အခန်း ၁၀၀၇
Vol. 68 Ch. 1007
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1007 ) ရေနက်ကြာပလ္လင်။
လှံတာအိုနှင့် ပင်လယ်တာအိုတို့ ပေါင်းစည်းသွားပြီးနောက် လှံအလင်းက ပင်လယ်ကြီးကဲ့သို့ ဖြစ်လာသည်။ အဆုံးမဲ့ လှိုင်းလုံးကြီးများက အရာအားလုံးကို ဖျက်ဆီးတော့မည်ကဲ့သို့ ထွက်ပေါ်လာခဲ့၏။
"သန်မာတယ်၊ သန်မာလွန်းတယ်ဟေ့၊ အမြန်နောက်ဆုတ်ကြ"
ဤလှုပ်ရှားမှုကို မြင်ရပြီးနောက် ပရိသတ်များ၏ နှလုံးသားများ ပြင်းစွာညခုန်ပေါက်သွားကြသည်။ သူတို့အားလုံး ပင်လယ်တွင်း၌ နစ်မြှုပ်သွားတော့မည့်အလား ခံစားလိုက်ရရာ အလွန် ထိတ်လန့်သွား၏။
မရေမတွက်နိုင်သော လူများ ထိတ်လန့်တကြားဖြင့် အော်ဟစ်ကာ ဆုတ်ခွာသွားတော့သည်။
မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေသော သူများလည်း အလားတူ ခံစားချက်မျိုး ရှိခဲ့သည်။ ဤခံစားချက်က သူတို့ကို နောက်အခိုက်အတန့်မှာ သူတို့ကို အဆုံးမဲ့ ပင်လယ်ပြင်ကြီးထဲသို့ ပစ်သွင်းလိုက်တော့မည် ကဲ့သို့ပင်။ သို့သော်လည်း သူတို့ရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူတို့အတွက် အရာအားလုံးကို ပိတ်ဆို့ထားခဲ့သည်။
"ဂါး"
လုမင်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ နဂါးနှစ်ကောင်စွမ်းအားကို ပေါက်ကွဲပြီးနောက် သူ့ခန္ဓာကိုယ်သည် ခရမ်းရောင်အလင်းများ ထပ်မံ တောက်ပလာခဲ့၏။
"ဝုန်း"
ဤတစ်ကြိမ်တွင် လုမင်က အနန္တနဂါးလှံကိုဖယ်ရှားကာ ရှေ့သို့လှမ်းပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဤလက်ဝါးသည် အလွန်ရိုးစင်းသော်လည်း ကောင်းကင်ဘုံကို ချိုးနှိမ်နိုင်ပြီး အရာအားလုံးကို ခွဲထုတ်နိုင်သော စွမ်းအားရှိပုံရသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပင်လယ်ရေလှိုင်းကြီးက လုမင်၏လက်ဝါးရိုက်ချက်ကြောင့် နှစ်ခြမ်းကွဲသွားကြောင်း လူတိုင်းမြင်တွေ့လိုရသည်။ အံ့အားသင့်ဖွယ်ကောင်းအောင် အဆုံးမဲ့ပင်လယ်သည် ပြိုကျသွားခဲ့၏။
"ဝုန်း"
ပင်လယ်အလယ်မှ ပင်လယ်ပြာလှံလည်း ပြိုကျသွားတော့သည်။
နောက်အခိုက်အတန့်တွင် ပင်လယ်ရေများ ပျောက်ကွယ်သွားပြီး လှံလည်း ပြန်လွင့်သွားခဲ့သည်။ လီရွှေမြို့၏အထက် ကောင်းကင်ယံမှာလည်း ၎င်း၏ငြိမ်သက်မှုကို ပြန်လည်ရရှိခဲ့ပေသည်။ ပုံရိပ်တစ်ခုသာ ခပ်မြန်မြန် ဆုတ်ခွာသွားရင်း သွေးစများလည်း စွန်းထင်းသွားခဲ့သည်။
မရေမတွက်နိုင်သော လူများလည်း ဤမြင်ကွင်းကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်ကြသည်။
