← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အပိုင်း (၁၁၃) ယုံရှန်းကျောင်းတော်ရဲ့ ရန်သူတော်ကြီး

ဆရာတော်ဖုန်းလင်က တံခါးအပြင်ဘက် ခြေသံတွေ ဝေးသွားတာကို နားစွင့်ရင်း မိဖုရားကျောင်းကို မော့ကြည့်လိုက်လေတယ်။ "မိဖုရား... ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ စဉ်းစားပြီးပြီလား"

မိဖုရားကျောင်းကတော့ မျက်စိသူငယ် နားသူငယ်နဲ့ ဆရာတော်ဖုန်းလင် ဘာတွေလာပြောနေမှန်း နားမလည်နိုင်အောင် ဖြစ်နေတာပေါ့။ သူမ မျက်နှာသာပေးမခံရတော့လို့ ရှန်ကျုံးဧကရာဇ်က သူမကို အဆောင်အိုကြီးထဲ ပို့ပစ်လိုက်ရင်တောင်၊ နန်းတော်ထဲမှာ ဘယ်သူမှ လှည့်မကြည့်ဘဲ အိုသေသွားရရင်တောင် ဒီကိစ္စတွေက ယုံရှန်းကျောင်းတော်ရဲ့ ဆရာတော်လေးနဲ့ ဘာများဆိုင်နေလို့လဲ။

ဆရာတော်ဖုန်းလင်က မတ်တတ်ရပ်လိုက်ပြီး မိဖုရားကျောင်းရဲ့ ခုတင်ရှေ့က သွေးကွက်တွေကို တစ်ချက်ကြည့်လိုက်တယ်။ ပြီးမှ ခဏလောက် တွေဝေသွားပြီး ခုတင်နားကို လျှောက်သွားလိုက်တာပေါ့။ သူက မိဖုရားကျောင်းကို စိုက်ကြည့်ရင်း ပြောချလိုက်လေရဲ့။

"သမားတော်က မိဖုရားကို မပြောရသေးဘူးထင်တယ်။ နောင်ဆိုရင် မိဖုရားက သားသမီးရဖို့ ခက်ခဲသွားပြီ၊ ရင်သွေးလေး မွေးနိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာလေ"

မိဖုရားကျောင်းကို ငရဲပြည် အောက်ဆုံးထပ်ထိ တန်းပို့လိုက်နိုင်တဲ့ စကားဆိုလို့ ဒီတစ်ခွန်းပဲ ရှိတော့တာ။ မိဖုရားကျောင်းက ဘာသတိပေးချက်မှ မရှိဘဲ စူးစူးဝါးဝါးကြီး အော်ဟစ်လိုက်ပါလေရော။ ဒါပေမဲ့ လူတွေအားလုံး သူမ ရူးသွားတော့မယ်လို့ ထင်နေကြတဲ့အချိန်မှာပဲ သူမက မျက်နှာသေကြီးနဲ့ ဆရာတော်ဖုန်းလင်ကို ကြည့်ပြီး ပြန်မေးလိုက်လေတယ်။

"ဆရာတော်လေး ကျွန်မဆီ လာရှာတယ်ဆိုတော့ ကျွန်မက ဆရာတော်လေးအတွက် အသုံးဝင်နေသေးလို့ပဲ နေမှာပေါ့။ ဒါပေမဲ့ ကျွန်မ နားမလည်တာက အခုလို အခြေအနေမျိုး ရောက်နေတဲ့ မိန်းမတစ်ယောက်က ဆရာတော်လေးကို ဘာများ ကူညီပေးနိုင်မှာမို့လို့လဲ"

မိဖုရားကျောင်းရဲ့ စကားသံက အားနည်းတုန်ယင်နေပေမဲ့ ဒီလိုစကားမျိုး ထွက်လာတာကြောင့် ဒီမိန်းမအပေါ် ဆရာတော်ဖုန်းလင် အထင်ကြီးသွားတာတော့ အမှန်ပဲ။ ဒီလောကကြီးမှာ ကိုယ့်နေရာနဲ့ ကိုယ့်အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့သူဆိုတာ ရှားတယ်မဟုတ်လား။

