← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အပိုင်း(၁၁၇) ကျောက်စိမ်းဗန်းနဲ့ သစ်သားဗန်း

ချန်ကွမ်းက သူ့အခန်းထဲမှာ ထိုင်ရင်း ကျားကစားနေတာ။ သူ့ဟာသူ ကစားရင်းနဲ့ပဲ လမ်းပိတ်သွားတဲ့အကွက်ဆီ ရောက်သွားတယ်။ ချန်ကွမ်း သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်ထဲက အမည်းရောင်ကျားစေ့လေးကို ဘူးထဲ ပြန်ထည့်လိုက်တာပေါ့။ ဒီအချိန်မှာပဲ ဘုရားကျောင်းထဲကနေ ညသုံးချက်တီးပြီဖြစ်ကြောင်း သတိပေးတဲ့ ဗုံသံကြီး ထွက်ပေါ်လာလေရဲ့။

"ဆရာတော်" ချန်ကွမ်းရဲ့ အငယ်ဆုံးတပည့်လေးက အပြင်ကနေ ပြေးဝင်လာပြီး မျက်နှာပေါ်မှာလည်း စိုးရိမ်တကြီးနဲ့ အသံတွေပါ တုန်လှုပ်နေရှာတယ်။

"မင်းရဲ့အစ်ကိုကြီးကို ရှာတွေ့ပြီလား" ချန်ကွမ်းက အငယ်ဆုံးတပည့်လေးကို ကြည့်ပြီး အသံအေးအေးလေးနဲ့ မေးလိုက်လေတယ်။

"ဟင့်အင်း" ကိုရင်လေးက ငိုယိုပြီး ဆက်လျှောက်တယ်။

"အစ်ကိုကြီး သွားတတ်တဲ့နေရာတွေအကုန်လုံး တပည့်တော် လိုက်ရှာပြီးပြီ၊ ဒါပေမဲ့ ရှာလို့ကိုမတွေ့ဘူး"

"ကိစ္စမရှိပါဘူးလေ" ချန်ကွမ်းက တပည့်လေးကို ပြုံးပြလိုက်ပြီး "မင်း သွားနားလိုက်တော့နော်" လို့ တိုးတိုးလေး ပြောလိုက်လေတယ်။

"ဒါပေမဲ့ ဆရာတော်လေးဆီမှာလေ တပည့်တော်ကြားတာ..."

"ဝမ်ယွဲ့" ချန်ကွမ်းက တပည့်လေးရဲ့နာမည်ကို ခေါ်ရင်း စကားဖြတ်ပြောလိုက်တယ်။ "သွားနားတော့လေ၊ ဆရာတော် ဘာမှမဖြစ်ပါဘူး"

ကိုရင်လေး ဝမ်ယွဲ့က မသွားချင်သွားချင်နဲ့ ခြေတစ်လှမ်းလှမ်းလိုက်၊ နောက်ကို သုံးခါလောက် ပြန်လှည့်ကြည့်လိုက်နဲ့ ထွက်သွားရတော့တယ်။

မင်းသမီးလင်းလုံဆီ စာသွားပို့ခိုင်းတဲ့ တပည့်ဖြစ်သူက ပြန်မလာသေးတဲ့အပြင် မင်းသမီးဆီလည်း စာပြန်မလာဘူး။ ချန်ကွမ်းကတော့ သူ့တပည့်လေး အသက်အန္တရာယ်ကြုံနေရပြီဆိုတာ ရင်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေတယ်။ မင်းသမီးကို ဆရာတော်လေးဖုန်းလင်နဲ့ ဝေးဝေးရှောင်ဖို့ သတိပေးထားတဲ့စာကလည်း မင်းသမီးလက်ထဲ ရောက်မှာ မဟုတ်တော့ဘူး။ ယုံရှန်းဘုရားကျောင်းက ကိုယ်တော်တွေအပေါ် စည်းကမ်းအရမ်းတင်းကျပ်ပြီး သူတို့လို ရာထူးကြီးတဲ့ ကိုယ်တော်တွေဆိုရင် ပိုပြီးတောင် ညှာတာမှုမရှိဘူးလေ။ သူပို့လိုက်တဲ့စာသာ ဆရာတော်လေးဖုန်းလင် လက်ထဲရောက်သွားရင် သူ ဘုရားကျောင်းကို သစ္စာဖောက်တယ်ဆိုတဲ့ သက်သေဖြစ်သွားပြီပေါ့။

