အခန်း ၁၁၈
Vol. 12 Ch. 118
အပိုင်း(၁၁၈) ရှောင်ကု အိပ်ပျော်သွားလို့ ကျွန်မ ရှင့်ဆီ လာကြည့်တာလေ
ဟူကော်ဘုရားကျောင်းထဲမှာ ပျံလွန်တော်မူတယ် ဆိုတဲ့ စကားလုံးကို သုံးပြီး သေဆုံးကြောင်း ကြေညာရလောက်တဲ့အထိ ရာထူးကြီးတဲ့ ကိုယ်တော်ဆိုတာ လက်ချိုးရေလို့ရတယ်။ မေးခွန်းထုတ်လိုက်တဲ့ ကိုယ်တော်က အဲ့ဒီစကားလုံးကို ကြားလိုက်ရတော့ ချက်ချင်း မျက်နှာပျက်သွားတာပေါ့။ ကျောင်းတော်ထဲက ဆရာတော်ကြီးတွေထဲမှာ ဘယ်သူကများ အသည်းအသန် ဖျားနာနေလို့လဲ။ သူ မကြားမိပါဘူး။
စီမံခန့်ခွဲတဲ့ကိုယ်တော်က အသံတုန်တုန်ယင်ယင်နဲ့ ပြောလိုက်တယ်။ "အရာအားလုံးကို ဆရာတော်လေးဖုန်းလင်ကပဲ စီစဉ်ပေးလိမ့်မယ်၊ ငါတို့တွေ အများကြီး လျှောက်မပြောကြတာ အကောင်းဆုံးပဲ"
ကိုယ်တော်တချို့က အတွင်းဆောင်ထဲကနေ လူတစ်ယောက် တင်ပျဉ်ခွေထိုင်လို့ရတဲ့ ငွေရောင်မွမ်းမံထားတဲ့ ကြာပန်းပုံစံ ထိုင်ခုံကြီးတစ်ခုကို ထမ်းပြီး ထွက်လာကြတယ်။ ဘယ်ကိုယ်တော်က မတော်တဆ လက်လွတ်သွားလဲတော့မသိဘူး၊ ကြာပန်းထိုင်ခုံကြီးက မြေကြီးပေါ်ကို ဝုန်းခနဲ ပြုတ်ကျသွားပါရော။ ကျယ်လောင်လွန်းတဲ့ အသံကြီးကြောင့် ခန်းမထဲက ကိုယ်တော်တွေခမျာ နားတွေအူပြီး ရင်တွေတုန်သွားလိုက်တာများ အတော်ကြာတဲ့အထိ သတိ ပြန်မဝင်နိုင်ကြဘူးလေ။
ကိုယ်တော်ပေ့ကျီက မီးဖိုချောင် ခြံဝင်းထဲမှာ ရပ်နေတာ။ သစ်သားဗန်းကိုင်ထားတဲ့ ကိုရင်လေး သူ့အနားက ဖြတ်သွားတဲ့အခါ ပေ့ကျီက "ဒီကိုလာခဲ့" လို့ လှမ်းခေါ်လိုက်လေတယ်။
ကိုရင်လေးက ခေါင်းတောင် မမော့ရဲဘဲ ပေ့ကျီရှေ့မှာ သွားရပ်ရရှာတယ်။ ဗန်းကို ကိုင်ထားတဲ့ လက်နှစ်ဖက်က အားပါလွန်းနေတာကြောင့် တဆတ်ဆတ်တောင် တုန်နေလေရဲ့။
ပေ့ကျီက ဗန်းထဲထည့်ထားတဲ့ ဟင်းရည်ကို ယူပြီး နမ်းကြည့်လိုက်တယ်။ ဆေးနံ့ရပေမဲ့ သူထင်ထားတာထက် အများကြီး ပေါ့နေတာကို သတိထားမိလိုက်တာပေါ့။ ဒါနဲ့ ဟင်းရည်ကို ဗန်းထဲ ပြန်ချပေးလိုက်ပြီး ကိုရင်လေးကို လက်ကာပြရင်း "သွားတော့လေ" လို့ ပြောလိုက်တော့တယ်။
ကိုရင်လေးက "တင်ပါ့" လို့ ပြန်လျှောက်ပြီး ဗန်းကိုကိုင်ရင်း သူ့အဖော်ရှိရာကို သွားလိုက်တယ်။ ပြီးတော့ ကိုရင်လေးနှစ်ပါး ယှဉ်တွဲပြီး ထွက်သွားကြတော့တယ်။