မိဖုရားကျောင်းက ဆရာတော်ဖုန်းလင်ကို ခဏလောက် စောင့်ကြည့်လိုက်သေးတယ်။ သူက ဘာမှဆက်မပြောတော့ "ကျွန်မ အစေခံတွေကို အပြင်ထွက်သွားခိုင်းလိုက်ရမလား" လို့ ထပ်မေးလိုက်တာပေါ့။

ဆရာတော်ဖုန်းလင်က ခုတင်ဘေးမှာ စောင့်နေကြတဲ့ အထိန်းတော်ကြီးတွေကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ နှုတ်ခမ်းထောင့်က အပြုံးကိုတော့ မဖျောက်ဘူး။

"မလိုပါဘူး၊ သူတို့သာ မိဖုရားရဲ့ သစ္စာခံတွေ မဟုတ်ရင် မိဖုရားက ဒီမှာ စောင့်ခိုင်းထားမှာ မဟုတ်ဘူးလေ"

"ရှင် တကယ် လိုချင်တာဘာလဲ" မိဖုရားကျောင်းက ဆရာတော်ဖုန်းလင်ကို မေးလိုက်လေတယ်။ တစ်ကိုယ်လုံးက အားအင်တွေ ကုန်ခမ်းပြီး ထုံကျဉ်နေတော့ ဆရာတော်ဖုန်းလင်နဲ့ ပဟေဠိဝှက်တမ်း ကစားနေဖို့ သူမမှာသည်းခံနိုင်စွမ်း မရှိတော့ဘူးလေ။

"မင်းသမီးလင်းလုံ" ဆရာတော်ဖုန်းလင်က မိဖုရားကျောင်းကို ဖြေလိုက်တယ်။

ဆိုတော့ကား မိဖုရားကျောင်းက ရယ်ပါလေရော။

"ဆရာတော်လေးလည်း အမြင်ပဲလေ၊ အခုဆို ကျွန်မက မင်းသမီးရဲ့ လက်ချက်နဲ့ ဒီလိုပုံစံတောင် ဖြစ်နေရပြီ။ ဆရာတော်လေးက မင်းသမီးကြီးကို ရင်ဆိုင်ချင်တယ်ဆိုရင် ဒီတစ်သက် သားသမီးမရနိုင်တော့တဲ့ ကျွန်မလို မိန်းမက ရှင့်ကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး"

ဆရာတော်ဖုန်းလင်က ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး မိဖုရားကျောင်း ခြုံထားတဲ့ ပိုးစောင်လေးကို လက်နဲ့ သပ်ပေးလိုက်တယ်။ မိဖုရားကျောင်းကို နှစ်သိမ့်ပေးနေသလိုလို၊ စောင်စွန်းလေးကို ဖိပေးနေသလိုလိုနဲ့ပေါ့။

"မင်းသမီးလင်းလုံက ကျုပ်တို့ ယုံရှန်းကျောင်းတော်ရဲ့ ရန်သူတော်ကြီး ဖြစ်လာနိုင်တယ်။ ဒါကြောင့် ရန်သူရဲ့ ရန်သူဆိုတာ မိတ်ဆွေဖြစ်သင့်တာပေါ့"

ဒီလောကကြီးမှာ ယုံရှန်းကျောင်းတော်ကိုတောင် ရန်သူတော်အဖြစ် ရင်ဆိုင်နိုင်တဲ့သူ ရှိသေးတယ်ပေါ့။ မိဖုရားကျောင်းက ဆရာတော်ဖုန်းလင်ကို ပြူးတူးပြဲတဲနဲ့ အံ့သြတကြီး ကြည့်နေမိတော့တယ်။ ဒီလိုဆိုမှတော့ သူမ ယွီးလင်းလုံရဲ့ လက်အောက်မှာ အလဲလဲအကွဲကွဲ ဖြစ်သွားရတာက နည်းနည်းလေးတောင် မနစ်နာဘူးဆိုတဲ့ သဘောပေါ့လေ။

"ကောင်းကောင်းသာ နားလိုက်ပါဦးလေ" ဆရာတော်ဖုန်းလင်က ခါးကို မတ်လိုက်ပြီး မိဖုရားကျောင်းကို သနားကရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောလိုက်လေတယ်။

