အခန်း ၁၁၉
Vol. 12 Ch. 119
အပိုင်း (၁၁၉) ပဲငပိချိုအရသာ ဟင်းရည်
"မင်းသမီးလေး မပြန်သေးဘူးလား" ချန်ကွမ်းက ယွီးရှောင်ရှောင်ကို မေးလိုက်တာ။
ယွီးရှောင်ရှောင်က ခေါင်းခါပြလိုက်တယ်။ ခဏလေးအတွင်းမှာတင် ဟင်းသီးဟင်းရွက်ပေါက်စီ သုံးလုံးက မင်းသမီးလေးရဲ့ ဗိုက်ထဲကို အသာလေး ရောက်သွားခဲ့ပြီလေ။
ချန်ကွမ်းက သက်ပြင်းသဲ့သဲ့လေးချလိုက်ပြီး ဟင်းရည်ပန်းကန်ကို လှမ်းယူလိုက်တယ်။
ဝမ်ယွဲ့က သူ့ဆရာကို တစ်ချက်ကြည့်လိုက်၊ ကျောင်းတော်ကလာတဲ့ ကိုယ်တော်နှစ်ပါးကို တစ်ချက်ကြည့်လိုက်နဲ့ ကိုရင်ဝတ်စုံလေး ဝတ်ထားတဲ့ သူ့ကိုယ်လုံးလေးက ထိန်းမရသိမ်းမရ တဆတ်ဆတ် တုန်ယင်သွားရှာတယ်။
ယွီးရှောင်ရှောင်ကတော့ ဝမ်ဖုန်းလင်ဘေးက လူနှစ်ယောက်ကို ကြည့်နေတုန်းပဲ။ ကျူးယိတိုင်းပြည်က ကုန်သည်ကို မြေကြီးထဲကနေ လက်ဗလာနဲ့ ဆွဲထုတ်ခဲ့တဲ့ ကိုယ်တော်က အခု သူမရဲ့အနောက်မှာ ရပ်နေတာကိုး။ အခုတော့ ဒီကိုယ်တော်က မျက်နှာဖုံးဇာပဝါ ဆောင်းမထားဘူးလေ။ ယွီးရှောင်ရှောင်က ဒီလူရဲ့ရုပ်ကိုကြည့်ပြီး ဒီလောက် ကြမ်းကြုတ်ရက်စက်မဲ့ပုံပေါက်နေတဲ့လူက ဘယ်လိုလုပ် ကိုယ်တော်လာဝတ်နေရတာလဲဆိုတာ နားကိုမလည်နိုင်ဖြစ်နေတယ်။ စစ်သားသွားလုပ်တာကမှ ပိုလိုက်ဖက်ဦးမယ် မဟုတ်ဘူးလား။
"ဆရာတော်" သူ့ဆရာ ဟင်းရည်သောက်တော့မဲ့ပုံကို မြင်လိုက်ရတော့ ဝမ်ယွဲ့တစ်ယောက် ဘာကြောင့်မှန်းမသိ ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး ငိုသံပါကြီးနဲ့ လှမ်းအော်လိုက်မိတော့တယ်။
ချန်ကွမ်းက ဝမ်ယွဲ့ကို နှစ်သိမ့်တဲ့အပြုံးလေး ပြုံးပြလိုက်တယ်။
ယွီးရှောင်ရှောင် လှည့်ကြည့်လိုက်တော့ ချန်ကွမ်း ဟင်းရည်သောက်တော့မယ်ဆိုတာ မြင်သွားပြီး မင်းသမီးလေးခမျာ ချက်ချင်းဆိုသလို မျက်နှာပူသွားရတော့တယ်။ အိုးဆေးရေသောက်လို့ လူမသေနိုင်ဘူးဆိုပေမဲ့ မင်းဆရာကြီးကို အိုးဆေးရေ တိုက်တာက ကောင်းပါ့မလား။
"မင်းသမီးလေး" ချန်ကွမ်းက ယွီးရှောင်ရှောင် သူ့ကို ကြည့်နေတာကို မြင်တော့ အသံတိုးတိုးလေးနဲ့ မှာတမ်းခြွေရှာတယ်။
"နောင်ကျရင် သမက်တော်နဲ့ သင့်သင့်မြတ်မြတ် နေသွားကြနော်။ လောကကြီးက အမြဲတမ်း ပြောင်းလဲနေတတ်တာမို့ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး နေသွားကြတာ အကောင်းဆုံးပါပဲ"
