အခန်း ၁၁၂
Vol. 12 Ch. 112
အပိုင်း (၁၁၂) ရေသောက်သူသာ အပူအအေး သိသလို
ကုအိမ်တော်ကို ကျန့်ကော်ကုန်းစံအိမ်အဖြစ် နာမည်ပြန်ပြောင်းလိုက်တယ်တဲ့။ ဒါ ဘာအဓိပ္ပာယ်လဲ။ မိဖုရားကျောင်းလို ပါးနပ်လှတဲ့ မိန်းမက ခဏလေး စဉ်းစားလိုက်တာနဲ့တင် အကုန် သဘောပေါက်သွားတာပေါ့။
"မင်း... မင်းသမီးကြီးက ဘာတွေများ လုပ်ခဲ့တာလဲ" မိဖုရားကျောင်း ပါးစပ်ကနေ ဒီမေးခွန်းက ဗြုန်းခနဲ ထွက်ကျသွားလေရဲ့။ ယွီးလင်းလုံက တကယ်ပဲ အဲ့ဒီလောက်တောင် စွမ်းနေတာလား။ မိဖုရားခေါင်ကြီးတောင်မှ ကုမိသားစုကို ပြစ်ဒဏ်ကနေ ကင်းလွတ်အောင် လုပ်မပေးနိုင်ခဲ့တာကို ဒီကောင်မစုတ်လေးက လုပ်နိုင်ခဲ့တယ်ပေါ့လေ။
ဆရာတော်ဖုန်းလင်က ပြန်ပိတ်သွားတဲ့ တံခါးကို တစ်ချက်လှမ်းကြည့်ပြီး တိုးတိုးလေး ပြောလိုက်တာပေါ့။
"မိဖုရား... မင်းသမီးကြီး ဘာလုပ်ခဲ့လဲဆိုတာ အရေးမကြီးပါဘူး။ အခု အရေးကြီးတာက မိဖုရား ဘာဆက်လုပ်မလဲဆိုတာပဲ"
တစ်ဖက်က ချူချင်းနန်းဆောင် အပြင်ဘက်မှာတော့ ရှန်ကျုံးဧကရာဇ်ကြီးက လှည်းရှေ့မှာ မတ်တတ်ရပ်၊ လက်ကိုနောက်ပစ်ရင်း ကုရှင်းလန်ကို အဓိပ္ပာယ်ပါပါ မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်နေလေရဲ့။
ကုရှင်းလန်ဆိုတာက စစ်မြေပြင်မှာ ကြီးပြင်းလာတဲ့ကောင်လေ၊ ရှန်ကျုံးဧကရာဇ်ရဲ့ ဒီလောက်အကြည့်လေးကို ကြောက်စရာ အကြောင်းမှ မရှိတာ။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဇဝေဇဝါ ဖြစ်နေတာပေါ့။ အရှင်မင်းကြီး ဘာတွေများ ဖြစ်နေပါလိမ့်။ သူ ချူချင်းနန်းဆောင် အပြင်ဘက်မှာ နေခဲ့တာတောင်မှ မင်းသမီး ထပ်ပြီး လူရိုက်တဲ့ အသံဗလံမျိုး ဘာမှ မကြားခဲ့ရပါဘူး။
ရှန်ကျုံးဧကရာဇ်က ကုရှင်းလန်ကို စိုက်ကြည့်ပြီး ပါးစပ်ဟဟလာတာ ခဏခဏပဲ၊ ဒါပေမဲ့ ပြောမဲ့စကားလုံးတွေကို ပြန်စီစဉ်ရဦးမယ်ထင်လို့ ပြောချင်နေတဲ့ စကားတွေကို ဝမ်းဗိုက်ထဲ ပြန်ပြန်မျိုချပစ်နေရတယ်။
နောက်ဆုံးတော့ ကုရှင်းလန်ကပဲ မနေနိုင်တော့ဘဲ စမေးလိုက်ရတော့တယ်။
"အရှင်မင်းကြီး... ဘာများ အမိန့်ရှိချင်လို့ပါလဲ"
"ကိုယ်တော်က မင်းတို့လို စစ်သည်ရဲမက်တွေရဲ့ အကျင့်စရိုက်တွေကို သိပါတယ်ကွာ"
ရှန်ကျုံးဧကရာဇ်က ခပ်တည်တည်ကြီး စပြောပါလေရော။