"မိဖုရားတို့ ကျောင်းမိသားစုက အမြစ်တွယ်တာ နက်ရှိုင်းပါတယ်။ လွယ်လွယ်နဲ့ ပြိုလဲသွားမဲ့ အနေအထားမျိုး မဟုတ်သေးပါဘူး။ အမတ်ချုပ်ကျောင်းနဲ့ သွားပြီး တိုင်ပင်ကြည့်လိုက်ပါဦး၊ နောက်ရက်ကျမှ ကျုပ် ထပ်လာခဲ့ပါ့မယ်"

ဆရာတော်ဖုန်းလင် ပြန်တော့မယ်ဆိုတော့လည်း မိဖုရားကျောင်းက ပါးစပ်ဟပြီး ဆွဲမထားတော့ပါဘူး။ အိပ်ဆောင်ထဲကနေ လှမ်းထွက်သွားတဲ့ ဆရာတော်ဖုန်းလင်ရဲ့ ကျောပြင်ကိုပဲ မျက်စိတစ်ဆုံး လိုက်ကြည့်နေမိတော့တယ်။ သူမ အဖေနဲ့ တိုင်ပင်ရမယ်တဲ့လား။ မိဖုရားကျောင်း ရင်ထဲမှာ သိချင်စိတ်တွေ တဖွားဖွား ပေါ်လာတော့တာပဲ။ အဖေက ယုံရှန်းကျောင်းတော်နဲ့ ဘာအရောင်းအဝယ်တွေများ လုပ်ထားလို့လဲပေါ့။

"မိဖုရား" အထိန်းတော်ကြီးတွေကတော့ မိဖုရားကျောင်းကို စိုးရိမ်တကြီး ဝိုင်းကြည့်နေကြလေရဲ့။ ကိုယ့်သခင်မ မျက်နှာသာ မရတော့ဘူးဆိုရင် သူတို့လို အစေခံတွေရဲ့ ကံကြမ္မာကလည်း ရေစုန်မျောဖို့ပဲ ရှိတော့တာကိုး။

အဲ့ဒီတော့မှပဲ မိဖုရားကျောင်းက အိပ်ဆောင်ထဲမှာ ဝိုင်းအုံနေတဲ့ လူတွေကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး "ချွေ့ယွီကော... ဘယ်ရောက်သွားတာလဲ" လို့ မေးလိုက်တော့တယ်။

အထိန်းတော်ကြီးတွေခမျာ တစ်ယောက်မှ အသံမထွက်ရဲကြဘူးလေ။ ချွေ့ယွီကတော့ အပြင်ကို ဆွဲထုတ်သွားပြီး အရိုက်ခံလိုက်ရတာ၊ အခု သေလား ရှင်လားတောင် မသိရသေးဘူး မဟုတ်လား။

"ပြောကြလေ" မိဖုရားကျောင်းက ဟောက်လိုက်လေရဲ့။

မိဖုရားကျောင်းရဲ့ အကြည့်စူးစူးတွေအောက်မှာ အထိန်းတော်ကြီးတစ်ယောက်က မနေနိုင်တော့ဘဲ မဝံ့မရဲနဲ့ လျှောက်တင်ရှာတယ်။

"မိဖုရား... ချွေ့ယွီက အရှင်မင်းကြီးကို အမျက်တော်ရှစေမိလို့ အရှင်မင်းကြီးက အပြစ်ပေးဆောင်ကို ခေါ်သွားပြီး ကောင်းကောင်း ဆုံးမပေးဖို့ အမိန့်ချသွားပါတယ်"

မိဖုရားကျောင်းက အတော်ကြာတဲ့အထိ ဘာသံမှ ထွက်မလာပြန်ဘူး။ အပြစ်ပေးဆောင်ကို သွားပြီး ဆုံးမခံရတယ်ဆိုတာ သေလုမျောပါး အရိုက်ခံရတာပဲ မဟုတ်ဘူးလားလေ။

"ချွေ့ယွီ အရှင်မင်းကြီးကို လျှောက်တင်နေတုန်းက မင်းသမီးကြီးလည်း အနားမှာ ရှိနေတာပါ" နောက်ထပ် အထိန်းတော်ကြီးတစ်ယောက်က ဝင်ပြောလိုက်တာပေါ့။