ယွီးရှောင်ရှောင်ကတော့ အဲ့ဒီအချိန် မီးဖိုချောင် ခေါင်မိုးပေါ်မှာ ဆောင့်ကြောင့်လေး ထိုင်နေတာပေါ့။ အစကတော့ သူမက ဒီဝမ်ဖုန်းလင်ရဲ့ လူနောက်ကနေလိုက်ပြီး လင်ငယ်ဖြစ်ခဲ့ဖူးတဲ့ အဲဒီသောက်ခွေးကောင်ကို သွားရှာမလို့ပဲ။ ဒါပေမဲ့ ဒီကိုယ်တော်က ခြံထဲမှာရပ်ပြီး တခြားကိုယ်တော်နဲ့ စကားရပ်ပြောနေတာကို မြင်လိုက်ရတော့ ယွီးရှောင်ရှောင်မှာ ဆက်စောင့်နေဖို့ စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့ဘူးလေ။ ဒါနဲ့ပဲ ခေါင်မိုးပေါ်ကနေ ခုန်ချလိုက်ပြီး မဖွံ့ဖြိုးသေးတဲ့ ကိုယ်လုံးသေးသေးလေးနဲ့ တံတိုင်းကို ဖြတ်ကျော်ရင်း ခြံဝင်းထဲကနေ ထွက်လာခဲ့လိုက်တော့တယ်။
ပေ့ကျီက ခြံဝင်းထဲမှာ ရပ်ရင်း သူ့ရှေ့က သက်တော်ကြီးကိုယ်တော်ကို ပြောလိုက်တယ်။
"ဆေးခတ်ထားတာ သိပ်မများဘူးပဲ။ ခင်ဗျားလုပ်ရပ်က ချန်ကွမ်းကို အလကားနေရင်း ပိုနာကျင်ရအောင် လုပ်နေသလိုပဲ။ ကျုပ်သာ ချန်ကွမ်းဆိုရင်တော့ ခင်ဗျားကို လုံးဝ ကျေးဇူးတင်မှာ မဟုတ်ဘူးနော်"
သက်တော်ကြီးကိုယ်တော်က ပိန်ချုံးနေပြီး ဆံပင်တွေ၊ မုတ်ဆိတ်မွေးတွေ ဖြူဖွေးနေပေမဲ့ တခြားသက်ကြီးရွယ်အိုတွေလို ကြင်နာတတ်တဲ့ပုံစံမျိုးတော့ မပေါက်ဘူး။ ပေ့ကျီရဲ့ စကားကို ကြားလိုက်တော့ သက်တော်ကြီးကိုယ်တော် မျက်မှောင်ကြုတ်သွားတယ်။ အသက်နှုတ်နိုင်တဲ့ အဆိပ်ဟင်းရည်မျိုး သူလုပ်ခဲ့တာ တစ်ခါနှစ်ခါမှ မဟုတ်တာ၊ ဘယ်လိုလုပ် ဆေးပမာဏ လျော့သွားနိုင်မှာလဲ။
ပေ့ကျီက သက်တော်ကြီးကိုယ်တော် စကားပြန်ပြောတာကိုတောင် မစောင့်တော့ဘဲ ပြောလိုက်လေတယ်။
"ငါတို့ ဆရာတော်လေးဆီ သွားရအောင်။ သူ တစ်နေကုန် ဘာမှမစားရသေးဘူး၊ ခင်ဗျားလည်း သူ့ကို နည်းနည်းပါးပါး ဖျောင်းဖျကြည့်ပါဦး"
သက်တော်ကြီးကိုယ်တော်က ခေါင်းညိတ်ပြလိုက်ပြီး လူနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို မီးဖိုချောင်ခြံဝင်းထဲကနေ ထွက်သွားကြတော့တယ်။
