အခန်း ၁၂၀
Vol. 12 Ch. 120
အပိုင်း (၁၂၀) ရှင် ဖုတ်ကောင်အနမ်းခံလိုက်ရတာလား
ယွီးရှောင်ရှောင်က ချန်ကွမ်းရဲ့အရှေ့မှာ ရပ်နေရင်း သူမဝတ်ထားတဲ့ အနက်ရောင်ဝတ်စုံက လက်ကို အပေါ်နည်းနည်း ထပ်ခေါက်တင်လိုက်တယ်။ အရှေ့မှာရပ်နေတဲ့ ပေ့ယွမ်ဆိုတဲ့ ကိုယ်တော်နဲ့ ချတော့မလို့ ပြင်နေတုန်းမှာပဲ အခန်းအပြင်ဘက်ကနေ လေချွန်သံလို စူးစူးဝါးဝါး အသံကြီး ထွက်ပေါ်လာလေရဲ့။
အဲ့ဒီအသံကြီးက ညအမှောင်ထုကြီးကို ဆွဲဖြဲပစ်လိုက်သလိုမျိုး အရမ်းကို စူးရှနေတာလေ။
အခန်းထဲမှာ ယွီးရှောင်ရှောင်တစ်ယောက်ပဲ မျက်နှာသေကြီးနဲ့ ဖြစ်နေပေမဲ့ ဒီအသံကို ကြားလိုက်ရတဲ့ ချန်ကွမ်းတို့ သုံးယောက်လုံး မျက်နှာတွေ ချက်ချင်း ပျက်သွားကြတယ်။
ပေ့ကျိုးခမျာ မျက်လုံးတွေက ပုပ်နေတဲ့ မက်မွန်သီးလို နီရဲဖောင်းအစ်နေပြီး ဘာမှမမြင်ရဘူး ဆိုပေမဲ့လည်း ပေ့ယွမ်နောက်ကနေလိုက်ပြီး ချန်ကွမ်းရဲ့အခန်းထဲကနေ ချက်ချင်းပဲ ပြေးထွက်သွားတော့တယ်။
"ဘာ.. ဘာဖြစ်တာလဲ" ယွီးရှောင်ရှောင်က ချန်ကွမ်းကို လှမ်းမေးလိုက်တယ်။
ချန်ကွမ်းကတော့ သေဘေးကနေ လွတ်လာပြီဆိုတဲ့ ဝမ်းသာမှုမျိုး နည်းနည်းလေးမှ မရှိဘဲ မျက်မှောင်ကြီးကြုတ်ရင်းမျက်နှာကလည်း ရေခဲရေလို အေးစက်တည်တင်းနေတယ်။ စောစောက စူးရှတဲ့အသံကြီးက ယုံရှန်းဘုရားကျောင်းက သတိပေးတဲ့အသံလေ။ ဟူကော်ဘုရားကျောင်းထဲမှာ ဆရာတော်လေးဖုန်းလင်နဲ့ သူ့နောက်ပါတွေလောက်ပဲ ယုံရှန်းဘုရားကျောင်းက လာတာဆိုတော့ ပေ့ယွမ်နဲ့ ပေ့ကျိုးတို့ရဲ့ အမူအရာနဲ့ လှုပ်ရှားမှုတွေကို ကြည့်ရတာ ဆရာတော်လေးဖုန်းလင် တစ်ခုခု ဒုက္ခများရောက်နေပြီလား။
ချန်ကွမ်းက သူမကို ဂရုမစိုက်တာမြင်တော့ ယွီးရှောင်ရှောင်က ကိုရင်လေး ဝမ်ယွဲ့ဘက် လှည့်ကြည့်ပြီး "ဘာဖြစ်ကြတာလဲ" လို့ မေးလိုက်ပြန်တယ်။
ဝမ်ယွဲ့က ယုံရှန်းဘုရားကျောင်းကို တစ်ခါမှ မရောက်ဖူးတော့ သူလည်း ဘယ်သိပါ့မလဲ။ ယွီးရှောင်ရှောင်ကို ခေါင်းသာ ခါပြလိုက်ရှာတယ်။
ယွီးရှောင်ရှောင် ခဏလောက် စဉ်းစားလိုက်ပြီး ပန်းကန်ထဲက နောက်ဆုံးကျန်နေတဲ့ ဟင်းသီးဟင်းရွက်ပေါက်စီလေးကို လှမ်းယူလိုက်တယ်။ မင်းဆရာကြီး ချန်ကွမ်းရဲ့ပုံစံကို ကြည့်ရတာ ဒီပေါက်စီကို သေချာပေါက် စားတော့မှာ မဟုတ်ဘူးလေ။ အစားအသောက်တွေ အလဟဿ မဖြစ်ရအောင် သူမပဲ စားလိုက်တာ အကောင်းဆုံးပါပဲ။