ဒီလိုအချိန်မျိးမှာ သူတို့က ချွေ့ယွီအတွက် ဝင်ပြီး အသနားမခံပေးတာ မဟုတ်ရပါဘူး၊ မင်းသမီးကြီးကို ကြောက်လို့ မရှုပ်ရဲတာပါဆိုတဲ့အကြောင်းကို မိဖုရားကျောင်း သိအောင် ရှင်းပြရတော့တာပေါ့လေ။

"နင်တို့တွေ နန်းတော်ပြင်ကို ထွက်လို့ရသေးတယ်ဆိုရင်လေ" မိဖုရားကျောင်းက မျက်စိကို မှိတ်ထားရင်းနဲ့ အမိန့်ပေးလိုက်တယ်။ "နန်းတော်ပြင်က ကျောင်းအိမ်တော်ကို တစ်ခေါက်လောက် အမြန်ပြေးကြစမ်း။ ငါ့အဖေကို ဘာတွေဖြစ်နေတာလဲဆိုတာ သွားမေးကြည့်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါ့အဖေကို နန်းတော်ထဲ ဝင်လာပြီး ငါနဲ့ တစ်ခေါက်လောက် လာတွေ့ပေးဖို့ ပြောလိုက်"

"မှန်လှပါ" အထိန်းတော်ကြီးတွေ အကုန်လုံးက ပြိုင်တူ ခေါင်းညိတ်ပြီး အမိန့်ခံလိုက်ကြလေရဲ့။

"အခု ချက်ချင်းပဲ သွားကြတော့" လို့တောင် မိဖုရားကျောင်းက ထပ်ပြောလိုက်သေးတာ။ ပြဿနာက အခုမှ ပူပူနွေးနွေးလေး ဖြစ်ထားတာဆိုတော့၊ ရှန်ကျုံးဧကရာဇ်က သူမကို အကျယ်ချုပ်ချရကောင်းမှန်း သိလောက်ဦးမှာ မဟုတ်သေးဘူး။

အထိန်းတော်ကြီး နှစ်ယောက်လည်း အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြပြီး ခပ်သုတ်သုတ်လေး ထွက်သွားကြတော့တယ်။

ဒီဘက်မှာတော့ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ ဇနီးမောင်နှံနှစ်ယောက်က လှည်းလေးစီးပြီး ကုအိမ်တော်ကို ပြန်ရောက်လာကြပြီလေ။ ကုသခင်ကြီးနဲ့ ကုရှင်းနော့ခမျာ စံအိမ်တံခါးဝမှာ ဒီလင်မယားနှစ်ယောက်ကို မျှော်နေရတာ အတော်ကို ကြာနေပြီပေါ့။ လှည်းလေး ထိုးရပ်လိုက်တာနဲ့ တစ်ပြိုင်နက် ကုသခင်ကြီးက လှည်းတံခါးရှေ့ကို ပြေးသွားပြီး မေးချလိုက်ပါလေရော။

"ရှင်းလန်... မင်းသမီး... အရှင်မင်းကြီးက ငါတို့ ကုမိသားစုရဲ့ အမှုကို တကယ်ကြီး ပြန်ရုပ်သိမ်းပေးလိုက်တာလား"

ယွီးရှောင်ရှောင်က လှည်းထဲကနေ အပြင်ကို လွှားခနဲ ခုန်ဆင်းလိုက်ပြန်တာပေါ့။ ကုရှင်းနော့ကို ကြည့်ပြီး ပြန်ဖြေသေးတယ်။

"ဟုတ်တယ် အစ်ကိုကြီးရဲ့။ အဘိုးက မနက်ဖြန်ကျရင် ဘာကုန်းဆိုလား မသိပါဘူး။ အဲ့ဒါ ပြန်ဖြစ်တော့မှာလေ"

ရှောင်ဝေက ဘေးနားကနေ "ကျန့်ကော်ကုန်းပါ" လို့ တိုးတိုးလေး ကပ်ပြီး သတိပေးရှာလေရဲ့။

"အော်... ဟုတ်သားပဲ၊ ကျန့်ကော်ကုန်းတဲ့။ အစ်ကိုကြီး ဝမ်းသာတယ်မလား"

