလယ်ပိုင်းသို့ တက်လှမ်းရန်မှာလည်း မဖြစ်နိုင်သည့် အရာတစ်ခု မဟုတ်ချေ။

လော့ချန်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် လေထုမှာ ချက်ချင်းပင် ပေါ့ပါးသွားခဲ့ရသည်။ စောနက အာဏာရှိသူကြီးများ၏ ရောက်ရှိလာမှုကြောင့် ဖြစ်ပေါ်ခဲ့သော စိတ်အားငယ်မှုများမှာလည်း များစွာ ပျောက်ကွယ်သွားခဲ့ရသည်။

သူတို့အားလုံးသည် နေရာတစ်နေရာတည်းမှ ထွက်ခွာလာခဲ့ကြသူများ ဖြစ်သည်။

အားလုံးက ကြိုးစားအားထုတ်နေကြခြင်း ဖြစ်သလို ကိုယ်စီ တိုးတက်မှုများ ရှိနေကြသည်။ လော့ချန်ကမူ ရှေ့အနည်းငယ် ပိုမို ရောက်ရှိသွားခြင်းမျှသာ ဖြစ်သည်။ ဤသို့ စဉ်းစားလိုက်သောအခါ စွမ်းအားနှင့် အဆင့်အတန်းကြောင့် ဖြစ်ပေါ်ခဲ့သော စိတ်ဓာတ်ကျမှုများမှာ များစွာ ပြန်လည် မြင့်တက်လာခဲ့ရသည်။

လော့ချန်သည် လီရီရှန်း၏ နောက်တွင် ရပ်နေသော လူကို ကြည့်လိုက်မိရာ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားရသည်။

"လီအောက်က.... အခုထိ အခြေတည်အဆင့် မတက်လှမ်းနိုင်သေးဘူးလား"

လီရီရှန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"တစ်ကြိမ်တော့ ကြိုးစားဖူးပါတယ်.... ဒါပေမဲ့ ကံမကောင်းစွာနဲ့ ကျရှုံးသွားခဲ့ရတယ်"

ထောင့်တစ်နေရာတွင် ရပ်နေသော လီအောက်မှာ မသိမသာဖြင့် ခေါင်းကို ငုံ့ချလိုက်မိသည်။ သို့သော် မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့သဖြင့် ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ ရှက်ရွံ့မှုများနှင့် စိတ်ပျက်မှုများ ရှိနေမှန်း သိသာလှသည်။

"ဒီတစ်ကြိမ် သူ့ကို ခေါ်လာရတာက.... အမြင် ကျယ်စေဖို့အပြင်၊ စီမံခန့်ခွဲရေးမှူး ဟွေ့နန်ရဲ့ အခြေတည် တက်လှမ်းခြင်း အတွေ့အကြုံတွေကို.... ကိုယ်တိုင်ကိုယ်ကျ နားထောင်နိုင်အောင်လည်း ပါတာပေါ့"

လီရီရှန်း၏ အကြည့်မှာ တွမ်ဖုန်း၊ မင်လုံယွီတို့၏ အပေါ်သို့ ကျရောက်သွားခဲ့ပြီး မျက်လုံးများအတွင်း ချီးကျူးမှုများ ပြည့်နှက်နေခဲ့သည်။

"ရှင့်ရဲ့ လော့ထျန်းအဖွဲ့မှာ.... အခြေတည်အဆင့်ကျင့်ကြံသူတွေ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာနေတာဆိုတော့.... ကြည့်ရတာ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ သေချာပေါက် ထူးခြားတဲ့ နားလည်မှုတွေ ရှိနေမှာပဲ"

နန်ကုန်းကျင်းလည်း ဤသို့ပင် ထင်မှတ်ထားခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ၏ ချစ်လှစွာသော သားဖြစ်သူ နန်ကုန်းချင်းမှာမူ ခန္ဓာကိုယ်အောက်ပိုင်း မသန်မစွမ်း ဖြစ်နေခဲ့သဖြင့် အခြေတည်အဆင့်တက်လှမ်းရန် မျှော်လင့်ချက် လုံးဝ မရှိတော့ချေ။ မဟုတ်ပါက သူလည်း သားဖြစ်သူကို ခေါ်ဆောင်လာပြီး ပိုမိုသင်ယူစေချင်မိသည်။

"စိတ်ချပါ.... အချိန်ကျရင် ဟွေ့နန်က အခြေတည် တက်လှမ်းခြင်း အတွေ့အကြုံတွေကို မျှဝေပေးမှာပါ"