ချန်ကွမ်းက ကျားခုံပေါ်မှာရှိနေတဲ့ အဖြူနဲ့အမည်းရုပ်လေးတွေကို သေသေချာချာ ခွဲပြီး ဘူးထဲ ပြန်ထည့်နေတယ်။ ဆရာတော်လေးဖုန်းလင်ဆီကနေ သူ့အသက်ကို နှုတ်ယူသွားမဲ့ အဆိပ်ရည်တစ်ခွက် ရောက်လာမဲ့အချိန်ကို စောင့်ရင်းပေါ့။ ယုံရှန်းဘုရားကျောင်းထဲ ဝင်လာကတည်းက ဒီအသက်ဆိုတာ ဘုရားကျောင်းပိုင်ဖြစ်သွားပြီလေ။ မင်းဆရာဖြစ်တဲ့ ချန်ကွမ်းက ဒီလောက်ကျယ်ပြောလှတဲ့ လောကကြီးမှာ သူ့အတွက် ပုန်းခိုစရာနေရာမရှိတော့ဘူးဆိုတာ သဘောပေါက်ထားပြီးသားပါ။ သူ ထွက်ပြေးစရာ လမ်းမှမရှိတော့တာ။

ဒီအချိန်မှာပဲ ယွီးရှောင်ရှောင်က ဟူကော်ဘုရားကျောင်းရဲ့ နောက်ဘက်တံတိုင်းကို ခုန်ကျော်ပြီး ဝင်လာခဲ့တယ်။ အရင်ဆုံး သူမမျက်လုံးထဲ ဝင်လာတာက ဟူကော်ဘုရားကျောင်းက စေတီတော်ကြီးပဲ။ လည်ပင်းမော့ပြီး ရေတွက်ကြည့်လိုက်တော့ အထပ်ပေါင်း ဆယ်ထပ်ကျော်တောင် ရှိပြီး ရွှေရောင်တွေ တဝင်းဝင်း တောက်နေတာဆိုတော့ တန်ဖိုးကြီးသတ္တုတွေ ဘယ်လောက်တောင် သုံးထားမလဲဆိုတာ မသိဘူးပေါ့။ ချက်ချင်းပဲ ဒီစေတီကြီးကို ယွီးရှောင်ရှောင်က သူမရဲ့ အရန်ဘဏ်ကြီး အဖြစ် သတ်မှတ်လိုက်တော့တယ်။ နောက်ပိုင်း ပိုက်ဆံပြတ်သွားရင် မင်းသမီးလေးက ဒီလာပြီး ရွှေတစ်တုံးလောက် ကလော်သွားမယ်လေ။

ဟူကော်ဘုရားကျောင်းရဲ့ ကိုယ်တော်တချို့က စေတီဘက်ကို ခပ်သုတ်သုတ် လျှောက်လာကြတယ်။

ယွီးရှောင်ရှောင်က မှောင်ရိပ်ထဲမှာ ဝင်ရပ်လိုက်ပြီး ကိုယ်တော်တွေ သူမအနားက ဖြတ်လျှောက်သွားတာကို ကြည့်နေလိုက်တယ်။ ကိုယ်တော်တွေက ယွီးရှောင်ရှောင်ရှိနေတာကို နည်းနည်းလေးတောင် သတိမထားမိကြဘူး။ ဒါပေမဲ့ အဲ့ဒီအထဲက အရပ်အပုဆုံးနဲ့ အသက်အကြီးဆုံးပုံပေါက်တဲ့ ကိုယ်တော်က 'ဆရာတော်လေးရဲ့ အမိန့်' လို့ ပြောလိုက်တာကိုတော့ ယွီးရှောင်ရှောင် ကြားလိုက်ရတယ်။

