အခန်း ၁၁၄
Vol. 12 Ch. 114
အပိုင်း (၁၁၄) သမက်တော် ရေချိုးနေတယ်
ရှောင်ဝေလည်း အမြန်ခေါင်းခါပြရတော့တာပေါ့။ အိမ်တောင် ပြန်ရောက်နေပြီကို ဘယ်ကောင်နဲ့ သွားချရဦးမှာလဲ။
ယွီးရှောင်ရှောင်က "ဒါဆို ဘာကိစ္စလဲ" လို့ မေးလိုက်ပြန်တယ်။
ကုရှင်းနော့ကတော့ ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းပြီး ရှေ့ကနေ ထွက်သွားနှင့်ပြီလေ။
ရှောင်ဝေက ယွီးရှောင်ရှောင်ကို တိုးတိုးလေး ကပ်ပြောရှာတယ်။ "မင်းသမီး... သမက်တော် ဆိုလိုတာကလေ အိမ်ရောက်ရင် မိဖုရားကျောင်းနဲ့ ဆရာတော်ဖုန်းလင် ကိစ္စကို လျှောက်မပြောပါနဲ့တဲ့"
ရှောင်ဝေသာ မပြောရင် ယွီးရှောင်ရှောင်က ဒီနှစ်ကောင်ရဲ့ ကိစ္စကို သတိတောင် ရတော့မှာ မဟုတ်ဘူး။ အခုတော့ အစေခံနှစ်ယောက် ထမ်းလာလို့ သူ့ရှေ့ရောက်လာတဲ့ ကုရှင်းလန်ကို ကြည့်ပြီး "ဘာလို့လဲ" လို့ မေးလိုက်တာပေါ့။
ကုရှင်းလန်က အဟမ်းလို့ တစ်ချက် ချောင်းဟန့်ပြီး ဖြေလိုက်တယ်။
"မင်းသမီးရယ်... အိမ်တွင်းရေး အရှက်ကွဲစရာတွေကို အပြင်လူ သိအောင် မပြောကောင်းဘူးလေ"
လူဆိုတာ အတင်းပြောချင်တဲ့ စိတ်လေးတွေတော့ ရှိကြစမြဲပဲမဟုတ်လား။ လူနာထမ်းစင်ကို ထမ်းထားတဲ့ အစေခံနှစ်ယောက်က ကုရှင်းလန်ရဲ့ စကားကို ကြားလိုက်ရတော့ နားရွက်လေးတွေတောင် ထောင်သွားကြလေရဲ့။ အိမ်မှာ ဘာများ ပြောမထွက်နိုင်စရာ အရှက်ကွဲစရာ ကိစ္စတွေ ဖြစ်ထားလို့ပါလိမ့်ပေါ့။
ယွီးရှောင်ရှောင်ကတော့ နားလည်သလိုလို နားမလည်သလိုလိုပဲ။ မိဖုရားကျောင်းက သူ့မရဲ့ မိသားစုဝင်မှ မဟုတ်တာ၊ အိမ်တွင်းရေး အရှက်ကွဲစရာကို အပြင်လူ သိအောင် မပြောကောင်းဘူးဆိုတာက ဘာအဓိပ္ပာယ်ကြီးလဲ။
ရှောင်ဝေက မင်းသမီးရဲ့ မျက်နှာပေါ်က နားမလည်ဖြစ်နေတဲ့ ပုံစံကို တစ်ချက် ကြည့်လိုက်ပြီး ယွီးရှောင်ရှောင်နားကို ကပ်သွားရင်း ထပ်ရှင်းပြရတော့တယ်။
"မင်းသမီးရယ်... ဆဋ္ဌမမင်းသားမျက်နှာကိုလည်း ထောက်ပါဦး။ မိဖုရားကျောင်းက သူ့ရဲ့ အမေအရင်းကြီးလေဗျာ"
