အခန်း ၁၀၀၆
Vol. 68 Ch. 1006
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1006 ) သွေးသစ္စာကျိန်ဆိုစေခြင်း။
လုမင်က နဂါးနှစ်ကောင်စွမ်းအားကို ထုတ်ဖော်ရင်း တစ်ချိန်တည်းတွင် နဝမနဂါးခြေလှမ်းဖြင့် ခြေလှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်က အလင်းတန်းတစ်ခုကဲ့သို့ ရှေ့ကို ပျံသန်းသွား၏။
သူက အလွန်မြန်သည်။ ချက်ခြင်းပင်၊ သူက လင်ယွင်ခုန်းအရှေ့ကို ရောက်လာခဲ့၏။
လင်ယွင်ခုန်းက ထိတ်လန့်သွားခဲ့သော်လည်း သတိထားနေဆဲဖြစ်ကာ အလျင်စလို လှုပ်ရှားလိုက်သည်။
သို့ရာတွင် သူ၏ တိုက်ခိုက်မှုနှင့် ခုခံမှုများက လုမင်ရှေ့တွင် တို့ဟူးကဲ့သို့ နုနယ်လွန်းလှသည်။
လုမင်၏လက်ဝါးက ခုခံမှုအားလုံးကို ထိုးဖောက်ဝင်ရောက်ကာ လင်ယွင်ခုန်း၏လည်ချောင်းကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက်တွင် ပေါက်ကွဲသံနှင့် လင်ယွင်ခုန်း၏ လည်ပင်းအရိုးအက်သွားပုံ ရ၏။ ဤအခိုက်တွင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံး ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရသည်။
ပတ်ဝန်းကျင်မှ လူများ အားလုံး အံ့ဩသွားကြသည်။
လုမင်က မယုံနိုင်စရာကောင်းအောင် လင်ယွင်ခုန်းကို တစ်ချက်တည်းဖြင့် ဖမ်းဆီးသွား၏။
အချိန်အတော်ကြာပြီးမှ လူအုပ်ကြီးဟာ သတိပြန်ဝင်လာတော့သည်။
"အတင့်ရဲလိုက်တာ၊ သခင်လေးယွင်ခုန်းကို အခု လွှတ်ပေးလိုက်စမ်း"
"မင်း တကယ် သေချင်နေတာပဲ"
အဘိုးကြီးများက အော်ဟစ်လိုက်ကြသည်။ သူတို့အားလုံးက လင်ယွင်ခုန်း၏ ယုံကြည်ရသော လက်အောက်ငယ်သားများ ဖြစ်သည်။
"ပါးစပ်ပိတ်ထား။ ယုံချင်ယုံ မယုံချင်နေ၊ ငါ အခု သူ့လည်ပင်းကို ချိုးလိုက်လို့ရတယ်"
လုမင်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
အဘိုးကြီးများလည်း ကမန်းကတန်း ပါးစပ်ပိတ်သွားကာ မလှုပ်ဝံ့တော့ပေ။
"လုရှောက်ချင်း၊ ငါက ဟန်ချင်းတောင်တန်းဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်နော်၊ မင်းငါ့ကိုသတ်ရင် ဟန်ချင်းတောင်ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
လင်ယွင်ခုန်းက အော်ဟစ်လိုက်သည်။
"မင်းက မျိုးဆက်သစ်ချင်း တိုက်ပွဲတစ်ခုမှာ သေဆုံးရမဲ့သူပဲ၊ ဟန်ချင်းတောင်တန်းဂိုဏ်းရဲ့ အကြီးအကဲတွေက မင်းအတွက် ရပ်တည်ပေးမယ်လို့ တကယ်ထင်နေတာလား။ ကမ္ဘာကြီးက လှောင်ပြောင်ခံရမှာကို မကြောက်ဘူးလား"
လုမင် လှောင်ပြောင် ပြောဆိုလိုက်၏။ သူ၏ မျက်လုံးများကလည်း အေးစက်သွားခဲ့သည်။