"လီအောက်လည်း.... စိတ်မပျက်ပါနဲ့ဦး၊ တစ်ကြိမ် ကျရှုံးတာပဲ ရှိပါသေးတယ်.... ငါတို့ ကျင့်ကြံသူတွေမှာ ပြန်လည် စတင်နိုင်မယ့် သတ္တိနဲ့ စွမ်းအားတွေ ဘယ်တော့မှ မပြတ်လပ်ပါဘူး"

လော့ချန် ပြောဆိုလိုက်သည်။ သူ၏ အားပေးမှုကို ရင်ဆိုင်ရင်း လီအောက် အံကြိတ်ကာ အတင်းအကျပ်ပင် ပြုံးပြလိုက်ရသည်။ အခြေတည်အဆင့် တက်လှမ်းခြင်းကား အဘယ်မှာ ဤမျှလောက် လွယ်ကူပါ့မည်နည်း။

လော့ချန်သည် လီရီရှန်းနှင့် နောက်ထပ် စကားအချို့ ပြောဆိုရန် ပြင်ဆင်နေစဉ် မျက်ခုံးတစ်ချက် ရုတ်ချည်း ပင့်လိုက်မိသည်။

သူ လူနှစ်ဦးကို ခေါင်းညိတ်ပြလိုက်ပြီး ခန်းမဆောင်ကြီး၏ အပြင်သို့ ဦးတည် လျှောက်လှမ်းသွားခဲ့တော့သည်။

ယနေ့ ဂုဏ်ပြုပွဲ၏ အိမ်ရှင်အဖြစ် လော့ချန်၏ လှုပ်ရှားမှုတိုင်းကို မရေမတွက်နိုင်သော လူများက လိုက်လံ ကြည့်ရှုနေကြသည်။ သူ၏ ရုတ်ချည်း ဖြစ်ပေါ်လာသော လှုပ်ရှားမှုကို မြင်တွေ့ရသောအခါ ဘေးပတ်ဝန်းကျင်ရှိ လော့ထျန်းအဖွဲ့ ကျင့်ကြံသူ အမြောက်အမြားလည်း နောက်မှ လိုက်သွားကြသည်။

မသိမသာဖြင့် ခန်းမဆောင်အတွင်းရှိ အခြေတည်အဆင့်ကျင့်ကြံသူများမှာလည်း မြင့်မြတ်လှသော ဧည့်သည်တော်တစ်ဦး ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိသွားခဲ့ကြသည်။

အတိအကျပင်။ နောက်ထပ် ခဏအတွင်းမှာပင် ကျယ်လောင်လှသော ကြေညာသံကြီးတစ်သံသည် အစီအရင်များမှတစ်ဆင့် ဒန်ရှားတောင် တစ်ခွင်လုံးသို့ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့တော့သည်။

"ရေခဲခံတပ်ရဲ့ အခြေတည်အဆင့် တပည့်ရင်း ထန်ထိုက်ကျင်းကို ဒန်ရှားလော့ထျန်းကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်…."

လူတိုင်းက ရေခဲခံတပ်မှ တစ်ယောက်ယောက် ရောက်လာမည်ကို ခန့်မှန်းပြီး ဖြစ်သည်။ လော့ထျန်းအဖွဲ့၏ ကျောထောက်နောက်ခံမှာ ရေခဲခံတပ် ဖြစ်ကြောင်း မည်သူမဆို သိရှိကြသည်။ ထိုမျှသာမက လော့ချန်သည် ကရုဏာမဲ့နတ်သမီး၏ ကိုယ်တိုင် ဆင့်ခေါ်ခြင်းကိုပင် ခံခဲ့ရဖူးသေးသည်။ သို့သော် မည်သူမျှ မထင်မှတ်ထားခဲ့သည်မှာ ထန်ထိုက်ကျင်းကိုယ်တိုင် လာရောက် ဂုဏ်ပြုလိမ့်မည် ဟူ၍ ဖြစ်သည်။

ထန်ထိုက်ကျင်းဆိုသူမှာ ရေခဲခံတပ်၏ တပည့်ရင်းဖြစ်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီး၏ တပည့်လည်း ဖြစ်ကာ သူမကိုယ်တိုင်လည်း အခြေတည် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။

ထိုမျှသာမက ထျန်းလန်နတ်ဘုရားမြို့တော်ကြီးကို လက်ရှိ အုပ်ချုပ်နေသူ ဖြစ်သည်။

‘ရေခဲခံတပ်က ဒီလောက်တောင် လော့ထျန်းအဖွဲ့ကို မျက်နှာသာ ပေးရတာလား’

လူတိုင်း တုန်လှုပ်ခြောက်ခြားနေသည့် အချိန်တွင် နောက်ထပ် ကြေညာသံ ထွက်ပေါ်လာပြန်သည်။

"ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ အတွင်းစည်းတပည့် ထောင်ရိရှန်းကို ဒန်ရှားလော့ထျန်းကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်…."

