အခန်း ၁၁၁
Vol. 12 Ch. 111
အပိုင်း (၁၁၁) အချစ်တော် မိဖုရားရဲ့ မျက်နှာဖုံးအစစ်
"ရဟန်းဆိုတာ သနားကြင်နာတတ်တဲ့ မေတ္တာတရား ရှိရတယ်လေ"
ဆရာတော်ဖုန်းလင်က မိဖုရားကျောင်းကို ဘာကြောင့်ကယ်ချင်ရတာလဲဆိုတဲ့ ရှန်ကျုံးဧကရာဇ်ရဲ့ အမေးကို ဒီလို ဆင်ခြေပေးပြီး ဖြေချလိုက်တာပေါ့။
ယွီးရှောင်ရှောင်ကတော့ ဆရာတော်ဖုန်းလင်ရဲ့ အဲ့ဒီသနားကြင်နာပါတယ်ဆိုတဲ့ စကားကို လုံးဝကို အထင်သေးသွားလေရဲ့။ သောက်ကျိုးနည်းကို ကြင်နာလိုက်၊ အရင်ဘဝက ရက်စက်တဲ့ဘုရင်မ မီးလောင်တိုက်သွင်းခံရတုန်းကကျတော့ ဒီကောင်က ဘုရင်မရဲ့ အသက်ကလည်း အသက်ပဲဆိုပြီး စဉ်းစားခဲ့ဖူးလို့လား။ သနားတာမျိုး နည်းနည်းတောင် ပြခဲ့ဖူးလို့လား။
ရှန်ကျုံးဧကရာဇ်ခမျာလည်း ဆရာတော်ဖုန်းလင်ကို လမ်းဖယ်ပေးလိုက်ပြီး "ဆရာတော် ဝင်သွားပါတော့" လို့ ပြောလိုက်ရလေတယ်။ ယုံရှန်းကျောင်းတော်ရဲ့ နောက်ကွယ်မှာ အခိုင်အမာရှိနေတဲ့ တပ်မကြီးကို တွေးကြည့်လိုက်တော့လည်း ရှန်ကျုံးဧကရာဇ်ခမျာ အံကြိတ်ပြီး နောက်ဆုတ်ပေးရုံကလွဲလို့ ဘာတတ်နိုင်မှာတဲ့လဲ။ သူဘယ်လောက်ပဲ အေးဆေးနေပြီး အေးဆေးသေချင်နေပါစေ၊ ဖုန်ထျန်းတိုင်းပြည်ကြီး သူ့လက်ထက်မှာ ပြာကျသွားတာကိုတော့ ထိုင်ကြည့်မနေနိုင်ဘူးလေ။
ဆရာတော်ဖုန်းလင်က မိဖုရားကျောင်းရဲ့ အိပ်ဆောင်ထဲကို ခြေလှမ်းဝင်သွားပြီ။
ယွီးရှောင်ရှောင်က လုံးဝကို လမ်းဖယ်မပေးချင်တာ။ ရက်စက်တဲ့ ဘုရင်မအတွက် မတရားသလို ခံစားနေရတော့ ယွီးရှောင်ရှောင်တစ်ယောက် ဝမ်ဖုန်းလင်ဆိုတဲ့ကောင်ကို ကြည့်လေ မြင်ပြင်းကတ်လေပဲ။ ဒီလောကကြီးမှာ ဇွန်ဘီတွေပြီးရင် နည်းပြယွီး ဒုတိယအမုန်းဆုံး သတ္တဝါက အဲဒီလို စောက်ကျင့်မကောင်းတဲ့ ယောကျ်ားယုတ်တွေပဲ။
ရှန်ကျုံးဧကရာဇ်ကလည်း သမီးတော်ကို ဘေးနား အမြန်ဆွဲခေါ်လိုက်ရတာပေါ့။ သူက တိုင်းပြည်လည်း အပျက်မခံနိုင်သလို ကိုယ့်သမီးကိုယ်တိုင် ပြဿနာရှာပြီး ကိုယ့်သေတွင်းကိုယ်တူးနေတာကိုလည်း ထိုင်မကြည့်ရက်ဘူးလေ။
