အခန်း ၁၀၀၉
Vol. 68 Ch. 1009
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1009 ) မွန်းစတားအိုကို သတ်ဖြတ်ခြင်း။
ရေကန်၏ မျက်နှာပြင်တွင် တိုက်ပွဲက ပြင်းထန်နေသည်။ ရေနက်မြွေကြီးများက သန်မာသော်လည်း ကျွမ်းကျင်သူများစွာ၏ ပူးပေါင်းတိုက်ခိုက်မှုကို မခံနိုင်ပေ။ ၎င်းတို့၏ ကြီးမားသော ခန္ဓာများတွင် ဒဏ်ရာများစွာ ဖြစ်ပေါ်လာခဲ့သည်။ နောက်ဆုံးမှာတော့ နှစ်ကောင် အသတ်ခံရကာ ရေမျက်နှာပြင်တွင် မျောပါသွားတော့သည်။
ကျန် ရေနက်မြွေကြီးများကလည်း ရေကန်ထဲတွင် ပြန်လည် ငုပ်လျှိုးသွားကြသည်။
"ရေနက်ကြာပလ္လင်က ငါ့အတွက်ပဲကွ"
ရေနက်မြွေကြီးများ ဆုတ်ခွာသွားသည့်အခါ လူတော်တော်များများ ရူးသွပ်သွားပြီး ရေနက်ကြာပလ္လင်ဆီသို့ ပြေးသွားခဲ့ကြသည်။
"မင်းကများ ရေနက်ကြာပလ္လင်ကို လိုချင်သေးတယ်လား၊ မင်း သေချင်နေပြီ"
ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က ဟိန်းဟောက်ပြီး အဆင့်ရှစ်နှင့် အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူအများအပြားကို ဖမ်းဆုပ်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ လူအများအပြား ပွဲချင်းပြီး သေဆုံးသွား၏။
သန်မာလွန်းလှသည်။ ဤဆံင်ဖြူအဘိုးကြီးက သာမန် ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုထက် အဆများစွာ သာလွန်နေခဲ့ပြီ။ ၎င်းက မွန်းစတားအိုအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
တချိန်တည်းမှာပင် အခြား လမ်းကြောင်းများမှ ရေနက်ကြာပလ္ဘင်ဆီသို့ အလျင်အမြန် ပြေးနေကြသူ အများအပြား ရှိသေးသည်။
၎င်းတို့အထဲတွင် ရန်စုန့်နှင့် ဝူခုန်းတို့က အလွန် အားကောင်းပြီး ပြိုင်ဘက်မရှိသလောက် ဖြစ်နေသည်။ ၎င်းတို့ခွန်အားက မွန်းစတားအိုများထက် အားမနည်းကြပေ။
"ဝှစ်"
ထိုအချိန်တွင် လုမင်သည်လည်း စတင်လှုပ်ရှားလာခဲ့သည်။ သူက အလင်းတန်းတစ်ခုကဲ့သို့ဖြစ်ကာ ရေနက်ကြာပလ္လင်သို့ ပြေးထွက်သွား၏။ သူ့အရှိန်က အလွန်မြန်ကာ လူတော်တော်များများကို ခဏချင်း ချန်ရစ်ခဲ့တော့သည်။
"ဒီမှာနေစမ်း"
ရုတ်တရက် ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုနှစ်ခုက လုမင်ထံသို့ တိုးဝင်လာသည်။
လုမင် လှည့်ကြည့်လိုက်ရာ အသက်ရွယ်ကြီးသူနှစ်ဦးဖြစ်ကြောင်း မြင်လိုက်ရ၏။ ၎င်းတို့နှစ်ဦးက ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုတွင် ရှိကြသည်။ သို့သော်လည်း ၎င်းတို့က သာမန် ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုများသာ ဖြစ်သည်။
"မင်းတို့ သေချင်နေတာပဲ"