ဟင်းသီးဟင်းရွက်နဲ့ မှိုရနံ့လေးက ချန်ကွမ်းကို နှာချေသွားစေတယ်။ သတိပြန်ဝင်လာတဲ့ ချန်ကွမ်းက ယွီးရှောင်ရှောင်ကို ချက်ချင်း လှမ်းကြည့်ပြီး ပြောလိုက်တယ်။
"မင်းသမီး... အခုချက်ချင်း ပြန်တော့၊ စကားနားထောင်ပါ"
ယွီးရှောင်ရှောင်က ပါးစပ်ထဲဝါးနေတဲ့ ပေါက်စီကို ဗိုက်ထဲမျိုချပြီး မေးလိုက်တယ်။
"တစ်ခုခုတော့ သေချာပေါက် ပြဿနာတက်နေပြီ။ ဆရာတော်... ရှင်တို့ ကိုယ်တော်တွေက ဘာတွေ ဖြစ်နေကြတာလဲ"
ချန်ကွမ်းက ဟူးခနဲ သက်ပြင်းရှည်ကြီးချလိုက်ပြီး ကိုရင်လေး ဝမ်ယွဲ့ကို မိန့်လိုက်လေတယ်။
"သွားပြင်ဆင်တော့၊ ဆရာတော် ဒီညတွင်းချင်း နန်းတော်ထဲ ဝင်ရလိမ့်မယ်ထင်တယ်"
ဝမ်ယွဲ့က သူ့ဆရာကို ခေါင်းညိတ်ပြပြီးတာနဲ့ အပြင်ကို သုတ်ခြေတင် ပြေးထွက်သွားပါရော။
ယွီးရှောင်ရှောင်ကတော့ "အယ်" လို့ အသံထွက်သွားပြီး ချန်ကွမ်းကို စပ်စုပြန်တယ်။ "ဆရာတော်က နန်းတော်ထဲဝင်ပြီး ကျွန်မအဖေကို သွားတွေ့မလို့လား"
အဖေလို့ပဲခေါ်ခေါ်၊ ခမည်းတော်လို့ပဲခေါ်ခေါ်... မင်းဆရာကြီးချန်ကွမ်းက အခုချိန်မှာ အဲ့ဒါတွေကို လိုက်ပြီး အပြစ်တင်မနေချင်တော့ပါဘူး။ ယွီးရှောင်ရှောင်ကို "ဟုတ်တယ်" လို့ပဲ ဖြေလိုက်တယ်။
ဆရာတော်လေးဖုန်းလင်သာ ဖုန်ထျန်းမြို့တော်ထဲမှာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဒီကိစ္စကို ရှန်ကျုံးဧကရာဇ် သိအောင် သေချာပေါက် သွားလျှောက်ရမယ်လေ။ မော့ဝမ်က အပြစ်လာတင်ခဲ့ရင် ဖုန်ထျန်းဘက်က ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့။
ယွီးရှောင်ရှောင်က အသံကိုနှိမ့်လိုက်ပြီး ချန်ကွမ်းကို လျှို့ဝှက်လေသံလေးနဲ့ ပြောလိုက်သေးတာ။
"ဆရာတော်... ကျွန်မပြောတာကို ကြားပြီးရင် ရှင့်ရဲ့ ဘာသာရေးယုံကြည်ချက်တွေကို လုံးဝ အပျက်စီးမခံလိုက်နဲ့နော်"
ချန်ကွမ်းက အခုချိန်မှာ စိတ်တွေ ရှုပ်ထွေးနေတာဆိုတော့ ယွီးရှောင်ရှောင်ကို ယောင်ယမ်းပြီး "ဘာကိစ္စလဲ" လို့ ပြန်မေးလိုက်မိတယ်။
ယွီးရှောင်ရှောင်က မုန်ညင်းဖြူကြော် ပန်းကန်ကိုပါ လက်ထဲကောက်ကိုင်လိုက်ပြီး ဒီဟင်းသီးဟင်းရွက်တွေကိုပါ တစ်ခါတည်း ဗိုက်ထဲ ရှင်းပစ်ဖို့ ပြင်လိုက်တယ်။ ပါးစပ်ကလည်း ချန်ကွမ်းကို ပြောချလိုက်တော့တာပဲ။