ကိုယ်တော်တွေက ခပ်မြန်မြန် ထွက်သွားကြတော့ ယွီးရှောင်ရှောင်လည်း ရပ်ပြီး ခဏလောက် စဉ်းစားလိုက်ရင်း သူတို့နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဟူကော်ဘုရားကျောင်းက ဧကထောင်ချီ ကျယ်ဝန်းပြီး နန်းတော်ကြီးလောက်နီးနီး ကြီးမားတာဆိုတော့ ဒီလောက်ကျယ်တဲ့နေရာကြီးမှာ လူတစ်ယောက်ကို လိုက်ရှာဖို့ဆိုတာ တော်တော်ခက်ခဲမဲ့ကိစ္စလေ။ ဒါကြောင့် ဝမ်ဖုန်းလင်ရဲ့ အမိန့်ကို နာခံတဲ့ပုံပေါက်နေတဲ့ ဒီကိုယ်တော်တွေနောက်ကို လိုက်ရင်း ကံစမ်းကြည့်ဖို့ပဲ ယွီးရှောင်ရှောင် ဆုံးဖြတ်လိုက်တော့တယ်။

ကိုယ်တော်တွေက ဟူကော်ဘုရားကျောင်းထဲမှာ ကွေ့ကောက်ပြီး လျှောက်သွားနေကြပေမဲ့ သူတို့နောက်မှာ လူတစ်ယောက် လိုက်လာတယ်ဆိုတာကိုတော့ လုံးဝ သတိမထားမိကြဘူး။ နောက်ဆုံးတော့ ကိုယ်တော်တွေက လေးထောင့်ပုံစံ ခြံဝင်းလေးတစ်ခုထဲကို ဝင်သွားကြပြီး သူတို့လည်း ဝင်သွားရော ခြံတံခါးကိုပါ ပိတ်လိုက်ကြတော့တယ်။

ယွီးရှောင်ရှောင်က တံခါးအပြင်ဘက်မှာ ရပ်ရင်း အထဲက အသံတွေကို နားစွင့်လိုက်တယ်။ ပြီးတော့ နောက်ဘက်တံတိုင်းဆီ ကွေ့သွားပြီး တံတိုင်းကို ခုန်ကျော်၊ ခြံဝင်းထဲ ဝင်လိုက်လေရဲ့။

ခြေထောက်တောင် မြေကြီးပေါ် မချရသေးဘူး။ သူမ နေရာမှားလာပြီဆိုတာကို ယွီးရှောင်ရှောင် သိလိုက်တယ်။ ခြံဝင်းထဲက လေထုထဲမှာ ဆီနံ့တွေ ညှော်နံ့တွေ ပျံ့လွင့်နေတာကိုး။ ဒီနေရာက မီးဖိုချောင်ဖြစ်ရမယ်။ လူ့ပြည်က အစားအစာတွေ မစားတဲ့ နတ်သားတစ်ပါးလို ပုံစံဖမ်းနေတဲ့ ဝမ်ဖုန်းလင်က ဘယ်လိုလုပ် မီးဖိုချောင်ထဲမှာ ရှိနေမှာလဲ။

ခြံဝင်းထဲမှာတော့ ကိုယ်တော်ဆယ်ပါးလောက်က တစ်တန်းတည်း ရပ်နေကြတယ်။ သူတို့ကို စကားပြောနေတဲ့သူကို ယွီးရှောင်ရှောင် မှတ်မိလိုက်တယ်။ အဲ့ဒါက ဝမ်ဖုန်းလင်နောက်ကနေ လိုက်လာတဲ့ ကိုယ်တော်ပဲ။

"ဘယ်သူလဲ" ယွီးရှောင်ရှောင် မြေကြီးပေါ် ဆင်းလိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီကိုယ်တော်က သူမရှိတဲ့ဘက်ကို လှမ်းကြည့်လာတယ်။ တံတိုင်းအောက်က အခြေအနေ တစ်ခုခုမှားယွင်းနေပြီဆိုတာကို သူ သတိထားမိသွားတာ အသေအချာပဲ။

ယွီးရှောင်ရှောင်က အသက်ကို တဝကြီးအောင့်လိုက်ပြီး ဘေးနားက သစ်ပင်အိုကြီး အနောက်ကို လျှပ်တစ်ပြက် ဝင်ပြေးလိုက်တာပေါ့။

အဲ့ဒီအချိန်မှာပဲ သစ်ပင်အိုကြီးရဲ့ သစ်ကိုင်းတွေပေါ်က ညငှက်တချို့ လန့်ဖျပ်သွားပြီး စေတီရှိရာဘက်ကို စူးစူးဝါးဝါး အော်ဟစ်ပျံသန်းသွားကြတော့တယ်။