လုမင်က အေးစက်စက်ဖြင့် ငေါက်ငမ်းလိုက်သည်။ သူ၏ ဘယ်ဘက်လက်ဝါးမှ ဝါးမျိုခြင်းစွမ်းအင်များ ပေါက်ကွဲထွက်လာကာ ထိုအဘိုးကြီးနှစ်ယောက်ကို လွှမ်းခြုံသွား၏။ သူက လက်ညိုးတစ်ချက် ထပ်မံညွှန်ပြလိုက်ရာ လှံအလင်းနှစ်ခု ထွက်ပေါ်လာပြီး အကြီးအကဲနှစ်ဦးဆီသို့ ထိုးဖောက်သွားတော့သည်။
"မကောင်းတော့ဘူး၊ နောက်ဆုတ်"
ဝါးမျိုခြင်း စွမ်းအားအောက်တွင် အဘိုးကြီးနှစ်ယောက်စလုံး ၎င်းတို့ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို ဝါးမျိုခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ ဤစွမ်းအားအောက်တွင် သူတို့၏ အစွမ်းအစများကိုလည်း အပြည့်အဝ ထုတ်မပြနိုင်တော့ပေ။ ဤအခိုက်တွင် ဖြစ်ပေါ်လာသော လှံအလင်းနှစ်ခုက အလွန်ကြောက်စရာကောင်းပြီး သူတို့၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်လာခဲ့သည်။
နှစ်ယောက်သား ဒေါသတကြီးဖြင့် ဟိန်းဟောက်ကြကာ မျက်လုံးများမှာလည်း ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။ ဤအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားတစ်ကောင်နှင့် ကြုံတွေ့ရပြီဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြပြီ ဖြစ်သည်။
သို့သော်လည်း ယခုမှ နောက်ဆုတ်ချင်လျှင် များစွာ နောက်ကျသွားခဲ့ပြီ။
လှံအလင်းနှစ်ခုက ခဏချင်းပင် သူတို့ရှေ့သို့ ရောက်လာသည်။
"ချမ်းသာပေးပါ…"
နှစ်ယောက်သား စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ သို့သော်လည်း နောက်အခိုက်တွင် လှံအလင်းများ သူတို့၏ မျက်ခုံးနှစ်ခုကြားကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ဝါးမျိုခြင်း စွမ်းအင်များက ပေါက်ကွဲထွက်ကာ အဘိုးကြီးနှစ်ဦး၏ အနှစ်သာရအားလုံးကို ဝါးမြိုသွားခဲ့သည်။
လုမင်၏ လက်ရှိခွန်အားအရ သာမာန် ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုမှ ကျင့်ကြံသူများကို လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ပြီ။
"ဝှစ်"
လုမင်က လျင်မြန်သောအဟုန်ဖြင့် ရှေ့ကို ဆက်လက် ပြေးတက်သွားခဲ့သည်။ မကြာမီ ရှေ့တန်းကို သူရောက်လာခဲ့၏။
"သေစမ်း"
အေးစက်စက် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လက်သည်းအလင်းတန်းတစ်ခုဟာ လုမင်ကို လွှမ်းမိုးလာသည်။
လုမင်လည်း မတုံ့ဆိုင်းဘဲ လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။
"ဝုန်း"
သူ့လက်ဝါးက အပြာရောင် လက်သည်းအလင်းကို ရိုက်မိသွား၏။ သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ခါသွားသော်လည်း ပြိုင်ဘက်မှာ နောက်ပြန်ဆုတ်သွားတော့သည်။