ယွီးရှောင်ရှောင်က သစ်သားဗန်းကိုင်ထားတဲ့ ကိုရင်လေးနောက်ကို တကောက်ကောက်လိုက်သွားရင်း နောက်ဆုံးတော့ ကျောက်ဆောင်တုတွေ၊ ရေတံခွန်လေးတွေနဲ့ ပြင်ဆင်ထားတဲ့ ခြံဝင်းတစ်ခုထဲကို ရောက်သွားတယ်။ ခြံထဲမှာ လိပ်ပြာသစ်ခွပန်းတွေ အများကြီးစိုက်ထားတာလေ။ အခုချိန်က လိပ်ပြာသစ်ခွပန်းတွေ ပွင့်တဲ့ရာသီဆိုတော့ တစ်ခြံလုံး ပန်းတွေ ဝေဆာနေတာပေါ့။ ယွီးရှောင်ရှောင်လို အလှအပခံစားတတ်တဲ့အနုပညာစိတ် သိပ်မရှိတဲ့သူတောင်မှ မျက်စိတစ်ဆုံး လှပနေတဲ့ ဒီမြင်ကွင်းကိုကြည့်ပြီး စိတ်ကြည်နူးသွားရတယ်။
ကိုရင်လေးက စင်္ကြံအောက်ကို လျှောက်သွားပြီး ပိတ်ထားတဲ့ တံခါးကို ခပ်ဖွဖွလေး ခေါက်လိုက်လေရဲ့။
တံခါးခေါက်သံနဲ့အတူ ကလေးတစ်ယောက်ရဲ့ ငိုသံက အခန်းထဲကနေ ထွက်ပေါ်လာပါရော။
"ဝမ်ယွဲ့... မငိုနဲ့လေ။"
"ဆရာတော်"
ငိုရင်းစကားပြောနေတဲ့ ကောင်လေးက ဘယ်သူလဲဆိုတာ ယွီးရှောင်ရှောင် မသိပေမဲ့ 'ဝမ်ယွဲ့' လို့ လှမ်းခေါ်လိုက်တဲ့သူကိုတော့ ယွီးရှောင်ရှောင် မှတ်မိတာပေါ့။ ဒါ မင်းဆရာကြီးချန်ကွမ်း မဟုတ်လား။ သူမက ဝမ်ဖုန်းလင်ကို လိုက်ရှာရင်းနဲ့ မင်းဆရာကြီးဆီ ရောက်လာတာကိုး။
"ဆရာတော်..." အပြင်မှာရှိနေတဲ့ ကိုရင်လေးက တိုးတိုးလေး လျှောက်လိုက်တယ်။ "တပည့်တော် ဝင်လာလို့ ရမလား။"
ချန်ကွမ်းက အခန်းထဲကနေ "ဝင်ခဲ့လေ" လို့ အမိန့်ပေးလိုက်တယ်။
ကိုရင်လေးလည်း အမိန့်ရတာနဲ့ တံခါးကို တွန်းဖွင့်ပြီး ဝင်မလို့ ပြင်လိုက်လေရဲ့။
"ငါပဲ ယူသွားလိုက်မယ်" ယွီးရှောင်ရှောင်က ကိုရင်လေးရဲ့ အနောက်ကနေ ထွက်လာပြီး လက်လှမ်းရင်း ဗန်းကို သူမလက်ထဲ ဆွဲယူလိုက်ပါလေရော။
ရုတ်တရက်ကြီး ကျောနောက်ကနေ လူတစ်ယောက် ထွက်လာတော့ ကိုရင်လေးခမျာ တရားအားထုတ်နေတဲ့ ရဟန်းတစ်ပါး ဖြစ်နေရင်တောင်မှ လန့်လွန်းလို့ သေမတတ်ပဲလေ။ တံခါးဝမှာတင် ကြက်သေသေသွားပြီး တစ်ချက်လေးတောင် မလှုပ်ရဲတော့ဘူး။
ယွီးရှောင်ရှောင်ကတော့ ကိုရင်လေး လန့်ဖျပ်သွားတာကို လုံးဝ သတိမထားမိပါဘူး။ လက်တစ်ဖက်က ဗန်းကို ကိုင်ပြီး အခန်းထဲ ဝင်သွားလိုက်တယ်။ ပြီးတော့ အခန်းထဲက လူကိုတောင် မကြည့်ဘဲ "ဆရာတော်... ကျွန်မက ယွီးရှောင်... အဲ မှားလို့... ကျွန်မက ယွီးလင်းလုံလေ" လို့ ပြောချလိုက်တော့တယ်။