ဤတစ်ကြိမ်တွင်မူ လူတိုင်း၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားရတော့သည်။

‘ဆေးလုံးစိမ်းချိုင့်ဝှမ်းကတောင်.... လူလွှတ်လိုက်ပြီလား’

‘ဒီလော့ထျန်းအဖွဲ့မှာ.... ဘယ်လိုမျိုး အရည်အချင်းတွေ ရှိနေလို့၊ ရွှေအမြုတေဂိုဏ်းကြီးတွေရဲ့ ဒီလောက်အထိ မျက်နှာသာပေးတာကို ခံရတာလဲ’

ခန်းမဆောင်အတွင်းရှိ ကျိုးချင်းတို့ လူစုမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း ဆွံ့အနေကြသည်။ သူတို့၏ အစောပိုင်းက စကားများမှာ ဝတ်ကျေတန်းကျေမျှသာ ဖြစ်သော်လည်း စိတ်ထဲတွင်မူ လော့ချန်အပေါ် အထင်သေးမှုများ အနည်းငယ် ရှိနေဆဲ ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ....။

"ငါတို့ လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အဖွဲ့မှာတောင်.... ဒီလောက်ကြီးမားတဲ့ ကျောထောက်နောက်ခံမျိုး မရှိဘူး ထင်တယ်နော်"

သံဓားဂိုဏ်းမှ ကျိုးစုန်းသည် လော့ချန် မိမိကို ရှောင်ဖယ်နေခဲ့ပြီး ထိုစတုတ္ထအဆင့် သတ္တုရိုင်းအကြောင်းကို တစ်ခွန်းမျှ မဟခဲ့သဖြင့် စိတ်ထဲတွင် မကျေနပ်ဖြစ်နေခဲ့သည်။ အကယ်၍ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်၊ ထျန်းယီဈေးမြို့တော်၊ လော့ရှားဈေးမြို့တော်ကဲ့သို့သော မိမိနှင့် အဆင့်တူ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို မမြင်တွေ့ခဲ့ရပါက သူ စောစောကတည်းက ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ရွှေအမြုတေဂိုဏ်းကြီး နှစ်ခုမှ လူများ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ သူ၏ စိတ်ထဲရှိ မကျေနပ်မှုများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ရတော့သည်။ ထိုထုံးရွှမ်ကောင်းကင်ကျောက်တုံးအပေါ်တွင်လည်း မည်သည့် လောဘစိတ်မျှ မရှိတော့ချေ။ ထိုကဲ့သို့သော နောက်ခံကျောထောက်နောက်ခံ ရှိသူကို သူ လုံးဝ ရန်မစဝံ့ချေ။

"မတတ်နိုင်ဘူး.... ဒါ တကယ့်ကို မတတ်နိုင်တဲ့ အရာပဲ"

ထို့အတူ နောက်ပိုင်း လော့ထျန်းအဖွဲ့နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သည့် အခါတွင် ဈေးနှုန်းများကို အတူတူ နှိမ်ရန် တိတ်တဆိတ် ဆွေးနွေးနေခဲ့ကြသော ချန်ရှို့လီနှင့် လော့ဖုန်းတို့သည်လည်း ယခုအခါ ဆွံ့အနေကြပြီဖြစ်သည်။

"မိတ်ဆွေလော့ဖုန်း.... မင်းသိလား.... ကြည့်ရတာ ဒီကိစ္စက အဆင်မပြေတော့ဘူး ထင်တယ်နော်" ချန်ရှို့လီက ပြောလိုက်သည်။

လော့ဖုန်း၏ မျက်နှာမှာလည်း လေးနက်နေခဲ့သည်။

"အေးဗျာ.... ကြည့်ရတာ အလျှော့အတင်း တချို့ လုပ်ရတော့မယ်၊ တစ်ဖက်လူရဲ့ အရှိန်အဝါက သာမန် အခြေတည် အလယ်ပိုင်း အဖွဲ့အစည်းတစ်ခုထက် အများကြီး ပိုကြီးလှတယ်…."

သူ မျက်မှောင်ကြုတ်လိုက်မိပြီး အလွန်ပင် သံသယ ဖြစ်မိသည်။

"သာမန် လော့ထျန်းအဖွဲ့လေးက.... ဘာဖြစ်လို့ ရွှေအမြုတေဂိုဏ်းကြီး နှစ်ခုရဲ့ မျက်နှာသာပေးတာကို ခံရတာလဲ"

သူ တစ်ယောက်တည်းသာ ထိုသို့ တွေးတောနေခြင်း မဟုတ်ပေ။ ခန်းမဆောင်အတွင်းရှိ အခြေတည်အဆင့် ကျင့်ကြံသူ အများအပြားမှာလည်း ထိုကဲ့သို့သော ဇဝေဇဝါ ဖြစ်မှုများကို ခံစားနေကြရသည်။