လောကကြီးက အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာတွေ ဘာတွေကို ယွီးရှောင်ရှောင် နားမလည်ပါဘူး။ ချန်ကွမ်းလက်ထဲက အိုးဆေးရေကသာ မင်းသမီးလေးကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။
"မင်းသမီးလေး ကိုယ်တော့်ကို ကတိပေးပါ" ချန်ကွမ်းက ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
ယွီးရှောင်ရှောင်က စိတ်ထဲမှာ တွေးနေတာပေါ့။ ကျွန်မက ရှင့်ကို ဘာကတိပေးရမှာလဲ။ တိတ်တိတ်ပုန်းလင်ငယ်တောင် မဖြစ်သေးဘဲနဲ့ ဒီလောက်တောင် အချစ်မျက်လုံးတွေနဲ့ ကြည့်နေဖို့ လိုလို့လား။ ပြီးတော့ မင်းဆရာကြီး ချန်ကွမ်းရဲ့ လက်ထဲက ဟင်းရည်ပန်းကန်ကို လက်လှမ်းပြီး ဆွဲလုယူလိုက်သေးတာ။
"ဒီဟင်းရည်က သောက်လို့အရမ်းကောင်းနေလို့လား။ အေးစက်နေပြီကို ဘာလို့ သောက်နေဦးမှာလဲ။ သွန်ပစ်လိုက်တော့"
"မင်းသမီး" ကြမ်းကြုတ်တဲ့ရုပ်နဲ့ ကိုယ်တော်က ဟင်းရည်ကို ယွီးရှောင်ရှောင် လုယူသွားတာ မြင်တော့ သူမကို ချက်ချင်း လှမ်းအော်ဟစ်လိုက်တော့တာပဲ။
ယွီးရှောင်ရှောင်က ဟင်းရည်ပန်းကန်ကို သူမရဲ့အနောက်ဘက်ဆီ လက်တန်းပြီး ပက်ထုတ်ပစ်လိုက်တော့တာ။ ဟင်းရည်နဲ့ ရောထားတဲ့ အိုးဆေးရေ ဆိုပေမဲ့ ဆေးနံ့နံနေတဲ့ ဟင်းရည်ကြီးကို ဘာလုပ်ဖို့ သောက်ရမှာလဲ။ ဒီအချက်ကို တွေးမိသွားတော့ မင်းသမီးလေးက သူမ အစားအသောက်တွေကို အလဟဿ ဖြုန်းတီးလိုက်မိတာအတွက် နည်းနည်းလေးမှ အပြစ်ရှိသလို မခံစားရတော့ဘူးလေ။
ကိုယ်တော်နှစ်ပါးကတော့ ယွီးရှောင်ရှောင်လက်ထဲက ဟင်းရည်ပန်းကန်ကို လုယူပြီး ချန်ကွမ်းကို အတင်းအဓမ္မ တိုက်ဖို့ ရှေ့ကို တက်လာကြတယ်။ ဒါပေမဲ့ မင်းသမီးလေးက သွန်မယ်ဆိုတာနဲ့ ချက်ချင်း သွန်ချပစ်လိုက်မယ်လို့ သူတို့နှစ်ယောက်လုံး ထင်မထားခဲ့ကြဘူး။ ဘာပြောကောင်းမလဲ... ဟင်းရည်တစ်ပန်းကန်လုံးက ကြမ်းကြုတ်တဲ့ရုပ်နဲ့ ကိုယ်တော်ကိုယ်ပေါ်ကို အကုန်ပက်မိသွားပြီး ဟင်းရည်စက်တချို့ဆို အဲ့ဒီကိုယ်တော်ရဲ့ မျက်လုံးထဲတောင် စဉ်သွားသေးတယ်။