ယောက္ခမက သူ့ကို မြှောက်ပြောနေတာလား၊ ဒါမှမဟုတ် ဆဲချင်နေတာလားဆိုတာ ကုရှင်းလန်ခမျာလည်း နားမလည်နိုင်တော့ဘူး။ ဒါနဲ့ပဲ ရှန်ကျုံးဧကရာဇ်ကို လက်သီးဆုပ်အရိုအသေပေးလိုက်ရတော့တယ်။
"အရှင်မင်းကြီး မိန့်တာ မှန်ပါတယ်။ ကျွန်တော်မျိုးက…ငယ်ငယ်ကတည်းက စစ်တပ်ထဲ ဝင်ခဲ့တဲ့ စစ်သည်တစ်ယောက်ပါ"
"ကိုယ်တော့် သမီးတော်က မင်းနဲ့ လက်ထပ်လိုက်ရပြီလေ" ရှန်ကျုံးဧကရာဇ်က ဆက်ပြီး ပြောချလိုက်ပြန်တယ်။
"မင်းရဲ့ ဇနီးဖြစ်သွားပြီဆိုပေမဲ့ မင်း သူ့ကို အကျင့်ဆိုးတွေ သွားမသင်ပေးနဲ့နော်"
အဲ့ဒီတော့မှ ကုရှင်းလန် သဘောပေါက်သွားတော့တယ်။ ဪ... ယောက္ခမကြီးက သူ့ကို ဆဲချင်နေတာကိုး။
"လင်းလုံဆိုတာက မင်းသမီးကွ" ရှန်ကျုံးဧကရာဇ်က ကုရှင်းလန်ကို ပြောနေလေရဲ့။
"မင်းရဲ့ စစ်တပ်ထဲက ကြမ်းတမ်းတဲ့ အကျင့်တွေနဲ့ သူ့ကို သွားမဆက်ဆံနဲ့။ သူက ငယ်သေးတယ်။ တွေ့ရာမြင်ရာ အတုလိုက်ခိုးနေရင် သေချာပေါက် အကျင့်တွေ ပျက်ကုန်လိမ့်မယ်"
မင်းသမီး အခုလို နေတတ်ထိုင်တတ်တာက ဘာများ မကောင်းလို့လဲလို့ တွေးမိပေမဲ့ ကုတတိယသခင်လေး ခမျာတော့ ရိုးရိုးအေးအေးနဲ့ပဲ အသံတိတ် အဆူခံနေလိုက်ရတော့တာပေါ့။ ဘာပဲဖြစ်ဖြစ် သူက အခု ဒဏ်ရာကြီးနဲ့လေ၊ အရှင်မင်းကြီး သူ့ကို ဘယ်လိုမှ ထရိုက်လို့မှ မရဘူး။
ရှန်ကျုံးဧကရာဇ်က ကုရှင်းလန်ကို အကြာကြီး ရပ်ဆူနေတာ၊ ဆူလေ ပြောလေ ဒေါသတွေက ပိုပိုထွက်လာလေပဲ၊ နည်းနည်းလေးတောင် ဒေါသပြေသွားသလို မခံစားရဘူး။ အဲ့ဒါနဲ့ ရုတ်တရက်ကြီး ကုရှင်းလန်ကို လှမ်းပြီး အော်ပြောလိုက်ပါလေရော။
"လင်းလုံကို ကိုယ်တော် နန်းတော်ထဲ ပြန်ခေါ်သွားပေးမယ်လို့တော့ မင်း လုံးဝ မမျှော်လင့်နဲ့နော်"
……
အဲ့ဒီအခါမှာတော့ အနားမှာရှိနေတဲ့ လူတွေအကုန်လုံး ဆွံ့အပြီး တိတ်ဆိတ်သွားကြတော့တာပဲ။
ကျင်းကျုံးနဲ့ ကုရှင်းလန်ဆိုတာက ရန်သူတွေ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျင်းကျုံးတောင်မှ ကုတတိယသခင်လေးကို နည်းနည်း သနားချင်လာပြီရယ်။ ရင်ထဲကလာတဲ့ အမှန်တရားအတိုင်း ပြောရရင် မျက်နှာပြောင်တိုက်တဲ့နေရာမှာတော့ ရှန်ကျုံးဧကရာဇ်ကြီးက တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ 'ငါ့သမီး ကောင်းကောင်း၊ မကောင်းကောင်း မင်းကတော့ အကုန်ခံရမှာပဲ၊ ဘာပဲဖြစ်ဖြစ် ငါ့သမီးကို မင်း ကွာရှင်းခွင့် မရှိဘူး၊ ငါလည်း ပြန်မခေါ်ဘူး' ဆိုတဲ့ ဒီလိုစကားမျိုးကို မျက်နှာအရေခွံ ဘယ်လောက်တောင် ထူနေမှ ပြောထွက်မှာတဲ့လဲ။ မင်းသမီးကြီးကို အခုလို ဂျမ်းတောကြီးဖြစ်အောင် ပျိုးထောင်ထားခဲ့ပြီးတာတောင် အရှင်မင်းကြီးက နည်းနည်းလေးမှ လိပ်ပြာမလုံတာမျိုး မရှိဘူးလားလို့ပဲ မေးလိုက်ချင်တော့တယ်။