လင်ယွင်ခုန်းလည်း တုန်လှုပ်သွားပြီး သူ့မျက်လုံးတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အမှန်ပင် မျိုးဆက်သစ်ချင်း တိုက်ပွဲတစ်ခုတွင် သူရှုံးပြီး အသတ်ခံခဲ့ရလျှင် နောက်ကွယ်ဂိုဏ်းမှ အကြီးအကဲများက လှုပ်ရှားပါမည်လော။ ထို့ပြင် တစ်ဖက်လူတွင် အကြီးအကဲများ မရှိဘဲနေမည်လော။
ထိုအချိန်တွင်၊ တစ်ဖက်လူ၏ အကြီးအကဲများကလည်း ၎င်းတို့ဘက်မှ ပါရမီရှင်များကို သတ်ပစ်ရန် လုပ်ဆောင်လာနိုင်သည်။ သို့ဆိုလျှင် ကမ္ဘာပေါ်ရှိ ပါရမီရှင်လူငယ်တွေ ထမြောက်ကြရန် ဘယ်လိုလုပ်ပြီး အခွင့်အရေးရမည်နည်း။ အားလုံး သေကုန်ရမည် မဟုတ်တုံလော။
အရှေ့ပိုင်းကန္တာရ၊ ဗဟိုတိုက်ကြီး သို့မဟုတ် အခြားဒေသများတွင်ဖြစ်စေ၊ ဤသည်က ပြဌာန်းမထားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ သာမာန်အခြေအနေအရ မျိုးဆက်သစ်လူငယ်များ ရန်ဖြစ်သည့်အခါ အကြီးအကဲများက လှုပ်ရှားကြမည် မဟုတ်ချေ။
အထူး အခြေအနေများကြောင့် မဟုတ်လျှင် ဤအချက်က အမြဲမှန်သည်။
"ငါမင်းကိုသတ်ချင်ရင်ရင် အရမ်းလွယ်တယ်၊ ငါတို့ကြားက ခြားနားချက်ကို အခု မင်းနားလည်ပြှလား"
လုမင်က လှောင်ပြောင် ပြောဆိုလိုက်သည်။
"ဒါပေမယ့် ဒီနေ့ မင်းကို ငါသတ်မှာ မဟုတ်ဘူး။ သူနဲ့ တိုက်ခိုက်ဖို့လည်း ငါ သဘောတူနိုင်တယ်။ ဒါပေမယ့် ငါ့အခြေအနေက အရင်အတိုင်းပဲ၊ မင်းရှုံးရင် သွေးသစ္စာ ကျိန်ဆိုရမယ်။ ရှောင်မိသားစုကို ဘယ်တော့မှ မထိရဘူး။ တကယ်လို့ ငါရှုံးရင် ငါ့အခြေအနေ ဖြည့်ဆည်းပေးမယ်"
လုမင်က ဟိုင်ကျစ်မင်ကို ညွှန်ပြလိုက်သည်။
ယနေ့တွင် လုမင်က ရှောင်မိသားစုအတွက် ဤကိစ္စကို အပြီးတိုင် ဖြေရှင်းလိုက်ရန် ရည်ရွယ်ထားသည်။ မဟုတ်လို့ ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် အဆုံးသတ်တော့မည် မဟုတ်ပေ။
တစ်ဖက်တွင် သူက လင်ယွင်ခုန်းကို သွေးကျိန်ဆိုရန် အတင်းအကြပ် ဖိအားပေးချင်သည်။ တစ်ဖက်တွင်မူကား သူတို့ကို ခြိမ်းခြောက်ရန် သူ့ခွန်အားကို ပြသလိုသည်။
"ငါ မင်းကို ကတိပေးတယ်၊ ငါရှုံးရင် ရှောင်မိသားစုကို ဘယ်သူမှ မထိစေရဘူး"
ဟိုင်ကျစ်မင်က ပထမဆုံး ပြောလိုက်သည်။
နောက်ဆုံးတွင် လင်ယွင်ခုန်းအတွက်လည်း ရွေးချယ်စရာမရှိတော့ချေ။ သူ့အသက်က လုမင်၏လက်ထဲတွင် ရှိနေသောကြောင့် သဘောတူပြီး သွေးသစ္စာ ကျိန်ဆိုလိုက်ရသည်။
တန်ခိုးရှင်လမ်းစဉ် လျှောက်လှမ်းသူများအတွက် သွေးသစ္စာ ကျိန်ဆိုပြီးသည်နှင့် ချိုးဖောက်၍မရပေ။ ထိုသို့မဟုတ်လျှင် အနာဂတ်မှာ အတွင်းစိတ်မိစ္ဆာ၏ နှောင့်ယှက်ခြင်းကို ခံရနိုင်သည်။ ယင်းက သူတို့၏ ကျင့်ကြံခြင်း တိုးတက်မှုကို ခက်ခဲရုံတင်မကဘဲ ရူးသွပ်ခြင်းပင် ဖြစ်သွားစေလိမ့်မည်။