"ပေ့ကျိုး" နောက်ကိုယ်တော်တစ်ပါးဖြစ်တဲ့ ပေ့ယွမ်က သူ့အဖော်ရဲ့ နာမည်ကို အော်ခေါ်လိုက်ပြီး မျက်လုံးတွေ ချက်ချင်း ဖောင်းအစ်ရောင်ကိုင်းလာတဲ့ ပေ့ကျိုးကို အနောက်ဘက် ဆွဲခေါ်သွားတယ်။
"မင်းသမီးလေး" ယွီးရှောင်ရှောင်က ရုတ်တရက်ကြီး မျက်နှာပြောင်တိုက်ပြီး လူကိုပါ ထိခိုက်ဒဏ်ရာရအောင် လုပ်လိုက်တာကို မြင်တော့ ချန်ကွမ်းက ကမန်းကတန်း မတ်တတ်ထရပ်လိုက်ပြီး ယွီးရှောင်ရှောင်ကို သူ့အနောက်မှာ ကွယ်ပေးထားလိုက်လေရဲ့။
"ငါ့မျက်လုံးတွေ" ပေ့ကျိုးက မျက်လုံးနှစ်ဖက်ကို အုပ်ကိုင်ပြီး အကျယ်ကြီး အော်ဟစ်နေတော့တယ်။
ယွီးရှောင်ရှောင်က ချန်ကွမ်းရဲ့ ကျောနောက်ကနေ ခေါင်းလေးပြူထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာတင် ပုပ်နေတဲ့မက်မွန်သီးကြီးလို ဖောင်းအစ်သွားတဲ့ ပေ့ကျိုးရဲ့မျက်လုံးတွေကို ကြည့်ရင်း သံသယနဲ့ မေးလိုက်မိတော့တာပါပဲ။
"အိုးဆေးရေနဲ့ ဓာတ်မတည့်တဲ့သူတွေလည်း ရှိသေးတာလား" ကမ္ဘာပျက်ကပ်ကာလမှာတုန်းက လူတွေအပေါ် အဆိပ်သုံးစရာအကြောင်း မရှိလေတော့ ယွီးရှောင်ရှောင်က လူတွေအဆိပ်မိရင် ဘယ်လိုပုံပေါက်သွားလဲဆိုတာကို မြင်ဖူးခဲ့တာ မဟုတ်ဘူးလေ။ ဒါကြောင့် သူမရဲ့ ပထမဆုံးအတွေးက ဒီကိုယ်တော် အိုးဆေးရေနဲ့ ဓာတ်မတည့်ဘူးလို့ပဲ တန်းပြီး ထင်သွားတာပေါ့။
ပေ့ယွမ်က ချန်ကွမ်း အနောက်မှာ ကွယ်ပေးထားတဲ့ ယွီးရှောင်ရှောင်ကို စူးစူးရဲရဲကြည့်ရင်း မေးတော့တာပဲ။ "မင်းသမီး... ငါတို့ ယုံရှန်းဘုရားကျောင်းကို ရန်သူလုပ်တဲ့သူတွေရဲ့ ဇာတ်သိမ်းက ဘယ်လိုလဲဆိုတာ သိရဲ့လား"
အိုကွယ်... ယွီးရှောင်ရှောင်က ချန်ကွမ်းရဲ့ အနောက်ကနေ ထွက်လာခဲ့ပြီလေ။ မသိရင် လုံးဝချကြတော့မဲ့ပုံတွေနဲ့။
"မင်းသမီး... ကျုပ်ကို ဂရုမစိုက်ပါနဲ့၊ မင်းသမီးအရင် ပြန်နှင့်ပါတော့" ချန်ကွမ်းက ပြောရှာတယ်။
ယွီးရှောင်ရှောင်က သူမကို ဆွဲထားတဲ့ ချန်ကွမ်းရဲ့လက်ကို ပုတ်ပေးပြီး အားပေးစကား ဆိုလိုက်လေရဲ့။
"ဒီကိစ္စက နည်းနည်းတော့ မှားနေသလိုပဲ။ ဆရာတော် ဘာမှမကြောက်နဲ့၊ ကိစ္စအားလုံးအတွက် ကျွန်မရှိတယ်"
ဒီအချိန်မှာ ဆရာတော်လေးဖုန်းလင် ရှိနေတဲ့ ဘုရားကျောင်းဆောင်ထဲမှာတော့ ဖယောင်းတိုင်မီးရောင် တဖျပ်ဖျပ်အောက်မှာ ရုပ်တုကြီးရဲ့ မျက်နှာပေါ်က အပြုံးကြီးက နည်းနည်းတော့ ကောက်ကွေးပြီး ထူးဆန်းနေသလိုပဲ။