ရှောင်ဝေ ဒီလိုပြောလိုက်မှပဲ ယွီးရှောင်ရှောင် သဘောပေါက်သွားတော့တယ်။ ရှောင်လျိုရဲ့ အမေအရင်းက ဖောက်ပြန်နေတာဆိုတော့ ဒီကိစ္စသာ သတင်းထွက်သွားရင် ရှောင်လျိုအတွက် မကောင်းဘူးလေ။ ရှောင်လျိုရဲ့ ပဲပင်ပေါက်လေးလို ပိန်လှီလှီ ခန္ဓာကိုယ်လေးကို တွေးကြည့်လိုက်ပြီး ယွီးရှောင်ရှောင်က ရှောင်ဝေနဲ့ ကုရှင်းလန်ကို ပါးစပ်ကို ဇစ်ဆွဲပိတ်လိုက်တဲ့ ပုံစံလေး လုပ်ပြရင်း ကတိပေးလိုက်တာပေါ့။
"သဘောပေါက်ပြီ၊ ငါ ဘာမှ မပြောတော့ဘူး"
အဲဒီတော့မှပဲ ကုရှင်းလန်နဲ့ ရှောင်ဝေတို့ သက်ပြင်းချနိုင်တော့တယ်။ မိဖုရားကျောင်း သေသေ ရှင်ရှင် သူတို့ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ခမည်းတော် ချို ထွက်သွားမဲ့ ကိစ္စကိုတောင် မင်းသမီးက တအားစိတ်အားထက်သန်နေတော့ ကိုယ့်သေတွင်းကိုယ်တူးနေသလိုပဲလို့ ကုတတိယသခင်လေးနဲ့ ရှောင်ဝေတို့က ခံစားနေရတာကိုး။
ကုသခင်ကြီးက စာကြည့်ခန်းထဲမှာ ထိုင်နေတာ၊ ယွီးရှောင်ရှောင် စာကြည့်ခန်းထဲ ဝင်လာတာကို မြင်ကတည်းက မျက်နှာပေါ်က အပြုံးတွေက မပျောက်တော့တာပဲ။ မကြာခင် ဝမ်ရှန်းဂိတ်ကို ပြန်ပြီး စစ်တပ်အုပ်ချုပ်ရတော့မယ်ဆိုတာ သေချာသွားတော့ သခင်ကြီးခမျာ ပါးစပ်တောင် မစိနိုင်အောင် ပြုံးဖြီးနေတော့တာပေါ့။ ဘေးမှာထိုင်နေတဲ့ အကြီးဆုံးကုသခင်လေး နဲ့ ကုတတိယသခင်လေးတို့တောင် လက်ခံရခက်နေကြတယ်။ မျက်စိရှေ့မှာ အရူးတစ်ယောက်လို ပြုံးဖြီးနေတဲ့ အဘိုးကြီးက သူတို့ရဲ့ အဘိုးအရင်းကြီးတဲ့လား။
ယွီးရှောင်ရှောင်က အဘိုးကြီးကို ကြွားလိုက်လေရဲ့။
"အဘိုး... ကျောင်းပေချန်ကို အပြစ်ခံရအောင် သမီး ပြောနိုင်ခဲ့တယ်သိလား"
ကုသခင်ကြီးက မြေးချွေးမလေးကို လက်မထောင်ပြပြီး ချီးကျူးလိုက်တာပေါ့။
"ကောင်းတယ် မင်းသမီး လုပ်တာ အရမ်းကောင်းတယ်။ ဒါမှ တော်ဝင်မျိုးနွယ် မင်းသမီးပီသတာ၊ ငါတို့ ကုမိသားစုရဲ့ ချွေးမပီသတာ"
"ဟားဟား... ဟုတ်တယ်မလား" ယွီးရှောင်ရှောင် အရမ်းပျော်သွားပေမဲ့ မျက်နှာပေါ်က အမူအရာကတော့ သိပ်ပြောင်းမသွားပါဘူး။ ဒါပေမဲ့ ရယ်သံလေးကတော့ ကြည်လင်နေတာပဲ။ ပြီးတော့ အဘိုးကြီးကို ထပ်ပြောသေးတယ်။
"သမီးလည်း သမီးကိုယ်သမီး အရမ်းတော်တယ်လို့ ထင်နေတာ"