လုမင် ကြည့်လိုက်သောအခါ မွန်းစတားအိုအဆင့် ဆံပင်ပြာအဘိုးကြီးဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
ထိုအချိန်တွင် အဘိုးကြီးက လုမင်ကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်
အဘိုးကြီးဟာ လူငယ်တစ်ယောက်က ဤမျှ အစွမ်းထက်မည်ဟု မမျှော်လင့်ထားပေ။
လုမင်က သူ့ကို တစ်ချက်သာကြည့်ပြီး ဆက်လက် မတိုက်ခိုက်ချေ။ ထိုအစား ရေနက်ကြာပလ္လင်သို့ ပြေးထွက်သွားခဲ့သည်။
ဤအခိုက်တွင် အခြားလမ်းကြောင်းများစွာမှ လူများကလည်း ချဉ်းကပ်နေကြပြီ ဖြစ်သည်။
ဆံပင်ပြာ အဘိုးကြီး၏ မျက်နှာအမူအရာက ပြောင်းသွားသော်လည်း ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ပေ။ ထိုအစား ရေနက်ကြာပလ္လင်သို့ ပြေးသွားသည်။
ရွှေရောင် ချက္ကရတစ်ခုဖြင့် အပြာရောင် လင်းယုန်ငှက်တစ်ကောင်ကလည်း သူ့ခေါင်းထက်မှာ ပေါ်လာခဲ့၏။ ၎င်းက သွေးမျိုးဆက် ပေါင်းစပ်ခြင်းဖြင့် အပြာရောင် လင်းယုန်ငှက်အသွင်ပြောင်းကာ ရေနက်ကြာပလ္လင်သို့ ပျံသန်းသွားတော့သည်။
ဤအခိုက်တွင် ရေနက်ကြာပလ္လင်သို့ ချဉ်းကပ်လာသူ စုစုပေါင်းခုနစ်ဦး ရှိသည်။
၎င်းမှာ ရန်စုန့်၊ ဝူခုန်း၊ လုမင်နှင့် အခြား လူကြီးလေးယောက်တို့ ဖြစ်ချေသည်။
၎င်းတို့ ခုနစ်ဦးက ရေနက်ကြာပလ္လင်သို့ အမြန်ဆုံး ချဉ်းကပ်ခဲ့ကြသည်။
"ထွက်သွား"
"မင်းက ထွက်သွားရမှာ၊ သေစမ်း"
သူတို့ ခုနစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စတင် တိုက်ခိုက်လိုက်ကြသည်။ ထိတ်လန့်စရာကောင်းသော တိုက်ခိုက်မှုများ ပေါ်ထွက်လာကာ ဖရိုဖရဲတိုက်ပွဲ ပေါ်လာခဲ့၏။
သို့ရာတွင် လူတိုင်းက တိုက်ခိုက်မှုများကို ထိန်းချုပ်ထားကာ ရေနက်ကြာပလ္လင်ကို မထိခိုက်စေပေ။
"ဝုန်း ဝုန်း..."
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာကာ အလင်းမျိုးစုံ ပြန့်ကျဲသွားခဲ့သည်။
"ဂီး"
လင်းယုန်ပြာက ကြောက်မက်ဖွယ် လေပြင်းများဖြင့် လုမင်ဆီသို့ ထိုးဆင်းလာသည်။
၎င်းက ဆံပင်ပြာအဘိုးကြီးပင် ဖြစ်၏။
"အဘိုးကြီး၊ မင်း သေချင်နေတာပဲ"
လုမင်၏ မျက်လုံးများက အေးစက်လာကာ အရောင်ငါးမျိုး လင်းလက်လာခဲ့သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုကာ လက်ဝါးဖြင့် ရိုက်ချလိုက်၏။
"ဝုန်း"