"ရှင်တို့ရဲ့ အဲဒီဆရာတော်လေးဖုန်းလင်ဆိုတဲ့သူက မိဖုရားကျောင်းရဲ့ တိတ်တိတ်ပုန်းလင်ငယ်လေ"
"မင်းသမီး ဘာပြောလိုက်တယ်" ချန်ကွမ်းက မေးလိုက်တာပေါ့။
ယွီးရှောင်ရှောင်က မုန်ညင်းဖြူကို ဝါးရင်း ထပ်ပြောတယ်။ "ရှင်တို့ရဲ့ အဲ့ဒီဆရာတော်လေးက မိဖုရားကျောင်းနဲ့ ဖောက်ပြန်နေတာလို့ ပြောတာ"
ချန်ကွမ်းတစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသလိုပဲ အဲ့ဒီနေရာမှာတင် ကြက်သေသေသွားပြီး တော်တော်ကြာမှ ပြောထွက်တော့တယ်။
"မင်း.. မင်းသမီး... ဒီလိုကိစ္စမျိုးကို လျှောက်.. လျှောက်ပြောလို့ မရဘူးနော်"
ယွီးရှောင်ရှောင်က ပြန်မေးလေရဲ့။
"ရှင့်သဘောက ကျွန်မ သွားပြီး လက်ပူးလက်ကျပ် ဖမ်းပြရဦးမယ်လို့ ပြောချင်တာလား"
ဖုန်းလင်နဲ့ ကျောင်းရင်ရှန်း ဟုတ်လား။ ဒီဘဝမှာ မပြောနဲ့၊ နောင်ဘဝတွေမှာတောင် ဖြစ်နိုင်ပါ့မလားလို့ ချန်ကွမ်း တွေးမိသွားတယ်။ မိဖုရားကျောင်းက အသက်ဘယ်လောက်ရှိနေပြီလဲ၊ ဖုန်းလင်ကကော အသက်ဘယ်လောက်ပဲ ရှိသေးလို့လဲ။ နေပါဦး... ချန်ကွမ်းက သူ့နဖူးသူ ပြန်ရိုက်လိုက်မိတယ်။ အခုက ဒါတွေ တွေးနေရမဲ့ အချိန်လား။
ချန်ကွမ်း အပြင်ကို ခပ်သုတ်သုတ် လျှောက်သွားတာကို မြင်တော့ ယွီးရှောင်ရှောင်လည်း သူ့အနောက်ကနေ ကမန်းကတန်း လိုက်သွားပြီး မေးသေးတယ။
"ရှင်က ရှင်တို့ဆရာတော်လေးကို သွားပြီး စစ်မေးမလို့လား"
ချန်ကွမ်းက လှည့်ပြီး သူတို့ရဲ့ မင်းသမီးလေးကို ကြည့်လိုက်တော့ ယွီးရှောင်ရှောင်က ပါးစပ်ထဲကို မုန်ညင်းဖြူတွေ သွတ်နေတုန်းပဲ။ မင်းဆရာကြီးက ထပ်ပြီး သက်ပြင်းချလိုက်ရင်း ပြောလိုက်ရှာတယ်။
"မင်းသမီး... အခုက နောက်နေရမဲ့အချိန် မဟုတ်ဘူးနော်"
"ဒါဆို အခုက ဘာအချိန်လဲ" လို့ ယွီးရှောင်ရှောင်က ပြန်မေးတာပေါ့။ ပြောရမယ်ဆိုရင် သူမက ဒီနေ့ ဝမ်ဖုန်းလင်ရဲ့ အရှုပ်တော်ပုံတွေကို ချောင်းနားထောင်ဖို့ လာတာလေ။ မင်းဆရာကြီး ချန်ကွမ်းဆီ ရောက်လာပြီး တစ်ဝကြီး စားလိုက်ရမယ်လို့ ဘယ်ထင်ထားပါ့မလဲ။ ဒါနဲ့ဆို နှစ်ခါရှိပြီ။ ကြည့်ရတာ ဝမ်ဖုန်းလင်ရဲ့ အရှုပ်တော်ပုံတွေကို ချောင်းနားထောင်ဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စ မဟုတ်ဘူးပဲ။