သွေးသစ္စာ ကျိန်ဆိုပြီးမှ လုမင်က လင်ယွင်ခုန်းကို လက်သီးဖြင့်ထိုးကာ လွှတ်ပေးလိုက်သည်။
'ချီးပဲ၊ ဟိုင်ကျစ်မင် ဒီကောင့်ကို သတ်ပစ်လိုက်ဖို့ မျှော်လင့်တယ်'
လင်ယွင်ခုန်း၏ မျက်လုံးများတွင် အေးစက်စက် သတ်ဖြတ်လိုစိတ်များ လင်းလက်သွားခဲ့သည်။
လုမင်က သူ့ကို အမှန်တကယ် ဆက်ဆံဝံ့၏။ ယင်းကြောင့် သူ၏သတ်ဖြတ်လိုစိတ်များမှာ ကြောက်စရာကောင်းလှသည်။
ထို့ပြင် ယနေ့တွင် သူ မျက်နှာလုံးဝပျက်ခဲ့ရသည်။ ယခုအခါ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်က ဟိုင်ကျစ်မင်မှ လုမင်ကို အနိုင်ယူရန်သာ ရှိတော့သည်။
သူက ဟိုင်ကျစ်မင်အပေါ်တွင် အလွန် ယုံကြည်မှုရှိသည်။
ယခု၊ လုမင်လက်တွင်းကို သူရောက်ရခြင်းကလည်း သတိမထားမိခြင်းကြောင့်ဟု ယုံကြည်ခဲ့ပေသည်။ သူသာ သတိအပြည့်ရှိနေပါက လုမင်မှ သူ့ကို ဤမျှလွယ်လွယ် ဖမ်းဆီးနိုင်မည် မဟုတ်ပေ။
သူတစ်ယောက်တည်း ထိုသို့ ထင်နေခြင်းတော့ မဟုတ်ပါ။ တကယ်တမ်းတွင် လူတော်တော်များများကလည်း ထိုသို့ထင်ကြသည်။ ယခုလေးတင် လုမင်က အလစ်အငိုက် တိုက်ခိုက်ခဲ့၍ အောင်မြင်ခဲ့ခြင်း ဖြစ်ချေသည်။
ထို့အပြင်၊ လင်ယွင်ခုန်းက ဟိုင်ကျစ်မင်၏ တိုက်ခိုက်နိုင်စွမ်းကို ကောင်းကောင်းသိသည်။
ဟန်ချင်းတောင်ဂိုဏ်း၏ တပည့်များတွင် ဟိုင်ကျစ်မင်က အလွန်ထူးကဲသည်။ သူသည် လျင်မြန်စွာ နိုးထလာပြီး အံ့အားသင့်ဖွယ်အရှိန်ဖြင့် တိုးတက်ခဲ့၏။ ၎င်းကို တက်သစ်စကြယ်ပွင့်အဖြစ်ပင် သတ်မှတ်ခံရသည်။
ကမ္မတိုက်ပွဲတွင် ဟိုင်ကျစ်မင်က ဟန်ချင်းတောင်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် ဆယ်ဦးအနက် အဆင့်ငါး ဖြစ်သည်။ သို့ရာတွင် နှစ်ဝက်ကြာပြီးနောက် ဟန်ချင်းတောင်ဂိုဏ်း၏ အဆင့်လေး ပါရမီရှင်သည်ပင် ဟိုင်ကျစ်မင်ကို ယှဉ်နိုင်မည်မဟုတ်ကြောင်း လင်ယွင်ခုန်း ရှင်းရှင်းလင်းလင်း သိပေသည်။
ထို့ကြောင့် သူဟာ ဟိုင်ကျစ်မင်အပေါ်တွင် ယုံကြည်မှုရှိသည်။
"ဝုန်း"
ဟိုင်ကျစ်မင်က ခြေလှမ်းပြီးနောက် လုမင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်လိုက်သည်။ သူ့ထံမှ အစွမ်းထက် အရှိန်အဝါတစ်ခုကလည်း ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့၏။ သူ၏ မျက်လုံးများမူကား ပြင်းထန်သော တိုက်ခိုက်ချင်စိတ်နှင့် စိတ်လှုပ်ရှားမှုကို လှစ်ဟနေခဲ့သည်။
အဆင့်ရှစ် ဝိညာဉ်သန္ဓေသားနယ်ပယ် အထွတ်အထိပ်။