"မင်းသမီးလေး ဘာလိုချင်လဲဆိုတာ အဘိုးကိုသာ ပြောလိုက်"
ကုရှင်းနော့ကတော့ သွားပါပြီလို့ တွေးလိုက်မိလေတယ်။ ကုသခင်ကြီးကတော့ မင်းသမီးကြီးကို သူ့ရဲ့ အားကိုးရတဲ့ တပည့်ကျော်ကြီးလို့ သဘောထားနေပြီလေ။ တော်ဝင်မင်းသမီးတစ်ပါးကို ဘာသွားပြီး ဆုချလို့ရမှာလဲ။ အခု ဒီအိမ်က မွဲပြာကျနေတာလေ၊ ထမင်းစားရတာတောင် မင်းသမီးရဲ့ တင်တောင်းပစ္စည်းတွေကို မှီခိုနေရတာကိုး။
ယွီးရှောင်ရှောင်က ခဏတော့ ကြောင်သွားတယ်။ သူမ တကယ်ပဲ ဆုလာဘ်တောင်းဖို့ မစဉ်းစားထားခဲ့ဘူး။ သခင်ကြီးရဲ့ မျှော်လင့်တကြီး ဖြစ်နေတဲ့ မျက်လုံးတွေကို ကြည့်ပြီး မင်းသမီးခမျာ အတော်ကြာအောင် စဉ်းစားလိုက်ပြီးမှ သခင်ကြီးကို မေးလိုက်တယ်။
"ဆန် ပိဿာတစ်ရာလောက်ဆိုရင်ရော" ကမ္ဘာပျက်ကပ်တုန်းကဆို ဖုတ်ကောင် ငါးဆယ် သတ်နိုင်မှ ပေါင်မုန့်တစ်လုံး ရတာလေ။ ဒီတစ်ခါ ကိစ္စမှာ သူမက သိပ်ပြီး အားစိုက်ထုတ်ခဲ့ရတာမှ မဟုတ်တာ။ ဒါကြောင့် ယွီးရှောင်ရှောင်က ဒီဆန် ပိဿာတစ်ရာကိုတောင် မဝံ့မရဲနဲ့ တောင်းလိုက်ရတာပေါ့။
ကုရှင်းနော့နဲ့ ကုရှင်းလန်တို့ နှစ်ယောက်လုံး နဖူးလေးတွေကို ကိုင်လိုက်မိကြတယ်။ ဆုချီးမြှင့်ခံရတာကို ဆန်တောင်းတယ်ဆိုတာမျိုး တစ်ခါမှကို မကြားဖူးပါဘူးလေ။ အခုက အငတ်ဘေးဆိုက်နေတဲ့ နှစ်မှ မဟုတ်တာပဲ။
သခင်ကြီးက ယွီးရှောင်ရှောင်ကို သေချာအောင် ထပ်မေးလိုက်ပြန်တယ်။ "ဆန် ပိဿာတစ်ရာ ဟုတ်လား"
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်ပြီး များနေရင် ပိဿာငါးဆယ်ဆိုလည်း ရပါတယ်လို့ ပြောမလို့ပဲ ရှိသေးတာ။
သခင်ကြီးက စားပွဲကို ဖြောင်းခနဲ ရိုက်လိုက်ပြီး အသံကျယ်ကြီးနဲ့ အော်ပြောလိုက်ပါလေရော။
"ရတယ်... အဘိုးက ဆန် ပိဿာနှစ်ရာ ပေးမယ်"
ယွီးရှောင်ရှောင်ခမျာ လက်ခုပ်တွေတီးပြီး ပန်းတွေပဲ မကြဲရသေးတာ။ ဒီအိမ်မှာ အဘိုးကြီးကုက အချစ်စရာအကောင်းဆုံး လူမှန်း သူ သိသားပဲလေ။
သခင်ကြီးက ယွီးရှောင်ရှောင် ပျော်နေတာကို ကြည့်ပြီး သူလည်း ပျော်သွားတာပေါ့။ သူက ရယ်ရယ်မောမောနဲ့ပဲ ပြောလိုက်လေရဲ့။ "ကဲ ကဲ... သွားအိပ်ကြတော့။ မနက်ဖြန် အမိန့်တော်လာမဲ့ အချိန်ကို စောင့်ကြတာပေါ့"
