အခန်း ၁၀၀၈
Vol. 68 Ch. 1008
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1008 ) ရေနက်မြွေများ။
လုမင်လည်း ရှောင်ကျန့်၊ အ့ဟွေ့နှင့် အ့လေ့တို့ကို နှုတ်ဆက်လိုက်သည်။
သူက ရှောင်မိသားစုနှင့် လီရွှေမြို့ကို ရောက်ရှိနေသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူထွက်ခွာရန် အချိန်တန်ပြီ။
"အစ်ကိုလု၊ နင် ငါတို့ကို ထပ်တွေ့ဦးမှာလား"
အ့ဟွေ့က လုမင်ကို တွန့်ဆုတ်စွာဖြင့် ကြည့်လိုက်သည်။
အ့လေ့ကတော့ ဘာမျှမပြောသည့်တိုင် သူ့မျက်လုံးများက ခွဲခွာရန် ဝန်လေးနေသည့်ပုံ ရသည်။
"ငါအချိန်ရရင်တော့ မင်းတို့ကို လာတွေ့ဦးမှာပါ။ မင်းတို့ ကောင်းကောင်း လေ့ကျင့်ကြရမယ်၊ တစ်ခုခုရှိရင် ငါ့ကို ဆက်သွယ်လိုက်ပါ"
လုမင်က ပြုံးပြီး ရှောင်ကျန့်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်မှာတော့ လေထဲသို့ ခုန်လွှားကာ ရေနက်ကန်ဆီသို့ ပျံသန်းသွားတော့သည်။
ရေနက်ကန်က လီရွှေမြို့၏ အနောက်ဘက် မိုင်သန်းအနည်းငယ်အကွာတွင် ရှိသည်။
ရေနက်ကန်က သိပ်မကြီးပေ၊ အချင်းဝက် မိုင်တစ်ရာခန့်သာရှိသည်။ လုမင် ရောက်သွားတော့ ရေနက်ကန်တွင် လူအတော်များများ ရောက်ရှိနေကြပြီ။ ထိုလူများက လီရွှေမြို့ကချည်း မဟုတ်ဘဲ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ဤတွင် ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အစုံအလင် ရှိကြသည်။ သူတို့ထဲတွင် အတော်များများက အစွမ်းထက် အရှိန်အဝါများနှင့် နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံများ ရှိထားကြပေသည်။
"ဟိုမှာ လုရှောက်ချင်း"
လုမင် ရောက်လာသည်နှင့် ပတ်ဝန်းကျင်က ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ လူတချို့ကလည်း သူ့ကို အသိအမှတ်ပြုကြ၏။
လူများစွာကတော့ သူ့ကို လေးလေးနက်နက်ထားပြီး သတိနှင့် ကြည့်နေကြတော့သည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်။ ဟိုင်ကျစ်မင်သည်ပင် သူ၏ပြိုင်ဘက် မဟုတ်ပေ။ ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် သူ၏ပြိုင်ဘက် ဖြစ်နိုင်သူက အနည်းငယ်သာ ရှိသည်။
ယင်းက သူတို့အတွက် အားကောင်းသည့် ပြိုင်ဘက်တစ်ဦးပင်။
လုမင်က လူတိုင်း၏အကြည့်များကို လျစ်လျူရှုကာ ရေနက်ကန်ဆီသို့ မျှော်ကြည့်လိုက်သည်။
ရေနက်ကန်က နာမည်အတိုင်းဖြစ်ကာ ရေအားလုံး မည်းနက်နေသည်။ ဤရေများတွင် အလွန်ပြင်းသော အဆိပ်များရှိသည်ဟု ပြောဆိုကြပေသည်။ ဝိညာဉ်သန္ဓေသားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ၎င်းနှင့် ထိတွေ့မိပါက အန္တရာယ်ရှိသည်။