"ဆရာတော်လေးသာ တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ ဖုန်ထျန်းတိုင်းပြည်အတွက် အရမ်းကို ဒုက္ခရောက်လိမ့်မယ်"
ချန်ကွမ်းက ယွီးရှောင်ရှောင်ကို ခေါ်ပြီး ဆရာတော်လေးဖုန်းလင်ရှိတဲ့ ဘုရားကျောင်းဆောင်ဘက်ကို လျှောက်သွားလေရဲ့။ ဒီကိစ္စကို သူ မင်းသမီးဆီကနေ ဖုံးကွယ်ထားလို့လည်း ရမှာမဟုတ်တော့ မင်းသမီးကို အနောက်ကနေ လိုက်ခိုင်းထားလိုက်တာ အကောင်းဆုံးပဲလို့ တွေးလိုက်လေတယ်။
ယွီးရှောင်ရှောင်က တော်တော်လေး အံ့သြသွားပြီး မေးလေရဲ့။ "ဝမ်ဖုန်းလင်က ဘာဖြစ်နိုင်မှာမို့လို့လဲ"
"ဝမ်ဖုန်းလင် ဟုတ်လား"
"ဪ... ရှင်တို့ရဲ့ ဆရာတော်လေးကို ပြောတာပါ။ ကျွန်မက သူ့ကို မျိုးရိုးနာမည်တစ်ခု ပေးလိုက်တာလေ"
တခြားလူကို မျိုးရိုးနာမည် ပေးလို့ရသေးတာလား။ ချန်ကွမ်း ခေါင်းခါလိုက်မိတော့တယ်။ ဒီည သက်ပြင်းချရတာက သူ့ရဲ့ ပြီးခဲ့တဲ့ ဘဝတစ်ဝက်လုံး သက်ပြင်းချခဲ့ရတာတွေ အကုန်ပေါင်းတာထက်တောင် ပိုများနေပြီလေ။
ဆရာတော်လေးဖုန်းလင်ရှိနေတဲ့ ဘုရားကျောင်းဆောင်ရဲ့ ခြံဝင်းကို သူ့နောက်ပါ ကိုယ်တော်တွေက ကင်းစောင့်နေကြပြီ။ အစက ခြံဝင်းထဲမှာ အလုပ်အကျွေးပြုနေတဲ့ ဟူကော်ဘုရားကျောင်းက ကိုယ်တော်တွေကိုပါ အဲ့ဒီနောက်လိုက်ကိုယ်တော်တွေက ခြံအပြင်ဘက်ကို မောင်းထုတ်ထားကြတယ်။
ချန်ကွမ်းနဲ့ ယွီးရှောင်ရှောင်တို့ ခြံအပြင်ဘက် ရောက်လာတဲ့အချိန်မှာတော့ နောက်လိုက်ကိုယ်တော်တွေက ခြံတံခါးကို အထဲကနေ သော့ခတ်ထားပြီးနေပြီ။
"ဆရာတော်ကြီး" စောစောက ခန်းမထဲမှာ အသုဘကိစ္စတွေ ပြင်ဆင်နေတဲ့ စီမံရေးကိုယ်တော်က ချန်ကွမ်း အကောင်းပကတိအတိုင်း လျှောက်လာတာကို မြင်လိုက်ရတော့ သရဲတစ္ဆေကို မြင်လိုက်ရတဲ့ပုံစံမျိုး ဖြစ်သွားတော့တယ်။
ချန်ကွမ်းက အဲ့ဒီကိုယ်တော်ကို တစ်ချက်ကြည့်ပြီး ခေါင်းပဲ ငြိမ့်ပြတယ်။ ဘာစကားမှ မဆိုဘူး။
ယွီးရှောင်ရှောင်က တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ ခြံတံခါးကို ကြည့်ပြီး ချန်ကွမ်းကို မေးပြန်တယ်။
"ဆရာတော်... ကျွန်မတို့ အထဲဝင်ရမှာလား"
"မင်းသမီးလေးကို ဂါရဝပြုပါတယ်"