သေရတော့မယ်ဆိုပြီး အဝတ်အစားသစ်တွေတောင် လဲလှယ် ပြင်ဆင်ပြီးနေပြီဖြစ်တဲ့ ချန်ကွမ်းတစ်ယောက် အခန်းထဲ ဝင်လာတဲ့ ယွီးရှောင်ရှောင်ကို မြင်လိုက်ရတော့ သူလန့်သွားတာကလည်း တံခါးဝမှာ ကြက်သေသေနေတဲ့ ကိုရင်လေးထက် နည်းနည်းလေးမှ မလျော့ဘူးရယ်။
ယွီးရှောင်ရှောင်က ချန်ကွမ်းရဲ့အရှေ့ကို ရောက်သွားပြီး သူမနဲ့ ချန်ကွမ်းကြားက စားပွဲခုံအသေးလေးပေါ် ဗန်းကိုတင်လိုက်တယ်။
"ဆရာတော်... ဒီလောက်မိုးချုပ်နေပြီကို ထမင်းမစားရသေးဘူးလား"
မင်းဆရာကြီးချန်ကွမ်းရဲ့ ဦးနှောက်က တော်တော်မြန်မြန် အလုပ်လုပ်ပါတယ်။ မျက်နှာပေါ်က အံ့သြနေတဲ့ အရိပ်အယောင်တွေကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး ယွီးရှောင်ရှောင်ကို ပြုံးပြရင်း မေးလိုက်တယ်။
"မင်းသမီးလေးက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"အယ်..." လိမ်ပြောရတဲ့အလုပ်က ယွီးရှောင်ရှောင်အတွက် တော်တော်လေးကို ခက်ခဲတဲ့ကိစ္စလေ။ မင်းသမီးလေးခမျာ အတော်ကြာကြာ စဉ်းစားပြီးမှ "ကျွန်မ ဒီတိုင်း လမ်းလာလျှောက်တာပါ" လို့ ချန်ကွမ်းကို ပြောလိုက်လေတယ်။
ညသန်းခေါင်ကြီး အိပ်မနေဘဲ ဘုန်းကြီးကျောင်းကို လမ်းလာလျှောက်တဲ့လူ ရှိလို့လား။
မင်းဆရာကြီးချန်ကွမ်း ပြောမနေနဲ့တော့၊ ဆရာကြီးဘေးမှာ ရပ်နေတဲ့ ကိုရင်လေး ဝမ်ယွဲ့တောင်မှ မင်းသမီးလေးကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်မိသွားတယ်။ ဒီလို လိမ်ပြောတာကြီးက အဆင့်သိပ်နိမ့်လွန်းနေပြီလေ
ဒီအချိန်မှာပဲ ယွီးရှောင်ရှောင်က မျက်ရည်တွေ နှပ်တွေနဲ့ ပေပွနေအောင် ငိုထားတဲ့ ဝမ်ယွဲ့ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ကလေးတွေဆိုရင် အမြဲတမ်း မေတ္တာထားတတ်တဲ့ နည်းပြယွီက "ဘာလို့ ဒီလောက်တောင် ငိုနေရတာလဲ။ အမှားလုပ်မိလို့လား။ လူသတ်မိလို့လား" လို့ မေးချလိုက်ပါလေရော။
ကိုရင်လေးဝမ်ယွဲ့ခမျာ ပါးစပ်ကြီးဟပြီး ခေါင်းကိုသာ ခါယမ်းပြနိုင်တော့တယ်။ သူက ဒီတိုင်း ငိုရုံလေး ငိုနေတာကို ဘာလို့ မင်းသမီးက သူ လူသတ်ထားတယ်လို့ သံသယဝင်သွားတာလဲဆိုတာ နားကို မလည်နိုင်တော့ဘူး။