အကြောင်းမူကား ဆုတ်သွားရသူမှာ ဟိုင်ကျစ်မင် ဖြစ်နေသောကြောင့်ပင်။
ဟိုင်ကျစ်မင် ရှုံးနိမ့်ပြီး သွေးအန်ကာ ဆုတ်ခွာသွားခဲ့ရသည်။
"ဘုရားရေ၊ ဟိုင်ကျစ်မင်တောင်မှ ရှုံးနိမ့်သွားခဲ့ပြီ။ လုရှောက်ချင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက အံ့သြစရာကောင်းလွန်းတယ်"
"ဗဟိုတိုက်ကြီးတစ်ခုလုံးမှာ ဟိုင်ကျစ်မင်ကို တတိယတန်းစား ပါရမီရှင်တစ်ဦးအဖြစ် အဆင့်သတ်မှတ်ခံထားရပေမဲ့ လုရှောက်ချင်းကို ရှုံးနိမ့်နေရသေးတယ်။ လုရှောက်ချင်းကလည်း တတိယတန်းစား ပါရမီရှင်တစ်ဦးပဲလား"
"ဖြစ်နိုင်ချေ အတော်ရှိတယ်။ ဒီလုရှောက်ချင်းက တတိယတန်းစား ပါရမီရှင်တွေထဲမှာတောင် အတော် ကြောက်စရာကောင်းသူဖြစ်မယ်"
နေရာအနှံ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သောလူများကလည်း လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်ကြလေသည်။
"မဖြစ်နိုင်ဘူး၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
လင်ယွင်ခုန်း၏ မျက်လုံးများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားခဲ့သည်။
လုမင်က ဟိုင်ကျစ်မင်ကို အမှန်တကယ် အနိုင်ယူခဲ့၏။ သူက ဘယ်လိုများ ဤမျှသန်မာနိုင်သနည်း။
ကျယ်ပြောလှသော ဗဟိုဒေသကြီး တစ်ခုလုံးတွင်ပင် ဟိုင်ကျစ်မင်ကို အနိုင်ယူနိုင်သူ အများအပြားမရှိသည်ကို သိရှိထားရမည် ဖြစ်သည်။
နောက်ဆုံးတွင် ဗဟိုဒေသ၌ အုပ်စိုးရှင်အင်အားစုက ဆယ့်ရှစ်ခုတည်းသာ ရှိသည်။ သူ့ထက် အားနည်းသော အင်အားစုလေးများတွင် ရှားပါးပါရမီရှင်များ ထွက်ပေါ်တတ်သော်လည်း ၎င်းတို့က ဘယ်လောက်များများ ရှိနိုင်ပါမည်နည်း။
လင်ယွင်ခုန်း လွန်စွာ ဒေါသထွက်သွားသော်လည်း ရှောင်မိသားစုဝင်များမှာ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
သူတို့ကို ကယ်တင်ခြင်း ခံခဲ့ကြရပြီ။
ဟိုင်ကျစ်မင် ရှုံးနိမ့်သရွေ့ ရှောင်မိသားစုကို မည်သည့်နည်းနှင့်မျှ မထိတော့ဘူးဟု လင်ယွင်ခုန်းကိုယ်တိုင် သွေးသစ္စာ ကျိန်ဆိုထားခဲ့သည်။
"ငါရှုံးသွားပြီ"
ဟိုင်ကျစ်မင်က လေထဲတွင်ရပ်နေကာ အံ့ဩခြင်းများကလည်း သူ့မျက်လုံးများတွင် ပြည့်နှက်နေသည်။
"အလျှော့ပေးလို့ပါ"
လုမင်က လက်ယှက်ကာ ပြောလိုက်၏။
လုမင်ဟာ ဟိုင်ကျစ်မင်၏ အရည်အချင်းက အရှေ့ပိုင်းကန္တာရမှ တုန်ဖန့်ယုနှင့် အခြားသူများထက် မနိမ့်ကြောင်း ခန့်မှန်းခဲ့သည်။
