← Chapters

အခန်း ၁၀၁၀

Vol. 68 Ch. 1010

အခန်း ၁၀၁၀

Vol. 68 Ch. 1010

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1010 ) လူအားလုံးကို လွှမ်းမိုးခြင်း။

ရန်စုန့်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ပြောလိုက်သည်။

"ရေနက်ကြာပလ္လင်က အဖိုးတန်ပေမဲ့ ငါ့အတွက် သိပ်အသုံးမဝင်ပါဘူး။ ဒီ ရေနက်ကြာပလ္လင်အတွက် တိုက်ခိုက်မှာ မဟုတ်ဘူး"

"ကောင်းပြီ၊ မင်းပြောတာပဲ"

ဝူခုန်း၏ မျက်လုံးများက တောက်ပလာသည်။

ရန်စုန့်ဟာ အင်အားကြီးမားသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။ အကယ်၍ သူ ယခု ဆုတ်ခွာသွားပါက၊ လုမင်ကို အနိုင်ယူပြီးနောက် အင်အားကြီးသော ပြိုင်ဖက်တစ်ဦး လျော့သွားပေလိမ့်မည်။

ဝူခုန်း၏ စိတ်ထဲတွင် လုမင်က ဤနေရာမှ အကြီးဆုံးပြိုင်ဘက်ဖြစ်ပြီး ရန်စုန့်ကတော့ ဒုတိယလိုက်သည်။ အခြား မွန်းစတားအိုနှင့် ပြိုင်ဘက်များကိုတော့ ဝူခုန်းက လုံးဝ မကြောက်ပေ။

လုမင်ကိုကြည့်သော မွန်းစတားအိုများ၏ မျက်လုံးများလည်း တောက်ပလာခဲ့သည်။

ယခု လုမင်ကို ဦးစွာဖြေရှင်းရမည်။

"ဝုန်း"

ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။ ဝူခုန်းနှင် အခြား မွန်းစတားအိုသုံးဦး၏ ဦးခေါက်ထက်တွင် သွေးမျိုးဆက်မျိုးစုံ ထွက်ပေါ်လာခဲ့၏။

မွန်းစတားအိုသုံးဦးတွင် နှစ်ဦးက နတ်ဘုရားအဆင့်နှစ် သွေးမျိုးဆက်များရှိပြီး တစ်ဦးကတော့ နတ်ဘုရားအဆင့်တစ် ‌သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပေသည်။ ၎င်းတို့အားလုံးက ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှု၏ အထွတ်အထိပ် ကျင့်ကြံခြင်း အခြေခံများ ရှိကြသည်။

ဝူခုန်း‌ကတော့ နတ်ဘုရားအဆင့်ခြောက် သွေးမျိုးဆက်ရှိကာ အဆင့်ရှစ် ဝိညာဉ်သန္ဓေသားနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိသည်။ သို့ရာတွင် သူ၏ အရှိန်အဝါက မွန်းစတားအိုများထက် ပို၍သန်လွန်းပေသည်။

သူတို့လေးယောက်က သွေးမျိုးဆက်ပေါင်းစပ်ကာ လုမင်ကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

"ဂါး"

လုမင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံ ထွက်လာသည်။ လုမင်က နဂါးစွမ်းအားဖြင့် ပေါက်ကွဲထုတ်လိုက်ရာ ခရမ်းရောင် အလင်းတန်းအလွှာက သူ့အရေပြားပေါ်၌ ပျံ့နှံ့သွားခဲ့၏။

နဂါးစွမ်းအားများ ပေါက်ကွဲပြီးသည်နှင့် လုမင်က‌ ရှေ့ကိုတိုးကာ လက်သီးချက်များ ထုတ်ဖော်လိုက်တော့သည်။

"ဝုန်း ဝုန်း...."