ရင်ထဲမှာ ကြောက်ရွံ့စိုးရိမ်နေကြပေမဲ့လည်း အဲ့ဒီမှာရှိနေတဲ့ ဟူကော်ဘုရားကျောင်းက ကိုယ်တော်တွေအားလုံး ယွီးရှောင်ရှောင်ကို မြင်တဲ့အခါ အတူတကွ ဂါရဝပြုလိုက်ကြတာပေါ့။
ယွီးရှောင်ရှောင်က လက်ကာပြလိုက်ပြီး "အားမနာပါနဲ့" လို့ ပြောလိုက်လေရဲ့။
သူတို့အားလုံးက မင်းသမီးကို ဂါရဝပြုတာကို ဘာလို့ မင်းသမီးက အားမနာပါနဲ့လို့ ပြန်ပြောရတာလဲပေါ့။ ကိုယ်တော်တွေအားလုံး နားမလည်နိုင်ဖြစ်သွားကြပြီး နန်းတော်မှာ စည်းကမ်းအသစ်တွေများ ထပ်ထုတ်လိုက်ပြန်ပြီလားလို့ တွေးမိသွားကြတယ်။
ချန်ကွမ်းကတော့ အခုချိန်မှာ မင်းသမီးလေးရဲ့ ထူးခြားဆန်းကြယ်နေမှုတွေကို ဂရုစိုက်နေဖို့ စိတ်မပါတော့ဘူး။ တံခါးအထဲဘက်ကို လှမ်းပြီးအော်လိုက်လေတယ်။
"ကျုပ် ချန်ကွမ်းပါ၊ ဆရာတော်လေး ကျန်းမာပါစလို့"
ခြံတံခါးအထဲကနေ ဘာအသံမှ ထွက်မလာဘူး။
"ဆရာတော်လေး..." လို့ မင်းဆရာကြီး ချန်ကွမ်းက ထပ်ခေါ်လိုက်ပြန်တယ်။ ဒီလူက ခုလေးတင် သူ့ကို သတ်မလို့ လုပ်နေခဲ့တာဆိုပေမဲ့ ဖုန်ထျန်းတိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတာမို့ ချန်ကွမ်းတစ်ယောက် ဆရာတော်လေးဖုန်းလင်ရဲ့ ဘေးကင်းလုံခြုံမှုကို စိုးရိမ်မပေးဘဲ မနေနိုင်ဘူးလေ။
မင်းဆရာကြီး ချန်ကွမ်း အခါခါအော်ခေါ်နေတာတောင် ခြံထဲကနေ ဘာလှုပ်ရှားမှုမှ မရှိတာကို ယွီးရှောင်ရှောင် မြင်တော့ မင်းဆရာကြီးကို ဆွဲခေါ်လိုက်ပြီး "ကျွန်မ ရှင့်ကို ခေါ်သွားပေးမယ်" လို့ ပြောလိုက်တော့တယ်။
"မင်းသမီး"
မင်းဆရာကြီး ချန်ကွမ်းခမျာ "မင်းသမီး" လို့ တစ်ခွန်းပဲ အော်ချိန်ရလိုက်တယ်။ မျက်စိရှေ့က မြင်ကွင်းတွေဆိုတာ ဝါးခနဲဖြစ်သွားပြီး ယွီးရှောင်ရှောင်ရဲ့ ဆွဲခေါ်မှုနဲ့အတူ အမြင့်ကြီးဖြစ်နေတဲ့ ခြံတံတိုင်းကို ကျော်ဖြတ်ရင်း ခြံဝင်းထဲကို ရောက်သွားခဲ့ပြီ။
" ခြံထဲမှာ စောင့်ကြပ်နေတဲ့ ကိုယ်တော်တွေက ယွီးရှောင်ရှောင်တစ်ယောက် ချန်ကွမ်းကိုခေါ်ပြီး တံတိုင်းကျော်ဝင်လာတာကို မြင်တော့ ဒေါသတကြီး အော်ဟစ်ပြီး ယွီးရှောင်ရှောင်နဲ့ ချန်ကွမ်းဆီကို ဝိုင်းအုံလာကြတော့တယ်။
ယွီးရှောင်ရှောင်က ချန်ကွမ်းကို တိုးတိုးလေး ကပ်ပြောလိုက်လေတယ်။