ဆရာတော်ဖုန်းလင် အိပ်ဆောင်ထဲ ရောက်သွားတာနဲ့ တစ်ပြိုင်တည်း တံခါးဝမှာ ရပ်နေတဲ့ နန်းတွင်းသူ နှစ်ယောက်ကို အမိန့်ပေးလိုက်လေရဲ့။ "တံခါးပိတ်လိုက်စမ်း"
အိပ်ဆောင်တံခါးကြီးက ကျွီခနဲ အသံမြည်သွားပြီး ပိတ်သွားပါလေရော။
အဲ့ဒီအချိန်မှာပဲ အိပ်ဆောင်ထဲကနေ မိဖုရားကျောင်းရဲ့ အားနည်းတုန်ယင်နေတဲ့ ငိုသံကြီးနဲ့ "အရှင်မင်းကြီး" လို့ အော်ခေါ်လိုက်တဲ့အသံ ထွက်လာလေရဲ့။
ရှန်ကျုံးဧကရာဇ်ကတော့ မျက်နှာကြီး မည်းမှောင်နေပြီး ဘာမှကို ပြန်မထူးခဲ့ဘူး။
ယွီးရှောင်ရှောင်ကတော့ ခုနလေးတင်မှ ပိတ်သွားတဲ့ တံခါးကြီးကို ခြေထောက်နဲ့ ဗြုန်းခနဲ လှမ်းကန်ဖွင့်ချလိုက်ပြီး ပြောတော့တယ်။ "ခမည်းတော်၊ ဟိုမိဖုရားယုတ်လေး နိုးလာပြီ"
ရှန်ကျုံးဧကရာဇ်ကတော့ တံခါးဝမှာ မတ်တတ်ရပ်နေရင်း ဘယ်မှမရွေ့ဘဲ လှမ်းပြီး နှစ်သိမ့်လိုက်လေရဲ့။ "ချစ်မိဖုရား မကြောက်နဲ့နော်၊ ဆရာတော်ဖုန်းလင်က ဆေးပညာ တော်လွန်းတော့ မင်းရဲ့ရောဂါကို ပျောက်အောင် ကုပေးနိုင်မှာပါ"
"အရှင်မင်းကြီး... ကျွန်တော်မျိုးမကို တစ်ယောက်ယောက်က လုပ်ကြံတာပါ"
မိဖုရားကျောင်းက အသည်းအသန် ထအော်ပါလေရော။ အသံကို ကြားလိုက်တာနဲ့တင် အတော်လေး စိတ်လှုပ်ရှားပြီး အော်လိုက်မှန်း သိသာလွန်းနေတာကိုး။
"ဟ.. သွေးတွေ အဲ့လောက်ထွက်ထားတာကိုတောင် သူက အော်နိုင်သေးတာပဲ"
ယွီးရှောင်ရှောင်ကတော့ တိုးတိုးလေး ရေရွတ်လိုက်သေးတာ။
ရှန်ကျုံးဧကရာဇ်လည်း မျက်ခွံတစ်ချက် တွန့်သွားပြီး "ဘယ်သူက လုပ်ကြံတာလဲ" လို့ မေးလိုက်လေတယ်။
ဆိုတော့ကား ခြံဝင်းထဲမှာရှိနေတဲ့ လူတွေအကုန်လုံး နားရွက်လေးတွေ ထောင်သွားကြတာပေါ့လေ။ မိဖုရားကျောင်းက ဘယ်သူ့နာမည်ကို ထုတ်ပြောလေမလဲဆိုတာ အားလုံးက သိချင်နေကြတာကိုး။
မိဖုရားကျောင်းကြီးက ငိုချင်းချပါလေရော။ အသံတွေဝင်ပြီး ကြားရတဲ့သူတွေပါ မျက်ရည်ကျချင်လာလောက်အောင်ကို ရှိုက်ကြီးတငင် ငိုနေတော့တာပဲ။
သူ့အချစ်တော်ရဲ့ ငိုသံကြီးကို ကြားရတော့ ရှန်ကျုံးဧကရာဇ်ရဲ့ နှလုံးသားကြီးလည်း ဝုန်းခနဲ ပျော့ကျသွားရတော့တာပေါ့။ အဲ့ဒီတော့မှ အသံကို နူးနူးညံ့ညံ့လေး လျှော့လိုက်ပြီး မေးလေတယ်။