ရေနက်ကန်၏ အလယ်ဗဟိုမှာတော့ ရေနက်ကြာပလ္လင်တစ်ခု ရှိသည်။ ၎င်းထံမှ ပြင်းထန်သော ဆေးရနံ့များလည်း ထွက်ပေါ်နေပေသည်။
ဤသည်မှာ ရေနက်ကြာပလ္လင် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် အပြည့်အဝ မရင့်ကျက်သေးကြောင်း သိသာထင်ရှားလှပေသည်။
ရေနက်ကြာပလ္လင်က အထူးဝိညာဉ်ဆေး ဖြစ်သည်။ ၎င်းက အပြည့်အဝ မရင့်မှည့်သေးလျှင် ဝိညာဉ်ဆေးမဟုတ်ဘဲ အဆိပ်ပြင်းသည့် အဆိပ်ဆေးဖြစ်နေပေလိမ့်မည်။
အပြည့်အဝ ရင့်မှည့်လာမှသာလျှင် အဖိုးတန်သော ဝိညာဉ်ဆေးတစ်ခု ဖြစ်လာခဲ့ရမည် ဖြစ်သည်။ ၎င်းက ရေစွမ်းရည် ပညာရပ်များနှင့် ရေတာအိုကို လေ့ကျင့်ရာတွင် အလွန်အထောက်အကူဖြစ်သည်။
"ကျွမ်းကျင်သူတွေ အများကြီးရောက်လာပြီပဲ။ ငါတို့မှာ အခွင့်အရေးမရှိတော့ဘူး ထင်တယ်"
"ကြည့်လေ၊ အဲဒါ လုရှောက်ချင်းပဲ။ သူက ဟိုင်ကျစ်မင်ကို အနိုင်ယူခဲ့တဲ့ ပါရမီရှင်ပဲ၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အတော် ကြောက်စရာကောင်းတယ်"
"ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုကို ရောက်နေသူတွေလည်း ရှိသေးတယ်"
"ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုက လူတွေက ဘာမှမဟုတ်ပါဘူး၊ ဒါပေမဲ့ မွန်းစတားအိုကြီးအဆင့် တန်ခိုးရှင်တွေလည်း ရှိနေကြတယ်"
အနီးပတ်ဝန်းကျင်တွင် လူတော်တော်များများက လေသံတိုးတိုးဖြင့် ဆွေးနွေးနေခဲ့ကြသည်။ တချို့ကတော့ မျှော်လင့်ချက်မရှိမှန်းသိ၍ သက်ပြင်းချနေကြပေသည်။
မွန်းစတားအဆင့် တန်ခိုးရှင်များမှာ ဝိညာဉ်သန္ဓေသားနယ်ပယ်မှ အလွန်ကြောက်စရာကောင်းသော တည်ရှိမှုမျအတွက် ပေးအပ်ထားသော အမည်များ ဖြစ်သည်။
ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် နတ်ဘုရားအဆင့် သွေးမျိုးဆက်ကို နိုးထစေနိုင်သော လူအနည်းစုရှိသော်လည်း ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် နစ်မြုပ်နေကာ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ မဖြတ်ကျော်နိုင်ကြပေ။ ထို့အပြင် ၎င်းတို့က နှစ်ပေါင်းများစွာ ရှင်သန်နေခဲ့ရာ ကဏ္ဍပေါင်းစုံတွင် အလွန်ကြောက်စရာကောင်းခဲ့သည်။ ထိုသို့သော လူများကို မွန်းစတားအိုကြီးများဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ချေသည်။
ထိုလူများဟာ ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုမှ သာမန်လူများနှင့် မတူပေ။ ၎င်းတို့ ငယ်ရွယ်စဉ်က နတ်ဘုရားအဆင့် ပါရမီရှင် ဖြစ်ခဲ့သူများချည်း ဖြစ်သည်။