"သူနဲ့ မိဖုရားကျောင်း ဖောက်ပြန်နေတာကို ကျွန်မသိသွားလို့ ဒီကောင် ရှက်ရှက်နဲ့ ဒေါသထွက်ပြီး ကျွန်မကို နှုတ်ပိတ်သတ်ပစ်ချင်နေတာများလား"
ဒီစကားက မင်းဆရာကြီး ချန်ကွမ်းရဲ့ ခံယူချက်တွေကို တော်တော်လေးကို ဖျက်ဆီးပစ်လိုက်တာမို့ ဆရာကြီးခမျာ ဘာပြန်ပြောရမှန်းတောင် မသိတော့အောင် ဆွံ့အသွားရလေတယ်။
ခြံဝင်းထဲမှာ ချကြတော့မဲ့ဆဲဆဲ အချိန်လေးမှာပဲ ပေ့ကျီက ဘုရားကျောင်းဆောင်ထဲကနေ ထွက်လာပြီး "ရပ်လိုက်ကြ" လို့ အော်ဟစ်တားမြစ်လိုက်လေတယ်။
ကိုယ်တော်တွေအားလုံး ခြေလှမ်းတွေ ရပ်တန့်သွားကြပြီး ဘေးဘက်ကို ဆုတ်ခွာရပ်လိုက်ကြတာပေါ့။
ပေ့ကျီက ယွီးရှောင်ရှောင်နဲ့ ချန်ကွမ်းကို တစ်ချက်ကြည့်လိုက်ပြီး ဘုရားကျောင်းဆောင်ထဲကို ပြန်လှည့်ဝင်သွားလေရဲ့။
"ကျွန်မတို့ ဝင်သွားရမလား" ယွီးရှောင်ရှောင်က ချန်ကွမ်းကို မေးလေတယ်။
ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေပြီဆိုတော့ ချန်ကွမ်းလည်း ယွီးရှောင်ရှောင်ကို ခေါ်ပြီး ဘုရားကျောင်းဆောင်ထဲ ဝင်သွားရုံကလွဲလို့ တခြားမရှိတော့ဘူးပေါ့။ ရင်ထဲမှာလည်း ဆရာတော်လေးဖုန်းလင် ဘာမှမဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေမိတော့တယ်။
အဲ့ဒီအချိန်မှာ ဆရာတော်လေးဖုန်းလင်က ဘုရားကျောင်းဆောင်ထဲမှာရှိတဲ့ ထိုင်ခုံခုံရှည်ကြီးပေါ်မှာ လှဲလျောင်းနေတယ်။ ကိုယ်ပေါ်မှာ သွေးတွေဘာတွေ မရှိပေမဲ့ နှုတ်ခမ်းတွေက မည်းနက်နေပြီး လည်ချောင်းကြီးကလည်း တအားတွေယောင်နေတာလေ။
ချန်ကွမ်းတစ်ယောက် ဘုရားကျောင်းဆောင်ထဲ ဝင်ဝင်ချင်းမှာပဲ ဆရာတော်လေးဖုန်းလင်ရဲ့ ပုံစံကို မြင်လိုက်ရတာမို့ အဲ့ဒီနေရာမှာတင် အံ့သြမှင်တက်သွားရှာတယ်။ ဆရာတော်လေးဖုန်းလင်က ဘယ်လိုလုပ်ပြီး အဆိပ်မိသွားရတာလဲ။ ဒီအဆိပ်က သူ့ရှေ့ကို ရောက်လာပြီး သူ့ကို သောက်ခိုင်းရမှာ မဟုတ်ဘူးလား။
ယွီးရှောင်ရှောင်ကတော့ ဆရာတော်လေးဖုန်းလင်ရဲ့ ပုံစံကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး သနားညှာတာမှု နည်းနည်းလေးမှမရှိဘဲ ပြောချလိုက်တော့တယ်။ "ရှင့်ပါးစပ်ကြီးက ဘာလို့ ဒီလောက်တောင် မည်းနေရတာလဲ။ နှုတ်ခမ်းနီအနက်ရောင် ဆိုးထားတာလား၊ ဒါမှမဟုတ် ဇွန်ဘီအနမ်းခံလိုက်ရတာလား"
...