"ကိုယ်တော်ရှိနေတာပဲ၊ ချစ်မိဖုရားကို ဘယ်တော့မှ အနစ်နာခံခိုင်းမှာ မဟုတ်ဘူး။ ဒီတစ်ခါတော့ ကိုယ်တော်က သေချာပေါက် တရားမျှတအောင် ဖြေရှင်းပေးမယ်။ ကိုယ်တော့်ကို ပြောစမ်းပါ၊ အဲဒီ တရားခံက ဘယ်သူလဲ"
အရှင်မင်းကြီးရဲ့ စကားကိုလည်း ကြားရော ကျင်းကျုံးအပါအဝင် မိဖုရားကျောင်းဘက်က လူတွေအကုန်လုံး သူတို့သခင်မ မျက်နှာသာပေးခံရတဲ့ အနေအထားကနေ လျော့မသွားသေးဘူးလို့ ခံစားလိုက်ရလေရဲ့။ မင်းသမီးကြီးက မိဖုရားကျောင်းအပေါ် ဒီလောက် အကွက်ချပြီး ရွှံ့တွေနဲ့ ပက်နေတာတောင် အရှင်မင်းကြီးက သူတို့သခင်မအပေါ် သံယောဇဉ်ရှိနေတုန်းပဲကိုး။
မိဖုရားကျောင်းက အတော်ကြာတဲ့အထိ အားပါးတရ ငိုနေလေရဲ့။ ဘယ်လောက်တောင်လဲဆို ရှန်ကျုံးဧကရာဇ်ခမျာ အိပ်ဆောင်ထဲ ပြေးဝင်ပြီး သူ့အချစ်လေး ပူတူတူးလေးကို ဖက်ရင်း ချော့မလို့တောင် လုပ်နေပြီလေ။ အဲဒီတော့မှ မိဖုရားကျောင်းက အသံထွက်လာတယ်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမက နန်းတော်ထဲက ညီအစ်မတွေနဲ့ အမြဲတမ်း တည့်အောင်ပေါင်းပါတယ်။ သူတို့က ကျွန်တော်မျိုးမကို လုပ်ကြံမှာ မဟုတ်ပါဘူး
"ဒါဆို ဘယ်သူက လုပ်ကြံတာလဲ" လို့ ရှန်ကျုံးဧကရာဇ်က ထပ်မေးရတာပေါ့။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမ မကြာသေးခင်ကမှ မင်းသမီးကြီးနဲ့ နားလည်မှု လွဲထားတာလေး ရှိတာပါ။ ဒီနေ့ ကျွန်တော်မျိုးမ ရုတ်တရက်ကြီး ရောဂါဖြစ်လာရတာက သေချာပေါက် အဲ့ဒါကြောင့်..." ပြောပြီးတာနဲ့ မိဖုရားကျောင်းက စကားဆက်မပြောတော့ဘဲ အသံကုန်ဟစ်ပြီး ထပ်ငိုတော့တာပဲ။
မိဖုရားကျောင်းက စကားကို ဆုံးအောင် မပြောပေမဲ့ အားလုံးကတော့ ရှင်းရှင်းလင်းလင်းကို သဘောပေါက်လိုက်ကြပြီပေါ့။ မိဖုရားကျောင်းက သူ့ကို လုပ်ကြံတဲ့သူဟာ မင်းသမီးလင်းလုံပါလို့ ထောက်ပြနေတာပဲလေ။