ပေ့ကျီနဲ့ သက်တော်ကြီးကိုယ်တော်က ဆရာတော်လေးဖုန်းလင်ကို ဆွမ်းနည်းနည်းပါးပါး ဘုန်းပေးဖို့ ဝိုင်းပြီး တိုက်တွန်းနေကြတယ်။
ဆရာတော်လေးဖုန်းလင်က "ချန်ကွမ်းဆီ ပစ္စည်းပို့လိုက်ပြီလား" လို့ တိုးတိုးလေး မေးလေရဲ့။
ပေ့ကျီက ကမန်းကတန်းနဲ့ ပြန်လျှောက်တယ်။ "ပို့ပြီးပါပြီ၊ ပေ့ကျိုးနဲ့ ပေ့ယွမ်လည်း အဲ့ဒီကို သွားနေကြပါပြီ"
"ချန်ကွမ်း ကျောင်းတော်မှာ ရှိနေတုန်းက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ အဆင်မပြေခဲ့ဘူးလေ"
ဆရာတော်လေးဖုန်းလင်က သက်ပြင်းချပြီး ပြောလိုက်တယ်။ "ဒါပေမဲ့ ငါနဲ့သူ့ကြားမှာတော့ ဘာရန်ငြိုးမှ မရှိပါဘူး"
ပေ့ကျီက ရှေ့ကို ခြေလှမ်းအနည်းငယ် တိုးသွားပြီး ဆရာတော်လေးဖုန်းလင်ဘေးမှာ ရပ်ရင်းပြောလိုက်လေတယ်။ "ဆရာတော်လေး... ချန်ကွမ်းက ကျောင်းတော်ကို သစ္စာဖောက်ခဲ့တာပါ။ သူသာ ကျောင်းထိုင်ဆရာတော်ကြီးရဲ့ လက်ထဲ ရောက်သွားရင် နာနာကျင်ကျင် ရှင်သန်ရဖို့ပဲ ရှိတာမို့ ဆရာတော်လေးက သူ့အပေါ် အစွမ်းကုန် ညှာတာပေးခဲ့ပြီးပါပြီ"
သက်တော်ကြီးကိုယ်တော်က အသံမထွက်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိတယ်။ ချန်ကွမ်းက အရမ်းကို ဉာဏ်ရည်ထက်မြက်တဲ့လူလေ။ အဲဒီတုန်းက ယုံရှန်းဘုရားကျောင်းမှာ တရားဓမ္မအကြောင်း ဆွေးနွေးကြရင် ဘယ်သူကမှ သူ့ကို မယှဉ်နိုင်ခဲ့ကြဘူး။ ဝူဟွမ်နဲ့ အဆင်မပြေတာသာ မရှိခဲ့ရင် ချန်ကွမ်းတစ်ယောက် ဖုန်ထျန်းလို တိုင်းပြည်ငယ်လေးဆီ မင်းဆရာအဖြစ် ဘယ်လိုလုပ် မောင်းထုတ်ခံရပါ့မလဲ။ အခုတော့ ဆရာတော်လေးဖုန်းလင်က ချန်ကွမ်းကို သတ်တာ ဂိုဏ်းတူအစ်ကိုကြီး ဝူဟွမ်အတွက် မဟုတ်ပါဘူးလို့ ပါးစပ်ကနေ အထပ်ထပ် ပြောနေပေမဲ့ သာမန်စာတစ်စောင်တည်းနဲ့တော့ ချန်ကွမ်း ကျောင်းတော်ကို သစ္စာဖောက်တယ်လို့ ဘယ်လိုလုပ်ပြီး အတည်ပြုလို့ ရမှာလဲ။
"ဆွမ်းတွေကော" ဆရာတော်လေးဖုန်းလင်က မေးလိုက်တာ။