"လုရှောက်ချင်း၊ မင်းရဲ့ အရည်အချင်းနဲ့ တိုက်ခိုက်နိုင်စွမ်းအရ ကမ္မတိုက်ပွဲမှာ မပါဝင်ခဲ့တာ စိတ်မကောင်းစရာပဲ။ ဒါပေမယ့်၊ ကမ္မတိုက်ပွဲဆိုတာ ငါတို့ရဲ့ တိုးတက်ရေးအတွက် အထောက်အကူတွေထဲက တစ်ခုသာသာပါပဲ။ မင်းမပါဝင်ခဲ့ရင်တောင်၊ မင်းရဲ့ အရည်အချင်းနဲ့ မြန်မြန် နိုးထလာနိုင်မယ်လို့ ငါယုံကြည်တယ်"
ဟိုင်ကျစ်မင်ကလည်း လက်ယှက်ကာ သဘောကျနေသော အကြည့်ကို လှစ်ဟလာခဲ့သည်။
၎င်းက မာနထောင်လွှားပြီး အရှက်မဲ့သော လင်ယွင်ခုန်းနှင့် မတူပေ။
"ယဉ်ကျေးလွန်းပါပြီ"
လုမင်လည်း အနည်းငယ်ပြုံးလိုက်သည်။
သူ့စိတ်ထဲတွင်လည်း ခေါင်းညိတ်လိုက်မိ၏။ ယင်းက ပုံမှန်သာ ဖြစ်သည်။ လူတိုင်းက လင်ယွင်ခုန်းကဲ့သို့ ဖြစ်မနေနိုင်ပေ။ မဟုတ်လျှင်လည်း ဟန်ချင်းတောင်ဂိုဏ်း၏ ပျက်စီးခြင်းဟာ ကြာမည်မဟုတ်ချေ။
"တိုက်ပွဲပြီးသွားပြီ။ လင်ယွင်ခုန်း၊ အခုကစပြီး မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက် ဘာအကြွေးမှ မရှိတော့ဘူး"
ထိုအချိန်တွင် ဟိုင်ကျစ်မင်က လင်ယွင်ခုန်းကိုကြည့်ကာ ပြောလိုက်သည်။
လုမင် မျက်ခုံးပင့်လိုက်၏။ ဟိုင်ကျစ်မင်က လင်ယွင်ခုန်းကို ကျေးဇူးကြွေးတစ်ခု တင်ရှိနေပုံ ရပေသည်။ ထို့ကြောင့်ပင် ဤတစ်ခေါက် သူ့ကို ကူညီပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ပြောဆိုပြီးနောက် ဟိုင်ကျစ်မင်၏ပုံရိပ်က ရွေ့လျားသွားကာ သက်တံအလင်းအဖြစ်သို့ ပြောင်းလဲပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
"ဘာလဲ၊ မင်းက ထွက်မသေးဘူးလား။ “
လုမင်က လင်ယွင်ခုန်းကို ကြည့်လိုက်သည်။
"ဟမ့်"
လင်ယွင်ခုန်းလည်း သူ့အင်္ကျီလက်စကို ခါယမ်းလိုက်၏။ သူက ပြဿနာရှာလိုသေးသော်လည်း သွေးသစ္စာကျိန်ဆိုထား၍ ဘာမျှ မလုပ်နိုင်တော့ပေ။ ထို့ကြောင့် အံကြိတ်ကာ ထွက်သွားရုံသာ ရှိသည်။
သူ့အတွက် နောင်တွင် ရှောင်မိသားစုကို ကိုင်တွယ်ဖြေရှင်းရန် အခြားသူများကိုပင် အမိန့်မပေးနိုင်တော့ပေ။
တခဏအတွင်းမှာပင် ဟန်ချင်းတောင်တန်းဂိုဏ်းမှ ဘယ်သူမှ မကျန်တော့ချေ။
လုမင်က ရှောင်မိသားစုဝင် လူများရှေ့သို့ ရောက်လာသည်။ သူ့လက်ကို ဝှေ့ရမ်းခြင်းဖြင့် စွမ်းအင်များ ပေါက်ကွဲထွက်သွား၏။ ၎င်းတို့၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားသော စွမ်းအင်ကို လုမင်က ဖြေပေးလိုက်ရာ တစ်ယောက်ပြီးတစ်ယောက် လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့ကြသည်။
"ကျေးဇူးတင်ပါတယ် သခင်လေးလု"
"အသက်ကယ်ပေးတာ ကျေးဇူးတင်ပါတယ်"
ရှောင်မိသားစုမှလူတိုင်း လုမင်အား အထူးကျေးဇူးတင်သွားခဲ့ကြသည်။