လက်ဝါးရိုက်ချက်က လင်းယုန်ငှက်ကို တိုက်ရိုက် ထိမှန်ကာ လင်းယုန်ခြေသည်းများ အပိုင်းပိုင်းကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ဆက်လက် ပြေးဝင်သွားရာ လင်းယုန်ပြာ ပြိုလဲသွား၏။ ၎င်းက အပြာရောင်ဆံပင်နှင့် အဘိုးကြီးအသွင် ပြန်ပြောင်းသွားကာ သွေးများ အန်ထွက်လာတော့သည်။ သူ၏မျက်လုံးတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး ကမန်းကတန်း နောက်ဆုတ်သွားခဲ့သည်။
ဤအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်း စွမ်းအားတစ်ခုက သူ့ကို ဖုံးလွှမ်းသွား၏။ လုမင်က ခြေတစ်လှမ်း လှမ်းပြီး ဆံပင်ပြာအဘိုးအို ရှေ့တွင် ပေါ်လာကာ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
"ခဏလေး၊ ငါ့ကို ချမ်းသာပေးပါ"
ဆံပင်ပြာ အဘိုးကြီးက ကြောက်လန့်တကြား အော်လိုက်သော်လည်း လုမင်၏လက်ဝါးက မရပ်ပေ။ အဘိုးကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဖောင်း"
ဆံပင်ပြာအဘိုးကြီး၏ ခန္ဓာကိုယ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာသည်။ ထိုအပေါက်မှ သွေးများလည်း ဒရဟော ကျဆင်းလာခဲ့၏။ သို့သော် သူ မသေသေးဘဲ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ယခုအခါ ရေနက်ကြာပလ္လင်ကို ဂရုမစိုက်နိုင်တော့ပေ။ ဤနေရာမှ အသက်ရှင်လျက်သာ ထွက်ပြေးချင်ခဲ့သည်။
သို့ရာတွင် လုမင်က သူ့ကို ဘယ်လိုလုပ်ပြီး အလွတ်ပေးနိုင်ပါမည်နည်း။
"ဝုန်း"
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် နဝမနဂါးခြေလှမ်း စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ဆံပင်အပြာရောင် အဘိုးအိုလည်း နာကျင်စွာ အော်ဟစ်ရင်းမှ ခန္ဓာကိုယ် ပေါက်ကွဲသွားတော့သည်။
ထို့နောက် ဆံပင်ပြာအဘိုးကြီး၏ အနှစ်သာရအားလုံးကို လုမင်က ဝါးမြိုသွားခဲ့သည်။
ဆံပင်အပြာရောင် အဘိုးအိုက နတ်ဘုရားအဆင့်တစ် သွေးမျိုးဆက်ကိုသာ နိုးထထားရာ လုမင်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။
သူ၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် အဆင့်နှစ်ဆင့် မြင့်မားသော်လည်းသည် အလွယ်တကူ အသတ်ခံခဲ့ရဆဲသာ ဖြစ်သည်။
နောက်ဘက်တွင် သူ့နောက်လိုက်နေသော အခြားလူများ တုန်လှုပ်သွားကြသည်။
လုမင်က အလွန်ကြောက်စရာကောင်း၏။ မွန်းစတားအိုအဆင့် တန်ခိုးရှင်တစ်ဦးပင် ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။
သူတို့အားလုံး လုမင်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ယခုအချိန်တွင် ရေနက်ကြာပလ္လင်အတွက် တိုက်ပွဲက ပြင်းထန်နေဆဲပင်။
ရန်စုန့်နှင့် ဝူခုန်းက မွန်းစတားအိုသုံးဦးကို တိုက်ခိုက်နေကာ အမှန်တကယ် အသာစီး ရယူထားနိုင်သည်။
"ဝှစ်"
လုမင်က ခြေတစ်ချက်လှမ်းကာ ရေနက်ကြာပလ္လင်သို့ ချဉ်းကပ်လိုက်၏။