သက်တော်ကြီးကိုယ်တော်လည်း ကျောက်စိမ်းဗန်းကို ကိုင်ပြီး ရှေ့ကို ခပ်သုတ်သုတ် လျှောက်သွားတယ်။ ဆရာတော်လေးဖုန်းလင်အနား မရောက်ခင်မှာ သက်တော်ကြီးကိုယ်တော်က ကျောက်စိမ်းဗန်းထဲက ဟင်းရည်ကို သေသေချာချာ ကြည့်ပြီး အနံ့ခံကြည့်လိုက်သေးတယ်။ အဆိပ်ကို အမြဲသုံးနေကျလူဆိုတော့ ပြင်းထန်လွန်းတဲ့ ပဲငပိချိုအနံ့ကြီးကို ချက်ချင်း ရလိုက်ပါရော။ သက်တော်ကြီးကိုယ်တော် မျက်မှောင်ကြုတ်သွားတယ်။ ဟူကော်ဘုရားကျောင်းရဲ့ မီးဖိုချောင်တာဝန်ခံကိုယ်တော်က ဘယ်လိုလုပ်ပြီး ဒီလိုအရသာမျိုးနဲ့ ဟင်းရည်ကို ချက်တတ်ရတာလဲပေါ့။
ဆရာတော်လေးဖုန်းလင် တစ်ခုခုစားချင်စိတ် ပေါ်လာပြီဆိုတာကို မြင်လိုက်ရတော့ ပေ့ကျီတစ်ယောက် ဝမ်းသာလုံးဆို့သွားတယ်။ ဒါပေမဲ့ သက်တော်ကြီးကိုယ်တော်က နှေးတိနှေးကွေးနဲ့ ရှေ့ကို လျှောက်လာတာကို မြင်တော့ အနားကို အမြန်လျှောက်သွားပြီး သက်တော်ကြီးကိုယ်တော်လက်ထဲက ကျောက်စိမ်းဗန်းကို ဆွဲလုယူလိုက်တော့တာပဲ။ "ဒီဆွမ်းတွေက တစ်ခုခုများ မှားနေလို့လား"
သက်တော်ကြီးကိုယ်တော်က ခေါင်းခါပြလိုက်တယ်။ ဒီဆွမ်းတွေက သူကိုယ်တိုင် မျက်စိဒေါက်ထောက်ကြည့်ပြီး ဟူကော်ဘုရားကျောင်းက မီးဖိုချောင်တာဝန်ခံကိုယ်တော်တွေကို ချက်ခိုင်းထားတာလေ၊ ဘာပြဿနာ ရှိနိုင်မှာလဲ။
ပေ့ကျီလည်း သက်တော်ကြီးကိုယ်တော် ခေါင်းခါတာကို မြင်တော့ ကျောက်စိမ်းဗန်းကိုကိုင်ပြီး ဆရာတော်လေးဖုန်းလင်ရှေ့ကို ခပ်သုတ်သုတ် လျှောက်သွားလိုက်တော့တယ်။ ပြီးတော့ တိုးတိုးလေး လျှောက်လေတယ်။
"ဆရာတော်လေး... ဒီဆွမ်းတွေ ပူပူနွေးနွေးရှိတုန်း နည်းနည်းပါးပါးလောက် ဘုန်းပေးလိုက်ပါဦး"
ဆရာတော်လေးဖုန်းလင်က ပေ့ကျီလာချပေးတဲ့ ဆွမ်းတွေကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ အကုန်လုံးက သူ့အကြိုက် သက်သတ်လွတ် ဟင်းလျာတွေချည်းပါပဲ။ ဒါပေမဲ့ မင်းသမီးလင်းလုံရဲ့ ဘာမှမသိနားမလည်တဲ့ပုံစံနဲ့ တကယ့်ကို အဆိပ်ပြင်းတဲ့ စကားလုံးတွေ ပြောသွားတာကို ခံလိုက်ရပြီးကတည်းက ဆရာတော်လေးဖုန်းလင်ခမျာ ရင်ထဲမှာ တစ်ဆို့ဆို့ကြီး ဖြစ်နေခဲ့တာလေ။ အခုလို အငွေ့တထောင်းထောင်းထနေတဲ့ ဆွမ်းတွေကို ကြည့်နေရပေမဲ့ စားချင်စိတ်က နည်းနည်းလေးမှ မရှိတော့ဘူး။
ဆရာတော်လေးဖုန်းလင်က ကြည့်ပဲကြည့်နေပြီး တူကို မကိုင်တာမြင်တော့ ပေ့ကျီက ထပ်ပြီး တိုက်တွန်းရှာတယ်။
"ဆရာတော်လေး ဆွမ်းဘုန်း မပေးချင်ရင်တောင်မှ အစာအိမ်လေး နွေးသွားအောင် ဟင်းရည်လေး နည်းနည်းလောက် သောက်လိုက်ပါဦးလား"