ယွီးရှောင်ရှောင်က လှမ်းမေးလိုက်တာပေါ့။

ကိုယ့်မိသားစုက အမှုဆင်ခံရပြီး အခုလို ဖြေရှင်းခွင့်ရသွားပြီဆိုတော့ ကုရှင်းနော့ခမျာ သေချာပေါက် ဝမ်းသာရတာပေါ့။ ဒါပေမဲ့ အကြီးဆုံးကုသခင်လေး နားမလည်နိုင်တာက ဒီလင်မယားနှစ်ယောက် အပြင်ထွက်ပြီး ထမင်းတစ်နပ် စားရုံလေးနဲ့ သူတို့ကုမိသားစုရဲ့ အမှုကြီးက ချက်ချင်း ပြောင်းပြန်လှန်သွားတယ်ဆိုတာကိုပဲ။ ဘယ်လိုစဉ်းစားစဉ်းစား အဓိပ္ပာယ်မှ မရှိတာကိုး။

ကုရှင်းလန်ကိုတော့ အစေခံနှစ်ယောက်က လှည်းထဲကနေ ထမ်းထုတ်လာခဲ့လေရဲ့။ မျက်နှာလေး ဝင်းလက်ရွှင်လန်းနေတဲ့ ယွီးရှောင်ရှောင်နဲ့ယှဉ်လိုက်ရင် ကုရှင်းလန်က နည်းနည်း ပင်ပန်းနွမ်းနယ်နေပုံရတာပေါ့။ သူက ကုရှင်းနော့ကို ပြောပြလိုက်သေးတယ်။

"အစ်ကိုကြီး၊ အရှင်မင်းကြီးက မနက်ဖြန် အမိန့်စာ ထုတ်ပြန်လိမ့်မယ်။ အဘိုးရယ်၊ အစ်ကိုကြီးရယ်၊ ပြီးတော့ ဒုတိယအစ်ကိုရယ် ဝမ်ရှန်းဂိတ်ကို ပြန်ပြီး စစ်တပ် သွားအုပ်ချုပ်ရလိမ့်မယ်"

ကုရှင်းနော့ခမျာ ချက်ချင်းပဲ လူတွေကို ဗြောက်အိုးလေး ဘာလေး ဖောက်ခိုင်းပြီး အောင်ပွဲခံလိုက်ရမလားလို့တောင် တွေးမိသွားလေရဲ့။

အဲ့အချိန်မှာပဲ ယွီးရှောင်ရှောင်က ဝင်ပြောလိုက်ပြန်ရော။ "အစ်ကိုကြီး... ရှောင်ကု ဒဏ်ရာတွေ သက်သာသွားရင်လေ၊ ညီမနဲ့ ရှောင်ကုလည်း အဲ့ဒီ ဝမ်ရှန်းဂိတ်ကို လိုက်လာခဲ့မယ်နော်"

ကုရှင်းနော့က သူ့ညီလေးကို တစ်ချက် လှမ်းကြည့်လိုက်မိတယ်။ မင်းသမီးကို လက်ထပ်ပြီးသွားပြီဆိုတော့ သူ့ရဲ့ ညီလေးသုံးမှာ နယ်စပ်ကိုသွားပြီး စစ်မှုထမ်း စွမ်းဆောင်ရည်တွေ ပြသဖို့ အခွင့်အရေးများ ရှိပါဦးမလား။ ဒါပေမဲ့ အကြီးဆုံးကုသခင်လေးရဲ့ ရင်ထဲက ဒီစိတ်မကောင်းဖြစ်မှုလေးဟာ ချက်ချင်းပဲ လွင့်ပျောက်သွားပြန်ရော။ မင်းသမီးလင်းလုံလို မိန်းမမျိုးကို လက်ထပ်ရတာကလည်း သူ့ညီလေးအတွက် ကံကောင်းမှုတစ်ခုပဲ မဟုတ်ဘူးလား။