ဟိုင်ကျစ်မင်က ဘာမှ ဖုံးကွယ်မထားပေ။ ဟိုင်ကျစ်မင်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ရှစ်၏ အထွတ်အထိပ်သို့ ရောက်နေပြီမှန်း လုမင် သိလိုက်သည်။
"လုရှောက်ချင်း၊ မင်းရဲ့ခွန်အားအပြည့်ကို ငါ ခံစားကြည့်ချင်တယ်"
ဟိုင်ကျစ်မင်၏ လက်ဖဝါးက တောက်ပသွားကာ သူ့လက်ထဲတွင် ပင်လယ်ပြာ လှံရှည်တစ်လက် ပေါ်လာသည်။
ဟိုင်ကျစ်မင်ကလည်း လှံကို အသုံးပြုခဲ့ပေသည်။
သူ၏လှံရှည်ကို အပြာရောင်ကျောက်မျက်မှ ထုလုပ်ထားပုံရသည်။ ရံဖန်ရံခါ လည်း ရေခိုးရေငွေ့လေးများ ထွက်လာခဲ့၏။ ရေမှုန်လေးများက နေရောင်အောက်တွင် ရောင်စုံတောက်ပနေသည့်ပုံ ရသည်။
လုမင်က သူ့လက်ကို အနည်းငယ်လှုပ်ရှားလိုက်ရာ အနန္တနဂါးလှံ ပေါ်လာသည်။
ဟိုင်ကျစ်မင်၏ မျက်လုံးများလည်း လှုပ်ရှားသွားကာ ပြောလိုက်သည်။
"လှံကောင်းပဲ"
"မင်းလည်းမဆိုးပါဘူး"
လုမင် ပြောလိုက်၏။
"ဒါဆိုရင်လည်း တိုက်ခိုက်ကြစို့!"
ဟိုင်ကျစ်မင်က ထပ်မံလှုပ်ရှားကာ လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။ လေထဲတွင် လှံအရိပ်များက ပြည့်နှက်သွားပြီး လုမင်ထံသို့ တိုးဝင်သွား၏။
တောက်ပသောအလင်းဖြင့် မရေမတွက်နိုင်သော လှံအရိပ်များက လုမင်၏ လွတ်လမ်းအားလုံးကိုပါ ဖုံးအုပ်ထားခဲ့ပုံ ရသည်။
"ဝမ်"
လုမင်ကလည်း လှံရှည်ကို လှုပ်ရှားလိုက်ရာ အလားတူ လှံအရိပ်များက ကောင်းကင်ယံ၌ ပြည့်နှက်နေပြီး ဟိုင်ကျစ်မင်၏ လှံအရိပ်များနှင့် တိုက်မိသွားခဲ့သည်။
"ထန် ထန် ချွမ်"
လက်နက်ချင်း ထိခတ်သံများက အဆုံးမဲ့ ထွက်ပေါ်လာပေသည်။
ကောင်းကင်ကို လွှမ်းခြုံထားသည့် လှံအရိပ်များက လုမင်နှင့် ဟိုင်ကျစ်မင်ကို လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့သည်။ အပြင်လူများကတော့ လှံအရိပ်များကိုသာ မြင်ပြီး လူများကိုတော့ မမြင်ရတော့ပေ။
တိုက်ခိုက်သံများ ထောင်ဂဏန်းခန့် တွေ့ဆုံပြီးနောက် ကောင်းကင်ကို လွှမ်းခြုံထားသည့် လှံရိပ်များ ပျောက်ကွယ်သွားကာ ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။
"အဇူရာလှိုင်းလှံသိုင်း"
ဟိုင်ကျစ်မင်က လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။ လှံရှည် လှုပ်ရှားမှုအောက်တွင် မြစ်ကြီးများစွာ စီးဆင်းလိုက်ပါလာခဲ့ပုံ ရ၏။ လှံက ကြောက်စရာကောင်းသော စွမ်းအားမျိုးဖြင့် လုမင်ထံသို့ တိုးဝင်လာတော့သည်။
'လှံတာအို၊ အတော် ကြောက်စရာကောင်းတဲ့ နောက်ထပ်တာအိုတစ်ခုပဲ'
လုမင်၏ နှလုံးသားက တစ်ချက်ခုန်သွားသည်။