"ကိုယ်တော့်ကို သေချာဖြေစမ်း" ရှန်ကျုံးဧကရာဇ်က သမက်ဖြစ်သူကို မျက်လုံးကြီးပြူးကြည့်ရင်း မေးလိုက်လေတယ်။ "ကိုယ်တော်ပြောတာတွေ မှတ်ထားရဲ့လား"
ကုရှင်းလန်က တိုးတိုးလေးနဲ့ ပြန်ဖြေတာပေါ့။
"အရှင်မင်းကြီး စိတ်ချပါ။ ကျွန်တော်မျိုးက မင်းသမီးကို မြတ်နိုးပါတယ်။ ကျွန်တော်မျိုးနဲ့ မင်းသမီးက တစ်ယောက်ကိုတစ်ယောက် လေးလေးစားစားနဲ့ ရိုရိုသေသေ ပေါင်းသင်းသွားကြမှာပါ"
ကုရှင်းလန်ရဲ့ စကားက ရှန်ကျုံးဧကရာဇ်ရဲ့ ဒဏ်ရာပေါ်ကို ဆားပက်လိုက်သလို ဖြစ်သွားပြန်ရော။ သူ့မှာ မိန်းမတွေ ဒီလောက်များတာတောင်မှ တစ်ယောက်ကို တစ်ယောက် လေးလေးစားစားနဲ့ ရိုရိုသေသေ ပေါင်းသင်းရတဲ့သူရယ်လို့ တစ်ယောက်မှ မရှိသေးဘူးလေ။ ဒီကောင်လေးက ဘာကုသိုလ်တွေများ ကောင်းနေလို့ ဒီလောက် ကံကောင်းနေရတာလဲပေါ့။
"ဟွန့်" ရှန်ကျုံးဧကရာဇ်က ဒေါသတကြီး နှာမှုတ်လိုက်ပြီး ရှေ့ကို ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်တယ်။ ပြီးမှ ပြန်ရပ်လိုက်ပြီး ကုရှင်းလန်ကို ဆူပြန်ရော။
"မင်း ညဘက်တွေတိုင်း မင်းသမီးကို ခေါ်ခေါ် ပြီး လမ်းမကြီးတွေပေါ် လျှောက်သွားနေတာတွေ လျှော့စမ်း။ ဘယ်လို အချိုးတွေ ချိုးနေမှန်းကို မသိဘူး"
ကုရှင်းလန်လည်း "အမိန့်တော်အတိုင်းပါ" လို့ ပြန်ဖြေရတာပေါ့လေ။
"ဘာလေးဖြစ်ဖြစ် နန်းတော်ကိုချည်း ပြန်မလာနဲ့" ရှန်ကျုံးဧကရာဇ်က ဆက်ပြောလေတယ်။
"သူက အိမ်ထောင်ကျပြီးသားလေ။ မင်းကလည်း လင်ယောကျ်ားတစ်ယောက်နဲ့ နည်းနည်းပါးပါးတော့ တူအောင် နေစမ်းပါ"
ကျင်းကျုံးတို့ တစ်သိုက်ကတော့ ဒီတစ်ခါ တော်သေးတယ်ပြောရမယ်။ ဒါပေမဲ့ ရှန်ကျုံးဧကရာဇ်ကို တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ အရိပ်သက်တော်စောင့် လေးယောက်ကတော့ သမက်တော်ကို သနားတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်မိကြတယ်။ မင်းသမီးကြီးလို အချိုးမျိုးနဲ့ဆို သမက်တော်ခမျာ လင်ယောကျ်ားတစ်ယောက်နဲ့ တူအောင် ဘယ်လိုလုပ်ပြီး သွားနေရမှာလဲ။