ကြောက်စရာကောင်းသည့် လက်သီးစွမ်းအင်က သူတို့လေးယောက်စလုံးကို တိုက်ခိုက်လိုက်ခြင်းဖြစ်ကာ ဟင်းလင်းပြင်ပင် တုန်လှုပ်သွားရသည်။

မွန်းစတားအို သုံးဦးစလုံး ဒယီးဒယိုင်ဖြင့် ပြန်ဆုတ်သွားရ၏။ ဝူခုန်းက အနည်းငယ် ပိုကောင်းသော်လည်း သူလည်း ပြန်ဆုတ်သွားရတော့သည်။

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုထားကာ အရောင်ငါးမျိုးကလည်း သူ့လက်သီးအား ရစ်ပတ်နေသည်။

ရေတာအိုက တိုးတက်လာသည်နှင့်အမျှ တာအိုငါးမျိုး ပေါင်းစပ်မှုအင်အားကလည်း ပို၍ ကြောက်စရာကောင်းလာခဲ့၏။

သူ၏ လက်သီးတစ်ချက်က အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပုံရသည်။

"တိုက်ခိုက်"

လုမင်၏ မျက်လုံးများတွင် တိုက်ခိုက်ချင်စိတ်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ လုမင်က ဟိန်းဟောက်လိုက်ကာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အလင်းတန်းများလည်း ထွန်းလင်းတောက်ပသွား၏။

သူက အကြွင်းမဲ့အင်အားဖြင့် သူတို့လေးယောက်စလုံးကို ဖိနှိပ်တိုက်ခိုက်လိုက်တော့သည်။

လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

မနီးမဝေးတွင် ရန်စုန့်က အလွန်တုန်လှုပ်သွားပြီး ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။

ဟိုင်ကျစ်မင်ကို အနိုင်ယူနိုင်ခဲ့သူ ဆိုသည့်အတိုင်း သူ၏အင်အားက အားမနည်းပေ။

အဝေးမှ တခြားသူများဆိုလျှင် ပို၍ပင် အံ့သြသွားကြသည်။

လုမင်က ကျွမ်းကျင်သူလေးဦးကို တစ်ယောက်တည်းဖြင့် အသာစီးယူထားသည်။

နောက်ဆုံးတွင်၊ သာမန်လူများ၏အမြင်မှာ မွန်းစတားအိုအဆင့် တန်ခိုးရှင်များက ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် အတုမရှိသော တည်ရှိမှုများ ဖြစ်ကြသည်။ ၎င်းတို့က သွေးမျိုးဆက်အဆင့် နိမ့်ကျမှုကြောင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို မချိုးဖြတ်နိုင်သည့်တိုင် အနည်းဆုံး အနှစ်တစ်ထောင်အထိ လေ့ကျင့်ထား၏။ တစ်ချို့ဆိုလျှင် နှစ်နှစ်ထောင်မှ သုံးထောင်ခန့်အထိ လေ့ကျင့်ထားပြီး လွန်စွာ ကြောက်စရာကောင်းလှသည်။

ထို့အပြင်၊ အလွန်အစွမ်းထက်သော ပါရမီရှင်ဝူခုန်းလည်း ရှိ၏။

ယခုမူ သူတို့လေးယောက်က ပူးပေါင်းတိုက်ခိုက်နေကြသည့်တိုင် လုမင်ကို မယှဉ်နိုင်သေးပေ။

တိုက်ကွက်ဒါဇင်ချီကာ ရင်ဆိုင်ပြီးချိန်မှာတော့ ဝူခုန်းနှင့် တခြားသုံးယောက်တို့ မခံနိုင်တော့ပါ။ လုမင်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်များအောက်တွင် လူသားပုံစံသို့ ပြန်လည် ပြောင်းလဲသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်နေကာ အရှိန်အဝါများလည်း မတည်ငြိမ်ကြတော့ပေ။

သူတို့ လေးဦးစလုံး အနည်းနှင့်အများ ဒဏ်ရာရခဲ့ကြသည်။

ဤအခိုက်တွင် သူတို့လေးဦးစလုံး အံ့သြတုန်လှုပ်သွားကြသည်။ လုမင်ကိုလည်း မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။