သို့သော်လည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန်မှာ ခက်ခဲလွန်းပေသည်။ နတ်ဘုရားအဆင့်တစ်၊ အဆင့်နှစ် သွေးမျိုးဆက်ကို နိုးထနိုင်သူ အများစုက ဝိညာက်သန္ဓေသား နယ်ပယ်၌သာ ပိတ်မိနေမည်ဖြစ်ကာ သူတို့၏ဘဝတစ်လျှောက်လုံး ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ မဖြတ်ကျော်နိုင်တော့ပေ။ ထို့ကြောင့် ပညာရပ်အမျိုးမျိုးကို လေ့လာလိုက်စားကာ ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ကြောက်စရာအကောင်းဆုံးများ ဖြစ်လာခဲ့ကြသည်။
ယနေ့မှာတော့ ဤနေရာမှာ ထိုသို့သော လူအနည်းစုလည်း ရောက်လာကြပေသည်။
ထို့အပြင် လူအရေအတွက်က တိုးများလာနေဆဲ ဖြစ်သည်။
"ဒါ ဟန်ချင်းတောင်တန်းဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင် ဆယ်ယောက်ထဲက ရန်စုန့်ပဲ"
"ပြီးတော့ ထိပ်တန်း ပါရမီရှင် ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဝူခုန်းလည်း ရှိသေးတယ်။
တစ်စုံတစ်ယောက်က ကောင်းကင်ကို မော့ကြည့်ရင်း အော်ပြောလိုက်သည်။
အရှေ့ဘက်နှင့် အနောက်ဘက်၊ ကောင်းကင်ယံမှ လျှောက်လာနေသော လူငယ်နှစ်ယောက် ရှိပေသည်။
လုမင်လည်း ရင်ဒုတ်ခနဲ တစ်ချက်ခုန်သွားသည်။
ဤအတောအတွင်း၌ သူဟာ ဟန်ချင်းတောင်ဂိုဏ်းမှ ထိပ်တန်း ပါရမီရှင် ဆယ်ဦးအကြောင်းကို သိခဲ့ရပေသည်။
ဟန်ချင်းတောင်ဂိုဏ်းမှ ထိပ်တန်းဆယ်ဦးတွင် စတုတ္တအဆင့် ရန်စုန့်နှင့် ဆဋ္ဌမအဆင့် ဝူခန်းက အလွန်အစွမ်းထက်သော ပါရမီရှင်များ ဖြစ်သည်။
ရေနက်ကြာပလ္လင်က ဟန်ချင်းတောင်ဂိုဏ်းမှ ထိပ်သီးပါရမီရှင်များကိုပင် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
မွန်းစတားအိုများစွာ၏ အကြည့်များလည်း လေးနက်လာခဲ့သည်။
ရန်စုန့်နှင့် ဝူခုန်းကဲ့သို့ ပါရမီရှင်များသည် ကျင့်ကြံခြင်းအခြေခံတွင် သူတို့လောက် သန်မာမည်မဟုတ်သော်လည်း ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းကို သာမန်အသိဖြင့် အကဲဖြတ်၍မရပေ။
လူတိုင်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြကာ လူများ ပိုများလာခဲ့သည်။
နေ့ဝက်ကြာသောအခါ၊ ရေနက်ကြာပလ္လင်က ရုတ်တရက် တောက်ပလာခဲ့သည်။ ကြွယ်ဝသော ဆေးမွှေးရနံ့များကလည်း မိုင်တစ်ရာအကွာမှပင် အနံ့ခံနိုင်ပေသည်။
"ရေနက်ကြာပလ္လင် ရင့်ကျက်လာပြီ"
မရေမတွက်နိုင်သော လူများ၏ မျက်လုံးများက တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
"ဝှစ် ဝှစ်…"
တခဏချင်းမှာပဲ အနည်းဆုံး လူရာဂဏန်းသည် ရေနက်ကန်ဆီ ပြေးသွားကြသည်။
"ထွက်သွား၊ ရေနက်ကြာပလ္လင်က ငါ့ဟာ"
"မင်း သေချင်နေတာလား၊ အဲဒါ ငါ့ဥစ္စာကွ"
"သေရမဲ့သူက မင်းပဲ"