ယွီးရှောင်ရှောင်တို့ကတော့ ဝှားခနဲ သန်းနေပြီ။ သူမကိုယ်တိုင် လက်မပါခဲ့ပေမဲ့ ဒီမိဖုရားယုတ်ကို ကိစ္စတုံးပစ်ဖို့တော့ စိတ်ကူးဖူးသားပဲ။ မိဖုရားကျောင်း အခုလို စွပ်စွဲနေတာကလည်း မမှားလှပါဘူး၊ သူမမှာလည်း ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်တွေ ရှိနေတာကိုး၊ ဟုတ်တယ်မလား။
ရှန်ကျုံးဧကရာဇ်က သမားတော်တစ်ယောက်ကို လက်ယပ်ခေါ်လိုက်ပြီး မေးလိုက်လေရဲ့။
"မိဖုရားကျောင်းရဲ့ ကျန်းမာရေးက တဖြည်းဖြည်းချင်း ယိုယွင်းလာတာလား"
သမားတော်က ခေါင်းငုံ့ပြီး တိုးတိုးလေး လျှောက်တင်ရှာတယ်။ "အရှင်မင်းကြီး... မိဖုရားကျောင်းက ရုတ်တရက် ရောဂါဖောက်လာတာပါ"
"ဒီနေ့ညမှ အလုပ်ကြံခံရတာပေါ့ ဟုတ်လား" ရှန်ကျုံးဧကရာဇ်က ထပ်မေးလိုက်တာပေါ့။
သမားတော်ခမျာ ရင်ထဲကနေ သက်ပြင်းတစ်ချက်ချလိုက်ပြီး "မှန်လှပါ" လို့ပဲ ဖြေလိုက်ရတော့တယ်။
"အရှင်မင်းကြီး..." မိဖုရားကျောင်းက ရှန်ကျုံးဧကရာဇ်ဆီကနေ ဘာအသံမှ ထွက်မလာတော့ အလောသုံးဆယ်နဲ့ အော်ငိုပြီး ခေါ်လိုက်ပြန်ရော။
ရှန်ကျုံးဧကရာဇ်က မေးလိုက်လေတယ်။ "မင်းပြောချင်တာ လင်းလုံ မင်းကို လုပ်ကြံတယ်ပေါ့။ သူက နန်းတော်ထဲကို ဘယ်လိုလုပ် ဝင်လာမှာလဲ"
အဲ့ဒီတော့မှ မိဖုရားကျောင်းရဲ့ ငိုသံကြီးက ဗြုန်းခနဲကို တိတ်ကျသွားတော့တာပဲ။
ယွီးရှောင်ရှောင်ကတော့ ခပ်တည်တည်နဲ့ပဲ ဝင်ပြောလိုက်လေရဲ့။ "ခမည်းတော် မေးတာကလည်း မဟုတ်သေးပါဘူး၊ သမီးတော်မှာ တပည့်တွေ ရှိသေးတယ်လေ"
"မင်းသမီးကြီးမှာ တပည့်တွေ ရှိသေးတယ်တဲ့" လို့ မိဖုရားကျောင်းကလည်း ရှန်ကျုံးဧကရာဇ်ကို ကပျာကယာ လှမ်းတိုင်ပါလေရော။
ယွီးရှောင်ရှောင်က ဟက်ခနဲ ရယ်ပြီး ရှန်ကျုံးကို လှမ်းပြောတော့တာပဲ။ "သူက တော်တော်ဉာဏ်ကောင်းတာပဲ၊ ဒါကိုတောင် တွေးတတ်သေးတယ်"
ကျေးဇူးပြုပြီး ချမ်းသာပေးကြပါတော့။
ကျင်းကျုံးနဲ့ မိဖုရားကျောင်းဘက်က လူတွေအကုန်လုံး ယွီးရှောင်ရှောင်ကို ထိုင်ရှိခိုးချင်စိတ်တောင် ပေါက်သွားကြတယ်။ ဉာဏ်ပညာကြီးမားပြီး ဘုန်းတန်ခိုးထွားလှပါတဲ့ မင်းသမီးကြီးရယ်... မိဖုရားကျောင်းကို အသက်ရှင်လမ်းလေး တစ်လမ်းလောက်တော့ ချန်ပေးလို့ မရဘူးလား။ လူသတ်ရင်တောင် ဓားတစ်ချက်တည်းနဲ့ အပြတ်ခုတ်လို့ရပါတယ်၊ အခုလို အရှင်လတ်လတ်ကြီး စိတ်ဆင်းရဲအောင် လုပ်နေတာကတော့ အရမ်း နှိပ်စက်လွန်းရာ မကျဘူးလား။