"တတိယတန်းစား ပါရမီရှင်။ လုရှောက်ချင်းက တတိယတန်းစား ပါရမီရှင်တစ်ဦးရဲ့ တိုက်ခိုက်နိုင်စွမ်းအဆင့်ကို ရောက်နေပြီဆိုတာ သေချာတယ်"

"ဟုတ်တယ်၊ တော်ရုံ တတိယတန်းစား ပါရမီရှင်တချို့တောင်မှ ဒီလို တိုက်ခိုက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး"

"တတိယတန်းစားပါရမီရှင်က ဗဟိုဒေသမှာ ထိပ်တန်းအဆင့်လို့ ဆိုနိုင်တယ်"

"ဟန်ချင်းတောင်ဂိုဏ်းမှာတောင် သုံးယောက်ပဲ ရှိတာ"

ပတ်ဝန်းကျင်တွင် ဆွေးနွေးမှုများ ဖြစ်လာခဲ့ကြသည်။

ဤအခိုက်တွင် ရေနက်ကြာပလ္လင်ကို မြင်နေရသော်လည်း မည်သူမျှ ရှေ့ဆက်မတိုးဝံ့တော့ပါ။

လုမင်က အလွန်သန်မာပြီး သာမာန် ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှု အဆင့်များကိုပင် အလွယ်တကူ သတ်နိုင်သည်။ သို့ဖြစ်ပေရာ မည်သူက ရှေ့ဆက်ဝံ့ဦးပါမည်နည်း။

လုမင်က လူတိုင်းကို တစ်ချက်ဝေ့ကြည့်ပြီး ရေနက်ကြာပလ္လင်ဆီသို့ လျှောက်သွားသည်။

ဝူခုန်းနှင့် အခြား မွန်းစတားအိုများကတော့ မလှုပ်ရှားတော့ပေ။ လက်မခံလိုသော်လည်း ယခုတစ်ကြိမ်တွင် ရေနက်ကြာပလ္လင်က လုမင်အတွက် ဖြစ်သွားပြီဖြစ်ကြောင်း အားလုံး သိသွားခဲ့ကြပြီ ဖြစ်သည်။ လုမင်ကို မည်သူမျှ မယှဉ်နိုင်ပေ။

"ဝုန်း"

ထိုအချိန်တွင် ရေများက ပွက်ပွက်ဆူလာပြီး ဧရာမသတ္တဝါကြီးတစ်ကောင် ပေါ်လာခဲ့၏။ ၎င်းက ရေနက်ကြာပလ္လင်ကို ပါးစပ်ထဲသို့ မျိုချပြီးနောက် ရေထဲကို ပြန်လည်ငုပ်လျှိုးသွားတော့သည်။

ရေနက်မြွေ၊ ၎င်းက ရေနက်မြွေကြီးပင်။

မဟုတ်သေး၊ ၎င်းက ရေနက်မြွေအစစ် မဟုတ်ပြန်ပါ။ ၎င်းက ပို၍ကြီးမားကာ ပို၍ပင် ထိတ်လန့်စရာကောင်းသော အရှိန်အဝါမျိုး ရှိသည်။ ၎င်းက ရေနက်မြွေဘုရင် ဖြစ်ချေသည်။

"မင်း သေချင်နေတာပဲ"

လုမင်က အေးစက်စက်ဖြင့် ငေါက်ငမ်းကာ ရှေ့သို့ တိုးသွားသည်။

သူက နဝမနဂါးခြေလှမ်းဖြင့် နင်းချလိုက်ရာ ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုက ရေနက်ကန်ထဲကို ဆင်းသက်သွား၏။

"ဝုန်း"

ရေနက်ကန်တစ်ခုလုံး တုန်ခါသွားကာ ကြီးမားသော လှိုင်းလုံးကြီးများကလည်း ကောင်းကင်ယံသို့ လိမ့်တက်လာတော့သည်။