ယွီးရှောင်ရှောင်က သခင်ကြီးကို အသံကျယ်ကြီးနဲ့ လှမ်းပြောလိုက်တယ်။ "အဘိုး စိတ်ချ... မနက်ဖြန် အမိန့်တော်သာ မလာကြည့်၊ သမီး နန်းတော်ထဲသွားပြီး အဖေ့ကို သွားရှာပစ်မယ်"
ယွီးရှောင်ရှောင်ရဲ့ ဒီစကားကို ကြားလိုက်ရတော့ ကုရှင်းလန်ခမျာ ကြက်သီးတွေတောင် ဖြန်းခနဲ ထသွားတာပေါ့။ သူ့အတွက် မဟုတ်ပါဘူး၊ ရှန်ကျုံးဧကရာဇ်အတွက် ကိုယ်စား ကြက်သီးထသွားရတာပါ။ မင်းသမီးကတော့ အရှင်မင်းကြီးကို အလွတ်ပေးမဲ့ပုံ မပေါ်တော့ဘူးလေ။
အငယ်ဆုံး လင်မယားနှစ်ယောက် ထွက်သွားပြီးတဲ့ နောက်မှာတော့ ကုရှင်းနော့က ကုလားထိုင်ပေါ်မှာ မလှုပ်မယှက် ထိုင်ကျန်နေခဲ့တယ်။
"မင်းက အခန်းပြန်ပြီး မနားသေးဘူးလား" လို့ သခင်ကြီးက လှမ်းမေးလိုက်လေရဲ့။
ကုရှင်းနော့က တိုးတိုးလေး မေးလိုက်တယ်။
"အဘိုး... မင်းသမီးက ဒီကိစ္စကို ဘယ်လိုအောင်မြင်အောင် လုပ်ခဲ့တာလဲဆိုတာ အဘိုး မမေးကြည့်ချင်ဘူးလား"
အရင်တုန်းက သူတို့ ကုမိသားစုတစ်အိမ်လုံး ထောင်ကျတော့ ရင်ညန်ယွင်တို့လို အမတ်ကြီးတွေကစလို့ နန်းတော်ထဲက မိဖုရားခေါင်ကြီး အပါအဝင် လူတွေအများကြီးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြတာတောင် ကုမိသားစုအမှုကို ပြန်မလှန်နိုင်ခဲ့ဘူးလေ။ အခု မင်းသမီးလင်းလုံက အပြင်ထွက်ပြီး ထမင်းတစ်နပ်စားတဲ့ အချိန်လေးအတွင်းမှာတင် ဒါကို လုပ်နိုင်ခဲ့တယ်ဆိုတော့ သူ့အဘိုး စိတ်မဝင်စားဘဲ မနေလောက်ဘူး။
သခင်ကြီးက မျက်နှာပေါ်က အပြုံးတွေကို ရုပ်သိမ်းလိုက်တာမို့ ကုရှင်းနော့ အမြဲတမ်း မြင်နေကျ တင်းမာခက်ထန်တဲ့ အဘိုးပုံစံ ပြန်ဖြစ်သွားတာပေါ့။ ပြီးတော့ ကုရှင်းနော့ကို ပြောလိုက်လေတယ်။
"အရှင်မင်းကြီးကိုပါ မင်းသမီးက နန်းတော်ပြင် ခေါ်ထုတ်သွားသေးတာ။ အကျဉ်းထောင်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက ကျောင်းပေချန် အပြစ်ဝန်ခံရုံလောက်နဲ့ ရိုးရှင်းနေမှာ မဟုတ်ဘူး"
"ဒါဆို အဘိုးက ဘာလို့ မမေးတာလဲ" လို့ ကုရှင်းနော့က ပြန်မေးလေရဲ့။