"လူမသေဘူးဆိုရင်တော့ ပြဿနာသိပ်မကြီးပါဘူးလေ။ အမှားကို ပြင်လိုက်ရင် နောက်ဆို လိမ္မာတဲ့ ကလေးလေး ပြန်ဖြစ်သွားမှာပါ" ယွီးရှောင်ရှောင်က ဆုံးမတာပေါ့။
ဝမ်ယွဲ့က သူ့ဆရာကို လှမ်းကြည့်လိုက်တော့ ရင်ထဲက ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်တွေတောင် ရုတ်တရက်ကြီး လျော့ပါးသွားတယ်။ မင်းသမီးလေးက ငတုံးလေးများလား။
"မင်းသမီးလေး...ဆရာတော် ပေးလိုက်တဲ့စာကို ဖတ်ပြီးပြီလား" ချန်ကွမ်းက မေးတာပေါ့။
ယွီးရှောင်ရှောင်က "ဘာစာလဲ" လို့ ပြန်မေးလိုက်တယ်။ သူမက ဒီကမ္ဘာမှာဆို စာမတတ် ပေမတတ်လေးလေ။ စာရရင်တောင်မှ အလကားပဲ။
ယွီးရှောင်ရှောင် ဒီလိုပြောလိုက်တာကို ကြားတော့ ချန်ကွမ်းက ဖျောင်းဖျတယ်။
"ဘာမှမဟုတ်ပါဘူး မင်းသမီးလေး။ အချိန်လည်း မစောတော့ဘူးဆိုတော့ သမက်တော်အနားကို ပြန်သင့်ပြီနော်"
ယွီးရှောင်ရှောင်က ချန်ကွမ်းနဲ့ မျက်နှာချင်းဆိုင် စားပွဲခုံအသေးလေးခြားပြီး ထိုင်ချလိုက်တယ်။ ပြီးမှ ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ ပြောတာပေါ့။ "ဪ... ရှောင်ကု အိပ်ပျော်သွားလို့ ကျွန်မ ဆရာတော့်ဆီ လာကြည့်တာလေ။ ဆရာတော်... ထမင်းမစားဘူးလား"
'သမက်တော် အိပ်ပျော်သွားလို့ ရှင့်ဆီ လာကြည့်တာလေ' တဲ့။ မင်းဆရာကြီးချန်ကွမ်းခမျာ ယွီးရှောင်ရှောင်ရဲ့ ဒီစကားကို တွေးကြည့်ရင်း တစ်နေရာရာမှာတော့ မှားနေသလိုပဲလို့ ခံစားနေရရှာတယ်။
ချန်ကွမ်းက တူကိုမကိုင်ဘဲ ငြိမ်နေတာကိုမြင်တော့ ယွီးရှောင်ရှောင်က လက်လှမ်းပြီး ပေါက်စီတစ်လုံးကို ကောက်စားလိုက်တော့တာပဲ။
ချန်ကွမ်းမှာ တားဖို့တောင် အချိန်မမီလိုက်ဘူး။
မျှော်လင့်ထားတဲ့ အသားပေါက်စီ မဟုတ်ဘဲ ပါးစပ်ထဲမှာ ဟင်းသီးဟင်းရွက်နဲ့ မှိုအရသာကို ခံစားလိုက်ရတော့ ယွီးရှောင်ရှောင် နှုတ်ခမ်းလေးဆူပြီး ပွစိပွစိနဲ့ ပြောလေရဲ့။ "ဘာလို့ အသားပေါက်စီ မဟုတ်ရတာလဲ ဆရာတော်ရ... လူဆိုတာ အသားစားမှဖြစ်မှာပေါ့။ ဆရာတော်က ယုန်မှမဟုတ်တာ"
ချန်ကွမ်း စကားပြန်ပြောဖို့တောင် အချိန်မရလိုက်ခင် ကိုရင်လေး ဝမ်ယွဲ့က မနေနိုင်တော့ဘဲ ဝင်ပြောလေတယ်။