"လင်းလုံအနား သွားနေပေးလိုက်ချေ" ရှန်ကျုံးဧကရာဇ်က ကုရှင်းလန်ကို ပြောပြန်တယ်။
"သူ့ကို ထပ်ပြီး ပြဿနာ သွားမရှာခိုင်းနဲ့တော့"
ကုရှင်းလန်ခမျာ အတော်လေး အခက်တွေ့သွားရှာတယ်။ "အရှင်မင်းကြီး... ဒီနေရာက မိဖုရားကျောင်းရဲ့ အဆောင်လေ"
"ကိုယ်တော်က မင်းကို မိဖုရားကျောင်းဆီ သွားခိုင်းလို့လား" ရှန်ကျုံးဧကရာဇ်က မျက်နှာတည်ကြီးနဲ့ ပြန်အော်တာပေါ့။
"လင်းလုံကို သွားကြည့်ခိုင်းတာလေ။ ဆရာတော်ဖုန်းလင်လည်း အဲ့မှာ ရှိနေတာ။ သူ့ကို ဆရာတော်လေးနဲ့ ပေါက်ကရတွေ ထပ်မပြောစေနဲ့တော့"
"အမိန့်တော်အတိုင်းပါ" အဲ့ဒီတော့မှပဲ ကုရှင်းလန်က အမိန့်ကို နာခံလိုက်တော့တယ်။
ရှန်ကျုံးဧကရာဇ်ကတော့ ဒေါသတကြီးနဲ့ နှာမှုတ်ပြီး ရှေ့ကို ဆက်လျှောက်သွားပါလေရော။
"အရှင်မင်းကြီး ခြေအောက်ကို သတိထားတော်မူပါ" ကျင်းကျုံးလည်း မိန်းမစိုးတစ်သိုက်ကို ခေါ်ပြီး ရှန်ကျုံးဧကရာဇ်အနောက်ကို ပြေးလိုက်ရတာပေါ့။ ကုရှင်းလန်ကိုပါ ချူချင်းနန်းဆောင်ထဲ ဝင်ခွင့်ပြုလိုက်တာဆိုတော့ ဒါ ဘာသဘောလဲဆိုတာ ကျင်းကျုံး စိတ်ထဲမှာတော့ သဘောပေါက်လိုက်ပြီ။ တစ် အချက်ကတော့ မင်းသမီးကြီးက ဆရာတော်ဖုန်းလင်ကို ပေါက်ကရတွေ ထပ်ပြောမှာ စိုးလို့ရယ်၊ နောက်တစ်ချက်ကတော့ မိဖုရားကျောင်းကို အရှင်မင်းကြီးက အပြီးအပိုင် စွန့်ပစ်လိုက်ပြီဆိုတာ သေချာသွားလို့ပဲလေ။ မဟုတ်ရင် ကုရှင်းလန်လို အပြင်လူ ယောကျ်ားတစ်ယောက်က အချစ်တော် မိဖုရားရဲ့ အိပ်ဆောင်ထဲကို ဘယ်လိုလုပ် ဝင်ခွင့်ရမှာတဲ့လဲ။ ဒါက မိဖုရားကျောင်းရဲ့ ဂုဏ်သိက္ခာကို ရှန်ကျုံးဧကရာဇ်က ဂရုမစိုက်တော့ဘူး၊ ရင်ထဲမှာလည်း ဒီလူ မရှိတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေတာပဲ။
ချူချင်းနန်းဆောင်နဲ့ တော်တော်လေး ဝေးတဲ့နေရာကို ရောက်သွားတော့မှ ရှန်ကျုံးဧကရာဇ်က ကျင်းကျုံးကို ကျောခိုင်းထားရင်း လှမ်းမေးတော့တယ်။
"မိဖုရားကျောင်းက ဘယ်လိုလူမျိုးလို့ မင်းထင်လဲ"
"အရှင်မင်းကြီး... မိဖုရားကျောင်းက သခင်မတစ်ပါးပါ" လို့ပဲ ကျင်းကျုံး ဖြေတတ်တော့တယ်။
ရှန်ကျုံးဧကရာဇ်က ခေါင်းခါလိုက်တာပေါ့။ "သူ ကိုယ်တော့်ကို ခစားလာတာ နှစ်တွေတောင် မနည်းတော့ဘူး၊ ကိုယ်တော် ဒီမိန်းမကို သေချာ မသိခဲ့ပါလား"