"အောင်မလေးဗျ၊ မကောင်းတော့ဘူးဟေ့၊ လုရှောက်ချင်း ရူးသွားပြီ၊ သွား... သွားကြ"

"နောက်ဆုတ်ကြ"

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများလည်း ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာ ရေကန်စပ်ကို အသည်းအသန် ထွက်ပြေးလိုက်ကြသည်။

ကန်ရေများက တုန်ခါသွားကာ ကြီးမားသော လှိုင်းလုံးကြီးများကလည်း ကောင်းကင်သို့ လိမ့်တက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ရေနက်မြွေဘုရင်က ပြန်လည် ပေါ်ထွက်လာခဲ့၏။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရာနှင့်ချီသော လှံအလင်းများက လေထဲတွင်သိပ်သည်းပြီး ရေကန်ထဲသို့ ထိုးကျသွားတော့သည်။

ရေနက်မြွေဘုရင်ကြီးလည်း ဒေါသတကြီးဖြင့် အော်ဟစ်ကာ ရေနက်ကန် ကမ်းစပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

"ဒါက ရေနက်မြွေမဟုတ်ဘူးပဲ၊ လူသားတစ်ယောက်"

လုမင်၏ အကြည့်များက အေးစက်သွားသည်။

ဤရေနက်မြွေဘုရင်က အစစ်အမှန် ရေနက်မြွေကြီး မဟုတ်ပေ။ ၎င်းက ရေနက်မြွေသွေးမျိုးဆက်ရှိသော လူသားတစ်ယောက်ဖြစ်ပြီး သွေးမျိုးဆက် ပေါင်းစပ်ခြင်းကို အသုံးပြုထားခြင်း ဖြစ်သည်။

ဤလူက အမှန်တကယ် ပါးနပ်သည်။ ၎င်းက ရေနက်မြွေဘုရင် သွေးမျိုးဆက်ရှိ၍ ရေနက်ကန်အတွင်းမှ အဆိပ်များကို မကြောက်ပေ။ သူဟာ ရေကန်အောက်ခြေသို့ ခုန်ဆင်းပြီး ရေနက်ကြာပလ္လင်ကို သိမ်းပိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် လုမင်က သူ့ကို အလွယ်တကူ မည်သို့အလွတ်ပေးမည်နည်း။

သူက ခြေတစ်ချက်လှမ်းလိုက်သည်နှင့် အလင်းတန်းတစ်ခုကဲ့သို့ဖြစ်ကာ ရေနက်မြွေဘုရင်အနောက်သို့ လိုက်သွားသည်။

ရေနက်မြွေဘုရင်က ရေကန်အတွင်းမှ လွန်မြောက်ခါနီးတွင် အဖြူရောင် ဓါးအလင်းတန်းတစ်ခုက ရေနက်မြွေဘုရင်ထံ တိုးဝင်လာခဲ့၏။ ဤဓါးအလင်းက အလွန်ကြောက်စရာကောင်းကာ အရိုးကွဲမတတ် အေးစိမ့်သော အအေးဓာတ်များလည်း ဖြာထွက်နေသည်။

ရေနက်မြွေဘုရင် ထိပ်လန့်သွားခဲ့သည်။ ၎င်း၏ ကြီးမားသောမြွေခန္ဓာကိုယ်က တွန့်ကွေးကာ လူသားအသွင် ပြန်လည်ပြောင်းလဲသွား၏။ ၎င်းက ဆံပင်အားလုံးနီးပါး ဆွတ်ဆွတ်ဖြူနေသော အဘိုးကြီး ဖြစ်သည်။ ၎င်းက ပြတ်သားသော မျက်လုံးများဖြင့် ဓားအလင်းကိုရှောင်ကာ တစ်ဖက်မှ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။