ဤတစ်ခေါက်တွင် လုမင်ကြောင့် မဟုတ်ပါက သူတို့ သေသွားရနိုင်သည်။
"လူတိုင်းပဲ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။ အခုအချိန်ကစပြီး လင်ယွင်ခုန်းက ရှောင်မိသားစုအတွက် အခက်အခဲတွေ ပြုနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျန်တဲ့ ရှောင်မိသားစုဝင်တွေကို ပြန်ခေါ်နိုင်တယ်။ ဆရာကြီးရှောင်နဲ့ တခြားသူတွေကိုလည်း ငါ သွားခေါ်လိုက်မယ်"
လုမင် ပြောလိုက်သည်။
ရှောင်မိသားစုဝင်များလည်း ခေါင်းညိတ်ပြပြီး လှုပ်ရှားလိုက်လေသည်။
လုမင်လည်း လေထဲမှပင် ယခင် ကျွန်းငယ်လေးဆီသို့ ပျံသန်းသွားခဲ့သည်။
လုမင် ထွက်ခွာသွားပြီးနောက် ကြည့်ရှုသူများလည်း လူစုခွဲခဲ့ကြပေသည်။ သို့ရာတွင် လုမင်ဟူသောအမည်က လီရွှေမြို့တစ်ခွင်သို့ ပျံ့နှံ့သွားပြီး အရပ်ရပ်သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ မကြာမီ ဤသတင်းက ဟန်ချင်းတောင်ဂိုဏ်း ထိန်းချုပ်ထားသည့် နယ်မြေတလျှောက် ပျံ့သွားလိမ့်ပေလိမ့်မည်။
လူတော်တော်များများက လုရှောက်ချင်းအကြောင်း သိချင်ခဲ့ကြသည်။
ကမ္မတိုက်ပွဲအပြီးမှ ရုတ်တရက် ထွက်ပေါ်လာသော ထိုလူငယ်က မည်သူနည်း။
.....
ရှောင်ကျန့်၊ အ့ဟွေ့နှင့် အ့လေ့တို့လည်း သတင်းကိုကြားသောအခါ အလွန်ဝမ်းမြောက်ကြပြီး လုမင်ကိုလည်း ပို၍ပင် ကျေးဇူးတင်သွားခဲ့ကြသည်။
လုမင်က ဤကိစ္စကို လုံးလုံးဖြေရှင်းထားခဲ့ပြီ။ သူတို့အတွက် အနာဂတ်တွင် ထွက်ပြေးစရာ မလိုတော့ပေ။
အားလုံးက ရှောင်မိသားစုဆီသို့ ပြန်သွားခဲ့ကြသည်။ ရှောင်ကျန့်က ရှောင်မိသားစုအတွက် ရှောင်အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် ဦးစွာ စီစဉ်ခဲ့၏။ တိုက်ပွဲဒဏ်ကြောင့် ရှောင်မိသားစု၏ အဆောက်အဦများစွာ ပျက်စီးခဲ့ရသည်။
လုမင်ကတော့ ဆက်လက် လေ့ကျင့်ခဲ့ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ဆယ်ရက်ကြာသွားသည်။ သူ၏ ရေတာအိုကလည်း အဆင့်သုံး ကြီးမားသော အောင်မြင်ခြင်းသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပြီ။
ရေတာအိုက အခြားတာအိုများနှင့် ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် လီရွှေမြို့၌ သတင်းတစ်ပုဒ်က လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
လီရွှေမြို့ အနောက်ဘက်တွင် အနက်ရောင်ရေကန်တစ် ခုရှိသည်။ ထိုရေကန်နက်ထဲတွင် ရေနက်ကြာပန်းရှိခဲ့၏။ ယခုအခါ၊ ရေနက်ကြာပလ္လင်က ရင့်လာပေတော့မည်။