မက်မွန်တောင်မှ ချောင်ရှီယွဲ့သည်လည်း ယခုအချိန်တွင် မျက်လုံးများအတွင်း ထူးခြားလှသော အလင်းတန်းများ ဖြတ်ပြေးနေခဲ့သည်။

"လော့ထျန်းအဖွဲ့က ဘာမှ မထူးခြားတာကို.... ဆေးလုံးစိမ်းချိုင့်ဝှမ်းနဲ့ ရေခဲခံတပ်က ဒီလောက် အလေးထားနေကြတယ်ဆိုတော့.... ဖြစ်နိုင်တာက လော့ချန်ကိုယ်တိုင်ကြောင့်လား…."

သတိမထားမိဘဲနှင့်ပင် ခန်းမဆောင်အတွင်းရှိ အခြေတည်အဆင့်ကျင့်ကြံသူ အမြောက်အမြားမှာ မသိစိတ်အရ ခန်းမဆောင်ကြီး၏ အပြင်သို့ ဦးတည် လျှောက်လှမ်းသွားခဲ့ကြပြီ ဖြစ်သည်။ ရွှေအမြုတေဂိုဏ်းကြီးများအပေါ် ကြောက်ရွံ့မှုများကြောင့် ကြိုဆိုရန်အတွက် မသိစိတ်အရ လှုပ်ရှားလိုက်ကြခြင်း ဖြစ်သည်။

တောင်ခြေတွင် လော့ချန်တစ်ယောက် သက်တံ့တံတားပေါ်တွင် ရပ်နေခဲ့သည်။ တစ်ကိုယ်တော် ကျင့်ကြံသူ လူအုပ်ကြီး၏ အကြည့်အောက်တွင် သူသည် ထန်ထိုက်ကျင်း၊ ထောင်ရိရှန်းတို့နှင့်အတူ ပျော်ရွှင်စွာ စကားပြောဆိုရင်း ဒန်ရှားတောင်အတွင်းသို့ ယှဉ်တွဲ ဝင်ရောက်သွားတော့သည်။

ဤမြင်ကွင်းကို ထျန်းလန် နတ်ဘုရားမြို့တော်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူများအားလုံး ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရသည်။ နောက်နောင်တွင် မည်သူမျှ လော့ထျန်းအဖွဲ့ကို တောမှတက်လာသော တတိယတန်းစား အဖွဲ့အစည်းငယ်လေးအဖြစ် တွဲမှတ်ကြတော့မည် မဟုတ်ချေ။

ထိုအစား သူတို့ တွဲမှတ်ကြမည်မှာ....။

ထိုနေ့က ဒန်ရှားတောင်၏ ကောင်းကင်ယံတွင် အလင်းတန်းများ ပျံသန်းနေခဲ့ကြပြီး လှေပျံ အမြောက်အမြား ရှိနေခဲ့ပြီး အားလုံးမှာ အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ဂိုဏ်းအဖွဲ့အစည်းကြီး အမြောက်အမြားမှ လူလွှတ်ကာ လာရောက် ဂုဏ်ပြုကြသည်။ ထို့အပြင် ရေခဲခံတပ်၊ ဆေးလုံးစိမ်းချိုင့်ဝှမ်း ထိုမျှမကသေးဘဲ ဘုရင်မပန်းဂိုဏ်းမှ မက်မွန်ဘိုးဘိုး၏ လက်အောက်တွင်ရှိသော မက်မွန်တောင်ကပါ လူလွှတ်လိုက်သေးသည်။ ဤအရာမှာ ရွှေအမြုတေဂိုဏ်းကြီး သုံးခုမှ လာရောက် ဂုဏ်ပြုခြင်း ဖြစ်သည်။ လော့ထျန်းအဖွဲ့အတွင်း အခြေတည် နှောင်းပိုင်း ကျင့်ကြံသူကြီး မရှိသော်လည်း တစ်ကိုယ်တော် ကျင့်ကြံသူများမှာမူ လှိုက်လှဲစွာဖြင့် လော့ထျန်းအား ထျန်းလန်နတ်ဘုရားမြို့တော်၏ ထိပ်ဆုံးတွင် ရှိနေသော အဖွဲ့အစည်းကြီးများ၏ စာရင်းထဲသို့ ထည့်သွင်းလိုက်ကြပြီ ဖြစ်သည်။ သံဓားဂိုဏ်း၊ ထျန်းယီဈေးမြို့တော် ချန်မျိုးနွယ်စုများနှင့် ယှဉ်လျှင်ပင် လုံးဝ နိမ့်ကျခြင်း မရှိတော့ချေ။

All Chapters