ဆောင်းဦးလေ တစ်ချက်အဝေ့မှာ နန်းတော်ထဲက ပန်းပင်သစ်ပင်တွေ အကုန်လုံး ဝေါခနဲ မြည်သွားလေရဲ့။ လေတိုက်သံကြီးက မြစ်ရေတွေ ဒလဟော စီးဆင်းနေတဲ့ အသံကြီးလိုပါပဲလား။
ရှန်ကျုံးဧကရာဇ်က ဘာစကားမှ ဆက်မပြောတော့ဘဲ စာကြည့်တိုက်ဆောင်ဘက်ကိုသာ ဆက်လျှောက်သွားတော့တယ်။ အခုအချိန်မှာ ဧကရာဇ်မင်းကြီးရဲ့ ရင်ထဲ ဘယ်လောက်တောင် စိတ်မွန်းကျပ်ပြီး ဝမ်းနည်းနေရသလဲဆိုတာကတော့ ရေသောက်တဲ့သူကသာ ရေအေးသလား ပူသလားဆိုတာ သိနိုင်သလို၊ ရှန်ကျုံးဧကရာဇ် ကိုယ်တိုင်ပဲ အသိဆုံး ဖြစ်မှာပါလေ။
မိန်းမစိုးနှစ်ယောက် ကုရှင်းလန်ကို ထမ်းပြီး ချူချင်းနန်းဆောင် ခြံဝင်းထဲ ဝင်လာတဲ့အချိန်မှာတော့ ယွီးရှောင်ရှောင်ရယ်၊ ရှောင်ကျွမ်းရယ်၊ ရှောင်ဝေရယ် သုံးယောက်သားက အိပ်ဆောင်ထဲက အသံတွေကို ဇက်လေးတွေပုပြီး အာရုံစိုက် နားထောင်နေကြတာပေါ့။ ကုရှင်းလန် သူတို့အနားကို ရောက်လာတာတောင် ဒီသုံးယောက်က ဘာလှုပ်ရှားမှုမှ မရှိတာကို မြင်တော့ မနေနိုင်ဘဲ "မင်းသမီး" လို့ အသံထွက်ခေါ်လိုက်ရလေရဲ့။
အဲ့ဒီတော့မှ ရှောင်ဝေက အရင်ဆုံး သတိဝင်လာပြီး ကုရှင်းလန်ဘေးကို ပြေးသွားရင်း သူ့ကို ထမ်းလာတဲ့ မိန်းမစိုးနှစ်ယောက်ကို နောက်ဆုတ်ခိုင်းလိုက်တယ်။
ယွီးရှောင်ရှောင်က မတ်တတ်ရပ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုရှင်းလန်အနားကို ရောက်သွားတော့တယ်။ "ရှင် ဘယ်လိုလုပ် ရောက်လာပြန်တာလဲ"
'မင်း ပြဿနာထပ်ရှာမှာဆိုးလို့ အရှင်မင်းကြီးက လာစောင့်ကြည့်ခိုင်းတာ' ဆိုတဲ့စကားကို ကုရှင်းလန်ခမျာ ဘယ်လိုမှ ပြောမထွက်ဘူးလေ။ ဒီတော့ "မင်းသမီးကို အဖော်ပြုပေးဖို့ အရှင်မင်းကြီးက စေလွှတ်လိုက်တာပါ" လို့ပဲ ဖြေလိုက်ရရှာတယ်။
ယွီးရှောင်ရှောင်က အိပ်ဆောင်တံခါးကို လက်ညှိုးထိုးပြရင်း ကုရှင်းလန်ကို ပြောလေရဲ့။
"အထဲကလူတွေ စကားမပြောကြတော့ဘူး"
ကုရှင်းလန်က မီးရောင်တွေ တဖျပ်ဖျပ်လင်းနေတဲ့ အခန်းကို တစ်ချက်ကြည့်ပြီး မေးလိုက်တယ်။ "မင်းသမီးက ဆရာတော်ဖုန်းလင် ထွက်လာမဲ့အချိန်ကို စောင့်နေတာလား"
ဆိုတော့ကား ယွီးရှောင်ရှောင်က ပြန်ပြောတာပေါ့။
"သူနဲ့ မိဖုရားကျောင်းက တိတ်တိတ်ပုန်း ဇာတ်လမ်းရှိနေတယ်လို့ ငါထင်တယ်"