သို့သော်လည်း ယခုအခါ လုမင် ရောက်ရှိလာနေပြီ ဖြစ်သည်။ သူက လက်သီးချက်များ ထုတ်ဖော်လိုက်ရာ လက်သီးအလင်းက အဘိုးအိုကို ဖုံးအုပ်သွား၏။ အဘိုးအို၏ ခန္ဓာကိုယ်လည်း ပြင်းပြင်းထန်ထန် တုန်ခါကာ ရပ်တန့်သွားတော့သည်။

"မွန်းစတားအိုကြီး ရေနက်"

တစ်စုံတစ်ယောက်က ဤအဘိုးအိုကို မှတ်မိကာ အော်ပြောလိုက်သည်။

ဤအဘိုးအိုက နတ်ဘုရားအဆင့်သုံး သွေးမျိုးဆက်ရှိသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ မချိုးဖြတ်သွားပေ။ သို့ရာတွင် သူ၏တိုက်ခိုက်နိုင်စွမ်းက အားကောင်းပြီး ဟန်ချင်းတောင်တန်းဒေသတွင် အလွန် ကျော်ကြားသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင် အပူချိန်က သိသိသာသာ ကျဆင်းသွားသည်။ လူအများလည်း ကြည့်လိုက်ပြီးသော် မျက်လုံးများ ပြူးကျယ်သွား၏။

ဓားအလင်းက မွန်းစတားအိုကြီးရေနက်ကို မထိမှန်ခဲ့ပေ။ ထိုအစား ရေနက်ကန်အတွင်းသို့ ကျသွားခဲ့၏။ ထိုအချိန်တွင် ရေနက်ကန်တစ်ခုလုံး အေးခဲကာ ရေခဲအိုင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မွန်းစတားအိုကြီးရေနက်၏ အခြားတစ်ဖက်မှ အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်သော လူငယ်တစ်ဦး ပေါ်လာသည်။ သူနှင့် လုမင်က‌ မွန်းစတားအိုကြီးရေနက်၏ ဘေးနှစ်ဖက်တွင် ရပ်လိုက်ကြ၏။

"ချူခွမ်း၊ ဒါက ချူခွမ်းပဲ"

တစ်ယောက်ယောက်က အော်လိုက်သည်။

"ချူခွမ်းလည်း ဒီကို ရောက်လာဝာပဲ၊ ဒါက စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်"

"ချူခွမ်းကလည်း ရေနက်ကြာပလ္လင်ကို စိတ်ဝင်စားနေတာပဲလား"

လူများစွာမှာ အံ့သြသွားသော်လည်း မျက်လုံးများ အရောင် တောက်ပသွားကြသည်။

ဟန်ချင်းတောင်ဂိုဏ်းမှ ထိပ်တန်းပါရမီရှင်ဆယ်ဦးတွင် ဒုတိယဖြစ်သော ချူခွမ်း ရောက်ရှိလာခဲ့ပြီ။

ချူခွမ်းက အရပ်အမောင်းမြင့်မားပြီး ခန္ဓာကိုယ် ကြံ့ခိုင်သည်။ ၎င်းက ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားကာ ဓားတစ်လက်ကို ကျောတွင် လွယ်ပိုးထား၏။ သူ၏အကြည့်က မွန်းစတားအိုကြီး ရေနက်ကို ဖြတ်ကျော်ကာ လုမင်ထံသို့ ကျရောက်လာသည်။

"မင်းက လုရှောက်ချင်းလား"

ချူခွမ်းက မေးသည်။

"ဟုတ်တယ်"

လုမင် ခေါင်းညိတ်လိုက်သည်။

"မင်းက လင်ယွင်ခုန်း၊ ဟိုင်ကျစ်မင်တို့ကို အနိုင်ယူခဲ့တယ်လို့ ကြားတယ်"

လင်ယွင်ခုန်းက ထပ်မေးလိုက်၏။

"အဲဒီတော့ မင်းက သူတို့အတွက် ရပ်တည်ချင်လို့လား"

လုမင် ပြောလိုက်သည်။

--------

All Chapters