"ချထားခဲ့လိုက်ပါ" ဆရာတော်လေးဖုန်းလင်က မိန့်လိုက်တယ်။
ပေ့ကျီလည်း ဘာမှတတ်နိုင်တော့တာမို့ ကျောက်စိမ်းဗန်းကို ဆရာတော်လေးဖုန်းလင်ရှေ့မှာ ခပ်ဖွဖွလေး ချပေးထားခဲ့ရတယ်။
ဒီအချိန်မှာပဲ သက်တော်ကြီးကိုယ်တော်က "ဆရာတော်လေး... တပည့်တော် ချန်ကွမ်းဆီ သွားကြည့်ချင်လို့ပါ" လို့ လျှောက်လာတယ်။
ဆရာတော်လေးဖုန်းလင်က ခေါင်းညိတ်ပြလိုက်ပြီး မှာလိုက်သေးတယ်။
"အေး... သွားရင်းနဲ့ ဟူကော်ဘုရားကျောင်းက ကိုယ်တော်တွေ ချန်ကွမ်း ပျံလွန်တော်မူပြီးရင် လုပ်ရမဲ့ အသုဘကိစ္စတွေအတွက် အဆင်သင့်ဖြစ်ပြီလားဆိုတာပါ တစ်ခါတည်း ဝင်ကြည့်ခဲ့လိုက်ဦး"
"တင်ပါ့" သက်တော်ကြီးကိုယ်တော်က ပြန်လျှောက်ပြီး ဘုရားကျောင်းဆောင်ထဲကနေ ထွက်သွားတော့တယ်။
"ဆရာတော်လေး... နည်းနည်းပါးပါးလောက်တော့ ဘုန်းပေးပါဦး" လို့ ပေ့ကျီကတော့ ထပ်ပြီး တိုက်တွန်းနေတုန်းပဲ။
ဆရာတော်လေးဖုန်းလင်လည်း ဟင်းရည်ပန်းကန်ကို မ လိုက်ပြီး ကြွေဇွန်းလေးနဲ့ ဟင်းရည်တစ်ဇွန်း ခပ်ပြီး ပါးစပ်ထဲ ထည့်လိုက်လေရဲ့။
ပေ့ကျီက ဘေးနားကနေ မေးနေတာ။ "ဆရာတော်လေး... ကျွန်တော်တို့ ဖုန်ထျန်းမှာ ဘယ်လောက်ကြာကြာ ဆက်နေရဦးမှာလဲ"
ဟင်းရည်တစ်ငုံ ပါးစပ်ထဲရောက်သွားတာနဲ့ ဆရာတော်လေးဖုန်းလင်တစ်ယောက် ပဲငပိချိုအရသာကြီးကြောင့် သီးသွားပါရော။ ဒါကြီးက ဘယ်လို ဟင်းရည်ကြီးလဲ။
ပေ့ကျီကတော့ ဆရာတော်လေးဖုန်းလင်ရဲ့ မျက်နှာအမူအရာ ပြောင်းသွားတာကို သတိမထားမိဘဲ အဲ့ဒီနေရာမှာတင် မတ်တတ်ရပ်ရင်း ဆက်ပြောနေတယ်။
"တပည့်တော် ထင်တာကတော့ ဆရာတော်လေး ကျူးယိကို သွားသင့်တယ်လို့ ထင်တယ်။ မင်းဆရာကြီး ဝူဟွမ်က သူ့ဆီလာလည်ဖို့ ဆရာတော်လေးဆီကို လူကြုံနဲ့ စာပို့ထားတာ ကြာလှပြီ။ ဘာလို့ ဆရာတော်လေးက မသွားဘဲ နေရတာလဲ"
ဒီအချိန်မှာ ဆရာတော်လေးဖုန်းလင်ကတော့ လည်ချောင်းထဲကနေ စူးခနဲ နာကျင်သွားတာကိုပဲ ခံစားလိုက်ရတယ်။ သူ့လက်တွေကလည်း ဟင်းရည်ပန်းကန်ကို ဆက်ကိုင်ထားနိုင်စွမ်း မရှိတော့ဘူး။ ဟင်းရည်ပန်းကန်က မြေကြီးပေါ် ပြုတ်ကျကွဲသွားပြီး ပဲငပိ အနံ့ကြီးက ဘုရားကျောင်းဆောင်ထဲက လေထုထဲကို ချက်ချင်းပဲ ပျံ့လွင့်သွားပါတော့တယ်။
...