ကိုယ်တော်က တံတိုင်းအောက်ကို ခပ်သွက်သွက် လျှောက်လာပေမဲ့ ဘယ်သူမှမရှိဘူး။ သစ်ပင်အနောက်ကို လှည့်ပတ်ကြည့်လိုက်တော့လည်း အရိပ်လေးတစ်ရိပ်တောင် မတွေ့ရပြန်ဘူး။

ဟူကော်ဘုရားကျောင်းကို စီမံခန့်ခွဲတဲ့ ကိုယ်တော်တစ်ပါးက အနားကို ကပ်လာပြီး သစ်ပင်အနောက်က လွတ်နေတဲ့နေရာကို ကြည့်ရင်း "ဆရာတော် ပေ့ကျီ..." လို့ တိုးတိုးလေး လှမ်းခေါ်လိုက်တယ်။

ပေ့ကျီလို့ခေါ်တဲ့ အဲ့ဒီကိုယ်တော်က သစ်ပင်ကို ဘယ်ဘက်လက်နဲ့ တစ်ချက် ဖုန်းခနဲ ရိုက်ချလိုက်တယ်။ အဲ့ဒီအချက်ကြောင့် သက်တမ်းရာချီနေပြီဖြစ်တဲ့ သစ်ပင်အိုကြီးရဲ့ သစ်ကိုင်းတွေတောင် တဝုန်းဝုန်းနဲ့ ယိမ်းထိုးလှုပ်ရမ်းသွားရတာပေါ့။ "ဘာမှမဖြစ်ပါဘူး" ပေ့ကျီက ဟူကော်ဘုရားကျောင်းက ကိုယ်တော်ကို ပြောလိုက်ရင်း "ငါ နားကြားမှားတာနေမှာပါ" လို့ ဆိုလေရဲ့။

စီမံခန့်ခွဲတဲ့ကိုယ်တော်က ပေ့ကျီရဲ့အနောက်ကနေ ခေါင်းတညိတ်ညိတ်နဲ့ အောက်ကျို့နေရတယ်။ ဆရာတော်လေးဖုန်းလင် ကျောင်းတော်ထဲ ရောက်လာကတည်းက အထက်ကျောင်းတော်ကလာတဲ့ ဒီလူတွေ ဘာမှမလုပ်ရင်တောင် ဟူကော်ဘုရားကျောင်းရဲ့ လေထုက အမြဲတမ်း တင်းမာနေခဲ့တာလေ။ ဒီညဆိုရင် လေထုက ပိုပြီးတောင် ဖိအားများလွန်းလို့ သူ့ခမျာ အသက်ရှူရတောင် ကျပ်နေပြီ။

ဒီအချိန်မှာ ယွီးရှောင်ရှောင်ကတော့ မီးဖိုချောင်ထဲ ရောက်နှင့်နေပြီပေါ့။ မီးဖိုချောင်ထဲက ကိုယ်တော်တွေအကုန်လုံးကို ဝမ်ဖုန်းလင်ရဲ့လူတွေက အပြင်ခေါ်ထုတ်ပြီး ဆူပူကြိမ်းမောင်းနေတာ ဖြစ်ရမယ်။ ယွီးရှောင်ရှောင်က မီးဖိုချောင်ကြီးထဲမှာ ရပ်နေရင်း စားပွဲခုံပေါ်က အစားအသောက် နှစ်ပွဲကို မျက်စိကျသွားပါရော။ အစားအသောက်ဆိုရင် ဘယ်တော့မှ ခုခံနိုင်စွမ်းမရှိတဲ့ ယွီးရှောင်ရှောင်က စားပွဲခုံဆီ ပြေးသွားပြီး တို့ဟူးကြော် တစ်တုံးကို ကောက်စားလိုက်တော့တာပဲ။

အစားအသောက် နှစ်ပွဲက တစ်ထေရာတည်းတူတယ်။ ပေါက်စီ ပန်းကန်ငယ်တစ်ချပ်၊ တို့ဟူးကြော်တစ်ပွဲ၊ မုန်ညင်းဖြူကြော်တစ်ပွဲနဲ့ ဘာဟင်းရည်မှန်း မသိရတဲ့ ဟင်းရည်တစ်ပွဲစီ ပါတာပေါ့။