"လင်းလုံ... သမီးတော် ဒီမှာ ခဏစောင့်နေလိုက်ဦး၊ ခမည်းတော် အရင်သွားနှင့်ပြီ"
ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်ကို မှာလိုက်ပြီးတာနဲ့ ဝတ်ရုံလက်ကို ခါလိုက်ရင်း လှေကားထစ်တွေအတိုင်း လှည့်ဆင်းသွားပါလေရော။
ကျင်းကျုံးတို့တစ်သိုက်လည်း ပြာပြာသလဲနဲ့ ရှန်ကျုံးဧကရာဇ်နောက်ကို ကမန်းကတန်း လိုက်သွားကြရတာပေါ့။
ယွီးရှောင်ရှောင်ကတော့ စင်္ကြံလမ်းမှာ ရပ်ကျန်ခဲ့ရင်း နားမလည်နိုင်စွာနဲ့ သူ့အနား ပြေးလာတဲ့ ရှောင်ဝေကို မေးလိုက်လေရဲ့။
"သူက ဘာလို့ ထွက်သွားတာလဲ"
သူ အမြဲတမ်း အလိုလိုက် အချစ်ပိုခဲ့ရတဲ့ မိန်းမရဲ့ မျက်နှာဖုံးအစစ်ကို သိသွားတော့ အရှင်မင်းကြီးက အခုချက်ချင်း လူမသတ်ချင်သေးတာမို့ အရင်ထွက်သွားရုံပဲ တတ်နိုင်တော့တာလေ။ မျက်စိရှေ့ကနေ ပျောက်သွားတော့လည်း မျက်စိနောက် သက်သာတာပေါ့။ ရှောင်ဝေက ရှန်ကျုံးဧကရာဇ်တို့တစ်သိုက် ခြံဝင်းထဲက ထွက်သွားတာကို သေချာကြည့်ပြီးမှ ယွီးရှောင်ရှောင်ကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။
"အရှင်မင်းကြီး ပင်ပန်းသွားလို့ နားချင်သွားတာ နေမှာပါ"
ရှောင်ကျွမ်းကတော့ သူ့အစ်ကိုကို ကြည့်ပြီး ခေါင်းကုတ်နေမိတာပေါ့။ ဒီလိုကြီး မျက်လုံးကြီးပြူးပြီး ဗြောင်လိမ်နေလို့ တကယ်ပဲ အဆင်ပြေပါ့မလား။
ယွီးရှောင်ရှောင်ကတော့ စင်္ကြံလမ်းက လက်ရန်းပေါ်ကို လွှားခနဲ ခွထိုင်ပြီး ပြောလိုက်လေရဲ့။
"ကဲ... ငါတို့တွေ ဝမ်ဖုန်းလင်နဲ့ မိဖုရားကျောင်းတို့ကြားက တိတ်တိတ်ပုန်း ဇာတ်လမ်းလေးတွေအကြောင်း ဆွေးနွေးကြရအောင်လေ"
ရှောင်ဝေက ရှောင်ကျွမ်းကို အနောက်ကနေ ခြေထောက်နဲ့တစ်ချက် လှမ်းကန်လိုက်တယ်။
ရှောင်ကျွမ်းလည်း ယွီးရှောင်ရှောင်ရှေ့ကို ပြေးလာပြီး လက် နှစ်ဖက်ကို အသည်းအသန် ကာပြရင်း တားပါလေရော။ "မင်းသမီး... ဒီကိစ္စကို ကျွန်တော်တို့ မဆွေးနွေးဘဲ နေလို့ မရဘူးလားဟင်"