"ကျောင်းမိသားစုကိစ္စက တော်ဝင်မိသားစုနဲ့လည်း အများကြီး ပတ်သက်နေလောက်တယ်" သခင်ကြီးက ဆက်ရှင်းပြတယ်။
"ငါတို့လို လက်အောက်ခံ အမတ်တွေက ဒီလိုကိစ္စတွေကို သိပ်မသိလေ ပိုကောင်းလေပဲ"
"အဘိုး"
သခင်ကြီးက ကုရှင်းနော့ကို လက်ခါပြလိုက်ပြီး ပြောလိုက်တာပေါ့။
"ငါတို့တွေ အမြန်ဆုံး ဝမ်ရှန်းဂိတ်ကို သွားကြမယ်၊ ကိုယ့်လက်ထဲမှာ စစ်တပ်အာဏာ ရှိနေမှ မင်းသမီးနဲ့ ရှင်းလန်တို့ မြို့တော်မှာ နေရတဲ့ နေ့ရက်တွေက ပိုပြီး အဆင်ပြေချောမွေ့နိုင်မှာလေ"
ကုရှင်းနော့က ခဏလောက် တိတ်ဆိတ်သွားပြီးမှ ဆက်မေးလာတယ်။
"ကျောင်းချိုးမင်တို့တစ်သိုက်က ကျွန်တော်တို့ ကုမိသားစုနဲ့ မင်းသမီးကို အလွတ်မပေးဘဲ ဆက်ပြီး ရန်ရှာနေဦးမယ်လို့ အဘိုးက ပြောချင်တာလား"
"အာဏာဆိုတဲ့ အရာမျိုးက တစ်ဖက်ဖက်က မသေမချင်း အဆုံးမသတ်တတ်တဲ့ သဘောရှိတယ်" သခင်ကြီးက သက်ပြင်းချရင်း ပြောလေရဲ့။
"မင်းသမီးက ရှင်းလန်အတွက်ပဲ တစ်စိုက်မတ်မတ် တွေးပေးနေတာ၊ သူ မပြောချင်တဲ့ ကိစ္စတွေကို ငါတို့လည်း ထပ်မမေးကြတာပဲ ကောင်းပါတယ်လေ"
အဲ့ဒီတော့မှပဲ ကုရှင်းနော့လည်း ခေါင်းညိတ်လိုက်ရတာပေါ့။ "ဒါဆို ကျောင်းပေချန်က ဘာဆက်ဖြစ်မလဲ။ အရှင်မင်းကြီးက သူ့ကို သေဒဏ်ပေးလိုက်မှာလား"
"မသိဘူးလေ၊ စောင့်ကြည့်ရမှာပေါ့။ ကျောင်းပေချန်ရဲ့ ကိစ္စကို အရှင်မင်းကြီးက ရက်ပိုင်းအတွင်း သေချာပေါက် ဆုံးဖြတ်ချက် တစ်ခုချလိမ့်မယ်"
အကြီးဆုံးကုသခင်လေးကတော့ ဒါနဲ့ပတ်သက်လို့ ဘာမျှော်လင့်ချက်မှ မထားပါဘူး။ ရှန်ကျုံးဧကရာဇ်က သူ့တစ်သက်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချတဲ့ အလုပ်မျိုးဆိုတာ ဘာမှကို လုပ်ဖူးတာ မဟုတ်ဘူး။
ကုမိသားစုရဲ့ မြေးအဖိုးနှစ်ယောက် နှစ်ယောက် စာကြည့်ခန်းထဲမှာ စကားပြောနေကြတုန်း ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ကတော့ သူတို့ရဲ့ အိပ်ခန်းကို ပြန်ရောက်နေကြပြီလေ။ ကုရှင်းလန်ကို လူငယ်အစေခံလေးတွေက ရေချိုးပေးနေကြပြီး ယွီးရှောင်ရှောင်ကတော့ မှောင်မည်းနေတဲ့ အခန်းလေးထဲကို ပြေးဝင်သွားရင်း သူမရဲ့ ပင်နီဆီလင်ဆေးတွေကို သွားကြည့်နေလေရဲ့။