"ဘာ... ဘာပြောလိုက်တယ်" ကုရှင်းလန်ခမျာ မေးလည်းမေး ရှောင်ဝေကိုလည်း လှမ်းကြည့်လိုက်မိတယ်။ ဒီအားကိုးရတဲ့ လူငယ်လေးဆီကနေ သေချာတဲ့ အဖြေတစ်ခု ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ သူ အပြင်မှာ ခဏလေး စောင့်နေရုံပဲ ရှိသေးတယ်၊ မိဖုရားကျောင်းနဲ့ ဆရာတော်ဖုန်းလင်က တိတ်တိတ်ပုန်း ဇာတ်လမ်းတွေတောင် ရှိသွားပြီတဲ့လား။
ရှောင်ဝေကတော့ "သမက်တော်... ဒီကိစ္စကို ကျွန်တော်တို့ ဝင်ပါလို့ မရပါဘူး" လို့ ပြန်ဖြေတာပေါ့။
အဲ့ဒါဆို တကယ်ပဲ ရှိနေတာလား။ မရှိဘူးလား။ ကုရှင်းလန်က ရှောင်ဝေကို စိုက်ကြည့်နေမိတော့တယ်။
ရှောင်ဝေက စကားလွှဲပါလေရော။
"သမက်တော်... ညဉ့်လည်း တော်တော်နက်နေပြီဆိုတော့ နည်းနည်းချမ်းနေပြီလားဟင်"
ကုရှင်းလန်က ခေါင်းခါပြလိုက်တယ်။ သူက အနွေးထည်အထူကြီး ဝတ်ထားတာဆိုတော့ နည်းနည်းလေးတောင် မချမ်းဘူးလေ။
ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ မျက်နှာကို လှမ်းစမ်းကြည့်လိုက်တယ်။ ညလေအေးတွေ တိုက်ခံထားရလို့ ကုရှင်းလန်ရဲ့ မျက်နှာက ရေခဲလိုပဲ အေးစက်နေတာကိုး။ "ငါတို့ အိမ်ပြန်ကြစို့" ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို လှည့်ပြောလိုက်တယ်။
"တိတ်တိတ်ပုန်း ဇာတ်လမ်းတွေ ဘာတွေ နောက်မှပဲ ဆက်ပြောကြတာပေါ့" တဲ့။
ရှောင်ဝေလည်း အမြန်ပဲ ရှောင်ကျွမ်းကို မျက်ရိပ်ပြလိုက်ရတော့တယ်။ ညီအစ်ကိုနှစ်ယောက်လည်း အပြေးအလွှား သွားပြီး ကုရှင်းလန် ထိုင်နေတဲ့ လူနာထမ်းစင်လေးကို ပင့်မလိုက်ကြလေရဲ့။ မင်းသမီးကြီးနဲ့အတူ ယုံရှန်းကျောင်းတော်က ဆရာတော်လေးရဲ့ ဖောက်ပြန်တဲ့ ဇာတ်လမ်းတွေအကြောင်း ထိုင်ဆွေးနွေးနေရမဲ့အစား သူတို့ ညီအစ်ကိုနှစ်ယောက်က သွားသေလိုက်ချင်စိတ်တောင် ပေါက်နေပြီလေ။
ကုရှင်းလန်က မေးလေတယ်။ "မင်းသမီး... အရှင်မင်းကြီးဆီကို သွားပြီး နှုတ်မဆက်တော့ဘူးလား"
ရှောင်ဝေက ကုတတိယသခင်လေးကို တိုးတိုးလေး ကပ်ပြောတာပေါ့။
"သမက်တော်... အခုအချိန်မှာ အရှင်မင်းကြီးကို မင်းသမီးနဲ့ ပေးမတွေ့တာ ပိုကောင်းမယ်ထင်တယ်" အကြောင်းကတော့ သူတို့ရဲ့ အရှင်မင်းကြီးက နည်းနည်းလေးတောင် စိတ်ဓာတ်ခိုင်မာတဲ့သူ မဟုတ်ဘူးလေ။ မင်းသမီးကသာ အမြဲတမ်း ပြဿနာရှာပြီး စိတ်ဆင်းရဲအောင် လုပ်နေဦးမယ်ဆိုရင် ရှောင်ဝေ အထင် အရှင်မင်းကြီးရဲ့ အသက်အန္တရာယ်တောင် စိုးရိမ်ရတဲ့ အနေအထား ရောက်သွားနိုင်တယ်လို့ တကယ်ကြီး တွေးကြောက်နေမိတော့တာ။
…