ဒေါသတကြီး ကြိမ်းမောင်းသံများ ထွက်ပေါ်လာပြီး အလင်းရောင်မျိုးစုံ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ သနားစရာကောင်းသော အော်ဟစ်သံများလည်း အဆက်မပြတ် ထွက်ပေါ်နေကာ အနက်ရောင်ရေများကို သွေးများဖြင့် အနီရောင်ပြောင်းလာစေခဲ့၏။
"ဝုန်း"
စွမ်းအင်များ တဟုန်ထိုး တက်လာပြီးနောက် အနက်ရောင် ရေကန်တွင်းမှ ရေများ ကြွတက်လာခဲ့သည်။
"အား"
ရေနက်ကန်အတွင်းမှ ရေများဖြင့် အပက်ခံလိုက်ရသူများမှာ နာကျင်စွာ အော်ဟစ်လိုက်၏။ ၎င်းတို့၏ ခန္ဓာကိုယ်များက လျင်မြန်စွာ ပုတ်ပွလာကာ စူးရှသော အသံများကိုပင် ကြားကြရနိုင်သည်။
"မကောင်းတော့ဘူးဟေ့၊ သတိထားကြ၊ ဒီရေတွေက အဆိပ်ပြင်းတယ်"
လူများစွာက အထိတ်တလန့် အော်ဟစ်ကာ မိမိကိုယ်ကို ကာကွယ်ရန် စွမ်းအင်ဒိုင်းများ ဖန်တီးလိုက်ကြသည်။
သို့ရာတွင် ကန်ရေများက အလွန်အဆိပ်ပြင်းသည်။ ဤရေများက စွမ်းအင်အကာကွယ်များကိုပင် လျင်မြန်စွာ တိုက်စားလာခဲ့ကြပေသည်။
လူအချို့ဆိုလျှင် ရေကန်ထဲသို့ ပြုတ်ကျသေဆုံးသွားရသည်။ သူတို့၏ စွမ်းအင်အကာအကွယ်များက လျင်မြန်စွာ ပျက်စီးသွားကာ နောက်ဆုံးတွင် မချိမဆန့်နာကျင်စွာ အော်ဟစ်ရင်း သေဆုံးသွားခဲ့ကြသည်။
ထိုအခါ လူအများအပြားက တုန်လှုပ်ခြောက်ခြားသွားပြီး ရှေ့ကို မတိုးဝံ့တော့ပေ၊ အားလုံး နောက်ဆုတ်သွားခဲ့ကြသည်။
အန္တရာယ်များလွန်းသည်။ အချိန်တိုလေးအတွင်းမှာပင် လူတစ်ရာကျော် သေဆုံးခဲ့ကြ၏။ ၎င်းတို့အားလုံးက ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် အစွမ်းထက်ကြသူများချည်း ဖြစ်သည်။
ဝိညာဉ်သန္ဓေသားနယ်ပယ်အောက်မှ လူများကတော့ တစ်ယောက်မှ မတက်ဝံ့တော့ပေ။ ဤရေတစ်စက် အပက်ခံရရုံဖြင့် မသေလျှင်ပင် အခြေအနေ အတော်ဆိုးရွားသွားနိုင်သည်။
သို့သော်လည်း ရှေ့သို့ အပြေးအလွှား သွားနေကြသူ အများအပြား ရှိနေကြဆဲပင်။ ၎င်းတို့အားလုံးက ကျွမ်းကျင်သူများဖြစ်ကာ တစ်ချက်ကြည့်လိုက်လျှင် ၎င်းတို့အားလုံးနီးပါးက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ခြောက်နှင့် အထက် တန်ခိုးရှင်များဖြစ်မှန်း တွေ့မြင်ရနိုင်သည်။
ထိုစဉ် ရေကန်အတွင်းရှိ ရေများ တုန်ခါသွားကာ သတ္တဝါကြီးအချို့ ပေါ်လာသည်။
၎င်းတို့က ထူထပ်သောအကြေးခွံများနှင့် အေးစက်စက် အကြည့်များရှိသော အနက်ရောင်မြွေကြီးများ ဖြစ်သည်။ ၎င်းတို့က အလွန်ကြီးမားကာ တစ်ကောင်ချင်းစီကလည်း ဆယ်မီတာကျော် ရှိပေသည်။
မြွေနက်ကြီးများက လူးလှိမ့်လှုပ်ရှားလိုက်ရာ ရေလုံးကြီးများက လူများဆီသို့ လိမ့်တက်လာသည်။ ခဏချင်း လူများစွာသည် ရေကန်ထဲသို့ ပြုတ်ကျသွား၏။ ၎င်းတို့ထံမှ သနားစရာကောင်းသော အော်သံများလည်း ထွက်ပေါ်လာတော့သည်။