ဟိုင်ကျစ်မင်၏ ပါရမီက တကယ်ကို အံ့မခန်းပင်။ ၎င်းက အစွမ်းထက် တာအိုနှစ်ခုကိ အမှန်တကယ် နားလည်ခဲ့ကာ တစ်ခုတည်းအဖြစ်လည်း ပေါင်းစပ်ထားနိုင်သည်။ သူ့၏ တိုက်ခိုက်နိုင်စွမ်းကလည်း သန်မာလွန်းပေသည်။
ဤအခိုက်တွင် သူ၏ အနန္တနဂါးလှံကလည်း အရောင်ငါးမျိုးဖြင့် တောက်ပလာသည်။ တစ်ချိန်တည်းမှာပင်၊ အနန္တနဂါးလှံက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ထုတ်ဖော်ခဲ့၏။ လှံချက်တိုင်းတွင် အရာခပ်သိမ်းကို ဖိနှိပ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေခဲ့သည်။
"ဝုန်း"
လှံနှစ်ချောင်း တိုက်မိသွား၏။ နောက်ဆုံးတွင် ဟိုင်ကျစ်မင်၏ မြစ်ကြီးက ပြိုကျသွားပြီး လှံရှည် ပြန်လွင့်သွားတော့သည်။
ဟိုင်ကျစ်မင်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ သူ၏မျက်နှာက လေးနက်နေပြီး မရပ်နိုင်မီ မီတာတစ်ရာခန့် ဆုတ်သွားခဲ့ရသည်။
တစ်ဖက်တွင် လင်ယွင်ခုန်း၏ အမူအရာကလည်း အလွန် အရုပ်ဆိုးလှသည်။
လုမင်က တကယ်ကို အစွမ်းထက်ပေသည်။ ယခုပြသခဲ့သော တိုက်ခိုက်နိုင်စွမ်းက ယခင် သူနှင့်တိုက်ပွဲအတွင်း ပြသခဲ့သော တိုက်ခိုက်နိုင်စွမ်းထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
လုမင်က သူ၏ခွန်အားကို ဖုံးကွယ်ထားဆဲဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။
"ကောင်းတယ်၊ ငါ့ရဲ့ အသန်မာဆုံး လှုပ်ရှားမှုကို ထုတ်ဖော်လို့ရတယ်"
ဟိုင်ကျစ်မင်၏ မျက်လုံးများက တောက်ပလာသည်။ သူ့ ဦးခေါင်းထက်တွင် လှံရှည်တစ်ချောင်း ထွက်ပေါ်လာခဲ့၏။ လှံတဝိုက်တွင် ရွှေရောင်ချက္ကရခြောက်ခုနှင့် မြစ်ကြီးတစ်စင်းလည်း လည်ပတ်လျက် ရှိသည်။
နတ်ဘုရားအဆင့်ခြောက် သွေးမျိုးဆက်။
ဟိုင်ကျစ်မင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် လှံရှည်အသွင် ပြောင်းလိုက်သည်။
"အကန့်အသတ်မဲ့ပင်လယ်"
ဟိုင်ကျစ်မင်၏ အသံက လှံရှည်မှ ထွက်ပေါ်လာသည်။
လှံရှည်သည် တုန်ခါကာ လေထဲတွင် လှုပ်ရှားသွား၏။
"ဝုန်း"
လုမင်လည်း ပင်လယ်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ လုမင်ထံသို့ လိမ့်ဝင်လာသော အဆုံးမဲ့ လှိုင်းလုံးများဖြင့် ပင်လယ်ကြီးက အရာအားလုံးကို ဖျက်ဆီးနိုင်ပုံ ရပေသည်။
'ပင်လယ်တာအို'
လုမင်လည်း နောက်ဆုံးတွင် ဟိုင်ကျစ်မင်၏ ဒုတိယတာအိုကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက ပင်လယ်တာအို ဖြစ်ချေသည်။ ပင်လယ်တာအိုက အလွန်ကြောက်စရာကောင်းသော တာအိုတစ်ခုလည်း ဖြစ်သည်။
--------