ယွီးရှောင်ရှောင်က ပေါက်စီတွေကိုတော့ မထိဘူး။ ခိုးစားတယ်ဆိုတာလည်း နည်းစနစ်လိုတယ်လေ။ အရေအတွက် ပြောင်းလဲသွားတာကို တစ်ချက်ကြည့်လိုက်တာနဲ့ သိသာတဲ့ အရာတွေကို လုံးဝ သွားမထိရဘူး။ ဒီပန်းကန်ထဲမှာက ပေါက်စီ လေးလုံးတည်းရှိတာဆိုတော့ တစ်လုံးလျော့သွားတာနဲ့ ချက်ချင်း လူမိသွားမှာပေါ့။ တို့ဟူးကြော် နှစ်ပွဲကိစ္စကျတော့ ယွီးရှောင်ရှောင် စားရတာ ဘာဖိအားမှမရှိဘူး။ ဘယ်သူက အားယားနေလို့ ကိုယ်ကြော်ထားတဲ့ တို့ဟူးကြော်လေးတွေ ဘယ်နှတုံးရှိလဲဆိုတာကို ထိုင်ရေတွက်နေမှာမို့လို့လဲ။

ယွီးရှောင်ရှောင်က ပန်းကန်တစ်ခုချင်းစီက တို့ဟူးကြော်လေးတွေကို နှစ်တုံးသုံးတုံးစီ နှိုက်စားပြီးတဲ့နောက်မှာတော့ ဟင်းရည်ပန်းကန်ဆီ မျက်စိကျသွားပြန်ရော။ စားစရာနှစ်ပွဲက အစားအသောက်တွေ အတူတူပဲဆိုပေမဲ့ ထည့်ထားတဲ့ ဗန်းတွေကတော့ မတူဘူးလေ။ တစ်ခုက ကျောက်စိမ်းလို စိမ်းမြမြအရောင်ရှိပြီး နောက်တစ်ခုကတော့ ရိုးရိုးသစ်သားဗန်းလေးပဲ။ ယွီးရှောင်ရှောင်ရဲ့ ခေါင်းထဲမှာတော့ အခွင့်ထူးခံဆိုတဲ့ အသိမျိုးလေးမှ မရှိတာ။ ဒါနဲ့ သစ်သားဗန်းထဲက ဟင်းရည်ကို အရင်ကောက်ကိုင်ပြီး နမ်းကြည့်လိုက်တော့ ဆေးနံ့တစ်မျိုး ရလိုက်တယ်။ တရုတ်တိုင်းရင်းဆေးနဲ့ တော်တော်တူပေမဲ့ ကုရှင်းလန်သောက်ရတဲ့ ဆေးတွေထက်တော့ ခါးသက်သက်အရသာ နည်းနည်းလျော့တယ်လို့ ဆိုရမယ်။

"ဒါက အားဆေးရည်လား" လို့ ယွီးရှောင်ရှောင်တစ်ယောက် ကိုယ့်ဟာကိုယ် ရေရွတ်လိုက်ရင်း ကျောက်စိမ်းဗန်းပေါ်က ဟင်းရည်ကို ထပ်ကိုင်ပြီး နမ်းကြည့်လိုက်ပြန်တယ်။ ဒီဟင်းရည်ကျတော့ ဆေးနံ့မရတဲ့အပြင် သစ်ပင်ပန်းမန်တွေဆီကရတဲ့ သင်းပျံ့ပျံ့ရနံ့လေးတောင် ရနေသေးတာကို တွေ့လိုက်ရတယ်။ ပါးစပ်ဟပြီး တစ်ငုံလောက် သောက်ကြည့်လိုက်တော့ ယွီးရှောင်ရှောင်ရဲ့ စိတ်တွေ ချက်ချင်းပဲ ကြည်လင်လန်းဆန်းသွားတော့တာပေါ့။ ဒီဟင်းရည်ကို ဘာတွေနဲ့များ ချက်ထားပါလိမ့်။ အရသာရှိပြီး လတ်ဆတ်တဲ့အရသာလေးက ယွီးရှောင်ရှောင်ရဲ့ အရသာခံအာရုံလေးတွေကို ချက်ချင်းပဲ ဖမ်းစားသွားတော့တယ်။