ရှောင်ဝေက ရှေ့ကို တိုးလာပြီး ယွီးရှောင်ရှောင်ကို မျက်နှာတည်ကြီးနဲ့ လျှောက်တင်လေရဲ့။
"မင်းသမီး... ကျွန်တော် ထင်တာတော့ ဒီကိစ္စကို မင်းသမီးရဲ့ ကြင်ရာတော်နဲ့ပဲ ဆွေးနွေးတာ ပိုကောင်းမယ်ထင်တယ်"
ယွီးရှောင်ရှောင်က "ဘာလို့လဲ" လို့ ပြန်မေးတာပေါ့။
ရှောင်ဝေက ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလေရဲ့။ "ဘာလို့လဲဆိုတော့ ယောကျ်ား မိန်းမ ကိစ္စတွေကို ကျွန်တော်နဲ့ ရှောင်ကျွမ်းက နားမှမလည်တာ။ ကျွန်တော်တို့မှာ မိန်းမတောင် မရှိသေးဘူး"
ရှောင်ကျွမ်းကတော့ ဘေးနားမှာ ဆောင့်ကြောင့်ထိုင်ပြီး မြက်ပင်တွေ ထိုင်နှုတ်နေလေရဲ့။ ဒီလို စကားဝိုင်းမျိုးကိုတော့ သူ ရှက်လွန်းလို့ ဝင်မပါနိုင်တာကို ခွင့်လွှတ်ပေးကြပါပေါ့လေ။
အဲ့ဒီအချိန်မှာပဲ အိပ်ဆောင်ထဲကနေ မိဖုရားကျောင်းရဲ့ အော်ခေါ်သံကြီး ထွက်လာပြန်ရော။ "အရှင်မင်းကြီး ဟီး ဟီး..."
ဆရာတော်ဖုန်းလင်က မိဖုရားကျောင်းကို ကြည့်ပြီး ပြုံးလိုက်လေတယ်။ "မိဖုရား နားနားနေနေ နေတာ ပိုကောင်းမယ်ထင်တယ်။ အရှင်မင်းကြီးကတော့ ထွက်သွားလောက်ပြီ ထင်တာပဲ"
မိဖုရားကျောင်းက သူမနဲ့ အဝေးကြီးမှာ ထိုင်နေတဲ့ ယုံရှန်းကျောင်းတော်က ဆရာတော်လေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သံသယအပြည့်နဲ့ မေးလိုက်လေရဲ့။
"ဆရာတော်လေးပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲ"
အဲ့ဒီအချိန်မှာပဲ ဆရာတော်ဖုန်းလင် ယူလာပေးတဲ့ ဆေးကို သောက်ပြီးတဲ့နောက်ပိုင်း သူတို့သခင်မရဲ့ ကိုယ်အောက်ပိုင်းက ဆင်းနေတဲ့ သွေးတွေ သိပ်မများတော့ဘဲ တဖြည်းဖြည်း နည်းလာတာကို အစေခံကြီးတွေက သတိထားမိသွားကြလေရဲ့။ အထိန်းတော်ကြီးတွေ အကုန်လုံးရဲ့ မျက်နှာပေါ်မှာ ဝမ်းသာရွှင်လန်းတဲ့ အရိပ်အယောင်တွေ ပေါ်လာတာပေါ့။ သူတို့သခင်မတော့ အသက်ချမ်းသာရာရပြီလေ။
ဆရာတော်ဖုန်းလင်က မေးလိုက်လေရဲ့။ "မိဖုရားက ခုနလေးတင်ပဲ မင်းသမီးလင်းလုံ လုပ်ကြံတာပါလို့ ပြောလိုက်တာလေ"