"လုရှောက်ချင်း"
ရန်စုန့်က လေးနက်သော အမူအရာဖြင့် လုမင်ကို တစ်ချက်ကြည့်လိုက်သည်။
ထင်ရှားသည်မှာ လုမင်က ဟိုင်ကျစ်မင်ကို အနိုင်ယူခဲ့ကြောင်းကို သူသိထားပြီးချေပြီ။
ဟိုင်ကျစ်မင်၏ခွန်အားက သူ့ထက် အားမနည်းပေ။ ထို့ကြောင့် သူဟာ လုမင်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုမရှိပေ။
လုမင်က မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ရေနက်ကြာပလ္လင်ကို ကြည့်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရေနက်ကြာပလ္လင်ကိုခူးယူရန် လက်လှမ်းလိုက်၏။
"မစဉ်းစားနဲ့"
ဝူခုန်း၏ လက်က အလင်းရောင်တစ်ချက်လက်ကာ လှံတစ်လက် ထွက်ပေါ်လာသည်။ သူက လုမင်ကို လက်ထဲမှလှံဖြင့် ထိုးချလိုက်၏။
လုမင်က လက်ဝါးဖြင့် ပြန်ရိုက်လိုက်ရာ ဝူခုန်း၏ ခန္ဓာကိုယ်က တုန်ခါသွားကာ နောက်ပြန်ဆုတ်သွားရတော့သည်။
"ဝုန်း"
ထို့နောက် လုမင်က လက်သီးဖြင့် ထပ်မံထိုးထျလိုက်ရာ မွန်းစတားအိုတစ်ဦး သွေးများအန်ကာ ဆုတ်သွားခဲ့ရသည်။
"ဟူး"
လူတော်တော်များများ ပင့်သက်ရှိုက်လိုက်ကြ၏။
လုမင်က သန်မာလွန်းလှသည်။ မွန်းစတားအိုအဆင့် တန်ခိုးရှင်နှင့် ဝူခုန်းမင်သည်ပင် လုမင်ကြောင့် အလွယ်တကူ ဒဏ်ရာရသွားခဲ့သည်။ သူ့ကို ဘယ်သူမှ မတားနိုင်တော့ပေ။
"မင်းတို့မှာ သေစေလိုတဲ့ ဆန္ဒမရှိတာ ကံကောင်းတယ်"
လုမင်က တစ်ချက်ဝေ့ကြည့်လိုက်၏။ မွန်းစတားအို၊ ရန်စုန့်နှင့် ဝူခုန်းတို့လည်း မျက်နှာပျက်သွားကြသည်။
"လုရှောက်ချင်း၊ မင်းက သန်မာတယ်ဆိုပေမယ့် ငါတို့က လူအင်အားများတယ်နော်။ ငါတို့ မင်းကို မကြောက်ဘူး"
ဝူခုန်းက ပြောလိုက်သည်။
ယခုအချိန်တွင် နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်သူများစွာ ပေါ်လာသည်။ သို့သော်လည်း အဝေးမှ ကြည့်ရုံသာ ကြည့်နေကြပြီး အနားမကပ်ရဲကြပေ။
"မင်း ကြိုးစားလို့ရတယ်"
လုမင် အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ရန်စုန့်၊ ဝူခုန်း... ငါတို့ လက်တွဲကြဖို့ အကြံပေးချင်တယ်။ ဒီလူကို အနိုင်ယူပြီးရင် ရေနက်ကြာပလ္လင်ကို ငါတို့ရဲ့အင်အားနဲ့ သိမ်းယူနိုင်လိမ့်မယ်။ မဟုတ်လို့ ဒီကောင်က ရေနက်ကြာပလ္လင်ကို သိမ်းယူသွားရင် ငါတို့ ဘာမှရတော့မှာ မဟုတ်ဘူး"
မွန်းစတားအိုက ပြောသည်။
"ကောင်းပြီ၊ ငါသဘောတူတယ်"
ဝူခုန်းက ခေါင်းညိတ်လိုက်၏။
ရန်စုန့်ကမူ ဘာမျှမပြောသေးဘဲ မျက်မှောင်ကြုတ်လိုက်သည်။ သူဟာ မလိုအပ်ဘဲ လုမင်ကဲ့သို့ ပါရမီရှင်ကို မစော်ကားချင်ပေ။
"ရန်စုန့်၊ မင်းကကော"
ဝူခုန်းက ရန်စုန့်ကို ကြည့်လိုက်သည်။
--------