မနေနိုင်မထိုင်နိုင်ဖြစ်သွားတဲ့ ယွီးရှောင်ရှောင်ဟာ ဟင်းရည်တစ်ပန်းကန်လုံးကို နှစ်ငုံတည်းနဲ့ ဗိုက်ထဲ ရှင်းပစ်လိုက်လေရဲ့။ ပြီးမှ ကိုယ်က ခိုးစားနေတာပါလားဆိုတာကို သတိဝင်လာပြီး လက်ထဲက နောက်ဟင်းရည်တစ်ခွက်ကို ကြည့်လိုက်တယ်။ ယွီးရှောင်ရှောင်က ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားနဲ့ပဲ အဲ့ဒီဟင်းရည်တစ်ဝက်ကို စောစောက ပန်းကန်လွတ်ထဲ လောင်းထည့်လိုက်တယ်။ ပြီးတော့ ဘေးနားက ဒယ်အိုးလွတ်ထဲမှာ မသွန်ရသေးတဲ့ အိုးဆေးရေမည်းမည်းတွေကို တွေ့သွားပြီး ယွီးရှောင်ရှောင်တစ်ယောက် သိပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ပဲ ပန်းကန်တစ်လုံးစီထဲကို အိုးဆေးရေ တစ်ဝက်စီ ခွဲထည့်လိုက်တော့တယ်။ ဟင်းရည်ရဲ့ ကောင်းမွန်တဲ့အရသာကို ပြန်တွေးမိပြီး မင်းသမီးလေးက ကျောက်စိမ်းဗန်းပေါ်က ဟင်းရည်ထဲကို တို့ဟူးကြော်တို့စားတဲ့ အချဉ်ရည်တချို့ ထပ်ရောထည့်လိုက်သေးတယ်။ ဒါမှ ဟင်းရည်ထဲက ဆေးနံ့ကို ဖုံးဖိပစ်နိုင်မှာကိုး။

"ပစ္စည်းတွေ သွားပို့လိုက်တော့" မီးဖိုချောင်အပြင်ဘက်ဆီက လူသံကြားလိုက်ရတယ်။

ယွီးရှောင်ရှောင်လည်း ဟင်းရည်ပန်းကန်နှစ်လုံးကို သေသေချာချာ ပြန်စီထားခဲ့ပြီး ခေါင်မိုးထုပ်တန်းပေါ်ကို ခုန်တက်ကာ ပုန်းနေလိုက်တော့တာပဲ။

ကိုရင်လေးနှစ်ပါးက မီးဖိုချောင်ထဲ ဝင်လာပြီး ဗန်းတစ်ချပ်စီကို ကိုင်လိုက်ကြတယ်။

ပေ့ကျီလည်း အပြင်ဘက်ကနေ ဝင်လာပြီး မီးဖိုချောင်ထဲမှာ အရာအားလုံး ပုံမှန်အတိုင်းပဲလားဆိုတာကို ကြည့်လိုက်တယ်။ ပြီးတော့ ကိုရင်လေးနှစ်ပါးကို "သွားကြတော့" လို့ ပြောပြီးတာနဲ့ သူကိုယ်တိုင် အရင်လှည့်ထွက်သွားတော့တယ်။

ကိုရင်လေးနှစ်ပါးလည်း ပေ့ကျီနောက်ကနေလိုက်ပြီး မီးဖိုချောင်ထဲကနေ ထွက်သွားကြတယ်။

ဒီအချိန်မှာ စီမံခန့်ခွဲတဲ့ကိုယ်တော်က ကျောင်းတော်ရဲ့ အထွေထွေကိစ္စတွေဆောင်ရွက်တဲ့ ခန်းမထဲမှာ ရပ်နေပြီး သူ့လက်အောက်က ကိုယ်တော်တွေကို ဘာသာရေးအသုံးအဆောင်ပစ္စည်းတွေ ပြင်ဆင်ဖို့ အမိန့်ပေးနေတယ်။

"ဘာတွေဖြစ်လို့လဲ" ရာထူးတူတဲ့ ကိုယ်တော်တစ်ပါးက စီမံခန့်ခွဲတဲ့ကိုယ်တော်ကို လှမ်းမေးတာပေါ့။

စီမံခန့်ခွဲတဲ့ကိုယ်တော်က ဖြူဖပ်ဖြူရော် မျက်နှာကြီးနဲ့ ပြန်ဖြေလိုက်လေရဲ့။ "ဒီနေ့ ကျောင်းတော်ထဲမှာ ပျံလွန်တော်မူမဲ့သူ ရှိတယ်"

…

All Chapters