"ကဲ... အိမ်ပြန်ကြစို့" လို့ အကြီးဆုံးကုသခင်လေးက ယွီးရှောင်ရှောင်ကို ပြုံးပြရင်း ပြောလိုက်လေတယ်။ "အဘိုးက စာကြည့်ခန်းထဲမှာ မင်းတို့ကို စောင့်နေတာ"

ယွီးရှောင်ရှောင်က ကုရှင်းနော့နောက်ကနေ စံအိမ်ထဲကို လိုက်ဝင်ရင်း စကားကြုံလေး ဝင်မေးလိုက်လေရဲ့။ "အဘွားရော"

"အယ်..." ကုရှင်းနော့ခမျာ ခြေလှမ်းတွေတောင် ခလုတ်တိုက်မိမလို ယိုင်သွားပြီး ယွီးရှောင်ရှောင်ကို လှည့်ကြည့်ရင်း အလန့်တကြား မေးလိုက်တာပေါ့။ "မင်းသမီး... အဘွားက အိပ်ရာဝင်သွားပြီလေ။ တွေ့ချင်လို့လား"

"ဒါဆိုလည်း ထားလိုက်ပါတော့လေ" ယွီးရှောင်ရှောင်က လက်လေးခါပြလိုက်တယ်။

"ညီမက ဒီတိုင်း မေးကြည့်တာပါ။ အဘွားက လူကြီးဆိုတော့လေ"

အဲ့ဒီတော့မှ ကုရှင်းနော့လည်း ခိုးပြီး သက်ပြင်းချနိုင်တော့တယ်။ ညကြီးအချိန်မတော် ဒီလို ဝမ်းသာစရာကိစ္စကြီး ရှိနေတာဆိုတော့ အားလုံး ပျော်ပျော်ရွှင်ရွှင်နေရတာ ပိုကောင်းတာပေါ့။ ကုရှင်းနော့က မင်းသမီးကိုတော့ သိပ်မစိုးရိမ်ပါဘူး၊ သူစိုးရိမ်နေတာက သခင်မကြီး ပျားအုံကို တုတ်နဲ့သွားထိုးမှာကိုပဲ။ မင်းသမီးကို ဒေါသထွက်သွားစေခဲ့ရင် တစ်ခုခုထိခိုက်သွားလိမ့်မယ်။

ကုရှင်းလန်က ရှေ့ကနေ လျှောက်သွားတဲ့ အစ်ကိုကြီးနဲ့ ဇနီးသည်ကို ကြည့်ပြီး ရှောင်ဝေကို သူ့အနား လာဖို့ လက်ယပ်ခေါ်လိုက်တယ်။ "

မင်းသမီးက လျှောက်တာ မြန်လွန်းလို့ ငါ စကားပြောဖို့ အခွင့်အရေးတောင် မရလိုက်ဘူး။ မင်းသွားပြီး မင်းသမီးကို တစ်ချက်လောက် သွားပြောပေးစမ်းပါ၊ မိဖုရားကျောင်းနဲ့ ဆရာတော်ဖုန်းလင် ကိစ္စကို အိမ်မှာ လျှောက်မပြောပါနဲ့လို့" သူ့ခမျာ တိုးတိုးလေး လှမ်းမှာရတော့တာပေါ့။

ရှောင်ဝေလည်း ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပြီး ယွီးရှောင်ရှောင်နောက်ကို အမြန်ပြေးသွားရင်း "မင်းသမီး" လို့ လှမ်းခေါ်လိုက်လေရဲ့။

ယွီးရှောင်ရှောင်က နောက်လှည့်ကြည့်ပြီး "ရှိတယ်လေ ပြော" လို့ ထူးလိုက်တာပေါ့။

ဒီလိုကြီး ထူးလိုက်တော့လည်း ရှောင်ဝေခမျာ ဘာပြောရမှန်းမသိဘဲ အကြာကြီး ကြောင်အသွားပြန်ရော။

ယွီးရှောင်ရှောင်က ရှောင်ဝေကို တစ်လှည့်၊ အနောက်က ကုရှင်းလန်ကို တစ်လှည့် ကြည့်လိုက်ပြီး မျက်နှာသေလေးနဲ့ မေးလိုက်လေရဲ့။ "ဘာလဲ... ပြဿနာ ထပ်တက်ပြန်ပြီလား"

...

All Chapters