ဝမ်မောမောက ယွီးရှောင်ရှောင်နောက်ကနေ ကပ်လိုက်လာပြီး ပွစိပွစိနဲ့ မေးနေတာပေါ့။
"မင်းသမီး... ဟို စစ်သူကြီးကျော်နဲ့ ပတ်သက်ပြီး ဘယ်လိုများ သဘောရလဲ"
ယွီးရှောင်ရှောင်က ပြန်မေးလိုက်လေရဲ့။ "ကျော်ယို့လား၊ သူက ရှောင်ကုနဲ့ အချစ်လွန်ပြီး ရန်ဖြစ်တဲ့ ဇာတ်လမ်းလေး ရိုက်နေတာ မဟုတ်ဘူးလား"
"ဖွီး..." ဝမ်မောမောက မြေကြီးပေါ် တံတွေးတစ်ချက် ထွေးချလိုက်ပြီး အပြတ်ငြင်းပါလေရော။
"ကျွန်တော်မျိုးမ သေချာကြည့်ပြီးပါပြီ၊ အဲ့ဒီလိုကိစ္စမျိုး လုံးဝကို မရှိတာပါနော်"
"ဟင်" အဲ့ဒီတော့မှ ယွီးရှောင်ရှောင်က စစ်သူကြီးကျော်ကို နည်းနည်းလေး စိတ်ဝင်စားသွားတော့တယ်။ "ဒါဆို သူက ဘာကိစ္စ ရှောင်ကုကို အမြဲတမ်း လာပတ်သက်နေရတာလဲ"
ဝမ်မောမောခမျာ အလောသုံးဆယ်နဲ့ မေးလိုက်ရှာတာပေါ့။
"မင်းသမီးက နည်းနည်းလေးတောင် မရိပ်မိဘူးလား"
ယွီးရှောင်ရှောင်က မုတ်ဆိတ်တွေ ရိတ်ထားတဲ့ ကျော်ယို့ရဲ့ မျက်နှာကြီးကို ပြန်တွေးကြည့်လိုက်ပေမဲ့ ဒီလူမှာ ဘာများ ထူးခြားနေတာလဲဆိုတာ ခံစားလို့ မရဘူး ဖြစ်နေတယ်။ ဒါနဲ့ပဲ ပခုံးလေးတွန့်လိုက်ပြီး ဖော်စပ်ပြီးသွားတဲ့ ပင်နီဆီလင် ဆေးတွေကို သေသေချာချာ သိမ်းဆည်းလိုက်တာပေါ့။ ပြီးတော့ ဝမ်မောမောကို ပြောလိုက်လေရဲ့။
"ကျွန်မ ရှောင်ကုဆီသွားပြီး ဆေးစမ်းကြည့်လိုက်ဦးမယ်"
လေဆင်နှာမောင်းလို မျက်စိရှေ့ကနေ ဝုန်းခနဲ ပျောက်ကွယ်သွားတဲ့ ယွီးရှောင်ရှောင်နောက်ကနေ ဝမ်မောမောခမျာ လိုက်အော်ရတော့တာပဲ။ ပြေးလိုက်ရင်း "သမက်တော် ရေချိုးနေတယ် မင်းသမီးရဲ့"
ကုရှင်းလန်ကတော့ တကယ်ပဲ ရေချိုးနေတာလေ။ ခြေထောက်က ဒဏ်ရာတွေကို ရေပေးထိလို့ မရတော့ ကုတတိယသခင်လေးခမျာ ခွေးခြေဝိုင်းလေးတစ်ခုပေါ်မှာ ငုတ်တုတ်လေး ထိုင်နေရပြီး လူငယ်အစေခံလေး နှစ်ယောက်က ရေစိုပဝါလေးတွေနဲ့ သူ့ကိုယ်လုံးကို ပွတ်တိုက် ဆေးကြောပေးနေကြတာပေါ့။ အဲဒီအချိန်လေးမှာတင် ကုရှင်းလန်ရဲ့ နားထဲကို တံခါးအပြင်ဘက်ကနေ သူ့ဇနီးသည်ရဲ့ အသံကျယ်ကြီး ဝင်လာပါလေရော။
"ရှောင်ကု... ငါ ဝင်လာပြီနော်"
...