"တပည့်တော်ရဲ့ ဆရာတော်က ရဟန်းတစ်ပါးလေ။ ဘယ်လိုလုပ် အသားစားလို့ရမှာလဲ"
ဪ... ဟုတ်သားပဲ။ ကိုယ်တော်တွေက အသားမစားဘူးဆိုတာကို ယွီးရှောင်ရှောင် သတိရသွားတယ်။ ဒါပေမဲ့လည်း သူမရှေ့မှာ တည်တည်ငြိမ်ငြိမ်ကြီး ထိုင်နေတဲ့ ချန်ကွမ်းကို တစ်ချက်ကြည့်လိုက်ပြီး ကိုရင်လေး ဝမ်ယွဲ့ကိုတော့ မျက်စောင်းတစ်ချက် ထိုးလိုက်သေးတယ်။ ဒါ ဇာတ်လမ်းသွားကို မသိလို့ပြောတာ။ မင်းဆရာကြီးက ကိုယ်တော်ဖြစ်နေတော့ရော ဘာဖြစ်လဲ။ နောက်ဆုံးကျတော့လည်း ရက်စက်တဲ့ ဘျင်မကြီးရဲ့ တိတ်တိတ်ပုန်းလင်ငယ်လေး ဖြစ်သွားတာပဲ မဟုတ်ဘူးလား။
"ချန်ကွမ်း..." အဲ့ဒီအချိန်မှာပဲ အပြင်ဘက်ကနေ ကိုယ်တော်နှစ်ပါး လျှောက်လာပြီး အပေါက်ဝမှာရပ်နေတဲ့ ကိုရင်လေးကို ဘေးကို တွန်းဖယ်ပစ်လိုက်တယ်။ အဲဒီအထဲက ကိုယ်တော်တစ်ပါးက "မင်း ဆွမ်းဘုန်းမပေးရသေးဘူးလား" လို့ လှမ်းမေးတာပေါ့။
နောက်ကိုယ်တော်တစ်ပါးကတော့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး "မင်းသမီးလေးလည်း ရှိနေတာလား" လို့ မေးလိုက်လေတယ်။
ယွီးရှောင်ရှောင် လှည့်ကြည့်လိုက်တော့ ဝမ်ဖုန်းလင်ဘေးက နောက်ထပ် လူနှစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရတော့တာပဲ။
ချန်ကွမ်းက အသံတိုးတိုးနဲ့ ပြန်ဖြေတယ်။ "ငါလည်း ဘယ်မှသွားစရာမရှိပါဘူး။ မင်းတို့နှစ်ယောက်က ဘာတွေများ စိတ်မချဖြစ်နေရတာလဲ"
ကိုယ်တော်တစ်ပါးက အခန်းထဲကို ခြေလှမ်းကျဲကြီးနဲ့ ဝင်လာပြီး ချန်ကွမ်းကို အေးစက်စက်ကြည့်ရင်း ပြောချတော့တာပဲ။ "ဆရာတော်လေးက မင်းကို ဒီလိုဆက်ဆံပေးတာကိုပဲ သက်ညှာပေးထားတာလို့ မှတ်"
ချန်ကွမ်းက သူ့ရှေ့မှာချထားတဲ့ ဟင်းရည်ကို ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်မိတယ်။ ကျောင်းတော်ကို သစ္စာဖောက်လို့ သေဒဏ်ပေးခံရတယ်ဆိုတာကို လူတွေမသိအောင် ဖုံးကွယ်ထားပေးတာက တကယ်တော့ သက်ညှာပေးတာ မှန်ပါတယ်။ ဒါပေမဲ့ မင်းသမီးလင်းလုံရှေ့မှာ သေပြရမှာထက်စာရင်တော့ မင်းဆရာကြီးက ဒီလိုသက်ညှာမှုကို လုံးဝမလိုချင်ပါဘူးလေ။
…