မိဖုရားကျောင်းက ဆရာတော်လေးကို ကြည့်နေပေမဲ့ ဘာစကားမှ ထွက်မလာတော့ဘူး။
ဆရာတော်ဖုန်းလင်က ဆက်ပြီး ပြောလိုက်တာပေါ့။
"ဒီနေ့ည အရှင်မင်းကြီးက မင်းသမီးနဲ့အတူ နန်းပြင်ကို ထွက်သွားတာလေ။ သူတို့နှစ်ယောက်က တစ်ညလုံး အတူတူရှိနေခဲ့ကြတာ။ မိဖုရားရယ်... မင်းသမီးက ဘယ်လိုလုပ်ပြီး မိဖုရားကို လုပ်ကြံနိုင်မှာလဲ"
ရှန်ကျုံးဧကရာဇ်နဲ့ ယွီးလင်းလုံတို့ ဒီည အတူတူရှိနေမှန်း မိဖုရားကျောင်း တကယ်ကို မသိခဲ့ရှာဘူး။ ဆရာတော်ဖုန်းလင်ရဲ့ စကားကိုလည်း ကြားလိုက်ရော မိဖုရားကျောင်းရဲ့ ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ မျက်နှာကြီးက ချက်ချင်းကို ပြာနှမ်းသွားပါလေရော။ နှုတ်ခမ်းတွေ တုန်ယင်နေရင်းနဲ့မှ အားကို အနိုင်နိုင် ညှစ်ထုတ်ပြီး ပြောလိုက်ရှာတယ်။
"မင်းသမီးကြီးမှာ တပည့်တွေ ရှိသေးတယ်လေ"
"ဖုန်းဟွာနန်းဆောင်က လူတွေအကုန်လုံး မင်းသမီးနဲ့အတူ ကုအိမ်တော်ကို လိုက်သွားကြပြီလေ"
ဆရာတော်ဖုန်းလင်က အေးအေးဆေးဆေးပဲ ဆက်ပြောလိုက်တယ်။
"ကဲ... နန်းတော်ထဲမှာ ဘယ်သူကများ မင်းသမီးရဲ့ တပည့်ဖြစ်နေဦးမှာလဲ ပြောစမ်းပါဦး။ မိဖုရားက အမြဲတမ်း ဉာဏ်ပြေးလှပါတယ်ဆို၊ အခုလို ခဏလေးအတွင်းမှာတင် တုံးအသွားလိမ့်မယ်လို့ မထင်ထားမိဘူး"
မိဖုရားကျောင်းလည်း သူ့ဘေးက အထိန်းတော်ကြီးတွေကို လှမ်းကြည့်လိုက်ပြီး "အရှင်မင်းကြီးရော... ဘယ်မှာလဲ" လို့ တုန်တုန်ယင်ယင်နဲ့ မေးလိုက်လေရဲ့။
အထိန်းတော်ကြီးတွေ အကုန်လုံးက ခေါင်းခါပြကြတာပေါ့။ သူတို့က မိဖုရားကျောင်းနားမှာပဲ အချိန်ပြည့် စောင့်နေရတာဆိုတော့ အရှင်မင်းကြီး ဘယ်ထွက်သွားလဲ ဘယ်လိုလုပ် သိနိုင်မှာလဲ။
"မိဖုရား သိသင့်တဲ့ နောက်ထပ် သတင်းတစ်ပုဒ် ရှိသေးတယ်" ဆရာတော်ဖုန်းလင်က မိဖုရားကျောင်းကို လှည့်တောင်မကြည့်တော့ဘူး။ သူ့လက်နှစ်ဖက်ကို သူ ငုံ့ကြည့်နေရင်းကနေ တိုးတိုးလေး ပြောချလိုက်လေရဲ့။
"မနက်ဖြန်ကစပြီး ကုအိမ်တော်ကနေ ကျန့်ကော်ကုန်းစံအိမ်ဆိုပြီး နာမည် ပြန်ပြောင်းတော့မယ်"
...