"တကယ်ပဲ ရေနက်ကြာပလ္လင်လားဟ၊ ဒါဆိုရင်တော့ သွားကြရအောင်၊ ငါတို့ အလွတ်မပေးနိုင်ဘူး"
"သွားကြစို့ရဲ့"
သတင်းပြန့်သွားသည်နှင့် တပြိုင်နက်၊ မရေမတွက်နိုင်သောလူများက လီရွှေမြို့ အနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။
သို့သော်လည်း ပါးရည်နပ်ရည်ရှိပြီး မသွားဘဲနေသူများလည်း ရှိသေးသည်။
"ရေနက်ကြာပန်းပလ္လင်က ဘယ်လောက်တောင် အဖိုးတန်လိုက်လဲ။ ဒါက ရေတာအို ဒါမှမဟုတ် ရေစွမ်းရည် ပညာရပ်တွေကို လေ့ကျင့်ဖို့အတွက် အင်အတန် အသုံးဝင်တယ်။ ပိတ်ဆို့မှုတွေကို ဖြတ်ကျော်ဖို့တောင် ဒါက ကူညီပေးနိုင်တယ်လေ။ ဒီလိုရတနာမျိုးက ကျွမ်းကျင်သူတွေ အများကြီးကို ဆွဲဆောင်နိုင်တယ်။ နှစ်ပေါင်းများစွာ တိတ်တဆိတ်နေတဲ့ မွန်းစတားအိုကြီးတွေတောင်မှ ထွက်ပေါ်လာလိမ့်မယ်"
"အမှန်ပဲ၊ ရေနက်ကြာပလ္လင်က စတုတ္ထအဆင့် တာအိုတွေအတွက် သိပ်အသုံးမဝင်ပေမယ့် တတိယအဆင့် တာအိုတွေအတွက်တော့ အတော်လေး အသုံးဝင်တယ်။ အထူးသဖြင့် အဆင့်လေးတာအိုကို နီးကပ်နေတဲ့ သူတွေပေါ့၊ အချိန်ကျရင် ကျွမ်းကျင်သူတွေ အများကြီး ရောက်လာကြမှာ သေချာတယ်။ ဒါမျိုးကို ပေါ်တင် ဝင်လုတာက ကိုယ့်ကိုကိုယ် သွားသေတာနဲ့ ဘာကွာဦးမှာလဲ"
ထိုလူများက လှောင်ပြောင်ကာ မလှုပ်ရှားကြပေ။ သူတို့က ဘာသတင်းကြားရမလဲဆိုသည်ကို နားစွင့်ရင်း လီရွှေမြို့တွင် စောင့်ဆိုင်းနေခဲ့ကြသည်။
"ရေနက်ကြာပလ္လင်"
ထိုသတင်းကိုကြားတော့ လုမင်၏ မျက်လုံးများလည်း တောက်ပလာသည်။
ရေနက်ကြာပလ္လင်ကို သူယူရလိမ့်မည်။
ရေနက်ကြာပလ္လင်ကို ရရှိနိုင်သရွေ့ သူ၏ ရေတာအိုက အချိန်တိုအတွင်း ကြီးမားသောတိုးတက်မှုကို ရရှိမည်ဖြစ်သည်။ ၎င်းက အခြား တာအိုလေးခုကိုပင် ကျော်လွန်သွားနိုင်ပေလိမ့်မည်။
ထိုအခြေအနေမျိုးတွင် သူ၏ ကျင့်ကြံခြင်းအခြေခံက တစ်ဖန် တိုးတက်လာနိုင်မည် ဖြစ်သည်။
နှစ်ဝက်ကျော်ရှိပြီဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံက မတိုးတက်သေးပါ။ ယခုအချိန်တွင်၊ ကမ္မတိုက်ပွဲတွင် ပါဝင်ခဲ့ကြသော အခြား ပါရမီရှင်များက တံခါးပိတ်ကျင့်ကြံကာ ၎င်းတို့၏အမြတ်အစွန်းများကို ချေဖျက်နေသောကြောင့် ကျင့်ကြံခြင်း အခြေခံများမှာလည်း လျင်မြန်စွာ တိုးတက်လာကြမည်မှာ သေချာသည်။
လုမင်ဟာ နတ်ဧကရာဇ်၊ ရွယ်ကျန့်ရီ၊ အိုတုနှင့် အခြားသူများ၏ ကျင့်ကြံခြင်းများကလည်း သူ့ထက်သာလွန်နေပြီ တွေးဆမိပေသည်။
လုမင်အတွက်တော့ သူ၏ ကျင့်ကြံခြင်းအခြေခံကို ဆက်လက်တိုးတက်စေရန်အတွက် ရေတာအိုအား လျင်မြန်စွာ မြှင့်တင်ရဦးမည် ဖြစ်သည်။
--------