"ရေနက်မြွေ၊ ဒါက ရေနက်မြွေကြီးတွေပဲ"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။
"ဝုန်း ဝုန်း…"
ဤရေနက်မြွေကြီးများက အဆင့်ခုနစ် ထိပ်တန်းအဆင့်များ ဖြစ်ချေသည်။ ၎င်းတို့က ရေနက်ကန်ထဲတွင် သဘာဝပတ်ဝန်းကျင် အသာစီးဖြင့် ပို၍ ကြောက်စရာကောင်းခဲ့သည်။
ရေနက်မြွေကြီးခြောက်ကောင်က ရေနက်ကန်အလယ်ရှိ ရေနက်ကြာပလ္လင်ကို ကာကွယ်နေခြင်း ဖြစ်ချေသည်။ ၎င်းတို့၏ အမြီးများဖြင့် ရေလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေကြရာ မည်သူမျှ ထိပ်တိုက် ရင်ဆိုင်ဝံ့ဘဲ ရှောင်ထွက်သွားရသည်။
"တိရစ္ဆာန်တွေ၊ မင်းတို့ သေချင်နေတာပဲ"
ဤအခိုက်တွင် ဆံဖြူအဘိုးကြီးအချို့က လှုပ်ရှားလာပြီး ရေနက်မြွေကြီးများကို တိုက်ခိုက်လိုက်ကြသည်။
"ဒါက မွန်းစတားအိုအဆင့် တန်ခိုးရှင်တွေပဲ"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ဤလူအိုကြီးတချို့က သာမာန်ဝိညာဉ်သန္ဓေသား နယ်ပယ်များထက် သာလွန်ကြကာ အလွန်အစွမ်းထက်ကြသည်။
တစ်ချိန်တည်းမှာပင်၊ ရန်စုန့်နှင့် ဝူခုန်းကလည်း လှုပ်ရှားလာခဲ့သည်။ ၎င်းတို့က အရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့သို့ ပြေးသွားကြကာ ရေနက်မြွေကြီးများကို တိုက်ခိုက်ခဲ့ကြသည်။
သူတို့အပြင် ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ရှစ်၊ အဆင့်ကိုးမှ ကျင့်ကြံသူအချို့လည်း ရှိကြသေးရာ ၎င်းတို့ကလည်း ဝင်တိုက်ခိုက်၍ ဖရိုဖရဲတိုက်ပွဲ ဖြစ်လာရတော့သည်။
လုမင်လည်း လူအုပ်ထဲသို့ ရောနှောကာ ရှေ့သို့ ပြေးသွားသည်။
သူ့တွင် ဝါးမျိုခြင်း စွမ်းရည်ရှိရာ ရေကန်ထဲမှ အဆိပ်များကို မကြောက်ပေ။
သို့သော်လည်း သူက ရှေ့သို့ အလျင်စလို မသွားပါ။ ယင်းအစား သူဟာ လူအုပ်ထဲတွင် ရောနှောလိုက်ရင်း ဝါးမျိုခြင်းစွမ်းရည်ကို ဖြန့်ကျက်ခဲ့သည်။
ဤနေရာတွင် ကျွမ်းကျင်သူများစွာ သေဆုံးကြ၍ လုမင်အတွက် ကြီးမားသော အရင်းအမြစ်များ ဖြစ်သည်။ သို့ဖြစ်ပေရာ လုမင်အဖို့ မည်သို့ဖြုန်းတီးနိုင်မည်နည်း။
သူက လက်သီးဆုပ်လိုက်သည်တွင် ဝါးမျိုခြင်းစွမ်းရည်များ ပေါက်ကွဲထွက်လာပြီး သေဆုံးသွားသူအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ချက်ခြင်းပင်၊ သွေးအနှစ်သာရ၊ သွေးနှင့် စွမ်းအင်အားလုံးက လုမင်၏ ဝါးမျိုခံခဲ့ရပေသည်။
၎င်းတို့ကို နဝမနဂါးသွေးမျိုးဆက်က အဆက်မပြတ် သန့်စင်နေပြီး ရေတာအိုကလည်း အလျင်အမြန် တိုးတက်လာခဲ့သည်။
--------